← Chapters

အခန်း ၃၆၀

Vol. 36 Ch. 360

အခန်း ၃၆၀

Vol. 36 Ch. 360

အခန်း (၃၆၀) ဘုန်းကြီးတစ်ပါး ရောက်ရှိလာခြင်း

သူတို့နှစ်ဦးရှေ့တွင် လည်ပင်း၌ ပုတီးကုံးတစ်ကုံး ဆွဲထားသော ဘုန်းကြီးတစ်ပါး ပေါ်လာခဲ့ပေ၏။

ထိုဘုန်းကြီးထံမှ မည်သည့်စွမ်းအင်ကိုမျှ ချန်ဖုန်း မခံစားမိသော်လည်း ဤသူမှာ သေချာပေါက် ထိပ်တန်းကျွမ်းကျင်သူတစ်ဦးဖြစ်ကြောင်း သူ သိနေခဲ့သည်။

စွမ်းအင်များက ပြန့်ကျဲမနေဘဲ ခန္ဓာကိုယ်ထဲတွင် စုစည်းနေခြင်းပင်။

"သူက ရှောင်လင်ကျောင်းတော်ကများလား..." အဲလစ်ဇဘက်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

ဟွာရှနိုင်ငံရှိ တရုတ်တိုင်းရင်းဆေးပညာ၏ အစွမ်းထက်မှုကို သူမ မြင်တွေ့ခဲ့ပြီး ဖြစ်၏။ ယခု သူမက ရှောင်လင်ကျောင်းတော်မှ ယီကျင်းကျမ်းနှင့် ပိုပိုနဂါးလက်သည်းသိုင်းတို့ကို မြင်တွေ့ရတော့မည်လော။

‘အင်း... ပိုပိုနဂါးလက်သည်းသိုင်း…

ဒီနာမည်က နည်းနည်းတော့ ထူးဆန်းနေသလိုပဲ... တစ်ခုခု မှားနေသလို ခံစားရတယ်…’

ချန်ဖုန်း၏ မျက်နှာအမူအရာမှာ အလွန်အမင်း တည်ကြည်လေးနက်နေခဲ့ချေသည်။ ဆာကူရာနိုင်ငံတွင် ရှိနေစဉ်က အဇူရာနန်းတော်၏ ခေါင်းဆောင်ဟောင်း ပိုင်ရိဟန်သည် ဘုန်းကြီးတစ်ပါးအပေါ် ကျေးဇူးရှိခဲ့ဖူးကြောင်း သူ၏မိခင် ပြောခဲ့ဖူးသည်ကို သူ မှတ်မိနေခဲ့၏။

‘ဒါက အဲဒီလူများ ဖြစ်နေမလား…’ဟု သူတွေးလိုက်၏။

"ဒီက ထိပ်ပြောင်ဘုန်းကြီးကြီး... ခင်ဗျား ကျွန်တော့်နောက်ကို လိုက်နေတာ တစ်နာရီလောက် ရှိနေပြီ... တကယ်တော့ ဘာလိုချင်လို့လဲ..."

ဘုန်းကြီးက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပေသည်။

သူသည် ချန်ဖုန်းနှင့် လွန်ခဲ့သော တစ်နာရီခန့်ကမှ တွေ့ဆုံခဲ့ခြင်းဖြစ်သော်လည်း တစ်ဖက်လူက ဤမျှမြန်ဆန်စွာ သိရှိသွားလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။

‘တကယ်ကို စူးရှတဲ့ အမြင်ပဲ...

သူတို့နောက်ကို လိုက်နေတာ သိရက်နဲ့တောင် ဒီလောက် တည်ငြိမ်နေနိုင်တယ်ဆိုတော့…

တကယ်ကို စွမ်းရည်မြင့်မားပြီး ရဲတင်းလွန်းတာပဲ…’

ဘုန်းကြီးက ဖျော့တော့စွာ ပြုံးလိုက်၏။ "မစ္စတာချန်... ကိုယ်တော်က ကိစ္စတစ်ခုကို အတည်ပြုဖို့ လာခဲ့တာပါ... မစ္စတာပိုင်ရိဟန်ကို မင်း သတ်ခဲ့တာ မဟုတ်လား..."

"ဟုတ်တယ်..."

ချန်ဖုန်းက လုံးဝ ငြင်းဆန်မနေခဲ့ချေ။

ဤသူက ပိုင်ရိဟန်အတွက် လက်စားချေရန် ရောက်လာခြင်းဖြစ်ကြောင်း သူ စောစောကတည်းက သံသယရှိနေခဲ့သည်။

ဘုန်းကြီးက သက်ပြင်းချကာ ပြောလိုက်ပေ၏။ "မင်က အဇူရာနန်းတော်ရဲ့ ခေါင်းဆောင်ဆိုတာ ကိုယ်တော် သိပါတယ်... ဒါပေမဲ့ ဒီတစ်ခါတော့ တောင်ပေါ်ကနေ မဆင်းလို့ မရတော့ဘူး..."

"တကယ်တော့ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတည်းက မင်းဆီ လာတွေ့သင့်တာ...ဒါပေမဲ့ အဲဒီအချိန်တုန်းက မင်းက ဆာကူရာနိုင်ငံက ကူရာကီယု နဲ့ ဂိုကစားနေလို့ပါ..."

"ပွင့်ပွင့်လင်းလင်း ပြောရရင်...မစ္စတာပိုင်ထက်စာရင် မင်းက အဇူရာနန်းတော်ရဲ့ ခေါင်းဆောင်နေရာနဲ့ ပိုပြီး ထိုက်တန်ပါတယ်..."

"ဒါပေမဲ့ မစ္စတာပိုင်က ကိုယ်တော့်အပေါ် ကျေးဇူးရှိခဲ့ဖူးတယ်လေ...သူက မင်းလက်ချက်နဲ့ သေဆုံးခဲ့ရတာဆိုတော့ ကိုယ်တော်က သူ့အတွက် လက်စားချေပေးပြီး ကျေးဇူးဆပ်ရလိမ့်မယ်..."

"အို..."

ချန်ဖုန်းက သူ့ကို အံ့သြစွာ ကြည့်လိုက်လေ၏။ "ခင်ဗျားက ဘုန်းကြီးမဟုတ်ဘူးလား... ဘုန်းကြီးတွေက ပါဏာတိပါတကံကို ရှောင်ကြဉ်ရတယ် မဟုတ်ဘူးလား... ဒါဆို ခင်ဗျားက ဘုန်းကြီးတုပေါ့..."

"ရင်ထဲမှာ ဘုရားရှိနေရင် မြင်မြင်သမျှ အရာရာက ဘုရားပါပဲ..." ဘုန်းကြီးက ပြောရင်း ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။

ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာခဲ့ပေ၏။

သူသည် လေထဲသို့ ခုန်တက်သွားသကဲ့သို့ ဖြစ်သွားပြီး ချန်ဖုန်းထံသို့ အားပြင်းသော လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။

ချက်ချင်းပင် နားကွဲမတတ် လေခွဲသံကြီး ထွက်ပေါ်လာခဲ့၏။

အဲလစ်ဇဘက်၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားချေသည်။

‘အရမ်း အစွမ်းထက်တာပဲ…’

သူမ လှုပ်ရှားရန် ပြင်လိုက်ချိန်မှာပင် ချန်ဖုန်းက ရုတ်တရက် လှုပ်ရှားသွားလေ၏။

သူက လျှပ်တစ်ပြက် ရှောင်တိမ်းလိုက်သည်။

ဝှီး...

ဘုန်းကြီးက တစ်ပတ်ပြန်လှည့်လာပြီး ဤတစ်ကြိမ်တွင် ပို၍ပင် မြန်ဆန်နေခဲ့၏။

သူ၏ လက်ချောင်းငါးချောင်းက လက်သည်းပုံစံ ကွေးကောက်သွားသည်။

၎င်းတို့က ချန်ဖုန်း၏ လည်မျိုဆီသို့ တိုက်ရိုက် ဦးတည်နေပြီး အချက်တိုင်းက အသက်အန္တရာယ်ကို ခြိမ်းခြောက်နေပေ၏။

ထိုအခိုက်အတန့်တွင်။

အားပြင်းပြီး သွေးဆာနေသော စွမ်းအင်တစ်ခုက ချန်ဖုန်း၏ ခန္ဓာကိုယ်မှ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။

ချန်ဖုန်းကလည်း လက်သီးတစ်ချက် ပစ်သွင်းလိုက်လေ၏။

"ဝုန်း..."

သူတို့နှစ်ဦး ထိခိုက်မိလုနီးပါး ဖြစ်သွားသည်။

ဘုန်းကြီးက ရုတ်တရက် လက်သီးဆုပ်ကာ တန်ပြန်ထိုးနှက်လိုက်၏။

ကြီးမားလှသော တိုက်ခိုက်လိုစိတ်များ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြန်သည်။

ထိုသို့ဖြင့် အလွန်ကြီးမားသော စွမ်းအားနှစ်ခု ရိုက်ခတ်သွားပြီး တုန်ခါမှုလှိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့ပေ၏။

စက္ကန့်ပိုင်းအလိုက တောင်ကြီးတစ်တောင်အလား ခိုင်မာတည်ငြိမ်နေခဲ့သော ဘုန်းကြီးသည် နောက်သို့ ခြေသုံးလှမ်းခန့် အလိုအလျောက် ဆုတ်သွားရပြီး သူ၏ ခြေလှမ်းတိုင်းက ကွန်ကရစ်လမ်းပေါ်တွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်သွားစေခဲ့သည်။

ချန်ဖုန်းလည်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရ၏။

သူက တစ်ဖက်လူ၏ စွမ်းအားကို စမ်းသပ်ကြည့်ချင်ရုံသာ ဖြစ်ပေသည်။

အရမ်း အစွမ်းထက်ပေမဲ့လည်း

သူ ယှဉ်လို့မရတဲ့ အနေအထားထိတော့ မရောက်သေးပါဘူး။

"ဒီက ထိပ်ပြောင်ဘုန်းကြီးကြီး... ခင်ဗျားရဲ့ ဒီလောက်စွမ်းရည်လေးနဲ့တော့ ကျွန်တော့်ကို သတ်နိုင်မှာ မဟုတ်ဘူးနော်..."

"မစ္စတာချန်... သတိထားပါ... ကိုယ်တော်က အစွမ်းကုန် မသုံးရသေးဘူး..."

ဘုန်းကြီးက ရှေ့သို့ နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်ပြန်သည်။

ထို့နောက် သူ၏ အငွေ့အသက်တစ်ခုလုံး ရုတ်တရက် ပြောင်းလဲသွားလေ၏။

သူက လက်သီးများကို ရုတ်တရက် ဆုပ်လိုက်ရာ တစ်ကိုယ်လုံးမှ အရိုးအဆစ်မြည်သံများ ထွက်ပေါ်လာပြီး ချန်ဖုန်းထံသို့ မုန်တိုင်းတစ်ခုအလား ပြင်းထန်သော တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်တော့သည်။

သူက မူဝါဒရှိတဲ့သူပဲ…

ပိုင်ရိဟန်က သူ့အပေါ် ကျေးဇူးရှိခဲ့ပြီး ယခု ပိုင်ရိဟန်က ချန်ဖုန်းလက်ချက်ဖြင့် သေဆုံးသွားပြီဖြစ်ရာ ကျေးဇူးဆပ်ရန်အတွက် မဖြစ်မနေ လက်စားချေရမည်ဟု သူ ခံစားနေရခြင်း ဖြစ်ပေ၏။

"ဝုန်း..."

နောက်ထပ် ရိုက်ခတ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဘုန်းကြီး အံ့အားသင့်သွားရသည်မှာ...

သူ့တွင်ရှိသော အချက်အလက်များအရ ဤအဇူရာနန်းတော်၏ ခေါင်းဆောင်သည် သူ့ထက် အနည်းငယ် အားနည်းရမည် ဖြစ်၏။

‘ဘယ်လိုလုပ် အခု လုံးဝ အရေးနိမ့်မနေရတာလဲ...

တကယ်ကို ထူးဆန်းတာပဲ…’

သို့သော် ယခုအချိန်တွင် သူ များများစားစား တွေးတောနေရန် အချိန်မရှိတော့ချေ။

သူတို့က ထပ်မံ၍ တိုက်ခိုက်လိုက်ကြပြန်သည်။

"အဲလစ်ဇဘက်..."

ချန်ဖုန်းက ရုတ်တရက် အော်ခေါ်လိုက်၏။

သူ၏လက်က လျှပ်စီးတစ်တန်းအလား ထွက်ပေါ်လာပြီး ကြောင်အမ်းနေသော အဲလစ်ဇဘက်ကို ဆွဲယူကာ သူ၏ရှေ့တွင် ကာထားလိုက်လေသည်။

"ကျစ်... သောက်ကျိုးနည်း..."

အဲလစ်ဇဘက်မှာ ရူးသွပ်လုမတတ် ဖြစ်သွားရပေ၏။

‘ဒါက ဒုတိယအကြိမ်နော်…’

သူတို့ ဆာကူရာနိုင်ငံမှာ ရှိနေစဉ်ကလည်း ချန်ဖုန်းဆိုတဲ့ ဒီလူယုတ်မာက ဒီလှည့်ကွက်ကို သုံးခဲ့တာကို သူမ မှတ်မိနေသေးသည်။

‘အခုလည်း ထပ်သုံးပြန်ပြီလား…’

‘ငါက အင်ပါယာရဲ့ ဘုရင်မနော်…’

‘ငါ့ကို လူသားအကာအကွယ်အနေနဲ့ အသုံးပြုလိုက်တာလား…’

သူမ အလွန်အမင်း တုန်လှုပ်သွားရ၏။

ဒေါသလည်း ထွက်နေသလို စိတ်ပျက်အားငယ်မှုများပင် ပါဝင်နေခဲ့ချေသည်။

ထိုထိပ်ပြောင်ဘုန်းကြီးကြီးက တိုက်ခိုက်ရာတွင် လုံးဝ အားလျှော့မထားခဲ့ချေ။ ထိုလက်သီးတစ်ချက်တည်းနှင့်ပင် သူမ တစ်စစီ ကြေမွသွားနိုင်ပေသည်။

‘ငါ သေရတော့မှာလား…’ ဟု သူမတွေးလိုက်၏။

သို့သော် အဲလစ်ဇဘက် အံ့အားသင့်သွားရသည်မှာ…

ဘုန်းကြီးအိုကြီးမှာ အလွန်မြန်ဆန်လှသော်လည်း သူ၏ လက်သီးမှ လေလှိုင်းက သူမခန္ဓာကိုယ်ကို ထိမှန်လုနီးပါးအချိန်တွင် ရုတ်တရက် ရပ်တန့်သွားပြီး အလိုအလျောက် အားပြန်ဆုတ်သွားခဲ့လေ၏။

"ကိုယ်တော်..."

ဘုန်းကြီး၏ မျက်နှာအမူအရာမှာ အတော်လေး ကြည့်ရဆိုးနေခဲ့ပေသည်။

သူက အရက်သောက်၊ အသားစားပြီး ပါဏာတိပါတကံကို ကျူးလွန်သော်လည်း မိန်းမများနှင့် ပတ်သက်ရန်ကိုမူ လုံးဝ ရှောင်ကြဉ်သူ ဖြစ်လေ၏။

‘တကယ်လို့သာ အဲဒီလက်သီးကို မတားထားလိုက်ရင် ကောင်မလေးရဲ့ ရင်ဘတ်ကို တိုက်ရိုက် ထိမှန်သွားမှာပဲ

ဒါက ကိုယ်တော့်ကို သီလပျက်အောင် လုပ်နေတာ မဟုတ်ဘူးလား

တကယ်ကို လွန်လွန်းတယ်…’ ဟု တွေးလိုက်၏။

ထို့နောက် သူက လှုပ်ရှားမှုကို အလျင်အမြန် ပြောင်းလဲလိုက်ပြီး လက်ချောင်းငါးချောင်းကို လက်သည်းအဖြစ် ပြောင်းလဲလိုက်သည်။

သူက ဦးတည်ရာကို အလျင်အမြန် ပြောင်းလဲကာ ချန်ဖုန်းကို ထပ်မံ၍ ဖမ်းဆုပ်ရန် ကြိုးစားလိုက်၏။

သို့သော် သူ မည်သို့ပင် နည်းဗျူဟာ ပြောင်းလဲစေကာမူ...

ချန်ဖုန်းက အဲလစ်ဇဘက်ကို သူ၏ရှေ့တွင် ကာထားသဖြင့် တိုက်ခိုက်မည့် လမ်းကြောင်းကို လုံးလုံးလျားလျား ပိတ်ဆို့ထားလေသည်။

ဘုန်းကြီးကို ပို၍ပင် စိတ်ပျက်သွားစေသည်မှာ…

လွန်ခဲ့သော စက္ကန့်ပိုင်းလေးတင်က။

သူ၏ လက်သည်းငါးချောင်းသည် အဲလစ်ဇဘက်၏ တောင်ထွတ်နှစ်ခုနှင့် သုံးစင်တီမီတာသာ ကွာဝေးတော့ခြင်းပင်။

တကယ်လို့ အချိန်မီသာ ဘရိတ်မအုပ်လိုက်နိုင်ရင် သေချာပေါက် ဝင်တိုက်မိသွားမှာပဲ…

"ကံကောင်းလို့ပါလား... ဆယ်စုနှစ်ပေါင်းများစွာ ထိန်းလာခဲ့တဲ့ သီလတွေ ပျက်လုနီးပါး ဖြစ်သွားပြီ..."

ဘုန်းကြီးအိုကြီးက နဖူးမှ ချွေးအေးများကို သုတ်လိုက်၏။

‘ဒီလက်ရှိ အဇူရာနန်းတော်ရဲ့ ခေါင်းဆောင်က တကယ်ကို ယုတ်မာတာပဲ သူ့ကို သတ်ဖြတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး…’

ဟု သူ တွေးတောလိုက်၏။

ဤအခိုက်အတန့်တွင် အဲလစ်ဇဘက်လည်း ဘေးအန္တရာယ်မှ လွတ်မြောက်သွားသကဲ့သို့ စိတ်သက်သာရာ ရသွားခဲ့ပေ၏။

ပိုပိုနဂါးလက်သည်းသိုင်းဆိုတာ ဘာလဲဆိုတာကို သူမ နောက်ဆုံးတော့ သိသွားခဲ့လေပြီ။

သူတို့နှစ်ဦးကြား တိုက်ခိုက်မှုက အတော်လေး ဆူညံနေခဲ့သည်။

ဆူညံပွက်လောရိုက်မှုက ဗီလာအတွင်းရှိ ဝမ်ကျင်းကို အလျင်အမြန် သတိထားမိသွားစေပြီး သူက သူ၏လူများနှင့်အတူ ပြေးထွက်လာကာ "မစ္စတာချန်... ခင်ဗျားကို ကူညီဖို့ ကျွန်တော် လာပြီ..." ဟု အော်ဟစ်လိုက်၏။

လူတစ်စု ပြေးထွက်လာသည်ကို ဘုန်းကြီး မြင်လိုက်ရသောအခါ သူက နောက်သို့ ခြေတစ်လှမ်း အလျင်အမြန် ဆုတ်လိုက်ပြီး လက်ငါးချောင်းကို လေထဲတွင် ဆုပ်ကိုင်လိုက်၏။

ထို့နောက် သူက အေးစက်စွာ ပြောဆိုလိုက်သည်။ "မစ္စတာချန်... ကိုယ်တော်တို့ ထပ်တွေ့ကြသေးတာပေါ့..."

ထိုသို့ပြောပြီးနောက် သူသည် လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားလေ၏။

ချက်ချင်းပင် ထွက်ခွာသွားတော့သည်။

"ချန်ဖုန်း..."

အဲလစ်ဇဘက်သည် ချန်ဖုန်း၏ ဆုပ်ကိုင်မှုမှ အလျင်အမြန် ရုန်းထွက်လိုက်ပြီး သူ့ကို ဒေါသတကြီး မျက်စောင်းထိုး ကြည့်လိုက်သည်။

"ဟား ဟားး…ဘာကို ကြောက်နေတာလဲ... သူ မင်းကို မထိရဲဘူးဆိုတာ ငါသိပါတယ်..."

ချန်ဖုန်းက ရယ်မောကာ ပြောလိုက်၏။

ထို့နောက် သူက ဝမ်ကျင်းအား လက်ဝှေ့ယမ်းပြလိုက်သည်။ "သူဌေးဝမ်... ဘာမှမဖြစ်ပါဘူး... အဲဒီ ထိပ်ပြောင်ဘုန်းကြီး... အဟမ်း... အဲဒီဆရာတော်က ကျွန်တော်နဲ့ သိုင်းပြိုင်နေတာပါ..."

"မစ္စတာချန်... တကယ် အဆင်ပြေရဲ့လား..."

ဝမ်ကျင်းက မြေပြင်ကို သံသယဖြစ်ဖွယ် အမူအရာဖြင့် ကြည့်ကာ မေးလိုက်ပေ၏။

အပြင်ဘက်ရှိ ကွန်ကရစ်လမ်းမှာ လေးလံသောအရာတစ်ခုဖြင့် ထုနှက်ခံထားရသကဲ့သို့ အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေလေသည်။

သူ ယွမ်သန်းဆယ်ဂဏန်းပေးပြီး ငှားထားသော သက်တော်စောင့်များပင် ဤသို့ မလုပ်နိုင်ကြချေ။

‘စစ်ဘက်ဆိုင်ရာဌာနရဲ့ နည်းပြချုပ်ဆိုတာ တကယ်ကို နာမည်နဲ့ လိုက်ဖက်တာပဲ…’

"တကယ် ဘာမှမဖြစ်ပါဘူး..."

ချန်ဖုန်းက ခေါင်းခါကာ ပြောလိုက်၏။

ထို့နောက် သူက အဲလစ်ဇဘက်ကို ခေါ်ကာ ထွက်သွားလေသည်။

ထို့အပြင် ချန်ဖုန်းသည် မျက်နှာတစ်ထောင်မြေခွေးထံ ဖုန်းခေါ်ဆိုကာ ဘုန်းကြီး၏ ခြေရာကို စောင့်ကြည့်ထားရန် တောင်းဆိုလိုက်ပေ၏။

---

All Chapters