← Chapters

အခန်း ၁၁၇

Vol. 12 Ch. 117

အခန်း ၁၁၇

Vol. 12 Ch. 117

အခန်း (၁၁၇)

"ဆယ်နှစ် ပြစ်ဒဏ်ချမှတ်တာက မများလွန်း မနည်းလွန်းဘဲ အနေတော်ပဲ"

ရှောင်ဝူရဲအရာရှိက ခပ်အေးအေးပင် ပြောလိုက်သည်။ ရဲအရာရှိ၏ စကားအဆုံးတွင် ကျားတုန်းရွှီ မှင်တက်သွားသည်။

ယခုအချိန်၌ ကျားကျန်းရှီ အဘယ်ကြောင့် ဆယ်နှစ်တိုင်တိုင် အလုပ်ကြမ်းလုပ်ရမည်ဆိုသည်ကို သူ လုံးဝ နားလည်သဘောပေါက်သွားခဲ့ပြီဖြစ်သည်။ ဤသည်မှာ စိတ်သဘောထားပြည့်ဝသော နိုင်ငံသား လူကြီးမင်းချန်၏ ထွက်ဆိုချက်ကြောင့်ပင် ဖြစ်သည်။ သူ ပေးအပ်ခဲ့သော သဲလွန်စများသာ မရှိပါက မိမိ၏ မိခင်ဖြစ်သူသည် ဤမျှလောက် ပြစ်ဒဏ်ချမှတ်ခံရမည် မဟုတ်ပေ။

ထိုလူကြီးမင်းချန်ဆိုသူမှာ မည်သူမည်ဝါဖြစ်သည်ကို အများကြီး တွေးတောနေစရာပင် မလိုတော့ပေ။ ချန်ကောဟွား ဖြစ်မည်မှာ အသေအချာပင် ဖြစ်သည်။

တကယ်ကို အံ့သြစရာပဲ

သူ့အနေဖြင့် ဤမျှလောက် အောက်ကျို့ကာ သူ့ကို တောင်းဆိုခဲ့ပြီးဖြစ်သည်။ သူ၏ ဇနီးဖြစ်သူကိုပင် ချန်မိသားစုတွင် အစေခံအဖြစ် သွားရောက်လုပ်ကိုင်စေသည်။ ထိုချန်ကောဟွားက အကူအညီမပေးသည့်အပြင် အားပေးအားမြောက်ပင် လုပ်လိုက်သေးသည်။

ဤတစ်ကြိမ်တွင်မူ ကျားတုန်းရွှီသည် ဖော်ပြ၍မရနိုင်သော သွေးလေများ ဦးခေါင်းထက်သို့ အဆက်မပြတ် ဆန်တက်လာသည်ကို ခံစားလိုက်ရသည်။ သိသာထင်ရှားစွာပင် ချန်ကောဟွားကြောင့် ဒေါသထွက်သွားခြင်းဖြစ်သည်။

"ချန်ကောဟွား မင်းလို သေချင်စော်နံနေတဲ့ကောင်က ငါတို့ ကျားမိသားစုကိုတောင် ရန်ရှာရဲတယ်ပေါ့"

"မင်း စောင့်ကြည့်နေလိုက်၊ ငါက မင်းကို ဘာမှလုပ်လို့မရပေမယ့် ချင်ကျင်းယွီ ကလေးမွေးလာတဲ့အခါ မင်းတို့နှစ်ယောက် အိမ်မှာမရှိတဲ့အချိန် ပန့်ကန့်ကို ခိုင်းပြီး မင်းတို့ကလေးကို သေတဲ့အထိ အနိုင်ကျင့်ခိုင်းပစ်မယ်"

ကျားတုန်းရွှီသည် ရူးသွပ်မတတ် ဒေါသတကြီး အော်ဟစ်နေသည်။ သူ၏ ဒေါသတကြီး အော်ဟစ်နေမှုကို ဘေးနားရှိ ရဲအရာရှိသည် လုံးဝ ကြည့်မနေနိုင်တော့ပေ။ ဤကျားမိသားစုသည် သူ ပြောခဲ့သည့်အတိုင်းပင် ဆိုးသည်။တစ်ယောက်ချင်းစီတိုင်းသည် ကိုယ်ကျင့်တရားပျက်ပြားနေသော အမှိုက်သရိုက်များသာ ဖြစ်ကြသည်။

ချန်ကောဟွားက ကျားကျန်းရှီနှင့် ပန့်ကန့်တို့အတွက် ပြန်လည်ပညာသင်ကြားခွင့် အခွင့်အရေးကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ထိုမျှမကသေး လူမှုအသိုင်းအဝိုင်း၏ ပိုင်ဆိုင်မှုများ ထိခိုက်နစ်နာမှုကို ပြန်လည်ကုစားရန် အကြံပြုချက်ကိုပင် တင်ပြပေးခဲ့သေးသည်။

ဤမျှလောက် ကောင်းမွန်သောသူတစ်ဦးကို ကျားတုန်းရွှီကဲ့သို့ မသန်စွမ်းသူက ကွယ်ရာတွင် ကျိန်ဆဲနေသေးသည်။ ရဲအရာရှိ‌ ရှောင်ဝူသည် ဆက်၍ ကြည့်မနေနိုင်တော့ပေ။ ကျားတုန်းရွှီ၏ အရှေ့တွင် တိုက်ရိုက်ပိတ်ရပ်ကာ အော်ငေါက်လိုက်သည်။

"လူကြီးမင်းကျား မင်းရဲ့ အပြောအဆိုနဲ့ အပြုအမူကို ဆင်ခြင်ပါ"

"လူကြီးမင်းချန်ကောဟွားက လူမှုအသိုင်းအဝိုင်း သာယာဝပြောရေးအတွက် အကျိုးပြုခဲ့ပြီး လူတိုင်း လေးစားထိုက်တဲ့ နိုင်ငံသားကောင်းတစ်ယောက်ဖြစ်တယ်၊ မင်း သူ့ကို မဟုတ်မမှန် စွပ်စွဲပုတ်ခတ်လို့ မရဘူး၊ အဲဒီလိုမဟုတ်ရင် ငါ မင်းကို အချုပ်ချရလိမ့်မယ်"

ကျားတုန်းရွှီမှာ ဒေါသထွက်လွန်းသဖြင့် ဦးရေပြားများ ထုံကျဉ်လာပြီး ရင်ဘတ်မှာလည်း နိမ့်ချည်မြင့်ချည် ဖြစ်နေကာ ရင်ထဲမှ ဒေါသမီးများကို မဖွင့်ထုတ်နိုင်သေးသည်မှာ ထင်ရှားလှသည်။ သို့သော် နောက်တစ်စက္ကန့်တွင် ရှောင်ဝူရဲအရာရှိက နောက်တစ်ကြိမ် ထပ်မံဆွပေးလိုက်ပြန်သည်။

"လူကြီးမင်းချန်ကောဟွားရဲ့ အကူအညီသာ မရခဲ့ဘူးဆိုရင် ပန့်ကန့်နဲ့ ကျားကျန်းရှီတို့ ကျူးလွန်ခဲ့တဲ့ အမှားတွေအရ အသစ်တဖန် ပြန်လည်ပြုပြင်ဖို့ အခွင့်အရေး လုံးဝ ရလာနိုင်မှာ မဟုတ်ဘူး"

"ဒါကြောင့် မင်းကို ချန်ကောဟွားဆီ တောင်းပန်ခိုင်းရမယ်"

ဝုန်း…

ထိုစကား ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကျားတုန်းရွှီ၏ ဦးနှောက်ထဲတွင် ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာတော့သည်။

"ဘာ"

"မင်း မင်း..."

"မင်းက ငါ့ကို ချန်ကောဟွားဆီ တောင်းပန်ခိုင်းတယ်ပေါ့လေ"

ကျားတုန်းရွှီက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောဆိုနေပြီး သူ၏ မျက်နှာတစ်ခုလုံးတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။

"ဟုတ်တယ်"

ရဲအရာရှိက ခပ်အေးအေးပင် ပြောလိုက်ပြီး သူ၏အမူအယာက ပုံမှန်ကိစ္စတစ်ခုကို ပြောနေသကဲ့သို့ပင်ဖြစ်သည်။

ဖူး…

ရုတ်တရက် ကျားတုန်းရွှီမှာ ဒေါသလွန်ကဲသွားပြီး သွေးများ အန်ချလိုက်သည်။ ထို့နောက် ဘီးတပ်ကုလားထိုင်ပေါ်တွင် ခွေကျသွားပြီး သတိမေ့မြောသွားတော့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ထိုနေရာရှိ ချင်ဟွိုင်ယွီနှင့် ကျားကျန်းရှီတို့ နှစ်ဦးစလုံးမှာ အလွန်အမင်း ထိတ်လန့်သွားကြသည်။

"တုန်းရွှီ… ငါ့သားလေး မင်း ဘာမှဖြစ်လို့မရဘူးနော်"

ကျားကျန်းရှီသည် ရင်ထဲမှ ဝမ်းနည်းပူဆွေးမှုများ ဖြစ်ပေါ်လာကာ လူတစ်ကိုယ်လုံး မည်သို့လုပ်ရမည်ကို မသိတော့ဘဲ ကျားတုန်းရွှီကို ဖက်၍ အသံကျယ်လောင်စွာ ငိုကြွေးလေတော့သည်။ မသိသောသူများဆိုလျှင် ဆံပင်ဖြူသူက ဆံပင်မည်းသူကို လိုက်လံပို့ဆောင်နေသည်ဟုပင် ထင်မှတ်သွားနိုင်သည်။

ရှောင်ဝူရဲအရာရှိလည်း ထိတ်လန့်သွားသည်။ ဤကျားမိသားစုမှ လူများအားလုံးသည် အကြောင်းပြချက် မခိုင်လုံဘဲ ရမ်းကားတတ်သူများ ဖြစ်ကြသည်။ အကယ်၍ သူသာ ရဲစခန်းတွင် တစ်ခုခုဖြစ်သွားပြီး ကိစ္စများ ကြီးထွားလာမည်ဆိုပါက မိမိအနေဖြင့် သေချာပေါက် လွတ်ကင်းနိုင်မည် မဟုတ်ပေ။

"ဒီမှာ… ကြည့်နေသေးတာလား၊ မင်းယောက်ျားကို အနီးအနားက ဆေးရုံကို အမြန်ပို့လိုက်လေ" ရှောင်ဝူရဲအရာရှိက ကမန်းကတန်း တိုက်တွန်းလိုက်သည်။

"ဟုတ်တယ် ဟုတ်တယ် ဆေးရုံကို အမြန်ပို့ရမယ်"

ကျားကျန်းရှီက အလျင်အမြန် ပြောလိုက်သည်။ ကျားတုန်းရွှီသည် အသုံးမကျသူ တစ်ဦးဖြစ်နေသော်လည်း မည်သို့ပင်ဖြစ်စေ သူမ၏ သားဖြစ်နေသေးရာ သူ့ကို တစ်ခုခု ဖြစ်သွားသည်ကို သဘာဝအားဖြင့် မမြင်တွေ့လိုပေ။ ချင်ဟွိုင်ယွီသည် ထိုစကားကို ကြားသောအခါ စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ ဤကဲ့သို့ ပြဿနာဖြစ်သွားပြီဆိုတော့ ယနေ့ အလုပ်သွားရန် မလိုတော့ပေ။

သို့သော် ဆေးရုံသို့ ပို့သည်က ပို့ရမည်ဖြစ်သော်လည်း ငွေကိုတော့ တစ်ယောက်ယောက်က ထုတ်ပေးရမည်ဖြစ်သည်။

"ယောက္ခမကြီး အိမ်က ပိုက်ဆံတွေက..."

ချင်ဟွိုင်ယွီက တိုးညှင်းသော အသံဖြင့် မေးလိုက်သည်။

"အိမ်…. အိမ်က ပိုက်ဆံတွေက ဗီရိုနောက်ကျော အောက်ခြေက တတိယမြောက် ကြမ်းခင်းအုတ်ချပ်အောက်က သေတ္တာထဲမှာ ဝှက်ထားတယ်"

"ဟွိုင်ယွီ နင် တုန်းရွှီကို သေချာပေါက် ကယ်တင်ပေးရမယ်နော်"

ကျားကျန်းရှီသည် မူလက အိမ်ရှိ ငွေများကို မည်သည့်နေရာတွင် ဝှက်ထားကြောင်း ချင်ဟွိုင်ယွီကို မပြောပြလိုပေ။ သို့သော် ဤကိစ္စသည် ကျားတုန်းရွှီ၏ အသက်အန္တရာယ်နှင့် သက်ဆိုင်နေသည်ကို တွေးမိသောကြောင့် ပိုက်ဆံများကို မည်သည့်နေရာတွင် ဝှက်ထားကြောင်း ပြောပြလိုက်ရခြင်းဖြစ်သည်။

ချင်ဟွိုင်ယွီသည် မိမိသိချင်သော သတင်းကို ကြားပြီးနောက်တွင် ကျားတုန်းရွှီကို တွန်းကာ ဆေးရုံသို့ အလျင်အမြန် သွားလေတော့သည်။ ဆေးရုံရှိ ကိစ္စရပ်များကို ဖြေရှင်းပြီးစီးပြီးနောက် သူမသည် ကျားမိသားစု၏ အိမ်ထဲသို့ အလျင်အမြန် ပြန်လာသည်။

ထို့နောက် ကျားကျန်းရှီပေးခဲ့သော အချက်အလက်များအရ ဗီရိုအနောက်ဘက် ကြမ်းပြင်အောက်ရှိ သေတ္တာကို နောက်ဆုံးတွင် ရှာတွေ့သွားသည်။ သေတ္တာထဲတွင် ကျားမိသားစု၏ စုဆောင်းငွေများ အားလုံး ပါရှိသည်။ စုစုပေါင်း ၁၃၃.၇ယွမ် ရှိသည်။

ထိုငွေများကို ရရှိပြီးနောက် ချင်ဟွိုင်ယွီသည် မတ်တတ်ထရပ်လိုက်ပြီး ဆေးရုံသို့သွားကာ ငွေသွင်းရန် ရည်ရွယ်ထားပုံရသည်။ သို့သော် အိမ်ထဲမှ ထွက်လာသည်နှင့် သူမ တစ်ချက် တွေးလိုက်သည်။ ဤကိစ္စအတွက် ရှားကျူးကို ရှာဖွေခြင်းက ပိုကောင်းမည်ဟု ထင်မြင်လိုက်သည်။

မကြာမီမှာပင် ချင်ဟွိုင်ယွီသည် ရှားကျူး၏ တံခါးဝသို့ ရောက်ရှိလာသည်။ ထိုအချိန်တွင် သူသည် အိမ်တံခါးဝ၌ မြေပဲဆန်စားရင်း အရက်သောက်နေသည်။

ရှားကျူး၏ ဘဝနေထိုင်မှုမှာ အတော်လေး သက်သောင့်သက်သာရှိနေသည်ကို မြင်သောအခါ ချင်ဟွိုင်ယွီသည် သူ၏အိမ်တွင် စုဆောင်းငွေများ သေချာပေါက် ရှိနေသေးကြောင်း သိလိုက်သည်။ ထို့ကြောင့် မျက်ရည်များကို သုတ်လိုက်ပြီးနောက် ချင်ဟွိုင်ယွီသည် ငိုယိုကာ တိုင်တည်ပြောဆိုလေတော့သည်။

"ရှားကျူး နင့်အစ်ကိုကျားက သေတော့မယ်ထင်တယ်..."

ရှားကျူးသည် အစပိုင်းတွင် မှင်တက်သွားသော်လည်း မကြာမီမှာပင် စိတ်ထဲ၌ ဝမ်းသာသွားသည်။ သူနှင့် ကျားတုန်းရွှီတို့၏ ဆက်ဆံရေးမှာ သိပ်မကောင်းသော်လည်း ကျားတုန်းရွှီ သေဆုံးသွားသည်နှင့်တစ်ပြိုင်နက် ချင်ဟွိုင်ယွီသည် မိမိလူ ဖြစ်လာမည် ဖြစ်သည်။

ထိုသို့ တွေးမိလိုက်သည်နှင့် ရှားကျူးသည် ရုတ်တရက် တက်ကြွစွာ မတ်တတ်ထရပ်လိုက်သည်။

"အစ်မချင်… ဘယ်လိုဖြစ်တာလဲ၊ အစ်ကိုကျားက အကောင်းကြီးကနေ ဘယ်လိုဖြစ်ပြီး သေလုမျောပါး ဖြစ်သွားရတာလဲ"

ရှားကျူး၏ မေးမြန်းမှုကို ရင်ဆိုင်ရသောအခါ ချင်ဟွိုင်ယွီသည် တစ်ချက် စဉ်းစားလိုက်ပြီးနောက် ကျားတုန်းရွှီ ဒေါသထွက်၍ သွေးအန်သွားသည့်ကိစ္စကို သူ့အား ပြောပြရန် ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ သူမသည် ရှားကျူးထံမှ ဆေးဖိုးဝါးခ ထုတ်ပေးရန် မျှော်လင့်နေသေးသည်။

သို့သော် ကျားတုန်းရွှီ သွေးအန်ရခြင်းမှာ ချန်ကောဟွားကြောင့် ဖြစ်သည်ဟူသော အကြောင်းရင်းကိုမူ ထုတ်မပြောခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အကယ်၍ ထုတ်ပြောလိုက်ပါက ထိုဆေးဖိုးဝါးခကို ရှားကျူးက သေချာပေါက် ထုတ်ပေးမည် မဟုတ်သောကြောင့်ဖြစ်သည်။

ချင်ဟွိုင်ယွီက ကျားတုန်းရွှီသည် ပန့်ကန့်ကို လွမ်းဆွတ်လွန်းသဖြင့် ယခုကဲ့သို့ ဆေးရုံတက်ရခြင်းဖြစ်ကြောင်း အကြောင်းပြချက် ပေးလိုက်သည်။ ဤအကြောင်းရင်းကို ကြားပြီးနောက် ရှားကျူးသည် ဘာစကားမျှ ထပ်မပြောတော့ဘဲ ဆေးရုံသို့ သွားရန် ပြင်ဆင်လေတော့သည်။

ကျားတုန်းရွှီ၏ အခြေအနေ အတိအကျ မည်သို့ရှိနေသည်ကို သွားရောက် ကြည့်ရှုရန်ဖြစ်သည်။ သို့သော် ချင်ဟွိုင်ယွီကမူ ဆေးရုံသို့ မသွားပေ။ အဘယ်ကြောင့်ဆိုသော် ရှောင်တန်းနှင့် ဟွိုင်ဟွားတို့ကို ပြုစုစောင့်ရှောက်ရန် ရှိသည့်အပြင် ချန်မိသားစု၏ အိမ်ကိုလည်း သန့်ရှင်းရေး လုပ်ပေးရဦးမည် ဖြစ်သောကြောင့်ပင် ဖြစ်သည်။

ရှားကျူးသည် ချင်ဟွိုင်ယွီ မသွားသည်ကို မြင်သောအခါ စိတ်ထဲတွင် မကျေမနပ် ဖြစ်သွားသည်။ သို့သော် ချင်ဟွိုင်ယွီကို ကူညီရန် ကတိပေးထားပြီးဖြစ်သောကြောင့် သက်ပြင်းချကာ ဆေးရုံသို့ အလျင်အမြန် ထွက်သွားပြီး တစ်ချက်လောက် သွားကြည့်လိုက်လျှင် ရပြီဟု တွေးတောနေသည်။

ရှားကျူး ထွက်သွားပြီးနောက် ချင်ဟွိုင်ယွီသည် ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့် ကျားမိသားစုအိမ်သို့ ပြန်လာသည်။ သူမသည် အိပ်မောကျနေသေးသော ရှောင်တန်းနှင့် ဟွိုင်ဟွားတို့ကို ငေးမော ကြည့်နေသည်။ ဦးနှောက်ထဲတွင် မည်သည့်အရာများကို တွေးတောနေသည်ကို မသိနိုင်ပေ။

သို့သော် အချက်တစ်ချက်ကိုမူ သူမ အလွန် ရှင်းလင်းစွာ သိရှိနေသည်။ ၎င်းမှာ ယခုအချိန်တွင် သူမသည် ဗျာများရသော အခြေအနေထဲသို့ ကျရောက်နေခြင်းပင်ဖြစ်သည်။

မိမိအနေဖြင့် ကျားတုန်းရွှီကို သေဆုံးသွားစေချင်နေသလား

အကယ်၍ ကျားမိသားစုသို့ ရဲဝံ့စွာ အိမ်ထောင်ပြုခဲ့သော ချင်ဟွိုင်ယွီအဖြစ် နေရာလဲကြည့်မည်ဆိုပါက သေချာပေါက် မျှော်လင့်မည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ထိုအချိန်က သူမသည် ကျားတုန်းရွှီကို အိမ်ထောင်ဦးစီးအဖြစ် သတ်မှတ်ထားပြီး သူရှိနေသမျှ ကာလပတ်လုံး မိမိအနေဖြင့် ကောင်းမွန်သော ဘဝကို ဖြတ်သန်းနိုင်မည်ဟု တွေးထင်ထားသောကြောင့်ဖြစ်သည်။

သို့သော် မျှော်လင့်မထားသည်မှာ ကျားတုန်းရွှီသည် အလုပ်ခွင်ထိခိုက်မှုကြောင့် မသန်မစွမ်းဖြစ်သွားခဲ့ပြီး သူ့ကိုယ်စား အလုပ်လုပ်ပေးရသော အချိန်ကာလအတွင်းတွင် သံယောဇဉ်များ အားလုံးနှင့် သူ့အပေါ် ထားရှိသော မျှော်လင့်ချက်များအားလုံး ပျောက်ကွယ်သွားခဲ့ရသည်။ ယခုအချိန်တွင် သူမသည် ကျားတုန်းရွှီအပေါ် မည်သည့် သံယောဇဉ်မှ မရှိတော့ပေ။

အကယ်၍ ကျားတုန်းရွှီ ယခု သေဆုံးသွားမည်ဆိုပါက ချင်ဟွိုင်ယွီအတွက် အတော်လေး ပေါ့ပါးသွားမည်ဖြစ်သည်။ ကျားတုန်းရွှီကဲ့သို့ အသုံးမကျသူကို ပြုစုစောင့်ရှောက်ရန် မလိုတော့သည့်အပြင် လစာငွေများကိုလည်း အပ်နှံရန် မလိုတော့ပေ။ ကျားကျန်းရှီကလည်း မိမိကို ဝင်ရောက်စွက်ဖက်နိုင်တော့မည် မဟုတ်ပေ။

နေ့ရက်များသည် သေချာပေါက် ပိုမို ကောင်းမွန်လာမည်ဖြစ်သည်။ သို့သော် ကျားတုန်းရွှီသည် ပန့်ကန့်၊ ရှောင်တန်းနှင့် ဟွိုင်ဟွားတို့၏ ဖခင်ဖြစ်နေသည်။ အကယ်၍ သူသာ မရှိတော့ပါက ဤအိမ်ဂေဟာသည်လည်း ပျောက်ကွယ်သွားမည်ဖြစ်သည်။

ထိုသို့ဆိုလျှင် မိမိအနေဖြင့် မည်သည့်နေရာသို့ သွားရမည်နည်း။မိမိသည် မည်သူ့ကို အားကိုးရမည်နည်း။

ရှားကျူးလား… ရွှီတမောင်းလား…ဒါမှမဟုတ် အခြားသူများလား

ဦးနှောက်ထဲတွင် အတွေးများစွာ တစ်သီတစ်တန်းကြီး ပေါ်ပေါက်လာသည်။ ချင်ဟွိုင်ယွီသည် လက်နှစ်ဖက်ဖြင့် ခေါင်းကို ကိုင်ထားလိုက်ပြီး ချက်ချင်းပင် နက်ရှိုင်းသော ဗျာများမှုများထဲသို့ ကျရောက်သွားတော့သည်။

All Chapters