အခန်း ၃၄၉
Vol. 35 Ch. 349
အခန်း (၃၄၉) ဈေးဆိုင်ခင်းခြင်း
ဖုန်းချပြီးနောက် နျဲ့ဖင်းမှာ အနည်းငယ် စိုးရိမ်မကင်း ဖြစ်နေဆဲပင်။ ချန်ဖုန်းက ဟွာရှနိုင်ငံမှာပင် မရှိပါဘဲနှင့် အခြေအနေကို မည်သို့ ကယ်တင်နိုင်မည်နည်း။
ဗီဒီယိုမှတစ်ဆင့် စစ်တုရင်ပွဲကို အဝေးထိန်းစနစ်ဖြင့် ကစားနိုင်မည်ဟု ဆိုလိုခြင်းလော။ ဤချဉ်းကပ်မှုကို ကူရာကီယုက သဘောတူမည်၊ မတူမည်ဆိုသည်ကို ဘေးဖယ်ထားလိုက်ပါဦး။
အကယ်၍ ၎င်းတို့ သဘောတူခဲ့လျှင်ပင်။
လူကိုယ်တိုင် ထိုနေရာတွင် မရှိပါက ယုံကြည်ရန် ခက်ခဲသဖြင့် ဤနည်းလမ်းက လိမ်လည်မှုများ မဖြစ်ပေါ်စေနိုင်ကြောင်း အာမခံရန် နည်းလမ်းမရှိချေ။
နောက်ဆုံးတွင် နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ယင်းက အငြင်းပွားမှုများကို ဖြစ်ပေါ်စေလိမ့်မည် ဖြစ်၏။
"ဦးလေးနျဲ့... ချန်ဖုန်း ရောက်ပြီလား..."
ကျီရွှယ်အာက သူ့အား ဇဝေဇဝါ အမူအရာဖြင့် ကြည့်ကာ မေးလိုက်သည်။
ဦးလေးနျဲ့က ချန်ဖုန်း၏ ဖုန်းနံပါတ်ကို သူမထံမှ ယခုလေးတင် ရယူသွားခဲ့ခြင်း ဖြစ်ပေ၏။
ချန်ဖုန်း၏ စစ်တုရင်စွမ်းရည်သည် ဆာကူရာနိုင်ငံ၏ ထိပ်တန်းကစားသမားဖြစ်သော ကူရာကီယုနှင့် မည်မျှကွာခြားသည်ကို သူမလည်း သိချင်နေခဲ့ပေသည်။
"သူက နိုင်ငံခြားမှာ ရောက်နေလို့ လာလို့မရဘူးတဲ့..."
နျဲ့ဖင်းသည် ယခုအခါ ဂိုသူတော်စင် အပေါ်၌သာ သူ၏ မျှော်လင့်ချက်များကို ပုံအောထားနိုင်တော့သည်။
ထို့နောက်သူက ရွှယ်အာအား ပြောဆိုလိုက်၏။
"အပြင်ထွက်ပြီး စောင့်ကြည့်နေလိုက်... တကယ်လို့ အဘိုးကြီးဖန် ရောက်လာရင် ငါ့ကို ချက်ချင်း အသိပေးဖို့ မမေ့နဲ့နော်..."
"စိတ်မပူပါနဲ့ ဦးလေးနျဲ့..."
ကျီရွှယ်အာသည် အပြင်ဘက်သို့ အလျင်အမြန် ထွက်သွားလေ၏။
အခြားတစ်ဖက်တွင်။
ဆာကူရာနိုင်ငံ။
မျက်နှာပြင်ပေါ်တွင် ကူရာကီယု၏ Live လွှင့်မှုကို ကြည့်ရှုနေသူ အရေအတွက် တိုးများလာသည်ကို ပြသနေပေသည်။
လက်ရှိတွင် ကူရာကီယုက အနားယူနေသော်လည်း။
ရာစုနှစ်၏ ကစားပွဲကြီးတစ်ခု ပေါ်ပေါက်လာတော့မည်ကို လူတိုင်း သိရှိထားကြပေ၏။
ဆာကူရာနိုင်ငံ၏ ထိပ်တန်း ဝိချီ (ဂို) ကစားသမားနှင့် ဟွာရှနိုင်ငံ၏ ဂိုသူတော်စင် တို့ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
လူအုပ်ကြီးမှာ စိတ်အားထက်သန်နေကြလေ၏။
ချန်ဖုန်းက အဲလစ်ဇဘက်အား တစ်ချက်ကြည့်ကာ ပြောဆိုလိုက်သည်။
"မင်းကို တာဝန်တစ်ခု ပေးမယ်... အဲဒါကို သေချာလုပ်မယ်ဆိုရင် မဟာလင်းယုန်နိုင်ငံရဲ့ အာဏာကို ပြန်လည်ရယူဖို့ မင်းကို ကူညီဖို့ ငါ စဉ်းစားပေးမယ်..."
"ဒါပေမဲ့ ဒါက စဉ်းစားပေးရုံသက်သက်ပဲနော်..."
"ဘာတာဝန်လဲ..."
အဲလစ်ဇဘက်၏ မျက်လုံးများ လင်းလက်သွားပေ၏။
ချန်ဖုန်းက သူမ၏ ပူးပေါင်းဆောင်ရွက်မှု အဆိုပြုချက်ကို စဉ်းစားပေးရန် ဆန္ဒရှိနေသရွေ့ သူမသည် မည်သည့် စည်းကမ်းချက်များနှင့် လျော်ကြေးများကိုမဆို သဘောတူမည် ဖြစ်လေသည်။
ချန်ဖုန်းက ပြောလိုက်သည်။
"ပထမဆုံး ဝိချီကစားဖို့ စစ်တုရင်ခုံတစ်ခု ရှာပေး... ငါ ကစားနေတုန်း မင်းကို Live လွှင့်ခိုင်းမယ်..."
“ဒါပဲလား…”
အဲလစ်ဇဘက် မျက်တောင်ခတ်လိုက်၏။
အခြားတစ်ဖက်ရှိ လူက သူမကို အခက်တွေ့စေရန် ကြိုးစားမည်ဟု သူမ ထင်မှတ်ထားခဲ့သည်။
နောက်ဆုံးတွင် ဤမျှ ရိုးရှင်းနေလိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။
"အဲဒါမှမဟုတ်ရင် ဘာရှိဦးမှာလဲ..."
ချန်ဖုန်းသည် သူ၏ဘေးရှိ လွတ်လပ်သော နေရာသို့ လျှောက်သွားရင်း ကျိန်ဆဲလိုက်ပေသည်။
"မင်းရဲ့ ပူးပေါင်းဆောင်ရွက်မှု အဆိုပြုချက်ကို စဉ်းစားပေးမယ်လို့ပဲ ပြောခဲ့တာ... ပူးပေါင်းဖို့ သဘောတူတယ်လို့ မပြောခဲ့ဘူး...မင်းက အရမ်း အတွေးလွန်နေတာ ဖြစ်မယ်...မြန်မြန်သွားပြီး စစ်တုရင်ခုံ ယူခဲ့စမ်းပါ..."
"နင်..."
အဲလစ်ဇဘက် ဒေါသတကြီးဖြင့် သွားကြိတ်လိုက်၏။ သူမသည် ဧကရီဘုရင်မ ဖြစ်သည်။
သူမကို လာရောက်၍ ဖားယားချင်သူ မည်မျှရှိသည်ကို သူမ မသိသော်လည်း ဤလူက သူမကို အစေခံတစ်ယောက်ကဲ့သို့ ဆက်ဆံနေပေ၏။
ထို့နောက် သူမ ဒေါသတကြီးဖြင့် ထွက်သွားလေသည်။
ဆယ်မိနစ်အကြာတွင်။
အဲလစ်ဇဘက် ပြန်လာချိန်၌ အနက်ရောင် ရုံးသုံးဝတ်စုံ ဝတ်ဆင်ထားသော နိုင်ငံခြားသူ အမျိုးသမီးနှစ်ဦး သူမနောက်မှ လိုက်ပါလာခဲ့၏။
၎င်းတို့က စစ်တုရင်ခုံ၊ စားပွဲနှင့် ကုလားထိုင်တို့ကို ကိုင်ဆောင်လာကြပေသည်။
ချန်ဖုန်းသည် မြေကွက်လပ်တွင် စားပွဲနှင့် ကုလားထိုင်များကို နေရာချလိုက်ရာ ပန်းခြံထဲတွင် စစ်တုရင်ကစားနေသည့် အဘိုးကြီးတစ်ဦးနှင့် တူနေပေ၏။
အတော်လေး စုတ်ချာပုံရလေသည်။ သို့သော် သူက ဂရုမစိုက်ခဲ့ချေ။
စစ်တုရင်ခုံကို ပြင်ဆင်ပြီးနောက် သူက အဲလစ်ဇဘက်အား မေးငေါ့ပြကာ ပြောလိုက်သည်။
"မင်းရဲ့ စွမ်းရည်တွေနဲ့ဆိုရင် ဒါကို တစ်ကမ္ဘာလုံးကို Live လွှင့်နိုင်မယ် မဟုတ်လား..."
"ဖြစ်နိုင်ပါတယ်... ဒါပေမဲ့..."
"အဲဒါဆိုရင် မင်းအပေါ်မှာပဲ မူတည်တော့တယ်..."
ချန်ဖုန်းက သူမကို ချက်ချင်း ဖြတ်ပြောလိုက်၏။
အဲလစ်ဇဘက်အား ငြင်းဆန်ရန် မည်သည့်အခွင့်အရေးမျှ မပေးခဲ့ချေ။
ကောင်းမွန်သော ကိရိယာတစ်ခုအဖြစ်သာ နေပါ၊ ဘာကြောင့် အဓိပ္ပာယ်မရှိတာတွေ ပြောနေရသနည်း။
ပြင်ဆင်မှုများ အားလုံး ပြီးစီးသွားပြီးနောက်။
ချန်ဖုန်းသည် ဆိုင်းဘုတ်တစ်ခုကို ထုတ်ယူကာ ၎င်းပေါ်တွင် ရေးသားလိုက်၏။
"ဝိချီ (ဂို)၊ ကျွန်တော့်ကို တစ်ပွဲနိုင်ရင် ဆုကြေးငွေ ၁၀၀,၀၀၀ ရပါမယ်"
ဟွာရှနိုင်ငံတွင် ကူရာကီယုနှင့် အခြားသူများ၏ ပြိုင်ပွဲမှာ ရပ်နားထားပြီးဖြစ်ရာ ပတ်ဝန်းကျင်ရှိ လူများမှာ နောက်ဆုံးယှဥ်ပြိုင်ပွဲကို စောင့်ဆိုင်းနေကြပြီး မည်သို့ပင်ဖြစ်စေ အလဟဿ အချိန်ဖြုန်းနေကြခြင်း ဖြစ်ပေသည်။
ထိုအချိန်၌ ဆာကူရာနိုင်ငံသားများသည်
သူတို့၏ဘေးတွင် ချန်ဖုန်း ဆိုင်ခင်းနေသည်ကို မြင်တွေ့လိုက်ကြ၏။
အထူးသဖြင့် သူ့ဘေးတွင် ဆံပင်ရွှေရောင် အလှလေးတစ်ဦးကို မြင်သောအခါ သွားရောက်မကြည့်ဘဲ မနေနိုင်ကြချေ။
"တစ်ပွဲနိုင်ရင် ဆုကြေးငွေ ၁၀၀,၀၀၀ ရမယ်ဆိုတာ တကယ်လား..."
"ဟီးဟီး... သူက ဟွာရှလူမျိုးမှန်း တစ်ချက်ကြည့်လိုက်တာနဲ့ သိသာတယ်... မစ္စတာကူရာကီက ဟွာရှနိုင်ငံမှာ သူ့ရဲ့ အစွမ်းအစတွေကို ပြသနေလို့ ဟွာရှ စစ်တုရင်ကစားသမားတွေ ဆိုးဆိုးရွားရွား ရှုံးနိမ့်ပြီး မျက်နှာပြရမှာတောင် ရှက်နေကြတာ ဖြစ်မယ်..."
"ပြီးတော့ ဒီကောင်က မျက်နှာဆယ်ဖို့ ကြိုးစားနေတာ ဖြစ်ရမယ်..."
"လေးစားမှုဆိုတာ တခြားသူတွေက ပေးတာမဟုတ်ဘူး... ကိုယ့်ကြိုးစားအားထုတ်မှုနဲ့ ရယူရတာ... တကယ်လို့ သူက တကယ် စွမ်းနိုင်ရင် မစ္စတာကူရာကီနဲ့ သွားပြိုင်သင့်တာပေါ့..."
"သူက လမ်းဘေးဈေးသည် တစ်ယောက်လိုပဲ... ဘယ်လို စွမ်းရည်အဆင့်မျိုး ရှိနိုင်မှာလဲ... ဒီမှာရှိတဲ့ ဘယ်သူမဆို သူ့ကို အနိုင်ယူနိုင်မယ်လို့ ငါထင်တယ်..."
"ဝါတာနာဘေး-ကွန်... သွားပြီး သူ့ကို ပညာပေးလိုက်စမ်းပါ..."
"သွားကြစို့... တစ်ပွဲနိုင်ရင် ဆုကြေးငွေ ၁၀၀,၀၀၀ ရမှာလေ... တကယ်လို့ ငါတို့နိုင်ရင် သူက ပိုက်ဆံမပေးနိုင်မှာကိုပဲ စိုးရိမ်နေရတာ..."
ထိုအချိန်၌လရုတ်တရက် အနီးနားရှိ လူတစ်ဦးက အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်လေ၏။
"ကြည့်စမ်း... သူက 'Wolf Warrior 3' ရုပ်ရှင်ထဲက အမျိုးသားဇာတ်ဆောင် ချန်ဖုန်း မဟုတ်ဘူးလား..."
"ဘုရားရေ... တကယ်ကြီးပဲ..."
"ဒီရုပ်ရှင်က ဟွာရှနိုင်ငံမှာ အရမ်း နာမည်ကြီးတယ်... ငါတို့ ဆာကူရာနိုင်ငံမှာတောင် လူအများကြီး ကြည့်ကြတယ်... ချန်ဖုန်းရဲ့ သရုပ်ဆောင်မှုက မဆိုးပါဘူး... ဒါပေမဲ့ သူ့ရဲ့ စစ်တုရင်စွမ်းရည်ကတော့ တော်တော်လေး ဆိုးရွားမှာပဲ မဟုတ်လား..."
"ဒါကတော့ ပြောစရာတောင် မလိုဘူးလေ... သူက နာမည်ကြီးအောင် လုပ်ချင်လို့ ဆာကူရာနိုင်ငံမှာ ဒီလိုနည်းလမ်းနဲ့ ကျော်ကြားလာအောင် ကြိုးစားနေတာ ဖြစ်ရမယ်..."
"Wolf Warrior 3" ရုပ်ရှင်သည် ဆာကူရာနိုင်ငံတွင် ပရိသတ် ရှိနေဆဲပင်။
၎င်းတို့သည် ရုပ်ရှင်၏ ပရိုမိုးရှင်း အကြောင်းအရာများကို အလွန် ဆန့်ကျင်ခဲ့ကြလေ၏။
သို့သော် ပြောရမည်ဆိုလျှင်... အမျိုးသားနှင့် အမျိုးသမီး ဇာတ်ဆောင်တို့၏ သရုပ်ဆောင်မှုမှာ အတော်လေး ကောင်းမွန်ပေသည်။
ဆုရမင်းသားတစ်ဦးနှင့် ထိုက်တန်သော ဤအဆင့်ရှိ သရုပ်ဆောင်စွမ်းရည်များမှာ အနည်းဆုံး ဆယ်စုနှစ်တစ်ခုခန့် လေ့ကျင့်ရန် လိုအပ်ပေ၏။
ဝိချီ (ဂို) သည်လည်း အလွန်အမင်း အာရုံစိုက်ရန် လိုအပ်သော အရာတစ်ခု ဖြစ်သည်။
သင်၏ အချိန်အားလုံးကို သရုပ်ဆောင်စွမ်းရည်များ မြှင့်တင်ရန် သုံးစွဲခဲ့ပြီးဖြစ်ရာ သင်၏ ဝိချီစွမ်းရည်မှာ သေချာပေါက် အားနည်းနေမည်ဟု
ဆိုသလိုပင်။
ယခုအခါ မည်သူကမျှ ချန်ဖုန်းကို အလေးအနက် မထားကြချေ။
ဤအရူးက ၎င်းတို့ကို ငွေပေးချင်နေသဖြင့် ၎င်းတို့က သေချာပေါက် လွန်စွာ ဝမ်းသာနေကြပေ၏။
ဝါတာနာဘေးသည် ရင်ကော့ကာ ရယ်မောလိုက်ပြီး လျှောက်လာကာ ချန်ဖုန်းကို မေးလိုက်လေသည်။
"ငါ အတည်ပြုချင်လို့ပါ... တကယ်လို့ ငါက မင်းကို တစ်ပွဲနိုင်ရင် ယန်း ၁၀၀,၀၀၀ ဆုကြေးရမယ်ဆိုတာ တကယ်လား..."
ချန်ဖုန်းက စိတ်မရှည်သလို ပြောလိုက်သည်။
“ငါ့ပုံစံက နောက်နေလို့လား…”
"ကောင်းပြီလေ...ငါတို့ အကုန်လုံး မင်းနဲ့ ကစားချင်တယ်..."
"တန်းစီကြ... စိတ်မပူနဲ့... လူတိုင်းမှာ အခွင့်အရေး ရှိတယ်..."
ချန်ဖုန်းက ဂရုမစိုက်ဟန်ဖြင့် ပခုံးတွန့်လိုက်၏။
‘မင်းတို့ လူများနေလို့ ကိုယ့်ကိုယ်ကိုယ် အရမ်း တော်နေတယ်လို့ ထင်နေတာလား…ငါ့ဆီကနေ ပိုက်ဆံတွေ အနိုင်ရနိုင်မယ်လို့ တကယ် ထင်နေတာလား…”ဟု ချန်ဖုန်း တွေးလိုက်၏။
ထို့နောက် ချန်ဖုန်းက အဲလစ်ဇဘက်အား ဒေါ်လာတစ်သန်း တန်ဖိုးရှိ ငွေသားများကို ယူဆောင်လာခိုင်းပြီး သူမဘေးတွင် ငွေစက္ကူထပ်အထူကြီးများကို ချထားလိုက်လေသည်။
သူ၏ စကားများ မည်မျှပင် ကောင်းမွန်နေစေကာမူ။
ဤငွေစက္ကူများ ကိုယ့်မျက်စိရှေ့တွင် ရှိနေခြင်းထက် ပို၍ စိတ်လှုပ်ရှားစရာကောင်းသော အရာမရှိတော့ချေ။
သေချာတာပေါ့…အံ့သြဖွယ် ရေရွတ်သံများ လူအုပ်ကြီးကြားတွင် နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့ပေ၏။
“တကယ်ကြီးပဲ ဟ…”
ချန်ဖုန်း၏ လက်ထဲမှ ငွေများကို အနိုင်ရရန် စိတ်အားထက်သန်စွာဖြင့် လူအုပ်ကြီးသည် အလျင်အမြန် တန်းစီလိုက်ကြလေသည်။
ဤလူအများစုမှာ သာမန်မိသားစုများမှ လာကြခြင်း ဖြစ်သည်။
ဟွာရှငွေ ယွမ် ၁၀၀,၀၀၀ သည် ဆာကူရာ ယန်းငွေဖြင့် ပြောင်းလဲလိုက်ပါက ၎င်းတို့၏ တစ်နှစ်စာ ဝင်ငွေနှင့် ညီမျှပေသည်။
သို့သော် နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့် အရာများက...၎င်းတို့ကို အံ့အားသင့်သွားစေခဲ့၏။
လူနှစ်ဆယ်က အလှည့်ကျ ဝင်ရောက်ကစားခဲ့ကြသော်လည်း ၎င်းတို့တစ်ဦးစီတိုင်းမှာ မိနစ်အနည်းငယ်အတွင်း ချန်ဖုန်း၏ အနိုင်ယူခြင်းကို ခံလိုက်ရပေသည်။
ယခင်က မောက်မာပြီး အနိုင်ကျင့်လိုသူများမှာ ယခုအခါ လုံးလုံးလျားလျား အရှက်ကွဲသွားကြလေပြီ။
ပိုက်ဆံတစ်ပြားမှ မရရှိခဲ့သည့်အပြင် မျက်နှာပါ ပျက်ခဲ့ရပေသည်။
ယခုအခါ လူများ ပိုမိုများပြားစွာ ဤနေရာသို့ ရောက်ရှိလာကြပြီး ပရော်ဖက်ရှင်နယ် စစ်တုရင်ကစားသမား အချို့ပင် လမ်းခုလပ်၌ ရှိနေကြလေ၏။
ထိုအချိန်၌ ချန်ဖုန်းက ရုတ်တရက် သူ၏ဆိုင်ကို သိမ်းဆည်းလိုက်သည်။
ထို့နောက် သူက ပြုံးတဝက်မျက်နှာဖြင့် ပြောဆိုလိုက်၏။
"ဆာကူရာနိုင်ငံရဲ့ ဝိချီက အံ့သြစရာကောင်းတယ်လို့ ငါ အမြဲတမ်း ထင်ခဲ့တာ... ဒါပေမဲ့ အဲဒီ အဘိုးကြီး ကူရာကီယု ကလွဲရင် တခြား ဘယ်သူမှ မရှိဘူးဆိုတာ သိလိုက်ရပြီ...တခြားသူတွေ အကုန်လုံးက အမှိုက်တွေချည်းပဲ... လမ်းဘေးဈေးသည်ဖြစ်တဲ့ ငါ့ကိုတောင် မနိုင်ကြဘူးလေ..."
"ပြီးတော့ ကူရာကီယု လည်း အပါအဝင်ပေါ့...ငါ ဆာကူရာနိုင်ငံကို လာမယ်ဆိုတာ သူသိလို့ ငါနဲ့ မပြိုင်ရဲတာလို့တောင် သံသယဖြစ်မိတယ်..."
"သူက တမင်သက်သက် ဟွာရှနိုင်ငံကို သွားခဲ့တာပဲဖြစ်ရမယ်...ဘာလဲ... ငါ့ကို ကြောက်လို့ ရှောင်နေတာလား..."
သူ၏ စကားများမှာ ယခင်က ကူရာကီယု ဟွာရှနိုင်ငံကို စော်ကားခဲ့မှုများအပေါ် တိုက်ရိုက် လက်တုံ့ပြန်လိုက်ခြင်းပင် ဖြစ်လေ၏။
—