← Chapters

အခန်း (၁၅၉-၁၆၀)

Vol. 14 Ch. 159-160

အခန်း (၁၅၉-၁၆၀)

Vol. 14 Ch. 159-160

အပိုင်း (၁၅၉) ကိုယ့်လမ်းကိုယ်လျှောက်မယ်။

ကွမ်းထျန်းချိုင်က အေးစက်စက် ရယ်မောလိုက်၏။ "နောက်နောင် မတွေ့ကြကြေးပဲ။"

"အယ်ယို ... ဘာဖြစ်လို့ အဲဒီလောက် ပါးစပ်ပေါက်ဆိုးရတာလဲ"

ဟုန်ရှောင်ပေါင်က ပြုံးရွှင်စွာ ပြောလိုက်သည်။ "ကောင်းကောင်းမွန်မွန် အသက်ရှင်ပါဗျာ …။"

ပြောရင်း တင်ပါးကို တစ်ရမ်းရမ်းနှင့် သွားလာတတ်သော ထိပ်ဖြူ ခွေးတူဝက်တူကြီးကို ခေါ်ဆောင်ကာ ဤနေရာမှ ထွက်ခွာသွားတော့၏။

လူအနည်းငယ်မှာ မှင်သက် ကြောင်အ နေကြဆဲပင်။ လော်မင်ကျဲက အတန်ကြာမှ စကားတစ်ခွန်း ဖြတ်ပြောလိုက်သည်။ "ဒီကောင် တစ္ဆေ ဝင်ပူးခံထားရတာများလား ...။"

နိမ့်ရန်က တစ်ခုခု ထပ်ပြောလိုသေးသော်ငြား၊ တအံ့တဩ အော်ဟစ်လိုက်မိ၏။ ဦးချို လေးချောင်း ပါရှိသော နွားသဏ္ဌာန် မိစ္ဆာသားရဲ တစ်ကောင်က အရှိန် ပြင်းထန်စွာ ပြေးဝင်လာသည်။ သူတို့ အနည်းငယ်၏ စိတ်ထဲတွင် တုန်လှုပ်သွားကြပြီး အလောတကြီး ရှောင်တိမ်းလိုက်ကြ၏။ နောက်ပြန် လှည့်ကြည့်သည့် အချိန်တွင်မူ အခြား တစ်ဖက်ရှိ ဟုန်ရှောင်ပေါင်မှာ လူတိုင်း၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။။

"တကယ်ကို စည်ကားနေတာပဲ။" ဟုန်ရှောင်ပေါင်က ခွေးတူဝက်တူကြီးကို ခေါ်ဆောင်ကာ တောင်အောက်သို့ တစ်ဆင့်ပြီးတစ်ဆင့် ဆင်းလာခဲ့၏။ သူ ဘယ်လိုပဲ ကြည့်ကြည့် ဤနေရာသည် မိစ္ဆာသားရဲတို့၏ အစည်းအဝေးကြီး တစ်ခု ကျင်းပနေသကဲ့သို့ ခံစားနေရသည်။ မော့ကြည့်လည်း မိစ္ဆာသားရဲ၊ ငုံ့ကြည့်လည်း မိစ္ဆာသားရဲတွေချည်းပဲ ဖြစ်နေသည်။

မြေအောင်း ပုစဉ်းမီး ရင့်မှည့်ရန် အချိန်အနည်းငယ် လိုအပ်သေးကြောင်း အဘိုးက ပြောပြထားသည်။ ယခုအခိုက်အတန့်တွင် သွားရောက်လည်း ဘာမှ အသုံးမဝင်ချေ။ ဟုန်ရှောင်ပေါင်က ရွှေနက်ကို သတိရနေသဖြင့် ထို သံမဏိ သတ္တုတွင်းဆီသို့ အလျင်စလို သွားရောက်လိုက်၏။

တောင်ပေါ်လမ်းက သိပ်ပြီး မမတ်စောက်လှချေ။ သို့ပေမည့် မီတာ တစ်ရာလောက် ကွာဝေးတိုင်းတွင် ချောက်ကမ်းပါး အသေးလေး တစ်ခုနှင့် အမြဲတမ်း တွေ့ဆုံရသည်။ ဟုန်ရှောင်ပေါင်နှင့် ထိပ်ဖြူ ခွေးတူဝက်တူကြီးတို့ကတော့ တစ်ချက်တည်း ခုန်ဆင်းလာခဲ့ကြ၏။ ခဏအကြာတွင် ထို ရေတံခွန် သေးသေးလေး ရှိရာသို့ ရောက်ရှိလာကြသည်။

ဝုန်း ... ဝုန်း ... ဝုန်း

ရေတံခွန်၏ အသံက ဝုန်းဒိုင်းကျယ် မြည်ဟည်းနေဆဲ ဖြစ်၏။ ရေ အနည်းငယ်က ထိုးထွက်နေသော ကျောက်ဆောင် ကြီးတစ်လုံးအပေါ်သို့ ကျရောက်ရိုက်ခတ်ပြီး၊ ရေတံခွန်၏ ခါးလယ် နေရာတွင် ထီးတစ်လက် ကဲ့သို့သော ရေကာကွယ်မှု တစ်ခုကို ဖြစ်ပေါ်စေ၏။

ရေငွေ့များလည်း ထိုနေရာမှ ဖြာထွက်သွားပြီး တောင်ကြား တစ်ခုလုံးတွင် ရေငွေ့များ အလွန်တရာ ထူထပ်နေစေ၏။ အောက်ဘက်ရှိ ရေကန် အသေးလေး အတွင်းတွင်မူ ဦးခေါင်းပေါ်၌ လခြမ်းပုံ အဖြူရောင် အစက်အပြောက် ရှိသော သမင်ဖြူ သားရဲတစ်ကောင်က ခေါင်းငုံ့၍ ရေ သောက်သုံးနေသည်။

ဟုန်ရှောင်ပေါင်ကို မြင်လိုက်ရသည့်အခါ ချက်ချင်းပင် ထိတ်လန့်သွားပြီး ခန္ဓာကိုယ်ကို နှိမ့်ချလိုက်၏။ နောက်တစ်ခဏတွင် မီတာ ဆယ်ကျော်ခန့် မြင့်မားစွာ ခုန်ပျံတက်သွားပြီး ချောက်ကမ်းပါးပေါ်သို့ တန်းခနဲ ရောက်ရှိသွားသည်။ ချောက်ကမ်းပါးပေါ်တွင် အကြိမ်အနည်းငယ် ခုန်ပေါက် သွားလာပြီး တောင်ကြားကို တဝက်ကျော်လောက် ပတ်ပြကာ လှပသော ပြေးလွှား ခုန်ပျံမှုများ ပြုလုပ်ပြီးနောက် ပျောက်ကွယ်သွား၏။

"အရမ်း စွမ်းတာပဲ သမင်အစ်ကိုကြီး။"

ဟုန်ရှောင်ပေါင်က ချီးကျူးစကား ဆိုလိုက်ပြီး တအံ့တဩ ဖြစ်နေခဲ့သည်။ ဤစွမ်းရည် တစ်ခုတည်းကတင် မျိုးဆက် ထောင်ပေါင်းများစွာ၊ သောင်းပေါင်းများစွာ လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့သော အရာ ဖြစ်လောက်သည်။

ထိုအခါမှ ဟုန်ရှောင်ပေါင်က ရေတံခွန်ကို သေသေချာချာ အကဲခတ် ကြည့်ရှုလိုက်၏။ ဘယ်ဘက် အခြမ်းမှာ ထိုးထွက်နေသော ကျောက်ဆောင် ကြီးတစ်ခု၏ ခါးလယ်မှ ဖြတ်တောက် တားဆီးခြင်းကို ခံထားရပြီး၊ ညာဘက် အခြမ်းကတော့ ရေကန် အတွင်းသို့ တည့်တည့်မတ်မတ် စီးကျနေသည်။

ရေစက်လေးတွေက ကျောက်တုံးကို ထွင်းဖောက် နိုင်သည် ဆိုသော သဘောတရားကို ဟုန်ရှောင်ပေါင် မရေမတွက်နိုင်အောင် ကြားဖူးခဲ့ပြီး ဖြစ်၏။ သာမန်အားဖြင့်ဆိုလျှင် အသစ်ဖြစ်ပေါ်လာသည့် ရေတံခွန် မဟုတ်သရွေ့ ထိုးထွက်နေသော ထိကျောက်ဆောင်ကြီးမှာ ရေစီးကြောင်း၏ တိုက်စားမှုကြောင့် စောစောစီးစီးကတည်းက ပျောက်ကွယ် သွားသင့်နေပြီ ဖြစ်သည်။ သို့ပေမည့် ဤ ကျောက်တုံးကြီးကတော့ ရှည်လျားသော အချိန်ကာလ အတွင်း၌ တောင့်ခံ နေနိုင်ဆဲ ဖြစ်၏။

ဤသို့ စဉ်းစားမိသောအခါ ဟုန်ရှောင်ပေါင်၏ စိတ်ထဲတွင် ချက်ချင်းပင် ဝမ်းသာသွားခဲ့သည်။ "ဟားဟား ... အဘိုး … ဒီကျောက်တုံးကြီး ထဲမှာ မဆိုးလှတဲ့ ကုန်ကြမ်းတွေ ရောနှော ပါဝင်နေတာ ဖြစ်ရမယ်။"

"အင်း ...။"

ယင်းကျိုယိုက ခေါင်းညိတ်လိုက်၏။ "ဒီကျောက်တုံးကို သံမဏိ သတ္တုရိုင်းတုံးကြီး တစ်တုံးလို့ မှတ်ယူလို့ ရတယ်။ အထဲမှာ အခြားကုန်ကြမ်းတွေလည်း ရောနှော ပါဝင်နေလောက်ပေမဲ့ ငါ့ရဲ့ အခုလက်ရှိ အသိစိတ် ကန့်သတ်ချက် အရတော့ တိတိကျကျ ဘာပစ္စည်းလဲ ဆိုတာကို ခွဲခြား မသိနိုင်ဘူး။"

ဆိုလိုသည်က အလွိုင်း သတ္တုဖြစ်ပေမည်။ ဟုန်ရှောင်ပေါင် စိတ်ထဲမှ တိတ်တဆိတ် တွေးတောလိုက်၏။

အရာဝတ္ထု အတော်များများက အခြားသော ပစ္စည်းများ သတ်မှတ် အချိုးအစားအတိုင်း ပါဝင်လာသည့်အခါ ပျော့ပြောင်းမှုနဲ့ မာကျောမှုတွေက ပျံသန်းသွားသလိုမျိုး အခြေအနေတစ်ခုအထိ မြင့်တက်လာတတ်ကြသည်။ ကြည့်ရသည်မှာ ဤကျောက်ဆောင်ကြီးကလည်း ထိုသို့ပင်ဖြစ်ရမည်။

ရေငွေ့က အလွန် ထူထပ်ပြီး ရေကန်၏ ပတ်လည်ရှိ နံရံ လေးဖက်စလုံးက အလွန်တရာ ချောကျိလွန်းလှ၏။ ပုံစံကို ကြည့်ရသည်မှာ တွယ်တက်စရာနေရာ လုံးဝ မရှိသည့် ပုံပေါ်သည်။

ဟုန်ရှောင်ပေါင်ကလည်း အတင်းအကျပ် ဝင်ရောက်ရန်သာ တွေးတောလိုက်၏။ အရင်ဆုံး ကျောက်တုံးကြီး အနည်းငယ်ကို စမ်းသပ် ကောက်ယူပြီး ရေတံခွန်ဆီသို့ ပစ်သွင်းလိုက်သည်။ ဒိုင်းဒိုင်း ဆိုသော ထိခတ်သံများနှင့်အတူ နေရာအတော်များများကို ပြောင်းလဲ ပစ်သွင်းကြည့်လိုက်သည်။ ပြီးနောက် နောက်ဆုံးတွင် ကျောက်တုံးကြီး တစ်တုံးက ရေကာကွယ်မှုကို ဖောက်ထွင်းသွားသည့် အချိန်တွင်၊ ကြည်လင်သော ထိခတ်သံ ထွက်ပေါ်မလာတော့ဘဲ၊ လိုဏ်ဂူ တစ်ခု အတွင်းသို့ ပစ်သွင်းလိုက်ရသကဲ့သို့ ဟာလာဟင်းလင်း ဖြစ်ပြီး ရှည်လျားသော အသံ တစ်ခု ထွက်ပေါ်လာခဲ့၏။

"ဟားဟား ... ဒီနေရာပဲ။"

ဟုန်ရှောင်ပေါင်က ဝမ်းသာအားရ ပြောလိုက်ပြီး ကျောက်တုံးကြီး အနည်းငယ် ထပ်မံ ပစ်သွင်းကာ လိုဏ်ဂူဝ၏ အရွယ်အစားကို အတည်ပြုလိုက်သည်။ ထို့နောက် ပြုံးလျက် ပြောလိုက်၏။ "ခွေးတူဝက်တူကြီး ... မင်း ဒီနေရာမှာ စောင့်နေ။ သခင်လေး .. ငါ သွားပြီး ချက်ချင်း ပြန်လာခဲ့မယ်။"

ပြောရင်း ဟုန်ရှောင်ပေါင်က ခွေးတူဝက်တူကြီး၏ ကျောပေါ်ရှိ အထုပ်အပိုးအတွင်းမှ သံမဏိ ဒယ်အိုးကြီးကို ဆွဲထုတ်လိုက်၏။ ခြေလှမ်း အနည်းငယ် ဆုတ်ခွာလိုက်ပြီး အစွမ်းကုန် အရှိန်ယူ ပြေးသွားတော့သည်။ ရေကန် ကမ်းစပ်သို့ ရောက်သည့်အခါ ခြေဖဝါးအောက်မှ ကြီးမားသော ခွန်အားက ပြင်းထန်စွာ ပေါက်ကွဲ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်က အမြောက်ဆန် တစ်ခုပမာ ခုန်ပျံ ထွက်ခွာသွားခဲ့၏။

တိကျသေချာပြီး ပြင်းထန်သော အရှိန်အဟုန်ဖြင့် ရေကာကွယ်မှုကို ဖောက်ထွင်းကာ လိုဏ်ဂူ အတွင်းသို့ တည့်တည့်မတ်မတ် တိုးဝင်သွားတော့သည်။

ဘုန်း ...

"အယ်ယို ...။" ဟုန်ရှောင်ပေါင်က နဖူးကို ဖိကိုင်လျက် နာကျင်စွာ အော်ဟစ်လိုက်၏။ မော့ကြည့်လိုက်ရာ သူ တိုက်မိသည့် တရားခံ ဖြစ်သော တွဲလောင်း ကျနေသည့် ကျောက်စက်ပန်းဆွဲ ကြီးတစ်လုံးကို တွေ့လိုက်ရ၏။

ဟုန်ရှောင်ပေါင် ဒေါသ ထွက်သွားပြီး ဤ ကျောက်စက်ပန်းဆွဲကြီးကို ဖမ်းဆွဲ၍ အားရပါးရ ချိုးဖဲ့ချလိုက်၏။ သံမဏိဒယ်အိုးကြီးဖြင့် မှုန့်မှုန့်ညက်ညက် ကြေမွသွားအောင် ထုရိုက်ပြီးမှသာ ဦးခေါင်းကို ပွတ်သပ်လျက် လိုဏ်ဂူ အတွင်းသို့ တစ်ဆင့်ပြီးတစ်ဆင့် ဝင်ရောက်သွားတော့သည်။

ဤသည်က ဟုန်ရှောင်ပေါင်၏ တစ်သက်တာတွင် လိုဏ်ဂူတစ်ခု အတွင်းသို့ ပထမဆုံး အကြိမ် ဝင်ရောက်ဖူးခြင်း ပင်ဖြစ်၏။ ရိုးရိုးသားသား ပြောရလျှင် ဟုန်ရှောင်ပေါင်က လိုဏ်ဂူ ဆိုသည်မှာ ရုပ်မြင်သံကြားထဲတွင် မြင်တွေ့ရသကဲ့သို့ အရှေ့သို့ တည့်တည့်မတ်မတ် သွားရုံဖြင့် အနက်ဆုံး နေရာအထိ ရောက်ရှိနိုင်သော လိုဏ်ဂူမျိုး ဖြစ်သည်ဟု ထင်မှတ်ထားခဲ့သည်။ သို့ပေမည့် တစ်ချက် ကြည့်လိုက်ရုံနှင့်ပင် ထိုသို့ မဟုတ်ကြောင်းကို သူ တွေ့ရှိသွားခဲ့၏။

လိုဏ်ဂူ အဝင်ဝတွင် လုံးဝနီးပါး ဒေါင်လိုက် စီးကျနေသော... ရေတွင်းတစ်ခုရှိနေသည်..။ တကယ်ဆို ဤအရာကို လိုဏ်ဂူဟုပင် မခေါ်သင့်ပေ။

"အရမ်း စွမ်းတာပဲ။"

ဟုန်ရှောင်ပေါင်က တအံ့တဩ ပြောလိုက်ပြီး သံမဏိ ဒယ်အိုးကြီးကို ပါးစပ်ဖြင့် ကိုက်ထားလိုက်၏။ ဤ ရေတွင်း အတွင်းမှ ထိုးထွက်နေသော ကျောက်တုံးလေးများကို ဖမ်းဆွဲကာ အောက်ဘက်သို့ ဖြည်းညင်းစွာ တွယ်ဆင်းသွားသည်။

တစ်ချိန်တည်းမှာပင် စိတ်ထဲ၌လည်း အံ့ဩနေမိ၏။ လေမည်းကျားသစ်က တစ်လျှောက်လုံး ဤသို့ တွယ်တက် တွယ်ဆင်း လုပ်နေခဲ့သည်လား။

ယင်းကျိုယိုက ဟုန်ရှောင်ပေါင်ကို မိစ္ဆာသားရဲများ အကြောင်း မိတ်ဆက်ပေးစဉ်က မိစ္ဆာသားရဲ တစ်ကောင်ချင်းစီ၏ သဘာဝ စရိုက်များကို ပြောပြပြီး အသေအလဲ ကျက်မှတ်ခိုင်းခဲ့ခြင်း မရှိချေ။ အဓိက မိစ္ဆာသားရဲ မျိုးနွယ်ကြီးများ၏ ဝိသေသ လက္ခဏာများကိုသာ ပြောပြခဲ့ခြင်း ဖြစ်၏။

ကျားသစ် မျိုးနွယ်များမှာ သဘာဝ အားဖြင့် ရက်စက် ကြမ်းကြုတ်ကြသည်။ သို့ပေမည့် တစ်ချိန်တည်းမှာပင် သံသယလည်း များတတ်ကြသည်။

ကွမ်းထျန်းချိုင်တို့ ပြောခဲ့သကဲ့သို့ပင် အကယ်၍ တကယ်ပဲ ဒဏ်ရာ ရထားမည် ဆိုပါက ဒဏ်ရာ မကျက်မချင်း ဤ လိုဏ်ဂူ အတွင်းသို့ ပြန်လာလောက်မည် မဟုတ်ချေ။

ဒါလည်း ကောင်းတာပဲ... ငါလည်း သူ့ကို မရိုက်နှက်ချင်ဘူး။

ခဏအကြာတွင် ဟုန်ရှောင်ပေါင် အောက်ဆုံးသို့ ရောက်ရှိသွားခဲ့၏။ ဤနေရာရှိ လိုဏ်ဂူကလည်း ထူးဆန်းနေဆဲ ပင်ဖြစ်သည်။ တစ်ခါတစ်ရံ အပေါ်သို့ တက်ရပြီး တစ်ခါတစ်ရံ အောက်သို့ ဆင်းရ၏။ လျင်မြန်စွာပင် ဟုန်ရှောင်ပေါင် မှင်သက်သွားသည်။ လမ်းခွဲ တစ်ခု ပေါ်လာပြန်လေပြီ။

ဟုန်ရှောင်ပေါင် ယခု ရောက်ရှိနေသော နေရာမှာ အခန်း တစ်ခန်းစာမျှ ကြီးမားသည့် လိုဏ်ဂူငယ်လေး တစ်ခု ဖြစ်၏။ ခန္ဓာကိုယ်ကို မတ်တပ်ရပ်ရုံလောက်သာ ရသည်။ ဤလမ်းခွဲကလည်း ဟုန်ရှောင်ပေါင် မူလက စဉ်းစားထားခဲ့သည့် ဝိုင် (Y) အက္ခရာ ပုံစံ လမ်းခွဲမျိုး မဟုတ်ချေ။ တစ်ခုက ဘယ်ဘက် အပေါ်ထောင့်တွင် ရှိပြီး ကျန်တစ်ခုက ညာဘက် အောက်ထောင့်တွင် ရှိနေ၏။

ကြည့်ရတာတော့ ဘယ်ဘက် အပေါ်ထောင့်က လမ်းခွဲက အပေါ်ကို သွားတဲ့ ပုံပဲ...။ နောက်တစ်ခုကတော့ ခန့်မှန်းခြေ အောက်ကို သွားတဲ့ ပုံပဲ...။

"ထူးဆန်းလိုက်တဲ့ လိုဏ်ဂူကြီးပါလား ...။" ဟုန်ရှောင်ပေါင်က ကြောင်တောင်တောင်ဖြင့် ရေရွတ်လိုက်ပြီး ဘယ်လမ်းကို ရွေးရမလဲ ဟု စဉ်းစားနေစဉ်မှာပင် သူ၏ စိတ်ထဲတွင် လှုပ်ရှားသွားခဲ့၏။

အောက်ဘက်သို့ သွားသော လိုဏ်ဂူဝတွင် ခြေရာများ ရှိနေသည်။ လူ့ခြေရာများ ပင်ဖြစ်သည်။

အပိုင်း (၁၆၀) လာခဲ့စမ်း … လေမည်းကျားသစ်။

"ဟားဟား ... ဒီနေရာပဲ ဖြစ်ရမယ်။" ဟုန်ရှောင်ပေါင် အလွန်တရာ ဝမ်းသာသွားပြီး လိုဏ်ဂူ အတွင်းသို့ ချက်ချင်း လျှောက်ဝင်သွားလိုက်၏။

ရှုပ်ရှုပ်ထွေးထွေးနှင့် လမ်းအတော်များများ ကွေ့ပတ် လျှောက်လှမ်းပြီးနောက်... တစ်ခါတစ်ရံ အပေါ်တက်၊ တစ်ခါတစ်ရံ အောက်ဆင်း၊ တစ်ခါတစ်ရံ ဘယ်ကွေ့၊ တစ်ခါတစ်ရံ ညာကွေ့ဖြင့် သွားလာခဲ့ရာ၊ ဟုန်ရှောင်ပေါင်မှာ လိုဏ်ဂူဝက သူ၏ မည်သည့် အရပ်တွင် ရှိနေမှန်း လုံးဝ မသိတော့ချေ။

ဟုန်ရှောင်ပေါင်ကို အံ့အားသင့် ဝမ်းသာသွားစေသည့်အချက်မှာ နောက်ဆုံးတွင် သတ္တုများကို တွေ့ရှိသွားခြင်းပင်။

"ဟားဟားဟား … ကောင်းလိုက်တာ ...။" ဟုန်ရှောင်ပေါင် အလွန်တရာ ဝမ်းသာသွား၏။

ဤ သံမဏိ သတ္တုများက သိုင်းကျင့်ကြံသူများအတွက် အသုံးဝင်မှု သိပ်မများလှချေ။ ပုံမှန်အားဖြင့် ကြီးမားသော ပစ္စည်းများတွင်သာ အသုံးပြုကြသည်။ ဥပမာ... ကြီးမားသော စက်ကွင်း အစီအရင်များ၊ ရထားလုံး ကဲ့သို့သော ယာဉ်များ၊ ထပ်မံပြောရလျှင် နန်းတော် အဆောက်အအုံများ စသည်တို့တွင်သာ အသုံးပြုကြသည်။

သို့ပေမည့် သာမန် သေမျိုးများအတွက်မူ ဤအရာများ အားလုံးက အဆင့်မြင့် ရွှေစင်ကြီးများဖြစ်၏။ "နန်းတွင်း ဘဏ္ဍာတိုက်ဆီ သယ်သွားချင်စိတ်တောင် ပေါက်လာပြီ။"

ဟုန်ရှောင်ပေါင်က ကြည့်ရှုရင်း တမ်းတနေမိ၏။ သံမဏိ သတ္တုကြောက လက်ဖဝါး တစ်ဖက်စာမျှ ထူထဲသည်။ ဤအထူက လူကို လန့်ဖျပ်သွားစေလောက်အောင် ကြွယ်ဝသည့် ရွှေတွင်းကြီး တစ်ခု ဖြစ်နေပြီ မဟုတ်ပါလား။

နောက်ထပ် မီတာ ဆယ်ကျော်ခန့် ဆက်လျှောက်သွားရာ ဟုန်ရှောင်ပေါင်က ပို၍ပင် တအံ့တဩ အော်ဟစ်လိုက်မိ၏။ "ဟာ .. ဟာ ... ချမ်းသာပြီကွ ...။"

လိုဏ်ဂူ နံရံတစ်ခုလုံးပေါ်တွင် ပေါ်လွင်နေသော သံမဏိ သတ္တုများမှာ သုံးဆယ်ရာခိုင်နှုန်းခန့် ရှိနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရ၏။ သို့ပေမည့် ဟုန်ရှောင်ပေါင်၏ အံ့အားတကြီး အော်ဟစ်သံ မဆုံးသေးမီမှာပင် .. "အယ်ယို ... ဒါက ...။"

မြေပြင်ပေါ်တွင် အမည်းရောင် သန်းနေသော အရိုးစု ကြီးတစ်ခု လဲလျောင်းနေပြီး မြေကြီးပေါ်တွင် အမည်းရောင် သွေးအိုင် တစ်ခု ရှိနေ၏။

ဒါက ကွမ်းထျန်းချိုင်တို့ရဲ့ အပေါင်းအပါ ဖြစ်လောက်တယ်။

ဟုန်ရှောင်ပေါင် စိတ်ထဲမှ တိတ်တဆိတ် တွေးတောလိုက်၏။ ရက်အနည်းငယ်မျှအတွင်း အသားများ လုံးဝနီးပါး ပုပ်သိုး ပျက်စီးသွားခဲ့ပြီး ဖြစ်သည်။ အရိုးများပင် အတော်လေး တိုက်စား ခံထားရ၏။ အဝတ်အစားများမှာလည်း တစ်စစီ စုတ်ပြတ်နေပြီး အရိုးစုတစ်ခုလုံးက အမည်းရောင် ပြောင်းလဲနေခဲ့သည်။ အမည်းရောင် မျက်လုံး အပေါက်ကြီး နှစ်ပေါက်က ဟုန်ရှောင်ပေါင်ကို စိုက်ကြည့်နေသကဲ့သို့ပင်။

အကယ်၍သာ သာမန် လူတစ်ယောက် ဖြစ်ခဲ့လျှင် ဤအခိုက်အတန့်တွင် သေလောက်အောင် လန့်ဖျပ်သွားမှာ သေချာလှသည်။ သို့ပေမည့် ဟုန်ရှောင်ပေါင်ကမူ ထို အမည်းရောင် မျက်ခွံ အပေါက်ကြီး နှစ်ပေါက်ကို တည့်တည့်မတ်မတ် စိုက်ကြည့်လျက် ဒေါသတကြီး အော်ဟစ်လိုက်၏။ "ဘာကြည့်တာလဲ။"

ပြောပြီးသည်နှင့် အရိုးစုကို ဂရုမစိုက်တော့ဘဲ လိုဏ်ဂူ အနက်ပိုင်းဆီသို့ တစ်ဆင့်ပြီးတစ်ဆင့် ဖြည်းညင်းစွာ လျှောက်လှမ်းသွားတော့သည်။

အနက်ပိုင်းဆီသို့ ရောက်လေလေ သံမဏိ သတ္တုကြောက ကြွယ်ဝလေလေ ပင်ဖြစ်၏။ သို့ပေမည့် ဟုန်ရှောင်ပေါင် အနည်းငယ် ကြောင်အသွားခဲ့သည်။ သူ မိစ္ဆာသားရဲ တစ်ကောင်၏ တီးတိုး အော်မြည်သံကို ကြားလိုက်ရသလိုပင်။

"လေမည်းကျားသစ် ကလေးလေး။ အမြန်ဆုံး ထွက်လာပြီး အရှုံးပေး လက်နက်ချစမ်း။"

ဟုန်ရှောင်ပေါင်က ပြုံးရွှင်စွာဖြင့် ခြေလှမ်းအနည်းငယ် လျှောက်သွားလိုက်ရာ တစ်သက်တာတွင် စိတ်ကူးနှင့်တောင် မမှန်းဆဖူးသော သတ္တဝါဆန်းကြီးတစ်ကောင်ကို တွေ့လိုက်ရ၏။

ဤသတ္တဝါဆန်းကြီး၏ အပြင်ပန်း ပုံသဏ္ဌာန်က ကျားသစ် ပုံစံ အနည်းငယ် ကျန်ရှိနေသေးသည်။ အရေပြားနှင့် အမွှေးအမျှင်များမှာ လုံးဝနီးပါး မရှိတော့ချေ။ ပေါ်လွင်နေသော အသားများပေါ်မှ အမည်းရောင် သွေးပုပ်ရည်များ က အဆက်မပြတ် တစ်ပေါက်ပေါက် ကျဆင်းနေ၏။ ဦးခေါင်းပေါ်မှ အရေပြားများ ပုပ်သိုး ကုန်ဆုံးသွားသဖြင့် ဦးခေါင်းခွံ အရိုးအချို့ပင် ပေါ်လွင်နေသည်။ ဝမ်းဗိုက်နေရာရှိ အပေါက် အနည်းငယ်မှ အတွင်း ကလီစာများကိုပင် မြင်တွေ့နေရသည်။

"အို ... မာရ်အသွင် ပြောင်းလဲနေတာပဲ။" ယင်းကျိုယိုက အံ့အားသင့်စွာ တီးတိုး ရေရွတ်လိုက်၏။

"မာရ်အသွင် ပြောင်းလဲတာလား။ အရမ်း စွမ်းတာပဲ ...။" ဟုန်ရှောင်ပေါင်က ဤစကားကို ကြားရရုံနှင့်ပင် ဤသည်က ဘာအဓိပ္ပာယ်လဲ ဆိုသည်ကို နားလည်သွားသည်။

"တိုက်ဆိုင်မှုတွေအောက်မှာ မာရ်အသွင် ပြောင်းလဲနေတဲ့ မိစ္ဆာသားရဲ တစ်ကောင်နဲ့ တွေ့ဆုံရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။"

ယင်းကျိုယိုက စိတ်ဝင်တစား ပြောလိုက်သည်။ "မာရ်အသွင် ပြောင်းလဲခြင်းကို အရမ်း အစွန်းရောက်တဲ့ ဆင့်ကဲ ပြောင်းလဲမှု တစ်ခုလို့ ဆိုနိုင်တယ်။ ကောင်းတဲ့အချက်ကတော့ စွမ်းအားတွေက မှန်းဆလို့ မရနိုင်တဲ့ အဆင့်အထိ ပေါက်ကွဲ မြင့်တက်လာလိမ့်မယ်။ ဆိုးတဲ့အချက်ကတော့ သွေးဆာလွန်းတာပဲ။ လုံးဝနီးပါး သားရဲ အသိစိတ် အလိုဆန္ဒအတိုင်းပဲ လှုပ်ရှား ဆောင်ရွက်တတ်ကြတယ်။

ဒါကြောင့် လူမျိုးပေါင်းစုံ တိုက်ပွဲကြီး ဖြစ်ပွားတုန်းက မာရ်မျိုးနွယ်တွေက အရင်ဆုံး ပူးပေါင်း သတ်ဖြတ်တာကို ခံခဲ့ရတာပေါ့။ အကြောင်းကတော့ သူတို့ ရန်ငြိုးဖွဲ့ထားတဲ့သူတွေက အရမ်း များပြားလွန်းလို့ပဲ။"

ဝူး … ဝူး ...

ထိုလေမည်းကျားသစ်က ဟုန်ရှောင်ပေါင်ကို ခက်ထန်စွာ စိုက်ကြည့်နေပြီး လည်ချောင်းအတွင်းမှ တီးတိုး အော်မြည်သံများကို ထုတ်ဖော်နေ၏။ ခြိမ်းခြောက်လိုသော အဓိပ္ပာယ်က အလွန်တရာ ထင်ရှားလွန်းလှသည်။

"ဟားဟားဟားဟား ... မင်းရဲ့ လည်ချောင်းက အသံ ထွက်နိုင်သေးတာလား။" ဟုန်ရှောင်ပေါင် အလွန်တရာ သဘောကျသွား၏။

သို့ပေမည့် သူ၏ စိတ်ထဲတွင် လှုပ်ရှားသွားသည်။ လိုဏ်ဂူ၏ အတွင်းပိုင်း တစ်နေရာတွင် တစ်ဝက်ကျော်လောက် ပုပ်သိုး ပျက်စီးနေပြီး ရွှေရောင် အရိပ်အယောင် အနည်းငယ် ပေါ်လွင်နေသေးသော မြွေသေကောင် တစ်ခု ရှိနေသည်ကို တွေ့လိုက်ရသောကြောင့်ပင်။ "အမ် ... အဘိုး၊ အဲဒီတစ်ကောင်က ရွှေစွန်းမြွေပဲ မဟုတ်လား။"

"ဟုတ်တယ်။"

ယင်းကျိုယိုက ခေါင်းညိတ်လိုက်၏။ "ရွှေစွန်းမြွေက ရွှေဓာတ်အနွယ် ဖြစ်တယ်။ ဒီ သံမဏိ သတ္တုတွင်း လိုမျိုး နေရာတွေကို အကြိုက်ဆုံးပဲ။ တွေးကြည့်ရတာ ဒီနေရာက သူ့ရဲ့အသိုက် ဖြစ်ရမယ်။ သူက သံမဏိ သတ္တုတွင်းကြောင့် ဒီနေရာမှာ အခြေချ နေထိုင်ဖို့ ရွေးချယ်ခဲ့တာ ဖြစ်လောက်တယ်။

အဲဒီလိုမှ မဟုတ်ရင် ပဉ္စမအဆင့် မိစ္ဆာသားရဲ တစ်ကောင်က အခုလို ဝိညာဉ်စွမ်းအင် ခေါင်းပါးတဲ့ အစွန်အဖျား ဒေသဆီကို ရောက်လာစရာ အကြောင်း မရှိဘူး။ ဖြစ်နိုင်တာက ဒီရွှေစွန်းမြွေက အခြား မိစ္ဆာသားရဲတွေနဲ့ တိုက်ခိုက်ပြီး သေဆုံးသွားတာကို ဒီ လေမည်းကျားသစ်က အလကား ရလိုက်တာ ဖြစ်မယ်။ ဒါပေမဲ့ ရွှေစွန်းမြွေ က ပဉ္စမအဆင့် မိစ္ဆာသားရဲ ဖြစ်ပြီးသားလေ။ ဒီ တောင်တန်း တစ်ဝိုက်မှာတော့ အကြွင်းမဲ့ အင်အားကြီးမားတဲ့ အဆင့်မှာ ရှိနေတာ။ ဘယ် မိစ္ဆာသားရဲက သူ့ကို ဒဏ်ရာ ရအောင် လုပ်သွားတာလဲ ဆိုတာကိုတော့ မသိဘူး။"

"အဘိုး ... အဲဒီ မြေအောင်းပုစဉ်းမီးက သူ့ကို ဒဏ်ရာရအောင် လုပ်သွားတာရော ဖြစ်နိုင်ခြေ ရှိလား။"

ဟုန်ရှောင်ပေါင်က စိတ်ကူး ယဉ်ဆန်စွာ တွေးတောလိုက်၏။ "ဥပမာ... သူက မြေအောင်းပုစဉ်းမီးကို အရမ်း စားချင်တာ။ အဲဒီမှာ ပါးစပ် အပူလောင်တာတို့၊ အစာအိမ် လောင်ကျွမ်းတာတို့ ဖြစ်သွားပြီး၊ ဒီနေရာကို ပြန်လာပြီး ဒဏ်ရာ ကုသတာပေါ့။ ဒါပေမဲ့ မကျက်နိုင်ဘဲ သေသွားတာ...။"

"ဟင် ... တကယ်ကြီး အဲဒီလို ဖြစ်နိုင်ခြေ ရှိတယ်။" ယင်းကျိုယို အတန်ကြာ စဉ်းစားပြီးနောက် ဟုန်ရှောင်ပေါင်၏ ဤ ခန့်မှန်းချက်ကို တကယ်ကြီး သဘောတူလိုက်သည်။

ဝူး .. ဝူး …။

မာရ်အသွင် ပြောင်းလဲနေသော လေမည်းကျားသစ်မှာ အော်မြည်နေဆဲ ဖြစ်သည်။ သူတို့နှစ်ဦးကမူ ၎င်းကို လုံးဝ ဂရုမစိုက်ကြချေ။ ကိုယ့်ဘာသာ စကားပြောနေကြ၏။

လေမည်းကျားသစ်မှာ ဒေါသ မီးတောက်များကို နောက်ဆုံးတွင် ထိန်းချုပ်နိုင်ခြင်း မရှိတော့ချေ။ လက်သည်းဖြင့် မြေကြီးကို တစ်ချက် ကုတ်ခြစ်ပြီး ပြင်းထန်စွာ ပြေးဝင်လာသည်။

"သူ့ကို သွားမထိနဲ့။ ဒီ အဆိပ်ရည်တွေက နည်းနည်း လက်ဝင်တယ်။" ယင်းကျိုယိုက သတိပေးစကား တစ်ခွန်း ဆိုလိုက်၏။

"နားလည်ပါပြီ။" ဟုန်ရှောင်ပေါင်၏ စိတ်ထဲတွင် အမှန်တကယ်တော့ အမြဲတမ်း သတိထား ကာကွယ်နေခဲ့ပြီး ဖြစ်သည်။

လေမည်းကျားသစ် ပြေးဝင်လာသည်ကို မြင်သောအခါ ချက်ချင်းပင် နောက်သို့ တစ်လှမ်း ဆုတ်လိုက်၏။

သံမဏိ ဒယ်အိုးကြီးက လက်ထဲသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

လေမည်းကျားသစ်က ခြေလှမ်းအနည်းငယ် အရှိန်ယူပြီး မြင့်မားစွာ ခုန်ပျံတက်လာကာ ဟုန်ရှောင်ပေါင်၏ မျက်နှာဆီသို့ တည့်တည့်မတ်မတ် တိုးဝင်လာ၏။ ခုန်ပျံနေသည့် လုပ်ငန်းစဉ်အတွင်း၌ အမည်းရောင် အရည်များက နေရာအနှံ့အပြားသို့ စင်ထွက်နေခဲ့၏။

ဟုန်ရှောင်ပေါင်က အများကြီး မစဉ်းစားတော့ချေ။ သံမဏိ ဒယ်အိုးကြီးကို တည့်တည့်မတ်မတ် ကိုင်ဆောင်ပြီး အစွမ်းကုန် အားဖြည့်၍ ရိုက်ချလိုက်တော့သည်။

ဘုန်း ...

ကျယ်လောင်သော အသံကြီး တစ်ခု ထွက်ပေါ်လာပြီး လေမည်းကျားသစ်မှာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချခံလိုက်ရ၏။ ဤရိုက်ချလိုက်မှုက သာမန် မဟုတ်ချေ။ မင်ရည်များ စွန်းထင်းနေသော ကြမ်းတိုက်အဝတ် တစ်ခုကို မြေပြင်ပေါ်သို့ ပစ်ပေါက်လိုက်သကဲ့သို့ပင်။ ကြီးမားသော မြေပြင် တစ်ခုလုံးအပေါ်တွင် ပစ်ပျစ်ခဲနေသော အမည်းရောင်အရည်များက စင်ထွက် ပျံနှံ့သွား၏။ ဟုန်ရှောင်ပေါင်၏ ခန္ဓာကိုယ်အပေါ်သို့လည်း အတော်များများ စင်လာခဲ့သည်။ ဤတစ်ချက်က သူ့ကို လန့်ဖျပ် စိုးရိမ်သွားစေခဲ့၏။

"အဘိုး ... ကျုပ်ကို အဆိပ်သင့် သေစေမှာတော့ မဟုတ်ပါဘူးနော်။"

"ငတုံး ... မင်းက အစွန်းရောက်အဆင့်လေ။ အစွန်းရောက်အဆင့် ဆိုတာ မင်း နားလည်လား။"

"နားလည်ပြီ။"

ဟုန်ရှောင်ပေါင်က အမှန်တကယ်တော့ နားမလည်ချေ။ သို့ပေမည့် အဘိုးကြီး၏ လေသံကို နားထောင်ကြည့်ရသည်မှာ သူ့တွင် ပြဿနာ မရှိနိုင်ကြောင်း သိလိုက်ရသဖြင့် ချက်ချင်းပင် ယုံကြည်မှု အပြည့် ဖြစ်သွားခဲ့၏။ "ဒီနေ့ မင်း အရှုံးပေးတဲ့အထိကို ရိုက်နှက်ပြမယ်။"

ဝူး...

မာရ်အသွင် ပြောင်းလဲနေသော လေမည်းကျားသစ်မှာ တီးတိုး အော်မြည်လျက် နောက်တစ်ကြိမ် ထရပ်လိုက်ပြန်၏။ ခြေထောက် မခိုင်သေးမီမှာပင် ဟုန်ရှောင်ပေါင်က နောက်တစ်ကြိမ် ရိုက်ချလိုက်ပြန်သည်။

ဘုန်း ...

All Chapters