← Chapters

အခန်း (၁၄၉-၁၅၀)

Vol. 14 Ch. 149-150

အခန်း (၁၄၉-၁၅၀)

Vol. 14 Ch. 149-150

အပိုင်း (၁၄၉) ဒြပ်စင်ငါးပါး

“အို။”

ဟုန်ရှောင်ပေါင်က သူ၏ နဖူးကို အသာရိုက်လိုက်၏။ “ဒါဆို မကောင်းဘူး။ အဘိုး ... ချိုင်ရှောင်က အဘိုးရဲ့ တပည့်ချွေးမလေ။ အဘိုး တစ်ခုခုတော့ လုပ်ပေးမှ ရမယ်။”

‘တပည့်ချွေးမ’ ဆိုသည့် စကားတစ်ခွန်းကြောင့် ယင်းကျိုယိုလည်း ပြုံးသွားခဲ့သည်။ “ပြဿနာရှိတဲ့ နေရာကို ငါ ထောက်ပြမှတော့ သဘာဝအတိုင်း မင်းအတွက် ဖြေရှင်းပေးမှာပေါ့။ ဒီတစ်ခါ မင်း ဒြပ်စင်ငါးပါး ဆေးလုံးတစ်ဖို ဖော်စပ်ရမယ်။ အောင်မြင်အောင် ဖော်စပ်နိုင်ရင် မင်းရဲ့ မိန်းမကို ကာကွယ်ပေးနိုင်လိမ့်မယ် ...။”

“သေချာပေါက် အောင်မြင်မှာပေါ့ဗျ။”

ဟုန်ရှောင်ပေါင်က အဘိုး၏ စကားကို တိုက်ရိုက် ဖြတ်ပြောလိုက်၏။ “အဘိုးရယ် ... ကျုပ်တို့ သိလာတာ နှစ်ပေါင်း မနည်းတော့ဘူး။ အဘိုးရဲ့တပည့် ကျုပ်ရဲ့ ကံကြမ္မာအရှိန်အဝါ ကြီးမားပုံကို အဘိုး မမြင်ဖူးသေးလို့လား။”

“သိလာတာ နှစ်ပေါင်း မနည်းတော့ဘူး ဟုတ်လား။”

အဘိုးက စကားမပြောနိုင်တော့ဘဲ ဖြစ်သွား၏။ “ငါနဲ့ မင်း သိလာတာ အကုန်လုံး ပေါင်းရေရင်တောင် တစ်လ မပြည့်သေးဘူးဟေ့။”

ဟုန်ရှောင်ပေါင်က ခေါင်းခါယမ်း၍ သက်ပြင်းချလိုက်သည်။ "အဘိုးက ဒီလို အသေးအဖွဲ ကိစ္စလေးတွေကို စွဲလမ်းနေတာလို့ ကျုပ် သတိထားမိတယ်။ အဘိုး ကိုယ့်ဘာသာ ပြောကြည့်စမ်းပါ... ဒီလိုပုံစံနဲ့ ဘယ်လိုလုပ် အလုပ်ကြီးအကိုင်ကြီး လုပ်နိုင်မှာလဲ။"

အဘိုးကြီးမှာ ခဏတာ စကားပိတ်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။ "ငါ့မှာသာ သွေးသားခန္ဓာကိုယ် ရှိနေသေးရင် ပထမဆုံး လုပ်မဲ့အလုပ်က မင်းကို တစ်နေကုန် ကြိမ်နဲ့ဆော်ဖို့ပဲ။"

ဟုန်ရှောင်ပေါင်က ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်သည်။ "ရတယ်... ရတယ်၊ ရတယ်။ အဘိုး သဘောကျရင် ရက်အနည်းငယ်လောက် ပိုပြီး ရိုက်နှက်လည်း ရတယ်။ အိမ်း... ဒါနဲ့ ဒြပ်စင်ငါးပါး ဆေးလုံးအတွက် ဘယ်လို ဆေးမြစ်ဆေးပင်တွေ လိုအပ်မှာလဲ။"

"ရွှေ၊ သစ်သား၊ ရေ၊ မီး၊ မြေကြီး ဆိုတဲ့ ဒြပ်ငါးပါးအတွက် တစ်ခုစီမှာ ပစ္စည်းတစ်မျိုးစီ လိုအပ်တယ်။ ဒြပ်ငါးပါး ဆေးလုံး ဖော်စပ်နည်းတွေက အရမ်း များပြားတယ်။ မင်းသာ မအိုသစ်ပင်၊ ပျောက်ဆုံးကျောက်တုံး စတဲ့ အရာတွေကို ရှာဖွေနိုင်မယ်ဆိုရင်တော့... ဒီပစ္စည်းတွေနဲ့ ဖော်စပ်လိုက်တဲ့ ဒြပ်ငါးပါးဆေးလုံးက လေယင်နန်းဆောင် ရဲ့ ဂိုဏ်းချုပ်ကြီးကိုတောင် မျက်လုံးနီရဲ သွားစေလိမ့်မယ်။ သံမည်းသတ္တုရိုင်းကို သုံးမယ် ဆိုရင်တော့..."

ဟုန်ရှောင်ပေါင်က ချက်ချင်းပင် ဖြတ်ပြောလိုက်၏။ "ကောင်းပြီ။ ဒါဆိုလည်း မအိုသစ်ပင်နဲ့ ပျောက်ဆုံးကျောက်တုံးကိုပဲ သုံးကြတာပေါ့။"

အဘိုးကြီးမှာ အတန်ကြာအောင် စကားဆွံ့အသွားပြီးနောက်မှ ပြောလိုက်သည်။ "မင်းရဲ့ ဒီ ဒုတိယအဆင့်လောက် စွမ်းအားလေး နဲ့ မအိုသစ်ပင်ကို သွားထိမိရင် ဝိညာဉ်ပါ လွင့်စဉ် သေဆုံးသွားလိမ့်မယ်လို့ ငါ ပြောရင် မင်း ဘယ်လို လုပ်မလဲ။"

ဟုန်ရှောင်ပေါင်က လုံးဝ ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်၏။ "အို... ဒါဆို ကျုပ်တို့ သံမည်းသတ္တုရိုင်းကို သုံးပြီး ဒြပ်ငါးပါးဆေးလုံး ဘယ်လို ဖော်စပ်ရမလဲ ဆိုတာကိုပဲ ပြန်ပြောကြတာပေါ့။"

အဘိုးကြီးမှာ အတန်ကြာအောင် ပြောစရာစကား ပျောက်ရှသွားပြန်သည်။ "မင်းရဲ့ ဒီ မျက်နှာပြောင်တိုက် ချက်ချင်း ပြောင်းလဲတတ်တဲ့ စွမ်းရည်မျိုးကို ငါ တစ်သက်တာလုံး လျှောက်သွားခဲ့တာတောင်မှ တွေ့ဖူးတာ သိပ်မများလှဘူး။"

ဟုန်ရှောင်ပေါင်က အလျင်စလို တိုက်တွန်းလိုက်၏။ "ဟားဟားဟားဟား... မြှောက်ပင်လွန်းပါပြီဗျာ။ စကားချဲ့မနေပါနဲ့တော့... မြန်မြန် ပြောပြပါတော့။"

"ဒြပ်ငါးပါးဆေးလုံး ဖော်စပ်နိုင်တဲ့ ကုန်ကြမ်းတွေက အရမ်းကို များပြားလွန်းတယ်။ ချဲ့ကားပြောတာ မဟုတ်ဘဲ တစ်ဆင့်ကနေ ကိုးဆင့်အထိ ရှိတဲ့ ဆေးမြစ်ဆေးပင်တွေ၊ ပစ္စည်းတွေထဲမှာ... အဆင့်တစ်ခုစီတိုင်းမှာတင် ဒြပ်ငါးပါးဆေးလုံးအတွက် လိုအပ်တဲ့ ပစ္စည်းမျိုးစိတ်ပေါင်း ဆယ်နဲ့ချီပြီး ရှာတွေ့နိုင်တယ်။ အတိုချုပ် ပြောရရင်တော့ ပစ္စည်းတွေ များများ စုဆောင်းထားလိုက်။ ငါတို့ တောင်တန်းထဲကို တစ်ခေါက်လောက် ဝင်သွားတာနဲ့ လုံလောက်တဲ့ ဆေးမြစ်ဆေးပင်တွေနဲ့ ပစ္စည်းတွေကို ရှာတွေ့နိုင်မှာပါ။"

"ဒါဆိုလည်း အတော်ပဲပေါ့။"

ချိုင်ရှောင်နှင့် ပတ်သက်နေသည့်ကိစ္စဖြစ်ရာ ထိပ်တန်း အရေးကြီးဆုံး ကိစ္စကြီးပင် ဖြစ်ပေသည်။ ဟုန်ရှောင်ပေါင်က သဘာဝကျကျပင် အလေးထား စိတ်ဝင်စားနေခဲ့၏။ ယခုအချိန်တွင် အခြားသူများသာ မရှိနေပါက သူကိုယ်တိုင် တောနက်ကြီးထဲသို့ ချက်ချင်း ပြေးဝင်သွားလောက်ပြီ ဖြစ်သည်။

ဟုန်ရှောင်ပေါင်က ဟင်းပွဲများလည်း လုံလောက်သွားလောက်ပြီဟု ခန့်မှန်းလိုက်၏။ ဟင်းငါးပွဲတည်း ဖြစ်သည်ဟု ဆိုသော်ငြား ၎င်းတို့က ရိုးရိုးဟင်းပွဲများ မဟုတ်ဘဲ ဆေးဘက်ဝင် အစားအစာများ ဖြစ်ကြောင်း သိထားရမည်ပင်။ ရိုးရိုးရှင်းရှင်း ပြောရလျှင် လူကို ပေါက်ကွဲထွက်သွားစေနိုင်သည့် အရာများ ဖြစ်၏။

ဤအချက်ကို တွေးမိသောအခါ ဟုန်ရှောင်ပေါင်က အောက်ထပ်သို့ ဖြည်းညင်းစွာ ဆင်းလာခဲ့သည်။ "အားလုံးပဲ... ဒါက ကျုပ် ကပ်စေးနည်းတာ မဟုတ်ဘူးနော်။ ဆေးဘက်ဝင် အစားအစာ ဆိုတာ လွန်ကျွံပြီး စားသုံးလို့ မရဘူးဗျ။ အားလုံးရဲ့ ဒီနေ့အတွက် စားသုံးနိုင်တဲ့ ပမာဏကလည်း တော်တော်လေး လုံလောက်နေပါပြီ။ ကျုပ်တို့ ဒီလောက်နဲ့ပဲ ရပ်လိုက်ကြရင် မကောင်းဘူးလား။"

"ဟင်..."

"အာ..."

လူတိုင်း အနည်းငယ် ကြောင်အသွားကြပြီး မျက်နှာပေါ်တွင် စိတ်ပျက်လက်ပျက် ဖြစ်သွားသည့် ပုံပန်းသွင်ပြင်များ ပေါ်လွင်လာခဲ့၏။

ကျန်းမင်ယွမ် တစ်ယောက်တည်းကသာ ပြုံးလျက် ပြောလိုက်သည်။ "တကယ်လည်း ဒီအတိုင်း ပါပဲ။ အမှန်တော့ ကျုပ် အရင်တည်းက စိုးရိမ်နေခဲ့တာဗျ။ ဆေးဘက်ဝင် အစားအစာ တစ်ပွဲတည်းမှာတင် ဆေးမြစ်ဆေးပင် အတော်များများ ပါဝင်နေပြီးသားလေ။ ဒီ ဆေးမြစ်ဆေးပင်တွေရဲ့ ဆေးအာနိသင် တစ်ခုနဲ့တစ်ခု မဆန့်ကျင်အောင် ချက်ပြုတ်နိုင်တာကကို အရမ်း တော်လွန်းနေပါပြီ။ ကျုပ်တို့က ဆေးဘက်ဝင် အစားအစာ ငါးပွဲလုံးလုံး စားသုံးထားခဲ့တာ ဆိုတော့ ပြောစရာတောင် မလိုတော့ဘူးပေါ့။ မြို့ထဲက ဆေးဖော်စပ်ရေး ဌာနက ဆရာသခင်ကြီးတွေ ရောက်လာရင်တောင်မှ ဒီထက် ပိုပြီး ထူးချွန်ထက်မြက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး။"

"ဒီလိုလား...။"

ဖုန်းလင်းလုံက ကြားရသည့်အခါ ခေါင်းတညိတ်ညိတ် လုပ်နေခဲ့၏။ "အဓိပ္ပာယ် ရှိတာပဲ။"

"တို့ တင်းတိမ်ရောင့်ရဲကြတာပေါ့။"

ချန်ယုက မတ်တပ်ရပ်လိုက်ပြီး လက်နှစ်ဖက်ကို ရိုသေလေးစားစွာ ဆုပ်ကိုင် နှုတ်ဆက်လိုက်သည်။ "ဧည့်ခံကျွေးမွေးတဲ့ သူဌေးဟုန်ကို ကျေးဇူးအများကြီး တင်ပါတယ်ဗျာ။"

"ဧည့်ခံကျွေးမွေးတဲ့ သူဌေးဟုန်ကို ကျေးဇူးအများကြီး တင်ပါတယ်။"

လူတိုင်းက မတ်တပ်ရပ်ကာ လက်ဆုပ်၍ ကျေးဇူးတင်စကား ဆိုလိုက်ကြ၏။

ဆေးဘက်ဝင် အစားအစာ မဟုတ်ပါလား။ သိုင်းကျင့်ကြံသူများအကြား၌ ဤသည်က အမှန်တကယ်ပင် သေးငယ်လှသည့် ကျေးဇူးတရား တစ်ခု မဟုတ်တော့ချေ။

ယွင်ချိုင်ရှောင်က ဟုန်ရှောင်ပေါင်ကို မြတ်နိုး လေးစားသည့် မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။ ဟုန်ရှောင်ပေါင်က တွေ့မြင်ရသောအခါ တစ်ကိုယ်လုံးပင် အနည်းငယ် မြောက်တက်သွားသကဲ့သို့ ခံစားလိုက်ရ၏။ တစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင် ချောင်ဝမ်၏ မျက်နှာက အနည်းငယ် နီရဲ ဖောင်းကြွနေသည်ကို မြင်လိုက်ရသဖြင့် စိတ်ထဲတွင် လှုပ်ရှားသွားခဲ့သည်။

"အစ်မချောင် ... ခင်ဗျားလည်း အဆင့်တက်တော့မှာလား။"

လူတိုင်း အံ့အားသင့် တုန်လှုပ်သွားကြပြီး မျက်နှာ နီရဲဖောင်းကြွနေသည့် ချောင်ဝမ်ကို ရုတ်တရက် ဝိုင်းကြည့်လိုက်ကြ၏။

အားလုံး၏ စိတ်ထဲတွင် အလွန်တရာ အံ့အားသင့်သွားကြသည်။ အကယ်၍သာ အမှန်ဖြစ်ခဲ့လျှင် ယနေ့ ဟုန်ရှောင်ပေါင်၏ ဆေးဘက်ဝင် အစားအစာက လူသုံးယောက်ကိုတောင် အဆင့်တက်စေခဲ့ပြီ ဖြစ်သည်။

ဤ... ဤသည်က အရူးအမူး ဖြစ်စရာ ကောင်းလွန်းမနေဘူးလား။ လူတိုင်းက သက်သေခံများ ဖြစ်ကြသော်ငြား ယခုအချိန်တွင် အားလုံး၏ စိတ်ထဲ၌ ယုံကြည်နိုင်ခဲသော ခံစားချက်တို့ အလျှံပယ် ထွက်ပေါ်လာခဲ့၏။

"မဟုတ်ဘူး... အရမ်း နီးစပ်နေပြီ။ ဒါပေမဲ့ ... ဟူး...။"

ချောင်ဝမ်က သက်ပြင်းချလိုက်သည်။ "ကျွန်မရဲ့ ပါရမီ အရည်အချင်းက ကန့်သတ်ချက် ရှိနေတယ်။ မောင်လေးဟုန်ရဲ့ ဒီ ဆေးဘက်ဝင် အစားအစာ ငါးပွဲလုံးကို ဖြုန်းတီးပစ်လိုက်ရသလို ဖြစ်သွားပြီ။ ဒါပေမဲ့ ကျွန်မ ခံစားမိပါတယ်။ နှစ်ပေါင်းများစွာ မလှုပ်မယှက် ရှိနေခဲ့တဲ့ အတားအဆီး ကန့်သတ်ချက်ကြီးက လှုပ်ရှားလာတဲ့ လက္ခဏာမျိုး ရှိနေပြီ။ တကယ်လို့များ ဒီကနေ အဆင့်တက်သွားနိုင်ခဲ့ရင်တော့‌ မောင်လေးဟုန်အပေါ် ကောင်းကင်ဘုံလောက် ကြီးမားတဲ့ ကျေးဇူးတရား တင်ရှိသွားတာပဲ။"

"ဘယ်ကသာဗျာ။"

ဟုန်ရှောင်ပေါင်က ပြုံးလျက် ပြောလိုက်၏။ "ညီမလေး ချိုင်ရှောင် ပြောပြတာတော့ ခင်ဗျားက သူ့အပေါ် မွေးချင်း ညီမအရင်း တစ်ယောက်လို ဆက်ဆံတယ်တဲ့။ ဒါဆိုရင်လည်း ကျုပ် ဟုန်ရှောင်ပေါင်ရဲ့ အစ်မအရင်း ပါပဲဗျာ။ ဒီလောက်ကြီး အားနာ လေးစားပြနေစရာ မလိုပါဘူး။"

"ဒီလို ပြောလို့ မရဘူး။" ချောင်ဝမ်က ခေါင်းအနည်းငယ် ခါယမ်းလိုက်သော်ငြား ဆက်လက် အငြင်းပွားမနေတော့ချေ။

ဟုန်ရှောင်ပေါင်နှင့် ယွင်ချိုင်ရှောင်တို့အကြား၌ ကိစ္စတစ်ခုခု ရှိနေပုံရသည်ကို လူတိုင်းက ရိပ်မိသယောင် ရှိနေကြ၏။ ယခုအချိန်တွင် ပြောစရာ ကျေးဇူးတင်စကားများ အများအပြား ရှိနေသေးသည် ဆိုသော်ငြား

အားလုံးက အခြေအနေကို နားလည်စွာဖြင့် ကျေးဇူးတင်စကားဆိုပြီး နှုတ်ဆက် ထွက်ခွာသွားကြသည်။ ချန်ယန်လည်း ထိုနည်းတူပင် ဖြစ်၏။ သို့ပေမည့် သူ မထွက်ခွာမီလေးတွင် ဟုန်ရှောင်ပေါင်က သူ၏ လက်ထဲသို့ သော့ကို ပစ်ပေးလိုက်သည်။ "ချန်ယန် ... ကျုပ် ဒီနေ့ ခရီးနည်းနည်း ထွက်ရအုံးမယ်။ ဒီရက်ပိုင်းအတွင်း ဆိုင်ကို ခင်ဗျားဆီ အပ်ထားခဲ့မယ်နော်။"

ချန်ယန် အနည်းငယ် ကြောင်အသွားပြီး စိတ်ထဲတွင် နွေးထွေးသွားခဲ့၏။ ဟုန်ရှောင်ပေါင်၏ ဆိုင်အတွင်းရှိ ပစ္စည်းများ၏ တန်ဖိုးက မနည်းလှချေ။ ချဲ့ကားပြောသည် မဟုတ်သော်လည်း သူ တစ်သက်လုံး ရှာဖွေလျှင်တောင်မှ ဤသို့သောဆိုင်မျိုး တစ်ဆိုင် မရနိုင်ချေ။ သို့သော်ငြား ထိုသူက သူ့ထံသို့ ဤမျှ လွယ်လွယ်ကူကူ လွှဲအပ်ပေးခဲ့သည်။

ချန်ယန်က လေးလေးနက်နက် ခေါင်းညိတ်ပြပြီးနောက်မှ ထွက်ခွာသွားတော့၏။အပိုင်း (၁၅၀) သားရဲစည်းမျဉ်း။

သူတို့နှစ်ဦးတည်းသာ ကျန်ရစ်တော့သည့် အချိန်တွင် ယွင်ချိုင်ရှောင်က ဘာကို တွေးမိသည် မသိ၊ မျက်နှာ တစ်ခုလုံး အလွန်တရာ နီရဲနေခဲ့သည်။

အကယ်၍ စောစောကသာ ဆိုလျှင် ယွင်ချိုင်ရှောင်၏ ဤပုံစံကို မြင်ပြီး ဟုန်ရှောင်ပေါင်တစ်ယောက် နေမထိထိုင်မသာ ဖြစ်သွားလောက်သည်။ သို့ပေမည့် ယခုအချိန်တွင် သူ၏ စိတ်ထဲ၌ ဒြပ်ငါးပါးဆေးလုံး ကိစ္စကသာ ကြီးစိုးနေသဖြင့် ယွင်ချိုင်ရှောင်၏ ထူးဆန်းသော အမူအရာကိုပင် သတိမထားမိခဲ့ချေ။

"ညီမလေး ချိုင်ရှောင် ... မင်း ဘယ်လောက်ကြာရင် သွားရမလဲ။ တိကျတဲ့ အချိန် ရှိလား။"

"ဟင်..."

ယွင်ချိုင်ရှောင် အနည်းငယ် ကြောင်အသွားပြီး တွေဝေစွာ စဉ်းစားလိုက်၏။ "အဖေကတော့ ဒီကိစ္စကို အချိန်ဆွဲထားလို့ မဖြစ်ဘူးတဲ့။ နောက်ထပ် ငါးရက် ခြောက်ရက်လောက် နေရင် အဖေ ကိုယ်တိုင် ကျွန်မကို လေယင်နန်းဆောင် ဌာနချုပ်ဆီ လိုက်ပို့ပေးမှာ။"

"ဒီလိုလား...။ ဒါဆိုရင် အချိန်မီလောက် ပါသေးတယ်။"

ဟုန်ရှောင်ပေါင်က စိတ်ထဲမှ တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။ "ဒါဆို ညီမလေး ချိုင်ရှောင် ... မင်း ကိုကို ပြန်လာတာကို သေချာပေါက် စောင့်နေရမယ်နော်။ မင်းကို ပေးစရာ အရမ်း အရေးကြီးတဲ့ ပစ္စည်းတစ်ခု ရှိလို့။"

"အရမ်း အရေးကြီးတဲ့ ပစ္စည်းလား။" ယွင်ချိုင်ရှောင်က နှုတ်ခမ်းကို ဖိကိုက်ကာ လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီ... ဒါဆို မင်း အရင် ပြန်တော့လေ။ ကိုကို ဒီညပဲ... အင်း... ပြင်ဆင်စရာ ရှိတာ ပြင်ဆင်ရအုံးမယ်။"

ဟုန်ရှောင်ပေါင်က မူလက လမင်းပြာ တောင်တန်းဆီသို့ သွားမည်ဟု ပြောမလို့ ဖြစ်သော်ငြား ချိုင်ရှောင် စိတ်ပူမည်ကို စိုးရိမ်သဖြင့် ပါးစပ်ဖျားအထိ ရောက်နေသော စကားကို ပြောင်းလဲလိုက်၏။ ပြောရလျှင်လည်း ထူးဆန်းသည်။ ဟုန်ရှောင်ပေါင်သည် မည်သူနှင့်မဆို လိမ်ဆင် ထွင်ပြောရာတွင်ဖြစ်စေ၊ ကြွားဝါ ပြောဆိုရာတွင်ဖြစ်စေ မျက်နှာပူခြင်း၊ ရင်တုန်ခြင်းမျိုး မရှိတတ်ချေ။ သို့ပေမည့် ယွင်ချိုင်ရှောင်၏ အရှေ့သို့ ရောက်လျှင်မူ အမြဲတမ်းလိုလို စကားတွေ ထစ်အ သွားတတ်စမြဲ ဖြစ်၏။

"အို..."

ယွင်ချိုင်ရှောင် အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွား၏။ အတူနေထိုင်ရသည့် နေ့ရက်များ မများတော့သည့်အတွက် နှစ်ယောက်သား သေသေချာချာ စကားပြောကြဦးမည်ဟု စဉ်းစားထားခဲ့ခြင်း ဖြစ်သည်။ သို့သော်ငြား သူမက မိန်းမပျိုလေး တစ်ဦး ဖြစ်ရာ ဟုန်ရှောင်ပေါင်က ဤသို့ ပြောနေမှတော့ သဘာဝကျကျပင် အတင်းအကျပ် နေထိုင်မနေတော့ချေ။ အလွန်တရာ စိတ်ဓာတ်ကျစွာဖြင့် ထွက်ခွာသွားတော့သည်။

ယွင်ချိုင်ရှောင် ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် ဟုန်ရှောင်ပေါင်သည် လေပြင်း မုန်တိုင်းသဖွယ် အပေါ်ထပ်သို့ အလောတကြီး တက်သွားတော့၏။ ပါးစပ်မှ တတွတ်တွတ် ရေရွတ်ရင်း ဒယ်အိုး၊ ပန်းကန်၊ ယောက်မ များကို အကုန်လုံး ရှာဖွေ ထုတ်ယူလိုက်သည်။ အရင်တစ်ခေါက် ခုနှစ်လွှာကြာပန်းနက် ကို သွားရောက် ရှာဖွေစဉ်က ယူဆောင်သွားခဲ့သည့် ပစ္စည်းများ အားလုံးကို တစ်နေရာတည်းတွင် စုပုံထားခဲ့ရာ ယခုအခါ တစ်ပါတည်း သိမ်းကျုံး ယူဆောင်သွားရန် အဆင်ပြေသွား၏။

ခဏအကြာတွင် ဟုန်ရှောင်ပေါင်သည် တစ်မီတာခန့် ကြီးမားသော ကျောပိုးအိတ်ကြီးကို လွယ်ထားလျက် ပထမထပ်၌ ပေါ်လာခဲ့သည်။ ကျောပေါ်ရှိ ဤပစ္စည်းများက မလေးလံသော်ငြား အရမ်း များပြားနေသည့်အတွက် လှုပ်ရှားသွားလာရာတွင် အလွန်တရာ အဆင်မပြေလှချေ။

ဟုန်ရှောင်ပေါင်က ညည်းတွားရင်း မကျေမနပ် ပြောလိုက်၏။ "အဘိုးရယ်... ကျုပ်အတွက် ပစ္စည်းသိုလှောင်အိတ် လိုမျိုး ပစ္စည်းလေး တစ်ခုလောက် ရအောင် နည်းလမ်း စဉ်းစားပေးပါအုံးဗျာ။"

ရုတ်တရက် သူ့ဘေးနားတွင် လဲလျောင်းနေသည့် ထိပ်ဖြူ ခွေးတူဝက်တူကြီးကို မြင်လိုက်ရသောအခါ ချက်ချင်းပင် အကြံရသွား၏။ ဒီကောင်ကြီးက ငါ့အတွက် အထုပ်သယ်ပေးမယ်ဆိုရင်ရော …

ထို့ကြောင့် တဟားဟား ရယ်မောလိုက်ပြီး ကျောပိုးအိတ်ကို ချကာ ထိပ်ဖြူ ခွေးတူဝက်တူကြီး၏ ခန္ဓာကိုယ် အရွယ်အစားနှင့် ချိန်ဆကြည့်လိုက်သည်။

ကွက်တိပဲ။

ဟုန်ရှောင်ပေါင် အလွန်တရာ ဝမ်းသာသွားပြီး ထိပ်ဖြူ ခွေးတူဝက်တူကြီး အစာမစားရသေးသည်ကို ရုတ်တရက် သတိရသွား၏။ စောစောက သူ ဆေးဘက်ဝင် အစားအစာ လုပ်စဉ်က ကျန်ရစ်ခဲ့သည့် အစအန အမြောက်အမြား ရှိနေသေးသည် မဟုတ်ပါလား။ ထို့ကြောင့် အလွန်တရာ ရှက်ရွံ့ သိမ်ငယ်စွာဖြင့် ဒုတိယထပ်သို့ တက်ကာ ထိပ်ဖြူ ခွေးတူဝက်တူကြီးအတွက် အစားအစာ လုပ်ပေးလိုက်၏။

မိစ္ဆာသားရဲများသည် ခွန်အား၊ ခံနိုင်ရည်တို့တွင်သာမက အစာအိမ်နှင့် ကလီစာများတွင်လည်း လူသားများထက် အဆပေါင်းများစွာ သာလွန်ကြ၏။ ထို့ကြောင့် ထိပ်ဖြူ ခွေးတူဝက်တူကြီးအတွက် ချက်ပြုတ်ရာတွင် သိမ်မွေ့ သပ်ရပ်နေရန် မလိုအပ်တော့ချေ။ ထို့အပြင် မိစ္ဆာသားရဲများ၏ အရသာခံ သိရှိမှုကလည်း လူသားများနှင့် အနည်းငယ် ကွာခြားသည်။ လူသားများအမြင်တွင် အလွန် မွှေးကြိုင်သည်ဟု ထင်ရသော အရာအချို့မှာ မိစ္ဆာသားရဲများ၏ အရသာခံမှုအတွက်မူ အနည်းငယ်မျှ ဆွဲဆောင်နိုင်ခြင်း မရှိချေ။

အဘိုးကြီးက အချက်အနည်းငယ် ညွှန်ကြားလိုက်ရာ ဟုန်ရှောင်ပေါင်လည်း ဘယ်လို လုပ်ရမည်ကို ချက်ချင်း သိရှိသွား၏။ ခဏအကြာတွင် ဇလုံကြီး တစ်ဇလုံ အပြည့် ချက်ပြုတ် ပြီးစီးသွားပြီး၊ အားလုံးကို ထိပ်ဖြူ ခွေးတူဝက်တူကြီး၏ အရှေ့သို့ သယ်ဆောင်သွားလိုက်သည်။

"ဝူး .. ဝူး … ဝူး.." ထိပ်ဖြူ ခွေးတူဝက်တူကြီးမှာ ဂဏာမငြိမ် ဖြစ်နေခဲ့ပြီ ဖြစ်၏။ ဤပုံစံက မိတ်လိုက်လိုသည့် တိရစ္ဆာန်များနှင့် အလွန် ဆင်တူသည်။ ဟုန်ရှောင်ပေါင်က ဇလုံကို မြေပြင်ပေါ်၌ ချလိုက်သည်နှင့် တစ်ပြိုင်နက်၊ ၎င်းက ချက်ချင်းပင် ခုန်အုပ်တော့၏

"အယ်... အယ်... အယ်... အယ်... မလောနဲ့။"

ယင်းကျိုယိုက ဖြတ်ပြောလိုက်သည်။ "သူ့ကို ဆွဲထား။"

"ဘာလုပ်မလို့လဲ။" ဟုန်ရှောင်ပေါင် အနည်းငယ် ကြောင်အသွားသော်ငြား ထိပ်ဖြူ ခွေးတူဝက်တူကြီး၏ အရှေ့တွင် အလိုအလျောက် ကွယ်ရပ်လိုက်မိ၏။

"သခင်ကို ပြန်ကိုက်ဖူးတဲ့ ခွေး၊ သခင်ကို ပြန်ကန်ဖူးတဲ့ မြင်း ဆိုရင် ဘယ်တော့မှ ဆက်ပြီး မမွေးမြူရဘူး။ မင်း နားလည်လား။"

ယင်းကျိုယိုက ဟုန်ရှောင်ပေါင်ကို တစ်ချက် ကြည့်လိုက်သည်။ "မင်း ရိုက်နှက်လို့ တစ်ခါလောက် အရှုံးပေးသွားတာနဲ့ ဒီတိရစ္ဆာန်က မင်းအပေါ် တစ်သက်လုံး သစ္စာရှိသွားလိမ့်မယ်လို့ တကယ်ပဲ ထင်နေတာလား။"

"အယ်..." ဟုန်ရှောင်ပေါင် အနည်းငယ် ကြောင်အသွားသည်။ ဟုတ်သားပဲ... သူက ဤအကောင်ကို ရိုက်နှက်ပြီး အရှုံးပေးခိုင်းခဲ့တာပဲ။ ထိုသို့ဆိုလျှင် အနာဂတ်၌ စွမ်းအားကြီးပြီး သူ့ထက် သာလွန်သော တစ်စုံတစ်ယောက်ကို တွေ့မည်ဆိုလျှင် မည်သို့လုပ်မည်နည်း။

"ဟုတ်တယ်။ အဲဒါက သူ ပုန်ကန်မဲ့ အချိန်ပဲ။"

ယင်းကျိုယိုက အေးစက်စက် ရယ်မောလိုက်၏။ "ဒါကြောင့်ပဲ သားရဲယဉ်ပါးစေတဲ့ လမ်းစဉ် ဆိုတာ ရှိလာတာပေါ့။ ဒါကြောင့်ပဲ ဝိညာဉ်ထိန်းချုပ်ရေး သိုင်းကျမ်း

လိုမျိုး ပညာရပ်တွေ ရှိလာတာပေါ့။ တိရစ္ဆာန် ဆိုတာ တိရစ္ဆာန်ပဲ... ယဉ်ပါးအောင် သင့်လျော်သလို လေ့ကျင့်ပေးရတယ်။"

"အဓိပ္ပာယ် ရှိတာပဲ။" ဆင့်ကဲပြောင်းလဲမှု သီအိုရီကို လေ့လာဖူးပြီး ဇီဝဗေဒ၏ အခြေခံ သဘာဝများကို အနည်းငယ် သိရှိထားသော ခေတ်သစ် လူသားတစ်ဦးအနေဖြင့် ဟုန်ရှောင်ပေါင်လည်း ဤအတိုင်း အလွယ်တကူ ယုံကြည်လိုက်လောက်အောင် ကလေးဆန်မနေခဲ့ချေ။ ထို့ကြောင့် ချက်ချင်း မေးလိုက်သည်။ "ဘယ်လို ယဉ်ပါးအောင် လုပ်ရမလဲ။"

"ဝူး… ဝူး…" ထိပ်ဖြူ ခွေးတူဝက်တူကြီးမှာ အလွန်တရာ ဒေါသတကြီး ဖြစ်နေပြီး သွားများကို ဖြီးပြကာ ဟုန်ရှောင်ပေါင်ကို ကျော်ဖြတ်၍ ထို ဆေးဘက်ဝင် အစားအစာ ဇလုံကြီးကို စားသုံးရန် နေရာအမျိုးမျိုး ပြောင်းလဲ ကြိုးစားနေ၏။ သို့ပေမည့် ဟုန်ရှောင်ပေါင်က ၎င်း၏ အရှေ့တွင် အမြဲတမ်း ပိတ်ဆို့ရပ်တည်နေခဲ့ရာ ၎င်းကို ပို၍ပင် ဒေါသထွက် ဂဏာမငြိမ် ဖြစ်လာစေခဲ့သည်။

"အခုအချိန်ကစပြီး မင်းက သူ့ရဲ့ ကောင်းကင်၊ သူ့ရဲ့ မြေကြီး၊ သူ့ရဲ့ သခင် ဖြစ်ရမယ်။ မင်း ထိုင်ခိုင်းရင် သူ ထမရပ်ရဘူး။ မင်း နှိုးရင် သူ ဆက်မအိပ်ရဘူး။ နားလည်လား။"

"နားလည်ပြီ။"

ဟုန်ရှောင်ပေါင်က ခေါင်းညိတ်လိုက်ပြီး အလွန်တရာ မှန်ကန်သည်ဟု တွေးတောလျက် ထိပ်ဖြူ ခွေးတူဝက်တူကြီးကို ကြည့်လိုက်၏။ "ထိုင်စမ်း။"

ထိပ်ဖြူ ခွေးတူဝက်တူကြီး၏ ဉာဏ်ရည်က မနိမ့်ကျချေ။ လူ့စကားကို နားလည်နိုင်ပုံ ရသည်။ သို့သော်ငြား ဤမျှ ပြင်းထန်သော ဖြားယောင်း ဆွဲဆောင်မှုအောက်တွင် သွားများကို ဖြီးပြကာ တီးတိုး အော်မြည်သံလေးများကိုသာ ထုတ်ဖော်နေခဲ့သည်။

"ဟင်... မင်းက ပုန်ကန်တော့မလို့လား။ အရိုက်ခံချင်နေပြီပေါ့။" ဟုန်ရှောင်ပေါင်က အော်ဟစ်လိုက်ပြီး လက်ဝါးဖြင့် ဖြန်းခနဲ ရိုက်ချလိုက်တော့၏။

ဘုန်း ...။

ထိပ်ဖြူ ခွေးတူဝက်တူကြီးမှာ အသံနှင့်အတူ မြေပြင်ပေါ်သို့ ဖြန်းခနဲ ပြားပြားဝပ်ကျသွားတော့သည်။

သားရဲယဉ်ပါးစေသည့် လုပ်ငန်းစဉ်ကတော့ ရိုးရှင်းလှသည်။ စကားမနားထောင်သည့် ထိပ်ဖြူ ခွေးတူဝက်တူကြီးကို မြေပြင်ပေါ်တွင် ဝပ်တွားသွားသည်အထိ ရိုက်နှက်လိုက်ရုံပင်။

အကြိမ်ပေါင်း ဆယ်နှင့်ချီ၍ ရိုက်နှက်ခံရပြီးနောက်တွင်တော့ ဤကောင်ကြီးမှာ ဝမ်းနည်းပူဆွေးစွာဖြင့် မြေပြင်ပေါ်တွင် ဝပ်တွားတော့၏။ ဤအခိုက်အတန့်တွင် အရိုက်ခံရသည့် နာကျင်မှုက ထို ဟင်းဇလုံကြီးအပေါ် တမ်းတနေသည့် ဆန္ဒထက် ပိုများသွားခဲ့ပြီ ဖြစ်သည်။

"ဟားဟား... အရှုံးပေးပြီလား။"

ဟုန်ရှောင်ပေါင်က လက်ခုပ်တီးပြီး အလွန်တရာ ဂုဏ်ယူ ဝင့်ကြွားနေခဲ့၏။ "မှတ်ထားနော်... နောင်ဆို မင်း သေသေချာချာ စကားနားထောင်ရမယ်။ မဟုတ်ရင် ငါ မင်းကို ထပ်ရိုက်မှာ။"

"ဝူး ဝူး ဝူး...။" ထိပ်ဖြူ ခွေးတူဝက်တူကြီးမှာ မြေပြင်ပေါ်တွင် အားအင်ကုန်ခမ်းစွာ လဲလျောင်းနေပြီး ကြေမွသွားသည့် ကြမ်းခင်းအုတ်ချပ်ကို လက်သည်းဖြင့် ကုတ်ခြစ်နေခဲ့သည်။

"သားရဲယဉ်ပါးစေတဲ့ လမ်းစဉ်မှာ ကောင်းမွန်တဲ့ သီအိုရီ တစ်ခု ရှိတယ်။ သားရဲကြိုးစည်းမျဉ်း လို့ ခေါ်တယ်။ မွေးကင်းစ မိစ္ဆာသားရဲလေးတစ်ကောင်ကို ကြိုးနဲ့ မြေပြင်မှာ ချည်နှောင်ထားလိုက်။ သူ ဘယ်လောက်ပဲ ရုန်းကန် ရုန်းကန် ဖြတ်မထွက်နိုင်စေနဲ့။ ကြာလာတဲ့အခါ သူ ကြီးပြင်းလာရင်တောင်မှ ဒီကြိုးက ဘယ်တော့မှ ဖြတ်မရနိုင်ဘူးလို့ မှတ်ယူသွားလိမ့်မယ်။ အမှန်တော့ ခြေထောက်တစ်ချက် မ,လိုက်ရုံနဲ့ ဖြတ်တောက်နိုင်တာတောင်မှ လိမ္မာစွာနဲ့ မြေပြင်ပေါ်မှာ ချည်နှောင်ခံ နေလိမ့်မယ်။ တုံးအတဲ့ မိစ္ဆာသားရဲ ဖြစ်လေလေ ၊ဒီနည်းလမ်းက ပိုပြီး ထိရောက်လေလေပဲ။"

ဆိုလိုသည်မှာ ယခုအချိန်ကစပြီး အချို့သော သဘောတရားများကို ၎င်း၏ စိတ်နှလုံးထဲသို့ နက်နက်ရှိုင်းရှိုင်း စွဲထင်စေရမည်။

All Chapters