ငွေကြေးများစုပ်ယူသည့်တွင်းနက်ကြီး
Vol. 12 Ch. 158
အခန်း (၁၅၈) ငွေကြေးများစုပ်ယူသည့်တွင်းနက်ကြီး
“မင်းရဲ့ စီးတော်သားရဲက ပန်ဒါ...”
“စီးတော်သားရဲက ပန်ဒါ...”
“ပန်ဒါတစ်ကောင်...”
“ပန်ဒါ...”
ရန်ကျောက်ကဲနားထဲ စကားသံများ အဆက်မပြတ် ကြားယောင်လာမိပြီး မည်သို့မှမတတ်နိုင်စွာ မျက်လုံးများကို မှေးမှိတ်လိုက်သည်။
“...တကယ်တော့ ဒါက ကိုယ်ရေးကိုယ်တာကိစ္စပဲ မဟုတ်ဘူးလား”
“ဒီကောင်ကြီးသာ ငါ့ရဲ့စီးတော်သားရဲဆိုရင် ပထမတန်းစား ဆွဲဆောင်မှုရှိတဲ့သူ ဖြစ်လာမှာ ၊ သာမန်တောင် မဟုတ်တော့ဘူး”
“သောက်ကျိုးနည်း... ဒီလောက်အလန်းစားကြီးရမှာ ငါက ဘာတွေရှက်နေရတာလဲဟ”
ရန်ကျောက်ကဲက သူ့ဝမ်းဗိုက်ကို ပွတ်သပ်လိုက်ရင်း သူ့ရှေ့မှ ဧရာမပန်ဒါကြီးကိုကြည့်ကာ မသက်မသာ ပြုံးလိုက်သည်။
“ဒါပေမဲ့ ဒီကောင်ကြီးကို အိမ်မွေးတိရိစ္ဆန်လေးလို မွေးထားမယ်ဆိုရင်တောင် အစားတော့ အတော်စားမယ့်ကောင်ကြီး ၊ စားရရင်ကို ကျေနပ်နေမယ့်ရုပ်ဆိုတာ သိသာတယ် ၊ ဒါပေမဲ့ သူ့အမွှေးတွေရောင်းစားလို့ရရင်တော့ စရိတ်ကာမိနိုင်တယ်”
“အင်း... ဒီကောင်ကြီးက ချစ်စရာကောင်းတော့ ကောင်မလေးတွေကိုလိုက်တဲ့နေရာမှာသုံးရင် အစွမ်းထက်လက်နက် ဖြစ်လာမှာပဲ... ဟက်ဟက်”
အကြံသိုးဖြင့် ရန်ကျောက်ကဲနှုတ်ခမ်းများ တွန့်ကွေးသွားသည်။
ထို့နောက် သူက ရှဲ့ယိုချန်ကို လှည့်ကြည့်ရင်း...
“အစ်မ’ရှဲ့’ ၊ ကျွန်တော် ဒီကောင်ကြီးကို မျက်စိကျတာတော့ အမှန်ပဲ ၊ အစ်မတို့ဂိုဏ်းကရော ဒီကောင်ကြီးကို မလိုချင်ဘူးလား”
ကြည်လင်လျှို့ဝှက်ရေကန်က လှိုင်းနက်ဂေဟာပိုင်နက်ဖြစ်ပြီး ရန်ကျောက်ကဲသည်လည်း ရှဲ့ယိုချန် ခေါ်လာသောကြောင့်သာ ပန်ဒါကြီးနှင့် တွေ့ခွင့်ရခြင်း ဖြစ်သည်။ ထို့ကြောင့် ယဉ်ကျေးမှုအရ ခွင့်တောင်းရခြင်းပင်။
သူ့စကားကြားတော့ ရှဲ့ယိုချန်က ရယ်မောလိုက်ရင်း...
“ငါတို့ဂိုဏ်းကစာပို့တဲ့နေရာမှာသုံးဖို့ မီးငန်းတွေရယ် ၊ ခရီးသွားရင်အသုံးပြုဖို့ ရှားပါးသားရဲနည်းနည်းပါးပါးလောက်ပဲ မွေးမြူလေ့ရှိတယ် ၊ တခြားသားရဲတွေကို မွေးမြူလေ့ မရှိပါဘူး ၊ ဒီကောင်ကြီးကို မင်း မမွေးဘူးဆိုရင် တခြားနေရာကို နှင်ထုတ်ရမှာ ၊ ဘာလို့ဆို အစီအရင်တွေ ထိခိုက်နိုင်တယ်လေ”
“မောင်လေး’ရန်’ သူ့ကိုမွေးချင်တယ်ဆိုရင်တော့ ဖမ်းဖို့ကြိုးစားရလိမ့်မယ် ၊ ငါ့အကူအညီလိုရင်လည်း ပြော... ၊ ဒါပေမဲ့ မင်းနဲ့ မင်းရဲ့ကိုယ်ရံတော်ပေါင်းလိုက်ရင် ဒီကောင်ကြီးကိုဖမ်းဖို့ ဘာမှမခက်ပါဘူး”
ရှဲ့ယိုချန်က သားရဲကြီးကို ရောင်းစားရန်စျေးစကားမပြောဘဲ ဒီတိုင်းဖမ်းသွားနိုင်သည်ဟု ပွင့်လင်းစွာဆိုသည့်အတွက် ရန်ကျောက်ကဲ ပြုံးလိုက်သည်။
“အစ်မ’ရှဲ့’ရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ် ၊ အနာဂတ်မှာ သေချာပေါက် ပြန်ဆပ်ပါ့မယ်ဗျာ”
ရှဲ့ယိုချန်၏ စေတနာကို ရန်ကျောက်ကဲက ပြန်မပေးဆပ်ဘဲ နေမည်မဟုတ်ပေ။ သူက စိတ်ထဲတွင်တွက်ချက်လိုက်ပြီး သူမကို ပြန်ပေးဆပ်ရန် အစီအစဉ်ဆွဲလိုက်သည်။
သို့သော် ထိုကိစ္စက နောက်မှဖြစ်သည်။ လောလောဆယ်တော့ သူ့ရှေ့မှ ပန်ဒါကြီးကို အရင်ဖမ်းရပေမည်။
ရန်ကျောက်ကဲက အားဟူကို လက်တစ်ဖက်ဝှေ့ယမ်းပြလိုက်သည်။ အားဟူက ရိုးရှင်းစွာ တစ်ချက်ရယ်မောရင်း လက်သီးများကတင်းတင်းဆုပ်ကာ ပွတ်သပ်လိုက်သည်။ ထို့နောက် ရှင်းလင်းနေသည့် မြေကွက်လပ်အလယ်သို့ လမ်းလျှောက်သွားသည်။
ထိုအချိန်...
“ဟမ်...”
အဝေးတစ်နေရာမှ သိုင်းသမားတစ်ယောက်၏အငွေ့အသက်ကို ယောင်ဝါးဝါးခံစားလိုက်ရသဖြင့် ရန်ကျောက်ကဲအကြည့်များ ချက်ချင်းတင်းမာသွားသည်။
သူ့နားထဲတွင် လေးညှို့တင်သံတစ်ချက်ကို ခပ်သဲ့သဲ့ကြားလိုက်ရ၏။
သို့ပေသိ တစ်ဖက်လူက သူတို့အုပ်စုကို ပစ်မှတ်ထားခြင်း မဟုတ်ပေ။ ပစ်မှတ်က ရှင်းလင်းနေသည့်မြေကွက်လပ်ကြီးအလယ်မှ ပန်ဒါကြီးဖြစ်သည်။
ပစ်ခတ်လိုက်သော မြားတစ်စင်းက ပန်ဒါကြီးထံ တည့်တည့်ဝင်ရောက်လာသည်။
မြားချက်ထွက်ပေါ်လာရာနေရာသို့ ရန်ကျောက်ကဲ လှမ်းကြည့်လိုက်ရာ သက်လတ်ပိုင်းလူရွယ်တစ်ယောက်ကို တွေ့ရသည်။ သူက ဝါးရုံတောထဲတွင် မတ်တတ်ရပ်လျှက် ဧရာမပန်ဒါကြီးကို လောဘတကြီးအမူအရာဖြင့် စိုက်ကြည့်နေသည်။
“ဒီလူက လှိုင်းနက်ဂေဟာက သိုင်းသမားမဟုတ်ဘူး ၊ ဒါပေမဲ့ ရှန်ထျန်းအဆင့် သိုင်းပညာရှင်တစ်ယောက်ပဲ”
“ကြည့်ရတာ လှိုင်းနက်ဂေဟာရဲ့ ခွင့်ပြုချက်နဲ့ ကြည်လင်လျှို့ဝှက်ရေကန်ထဲမှာ ရတနာပစ္စည်းရှာနေတဲ့ ရေကန်နယ်မြေက သိုင်းသမားတစ်ယောက် ဖြစ်ရမယ် ၊ သူက လောဘဇောတိုက်နေတော့ ငါတို့ကို သတိမထားမိဘဲ ဒီကောင်ကြီးကိုပဲ မြားနဲ့ပစ်ဖို့ စဉ်းစားနေပုံပဲ”
“သူက ရှန်ထျန်း ကနဦးအဆင့်လောက်ပဲ ရှိဦးမယ် ၊ ဒါကြောင့် သူ့စွမ်းအားနဲံ ဒီပန်ဒါကြီးကို အရှင်ဖမ်းဖို့ မတတ်နိုင်လို့ ခိုးကြောင်ခိုးဝှက် မြားနဲ့ပစ်တာ ဖြစ်ရမယ်”
ရန်ကျောက်ကဲစိတ်ထဲ အတွေးပေါင်းများစွာ ဖြတ်သန်းသွားသည်။
ထို့နောက် သူ၏ညာဘက်အင်္ကျီလက်ထဲမှ အစိမ်းရောင်အလင်းတန်းတစ်ခု လက်ခနဲတောက်ပသွားပြီး နဂါးဟိန်းသံတစ်ချက် ထွက်ပေါ်လာကာ ရုတ်ချည်းပင် ပေတစ်ထောင်အမြင့်သို့ ပျံသန်းထွက်ခွာသွားသည်။
လေထဲသို့ပျံသန်းသွားသည့် ရန်ကျောက်ကဲ၏ဓားက မြားချက်ကို ပိတ်ဆို့ကာကွယ်လိုက်သည်။
“သြော... ပေါက်ကွဲဝိညာဉ်မြားပဲ ၊ သူက ဒီကောင်ကြီးကိုရဖို့ အတော်လေး ရင်းနှီးထားတာပဲ”
ရန်ကျောက်ကဲ၏ဓားက မြားတံကို ခုတ်ပိုင်းချလိုက်သည့်တိုင် ချက်ချင်းပင် တစ်ခုခု မှားယွင်းနေကြောင်း သိလိုက်သည်။
လူရွယ်ပစ်လွှတ်လိုက်သောမြားသည် အထူးပြုလုပ်ထားသည့် ပေါက်ကွဲဝိညာဉ်မြား ဖြစ်၏။
အလွန်တရာရှားပါးသလို ပြင်းထန်သည့်စွမ်းအားကို ပိုင်ဆိုင်သည်။ ရန်သူက မြားချက်ကို ပိတ်ဆို့တားဆီးလိုက်သည့်တိုင် မြားချက်က ပစ်မှတ်ကို ဒုတိယအကြိမ် ထပ်မံပစ်လွှတ်နိုင်စွမ်း ရှိသည်။
ထိုသို့သောမြားတံမျိုးဖြင့် ချောင်းမြောင်းတိုက်ခိုက်ခံရပါက ရှန်ထျန်းအဆင့် သိုင်းပညာရှင်များသည်ပင် ခံနိုင်ရည်ရှိမရှိဘဲ အခက်တွေ့မည်ပင်။
ရန်ကျောက်ကဲ၏ဓားဖြင့် ခုတ်ပိုင်းခံလိုက်ရသည့် မြားအတွင်းမှ တောက်ပသည့်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ပစ်မှတ်ရှိရာသို့ ထပ်မံဝင်ရောက်သွားသည်။
မြားချက်က ပြင်းထန်ပြီး ရန်ကျောက်ကဲ ဘာလုပ်ရမှန်းမသိ ဖြစ်သွားချိန် ပန်ဒါကြီးကတော့ ကျင့်ကြံခြင်းအဆင့်တက်ခြင်း နောက်ဆုံးအဆင့်ရောက်နေပြီး အဆုံးသတ်ခါနီးပြီ ဖြစ်သည်။
ယခုလိုအချိန်မျိုးတွင် အနှောက်အယှက်ဝင်ပါက ထိုသတ္တဝါကြီး ပြင်းထန်စွာ ဒဏ်ရာရသွားနိုင်သည်။
ရန်ကျောက်ကဲ နှုတ်ခမ်းများကိုတွန့်ကွေးရင်း ခေါင်းတစ်ချက်ခါယမ်းကာ ဓားရှည်တစ်လက်ကို ဆွဲထုတ်လိုက်သည်။
သူက ဓားကိုဝှေ့ယမ်းလိုက်ရာ နဂါးတစ်ကောင်အလား လေထုထဲတွင် စက်ဝိုင်းပုံသဏ္ဌန် ဖြစ်တည်လာသည်။
လေထုထဲတွင် ရွှေရောင်အလင်းတန်းများဖြာလင်းသွားပြီး ရွှေရောင်စက်ဝန်းတစ်ခု ထွက်ပေါ်လာသည်။ ထိုစက်ဝန်းအလယ်ဗဟိုတွင် ဝဲဂယက်တစ်ခုပမာ အပေါက်ကြီးရှိနေပြီး ပြင်းထန်သည့် စုပ်ယူအားများ ထုတ်လွှတ်နေသည်။
ပေါက်ကွဲဝိညာဉ်မြားတံက ပေါက်ကွဲထွက်သွားပြီး များစွာသော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာကာ ရန်ကျောက်ကဲ၏ ရွှေရောင်ဓားစက်ဝန်းအတွင်းသို့ ဝင်ရောက်သွားသည်။
ပန်ဒါကြီးကျင့်ကြံနေသောကြောင့် အစောပိုင်းကပင် ကမောက်ကမ ဖြစ်နေသော မိုးမြေစွမ်းအားများသည် ယခု ပို၍ပင် မတည်မငြိမ် ဖြစ်လာသည်။
ဓားအလင်းတန်းဖြင့်ဖန်ဆင်းထားသည့် ရွှေရောင်စက်ဝန်းက များစွာသော ဝိညာဉ်စွမ်းအားများကို စုပ်ယူလိုက်သည်။
ကောင်းကင်ထက်ရှိ တိမ်တိုက်များနှင့် တဟုန်းဟုန်းတိုက်ခတ်နေပြီး လေပြင်းများက သူ့အလိုလိုလည်ပတ်လှုပ်ရှားလျှက် ရှိသည်။
ထို့နောက် ရုတ်ချည်းပင် အရှေ့ဆီမှတိမ်တိုက်များလွင့်ပြယ်သွားပြီး လေထုလည်း ငြိမ်သက်သွားကာ အစီအရင်များလည်း ပုံမှန်အတိုင်း ပြန်လည်ထိန်းချုပ်နိုင်သွား၏။
ရန်ကျောက်ကဲ၏မျက်ဝန်းများ ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီး ပတ်ဝန်းကျင်မှ ရှုမျှော်ခင်းများ ပြောင်းလဲသွားသည်။ စောစောက သူရှိနေသည့် ဝါးရုံတောထဲမှာပင် ရန်ကျောက်ကဲ မတ်တတ်ရပ်နေပြီး လေပြင်းတစ်ချက်တိုက်ခတ်သွားကာ ရှည်လျားသည့်ဝါးပင်ကြီးများသည် ရိတ်သိမ်းခံလိုက်ရသည့် ဂျုံစိုက်ခင်းများပမာ မြေပြင်ထက်သို့ အပိုင်းပိုင်းပြတ်ကျသွားသည်။
“ဘာလိုသေးတာလဲ...”
ရန်ကျောက်ကဲက ဓားကိုဆုပ်ကိုင်ထားရင်း တစ်စုံတစ်ခု မှားယွင်းနေသေးကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။
ခေါင်းမော့ကြည့်လိုက်တော့ ကြီးမားဝိုင်းစက်ပြီး အမွှေးပွပွဖြင့် ဦးခေါင်းကြီးတစ်လုံး ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ အနက်ရောင်မျက်ကွင်းတစ်စုံအတွင်းမှ မျက်လုံးများက ပုတ်ခတ်ပုတ်ခတ်လုပ်နေသည်။
ရန်ကျောက်ကဲ ခဏမျှ မှင်တက်သွားပြီး...
“ဟေး... မင်းနဲ့ငါ တစ်နေရာတည်းမှာ အတူတူရှိနေတာနော်”
ဆင်ငယ်တစ်ကောင်အရွယ်အစားရှိသည့် ပန်ဒါကြီးမှာ ကို့ရို့ကားယားဖြင့် ရန်ကျောက်ကဲရှေ့တွင် ခန္ဓာကိုယ်ကြီး တဆတ်ဆတ်တုန်ခါလျှက် ရှိသည်။
ရန်ကျောက်ကဲ ရယ်မောလိုက်ရင်း...
“အာ... ဒီကောင်ကြီးကတော့...”
သူက လက်ကိုဆန့်ထုတ်လိုက်ပြီး ပန်ဒါကြီး၏ အဖြူရောင်နှင့် အနက်ရောင်အမွှေးများကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
ထိုအခါ ဧရာမပန်ဒါကြီးက ရန်ကျောက်ကဲ၏လက်ကို လျှာဖြင့်ညင်သာစွာလျက်လိုက်၏။
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“ငါက မင်းကိုဖမ်းချင်နေတာနော် ၊ အခု မင်းအဆင့်တက်သွားတယ်ဆိုရင်တောင် မင်းကို ဖမ်းနိုင်သေးတယ်”
ဧရာမပန်ဒါကြီးက မျက်တောင်ခတ်လိုက်သည်။ ထို့နောက် နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ရင်း လူသားဆန်သည့်အငွေ့အသက်များ မျက်ဝန်းထဲတွင် ပေါ်လာသည်။
“အိုး... သူ့ရဲ့ဝိညာဉ်စွမ်းအားက မနိမ့်ဘူးပဲ”
ပန်ဒါကြီး၏မျက်ဝန်းများမှအဓိပ္ပါယ်ကို ရန်ကျောက်ကဲ ယောင်ဝါးဝါးနားလည်လိုက်ပြီးနောက် ရယ်ရမလို ငိုရမလို ဖြစ်သွားသည်။
ထိုသတ္တဝါကြီး၏ ပျင်းရိပျင်းတွဲအကြည့်များနောက်ကွယ်အဓိပ္ပါယ်မှာ “ငါ မင်းနဲ့လိုက်ခဲ့ရင် အစာစားရမှာလား” ဟု မေးနေသယောင်ပင်။
ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း...
“အမယ်... ငါက မင်းကိုဖမ်းပြီး သတ်စားပစ်မှာ မစိုးရိမ်ဘူးလား”
ထိုစကားကြားတော့ ဧရာမပန်ဒါကြီးက ရန်ကျောက်ကဲအနားသို့ မထုံတက်တေးပုံစံဖြင့်လမ်းလျှောက်လာပြီး ခေါင်းဖြင့် အသာအယာဝှေ့လိုက်သည်။
ရန်ကျောက်ကဲက သက်ပြင်းချလိုက်ရင်း...
“အေးပါကွာ... စိတ်အေးအေးထား ၊ မင်းအများကြီးစားလို့ ငါမွဲသွားရင်လည်း လမ်းပေါ်မှာမင်းကိုပြပွဲလုပ်ပြီး ပိုက်ဆံရှာရတာပေါ့”
ပန်ဒါကြီးက ရန်ကျောက်ကဲကိုခေါင်းဖြင့်ဝှေ့ခြင်းရပ်တန့်လိုက်ပြီး ရယ်မောသည့်အလား အသံတိုးတိုးအော်ဟစ်လိုက်သည်။
ရန်ကျောက်ကဲက ထိုအကောင်ကြီးကိုမော့ကြည့်ရင်း စဉ်းစားလိုက်သည်။
“နေပါဦး... ဒီပန်ဒါ... အဲလေ... ဖီရှိုးကောင်က... အင်း ဖီရှိုးပဲ ထားလိုက်ပါ ၊ သူကဘာတွေစားတတ်တာလဲ မသိဘူး”
ဝါးရုံတောအလယ်တွင် မြေကွက်လပ်ကြီးဖြစ်နေသည်ကို ကြည့်ခြင်းအားဖြင့် ဝါးပင်များကို စားသောက်ထားသည်မှာ သိသာသော်လည်း သူ့အစာက ဝါးပင်မဟုတ်ပေ။ ဆာလောင်သောကြောင့် သို့မဟုတ် စားချင်သောကြောင့် စားသောက်ထားခြင်းသာ ဖြစ်နိုင်သည်။
ရန်ကျောက်ကဲ ကြားဖူးသည်မှာ ဖီရှိုးသတ္တဝါကိုခွန်အားပေးနိုင်သည့်အစားအသောက်မှာ အဖိုးတန်သတ္တုများဖြစ်သည်ဟူ၍ပင်။
အထူးသဖြင့် ယင်စွမ်းအားနှင့် ယန်စွမ်းအား နှစ်မျိုးလုံးကြွယ်ဝသော အဖိုးတန်သတ္တုများစားသုံးရခြင်းကို ဖီရှိုးသတ္တဝါများ နှစ်သက်ကြသည်။
ထိုသတ္တုများက အလွန်ရှားပါးပြီး စျေးကြီးလေရာ ဤအကောင်ကြီး တစ်ဖြဲနှစ်ဖြဲစားပုံဖြင့်ဆိုလျှင် ငွေကြေးများစုပ်ယူသည့် တွင်းနက်ကြီးအလား ဖြစ်ပေလိမ့်မည်။