အခန်း (၁၅၃-၁၅၄)
Vol. 14 Ch. 153-154
အပိုင်း (၁၅၃) ရွှေစွန်းမြွေ။
မူလက လာရာလမ်းတွင် ရတနာရှာ ဝက်ဝံလေးမှာ အိပ်ပျော်နေခဲ့သဖြင့် ဟုန်ရှောင်ပေါင်က ၎င်းကို ရင်ခွင်ထဲတွင် ထည့်ထားခဲ့ခြင်း ဖြစ်သည်။ သို့ပေမည့် လမင်းပြာ တောင်တန်းအနီးသို့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက်၊ ရတနာရှာ ဝက်ဝံလေးက ခံစားမိပြီး နိုးထလာခဲ့၏။ အလွန်တရာ စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက် ကစားပြီးနောက်၊ ခဏအကြာတွင် ထိပ်ဖြူ ခွေးတူဝက်တူကြီး၏ ဦးခေါင်းပေါ်သို့ ခုန်တက်ကာ ရှုခင်း ကြည့်ရှုနေခဲ့ခြင်း ဖြစ်သည်။
ရတနာဝက်ဝံလေး ပေါ်လာခြင်းက သုံးဦးစလုံးကို အံ့ဩသွားစေခဲ့၏။ ဤကောင်လေးက ဒုတိယအဆင့် မိစ္ဆာသားရဲ ဖြစ်ကြောင်း သိထားရမည်ပင်။ အသက်ရှင်နေသည့် ဒုတိယအဆင့် မိစ္ဆာသားရဲ တစ်ကောင်စီတိုင်း၏ တန်ဖိုးက မနိမ့်ကျချေ။ အလှကြည့်သည့် သဘာဝ ရှိပြီး အလွန်တရာ ဈေးကြီးလှသော ရွှေဝက်ဝံပေါက်လေး ဆိုလျှင် ပြောစရာပင် မလိုတော့ချေ။ ဤသည်က သူဌေးကြီးများ၏ သီးသန့် ပိုင်ဆိုင်မှု ပင်ဖြစ်၏။
"သိပ်ပြီးတော့ မများပါဘူးဗျာ။ အဲဒီတုန်းက ပိုက်ဆံ နည်းနည်းရလို့ ခေါင်းပူသွားပြီး ဝယ်လိုက်မိတာ။ နောင်တရလွန်းလို့ သေတောင် သေချင်သွားပြီ။" ဟုန်ရှောင်ပေါင်က တွေ့ရာ လိမ်ဆင် ထွင်ပြောလိုက်သည်။
"ဝိညာဉ်ကျောက်တုံး ရာနဲ့ချီ ရှိမယ် မဟုတ်လား။ အဲဒါက တကယ့် ပမာဏ အကြီးကြီးလို့တော့ ပြောလို့ မရပါဘူးလေ။"
ကွမ်းထျန်းချိုင်က အထင်အမြင်သေးစွာ ရယ်မောလိုက်၏။ "ဒါပေမဲ့ ငါကတော့ ဒီလို တုံးအတဲ့ အလုပ်မျိုးကို လုပ်မှာ မဟုတ်ဘူး။"
"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။"
ဟုန်ရှောင်ပေါင်က ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်၏။ ဘာပဲဖြစ်ဖြစ် လေမည်းကျားသစ်ကို လမ်းကြုံ၍ သွားကြည့်ခြင်း ဖြစ်သဖြင့် သူက ဤလူနှင့် အငြင်းပွားမနေလိုချေ။
"အစ်ကိုကြီး ... နည်းနည်းတော့ ထူးဆန်းနေသလိုပဲ။"
အရှေ့ဆုံးမှ သွားနေသော လော်မင်ကျဲက ထူးဆန်းနေသည့်ဟန်ဖြင့် ပြောလိုက်၏။ "ကျုပ်တို့ လမ်းလျှောက်လာတာ အတော်လေး ကြာနေပြီလေ။ အရင်တုန်းက ဆိုရင် ဒီအချိန်လောက်မှာ အဆင့်နိမ့် မိစ္ဆာသားရဲ အသေးလေး အနည်းငယ်လောက်တော့ တွေ့ရသင့်နေပြီ။ ဘာဖြစ်လို့ ဒီညကျမှ ဒီလောက် တိတ်ဆိတ် ငြိမ်သက်နေရတာလဲ။"
"ဟင် ... ဟုတ်သားပဲ။"
နိမ့်ရန်လည်း အံ့ဩသွား၏။ "ကျုပ်တို့ လမ်းတစ်လျှောက်လုံးမှာ မိစ္ဆာသားရဲ အသေးလေး တစ်ကောင်ကိုတောင် မတွေ့ခဲ့ရတာ အမှန်ပဲ။"
"ဟွန့် ... မိစ္ဆာသားရဲတွေက သက်ရှိ အငွေ့အသက်တွေ အပေါ်မှာ အာရုံ အခံနိုင်ဆုံးပဲလေ။ ဒီတစ်ခေါက် ငါတို့ လာတာက တစ်ကိုယ်လုံး သတ်ဖြတ်လိုတဲ့ အငွေ့အသက်တွေနဲ့ ပြည့်နှက်နေတာ ဆိုတော့ အဆင့်နိမ့် မိစ္ဆာသားရဲ အသေးလေးတွေက သဘာဝကျကျပဲ မျက်နှာ မပြရဲကြတော့တာပေါ့။"
ကွမ်းထျန်းချိုင်က အေးစက်စက် ရယ်မောလိုက်သည်။ "သူတို့ အခြေအနေသိတာ ကောင်းတာပေါ့။ လက်ဝင် သက်သာတာပေါ့။"
"......"
ဟုန်ရှောင်ပေါင်၏ စိတ်ထဲတွင် အလွန်တရာ ပြောစရာစကား ပျောက်ရှသွားခဲ့တော့၏။
မှန်ပေသည်... မိစ္ဆာသားရဲများမှာ သက်ရှိတို့၏ အငွေ့အသက်ကို အထူးတလည် အာရုံခံနိုင်စွမ်း ရှိကြသည်။ သို့တိုင် သူတို့ ကြောက်ရွံ့နေခြင်းက တစ်နေရာရာမှ ပျံ့လွင့်လာသော သတ်ဖြတ်လိုသည့် အငွေ့အသက်ကြောင့်တော့ မဟုတ်ချေ။ ပစ္စည်းအထုပ်အပိုး ကြီးကြီးမားမားကို လွယ်ပိုးထားသည့် ထိုသတ္တဝါကြီးကိုသာ သူတို့ အမှန်တကယ် ထိတ်လန့်နေခြင်း ဖြစ်ပေမည်။
လူတိုင်းက ဤသို့ဖြင့် လမင်းပြာ တောင်တန်း၏ အနက်ပိုင်းဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာခဲ့ကြ၏။
ဟုန်ရှောင်ပေါင်က လမ်းကြောင်းကို ကြည့်ရှုလိုက်ရာ မကြာမီမှာပင် အရင်တစ်ခေါက်က ချန်ယုတို့နှင့်အတူ လာခဲ့စဉ်က သွားခဲ့သည့်လမ်းကြောင်းမှ သွေဖည်သွားပြီး၊ အရှေ့ဘက်ရှိ လမ်းငယ်လေးတစ်ခုဆီသို့ ချိုးကွေ့သွားကြောင်း တွေ့လိုက်ရသည်။
ဤနေရာရှိ တောအုပ်က အတော်လေး နက်ရှိုင်းနေပြီ ဖြစ်၏။ မော့ကြည့်လိုက်ပါက ကောင်းကင်ယံမှာ သစ်ရွက် ကြီးကြီး အစုအဝေး အမြောက်အမြား၏ ဖုံးလွှမ်းခြင်းကို ခံထားရသည်။ ကောင်းကင်ကို မြင်ရသည့် နေရာမှာ အနည်းငယ်မျှသာ ကျန်ရစ်တော့၏။
သစ်ပင် တစ်ပင်နှင့် တစ်ပင် အကြားရှိ ဟာလာဟင်းလင်း ပြင်များတွင် ရှင်းပြ၍ မရနိုင်လောက်အောင် များပြားသော ခြုံပုတ်များက နေရာယူထားကြသည်။ ခြုံပုတ်များ၏ အောက်တွင် မှိုအမျိုးအစားများ ရှိနေပြီး၊ သစ်ပင် အရှည်များပေါ်တွင်လည်း နွယ်ပင်များ အမြောက်အမြား ရစ်ပတ်နေကြသည်။
တစ်ချို့သော သစ်ပင်များပေါ်တွင် နွယ်ပင်နှင့် ပန်းမန် သစ်ပင်လေးများပင် ရှိနေကြရာ ခြေချစရာ နေရာပင် မရှိတော့လောက်အောင် ဖြစ်နေသည်။ သိုင်းကျင့်ကြံသူများ နှစ်ပေါင်းများစွာ နင်းလျှောက်လာခဲ့ရာမှ ပေါ်ပေါက်လာသည့် ဤ လမ်းငယ်လေးအပေါ်တွင်သာ အပင်များ မပေါက်ရောက်တော့ချေ။
တောနက်ကြီးအတွင်း၌ လမ်းငယ်လေးများကို အခါအားလျော်စွာ တွေ့မြင်နိုင်သည်။ တစ်ချို့သော လမ်းငယ်လေးများပေါ်တွင် လူ့ဦးခေါင်းခန့် ကြီးမားသော ခြေရာကြီးများ ရှိနေကြ၏။ မကြာသေးမီကမှ ခန္ဓာကိုယ် ကြီးမားသည့် တိရစ္ဆာန်ကြီးတစ်ကောင်က ဤနေရာမှ တိုးဝှေ့ ဖြတ်သန်းသွားခဲ့ပုံရပြီး၊ တစ်ဖက်တစ်ချက်ရှိ သစ်ကိုင်းများ အများအပြား ကျိုးပဲ့နေခဲ့သည်။
"လေမည်းကျားသစ်က ဒဏ်ရာ ရထားပြီ။ ဒီတိရစ္ဆာန်ရဲ့ သတိထားတတ်တဲ့ သဘာဝအရ ငါတို့ သိထားပြီးသား ဖြစ်တဲ့ သံမဏိ သတ္တုတွင်းဆီကို ဘယ်လိုမှ ပြန်လာရဲမှာ မဟုတ်ဘူး။ သူက အခြား နေရာတစ်ခုခုမှာ ဒဏ်ရာကို ကုသပြီးမှ သံမဏိ သတ္တုတွင်းဆီ ပြန်လာမှာ သေချာတယ်။ ငါတို့က အရင်ဆုံး သံမဏိ သတ္တုတွင်းထဲကို သွားပြီး ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားကြမယ်။ သူ ပြန်လာရဲတာနဲ့ အဲဒါ သူ့ရဲ့ သေနေ့ပဲ။"
ကွမ်းထျန်းချိုင်က အေးစက်စက် ရယ်မောလိုက်၏။ "ဟားဟားဟား … တကယ်လို့ သူ ပြန်မလာခဲ့ရင်တော့ အဲဒီ သံမဏိ သတ္တုတွင်း ထဲက သံမဏိတွေ အားလုံးက ငါတို့ဟာပဲ။"
ဟုန်ရှောင်ပေါင်က ခွေးတူဝက်တူခွေးတူဝက်တူကြီး၏ ကျောပေါ်ရှိ ပစ္စည်းများက ဘာလုပ်ဖို့လဲဟု မူလတည်းက အမြဲတမ်း သံသယ ဖြစ်နေခဲ့ခြင်း ဖြစ်၏။ ယခုမှ အားလုံးကို နားလည်သွားခဲ့သည်။ သတ္တုတူးဖို့ ပစ္စည်းများ ဖြစ်နေသည်။
ဝူး ... အု... အု... အု...။
ရုတ်တရက် မိစ္ဆာသားရဲ တစ်ကောင်၏ အသံက ထွက်ပေါ်လာခဲ့၏။ အသံထဲတွင် ဒေါသ မီးတောက်များ ပြည့်နှက်နေခဲ့သည်။
သုံးဦးစလုံး အလွန်တရာ အံ့ဩ တုန်လှုပ်သွားကြ၏။ အသံကို နားထောင်ကြည့်ရုံနှင့် ဤ မိစ္ဆာသားရဲ၏ ခန္ဓာကိုယ် အရွယ်အစားက မသေးငယ်ကြောင်း သိနိုင်သည်။ တိုက်ခိုက် ဖြေရှင်းရန် လွယ်ကူမည် မဟုတ်ချေ။
သို့ပေမည့် သူတို့ကို ထင်မှတ်မထားစေသည့် ကိစ္စရပ်တစ်ခု ဖြစ်ပေါ်လာခဲ့၏။ ဟုန်ရှောင်ပေါင်၏ နောက်မှ အေးအေးလူလူ လိုက်ပါလာခဲ့သော ထိပ်ဖြူ ခွေးတူဝက်တူကြီးကလည်း ဒေါသတကြီး ဟိန်းဟောက်လိုက်ခြင်း ပင်ဖြစ်သည်။ "ဝူး...။"
"ကောင်းကင်ဘုံ ...။"
ကွမ်းထျန်းချိုင်က အံ့ဩလည်း အံ့ဩ၊ ဒေါသလည်း ထွက်သွားပြီး ဟုန်ရှောင်ပေါင်ကို ဒေါသတကြီး အော်ဟစ်လိုက်၏။ "မြန်မြန်...။ မြန်မြန်...။ မြန်မြန်... မင်းရဲ့ တိရစ္ဆာန်ကို ထိန်းလိုက်စမ်း။"
ဟုန်ရှောင်ပေါင်က မျက်မှောင်ကြုတ်လိုက်ပြီး ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။ "ခွေးတူဝက်တူကြီး... မအော်နဲ့တော့။"
ထိပ်ဖြူ ခွေးတူဝက်တူကြီးသည် ဟုန်ရှောင်ပေါင်၏ အမိန့်ကို ကြားသောအခါ ချက်ချင်းပင် အသံတိတ်သွား၏။ ယခုအခါ တောအုပ် အတွင်းရှိ နာမည်မသိရသော ထို မိစ္ဆာသားရဲ တစ်ကောင်တည်းသာ အော်ဟစ်နေခဲ့သည်။ ၎င်း၏ အသံထဲတွင် အနိုင်ရသူ၏ ဂုဏ်ယူ ဝင့်ကြွားသော အသံတို့ ပါဝင်နေပုံရ၏။
"ဟိန်း... ဟိန်း၊ ဟိန်း...။" ထိပ်ဖြူ ခွေးတူဝက်တူကြီးမှာ အလွန်တရာ မကျေမနပ် ဖြစ်စွာဖြင့် တီးတိုး အော်မြည်လျက် သွားများကို ဖြီးပြနေခဲ့၏။ အကယ်၍သာ ဟုန်ရှောင်ပေါင် မရှိနေပါက ၎င်းက ပြေးဝင်သွားပြီး တစ်ပွဲတစ်လမ်း တိုက်ခိုက်တော့မည့် ပုံပန်းသွင်ပြင် ရှိသည်။
ဟုန်ရှောင်ပေါင်၏ စိတ်ထဲတွင် လှုပ်ရှားသွားခဲ့၏။ "အဘိုး ... ခွေးတူဝက်တူကြီးနဲ့ အဲဒီ မိစ္ဆာသားရဲက ရန်ဖြစ်နေကြတာလား။"
"အင်း...။"
ယင်းကျိုယိုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "ဒီနေရာက အဲဒီ မိစ္ဆာသားရဲရဲ့ နယ်မြေပဲ။ ပုံမှန် အချိန်သာဆိုရင် ထိပ်ဖြူ ခွေးတူဝက်တူကြီးက အဲဒီ မိစ္ဆာသားရဲနဲ့ သေချာပေါက် တစ်ပွဲ တိုက်ခိုက်မှာ။ ဒါပေမဲ့ မင်းက ထိပ်ဖြူ ခွေးတူဝက်တူကြီးကို ထပ်မအော်ခိုင်းတော့ မိစ္ဆာသားရဲတွေရဲ့ အမြင်မှာတော့ ဒါက အရှုံးပေး အားနည်းပြတာပဲ။ အဲဒီ မိစ္ဆာသားရဲက ထုတ်ဖော်လိုက်တာက အနိုင်ရသူရဲ့ ဝင့်ကြွားတဲ့အသံပဲ၊ ထိပ်ဖြူ ခွေးတူဝက်တူကြီးကတော့ အင်မတန် မကျေမနပ် ဖြစ်နေတာပေါ့။"
"အရမ်း တော်တာပဲ။"
ဟုန်ရှောင်ပေါင်က အစအဆုံး အကြောင်းစုံကို နားလည်သွားသော်ငြား အဘိုးကြီးကို ပို၍ပင် လေးစား အားကျသွားခဲ့၏။ "အဘိုး... မိစ္ဆာသားရဲရဲ့ အော်သံထဲမှာ ဘယ်လို စိတ်ခံစားချက်တွေ ပါဝင်နေလဲ ဆိုတာကိုတောင် အဘိုးက နားထောင်ကြည့်ရုံနဲ့ သိနိုင်တာလား။ အဘိုးက လောကကြီးပေါ်မှာ ရှိတဲ့ ရေတွက်လို့ မရနိုင်တဲ့ မိစ္ဆာသားရဲ အားလုံးရဲ့ အသံတွေကို နားလည်တာလား၊ ဒါမှမဟုတ် ဒီ မိစ္ဆာသားရဲရဲ့ အော်သံကို အဘိုးက တိုက်တိုက်ဆိုင်ဆိုင် နားလည်နေတာလား။"
"အဲဒီလောက်လည်း မဆန်းကြယ်ပါဘူး။"
ယင်းကျိုယိုက ခေါင်းခါယမ်းလိုက်သည်။ "ငါ မင်းကို သားရဲယဉ်ပါးစေတဲ့ လမ်းစဉ်ဆီ ခေါ်ဆောင်သွားတဲ့ အခါ မင်းလည်း အရာအတော်များများက တူညီ ဆက်နွယ်နေတယ် ဆိုတာကို သိလာပါလိမ့်မယ်။ ဥပမာ... လျင်မြန်တဲ့ အော်သံတွေက ပုံမှန်အားဖြင့် မိစ္ဆာသားရဲတွေရဲ့ ပျော်ရွှင်တဲ့အသံတွေပဲ။ ရှည်လျားပြီး ဆက်တိုက် ထွက်ပေါ်နေတာကတော့ ဂိုဏ်းတူ အချင်းချင်း ပြောဆို ဆက်သွယ်ကြတာပေါ့။ အားအင် အကုန်လုံး သုံးပြီး အော်ဟစ်တာကတော့ သတိပေးတာ ဒါမှမဟုတ် တိုက်ခိုက်ဖို့ စတင်တာပဲ။ နောက်ထပ် ဥပမာ ပြောရရင် ဗိုက်ကို ပေါ်လွင်စေတာက အရှုံးပေးတဲ့ ပုံစံ စစ်စစ်ပဲ။ သွားတွေကို ပေါ်လွင်စေတာကတော့ သတိပေးတဲ့ ပုံစံ စစ်စစ်ပေါ့။"
"ဟင်... ဒီလောက်တောင် ပညာရပ်တွေ ရှိနေတာလား။"
ဟုန်ရှောင်ပေါင် ချက်ချင်းပင် စိတ်လှုပ်ရှားသွားခဲ့၏။ "အဘိုး... နည်းနည်းလောက် ပိုပြောပြပါအုံးဗျာ။"
ယင်းကျိုယိုကလည်း ဖုံးကွယ် မထားတော့ဘဲ တစ်ခုချင်းစီ ရှင်းပြတော့သည်။ ဟုန်ရှောင်ပေါင်မှာ အသစ်စက်စက် တံခါးကြီး တစ်ချပ် ပွင့်သွားသကဲ့သို့ ခံစားလိုက်ရပြီး အလွန်တရာ အရသာခံလျက် နားထောင်နေခဲ့သည်။
အတန်ကြာအောင် ပြောပြပြီးနောက်မှ ယင်းကျိုယိုက ရပ်တန့်ပြီး မေးလိုက်၏။ "ဒါဆိုရင် မင်း အခု အဲဒီ လေမည်းကျားသစ် က ဘယ်လိုမျိုးလဲဆိုတာကို ခန့်မှန်းကြည့်လို့ ရပြီလား။"
"အရင်တစ်ခေါက်က အဲဒီ သိုင်းကျင့်ကြံသူကို ကျုပ် ကုသပေးဖူးတယ်။ တကယ်လို့များ ဒါက တစ်ကောင်တည်းသော လေမည်းကျားသစ်ဆိုရင် ပထမဆုံး အချက်က အဆိပ် ပါဝင်နေတာပဲ။ ဒါပေမဲ့ လက်သည်းပေါ်မှာ 'ရွှေစွန်းမြွေ' ရဲ့ အဆိပ်က တိုင်တိုက်ဆိုင်ဆိုင် ပေကျံနေတာလောက်ပဲ ဆိုရင်တော့ ဒီလောက်အထိ ရေရှည် မခံနိုင်လောက်ဘူး...။"
ဟုန်ရှောင်ပေါင်က သင်ပြီးသည်နှင့် ချက်ချင်း အသုံးချတော့သည်။ "ဒါကြောင့် ဒီ လေမည်းကျားသစ်က မြွေဆိပ်ကို သိုလှောင်ပြီး အသုံးပြုတဲ့ နည်းလမ်းကို တတ်မြောက်သွားတာ ဖြစ်ရမယ်။ အဲဒီလိုမှ မဟုတ်ရင်လည်း တစ်ခုခုသော အကြောင်းကြောင့် သူ့ကိုယ်သူ မြွေဆိပ် ပါဝင်လာစေတာပဲ။ ပြောရရင်... မျိုးဗီဇ ပြောင်းလဲသွားတာပေါ့။"
ယင်းကျိုယိုက ချီးကျူးသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်၏။ ဟုန်ရှောင်ပေါင်၏ စရိုက်က သူ၏ အကြိုက်နှင့် အလွန် ကိုက်ညီသည်။ ထို့အပြင် လူကလည်း လုံလောက်အောင် ဉာဏ်ကောင်းလှ၏။ ယခုအချိန်အထိ မည်သို့သော ပညာရပ်မျိုးကို မဆို တစ်ကြိမ်သင်ပေးရုံနှင့် ချက်ချင်း တတ်မြောက်သည်။ သို့သော်ငြား သူက ခေါင်းခါယမ်းလျက် ပြောလိုက်သေး၏။ "မျိုးဗီဇ ပြောင်းလဲတာ ဟုတ်၊ မဟုတ် ဆိုတာကိုတော့ သေချာ ပြောလို့ မရသေးဘူး။ ဒါပေမဲ့ ပထမအချက်အတိုင်းသာ ဖြစ်ခဲ့ရင် မင်း ကံကောင်းသွားပြီ။"
"ဘယ်လို ပြောတာလဲ။"
"တကယ်လို့ အဲဒီ လေမည်းကျားသစ်က မြွေဆိပ်ကို သိုလှောင်ပြီး အသုံးပြုတဲ့ နည်းလမ်းကို တကယ်ပဲ တတ်မြောက်ထားတာ ဆိုရင် အဲဒီ ရွှေစွန်းမြွေရဲ့ အလောင်းက သေချာပေါက် ကျန်ရှိနေသေးမှာပဲ။ ရွှေစွန်းမြွေက ဒြပ်ငါးပါးဆေးလုံး အတွက် အင်မတန် ကောင်းမွန်တဲ့ ကုန်ကြမ်း တစ်မျိုးပဲလေ။"
အပိုင်း (၁၅၄) နတ်ငှက်ကြီး။
"ဟင်...။ ဒါ ကောင်းတယ်၊ ဒါ အရမ်း ကောင်းတယ်။"
ဟုန်ရှောင်ပေါင် အလွန်တရာ ဝမ်းသာသွား၏။ "ဘာမှ ဆက်မပြောနဲ့တော့။ အဲဒီ လိုဏ်ဂူထဲမှာ ရွှေစွန်းမြွေရဲ့ အလောင်းက သေချာပေါက် ကျန်ရှိနေအုံးမှာပဲ။"
"ဒီလိုဆိုရင်တော့ သဘာဝကျကျ အကောင်းဆုံးပေါ့။"
ယင်းကျိုယိုကလည်း ခေါင်းညိတ်လျက် ပြောလိုက်သည်။ "အခုကတော့ ဒီ ရွှေစွန်းမြွေရဲ့ အလောင်း ပုပ်သိုး ပျက်စီးမှု အခြေအနေ ပြင်းထန် ၊ မပြင်းထန်ကိုပဲ ကြည့်ရတော့မယ်။ အရမ်း ပြင်းထန်နေရင်တော့ အသုံးပြုလို့ မရတော့ဘူး။"
"မဖြစ်နိုင်ပါဘူးဗျာ၊ မဖြစ်နိုင်ပါဘူး။ လတ်ဆတ်နေမှာ သေချာပါတယ်။"
ဟုန်ရှောင်ပေါင်က တဟားဟား ရယ်လျက် ပြောလိုက်၏။ သူက အမြဲတမ်း အကောင်းမြင်စိတ် ရှိသူ ဖြစ်သည်။ ထို့အပြင် ထို သိုင်းကျင့်ကြံသူကို လေမည်းကျားသစ်က ဒဏ်ရာရအောင် လုပ်ခဲ့သည်မှာ အလွန် ကြာမြင့်နေပြီဟု ထင်ရသော်ငြား၊ ဤရက်ပိုင်းအတွင်း ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များက အရမ်း များပြားလွန်းနေသောကြောင့်သာ ထင်ရခြင်း ဖြစ်၏။ အမှန်တကယ်တော့ သုံးလေးရက်မျှသာ ကြာမြင့်သေးသည်။ ဤမျှ တိုတောင်းသော အချိန်လေး အတွင်းမှာတော့ ရွှေစွန်းမြွေက ကောင်းမွန်စွာ တည်ရှိနေသေးမှာ သေချာ၏။
လူအနည်းငယ်က အရှေ့သို့ တစ်ဆင့်ပြီးတစ်ဆင့် လျှောက်လှမ်းလာခဲ့ကြ၏။ ယခုအချိန်တွင် ကွမ်းထျန်းချိုင်လည်း တစ်ခုခု မမှန်ကန်ကြောင်းကို သတိထားမိနေပြီ ဖြစ်သည်။ ယခုအခါ တောင်တန်း အတွင်းသို့ လီ အနည်းငယ်မျှ ဝင်ရောက်လာခဲ့ပြီ ဖြစ်၏။ ဤနေရာသည် ဒုတိယအဆင့်၊ တတိယအဆင့် မိစ္ဆာသားရဲများ ထွက်ပေါ် ကျက်စားရာ နေရာ ဖြစ်သည်။ အစွန်အဖျားမှ ပထမအဆင့် မိစ္ဆာသားရဲ အသေးလေးများက သူတို့ကို ကြောက်ရွံ့သည် ဆိုလျှင် လက်ခံနိုင်စရာ ရှိသော်ငြား ဤနေရာသို့ ရောက်သည်အထိ မိစ္ဆာသားရဲများက သူတို့ကို ကြောက်ရွံ့နေသည် ဆိုလျှင်တော့ အနည်းငယ် ယုတ္တိ မတန်တော့ချေ။
ပုံမှန် မဟုတ်သော အခြေအနေများ ဖြစ်ပေါ်လာလျှင် မိစ္ဆာဆန်သော အရာတစ်ခုခု ရှိနေစမြဲ ပင်ဖြစ်၏။ လူအနည်းငယ် ချက်ချင်းပင် နိုးကြား သတိရှိလာကြပြီး သတိထားမှု အစွမ်းကုန် မြင့်တက်လာခဲ့သည်။
နိမ့်ရန်က ရုတ်တရက် ပြောလိုက်၏။ "စောစောက တောင်တန်း အဝင်ဝကို ဖြတ်လာတုန်းက ခန္ဓာကိုယ် ကြီးမားတဲ့ မိစ္ဆာသားရဲ နင်းလျှောက်လာလို့ ဖြစ်ပေါ်လာတဲ့ လမ်းကြောင်းတစ်ခု သိသာထင်ရှားစွာ ရှိနေတာကို တွေ့ခဲ့ရတယ်။ အဲဒီ တစ်ကောင်များ ဖြစ်နေမလား။"
"ဖြစ်နိုင်ခြေရှိတယ်။"
လော်မင်ကျဲက ပြောလိုက်သည်။ "တောင်တန်း ဗဟိုချက်ကနေ ပြေးထွက်လာတဲ့ မိစ္ဆာသားရဲ တစ်ကောင် ဖြစ်လောက်တယ်။ တောင်တန်း ဗဟိုချက်က မိစ္ဆာသားရဲတွေ ရိုက်နှက် ခံရပြီး အရေးနိမ့်လို့ တောင်တန်း အစွန်အဖျားဆီ ဆုတ်ခွာလာတဲ့ အခါတိုင်း ကြီးကြီးမားမား သတ်ဖြတ်မှုတွေ လုပ်တတ်ကြတာပဲလေ။ ပုံမှန်အားဖြင့် ဂဏာမငြိမ် ဖြစ်သွားအောင် လုပ်တတ်ကြတယ်။ ဒီတစ်ခေါက်လည်း အဲဒီလို ဖြစ်နေတာများလား။"
"ဒါကို ဘယ်လို ဖြေရှင်းရမလဲ။" ကွမ်းထျန်းချိုင်၏ ပုံပန်းသွင်ပြင်က လေးနက် တည်ကြည်နေခဲ့၏။
မိစ္ဆာသားရဲများ စုရုံးရာ နေရာတိုင်းတွင် ထိုနေရာက ရေကန်၊ တောင်တန်းကြီး၊ စိမ့်မြေကြီး မည်သည့်နေရာပဲ ဖြစ်နေပါစေ ဝိညာဉ်စွမ်းအင် မြစ်ဖျားခံရာ တစ်ခု ရှိနေစမြဲ ဖြစ်သည်။ အများစုကတော့ တစ်ခုခုသော ဝိညာဉ်ကျောက်တုံး သတ္တုကြောပင်ဖြစ်၏။ ပုံမှန်အားဖြင့် ဤ ဝိညာဉ်စွမ်းအင် မြစ်ဖျားခံရာကို ဗဟိုပြု၍ ဧရိယာ တစ်ခုအဖြစ် ပြန့်ကျက်သွားတတ်သည်။ အစွန်အဖျားဆီသို့ ရောက်လေလေ ဝိညာဉ်စွမ်းအင်က ပါးလျလေလေ ပင်ဖြစ်၏။ သဘာဝကျကျပင် စွမ်းအား သန်စွမ်း ကြံ့ခိုင်သူများက ဝိညာဉ်စွမ်းအင် အသိပ်သည်းဆုံး ဖြစ်သော ဗဟိုချက် ဧရိယာကို ပိုင်ဆိုင်နိုင်ကြသည်။
ဤ မိစ္ဆာသားရဲများ အကြားတွင်လည်း သဘာဝကျကျ တိုက်ခိုက်မှုများ ရှိကြ၏။ ရှုံးနိမ့်သွားသူများမှာ သေဆုံးလျှင် သေဆုံး၊ မသေဆုံးပါက အရှုံးပေး လက်နက်ချ၊ အဲဒီလိုမှ မဟုတ်လျှင် အစွန်အဖျား ဧရိယာဆီသို့ ဆုတ်ခွာကြရသည်။ ဤကဲ့သို့ ရိုက်နှက်ခံရလွန်း၍ အရပ်လေးမျက်နှာကိုပင် မရှာနိုင်တော့သည့် ကောင်များမှာ သဘာဝကျကျပင် ဗိုက်ထဲ၌ ဒေါသ အပြည့် ရှိနေကြသည်။ အစွန်အဖျားမှ အဆင့်နိမ့် မိစ္ဆာသားရဲများက သူတို့နှင့် တွေ့ဆုံမိလျှင် အကျိုးခံစားခွင့် ရနိုင်ပါဦးမည်လား။
ဟုန်ရှောင်ပေါင်က ပြုံးရုံသာ ပြုံးနေခဲ့၏။ ခွေးတူဝက်တူကြီးက အဆင့်နိမ့် မိစ္ဆာသားရဲတွေ ထဲက မာဖီးယား ဂိုဏ်းချုပ်ကြီး ဖြစ်တယ် ဆိုတာကို သူတို့ ဘယ်လိုလုပ် သိကြမှာလဲ။
ဤသို့ တွေးတောနေစဉ်မှာပင် ဟုန်ရှောင်ပေါင် ရုတ်တရက် မှင်သက်သွားသည်။ "အိမ်း ... အဘိုး၊ မဟုတ်သေးဘူးဗျ။ မိစ္ဆာသားရဲ အချင်းချင်း အာရုံခံနိုင်စွမ်းက ဒီလောက်တောင် ထက်မြက်တယ်ဆိုရင် အစွမ်းထက်တဲ့ကောင် ရောက်လာတာနဲ့ အားနည်းတဲ့ ကောင်တွေက ချက်ချင်း ဦးညွှတ် အရှုံးပေးပြီး လီပေါင်း သောင်းနဲ့ချီ ဆုတ်ခွာသွားကြမှာပေါ့။ ဒါဆိုရင် ဘယ်မှာ တိုက်ခိုက်တာတွေ၊ အမဲလိုက်တာတွေ ရှိတော့မှာလဲ။"
"ဟုတ်တယ်။ ဒီနေ့ တွေ့ရတဲ့ မိစ္ဆာသားရဲ အရေအတွက်က အရမ်း နည်းပါးနေတယ်။ အကြောင်းရင်း တစ်စိတ်တစ်ပိုင်းက ထိပ်ဖြူ ခွေးတူဝက်တူကြီးကြောင့် ဆိုတာ သေချာပေမဲ့ အကြောင်းရင်း အများစုကတော့ အဲဒီလို မဟုတ်ဘူး။"
ယင်းကျိုယိုက တစ်ခုခုကို နက်နက်ရှိုင်းရှိုင်း စဉ်းစားနေသည့် ပုံစံမျိုး ဖြစ်သည်။ "တောင်တန်း အတွင်းမှာ တကယ့်ကို ပြောင်းလဲမှု တစ်ခုခု ဖြစ်ပေါ်နေတာ ဖြစ်နိုင်တယ်။ တောင်တန်း ဗဟိုချက်ကို မိစ္ဆာသားရဲ တစ်ကောင် ရောက်လာတာ တကယ်ပဲ ဖြစ်နိုင်ခြေ ရှိတယ်။"
"ဟင် ...။" ဟုန်ရှောင်ပေါင်မှာ ပြောစရာ စကားပင် မရှိတော့ချေ။ ဆိုလိုသည်မှာ ဤလူသုံးယောက် ထင်ရာစိုင်း ခန့်မှန်းနေသည်မှာ တကယ်ကြီး တည့်တည့် မှန်သွားခြင်းပင်။
"ဘာပဲလုပ်လုပ် သတိထားပါ။ လမင်းပြာ တောင်တန်း ဗဟိုချက်က မိစ္ဆာသားရဲ ဆိုတာ အရေးနိမ့်ပြီး ဆုတ်ခွာလာတဲ့ကောင် ဖြစ်နေရင်တောင်မှ အခုလက်ရှိ မင်း ဖြေရှင်းနိုင်တဲ့ ကောင်မျိုး မဟုတ်ဘူး။" ယင်းကျိုယို က လေးလေးနက်နက် ပြောလိုက်၏။
"မှတ်ထားပါပြီ၊ မှတ်ထားပါပြီ။" ဟုန်ရှောင်ပေါင် ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။
တခြားသူများသာ ဆိုလျှင် ကိုယ်ကိုယ်ကိုယ် အထင်ကြီးသည်မျိုး ဖြစ်ကောင်း ဖြစ်နိုင်၏။ သို့ပေမည့် အဘိုးကတော့ လောကကြီးပေါ်တွင် သူ၏ ခွန်အားကို အအရှင်းဆုံး မြင်တွေ့နိုင်သူ ဖြစ်သည်။ အဘိုးက သူ၏ ခွန်အားကို အမှတ်ပေးမည် ဆိုပါက ဒသမဂဏန်း အနောက်ပိုင်း အတော်များများအထိ တိကျစွာ ပေးနိုင်လောက်၏။ အဘိုးက တိုက်၍ မနိုင်ဘူးဟု ပြောလျှင် သူက ရှောင်တိမ်းဖို့ပဲ ရှိတော့၏။
"ညီလေးဟုန် ... မင်း ဘယ်လို သိုင်းပညာရပ်တွေကိုများ သင်ယူလေ့ကျင့်ဖူးလဲ။" လော်မင်ကျဲက မေးလိုက်၏။
"မရှိပါဘူးဗျာ။ အမြဲတမ်း ကြုံရာ ကျင့်ကြံနေခဲ့တာ။ တောနည်း တောဟန်တွေပါပဲ။" ဟုန်ရှောင်ပေါင်က အင်မတန် ရိုးသားစွာ ဖြေကြားလိုက်သည်။
"အခြေခံ အကျဆုံး လက်သီးသိုင်း၊ ဓားသိုင်း ဘာညာတွေကိုတောင် မတတ်ဘူးလား။" လော်မင်ကျဲက ထပ်မေးလိုက်၏။
"ဟုတ်ပါတယ်...။"
ဟုန်ရှောင်ပေါင်က ခေါင်းညိတ်လိုက်သည်။ သူတို့က တိုက်ခိုက်ရေး အစီအရင်တွေ ဘာတွေ စီစဉ်မလို့ ဖြစ်မည်ဟု တွေးတောလျက် ပြောလိုက်၏။ "ဒါပေမဲ့ ကျုပ် ခွန်အားတော့ မဆိုးဘူးဗျ။"
"ခွန်အားလား...။ ဟားဟား ... ခွန်အား ဘယ်လောက်ပဲ ကြီးကြီး ဘာလုပ်လို့ ရမှာလဲ။ နွားနဲ့ မြင်းတွေရဲ့ ခွန်အားက ဘယ်လောက်ပဲ ကြီးကြီး ခြင်္သေ့နဲ့ ကျားတွေကို တိုက်ခိုက် နိုင်ပါ့မလား။"
ကွမ်းထျန်းချိုင်က သူ၏ အထင်အမြင်သေးမှုကို အနည်းငယ်မျှ ဖုံးကွယ် မထားခဲ့ချေ။
"တော်ပါပြီလေ... ဘာပဲဖြစ်ဖြစ် မင်း ကူညီနိုင်မယ်လို့ အရင်တည်းက မျှော်လင့် မထားပါဘူး။ ခဏနေကျရင်သာ မင်းရဲ့ ထိပ်ဖြူ နံစော်ဖျံကိုသာ ကောင်းကောင်း ထိန်းထားပါ။ သူ လန့်ပြီး ပစ္စည်းတွေကို သယ်ရင်း ထွက်ပြေး မသွားစေနဲ့။"
နောက်ဆုံးတွင် သူက ထပ်ပြောလိုက်သေး၏။ "နောက်နောင်တော့ ဓားသိုင်း၊ လက်သီးသိုင်း စာအုပ် တစ်အုပ်အုပ် ရှာပြီး လေ့ကျင့်ပါအုံး။ အဲဒီလိုမှ မဟုတ်ရင် ဘယ်နေရာ ရောက်ရောက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေမှာပဲ။"
‘ဒီကောင်က မပြီးနိုင် ၊ မစီးနိုင်တော့ဘူးလား။’ ဟုန်ရှောင်ပေါင် ပြောစရာ စကားပင် မရှိတော့ချေ။ သူပြောဆိုသည့် စကားမှာ မမှားချေ။ ကျွဲ၊ နွားနှင့် မြင်းတို့သည် ခြင်္သေ့နှင့် ကျားတို့ကို မယှဉ်သာ မတိုက်ခိုက်နိုင်သည်မှာ အမှန်ပင် ဖြစ်၏။ သို့သော်တိုင် သူ၏ ခွန်အားသည်သာ နဂါး၏ တန်ခိုးခွန်အား အဆင့်သို့ ရောက်ရှိနေမည် ဆိုပါမူ မည်သို့ ဖြစ်လာမည်နည်း...။
"ညီလေးဟုန် စိတ်ထဲ မထားပါနဲ့။ ငါ့ အစ်ကိုကြီးက စကားပြောရင် တည့်တည့် ပြောတတ်လို့ပါ။"
နိမ့်ရန်က လူတိုင်း အဆင်မပြေ ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် ချက်ချင်း ဖြတ်ပြောလိုက်၏။ "ပုံမှန် မဟုတ်တဲ့ အခြေအနေတွေ ဖြစ်ပေါ်လာရင် မိစ္ဆာဆန်တဲ့ အရာတစ်ခုခု ရှိနေစမြဲပဲ။ လမင်းပြာ တောင်တန်းက နည်းနည်း ထူးဆန်းတယ်။ မရိုးရှင်းလောက်ဘူး။ မင်းက ဒုတိယအဆင့် သိုင်းကျင့်ကြံသူ ဖြစ်ပေမဲ့ ရိုးရိုးသားသား ပြောရရင် စိတ်မဆိုးပါနဲ့နော်... မင်းမှာ သိုင်းပညာရပ် မရှိဘဲ သိုင်းအဆင့် တစ်ခုတည်း ရှိနေတာက သွားမရှိတဲ့ ခြင်္သေ့၊ ကျား တစ်ကောင် လိုမျိုးပဲ။ တကယ်ကို အသုံးမဝင်ဘူး။ ခဏနေ တိုက်ပွဲ ဖြစ်လာရင် ပစ္စည်းတွေကိုသာ သေသေချာချာ ကာကွယ်ထား။ အထူးသဖြင့် ထိပ်ဖြူ နံစော်ဖျံက သတ္တိ နည်းတယ်ဗျ။ ပစ္စည်းတွေကို သယ်ပြီး ထွက်ပြေးမသွားစေနဲ့နော်။"
"…..."
ဟုန်ရှောင်ပေါင်မှာ ပြောစရာ စကားပင် မရှိတော့ချေ။ လေးလေးနက်နက် ပုံစံရှိသော နိမ့်ရန်ကို ကြည့်ရှုရင်း ဤသူက သူ့ကို တကယ်ပဲ နှစ်သိမ့်ပေးနေသည်လား၊ သို့မဟုတ် ဓားနှင့် ထပ်ပြီး ထိုးနှက်ချင်နေသည်လား လုံးဝ ခွဲခြား မသိနိုင်တော့ချေ။
"ဟားဟားဟားဟား... ဟားဟားဟားဟား။"
ယင်းကျိုယိုက မြင်ရသည့်အခါ အလွန်တရာ သဘောကျနေခဲ့၏။ "ဟေး... ငှက်ပေါက်လေး၊ ငါ စောစောတည်းက မင်းကို ပြောခဲ့သားပဲ မဟုတ်လား။ မင်းကို လေမုန်တိုင်း ဒယ်အိုးသိုင်း သင်ယူခိုင်းတာ မင်းက မယုံဘူး။ ဟားဟားဟားဟား...။"
"ဒီတစ်ခေါက်တော့ ဘာပဲပြောပြော ဒီလေမုန်တိုင်း ဒယ်အိုးသိုင်းကို သေချာပေါက် သင်ယူလေ့ကျင့် ရတော့မယ်။"
ဟုန်ရှောင်ပေါင်က သူနှင့်အတူ အထင်အမြင် သေးခံလိုက်ရသည့် ခွေးတူဝက်တူကြီးကို ကြည့်ရှုရင်း စိတ်ထဲမှ တိတ်တဆိတ် ဆုံးဖြတ်ချက် ချလိုက်တော့သည်။
ဝူး .. ဝူး ....။
ထိုစဉ် အဝေးမှ မိစ္ဆာသားရဲ တစ်မျိုး၏ အသံက ထွက်ပေါ်လာခဲ့၏။ အသံကို နားထောင်ကြည့်ရုံနှင့် မျောက်ဝံ အော်သံနှင့် အနည်းငယ် ဆင်တူသော်ငြား တိတိကျကျ မည်သို့သော မိစ္ဆာသားရဲလဲ ဆိုသည်ကိုတော့ မသိရချေ။
"သတိထား။"
သုံးဦးစလုံး ချက်ချင်းပင် သတိအပြည့်ဖြစ်သွားသည်။ သူတို့က နှစ်ပေါင်းများစွာ အတူတကွ ပူးပေါင်း လုပ်ဆောင်လာခဲ့သူများ ဖြစ်ကြောင်း သိသာထင်ရှားလှသည်။ အလွန်တရာ နားလည်မှု ရှိကြ၏။
တစ်ဦးက အရှေ့တွင် သတိထား စောင့်ကြည့်ပြီး တစ်ဦးက အနောက်ဘက်ကို ဂရုစိုက်သည်။ ကွမ်းထျန်းချိုင်ကမူ သစ်ပင် တစ်ပင်၏ ထိပ်ဖျားဆီသို့ အလောတကြီး တွယ်တက်သွားပြီး မျောက်အော်သံ ထွက်ပေါ်လာရာ အရပ်ဆီသို့ အစွမ်းကုန် ကြည့်ရှုနေခဲ့သည်။
အဖွဲ့၏ ခွန်အား ပိရမစ် အောက်ခြေဆုံးတွင် ရှိနေသည့် ဟုန်ရှောင်ပေါင်ကမူ မစိုးရိမ် မပူပန်ချေ။ အလယ်တွင် ဝန်းရံ ကာကွယ်ခံထားရလျက် စိတ်အေးလက်အေးဖြင့် ပြောလိုက်၏။ "အဘိုး ... အခု အော်နေတဲ့ ကောင်က ဘာကြီးလဲ။ အဘိုး သိလား။"
"မင်းက ငါ့ကို ဘာမှတ်နေလဲ။"
ယင်းကျိုယိုက အထင်အမြင် သေးစွာ ပြောလိုက်၏။ "ငါက ကောင်းကင် ကိုးထပ်ကို ကူးခတ် ပျံသန်းနိုင်တဲ့ ကွန်းဖန်း နတ်ငှက်ကြီးကွ။ ငါ သိတာတွေက ကောင်းကင်ပေါ်က ကြယ်တာရာတွေနဲ့ နဂါး၊ ဖီးနစ်ငှက်တွေပဲ။ မင်းတို့ ဒီလို ဆင်းရဲပြီး ဝေးလံ ခေါင်သီတဲ့ နေရာက အရာတွေကို ငါ နည်းနည်းပါးပါး သိတာက ငါ ပျင်းတဲ့ အချိန် လျှောက်သွားရင်း ရခဲ့တဲ့ ဗဟုသုတတွေကြောင့်ပဲ။"
"မသိဘူး ဆိုလည်း ပြီးတာပဲကို... စကားတွေက အများကြီး ပြောနေသေးတယ်။" ဟုန်ရှောင်ပေါင်က ဂရုမစိုက်သလို ပြောလိုက်သည်။
"ငါ စိတ်ပြောင်းသွားပြီ။ ငါ လွတ်မြောက်လာမဲ့နေ့ကျရင် မင်းကို တစ်နှစ် မရိုက်တော့ဘူး။"
ယင်းကျိုယိုက အေးစက်စက် ရယ်မောလိုက်၏။ "နဂါးရိုးကြိမ်နဲ့... နှစ်နှစ် ရိုက်မယ်။"
"ရတယ်၊ ရတယ်၊ ရတယ်။ အဘိုးက ကွန်းဖန်း နတ်ငှက်ကြီး၊ ကွန်းဖန်း နတ်ငှက်ကြီးပဲ။"
ဟုန်ရှောင်ပေါင်က တွေ့ရာ ကောက်ပြောလိုက်သည်။ "အဲဒီအချိန်ကျ နဂါးရိုးကြိမ် ဘာညာကို ကျုပ် ရှာပေးမယ်လေ။"