အခန်း ၃၅၉
Vol. 36 Ch. 359
အခန်း (၃၅၉) ကြီးမားလှသော ဆေးကုသစရိတ်
ဆယ့်ငါးမိနစ် အကြာတွင်။
ဝမ်ကျင်း၏ လမ်းပြမှုဖြင့် ချန်ဖုန်းသည် ဝမ်မိသားစုထံသို့ ရောက်ရှိသွားခဲ့ပေသည်။
ကျန်းနန်တွင် အချမ်းသာဆုံးသူဌေး၏ အိမ်မှာ အတော်လေး ခမ်းနားထည်ဝါပြီး ကျန်းနန်၏ အချက်အချာကျသော နေရာတွင် တည်ရှိသည့် အလွန် ဇိမ်ခံလှသော အဆောက်အအုံတစ်ခု ဖြစ်လေ၏။
အဆောက်အအုံ ဧရိယာမှာ စတုရန်းမီတာ ခုနစ်ထောင် သို့မဟုတ် ရှစ်ထောင်ခန့် ရှိပေသည်။
ချန်ဖုန်းက ၎င်းကို ဂရုမစိုက်စွာ တစ်ချက်ကြည့်လိုက်၏။
‘ငါ ပေ့ဟူမှာ နေခဲ့ဖူးတဲ့ ယုံဟယ်စံအိမ်က ဒါထက် သိပ်ပြီး မသေးပါဘူးလေ…’
ရုတ်တရက် သူ သတိရသွားသည်။
ပေ့ဟူက စံအိမ်မှာပဲဖြစ်ဖြစ်၊ ကျိုတိုက ဗီလာမှာပဲဖြစ်ဖြစ် သူ ပိုက်ဆံတစ်ပြားမှ မသုံးခဲ့ရဘူး ထင်တယ်
တစ်ယောက်ယောက်က လက်ဆောင်ပေးတာ ဒါမှမဟုတ် ကုမ္ပဏီက ပေးတာတွေချည်းပဲလေ။
"မစ္စတာချန်"
စံအိမ်သို့ ပြန်ရောက်ပြီးနောက် ဝမ်ကျင်းသည် ဘဏ်ကတ်တစ်ကတ်ကို အလျင်အမြန် ထုတ်ယူကာ လှမ်းပေးလိုက်ပေ၏။
သူ၏ မျက်နှာအမူအရာမှာ အလွန် ယဉ်ကျေးနေခဲ့သည်။
"မစ္စတာချန်က သာမန်အားဖြင့် လူနာတွေကို မကုသပေးတတ်ဘူးဆိုတာ ကျွန်တော် သိပါတယ်... ဒီကတ်ထဲမှာ ဘီလီယံ ၁၀ ရှိပါတယ်... ဒါက ကျွန်တော့်ရဲ့ အသိအမှတ်ပြု ကျေးဇူးတင်မှု အမှတ်တရလေးပါ... မစ္စတာချန် မငြင်းပယ်ဘူးလို့ မျှော်လင့်ပါတယ်"
ဘီလီယံ ၁၀ ဟူသော ဆေးကုသစရိတ်မှာ မိုးပေါ်ပျံနေသော နက္ခတ္တဗေဒ ကိန်းဂဏန်းတစ်ခုအဖြစ် ယူဆနိုင်နေပြီ ဖြစ်လေ၏။
ဝမ်ကျင်းသည် တစ်ဖက်လူက အငြိုးမထားသည့်အတွက် ကျေးဇူးတင်လိုရုံသာမကဘဲ ဤလူနှင့် မိတ်ဆွေဖွဲ့လိုခြင်းလည်း ဖြစ်ပေသည်။
"ငွေကို ကျွန်တော် လက်ခံလိုက်ပါ့မယ်... ဒါပေမဲ့ သခင်မလေးဝမ်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် အာမမခံနိုင်ဘူးနော်"
"နားလည်ပါတယ်... နားလည်ပါတယ်"
ဝမ်ကျင်းက အလျင်အမြန် ခေါင်းညိတ်လိုက်၏။
မည်သည့် ဆရာဝန်ကမျှ လူနာတစ်ဦးကို ကုသနိုင်မည်ဟု အာမမခံနိုင်ချေ။ ၎င်းတို့ လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ အကောင်းဆုံး ကြိုးစားကုသပေးရန်သာ ဖြစ်ပေသည်။
သူသည် ချန်ဖုန်းကို အပေါ်ထပ်ရှိ အိပ်ခန်းဆီသို့ အလျင်အမြန် လမ်းပြခေါ်ဆောင်သွားလေ၏။
ကုတင်ပေါ်ရှိ လူနာကို ကြည့်ရင်း
ချန်ဖုန်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
ဤတစ်ကြိမ်တွင် ဝမ်ကျင်းနှင့် သူ၏ဇနီးတို့က ၎င်းတို့၏ သမီးကို ကျိုတိုမှ ကျန်းနန်သို့ ပြန်လည်ခေါ်ဆောင်လာခဲ့ကြပြီး ခရီးစဉ်က လူနာ၏ ကျန်းမာရေးအပေါ် သက်ရောက်မှု အချို့တော့ ရှိခဲ့ပေ၏။
လူနာ၏ မျက်နှာအဆင်းမှာလည်း ပိုမိုဆိုးရွားနေခဲ့သည်။
ချန်ဖုန်းက သူ၏ ရောဂါရှာဖွေမှုကို စတင်လိုက်ချိန်မှာပင် ဝမ်ကျင်းသည် အိပ်ခန်းအပြင်ဘက်သို့ ထွက်လာခဲ့လေ၏။
ဤအခိုက်အတန့်တွင် သူ၏ဇနီးမှာ တံခါးဝ၌ နာကြည်းနေသော မျက်နှာအမူအရာဖြင့် ရပ်နေခဲ့ပေသည်။
ဝူရှားကတော် မည်မျှပင် အကြောင်းပြချက် မခိုင်လုံပါစေ သူမ၏ သမီးအသက်နှင့် ပတ်သက်၍ကား နောက်ပြောင်ရဲမည် မဟုတ်ချေ။
ဝမ်ကျင်းက သူမကို ဘေးသို့ အလျင်အမြန် ဆွဲခေါ်လိုက်၏။
ရောင်ကိုင်းပြီး နီရဲနေပြီဖြစ်သော သူမ၏ မျက်နှာကို နှလုံးနာကျင်စွာဖြင့် ကြည့်ရင်း သူက မေးမြန်းလိုက်သည်။
"နာနေတုန်းပဲလား"
"ရှင့်အပူ မပါဘူး"
ဝူရှားကတော်မှာ ဒေါသထွက်နေဆဲပင်။
ဝမ်ကျင်းက သက်ပြင်းချလျက် ပြောဆိုလိုက်၏။
"ငါက မင်းကို စိတ်ဆိုးအောင်လို့သာ အဲဒီလို ပြောခဲ့တာပါ... မင်းကို ငါက ဘယ်လိုလုပ် ကွာရှင်းရက်မှာလဲ... ငါ ဒါတွေ အကုန်လုံး လုပ်ခဲ့တာ မစ္စတာချန်ကို နှစ်သိမ့်ဖို့အတွက်ပါ... အဲဒါမှ သူက ငါတို့သမီးရဲ့ ရောဂါကို ကုသပေးနိုင်မှာလေ... မင်း မတွေးမိဘူးလား... တကယ်လို့ မစ္စတာချန်သာ ဝင်မပါခဲ့ရင် ငါတို့သမီးတော့ သေချာပေါက် သေရတော့မှာပဲ... မင်းက ဘာလို့ အဲဒီလောက် ခေါင်းမာနေရတာလဲ"
"ဒါပေမဲ့..."
ဝူရှားကတော်၏ မျက်နှာအမူအရာ နောက်ဆုံးတွင် အနည်းငယ် ပျော့ပျောင်းသွားပေသည်။
"ဒါပေမဲ့ လူတွေ ဒီလောက်အများကြီးရှေ့မှာ ရှင် ကျွန်မကို မရိုက်သင့်ဘူးလေ... ကျွန်မမှာ ဂုဏ်သိက္ခာ မရှိဘူးလား"
"မင်းကို ကယ်တင်ဖို့အတွက် ငါ ရိုက်ခဲ့တာပါ"
ဝမ်ကျင်းသည် ထူးဆန်းသော မျက်နှာအမူအရာဖြင့် စာရွက်စာတမ်းတစ်ခုကို လှမ်းပေးလိုက်၏။
"မင်းဘာသာမင်း ကြည့်လိုက်... လျှို့ဝှက်လမ်းကြောင်း အချို့ကို အသုံးပြုပြီး ငါ စုံစမ်းထားတာတွေပဲ"
ဤသည်ကို မြင်သောအခါ ဝူရှားကတော်၏ မျက်နှာအမူအရာ ပြင်းထန်စွာ ပြောင်းလဲသွားလေသည်။
"ဒါက..."
"အခု မင်း သိသွားပြီပေါ့"
ဝမ်ကျင်းက သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်ပြီး ပြောဆိုလိုက်၏။
"ငါက ကျန်းနန်ရဲ့ အချမ်းသာဆုံးသူဌေး ဖြစ်နေရုံနဲ့တင် အရာအားလုံးက အမည်ခံသက်သက်လို့ မထင်လိုက်နဲ့... မင်းကိုယ်မင်း အရမ်း အထင်မကြီးနဲ့... မဟုတ်ရင် မင်း ဘယ်လိုသေသွားလဲ ဆိုတာကိုတောင် သိလိုက်ရမှာ မဟုတ်ဘူး"
"ယောကျ်ား..."
ဝူရှားကတော်၏ ဒေါသ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
ကြွင်းကျန်ရစ်သော ကြောက်ရွံ့မှုတစ်ခုကိုလည်း ခံစားလိုက်ရပေ၏။
သူမက အိပ်ခန်းရှိရာဘက်သို့ တစ်ချက်ကြည့်လိုက်ပြီး ခဏတာ တုံ့ဆိုင်းနေကာ ပြောဆိုလိုက်သည်။
"ကျွန်မ အထဲဝင်ပြီး သွားကြည့်လို့ ရမလား"
"ရပါတယ်... ဒါပေမဲ့ မစ္စတာချန်ကို နောက်တစ်ကြိမ် မစော်ကားဖို့တော့ လုံးဝ သေချာပါစေ"
"ကျွန်မ သိပါတယ်"
ဝူရှားကတော်က နောက်မှ တိတ်ဆိတ်စွာ လိုက်ပါသွားလေ၏။
အိပ်ခန်းထဲတွင်။
သူမ၏ သွေးခုန်နှုန်းကို စမ်းသပ်ပြီးနောက် ချန်ဖုန်းသည် သူ၏ ကိုယ်ပေါ်မှ ငွေအပ်များကို ထုတ်ယူလိုက်သည်။
ထို့နောက် ချန်ဖုန်းက ပြောလိုက်သည်။
"သူဌေးဝမ်... ခဏနေရင် သခင်မလေးဝမ်ကို ကျွန်တော် အပ်စိုက်ပေးတော့မယ်... အပ်စိုက်ရမယ့် နေရာတွေက သူ့ရဲ့ ကျောကုန်းပေါ်မှာ ရှိတယ်... ဒါကြောင့် အဝတ်အစားတွေကို ချွတ်ဖို့ လိုလိမ့်မယ်... တကယ်လို့ ခင်ဗျား ကျွန်တော့်ကို ယုံကြည်ရင် ကုသမှုကို ဆက်လုပ်မယ်... တကယ်လို့ မယုံကြည်ဘူးဆိုရင် ဒီနေ့ ကျွန်တော် ဒီကို လုံးဝ မလာခဲ့ဘူးလို့ သဘောထားလိုက်ပါ"
"ဒါက..."
ဝမ်ကျင်း အနည်းငယ် အံ့အားသင့်သွားရပေ၏။
သူ့သမီးက မည်သို့ပင်ဆိုစေကာမူ အပျိုစင် တစ်ယောက်လေ။ သူစိမ်းတစ်ယောက်ကို သူမရဲ့ ခန္ဓာကိုယ်ကို ဘယ်လိုလုပ် ပေးကြည့်လို့ ရမှာလဲ။
သူ့မှာ တခြား ရည်ရွယ်ချက်တွေ ရှိနေနိုင်တယ်ဆိုတာ ဘယ်သူသိမှာလဲ။
ဒါပေမဲ့ ချန်ဖုန်းကို ဆေးမကုခွင့် မပေးဘူးဆိုရင် သူ့သမီးရဲ့ အသက်အန္တရာယ်က စိုးရိမ်ရပြန်ပြီ။
ဝူရှားကတော်က ပါးစပ် အနည်းငယ် ဟလိုက်သော်လည်း ဝမ်ကျင်းက ချက်ချင်း ကြားဖြတ်ကာ ပြောဆိုလိုက်သည်။
"မစ္စတာချန်... ခင်ဗျားကို ကျွန်တော် ယုံကြည်ပါတယ်... ကျွန်တော့်သမီးကို ခင်ဗျားဆီ အပ်နှံပါတယ်…”
"ကောင်းပြီ... ဒါဆိုရင် ခင်ဗျားတို့ အရင် အပြင်ထွက်နေလို့ ရပါပြီ"
ချန်ဖုန်းသည် အနီးတွင် ရပ်နေသော အဲလစ်ဇဘက်ထံသို့ ငွေအပ်များကို ပေါ့ပေါ့ပါးပါး ကမ်းပေးလိုက်၏။
"ရှောင်ပိုင်... ငါ့ကို ကူညီပေးပါဦး... အရင်ဆုံး ငွေအပ်တွေကို ပိုးသတ်ပေး"
"ငါ..."
အဲလစ်ဇဘက်က ဒေါသတကြီး ခြေဆောင့်လိုက်ပေသည်။
‘ဒီလိုဖြစ်လာမယ်မှန်းသာ သိခဲ့ရင် ငါ လိုက်လာမှာ မဟုတ်ဘူး…’
ဝမ်ကျင်းသည် သူ၏ ဇနီးကို အပြင်သို့ ဆွဲခေါ်သွားပြီး တံခါးကို ပိတ်လိုက်၏။
တိတ်ဆိတ်သော နှစ်သိမ့်မှုတစ်ခုကိုသာ သူ ပေးစွမ်းနိုင်ခဲ့တော့သည်။
‘မစ္စတာချန်ရဲ့ ပတ်ပတ်လည်မှာ လှပတဲ့ အမျိုးသမီး အများအပြား ရှိနေတာပဲ... ငါ့သမီးကို သူ တစ်ခုခုလုပ်မှာ မဟုတ်ပါဘူးလေ…’ဟု သူ တွေးကော မိမိကိုယ်ကို ဖြေသိမ့်နေလေ၏။
"ရှောင်ပိုင်... သူမ အဝတ်အစားတွေ အကုန်ချွတ်ပြီး ကျောဘက်ကို လှည့်ထားပေး"
"အင်းပါ"
အဲလစ်ဇဘက်သည် ကုတင်ပေါ်ရှိ သခင်မလေးဝမ်၏ အဝတ်အစားများကို အလျင်အမြန် ချွတ်ပေးလိုက်ပေ၏။
ထို့နောက် သူမ၏ ချောမွေ့သော ကျောပြင်ကို အပေါ်သို့ လှည့်ပေးလိုက်သည်။
တကယ်တော့ မိန်းကလေးတွေအတွက် ဆန့်ကျင်ဘက် လိင်ရှေ့မှာ ကျောပြင်ကို ပြသတာက ဘာမှမမှားပါဘူး... တကယ့်ပြဿနာက မျက်နှာကို အပေါ်လှည့်ထားတဲ့ အချိန်ကျမှပါ... အဲဒါက သူတို့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်လို့လေ...
သခင်မလေးဝမ် တွင်လည်း အပြစ်အနာအဆာကင်းပြီး ချောမွေ့သော ကျောပြင်နှင့်အတူ ကောင်းမွန်လှသော ခန္ဓာကိုယ် ရှိပေသည်။
ချန်ဖုန်းက လက်ချောင်းများကို လှည့်ပတ်လိုက်၏။
ငွေအပ်တစ်ချောင်းသည် ကျောကုန်းပေါ်ရှိ အပ်စိုက်မှတ်တစ်ခုသို့ ထိုးစိုက်ဝင်သွားလေသည်။
ဤသည်မှာ ယင်ယန် အပ်ကိုးချောင်း နည်းစနစ်ပင် ဖြစ်ပေ၏။
ချက်ချင်းဆိုသလိုပင်။
သူသည် ပိုပိုပြီး မြန်ဆန်လာကာ အဲလစ်ဇဘက်ကိုပင် ခေါင်းမူးသွားစေတော့သည်။
ဟွာရှနိုင်ငံသို့ မလာရောက်မီကတည်းက။
ဟွာရှနိုင်ငံတွင် အံ့သြဖွယ်ကောင်းသော ကိုယ်ခံပညာ နည်းစနစ်နှစ်ခုရှိကြောင်း အဲလစ်ဇဘက် ကြားဖူးထားခဲ့ပေ၏။
ဟွာရှကိုယ်ခံပညာများဖြစ်သော လျှပ်စီးငါးချက်ရိုက်ကြိမ်နှင့် ဝူတန် ထိုက်ချိ ပါကွ ကျမ်း…
ရှောင်လင်၏ ရိကျင်းကျင်း နှင့် ပိုပို နဂါးလက်သည်းစွမ်းရည် တို့ပင်။
အခြား ထူးခြားသော စွမ်းရည်တစ်ခုမှာ နှစ်ထောင်ပေါင်းများစွာ ဟွာရှနိုင်ငံတွင် လက်ဆင့်ကမ်းလာခဲ့သော တရုတ်တိုင်းရင်းဆေးပညာ ဖြစ်လေသည်။
ငွေအပ်များကို အသုံးပြုရာတွင် သူ၏ ထူးခြားသော စွမ်းရည်ကို သူမ မျက်မြင်တွေ့ရှိလိုသောကြောင့် ချန်ဖုန်းနောက်သို့ သူမ လိုက်လာခဲ့ခြင်း ဖြစ်၏။
‘ဒီလောက်ရှည်တဲ့ အပ်ကို အရေပြားဖောက်ပြီး ထိုးထည့်တာတောင် သွေးမထွက်ဘူး...
ချီး... တကယ် အံ့သြဖို့ကောင်းတာပဲ…’
"ချန်ဖုန်း... နင် သူ့ကို သေအောင် ထိုးသတ်တော့မလို့လား"
"..."
ချန်ဖုန်း၏ မျက်နှာ မှုန်မှိုင်းသွားတော့၏။
ယခုအခါ အိပ်ခန်းအပြင်ဘက်တွင်။
ဝူရှားကတော်မှာ အလွန်အမင်း စိုးရိမ်ပူပန်နေခဲ့ပေသည်။
ယောကျ်ားတစ်ယောက်နှင့် မိန်းမတစ်ယောက် အိပ်ခန်းထဲတွင် ရှိနေပြီး ၎င်းတို့၏ သမီးမှာ သတိလစ်နေသဖြင့် ချန်ဖုန်းသည် မည်သည့် အနှောင့်အယှက်မျှ မရှိဘဲ သူလုပ်လိုသမျှကို လုပ်နိုင်ပေ၏။
အတွင်းတွင် ရွှေရောင်ဆံပင်နှင့် နိုင်ငံခြားအလှလေး တစ်ယောက် ရှိနေလျှင်ပင်။
ထိုသူကိုလည်း ချန်ဖုန်းက ခေါ်လာခဲ့ခြင်းဖြစ်ရာ ၎င်းတို့က လက်တွေ့အားဖြင့် ခွဲခြား၍မရနိုင်ချေ။
‘သူတို့ အထဲဝင်သွားကတည်းက မိနစ်နှစ်ဆယ်လောက် ရှိနေပြီ...
အဲဒါက မကောင်းတဲ့ အရာတွေ လုပ်ဖို့အတွက် အများကြီး လုံလောက်နေတာပဲလေ…’
"ကောင်းပြီ... အခု ပြီးသွားပြီပဲ... စိုးရိမ်နေလို့လည်း အသုံးမဝင်ပါဘူး"
ဝမ်ကျင်းက ခေါင်းခါလျက် ပြောဆိုလိုက်၏။
"နည်းနည်းလောက် ထပ်စောင့်ကြည့်ရအောင်...ဘာပဲဖြစ်ဖြစ် အခုချိန်မှာ မစ္စတာချန် တစ်ယောက်တည်းကပဲ ငါတို့သမီးရဲ့ ရောဂါကို ကုသနိုင်တာလေ"
“ဆရာဝန်ကြီး မြောင်ရန် ကိုယ်တိုင်တောင် သူ့ရဲ့ ဆေးပညာစွမ်းရည်ကို အသိအမှတ်ပြုထားတာ... ပြီးတော့ သူ့ကို ငါ ယုံကြည်တယ်…”
နောက်ထပ် ဆယ်မိနစ် ကုန်လွန်သွားခဲ့သည်။
နောက်ဆုံးတွင် အိပ်ခန်းတံခါး ပွင့်လာခဲ့၏။
ချန်ဖုန်း ထွက်လာပြီး တည်ငြိမ်စွာ ပြောဆိုလိုက်ပေသည်။
"အရာအားလုံး ချောချောမွေ့မွေ့ပါပဲ... ခင်ဗျားရဲ့ ပိုက်ဆံတွေ အလဟဿ မဖြစ်သွားပါဘူး... နောက်ထပ် အပ်စိုက်ကုသမှု နှစ်ကြိမ်လောက်ဆိုရင် အပြည့်အဝ ပြန်ကောင်းသွားပါလိမ့်မယ်... နိုးလာဖို့ကတော့ နောက်ထပ် လဝက်လောက် အနားယူဖို့ လိုသေးတယ်"
"မစ္စတာချန်... အရမ်း ကျေးဇူးတင်ပါတယ်ဗျာ"
ဝမ်ကျင်း အလွန်အမင်း စိတ်လှုပ်ရှားသွားလေ၏။
နောက်ဆုံးတော့ သတင်းကောင်းတစ်ခု သူ ကြားလိုက်ရလေပြီ။
ဝူရှားကတော်မှာ ဆက်လက်၍ မထိန်းချုပ်နိုင်တော့ဘဲ သမီးဖြစ်သူကို ကြည့်ရန် အထဲသို့ အလျင်အမြန် ပြေးဝင်သွားတော့သည်။
"သူဌေးဝမ်... ကျွန်တော်တို့ကို လိုက်ပို့ဖို့ မလိုပါဘူး... ကျွန်တော်တို့ ပြန်တော့မယ်"
ချန်ဖုန်းက လက်ကာပြလိုက်၏။
ထိုသို့ဖြင့် အဲလစ်ဇဘက်နှင့် ချန်ဖန်းသည် ဝမ်မိသားစု စံအိမ်မှ ထွက်ခွာလာကြလေသည်။
သို့သော် စံအိမ်မှ ထွက်ခွာလာစဉ် ချန်ဖုန်း၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားပေ၏။