အခန်း (၁၅၇-၁၅၈)
Vol. 14 Ch. 157-158
အပိုင်း (၁၅၇) မြေအောင်း ပုစဉ်းမီး။
ကွမ်းထျန်းချိုင်က ဟုန်ရှောင်ပေါင်၏ မိစ္ဆာသားရဲ နှစ်ကောင်ကို ကြည့်လိုက်၏။ "ထိပ်ဖြူ နံစော်ဖျံ၊ ရွှေဝက်ဝံပေါက်လေး၊ ပြီးတော့ မင်း... ကြွက်လို သတ္တိနည်းတဲ့ မိစ္ဆာသားရဲ နှစ်ကောင်နဲ့ ကြွက်လို သတ္တိနည်းတဲ့ သခင်...။ မင်းတို့တွေ လမင်းပြာတောင်တန်းထဲ ဝင်လာပြီး ဘာလုပ်မလို့လဲ ဆိုတာကို တကယ် နားမလည်နိုင်ဘူး။ မိစ္ဆာသားရဲကို တွေ့တာနဲ့ ဘယ်သူ ပိုမြန်မြန် ပြေးနိုင်လဲဆိုပြီး ပြိုင်ပွဲလုပ်မလို့များလား။"
ကွမ်းထျန်းချိုင်က အထင်အမြင် သေးစွာ ရယ်မောလိုက်၏။ ဟုန်ရှောင်ပေါင်ကို ကြည့်နေသည့် သူ၏ မျက်လုံးများတွင် အထင်အမြင် သေးမှုတို့ကို အနည်းငယ်မျှ ဖုံးကွယ်ထားခြင်း မရှိချေ။
"ညဉ့်နက်ရင် အန္တရာယ် များတတ်တယ်။ ဒီနေရာကနေ အမြန်ဆုံး ထွက်ခွာကြတာ ကောင်းမယ်။" စောစောက သူတို့က အိတ်ကြီးကို ဖြတ်တောက် ဖွင့်လှစ်ခဲ့ကြရာ ယခုအချိန်တွင် ကြိုးဖြင့် ယာယီ ချည်နှောင်လိုက်ရပြီး၊ ဤနေရာမှ လျင်မြန်စွာ ထွက်ခွာလာခဲ့ကြသည်။
မထွက်ခွာမီလေးတွင် ဟုန်ရှောင်ပေါင်က အစပိုင်းတွင် မြှားတစ်ချက်တည်းဖြင့် ပစ်ခတ် သတ်ဖြတ်ခံခဲ့ရသော ကြေးမျောက်ဝံကို ကြည့်လိုက်ပြီး မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်၏။ "အဘိုး ... စောစောက ဒီ ငွေရောင်မြှားတံက တန်ဖိုး ဘယ်လောက်တောင် ရှိတာလဲ။"
"ဟမ့်... မဆိုးဘူးပဲ။ ဒီ အရေးကြီးတဲ့ အချက်ကိုတောင် သတိထားမိတာလား။"
ယင်းကျိုယို အနည်းငယ် အံ့ဩသွား၏။ "ဒီမြှားကို ငါ မမြင်ဖူးဘူး။ ဒါပေမဲ့ ငါ နေထိုင်ခဲ့တဲ့ နေရာမှာတော့ ဒီ ငွေရောင်မြှားတံလောက် အစွမ်းထက်တဲ့ မြှားတစ်စင်းရဲ့ တန်ဖိုးက တစ်ချောင်းကို ဝိညာဉ်ကျောက်တုံး ဆယ်တုံးကျော်လောက် ရှိတယ်။"
သူတို့နှစ်ဦးစလုံးက ဉာဏ်ကောင်းသူများ ဖြစ်ကြ၏။ ဤအထိ ရောက်သောအခါ ဆက်လက် မပြောဆိုကြတော့ချေ။
ဟုန်ရှောင်ပေါင်က ခွေးတူဝက်တူကြီး၏ ကျောပေါ်ရှိ ထိုအထုပ်အပိုးကြီးကို ကြည့်လိုက်သည်။ ဤမျှ ဈေးကြီးသော မြှားတံကိုတောင် နှမြောတွန့်တိုမှု မရှိဘဲ အသုံးပြုရဲတယ်။
"ပြဿနာ ရှိနေပြီပဲ...။"
သံမဏိ သတ္တုတွင်း တစ်ခု၏ တန်ဖိုးက အလွန် ကြီးမားမည် မဟုတ်ချေ။ အလွန် ကြီးမားသော သံမဏိ သတ္တုတွင်းကြီး ဖြစ်နေမည် ဆိုပါကလည်း ကွမ်းထျန်းချိုင်တို့ သုံးဦးတည်းနှင့် ဘယ်လိုမှ သယ်ဆောင်သွားနိုင်မည် မဟုတ်ချေ။ ခန့်မှန်းခြေ ဝိညာဉ်ကျောက်တုံး ရာနှင့်ချီ၍သာ တန်ဖိုးရှိသော သံမဏိ သတ္တုတွင်း တစ်ခုကို တိုက်ခိုက်ရန် တစ်ချောင်းလျှင် ဝိညာဉ်ကျောက်တုံး ဆယ်တုံးကျော် ကုန်ကျသည့် မြှားတံကို နှမြောတွန့်တိုမှု မရှိဘဲ အသုံးပြုရဲသည်လား။
ထို့အပြင် ဟုန်ရှောင်ပေါင် ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရသည်။ ဤ တိုက်ပွဲကို အမှန်တကယ်တော့ ရှောင်လွှဲ၍ ရနိုင်ကောင်း ရနိုင်ပေလိမ့်မည်။ သို့ပေမည့် ကွမ်းထျန်းချိုင်က မျက်တောင်တစ်ချက်မျှ မခတ်ဘဲ တိုက်ခိုက်ခဲ့၏။ ခွေးတူဝက်တူကြီး၏ ကျောပေါ်ရှိ အထုပ်အပိုးအတွင်း၌ သူ့ကို အလွန်တရာ စိုးရိမ် တုန်လှုပ်စေသည့် ပစ္စည်းတစ်ခု ရှိနေပုံရသည်။ ထိုပစ္စည်းက ဘာများ ဖြစ်နေမည်နည်း ..။
ဟုန်ရှောင်ပေါင် အလွန်တရာ စိတ်ဝင်စားသွား၏။ ဤကဲ့သို့ စုံထောက် အနည်းငယ် လုပ်ပြီး အမှုမှန် ဖော်ထုတ်ရတော့မည့် ခံစားချက်က သူ့ကို အလွန်တရာ စိတ်လှုပ်ရှားစေသည်။ သူက ကိုယ့်ခွန်အားကိုယ် အားကိုးပြီး အမှုမှန် ဖော်ထုတ်ရန် ချက်ချင်း ဆုံးဖြတ်လိုက်၏။ ထို့ကြောင့် မျက်နှာပြောင်တိုက်စွာဖြင့် မေးလိုက်သည်။ "အဘိုး ... အထုပ်ထဲမှာ ဘာပစ္စည်းတွေ ရှိနေတာလဲ။"
"…….." ယင်းကျိုယိုက ဖြေလိုက်၏။ "အင်မတန် အစွမ်းထက်တဲ့ ဒူးလေးသုံးလက်၊ ပြီးတော့ စက်ကွင်းပြား အနည်းငယ် ရှိတယ်။ ပုံစံကို ကြည့်ရတာ လျှပ်စီး မိုးကြိုးအနွယ် စက်ကွင်းတွေကို ခင်းကျင်းဖို့ အတွက် ဖြစ်ရမယ်။"
"အဲဒီ မြှားတံကလည်း လျှပ်စီး မိုးကြိုးအနွယ်ပဲ။ အခု လျှပ်စီး မိုးကြိုး စက်ကွင်းတွေကိုပါ ယူဆောင် လာသေးတာလား။"
ဟုန်ရှောင်ပေါင် အနည်းငယ် ကြောင်အသွား၏။ "သူတို့ရဲ့ ဒီပစ္စည်းတွေက ခန့်မှန်းခြေ ဝိညာဉ်ကျောက်တုံး ဘယ်လောက်လောက် တန်ဖိုးရှိလဲ။"
"ငါးရာ၊ ခြောက်ရာလောက်ပေါ့။"
"ငါးရာ၊ ခြောက်ရာလောက်ပဲလား။" ဟုန်ရှောင်ပေါင် အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွား၏။ ဤသည်က သူ့ သံမဏိဒယ်အိုးကြီး၏ ခြောက်ပုံတစ်ပုံမျှသာ ရှိသည် မဟုတ်ပါလား။ သို့ပေမည့် သူ လျင်မြန်စွာပင် သတိရသွားသည်။
ထိုအရာက သူ့အတွက် ဖြစ်သည်။ ဝိညာဉ်ကျောက်တုံး ငါးခြောက်ရာ ဆိုသည်မှာ သာမန် သိုင်းကျင့်ကြံသူများ အတွက် တစ်သက်လုံး ရှာဖွေလျှင်တောင် မရနိုင်သည့် ကြီးမားသော ချမ်းသာကြွယ်ဝမှုကြီးဖြစ်၏။
လူဆယ်ယောက်ကျော် ရှိသော အဖွဲ့ငယ်လေး တစ်ဖွဲ့အတွက် ဆိုလျှင်ပင် သူတို့၏ တစ်သက်တာ စုဆောင်းမှု အားလုံး ဖြစ်လောက်သည်။ သို့ပေမည့် ကွမ်းထျန်းချိုင်၏ ဤအဖွဲ့က တစ်သက်တာ စုဆောင်းမှု အားလုံးကို အသုံးပြု၍ ဤကိစ္စမျိုးကို လုပ်ဆောင်ရဲသည် ဆိုမှတော့ သူတို့၏ ပစ်မှတ်က တကယ်ကို ကြီးမားလှပေမည်။
အကယ်၍ သာမန် စဉ်းစားနည်းအတိုင်း ဆိုပါက ဟုန်ရှောင်ပေါင်သည် ဤလူများ သူ့ကို မလုပ်ကြံစေရန် သတိထား ကာကွယ်ရမည် မဟုတ်ပါလား။ သို့ပေမည့် ဟုန်ရှောင်ပေါင်၏ ယခုအခိုက်အတန့် စိတ်ခံစားချက်မှာ ထူးခြားစွာ မြင့်တက်နေခြင်းပင်ဖြစ်၏။ ရိုးရိုးသားသား ပြောရလျှင် သူ ဤတစ်သက်တွင် မည်သည့် လျှို့ဝှက် ကြံစည်မှုမျိုးကိုမှ မကြုံဖူးသေးချေ။
လျှို့ဝှက်ကြံစည်မှု - ဤစကားလုံးလုံးကို ကြားရရုံနှင့်ပင် အလွန်တရာ စိတ်လှုပ်ရှားစရာ ကောင်းနေသည်။
ထို့ကြောင့် ဟုန်ရှောင်ပေါင်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်၏။ "ရောက်တော့မှာလား။"
ခဏအကြာတွင် ဟုန်ရှောင်ပေါင်က နောက်တစ်ကြိမ် စိတ်လှုပ်ရှားစွာ မေးလိုက်ပြန်သည်။ "ဘယ်လောက်တောင် လိုသေးတာလဲ။"
လူအနည်းငယ်က ဟုန်ရှောင်ပေါင်၏ ဤ ထူးဆန်းသော စဉ်းစားပုံကို အဘယ်သို့ သိကြမည်နည်း။ ဤအတိုင်း ဆက်လက် လျှောက်လှမ်းလာခဲ့ကြ၏။ ယခုအခါ သစ်ပင်များက အလွန် ထူထပ်နေပြီ ဖြစ်သည်။ သူတို့ လျှောက်လှမ်းနေသော ဤ လမ်းကြောင်းမှာ လူအသွားအလာ အများဆုံး လမ်းကြောင်းတစ်ခု ဖြစ်သည်ဟု ဆိုနိုင်သော်ငြား တစ်ဖက်တစ်ချက်ရှိ သစ်ပင်များက ဦးခေါင်းထိပ်တွင် တစ်ခုနှင့်တစ်ခု ရက်ယှက် နေကြပြီ ဖြစ်၏။ တစ်ချက် ကြည့်လိုက်ပါက အမှောင်ထုမှလွဲ၍ အမှောင်ထုသာ ကျန်ရစ်တော့၏။
သူတို့ သုံးဦး၏ မျက်လုံးများက ဤ မြင်ကွင်းမျိုးကို မရင်ဆိုင်နိုင်တော့ချေ။ အားလုံးက တိုက်မိခိုက်မိဖြင့် လျှောက်လှမ်းနေကြရသည်။ သို့ပေမည့် ယခုအခါ လမင်းပြာ တောင်တန်းက အနည်းငယ် ထူးဆန်းနေသဖြင့် သူတို့က ဘာပဲဖြစ်ဖြစ် မီးမမွှေးရဲကြချေ။ သာမန်အားဖြင့် ဆိုလျှင် ဤအချိန်တွင် ရပ်နားပြီး စခန်းချသင့်နေပြီ ဖြစ်၏။ သို့သော်ငြား လူအနည်းငယ်မှာ ရပ်နားမည့် အရိပ်အယောင် လုံးဝ မရှိကြဘဲ ဤ တောနက်ကြီး အတွင်း၌ ယိုင်နဲ့စွာဖြင့် ဖြည်းညင်းစွာ ဆက်လက် သွားလာနေကြသည်။
"ဟင်... ညီလေးဟုန်၊ လမ်းတစ်လျှောက်လုံးမှာ မင်း တိုက်မိခိုက်မိ ဖြစ်တာကို ငါ လုံးဝ မခံစားမိဘူးနော်။" ရုတ်တရက် နိမ့်ရန်က သံသယ ဝင်စွာဖြင့် မေးလိုက်၏။
"ဟီးဟီး... ကျုပ် အဆင့်တက်တုန်းက ကံကောင်းမှုလေး တစ်ခု ရခဲ့တာ။ ညဘက် လမ်းမြင်ရတာ မဆိုးဘူးဗျ။" ဟုန်ရှောင်ပေါင်က တွေ့ရာကောက် ဖြေလိုက်သည်။
ထို့နောက်တွင်တော့ မည်သူမျှ စကား မပြောကြတော့ချေ။ လူတိုင်းက ဤအတိုင်း ဆက်လက် လျှောက်လှမ်းလာခဲ့ကြ၏။ လမ်းတွင် မိစ္ဆာသားရဲများနှင့် တစ်ကြိမ် တွေ့ဆုံခဲ့သေးသည်။ သို့ပေမည့် ဤတစ်ကြိမ်တွင် အချိန်မီ တွေ့ရှိခဲ့သဖြင့် တိုက်ပွဲ ထပ်မံ မဖြစ်ပွားခဲ့ချေ။
ဤအတိုင်း မိုးလင်းစ ပြုလာသည့် အချိန်အထိ လျှောက်လှမ်းလာခဲ့ကြသည်။ တောနက်ကြီး၏ ဖုံးကွယ်ထားမှုအောက်တွင် တောအုပ်အတွင်း၌ မှောင်မည်းနေဆဲဖြစ်၏။ သာမန် လူများအတွက်မူ ဤအခိုက်အတန့်တွင် မျက်မမြင် တစ်ယောက်နှင့် ဘာမှ မခြားနားသေးချေ။ သို့ပေမည့် သူတို့ အနည်းငယ်အတွက်မူ အနည်းငယ် မှုန်ဝါးသော အလင်းရောင် အရင်းအမြစ်လေးက လုံလောက်နေပြီ ဖြစ်ရာ လမ်းလျှောက်သည့် အရှိန်အဟုန်က ချက်ချင်းပင် အများအပြား မြန်ဆန်လာခဲ့သည်။
တောင်တန်း အနက်ပိုင်းသို့ ရောက်ရှိလာသောကြောင့် ဖြစ်နိုင်၏။ လူအနည်းငယ်မှာ အမျိုးမျိုးသော မိစ္ဆာသားရဲများနှင့် အဆက်မပြတ် တွေ့ဆုံလာရသည်။ အစပိုင်းတွင် ဟုန်ရှောင်ပေါင်က ဂရုမစိုက်မိခဲ့ချေ။ သို့ပေမည့် လျင်မြန်စွာပင် သူ၏စိတ်ထဲ၌ လှုပ်ရှားသွားခဲ့၏။
မိစ္ဆာသားရဲတွေက သူတို့ရဲ့ ဦးတည်ချက်နှင့် တစ်ထပ်တည်း ကျနေသလိုပဲ...။
တစ်စုံတစ်ခုသော ပြောပြ၍ မရနိုင်သည့် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေမည့် လျှို့ဝှက်ချက် တစ်ခုကို ရင်ဘတ်ထဲတွင် ပိုက်ထွေးထားသော ထိုသုံးဦးမှာ ပို၍ပင် အာရုံ ခံနိုင်ကြ၏။ သိသာထင်ရှားစွာပင် အနည်းငယ် မျက်နှာပျက်နေကြပြီ ဖြစ်သည်။
ဒီ မိစ္ဆာသားရဲတွေ အားလုံးက တကယ်ပဲ အဲဒီနေရာဆီကို ဦးတည်နေကြတာ ဆိုရင်... ဒါ တကယ်ကို ဒုက္ခ ရောက်ပြီပဲ...။
မနက်အစောပိုင်း အချိန်။
ဤအခိုက်အတန့်သည် တောင်တန်းကြီး၏ အတိတ်ဆိတ် အငြိမ်သက်ဆုံးသော အချိန် ဖြစ်သင့်သည်။ သို့ပေမည့် ယခုအခါတွင်မူ အများအပြား စည်ကား လှုပ်ရှားနေခဲ့၏။ မိစ္ဆာသားရဲ အများအပြားက သစ်တောအတွင်းမှ အော်မြည်လျက် ဖြတ်သန်း ပြေးလွှားနေကြ၏။
သေးငယ်သည့် အရွယ်အစား ရှိသော ကောင်များက သစ်ပင်များအပေါ်မှ ခုန်ပျံ ဖြတ်သန်းသွားကြပြီး၊ နွား၊ မြင်းလောက် အရွယ်အစား ရှိသော မိစ္ဆာသားရဲများကလည်း မြေကြီးကို တုန်လှုပ်စေသည့် အသံများနှင့်အတူ ပြေးလွှား ဖြတ်သန်းသွားကြသည်။
မြွေ၊ ပိုးကောင်၊ ကြွက်၊ ပုရွက်ဆိတ် စသည့် အကောင်များလည်း ရှိနေသေးရာ၊ ခဏအကြာတိုင်းတွင် တစ်သုတ်ပြီး တစ်သုတ် ပြေးသွားနေသည်။ ထပ်မံ၍ ရတနာဝက်ဝံလေး နှင့် ထိပ်ဖြူ ခွေးတူဝက်တူကြီးတို့ကို ကြည့်လိုက်ပြန်ရာ သူတို့လည်း အနည်းငယ် ဂဏာမငြိမ် ဖြစ်လာကြ၏။ သူတို့လည်း တစ်စုံတစ်ခုသော အရာကို ခံစားမိနေကြပုံ ရ၏။
"သွားမယ်။ မြန်မြန်လုပ်...။ အဲဒီပစ္စည်းက ဒီ မိစ္ဆာသားရဲတွေရဲ့ တွေ့ရှိတာကို ခံလိုက်ရပြီ ဖြစ်မယ်...။"
ကွမ်းထျန်းချိုင် အလွန်တရာ အလောတကြီး ဖြစ်လာပြီး၊ လော်မင်ကျဲနှင့် နိမ့်ရန်တို့ကို မျက်ရိပ် မျက်ကဲ အဆက်မပြတ် ပြကာ မြန်မြန်သွားရန် အလျင်စလို တိုက်တွန်းနေခဲ့သည်။
ဟုန်ရှောင်ပေါင်က စိတ်ဝင်စားစရာ ကောင်းသည်ဟု ခံစားရသဖြင့် ဖော်ထုတ် ပြောဆိုခြင်း မပြုဘဲ သူတို့နှင့်အတူ တစ်လျှောက်လုံး အရူးအမူး ပြေးလွှားတော့သည်။ ကံကောင်းသည်မှာ ဖျံမျိုးနွယ်များ၏ လမ်းလျှောက်မှုက မူလတည်းက တည်ငြိမ်လှ၏။ ကျောပေါ်ရှိ ပစ္စည်းများက လူတစ်ယောက်စာ ထက်ပင် မြင့်မားစွာ ဆင့်စီနေသည် ဆိုသော်ငြား ထိပ်ဖြူ ခွေးတူဝက်တူကြီးက တည်ငြိမ် သေချာစွာ လျှောက်လှမ်းနေဆဲ ဖြစ်သည်။ ကျောပေါ်ရှိ ပစ္စည်းများကလည်း အများဆုံး အနည်းငယ် ယိမ်းယိုင်ရုံမျှသာ ရှိ၏။
"အဘိုး ... အခု မြင်ကွင်းကို မြင်ပြီးတာတောင် ဘာပစ္စည်းလဲ ဆိုတာ မသိဘူးလို့တော့ မပြောနဲ့နော်။"
ဟုန်ရှောင်ပေါင်က သိချင်စိတ် ပြင်းပြစွာ မေးလိုက်၏။ သိချင်စိတ်က တစ်ကိုယ်တော် အမှုမှန် ဖော်ထုတ်မည် ဆိုသော ဆုံးဖြတ်ချက်ကို တစ်ခဏချင်း အနိုင်ရရှိသွားခဲ့သည်။
"သဘာဝကျကျပဲ သိတာပေါ့။"
ယင်းကျိုယိုက တည်ငြိမ်စွာ ပြောလိုက်၏။ "သောင်းနဲ့ချီတဲ့ မိစ္ဆာသားရဲတွေကို ဂဏာမငြိမ် ဖြစ်စေနိုင်ပြီး ဒီနေရာရဲ့ ဝိညာဉ်စွမ်းအင် သိပ်သည်းမှု အခြေအနေနဲ့ တွက်ကြည့်မယ် ဆိုရင်... ကျောက်စိမ်းရိုး နှင်းရည်၊ ကျောက်ချဉ်ဆီ၊ ဝိညာဉ်ငါး စမ်းရေ၊ သောင်းဒဏ်ရာ သစ်ပင်၊ မြေအောင်း ပုစဉ်းမီး ဆိုတဲ့ ငါးမျိုးထဲက တစ်ခုပဲ ဖြစ်နိုင်ခြေ ရှိတယ်။
ဒါပေမဲ့ ရှေ့သုံးမျိုးရဲ့ အငွေ့အသက်က အရမ်း ဝေးတဲ့နေရာအထိ မပြန့်ကျက်နိုင်တဲ့အတွက် ဒီလောက် များပြားတဲ့ မိစ္ဆာသားရဲတွေကို ဂဏာမငြိမ် ဖြစ်စေနိုင်မှာ မဟုတ်ဘူး။ သောင်းဒဏ်ရာ သစ်ပင်ကျတော့လည်း အငွေ့အသက်က အရမ်းပြင်းထန်လွန်းလို့ မရင့်မှည့်ခင်မှာတင် အရပ်ရပ်က မိစ္ဆာသားရဲတွေရဲ့ လုယက် စားသောက်တာကို ခံရတတ်တယ်။ လက်ရှိ အခြေအနေအရ ကြည့်ရင် အဖြစ်နိုင်ဆုံးက မြေအောင်း ပုစဉ်းမီးပဲ။"
အပိုင်း (၁၅၈) ကိုယ့်အကြံနှင့် ကိုယ်။
"အဘိုး အရမ်း တော်တာပဲ။"
ထို့ကြောင့် ဗဟုသုတက စွမ်းအား ဖြစ်သည်ဟု ဆိုကြခြင်းပင်။ ဟုန်ရှောင်ပေါင်က အဘိုး၏ ဗဟုသုတ သိုလှောင်ရုံကြီးကို တကယ်ကို ဦးညွှတ် လေးစားသွားခဲ့ပြီး ချက်ချင်း ထပ်မံ မေးမြန်းလိုက်၏။ "အဲဒီ မြေအောင်း ပုစဉ်းမီးက ဘာကြီးလဲ။"
"လောကကြီးရဲ့ အရာဝတ္ထုအားလုံးမှာ ဝိညာဉ် ရှိကြတယ်။ ဝိညာဉ်စွမ်းအင် သိပ်သည်းနေသရွေ့ ဒြပ်ငါးပါး သက်ရှိတွေကို မွေးဖွား ပေါ်ပေါက်လာစေနိုင်တယ်။ ဥပမာ... အရမ်း သိပ်သည်းတဲ့ ဝိညာဉ်စွမ်းအင် အောက်မှာ အချိန် လုံလောက်မယ် ဆိုရင် ကျောက်တုံးတွေကလည်း ကျောက်လူ၊ ကျောက်ဝက် လိုမျိုး အရာတွေ ဖြစ်လာနိုင်တယ်။ ဒီ ဒြပ်ငါးပါး သက်ရှိတွေ အားလုံးက ကောင်းကင်နဲ့ မြေကြီးရဲ့ အဖိုးတန် ရတနာတွေပဲ။ မြေအောင်း ပုစဉ်းမီး ကတော့ အနိမ့်ဆုံး အဆင့်ရှိတဲ့ ဒြပ်ငါးပါး သက်ရှိတွေထဲက မီးဝိညာဉ်ပဲ။ သေချာပေါက် အနိမ့်ဆုံး အဆင့်ရှိတဲ့ မီးဝိညာဉ် ဆိုရင်တောင်မှ မင်းတို့လို အဆင့်ရှိတဲ့ သိုင်းကျင့်ကြံသူတွေ ဒါမှမဟုတ် မိစ္ဆာသားရဲတွေ အတွက်တော့ တုနှိုင်းမရတဲ့ အားဖြည့် ဆေးဝါးကြီးပဲ ဖြစ်တယ်။"
"ဪ ...။"
ဟုန်ရှောင်ပေါင်က ချက်ချင်း သဘောပေါက်သွား၏။ "ဟုတ်ပြီ၊ ဟုတ်ပြီ... သေချာပေါက် ဒီ မြေအောင်း ပုစဉ်းမီးပဲ ဖြစ်ရမယ်။ ကွမ်းထျန်းချိုင်တို့ ပြင်ဆင်လာတဲ့ လက်နက် ကိရိယာတွေ အားလုံးက လျှပ်စီး မိုးကြိုး အနွယ်တွေချည်းပဲ။ လျှပ်စီး မိုးကြိုးက ရေဓာတ်အနွယ် ဖြစ်တဲ့အတွက် မီးကို တည့်တည့် နှိမ်နင်းနိုင်တာ မဟုတ်ဘူးလား။"
"သွားမယ်၊ သွားမယ်... မြန်မြန်သွား။"
ကွမ်းထျန်းချိုင်က အဆက်မပြတ် တိုက်တွန်းနေပြီး သူ၏ မျက်နှာပြင်က အလွန်တရာ အလျင်စလို ဖြစ်နေ၏။
လူအနည်းငယ်မှာ လျင်မြန်စွာ ခရီးနှင်နေကြပြီး၊ တစ်ချိန်တည်းမှာပင် ဘေးနားရှိ မိစ္ဆာသားရဲများက ရုတ်တရက် တိုက်ခိုက် လာမည်လား ဆိုသည်ကိုလည်း သတိထားနေကြသည်။ အခြားသော မိစ္ဆာသားရဲများကလည်း ဤကဲ့သို့သော စိတ်ကူးမျိုး ရှိနေကြသည်လား မသိပေ၊ အလွန်တရာ ထူးဆန်းစွာပင် ပဋိပက္ခ မဖြစ်ပွားကြဘဲ အားလုံးက ကိုယ့်လမ်းကိုယ် ပြေးလွှားနေကြသည်။
လိုရာ ခရီးနှင့် နီးကပ်လာလေလေ ကွမ်းထျန်းချိုင်တို့ သုံးဦး၏ စိတ်နှလုံးက အေးစက်လာလေလေပင်။ ဤ ခမ်းနား ကြီးကျယ်သော မြင်ကွင်းကြီးကို ကြည့်ရုံနှင့် အများကြီး စဉ်းစားနေရန် လိုသေးလား။ နေရာက သေချာပေါက် တွေ့ရှိသွားခံရပြီဖြစ်သည်။ သူတို့ အနည်းငယ်မှာ ပြေးလွှားရင်းနှင့်လည်း ကျိန်ဆဲနေကြပြီး စိတ်ကို တင်းထားကြသည်။ မစိုးရိမ် မတုန်လှုပ်ဘဲ နေ၍ မရတော့ချေ။ ယခုအခါ တောင်တန်းပေါ်တွင် တကယ့်ကို သောင်းနှင့် ချီသော မိစ္ဆာသားရဲတွေ ပြေးလွှားနေကြသည့် မြင်ကွင်းမျိုး ဖြစ်နေသည်မဟုတ်ပါလား။ ကျပန်း တစ်သုတ်လောက် ရောက်လာလျှင်တောင် တကယ်ကို မခံနိုင်တာမျိုး ဖြစ်သွားနိုင်၏။
"ခမ်းနားလိုက်တာ...။" ဟုန်ရှောင်ပေါင်က တအံ့တဩ ပြောလိုက်၏။
သူ၏ ဘဝနှစ်ခုစလုံးတွင် တိရစ္ဆာန် ကမ္ဘာအကြောင်း ရုပ်သံ အစီအစဉ်များတွင်သာ ဤကဲ့သို့သော မြင်ကွင်းမျိုးကို မြင်ဖူးခဲ့သည်။ ထပ်ပြီး ချီးကျူးစကား အနည်းငယ် ပြောဆိုလိုသေးသော်ငြား ကွမ်းထျန်းချိုင်က အနည်းငယ်မျှ အားနာ လေးစားခြင်း မရှိဘဲ အော်ဟစ်လိုက်၏။ "ဘာကြောင်ကြည့်နေတာလဲ။ လာလေ... သွားကြမယ်။"
"ဟားဟား ... ခင်ဗျားက ဘာဖြစ်လို့ ဒေါသတွေ ထွက်နေတာလဲ။" ဟုန်ရှောင်ပေါင်က ပြုံးလိုက်သည်။ နောက်ထပ် အားနာမနေတော့ချေ။
ကွမ်းထျန်းချိုင် ကြောင်အသွား၏။ ဟုန်ရှောင်ပေါင်နှင့် တစ်ညတာ အတူ နေထိုင်ခဲ့ရာတွင် ဤသူသည် 'မတရား ပြုမူခံရလည်း သည်းခံ ကျေနပ်သည်' ဆိုသော စကားလုံးကို အပြီးတိုင် ဖော်ကျူးပြခဲ့သည်။ ယခုအခါ သူ နားကြားမှားသလားဟု ချက်ချင်း သံသယ ဝင်သွားခဲ့၏။ "မင်း ဘာပြောလိုက်တာလဲ။"
"ဘာမှမပြောပါဘူး... ခရီးနှင်မယ်၊ ခရီးနှင်မယ်... မြန်မြန်သွားကြမယ်။"
ဟုန်ရှောင်ပေါင်၏ မျက်နှာပြင်က ရုတ်တရက် ပြောင်းလဲသွားပြီး လေးလေးနက်နက် အော်ဟစ်လိုက်သည်။ "ဒီထက် မမြန်ရင် နောက်ကျသွားလိမ့်မယ်။"
ပြောပြီးသည်နှင့် ခြေကုန်သုတ် ပြေးလွှားတော့ရာ လျင်မြန်စွာပင် လူအများကို နောက်တွင် ချန်ထားရစ်ခဲ့တော့၏။
"အို ...။" ကွမ်းထျန်းချိုင်က အလိုအလျှောက် ထအော်လိုက်မိပြီး ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ဘဲ ဟုန်ရှောင်ပေါင်၏ နောက်မှ အရူးအမူး လိုက်လံ ပြေးလွှားတော့၏။ သူ မှင်သက် ကြောင်အ နေခဲ့ပြီ ဖြစ်သည်။
ဒီကောင် ဘာပြောသွားတာလဲ။ ငါ နားကြားမှားသွားတာများလား။
"အစ်ကိုကြီး ... ဒီ ဟုန်ရှောင်ပေါင်ကို ဘယ်လို လုပ်မလဲ။" လော်မင်ကျဲက ကွမ်းထျန်းချိုင်၏ ဘေးသို့ ပြေးလာပြီး မျက်မှောင်ကြုတ်လျက် မေးလိုက်၏။
"ဘယ်လို လုပ်ရမှာလဲ။ လိုဏ်ဂူဝ ရောက်တာနဲ့ တန်းပြီး လမ်းခွဲကြတာပေါ့။"
ကွမ်းထျန်းချိုင်က တီးတိုး ပြောလိုက်သည်။ "ဒီလူက ဒုတိယအဆင့် ဆိုပေမဲ့ စွမ်းအားက အရမ်း ညံ့တယ်။ မူလက ငါတို့ သူ့ကို ခေါ်လာတာကလည်း ပစ္စည်းတွေ သယ်ဖို့ သတ်သတ်ပဲ။"
"ဒါ ... ဒါက သိပ်မကောင်းဘူး မလားဗျာ။"
နိမ့်ရန်ကမူ မျက်မှောင်ကြုတ်လျက် ပြောလိုက်၏။ "အစ်ကိုကြီး ... ဟုန်ရှောင်ပေါင်က မနေ့ညက တိုက်ပွဲမှာ ကျုပ်တို့ကို တစ်ကြိမ် ကယ်တင်ပေးခဲ့တယ်လို့ ဆိုရမယ်။ ဒီနေရာမှာ မိစ္ဆာသားရဲတွေ ဒီလောက် များတာ... သူရဲ့ စွမ်းအားကလည်း အားနည်းတယ်။ သူ့ကို တစ်ယောက်တည်း ထားခဲ့ရင် သေချာပေါက် သေလမ်းပဲ ရှိတော့မှာပေါ့။"
"မင်း သူ့ကို တစ်စု ခွဲပေးချင်သေးလို့လား။"
ကွမ်းထျန်းချိုင်၏ မျက်နှာပြင်ပေါ်တွင် ဒေါသအရိပ်အယောင်တွေ ပေါ်လာသည်။ "အဲဒါက ဒြပ်ငါးပါး သက်ရှိကွ... တန်ဖိုး မဖြတ်နိုင်တဲ့ ပစ္စည်း။"
"သူ့ကို တစ်စု ခွဲပေးမှာလား။ အဲဒါတော့ သဘာဝကျကျ မဖြစ်နိုင်ဘူး။" နိမ့်ရန်က ပြတ်သားစွာ ပြောလိုက်၏။
ဤအချက်တွင် သူသည် ကွမ်းထျန်းချိုင်နှင့် လုံးဝ တစ်ထပ်တည်း ကျနေသည်။
"ဒါဆိုရင် ခဏနေကျရင် သူ့ကို ရှင်းရှင်းလင်းလင်း ပြောပြလိုက်မယ်။ သံမဏိ သတ္တုတွင်းထဲက ပစ္စည်းတွေထဲက တစ်ဆယ်ရာခိုင်နှုန်းကို တကယ်ပဲ သူ့ကို ခွဲပေးမယ်...။ အဲဒါက သူ ရနိုင်သမျှ အကုန်ပဲ။ အခြား ပစ္စည်းတွေ ဘာပဲရရ သူနဲ့ လုံးဝ မသက်ဆိုင်ဘူး... အဲဒီလိုဆို အဆင်ပြေလား။"
"ရတယ်။" ကွမ်းထျန်းချိုင်က ပြတ်သားစွာ ဖြေလိုက်၏။
သူတို့၏ ဤအကြိမ် ခရီးစဉ် ရည်ရွယ်ချက်မှာ ဒြပ်ငါးပါး သက်ရှိ ပင်ဖြစ်သည်။
"ဒါဆို ကျုပ်သွားပြီး သူ သဘောတူလား၊ မတူဘူးလား သွားမေးကြည့်လိုက်မယ်။" နိမ့်ရန်က ပြောရင်း ခြေလှမ်းများကို အရှိန်မြှင့်လိုက်ပြီး ဟုန်ရှောင်ပေါင်ဆီသို့ ပြေးသွားလိုက်၏။
"မေးနေစရာ လိုသေးလို့လား။"
ကွမ်းထျန်းချိုင်ကတော့ အေးစက်စက် ရယ်မောလိုက်သည်။ "အခု ဒီနေရာမှာ မိစ္ဆာသားရဲတွေ စုရုံးနေကြတာ... ငါတို့ မရှိရင် သူ ဒီနေရာမှာ ကြက်ဥအိုကြီး တစ်လုံးလိုပဲ။ ငါတို့က သဘောကောင်းလွန်းလို့သာပေါ့... မဟုတ်ရင် အခုချိန်မှာ သူ့ရဲ့ ပိုင်ဆိုင်မှုအားလုံးကို ထုတ်ပေးဖို့ ခြိမ်းကြပ်ပြီးမှ ငါတို့ရဲ့ ကာကွယ်မှုကို လဲလှယ်ယူလို့ ပြောရင်တောင် သူ သဘောတူရမှာပဲ။"
ကွမ်းထျန်းချိုင်က ပြောရင်း နောက်တစ်ကြိမ် အရှိန်မြှင့်လိုက်ပြီး၊ ဟုန်ရှောင်ပေါင်နှင့် နိမ့်ရန်တို့ကို လျင်မြန်စွာ အမီလိုက်သွား၏။ ယခုအခိုက်အတန့်တွင် နိမ့်ရန်က သူတို့၏ စည်းကမ်းချက်များကို ပြောဆို ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။ သို့နှင့် မေးလိုက်၏။ "မင်း သဘောတူလား။"
ဟုန်ရှောင်ပေါင်က အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ အလွန်တရာ ပြတ်သားစွာ ဖြေလိုက်သည်။ "သေချာပေါက် မသဘောတူနိုင်ဘူးလေ။"
"မင်း ဘာပြောလိုက်တာလဲ။"
ကွမ်းထျန်းချိုင် ကြောင်အသွား၏။ သူ ကိုယ်ကိုယ်ကိုယ် နားကြားမှားတာလား ဟုပင် သံသယ ဝင်သွားခဲ့သည်။ "မင်း ဘာပြောလိုက်တာလဲ။ အခု လက်ရှိ အခြေအနေကို မင်း သိရဲ့လား။ ငါတို့ မရှိရင် မင်း နံ့သာတိုင် တစ်ဝက်စာလောက်တောင် အသက်မရှင်နိုင်ဘူး ဆိုတာ မင်း သိရဲ့လား။"
နိမ့်ရန်လည်း ကြောင်အသွားပြီး မျက်မှောင်ကြုတ်လျက် ပြောလိုက်၏။ "ညီလေးဟုန် ... ငါတို့ နည်းနည်း သဘောမကောင်းတာ ဖြစ်ကောင်း ဖြစ်နိုင်ချေ ရှိပါတယ်။ ဒါပေမဲ့ မူလတည်းက ငါတို့ သဘောတူထားတာက သံမဏိ သတ္တုတွင်း ထဲက တစ်ဆယ်ရာခိုင်နှုန်းသော သံမဏိတွေပဲလေ။ ဒီ တောင်တစ်လုံးလုံးမှာ ပြည့်နှက်နေတဲ့ မိစ္ဆာသားရဲတွေကိုလည်း မင်း မြင်တဲ့အတိုင်းပဲ။ နောက်ပိုင်း အခြေအနေက အလွန်တရာ ရှုပ်ထွေး ခက်ခဲတော့မှာ။ တကယ်လို့များ ငါတို့က လောဘကြီးတဲ့ သိုင်းကျင့်ကြံသူတွေ ဖြစ်နေရင်... မင်းရဲ့ ပိုင်ဆိုင်မှု အားလုံးကို ထုတ်ပေးပြီးမှ ငါတို့ရဲ့ ကာကွယ်မှုကို လဲလှယ်ယူလို့ ပြောရင်တောင် မင်း သဘောတူရမှာပဲ။"
နိမ့်ရန်က ဟုန်ရှောင်ပေါင်ကို တည့်တည့်မတ်မတ် စိုက်ကြည့်လိုက်သည်။ "မင်း တစ်ယောက်တည်း ဒီနေရာမှာ ခြေတစ်လှမ်းတောင် တိုးဖို့ မလွယ်ဘူး။"
"လောဘစိတ် အနည်းငယ်လေး အတွက်နဲ့ ကိုယ့်ကိုယ်ကိုယ် မဖျက်ဆီးပါနဲ့။"
ကွမ်းထျန်းချိုင်က အေးစက်စက် ရယ်မောလိုက်၏။ "ဝန်ထုပ်ဝန်ပိုး ဆိုတာ ဘာလဲ မင်း နားလည်လား။"
"သိတာပေါ့...။"
ဟုန်ရှောင်ပေါင်က ပုခုံးတွန့်လိုက်သည်။ "ဒါကြောင့်ပဲ ခင်ဗျားတို့ကို ခွဲခွာဖို့ ရွေးချယ်လိုက်တာလေ။"
နိမ့်ရန် ကြောင်အသွား၏။ ကွမ်းထျန်းချိုင်နှင့် လော်မင်ကျဲတို့ နှစ်ဦးစလုံးလည်း ကြောင်အသွားကြသည်။ သူတို့က ဟုန်ရှောင်ပေါင်၏ စကားထဲမှ ဝန်ထုပ်ဝန်ပိုး ဆိုသည်မှာ ဘယ်သူ့ကို ရည်ညွှန်းမှန်း ရှင်းရှင်းလင်းလင်း မသိကြချေ။ မိမိတို့အပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် သူက ကိုယ့်ဘာသာ ထွက်ခွာသွားရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်ဟု ထင်မှတ်နေကြဆဲပင်။
ဤတစ်ချက်က အလွန်တရာ မြင့်မြတ်သော၊ စင်ကြယ်သော အပြုအမူ ဖြစ်သည်ဟု တွေးတောမိကြသည်။ ဤအန္တရာယ်များသော အချိန်တွင် သူတို့၏ စိတ်နှလုံးကို ပြင်းထန်စွာ တုန်လှုပ်သွားစေခဲ့၏။ လော်မင်ကျဲ ဆိုလျှင် သူ့ကို ပြန်လည် ခေါ်ယူချင်သည့် စိတ်ဆန္ဒပင် ဖြစ်ပေါ်လာခဲ့သည်။
"ဒါက မင်း ကိုယ့်ဘာသာ ရွေးချယ်တာပဲ။ သေလမ်းကို အတင်း ရှာချင်နေရင် ငါတို့ကို မဆိုးနဲ့တော့။"
ကွမ်းထျန်းချိုင်က အေးစက်စက် ရယ်မောလျက် တောင်အောက်ရှိ လမ်းငယ်လေး တစ်ခုဆီသို့ လက်ညှိုးထိုးပြလိုက်၏။ "အဲဒီမှာ ရေတံခွန် သေးသေးလေး တစ်ခု ရှိတယ်။ ရေတံခွန်ရဲ့ အနောက်မှာ သံမဏိ သတ္တုတွင်း ရှိတယ်။ မင်း သွားယူတော့...။ သဘောကောင်းတဲ့ အနေနဲ့ ပြောလိုက်မယ်... မင်း ဘယ်လောက် ယူချင် ၊ ယူချင် သဘောအတိုင်း ယူပေတော့။"
"အိုအို... ကောင်းပါပြီ။"
ဟုန်ရှောင်ပေါင်က ပြောရင်း ခွေးတူဝက်တူကြီး၏ ကျောပေါ်ရှိ ပစ္စည်းများကို ဖြုတ်ချတော့၏။ ဤပစ္စည်းများကို တစ်ခုပြီးတစ်ခု မြေပြင်ပေါ်တွင် ဖြုတ်ချလိုက်ပြီး ပြောလိုက်သည်။ "စစ်ဆေး ရေတွက်ကြည့်ချင်သေးလား။"
"မလိုဘူး။"