အခန်း ၃၅၀
Vol. 35 Ch. 350
အခန်း (၃၅၀) ကျွန်တော် ပြန်တိုက်ခိုက်တော့မည်
“ချီးပဲ…”
“ဒီကောင်က အရှက်မရှိတာပဲ…”
ချန်ဖုန်း၏ ပတ်ဝန်းကျင်ရှိ လူများက သူ့အား ဒေါသတကြီး စိုက်ကြည့်လိုက်ကြ၏။
ကူရာကီယုသည် ၎င်းတို့၏ ဆာကူရာနိုင်ငံရှိ နံပါတ်တစ် ဝိချီဆရာသခင်ဖြစ်ပြီး ဟွာရှနိုင်ငံသို့ ဝိချီ သွားရောက်ယှဉ်ပြိုင်မည့် သတင်းမှာ ထွက်ပေါ်နေပြီး ဖြစ်ပေသည်။
အကယ်၍ မင်းက သူနဲ့ တကယ် ယှဉ်ပြိုင်ချင်တယ်ဆိုလျှင် ယှဉ်ပြိုင်ဖို့ ဟွာရှနိုင်ငံကို သွားသင့်သည် မဟုတ်လော။
ယခု မင်းက မစ္စတာကူရာကီကို ဒီနေရာမှာ ထပ်ပြီး စော်ကားနေပြန်ပြီ။
၎င်းမှာ တမင်သက်သက် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ရှင်းလင်းနေပေ၏။
ဤမျှ အရှက်မရှိသော လူမျိုးကို ၎င်းတို့ တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးချေ။
၎င်းတို့က အမှန်တရားကို လုံးလုံးလျားလျား လိုရာဆွဲ တွေးနေကြခြင်းပင်။
သမင်ကို မြင်းဟု ခေါ်ဆိုနေကြခြင်း ဖြစ်၏။
လူထုကို လမ်းမှားသို့ ပို့ဆောင်နေခြင်းပင်။
လူတိုင်းက မိမိတို့ကိုယ်ကို ကာကွယ်ပြောဆိုရန် ပြင်နေချိန်မှာပင် ချန်ဖုန်းက လက်ကို ထပ်မံဝှေ့ယမ်းလိုက်၏။
"ကောင်းပြီ... ဒီနေ့ ငါ အရမ်း စိတ်ပျက်မိတယ်... ဆာကူရာနိုင်ငံမှာ ထိုက်တန်တဲ့ ပြိုင်ဘက်တစ်ယောက် ရှာတွေ့နိုင်မယ်လို့ အစက ထင်ထားခဲ့တာ..."
"ငါ မှားသွားတယ်..."
"ပြိုင်ဘက်ကင်း ဖြစ်ရတာ ဘယ်လောက် အထီးကျန်ဆန်လဲဆိုတာ... မင်းတို့ ဘယ်တော့မှ နားလည်နိုင်မှာ မဟုတ်ပါဘူး..."
လူတိုင်း သွေးအန်လုနီးပါး ဖြစ်သွားကြပေ၏။
“ကျက်သရေမရှိလိုက်တာကွာ…”
အရှက်မရှိသော လူများကို ၎င်းတို့ မြင်ဖူးကြသော်လည်း ဤမျှ စိတ်ပျက်စရာ ကောင်းလောက်အောင် အရှက်မရှိသော လူမျိုးကိုမူ ယခင်က တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးချေ။
အဲလစ်ဇဘက်မှာမူ "..."
"နေပါဦး..."
ချန်ဖုန်း ထွက်သွားရန် ပြင်လိုက်ချိန်တွင် ဆာကူရာနိုင်ငံမှ အမျိုးသားတစ်ဦးက ရုတ်တရက် သူ့ကို တားဆီးလိုက်လေ၏။
ထိုလူက ခံပြင်းစွာဖြင့် တုံ့ပြန်ပြောဆိုလိုက်သည်။
"မင်းက လူနှစ်ဆယ်လောက်နဲ့ပဲ ကစားရသေးတာလေ... သူတို့အများစုက ပရော်ဖက်ရှင်နယ်တွေ မဟုတ်ဘူး... မင်း တကယ်စွမ်းရင် ငါနဲ့ လာပြိုင်လေ..."
"ငါက ဝိချီကလပ် က အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး ပရော်ဖက်ရှင်နယ် အဆင့် ၆ ရှိတယ်..."
"ငါ့နောက်က လူတွေအပါအဝင် သူတို့အားလုံးက ဝိချီကလပ် ရဲ့ အဓိက အဖွဲ့ဝင်တွေချည်းပဲ..."
"မင်းတကယ်စွမ်းတယ်ဆိုင် ငါတို့ကို အနိုင်ယူပြစမ်းပါ..."
"ငါနဲ့ ယှဉ်ကစားချင်တာလား..."
ချန်ဖုန်းက ပြုံးလျက် ပြောကာ ပြန်ထိုင်လိုက်၏။
ဆိုင်းဘုတ်ပေါ်တွင် ယခင်က ရေးသားထားသော စာကြောင်းတစ်ကြောင်းကို သူ ပြောင်းလဲရေးသားလိုက်သည်။
"ဝိချီ (ဂို)၊ တကယ်လို့ ငါနိုင်ရင် ၁၀၀,၀၀၀ တောင်းမယ်"
"ခွေးကောင်..."
ထိုအမျိုးသားက ကျိန်ဆဲသံကို မထိန်းချုပ်နိုင်ခဲ့ချေ။
စကားလုံး အနည်းငယ် ပြောင်းလဲလိုက်ရုံဖြင့် အဓိပ္ပာယ်က ပြောင်းလဲသွားခဲ့လေပြီ။
ချန်ဖုန်း ရေးထားသော ၁၀၀,၀၀၀ မှာ ဟွာရှယွမ်ငွေ ဖြစ်ကြောင်း သေချာလှပေ၏။
ယခင်က ကူရာကီယု ဟွာရှနိုင်ငံရှိ အခြားသူများနှင့် ကစားစဉ်က ယွမ် ၁၀,၀၀၀ သာ တောင်းခံခဲ့သော်လည်း ယခု ဤကောင်က ဆယ်ဆအထိ တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။
၎င်းတို့ သံသယပင် ဝင်သွားကြလေ၏။
ချန်ဖုန်း၏ ကနဦး ရည်ရွယ်ချက်မှာ ငွေရှာရန်ပင် ဖြစ်နေမည်လော။
၎င်းတို့ အလွန် မကျေမနပ် ဖြစ်နေကြတော့သည်။
သို့သော် ထိုအမျိုးသားက သူ၏ ဒေါသများကို ဖိနှိပ်ထားခဲ့ရပေ၏။
အကယ်၍ သူသာ သူ၏ ပြိုင်ဘက်ကို ဝိချီ (ဂို) တွင် အနိုင်မယူနိုင်ပါက ဤဒေါသများကို ဖြေဖျောက်ရန် နေရာရှိမည် မဟုတ်ချေ။
မျိုသိပ်ထားရခြင်းက အလွန် နေရခက်လှပေသည်။
"ကောင်းပြီလေ... တစ်သိန်းဆိုလည်း တစ်သိန်းပေါ့..."
ဝိချီ ပြိုင်ပွဲ ဆက်လက်ဖြစ်ပွားနေပေ၏။
အဲလစ်ဇဘက်သည် Live လွှင့်သည့် ကိရိယာများကို ရယူထားပြီးဖြစ်ကာ လက်အောက်ငယ်သား အချို့နှင့်အတူ မြင်ကွင်းကို ရှုထောင့်ပေါင်းစုံမှ တိကျစွာ မှတ်တမ်းတင်နေခဲ့သည်။
တစ်ကမ္ဘာလုံးသို့ တိုက်ရိုက်ထုတ်လွှင့်နေခြင်း ဖြစ်ပေ၏။
ချန်ဖုန်းသည် ပရော်ဖက်ရှင်နယ် အဆင့် ၉ ၏ စွမ်းရည်များကို ကျွမ်းကျင်ပိုင်နိုင်ထားလေ၏။
သူ၏ အကွက်ရွှေ့မှုတိုင်းတွင် ထောင်ချောက်များကို တစ်ခုပြီးတစ်ခု ဆင်ထားခြင်း ဖြစ်ပေသည်။
တွက်ချက်နိုင်စွမ်း။
နေရာချထားမှု စွမ်းရည်များ။
အကွက်တိုင်းသည် သေစေနိုင်သော
ထောင်ချောက်တစ်ခု ဖြစ်နေပေ၏။
အစပိုင်းတွင် ပြိုင်ဘက်ဖြစ်သူက တည်ငြိမ်စွာ ကိုင်တွယ်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ထိုလူ၏ ကျောက်ခဲချသည့် အမြန်နှုန်းမှာ နှေးကွေးသွားခဲ့သည်။
ပြိုင်ဘက်၏ နဖူးပေါ်တွင် ချွေးအေးများ ပိုမိုထွက်ပေါ်လာခဲ့လေ၏။
သူ၏ အလုံးစုံ စိတ်ခံစားချက်မှာပင် အလွန်အမင်း ဒေါသထွက်လွယ်နေပုံရပေသည်။
ချန်ဖုန်းသည် လက်နှစ်ချောင်းဖြင့် ဂိုကျောက်ခဲတစ်ခုကို ကောက်ယူလိုက်၏။
"ဖျန်း"
ထိုအသံသည် ထိုသူ၏ စိတ်ထဲတွင် မိုးကြိုးပစ်ချလိုက်သည့်အလား မြည်ဟည်းသွားခဲ့သည်။
ထိုအမျိုးသားက ရုတ်တရက် မတ်တပ်ရပ်လိုက်ပေ၏။
ထို့နောက် သူက စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်သည်။
"ဒီအကွက်ကို မရေဘူး... ငါ အစကနေ ပြန်စချင်တယ်... စောစောက အဲဒီအကွက်ကို ငါ ရှင်းရှင်းလင်းလင်း မြင်လိုက်ပေမဲ့ ချဖို့ မေ့သွားတာ...အဲဒါသာမဟုတ်ရင် မင်းရဲ့စွမ်းရည်နဲ့ဆို ငါ့ကို အနိုင်ယူဖို့ လုံးဝ မဖြစ်နိုင်ပါဘူး..."
ပတ်ဝန်းကျင်ရှိ လူများ၏ မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲသွားကြလေ၏။
၎င်းတို့၏ မျက်နှာအမူအရာမှာလည်း အနည်းငယ် ထူးဆန်းသွားပေသည်။
"အကွက်ပြန်ရုတ်မယ် ဟုတ်လား..."
ချန်ဖုန်းက လှောင်ပြောင်လိုက်၏။
"စစ်မှန်တဲ့ ယောကျာ်းဆိုတာ ကိုယ့်ရဲ့ အကွက်ရွှေ့မှုတွေအတွက် ဘယ်တော့မှ နောင်တမရဘူး ဆိုတဲ့ စကားတစ်ခုရှိတယ်... စစ်တုရင်ရဲ့ စည်းကမ်းတွေကို မင်း မသိဘူးလား... စစ်တုရင်ကစားတာ ဒါ ပထမဆုံးအကြိမ်လား ဒါမှမဟုတ် လူတစ်ယောက် ဘယ်လိုဖြစ်ရမယ်ဆိုတာကို အခုမှ သင်ယူနေတာလား..."
"ငါ ဂရုမစိုက်ဘူး... ငါက သူရဲကောင်းတစ်ယောက်လို မဖြစ်ချင်ပါဘူး... ဒီအကွက်ကို ငါ တကယ် မှားတွက်မိသွားတာ... တကယ်လို့ ငါတို့ ပြန်ကစားမယ်ဆိုရင် မင်း နိုင်ချင်မှ နိုင်မှာ..."
"ဟီးဟီး..."
ချန်ဖုန်းက ရယ်မောကာ ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်သည်။
ထို့နောက် ပြင်းထန်သော ဖိအားတစ်ခုက သူ့ထံမှ ချက်ချင်း ထွက်ပေါ်လာခဲ့ပေ၏။
"ဒုတိယအကြိမ် အခွင့်အရေးဆိုတာ မဖြစ်နိုင်ဘူး... တကယ်လို့ ဟွာရှယွမ်ငွေ ၁၀၀,၀၀၀ ထဲကနေ တစ်ပြားလေးပဲ လျော့သွားမယ်ဆိုရင်တောင်... အကျိုးဆက်တွေကို မင်း ခံစားရလိမ့်မယ်..."
ချန်ဖုန်း၏ အားကောင်းလှသော အရှိန်အဝါက ထိုနေရာရှိ လူတိုင်းကို အံ့အားသင့် မှင်တက်သွားစေခဲ့လေ၏။
ထိုအမျိုးသားမှာ အလိုအလျောက်ပင် လည်ပင်းကို ကျုံ့လိုက်မိသည်။ ခဏတာမျှ ချမ်းစိမ့်သော အအေးဒဏ်ကို သူ ခံစားလိုက်ရပုံရပေ၏။ ပတ်ဝန်းကျင်ရှိ လေထုပင်လျှင် အေးခဲသွားခဲ့သည်။
ယခုအခါ ချန်ဖုန်း၏ အကြည့်များက Live လွှင့်နေသော ကင်မရာဆီသို့ ရုတ်တရက် လှည့်သွားလေ၏။
"မစ္စတာကူရာကီက အရင်တုန်းက ဟွာရှလူမျိုးတွေရဲ့ စိတ်နေစိတ်ထားက ဆိုးရွားတယ်လို့ ပြောခဲ့တယ်... ဒါပေမဲ့ ငါ့အမြင်မှာတော့ ဆာကူရာနိုင်ငံရဲ့ စိတ်နေစိတ်ထားက ပိုပြီးတော့တောင် ဆိုးရွားသေးတယ်..."
"သူတို့က အကွက်ပြန်ရုတ်တာလိုမျိုး အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်ကိုတောင် လုပ်ရဲကြတာပဲ..."
"ဒီလို စိတ်နေစိတ်ထားနဲ့ ဒီလို စစ်တုရင်စွမ်းရည်မျိုးနဲ့ဆိုရင်... သူက အမှိုက်ထက်တောင် ဆိုးနေသေးတယ်..."
"ကူရာကီယု... ငါ မင်းကို ဒီမှာ စောင့်နေမယ်... မင်း ငါနဲ့ ယှဉ်ပြိုင်ရဲတဲ့ သတ္တိရှိလား..."
ဤစကားကို ကြားချိန်တွင်
လူတိုင်း လုံးလုံးလျားလျား တုန်လှုပ်သွားကြလေ၏။
အကယ်၍ ချန်ဖုန်း၏ ယခင်ပွဲများမှာ သာမန် ယှဉ်ပြိုင်ကစားမှုများသာ ဖြစ်ခဲ့မည်ဆိုလျှင် ယခုအခါတွင်မူ သူက ကူရာကီယုကို တိုက်ရိုက် စိန်ခေါ်လိုက်ခြင်းပင် ဖြစ်ပေသည်။
ဟွာရှနိုင်ငံရှိ နားနေခန်းအတွင်း၌။
ကူရာကီယု သည်လည်း ဆာကူရာနိုင်ငံရှိ ဝိချီ ပြိုင်ပွဲကို ကြည့်ရှုနေခဲ့၏။
မည်သို့ပင်ဆိုစေ အဲလစ်ဇဘက်၏ ကြိုးပမ်းမှုများကြောင့် Live လွှင့်မှု တစ်ခုလုံးကို ယခုအခါ တစ်ကမ္ဘာလုံးသို့ တစ်ပြိုင်နက်တည်း ထုတ်လွှင့်နေခြင်း ဖြစ်ပေသည်။
ဤသည်က ဝိချီ လောကတွင် ကြီးမားလှသော လှုပ်ခတ်မှုကို ဖြစ်ပေါ်စေခဲ့လေ၏။
တစ်ရက်အတွင်းမှာပင် ဝိချီ နှင့် ပတ်သက်သော Live ထုတ်လွှင့်မှု ပြိုင်ပွဲနှစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ကူရာကီယု ဟွာရှနိုင်ငံသို့ ဝင်ရောက်လာကာ ထိုနေရာရှိ ဝိချီ ဆရာသခင်များ အားလုံးကို စိန်ခေါ်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြချေ။
သို့သော် ဟွာရှနိုင်ငံကလည်း ဆာကူရာနိုင်ငံတွင် စိန်ခေါ်မှုတစ်ခု ပြုလုပ်ရန် လူများကိုပင် စေလွှတ်ထားခဲ့လေ၏။
တစ်ခုတည်းတူသော ကွာခြားချက်မှာ။
ဆာကူရာနိုင်ငံက ဝိချီ ၏ ထိပ်တန်းကစားသမားဖြစ်သော ကူရာကီယုကို စေလွှတ်ထားခြင်း ဖြစ်ပေသည်။
သို့သော် ဟွာရှနိုင်ငံက စေလွှတ်လိုက်သောသူမှာ... လမ်းဘေးဈေးသည် တစ်ယောက်တဲ့လား။
စားပွဲများနှင့် ကုလားထိုင်များကို ရွှေ့ပြောင်းခြင်း... ခွေးခြေခုံလေး... လူထုရင်ပြင်ရှိ ကွက်လပ်... အစိတ်အပိုင်းတိုင်းသည် ပန်းခြံထဲတွင် အဘိုးကြီးတစ်ဦး ဆိုင်ခင်းကာ အခြားအဘိုးကြီးတစ်ဦးနှင့် စစ်တုရင်ကစားနေသည်နှင့် တူနေပေ၏။
မြင်ကွင်းက အလွန် ရှင်းလင်းလွန်းလှသည်။
သို့တိုင် ဤသို့သော လူမျိုးကပင် ဆာကူရာနိုင်ငံတွင် လှုပ်ခတ်မှုတစ်ခုကို ဖြစ်ပေါ်စေနိုင်ခဲ့ခြင်း ဖြစ်ပေသည်။
ကူရာကီယု ပင်လျှင် ဤအရာကို အလေးအနက်ထားရန် လိုအပ်နေလေ၏။
ပြိုင်ဘက်၏ စစ်တုရင်စွမ်းရည်မှာ မည်မျှကောင်းမွန်သည်ကို သေချာမသိရသော်လည်း ထိုကောင်စုတ်လေး၏ စကားပြောစွမ်းရည်များကိုမူ သေချာပေါက် အထင်သေး၍ မရနိုင်ချေ။
"ဆရာ... သူ့ရဲ့ စစ်တုရင်စွမ်းရည်က အဲဒီလောက်ကြီး မဟုတ်ဘူးလို့ ထင်တယ်... အလွန်ဆုံး ပရော်ဖက်ရှင်နယ် အဆင့် ၇ လောက်ပဲ ရှိမှာပါ... ကျေးဇူးပြုပြီး သူက ဆရာ့ကို လွှမ်းမိုးခွင့် မပေးလိုက်ပါနဲ့..."
"နောက်ပီး ဟွာရှနိုင်ငံရဲ့ ဂိုသူတော်စင် လေ... မစ္စတာဂိုသူတော်စင် က အခုရောက်လာတော့မှာ...ကျွန်မ အမြင်မှာတော့ ဒါက ဟွာရှနိုင်ငံရဲ့ ပုံမှန် နည်းဗျူဟာတစ်ခုပဲ..."
"သူတို့ဆီမှာ 'ရှေးယခင်ကတည်းက လုပ်ရိုးလုပ်စဉ်တွေက လူတွေရဲ့ နှလုံးသားကို အနိုင်ရစေတယ်' ဆိုတဲ့ စကားတစ်ခုရှိတယ်လေ..."
"ဂိုသူတော်စင် ရှုံးသွားမှာကို သေချာပေါက် ကြောက်နေကြတာ...ဒါကြောင့် ဆရာ့ကို ပုံမှန်အခြေအနေအတိုင်း ယှဉ်ပြိုင်လို့မရအောင် ဒီနည်းလမ်းနဲ့ ဆွပေးဖို့ ကြိုးစားနေကြတာပဲဖြစ်မယ်..."
မိခါမိ ယူအာမှာ တကယ်ကို ဒေါသထွက်နေခဲ့၏။
ဟွာရှလူမျိုးများသည် မယုံနိုင်လောက်အောင် ကောက်ကျစ်ကြကြောင်း သူမ ယခင်ကတည်းက ကြားဖူးထားလေသည်။
ယခုအခါ သူမ မျှော်လင့်ထားသည့်အတိုင်းပင်။
ဝိချီ (ဂို) သည် တိကျသော စိတ်နေသဘောထား တစ်ခုကို အလေးပေးလေ၏။
အကယ်၍ `မင်း´ တည်ငြိမ်စွာ နေနိုင်ပြီး `မင်း´၏ စွမ်းအင်အားလုံးကို စစ်တုရင်ခုံထဲသို့ ထည့်သွင်းနိုင်ပါက ပြင်ပလောကမှ မသေချာမရေရာမှုများ အားလုံးကို ဖယ်ရှားနိုင်ပေသည်။
ဤနည်းအားဖြင့် လူနှင့် စစ်တုရင်ကြားရှိ ပြီးပြည့်စုံသော လိုက်ဖက်ညီမှု အခြေအနေနှင့် ၎င်းတို့ သိပ်မဝေးတော့ချေ။
နတ်ဘုရား၏ အကွက်ရွှေ့မှု စွမ်းရည်များကို သင်ယူနိုင်မည့် အခွင့်အရေးကိုလည်း `မင်း´ ရရှိလိမ့်မည် ဖြစ်၏။
ကူရာကီယု သည်လည်း ဤအရာကို ကောင်းစွာ သတိပြုမိထားပေသည်။
လေဆိပ်တွင် သူ့ကို လွင့်ထွက်သွားအောင် လုပ်ခဲ့သူမှာ ဤကောင်ပင် ဖြစ်လေ၏။
အခုထိတိုင် သူ၏ ရင်ဘတ်မှာ နာကျင်နေဆဲပင်။
သူက ကိုယ်ရံတော်တစ်ဦးဘက်သို့ လှည့်ကာ မေးမြန်းလိုက်သည်။
"စုံစမ်းတာ ဘယ်လိုနေပြီလဲ..."
ကူရာကီယုသည် တစ်ခါတစ်ရံတွင် မောက်မာတတ်သော်လည်း ယေဘုယျအားဖြင့် သူက အတော်လေး သတိထားတတ်ပေ၏။
"သူ့ရဲ့ လက်ရှိ အမှတ်အသားတွေက ကုမ္ပဏီအတော်များများရဲ့ ပိုင်ရှင်ဖြစ်ပြီးတော့ 'Wolf Warrior 3' ရုပ်ရှင်ထဲက အမျိုးသားဇာတ်ဆောင် တစ်ယောက်ပါ..."
ကိုယ်ရံတော်တစ်ဦးက ပြောကာ လက်တော့ပ်ကို လှည့်ပြလိုက်သည်။
အထက်တွင် ပြသထားသော အချက်အလက်များမှာ ချန်ဖုန်း၏ လူသိရှင်ကြား ရရှိနိုင်သော အချက်အလက်များပင် ဖြစ်လေ၏။
"ဟူး..."
ကူရာကီယု နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ချလိုက်ပေသည်။
သူ၏ ပြိုင်ဘက်မှာ ဂိုသူတော်စင် သာ ဖြစ်ပုံရလေ၏။
ဂိုသူတော်စင်။
ချန်ဖုန်းနှင့် ပတ်သက်၍မူ သူက ပြဿနာရှာသူ တစ်ယောက်သာ ဖြစ်ပေသည်။
ထိုကောင်စုတ်လေးက ကောင်းမွန်သော အမျိုးသားဇာတ်ဆောင် တစ်ယောက်အဖြစ် ဘာကြောင့် မနေရသနည်း။
သူက တကယ်ပဲ လုပ်ငန်းကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုတွေကို ကြိုးစားချင်နေတာလား။