← Chapters

အခန်း ၃၅၂

Vol. 36 Ch. 352

အခန်း ၃၅၂

Vol. 36 Ch. 352

အခန်း (၃၅၂) စိန်ခေါ်မှုကို လက်ခံခြင်း

တစ်ချိန်တည်းမှာပင်။

ဗင်ကားတစ်စီးအတွင်း၌။

ဂိုသူတော်စင်သည်လည်း ဆာကူရာနိုင်ငံ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေခဲ့ပေ၏။

ယခုအခါ သူသည် အသက်ခုနစ်ဆယ်ကျော်နေပြီ ဖြစ်သည်။

အကယ်၍ သူသာ အကောင်းဆုံးအချိန်များတွင် ရှိနေခဲ့ပါက ချန်ဖုန်းကဲ့သို့ လူဆယ်ယောက်ကို တစ်ပြိုင်နက်တည်း သေချာပေါက် ရင်ဆိုင်နိုင်ပေလိမ့်မည်။

သို့သော်လည်း အခုတော့ သူက အသက်ကြီးသွားလေပြီဖြစ်သည်။

တုံ့ပြန်မှုအမြန်နှုန်း လျော့ကျသွားရုံသာမက ဂိုသူတော်စင်၏ ဦးနှောက်က အရင်ကလောက် မတက်ကြွတော့တာကြောင့်

ယေဘုယျအားဖြင့် ယခုအခါ သူက ချန်ဖုန်း၏ အဆင့်ကိုတောင် မမီနိုင်လောကိတော့ချေ။

ထို့နောက်...ဂိုသူတော်စင်ဘက်က ကြည့်မည်ဆိုလျှင်လည်း

ချန်ဖုန်းသည် သူ၏ စွမ်းအားအပြည့်ကို အသုံးမပြုသေးကြောင်းနှင့် အတော်လေး ပေါ့ပေါ့ပါးပါး ရှိနေပုံရကြောင်း သူ မြင်တွေ့နိုင်ပေ၏။

‘အရမ်း အံ့သြဖို့ကောင်းတာပဲ…’ဟု ဂိုသူတော်စင် တွေးလိုက်၏။

ထို့နောက် ဂိုသူတော်စင်က ရှေ့မှ ယာဉ်မောင်းကို တစ်ချက်ကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။

"ရှောင်ဝမ်... ကားပြန်လှည့်... ငါတို့ ပြန်ကြရအောင်..."

"ဗျာ..."

ယာဉ်မောင်း ရှောင်ဝမ်မှာ လုံးလုံးလျားလျား ဆွံ့အသွားခဲ့ပေ၏။

‘ဝိချီပြိုင်ပွဲကို သွားမှာ မဟုတ်ဘူးလား…’

‘ဆာကူရာနိုင်ငံရဲ့ ထိပ်တန်းကစားသမား ကူရာကီယုကို သွားနှိမ်နင်းမယ်ဆို…’

‘ငါတို့ ရောက်ဖို့တောင် နီးနေပြီကို ဘာလို့ ရုတ်တရက် ပြန်လှည့်ရမှာလဲ…’ ယာဥ်မောင်း ရှောင်ဝမ်မှာ တွေးရင် ကြောင်အအ ဖြစ်နေတော့သည်။

ထို့ကြောင့် ယာဥ်မောင်း ရှောင်ဝမ်က မေးလိုက်သည်။

"ဂိုသူတော်စင်... ကူရာကီယု ကိစ္စကကော ဘယ်လိုလုပ်မလဲ..."

"ဟူးးး…ငါ့မှာ ကိုယ်ပိုင် အစီအစဉ် ရှိပါတယ်..."

ဂိုသူတော်စင်က သက်ပြင်းရှည်ကြီးတစ်ခု ချကာ ပြောလိုက်၏။ သူသည် ဟွာရှနိုင်ငံ၏ ဂိုသူတော်စင်ဖြစ်သော်လည်း ဤဘွဲ့တံဆိပ်များကို သူ ငယ်စဉ်ကတည်းက ပေးအပ်ထားခြင်း ဖြစ်ပေသည်။

‘အခု ငါ အသက်ကြီးနေပြီ...

တကယ်လို့ ငါသာ ကူရာကီယုကို ရှုံးသွားရင် အရမ်း အရှက်ကွဲစရာ ကောင်းနေမှာ မဟုတ်ဘူးလား’

သူ၏ ကိုယ်ပိုင် ဂုဏ်သိက္ခာက ပြဿနာ မဟုတ်ချေ။ အဓိကပြဿနာမှာ အချို့လူများက ဤအရာကို အကြောင်းပြချက်တစ်ခုအဖြစ် အသုံးပြုကြမည်ဖြစ်ပြီး ဟွာရှတစ်နိုင်ငံလုံး အဆင့်အထိ ကြီးထွားသွားပါက ဆိုးရွားသွားပေလိမ့်မည်။

ထိုသို့ဖြင့် ဗင်ကားသည် အလျင်အမြန် ကွေ့လှည့်သွားလေ၏။ လာရာလမ်းအတိုင်း ပြန်လှည့်သွားခြင်းပင်။

ဝိချီအသင်းမှ နျဲ့ဖျင်နှင့် ဥက္ကဋ္ဌဝမ်တို့သည် ဂိုသူတော်စင် ရောက်လာမည့်အချိန်ကို အပြင်ဘက်တွင် စောင့်ဆိုင်းနေကြပေသည်။

သို့သော် အဘိုးကြီးဖန်သည် အချိန်အကြာကြီး ပေါ်မလာခဲ့ချေ။

ထိုအချိန်၌ ပုံရိပ်တစ်ခုက အလျင်အမြန် ပြေးလာကာ သူက အလန့်တကြား အော်ဟစ်လိုက်သည်။

"ဒုက္ခပါပဲ... ဥက္ကဋ္ဌဝမ်... ဒုက္ခပါပဲ... ခုနလေးတင် ဂိုသူတော်စင် အဘိုးကြီးဖန်ရဲ့ကား ပြန်လှည့်သွားတာကို ကျွန်တော် မြင်လိုက်တယ်... သူ ဝိချီပြိုင်ပွဲကို ဝင်ပြိုင်မှာ မဟုတ်ဘူးတဲ့..."

"ဘာ..."

နျဲ့ဖျင်နှင့် ဥက္ကဋ္ဌဝမ်တို့က တစ်ပြိုင်နက်တည်း ပြောဆိုလိုက်ကြ၏။

၎င်းတို့သည် ဖုန်းများကို အလျင်အမြန်ထုတ်ကာ ဂိုသူတော်စင်၏ နံပါတ်ကို ခေါ်ဆို၍ မေးမြန်းလိုက်ကြသည်။

"အဘိုးကြီးဖန်... ဘာတွေဖြစ်နေတာလဲ... ဘာလို့ ပြန်သွားရတာလဲ..."

"ရှောင်နျဲ့... ဝိချီယှဉ်ပြိုင်ပွဲကို ငါ လာမှာ မဟုတ်ဘူး..."

ဂိုသူတော်စင်က အကြောင်းပြချက်ပေးကာ ပြောဆိုလိုက်သည်။

"ငါ အရေးတကြီး လုပ်စရာလေးရှိလို့ ပြန်သွားရမယ်... ကူရာကီယု ကိစ္စနဲ့ပတ်သက်ပြီးတော့ ချန်ဖုန်းရဲ့ ဝိချီစွမ်းရည်က တော်တော်လေး ကောင်းမွန်တယ်လို့ ငါ ထင်တယ်..."

“ချန်ဖုန်းက ငါ့ထက် နည်းနည်းလေးပဲ နိမ့်တာပါ... အဟွတ် အဟွတ်...သူ့ကို ကူရာကီယုနဲ့ ယှဉ်ပြိုင်ခိုင်းကြည့်လို့ ရပါတယ်...အဲဒါပါပဲ... ဒီမှာက လိုင်းမကောင်းဘူးကွ... ဟလိုကြားလား…ဟာကွာ ဒီလိုင်းကတော့ လဗြွတ်လိုပဲ…”

"တီ တီ တီ..."

“...”နျဲ့ဖျင်သည် ကျသွားသော ဖုန်းကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေခဲ့ပေ၏။

‘ဘာတွေဖြစ်ကုန်တာလဲ...အဘိုးကြီးဖန်က ကြောက်ပြီး ထွက်ပြေးသွားတာလား…’

"သွားကြရအောင်... အဘိုးကြီးဖန် မလာတော့ဘူးဆိုတော့ ကူရာကီယုကို တားနိုင်မယ့်သူက အခု ချန်ဖုန်းပဲ ရှိတော့တယ်... ပြီးတော့ ချန်ဖုန်းက ကူရာကီယုကို စိန်ခေါ်ထားပြီးပြီလေ..."

ဥက္ကဋ္ဌဝမ်၏ မျက်နှာမှာလည်း တည်ကြည်လေးနက်နေပေ၏။

ချန်ဖုန်း ဝိချီကစားနေသည့် တိုက်ရိုက်ထုတ်လွှင့်မှုကို သူလည်း ကြည့်ရှုခဲ့လေသည်။

တကယ်တမ်းတွင်လည်း ချန်ဖုန်းတွင် အရည်အချင်းရှိပေသည်။

သူ့အနေနဲ့ ကူရာကီယုကို ယှဉ်နိုင်လောက်ပါပေမည်။

ထိုသို့ဖြင့်သူတို့နှစ်ဦးသည် ပြိုင်ပွဲကွင်းဆီသို့ အလျင်အမြန် ဦးတည်သွားကြလေ၏။

ဂိုသူတော်စင် ရောက်မလာကြောင်းကို ကူရာကီယု သိရှိသွားချိန်တွင် သူ သိပ်ပြီး စိတ်ပျက်နေပုံ မရချေ။

အဘယ်ကြောင့်ဆိုသော် ယခုအခါ သူ့တွင် ဆာကူရာနိုင်ငံ၌ ချန်ဖုန်းဆိုသော ကြောက်မက်ဖွယ် ပြိုင်ဘက်တစ်ဦး ရှိနေပြီဖြစ်သောကြောင့်ပင်။

ကူရာကီယုက သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်ကာ ဘေးရှိ မီကာမီယုအာဘက်သို့ လှည့်ကာ ပြောဆိုလိုက်သည်။

"ချန်ဖုန်းရဲ့ စိန်ခေါ်မှုကို ငါ လက်ခံလိုက်ပြီ... သွားပြီး အစီအစဉ်တွေ လုပ်လိုက်... ငါ သူနဲ့ အွန်လိုင်းကနေ ယှဉ်ပြိုင်ချင်တယ်..."

"ရှင်..."

မီကာမီယုအာ၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားပေ၏။

သူမက အနည်းငယ် စိုးရိမ်တကြီးဖြင့် ပြောဆိုလိုက်သည်။

"ဆရာ... ချန်ဖုန်းကို ကြည့်ရတာ အရမ်း ဥာဏ်များမဲ့ပုံနော်... တကယ်လို့ သူ လိမ်ဆင်လုပ်ရင်ကော ဘယ်လိုလုပ်မလဲ..."

မည်သို့ပင်ဆိုစေကာမူ ချန်ဖုန်း၏ အခြေအနေကို စောင့်ကြည့်ရန် သူမတို့ နည်းလမ်းမရှိချေ။

"လူတွေအများကြီး နေ့ခင်းကြောင်တောင် ကြည့်နေတာကို သူ ဘယ်လို လိမ်ဆင်မျိုး လုပ်နိုင်မှာလဲ... ပြီးတော့ ကင်မရာတွေလည်း အများကြီး ရှိတာကို...သူလုပ်တဲ့ မကောင်းမှု မှန်သမျှကို ဖော်ထုတ်ခံရမှာပဲလေ…”

ကူရာကီယုက သူမကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်ပြီး ပြောဆိုလိုက်၏။

"ဒီတစ်ခါ ဟွာရှနိုင်ငံကို မင်းကို ဘာလို့ ခေါ်လာလဲဆိုတာ မင်းသိလား..."

"ဆရာက ကျွန်မကို အမြင်ကျယ်စေချင်လို့လို့ ပြောခဲ့တာလေ..."

မီကာမီယုအာက နှုတ်ခမ်းဆူကာ ပြန်ဖြေလိုက်သည်။ သူမ အရွယ်ရောက်ကတည်းက ဆာကူရာနိုင်ငံမှ အပြင်သို့ ခဲယဉ်းစွာ ထွက်ခဲ့ဖူးပေ၏။

"အဲဒါက တစ်စိတ်တစ်ပိုင်းပါပဲ..."

ကူရာကီယုက သက်ပြင်းချလျက် ပြောဆိုလိုက်သည်။

"ငါက ဟွာရှနိုင်ငံကို ဘယ်လောက်ပဲ ဆန့်ကျင်နေပါစေ မင်းက သူတို့ကို မဆန့်ကျင်သင့်ဘူး... မင်း သုံးနှစ်သမီးအရွယ်တုန်းက မင်းကို ငါ မွေးစားခဲ့တာ..."

“မင်းက ဟွာရှလူမျိုးပဲ...

ဒီအခွင့်အရေးကို အသုံးချပြီး မင်းရဲ့ မိဘတွေကို ရှာဖို့ ကူညီပေးချင်လို့ ဒီတစ်ခါ မင်းကို ခေါ်လာခဲ့တာ..."

"ကျွန်မက ဟွာရှလူမျိုးလား..."

မီကာမီယုအာ လုံးဝ တုန်လှုပ် ဆွံ့အသွားခဲ့ပေ၏။ ငယ်စဉ်ကတည်းက သူမ သိထားသမျှမှာ သူမကို ဆရာဖြစ်သူက မွေးစားခဲ့သည် ဆိုသည်ကိုပင်။

နှစ်တွေကြာလာတာနဲ့အမျှ သူမက ဆရာ့ဆီကနေ ဝိချီပညာကို သင်ယူခဲ့တာဖြစ်၏။ ယခုမှသာ သူမရဲ့ နောက်ခံအကြောင်းကို ပထမဆုံးအကြိမ် ကြားဖူးတာပင်။

"ကောင်းပြီ..."

ကူရာကီယုက ဖြည်းညင်းစွာ မတ်တပ်ရပ်ရင်း ဆက်ပြောလိုက်၏။

"ဒီတစ်ခါ ဝိချီပြိုင်ပွဲ ပြီးသွားရင် မင်း ဒီမှာ ဆက်နေလို့ ရပါတယ်... ဆာကူရာနိုင်ငံကို ပြန်လာစရာ မလိုတော့ဘူး..."

"ဆရာ... ကျွန်မ..."

မီကာမီယုအာ၏ ခံစားချက်များမှာ အလွန်အမင်း ရှုပ်ထွေးနေခဲ့ပေ၏။

သူမနှင့် ကူရာကီယုတို့သည် နှစ်ပေါင်းများစွာ အတူတကွ ဖြတ်သန်းခဲ့ကြပြီး ယခုကဲ့သို့ ရုတ်တရက် ခွဲခွာရမည်ဆိုပါက သူမ အမှန်တကယ်ပင် အသားကျရန် ခက်ခဲနေမည် ဖြစ်သည်။

ပြီးတော့ ဒါက သူမဘဝမှာ ဟွာရှနိုင်ငံကို ပထမဆုံး ရောက်ဖူးတာလည်းဖြစ်သည်။

ကူရာကီယုက လက်ကာပြလိုက်၏။

"သွားပြီး ပြင်ဆင်တော့..."

...

အခြားတစ်ဖက်တွင်။

ဝိချီပြိုင်ပွဲသို့ ဂိုသူတော်စင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိသည့်အပေါ် ချန်ဖုန်းလည်း အတော်လေး အံ့အားသင့်နေခဲ့၏။ ကြည့်ရတာ တစ်ဖက်လူသည် ကူရာကီယုကို အနိုင်မယူနိုင်မည်ကို စိုးရိမ်နေပုံရပေသည်။

‘အင်း…ပြီးတော့ လွန်ခဲ့တဲ့ ငါးမိနစ်ကပဲ...

ကူရာကီယုက ငါနဲ့ ယှဉ်ပြိုင်ဖို့ တကယ်ကြီး သဘောတူလိုက်တာပဲ…’ဟု ချန်ဖုန်း တွေးလိုက်၏။

အွန်လိုင်းကနေ ယှဉ်ပြိုင်တာပင်...

မကြာမီ။

နှစ်ဖက်စလုံးသည် တိုက်ရိုက်ထုတ်လွှင့်မှု ကိရိယာများကို တပ်ဆင်လိုက်ကြပြီးနောက် အွန်လိုင်းမှချိတ်ဆက်ကာ အသေးစိတ် အချက်အလက်အချို့ကို ဆွေးနွေးဖလှယ်ခဲ့ကြလေ၏။

ကူရာကီယု၏ မျက်နှာအမူအရာမှာ အတော်လေး ကြည့်ရဆိုးနေပေသည်။

အဘယ်ကြောင့်ဆိုသော် ဤနှစ်များတစ်လျှောက်လုံးတွင် ချန်ဖုန်းသည် သူ့ကို အခက်တွေ့စေခဲ့သော ပထမဆုံးလူ ဖြစ်သောကြောင့်ပင်။

"မစ္စတာချန်... အချိန်ဆွဲမနေတော့ဘူး... ငါတို့ ဒီကိစ္စကို တစ်ပွဲတည်းနဲ့ အဆုံးအဖြတ်ပေးကြရင် ဘယ်လိုလဲ..."

"ရပါတယ်...ဒါပေမဲ့ နည်းနည်းပိုပြီး စိတ်လှုပ်ရှားစရာကောင်းအောင် လုပ်ကြရင်ကော..."

ချန်ဖုန်းက ရယ်မောကာ ပြောလိုက်၏။

"ငါတို့ မျက်လုံးပိတ်ပြီး ဝိချီကစားကြရင် ဘယ်လိုလဲ..."

ဤသည်ကို ကြားချိန်တွင်။

ဤစကားက ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့ပေ၏။

မျက်လုံးပိတ်ပြီး ဝိချီကစားခြင်း...

၎င်းသည် ဝိချီခုံမပါဘဲ မျက်လုံးပိတ်လျက် ဝိချီကစားခြင်းနှင့် တူလေ၏။

စိတ်ထဲတွင် ဝိချီခုံတစ်ခုကို မြင်ယောင်ပြီး ကစားသမားပြောသည့်အပေါ် အခြေခံ၍ ကျောက်တုံးတစ်တုံးစီ၏ နေရာချထားမှုကို ပုံဖော်ရမည် ဖြစ်သည်။

ဒါက မှတ်ဉာဏ်ကို စမ်းသပ်တာ သက်သက် မဟုတ်ဘူး။

ပြီးတော့ ဟင်းလင်းပြင် ဆင်ခြင်တွေးခေါ်နိုင်စွမ်း။

အခင်းအကျင်း စွမ်းရည်။

ကောက်ချက်ချနိုင်စွမ်း။

ဒီနည်းလမ်းက အများကြီး ပိုခက်ခဲသည်။

ကူရာကီယု၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားလေ၏။

"မင်း တကယ်ပြောနေတာလား..."

"သေချာတာပေါ့..."

ချန်ဖုန်းက တည်ငြိမ်နေဆဲပင်။

‘ခင်ဗျားက ဒီကို အရမ်း မြင့်မြတ်ပြီး မောက်မာတဲ့ ပုံစံနဲ့ ရောက်လာတာလေ... အခု ဒီရှုပ်ထွေးမှုကနေ ဘယ်လို ရုန်းထွက်မလဲဆိုတာ ကြည့်ရသေးတာပေါ့…’ဟု ချန်ဖုန်း တွေးလိုက်၏။

"ကောင်းပြီ..."

အံ့သြစရာကောင်းစွာပင်

ကူရာကီယုက တကယ်ကြီး သဘောတူလိုက်လေ၏။

အနှစ်လေးဆယ်ကျော် ဝိချီပညာကို လေ့လာခဲ့ပြီးနောက် အသက်နှစ်ဆယ်အရွယ် လူငယ်တစ်ယောက်ကို သူ မယှဉ်နိုင်စရာ အကြောင်းမရှိဟု ကူရာကီယု ယုံကြည်ထားပေသည်။ မဟုတ်ရင် သူက လူအများရယ်စရာ ဖြစ်သွားမှာ မဟုတ်ပေဘူးလား။

ချန်ဖုန်းနှင့် ကူရာကီယုတို့သည် ကင်မရာရှေ့တွင် အသီးသီး ပေါ်လာခဲ့ကြပြီး တရားမျှတမှုရှိစေရန် မည်သူမျှ ၎င်းတို့နှင့် ငါးမီတာအကွာအတွင်းသို့ ချဉ်းကပ်ခွင့် မပြုချေ။

သူတို့ လိမ်လည်ခြင်း မပြုနိုင်စေရန် ဘေးမှလူများကလည်း စောင့်ကြည့်နေကြပေ၏။

ထို့နောက် သူတို့နှစ်ဦးစလုံးသည် မျက်လုံးများကို အဝတ်မည်းဖြင့် ဖုံးအုပ်ထားပြီး မည်သည့်အရာကိုမျှ မမြင်နိုင်ကြချေ။

ပွဲစပြီ…

ချန်ဖုန်းက ဖျော့တော့စွာ ပြုံးရင်း ပြောလိုက်သည်။

"မစ္စတာ ကူရာကီ... ခင်ဗျားက အသက်ကြီးတဲ့သူဆိုတော့ အရင်သွားသင့်တယ် မဟုတ်ဘူးလား..."

"မောက်မာလိုက်တာ..."

ကူရာကီယုက အေးစက်စွာ နှာမှုတ်လိုက်၏။

သူက ယဉ်ကျေးမှုတွေကို ဂရုမစိုက်ဘဲ သူ့ကို နေရာတစ်ခု ပြောပြလိုက်သည်။

အနီးရှိ တစ်စုံတစ်ယောက်က အခြေအနေကို ပြန်လည်သုံးသပ်နေခဲ့သည်။

ချန်ဖုန်းနှင့် ကူရာကီယုတို့က ကျောက်တုံးချမည့် နေရာကို ခေါ်ပြောတိုင်း ၎င်းတို့က ထိုနေရာတွင် ကျောက်တုံးကို ချပေးလေ၏။

မည်သို့ပင်ဆိုစေကာမူ လူတိုင်းက ဤနှစ်ဦးကဲ့သို့ မျက်လုံးပိတ်ပြီး ဝိချီ မကစားနိုင်ကြချေ။ ပွဲစဉ်ကို ပြန်လည်သုံးသပ်ခြင်းဖြင့်သာ မည်သူနိုင်သည်၊ မည်သူရှုံးသည်ကို လူတိုင်း သိရှိနိုင်ပေမည်။

နှစ်ဖက်စလုံး၏ ယှဥ်ပြိုင်ပွဲမှာ ပြင်းထန်လှ၏။

ချန်ဖုန်းသည် ကူရာကီယုကို ဤမျှကြာအောင် ယှဉ်ပြိုင်နိုင်လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြချေ။

"မစ္စတာ ကူရာကီက မျက်လုံးပိတ်ပြီး ဝိချီကစားဖို့ သဘောတူရဲတာ အံ့သြစရာမရှိပါဘူး... သူက ကြိုတင်လေ့လာထားပြီးသားပဲ..."

"ဒီတစ်ခါတော့ ချန်ဖုန်း ဒုက္ခရောက်တော့မယ် ထင်တယ်..."

"ဟုတ်တယ်... မစ္စတာ ကူရာကီက ဝိချီပညာကို အနှစ်လေးဆယ်ကျော် လေ့လာလာခဲ့တာ... လွန်ခဲ့တဲ့ အနှစ်လေးဆယ်တုန်းက ချန်ဖုန်းက မမွေးသေးဘူးလေ..."

"ဒီတစ်ခါတော့ ချန်ဖုန်း ရှုံးမယ်လို့ ငါ လောင်းရဲတယ်..."

ဆာကူရာနိုင်ငံသားများသည် ဆွေးနွေးမှုများဖြင့် ဆူညံနေကြပေ၏။

—

All Chapters