← Chapters

အခန်း (၂၂၁-၂၂၂)

Vol. 23 Ch. 221-222

အခန်း (၂၂၁-၂၂၂)

Vol. 23 Ch. 221-222

အခန်း (၂၂၁) မင်း ဆက်အသက်ရှင်နေဖို့ မလိုတော့ဘူး

ဘုန်း…

ကျယ်လောင်သော အသံကြီးတစ်သံနှင့်အတူ အဆင့်(၂) ဆင့်ကဲပြောင်းလဲသူတစ်ဦးဖြစ်သည့် ဟူဖန်ထျန်း၏ ခေါင်းကို ချူဟန်က ဆုပ်ကိုင်လိုက်ပြီး သူ၏တစ်ကိုယ်လုံးကို ထိန်းချုပ်၍မရနိုင်လောက်အောင် နံရံပေါ်သို့ အားကုန်ဆောင့်ပစ်လိုက်ရာ နံရံကြီးမှာ ချက်ချင်းပင် ချိုင့်ခွက်ဝင်သွားပြီး ပင့်ကူအိမ်သဖွယ် အက်ကွဲကြောင်းကြီးများ အထပ်ထပ် ဖြစ်ပေါ်သွားတော့သည်။

ဘေးနားရှိ ဝမ်ရှစ်ရှုံး၊ ကျိုးချွန်းလဲ့နှင့် ကျန်ကွမ်းယွမ်တို့မှာ ထိုမြင်ကွင်းကြောင့် ဆွံ့အကာ မတ်တတ်ရပ်နေရုံမှလွဲ၍ ဘာမျှမလုပ်နိုင်ခဲ့ပေ။ ချူဟန်က သူ့ထက် တစ်ဆင့်ပိုမြင့်နေသည့် ဆင့်ကဲပြောင်းလဲသူကို နံရံပေါ် ဘယ်လိုလုပ်ပြီး ဆောင့်ပစ်နိုင်ရတာလဲ။ ထို့အပြင် ဟူဖန်ထျန်းမှာ လုံးဝ ပြန်လည်ခုခံနိုင်စွမ်း မရှိသည့်ပုံ ပေါက်နေသည်။ ချူဟန်က အဆင့်(၁) ဆင့်ကဲပြောင်းလဲသူ မဟုတ်ဘဲ အဆင့်(၂) များလား။

'ဒီကောင်... ဘယ်အချိန်ကတည်းက ဒီလောက် ကြောက်စရာကောင်းတဲ့ ခွန်အားတွေ ရရှိသွားတာလဲ'

ဟူဖန်ထျန်းမှာ တကယ်ကို ပြန်မခုခံနိုင်ရုံသာမက တုံ့ပြန်ဖို့ပင် အချိန်မရလိုက်ပေ။ ထိုအခိုက်အတန့်တွင် ချူဟန်၏ သက်စောင့်စွမ်းအင် လှိုင်းများကို သူ ခံစားသိရှိသွားခဲ့ပြီဖြစ်သည်။ ချူဟန်သည် အဆင့်(၂) ဆင့်ကဲပြောင်းလဲသူ တစ်ဦးဖြစ်နေကြောင်းကို အံ့ဩချိန် မရလိုက်ခင်မှာပဲ သူ၏ဦးခေါင်းမှ စီးကျလာသော သွေးများကြောင့် နံရံတစ်ခုလုံး နီရဲသွားတော့သည်။

ချူဟန်က ဒီလောက်နှင့် ရပ်မသွားပေ။ သူ၏အနောက်ဘက် အခန်းထဲရှိ မြင်ကွင်းမှာ ငရဲပြည်နှင့်တူနေပြီး ထိုမြင်ကွင်းမှာ သူနှင့် အလွန်ရင်းနှီးနေသော မြင်ကွင်းမျိုး ဖြစ်သော်လည်း သူ၏ မိဘများ၊ ဆွေမျိုးများနှင့် သူငယ်ချင်းများကို တွေးမိလိုက်သောကြောင့် သူ၏စိတ်ထဲရှိ ဒေါသများမှာ အဆမတန် ကြီးမားလာခဲ့သည်။

ပြန်လည်ခုခံနိုင်စွမ်း မရှိတော့သည့် ဟူဖန်ထျန်း၏ ခေါင်းကို ထပ်မံဆွဲကိုင်လိုက်ပြီး အက်ကွဲနေသော နံရံဆီသို့ အားကုန် ထပ်မံဆောင့်ပစ်လိုက်ပြန်သည်။

ဘုန်း …

နံရံမှာ နောက်တစ်ကြိမ် ထပ်မံချိုင့်ဝင်သွားပြီး အက်ကွဲကြောင်းများမှာ ပိုမိုကြီးမားလာကာ နံရံတစ်ခုလုံးပင် သိသိသာသာ ယိမ်းယိုင်လာသည်အထိ ဖြစ်သွားရာ ချူဟန်၏ ဒေါသ မည်မျှကြီးမားကြောင်းကို ထိုတိုက်ခိုက်မှုက သက်သေပြနေပေသည်။

တတိယအကြိမ်။ ဆွဲကိုင်လိုက်ပြီး ထပ်မံ ရိုက်ချလိုက်ပြန်သည်။

ဘုန်း…

"လူသားအားလုံးရဲ့ ကိုးဆယ်ရာခိုင်နှုန်းက ဇွန်ဘီတွေ ဖြစ်သွားပြီကွ"

ချူဟန်၏ ဒေါသတကြီး အော်ဟစ်သံက မုန်တိုင်းတစ်ခုနှယ် ဟိန်းထွက်နေသည်။

ဘုန်း….

နောက်ထပ်တစ်ကြိမ် ဆောင့်ပစ်လိုက်ရာ ဟူဖန်ထျန်၏ မျက်နှာသည် သွေးသံရဲရဲဖြင့် စုတ်ပြတ်သတ်နေပြီဖြစ်သည်။

"တစ်နိုင်ငံလုံး ငရဲမီးတွေ လောင်ကျွမ်းနေပြီကွ"

ချူဟန်၏ အသံက ဆက်လက် ထွက်ပေါ်လာသည်။

၀ုန်း…

နံရံများ ကွာကျလာပြီး နံရံတစ်ခုလုံး သွေးရောင်လွှမ်းသွားသည်။

"အပြင်ကမ္ဘာမှာ ဘာတွေ ဖြစ်နေလဲဆိုတာ မင်း မမြင်ဘူးလား"

ချူဟန် က သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။

"မင်းရဲ့သမီး ဇွန်ဘီ ဖြစ်သွားတယ်… ဝမ်းနည်းမယ်… ဒေါသထွက်မယ်… ဒီကမ္ဘာကြီးကို ကျိန်ဆဲချင်နေမှာပဲ"

ဘုန်း…

နောက်ထပ်တစ်ကြိမ် ဆောင့်ပစ်လိုက်ပြန်သည်။

"ဘယ်သူကရော မမုန်းဘဲနေမလဲ"

နောက်ဆုံးတွင်တော့ ချူဟန်၏ လက်များ ရပ်တန့်သွားသည်။ ဟူဖန်ထျန်း၏ ခေါင်းမှာ သွေးသံရဲရဲဖြစ်နေပြီး အသက်ငင်နေပြီ ဖြစ်သည်။ သို့သော်လည်း ချူဟန်၏ ဒေါသတကြီး အော်ဟစ်သံများက ရပ်တန့်မသွားခဲ့ပေ။

"ဒါပေမဲ့ မြေပြင်ပေါ်က ဒီလူတွေကို မင်း ကြည့်စမ်း... သူတို့မှာ ဘာအပြစ်ရှိလို့လဲ… သူတို့ရဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေ၊ ချစ်သူတွေလည်း ဇွန်ဘီ ဖြစ်သွားခဲ့ကြတာပဲ"

ချူဟန်က ဟူဖန်ထျန်းကို စိုက်ကြည့်လိုက်သည်။

"ကမ္ဘာကြီး ပြောင်းလဲသွားပြီ… ဇွန်ဘီတွေ၊ သားရဲတွေ၊ မျိုးဗီဇပြောင်း သတ္တဝါတွေ... ငါတို့လူသားတွေက အခုဆိုရင် ဒီကမ္ဘာပေါ်မှာ အားအနည်းဆုံးနဲ့ အနိမ့်ကျဆုံး မျိုးနွယ်စု ဖြစ်နေပြီကွ ကိုယ့်အချင်းချင်း ပြန်သတ်နေရမယ့် အချိန်လား"

"စစ်တပ်က အသေအလဲ တိုက်ပွဲဝင်နေတယ် အသက်ရှင်ကျန်ရစ်သူတွေကလည်း ရှင်သန်နိုင်ဖို့ ရုန်းကန်နေရတယ် ဒီအခြေအနေကို ပြောင်းလဲပစ်ဖို့ နိုင်ငံတစ်ဝန်းလုံးက ကြိုးစားနေကြတာကွ လူသားဆိုတာ ဘာလဲ၊ မျိုးနွယ်စုဆိုတာ ဘာလဲ ငါတို့မှာ အချိန်ပို မရှိတော့ဘူး တစ်နိုင်ငံလုံးမှာ လူသားအရေအတွက်က သန်းနှစ်ရာပဲ ကျန်တော့တာကွ"

" ဇွန်ဘီ အရေအတွက် ဘယ်လောက်ရှိတယ် ထင်လဲ… သန်းတစ်ထောင်တောင် ရှိတယ်ကွ"

"မင်းကရော..."

ချူဟန်၏ ဒေါသမီးမှာ တစ်ခဏအတွင်း ဝမ်းနည်းကြေကွဲမှုအဖြစ် ပြောင်းလဲသွားသည်။

"အဆင့်(၂) ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်တဲ့ မင်းက ဇွန်ဘီတွေနဲ့ သန္ဓေပြောင်း လူသားတွေထက်တောင် ပိုပြီး ရက်စက်ယုတ်မာတဲ့ လုပ်ရပ်တွေကို လုပ်နေတယ်"

ဤစကားများကို ပြောအပြီးတွင် ဘေးနား၌ ရပ်နေကြသော လူသုံးယောက်မှာ အံ့အားသင့်သွားကြသည်။ သူတို့၏ စိတ်ထဲတွင် ချူဟန်အပေါ် လေးစားမှုများ ချက်ချင်း ဖြစ်ပေါ်လာခဲ့သည်။ ဤကဲ့သို့သော စကားမျိုးကို ပြောထွက်လာသူမှာ အသက်နှစ်ဆယ်အရွယ် လူငယ်လေးတစ်ယောက် ဖြစ်နေသည်ကို သူတို့ မယုံကြည်နိုင်အောင် ဖြစ်နေကြသည်။ လူတိုင်းက မည်သို့ အသက်ဆက်ရှင်ရမည်နည်း၊ တစ်ဖက်လူ၏ လက်ထဲမှ အစားအစာများကို မည်သို့ လုယူရမည်နည်းဟု တွေးနေကြချိန်တွင် သူတို့ရှေ့ရှိ ဤနုနယ်သော်လည်း စွမ်းအားကြီးမားလှသော အမျိုးသားလေးက ဤမျှလောက်အထိ အမြော်အမြင် ကြီးမားနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

လူသားဦးရေမှာ သန်းနှစ်ရာပင် မပြည့်တော့ဘဲ ယခုအချိန်တွင် သန်းတစ်ရာလောက်သာ ကျန်တော့မည် ဖြစ်သော်လည်း ဇွန်ဘီများမှာ သန်းတစ်ထောင်ကျော်အထိ ရှိနေသည်။ ထိုကြီးမားလှသော ကိန်းဂဏန်း ကွာဟချက်က ဘေးနားရှိ ဝမ်ရှစ်ရှုံးတို့ သုံးယောက်၏ ကမ္ဘာကြီးအပေါ် မျှော်လင့်ချက် ကင်းမဲ့မှုကို အဆမတန် ကြီးမားသွားစေခဲ့သည်။ လူသားများမှာ အသက်ရှင်သန်ရေးအတွက် အပြင်းအထန် ရုန်းကန်နေရချိန်တွင် လူမျိုးအချင်းချင်း ပြန်လည်သတ်ဖြတ်နေခဲ့ကြသော မိမိတို့၏ မိုက်မဲမှုကို သူတို့ နက်ရှိုင်းစွာ နားလည်သဘောပေါက်သွားကြသည်။

ချူဟန်၏ အိတ်ကပ်ထဲတွင် ရှိနေသော ဝမ်ချိုက်မှာ ပထမဆုံးအကြိမ်အဖြစ် ဘာတစ်ခုမ ဝင်မပြောဘဲ၊ ချူဟန် လှုပ်ရှားနေမှုကြောင့် သူ့ကို ထိခိုက်မိသည်ကိုပင် အပြစ်မတင်တော့ပေ။ ထိုယုန်လေးမှာ ခေါင်းကိုမော့ကာ အိတ်ကပ်လေးထဲမှနေ၍ ချူဟန်၏ ငယ်ရွယ် နုနယ်သော မျက်နှာလေးကို တိတ်တဆိတ် ကြည့်နေသည်။

ချောမောခန့်ညားမနေ၊ ဆွဲဆောင်မှုလည်း မရှိသလို၊ မိန်းကလေးတွေ သဲသဲလှုပ်စွဲမက်ရလောက်သည့် ရုပ်ရည်မျိုးလည်း မဟုတ်ဘဲ သာမန် မျက်နှာလေးသာ ဖြစ်သည်။

သို့သော် ထိုအခိုက်အတန့်လေးမှာတော့ ချူဟန်သည် မယုံနိုင်လောက်အောင် ချောမောခန့်ညားနေသည်ဟု ဝမ်ချိုက် ခံစားလိုက်ရသည်။ မင်းရဲ့ ခိုင်မာပြတ်သားတဲ့ မျက်နှာထားက စကြာဝဠာထဲမှာ နံပါတ်တစ် အချောဆုံးဖြစ်တဲ့ ငါ့ထက်တောင် ပိုပြီး ခန့်ညားနေသေးတယ်။ ထိုအချိန်တွင် ဝမ်ချိုက်က သူ မှတ်ဉာဏ်မပျောက်ဆုံးခင်က သန်းနှင့်ချီသော လျာထားခံရသူများထဲမှ ချူဟန်ကို အဘယ်ကြောင့် ရွေးချယ်ခဲ့ရသည့် အကြောင်းရင်းကို ရုတ်တရက် နားလည်သွားခဲ့သည်။

ချူဟန်က ဟူဖန်ထျန်းကို ဆုပ်ကိုင်ထားသော လက်ကို လွှတ်လိုက်ပြီး သူ၏အသံမှာ ပြန်လည် တည်ငြိမ်သွားခဲ့သည်။

"အခု မင်း ဘာပြောချင်သေးလဲ"

"ခံပေါ့ကွာ"

မထင်မှတ်ထားဘဲ ဟူဖန်ထျန်းက အေးစက်စွာ ရယ်မောလိုက်သည်။

"ဒီကောင်တွေနဲ ထိုက်တန်တာပေါ့… ငါ့သမီးရဲ့အစာဖြစ်သွားတာ သူတို့နဲ့ တန်တောင်တန်သေးတယ်… လောဘ မကြီးဘူးဆိုရင် သူတို့ သင်္ဘောပေါ် ရောက်လာစရာ အကြောင်းရှိလဲ… ငတ်ပြတ်နေကြမဲ့ အတူတူ သေလိုက်ကြပါတော့လား… ဘယ်လိုနေနေ သေရမယ့်ကောင်တွေပဲကို... အလကားသေမယ့်အစား ငါ့သမီးအတွက် အစာခံလိုက်တာကမှ အကျိုးရှိသေးတယ်"

ဟူဖန်ထျန်း၏ စကားကြောင့် ချူဟန်၏ အကြည့်များမှာ အေးစက်သွားရုံသာမက ဘေးနားရှိ လူသုံးယောက်ကိုလည်း ဒေါသတကြီးဖြင့် တုန်ယင်သွားစေခဲ့သည်။ ဤကဲ့သို့သော ဘဝအမြင်နှင့် ယိုယွင်းနေသော အတွေးအခေါ်မျိုး ရှိနေသူကို လူလို့ ခေါ်နိုင်သေးတာလား။

"ကောင်းပြီလေ"

ချူဟန်၏ အသံမှာ တည်ငြိမ်နေသည်။

"မင်း ဆက်ပြီး အသက်ရှင်နေဖို့ မလိုတော့ဘူး… ခုနက ငါပြောခဲ့တဲ့ စကားတွေကို ခွေးကို ကျွေးလိုက်တယ်လို့ပဲ သဘောထားလိုက်တော့မယ်"

စကားဆုံးသည်နှင့်တစ်ပြိုင်နက် ချူဟန် က ဟူဖန်ထျန်း၏ လည်ပင်းကို ဆွဲကိုင်ကာ တွေဝေခြင်းဘဲ အားပြင်းပြင်းနဲ့ ဆွဲချိုးပစ်လိုက်သည်။

ဂျွတ်…

သူ၏ လည်ပင်းကို ချိုးပစ်လိုက်လေပြီ။

သေသည်အထိ ဟူဖန်ထျန်းက သူ၏ အတွေးအခေါ်ကို စွဲကိုင်ထားဆဲ ဖြစ်သည်။ သူ့ကိုယ်သူ ပိတ်လှောင်ထားသော ကမ္ဘာကြီးထဲတွင် နေထိုင်ခဲ့ပြီး ယိုယွင်းနေသော အတွေးအခေါ်များထဲတွင် အသက်ရှင်ခဲ့သည်။

ဝမ်ရှစ်ရှုံး၊ ကျိုးချွန်းလဲ့နှင့် ကျန်ကွမ်းယွမ်တို့မှာ တစ်ခဏမျှ စကားမပြောနိုင်ဘဲ ဖြစ်သွားကြသည်။ ချူဟန်၏ စကားများက သူတို့ကို အလွန်အမင်း တုန်လှုပ်သွားစေရုံသာမက ချူဟန်က ဟူဖန်ထျန်းကို သတ်ပစ်လိုက်သော အချိန်တွင်လည်း သူတို့ထဲမှ တစ်ယောက်ကမျှ ဟူဖန်ထျန်းကို သနားစရာကောင်းသည်ဟု မခံစားရသောကြောင့် ဖြစ်သည်။

ထိုက်တန်သော အပြစ်ပေးခံရခြင်းသာ ဖြစ်သည်။ ချူဟန် ပြောသလို ဤသို့သော လူတစ်ယောက်မှာ အသက်ရှင်နေဖို့ မလိုတော့ပေ။

ချူဟန်က ထိုလူသုံးယောက်ကို ဂရုမစိုက်တော့ဘဲ လှည့်ကာ ထွက်သွားလေသည်။

"ခဏလေး"

ဝမ်ရှစ်ရှုံးက သူ၏အနောက်မှနေ၍ ရုတ်တရက် လှမ်းခေါ်လိုက်သည်။

ဝမ်ရှစ်ရှုံး တစ်ယောက်တည်းသာမက ကျန်ကွမ်းယွမ်နှင့် ကျိုးချွန်းလဲ့တို့ကလည်း ချူဟန်ကို လှမ်းခေါ်ရန် ပါးစပ်ဟလိုက်ကြသည်။

ထိုအချိန်တွင် ထိုသုံးယောက်၏ အတွေးများမှာ လုံးဝနီးပါး တူညီနေကြသည်။ ဝမ်းမြောက်ဝမ်းသာ ဖြစ်မှုများက လူသုံးယောက်၏ စိတ်ထဲတွင် ဖြစ်ပေါ်လာခဲ့သည်။ အကယ်၍ ချူဟန်သာ သူတို့နှင့်အတူ ရှိမနေခဲ့ပါက သူတို့လည်း စောစောစီးစီး သေသွားလောက်ပြီ ဖြစ်သည်။ ချူဟန်အပေါ် ကျေးဇူးရှိမှုများမှာ အဆမတန် ကြီးမားလာခဲ့သည်။ ချူဟန်က သူတို့၏ အသက်သခင် ကျေးဇူးရှင် ဖြစ်ပေသည်။

ကြောက်မက်ဖွယ် တိုက်ခိုက်ရေးစွမ်းရည်က တစ်ကဏ္ဍ၊ စူးရှထက်မြက်သော အကဲခတ်နိုင်စွမ်းက တစ်ပိုင်း။ သို့သော် မျှော်လင့်ချက်မဲ့နေသည့် ဤကပ်ဘေးကာလကြီးထဲတွင် ထိုလူသုံးယောက်၏ လေးစားမှုသာမက သစ္စာစောင့်သိမှုကိုပါ ရယူနိုင်ခဲ့သည့် အရေးကြီးဆုံးအချက်မှာ မှန်ကန်ခိုင်မာသော စိတ်ဓာတ်ခံယူချက်များကို သူ အခိုင်အမာ ထိန်းသိမ်းထားနိုင်ခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။

" အစ်ကို ချူဟန်"

ကျန်ကွမ်းယွမ်က ရုတ်တရက် ချူဟန်ကို ထိုသို့ခေါ်လိုက်သည်။

"နောက်ပိုင်းကျရင် ခင်ဗျားက ကျွန်တော့်ရဲ့ ဆရာပဲ… အရင်က ကျွန်တော် အမှားလုပ်ခဲ့တယ်… ကျွန်တော် အရမ်း နောင်တရပါတယ်… အစကတည်းကလည်း နောင်တရခဲ့တာပါ…အခု ကျွန်တော် လူကောင်းတစ်ယောက်အနေနဲ့ အစကနေ ပြန်ကြိုးစားချင်လို့ပါ"

"ခေါင်းဆောင်ကြီး ချူဟန်"

ကျိုးချွန်းလဲ့က ကျန်ကွမ်းယွမ်ထက် ပို၍ တဲ့တိုးဆန်သည်။

"ကျွန်တော့်အသက်ကို ကယ်ခဲ့တာ… ဒီနေ့ကစပြီး ခင်ဗျားအတွက်ဆို အသက် ပေးဆပ်ပါမယ်"

ဝမ်ရှစ်ရှုံးကလည်း ချက်ချင်းပင် သူ၏သဘောထားကို ဖော်ပြလိုက်သည်။

"အရင်က ကိုယ့်ကိုယ်ကိုယ် ဘဝင်မြင့်ခဲ့မိတယ်… မင်းက ငါ့ထက် ၁၀ နှစ်လောက် ငယ်ပေမယ့် မင်းသိတဲ့အရာတွေက ငါ တစ်သက်လုံး လေ့လာခဲ့တာထက်တောင် ပိုများနေသေးတယ်… ငါ့ဘဝရဲ့ တစ်ဝက်ကို အလကား အချိန်ဖြုန်းပစ်ခဲ့မိပြီလို့ကို ခံစားနေရတယ်ကွာ"

ချက်ချင်းပင် ချူဟန်ထံသို့ စနစ်၏ အသိပေးချက် သုံးခု ရောက်ရှိလာသည်။ ထိုသုံးယောက်၏ သူ့အပေါ် သစ္စာရှိမှုက ၅၀ ရာခိုင်နှုန်းသို့ ချက်ချင်း ရောက်ရှိသွားခြင်း ဖြစ်သည်။ သို့သော် ဤတစ်ကြိမ်တွင်တော့ ချူဟန်က ထိုကိန်းဂဏန်းကို သိပ်ဂရုမစိုက်တော့ပေ။ ဒုတိယ ဘ၀တွင် သူသည် မိတ်ဆွေသံယောဇဉ်များစွာကို ရရှိခဲ့သည်။ လူနှင့်လူအကြား ခံစားချက်က စနစ်၏ သစ္စာရှိမှုထက် ပို၍ နက်ရှိုင်းပေသည်။

"ဘော့စ် ချူဟန်"

ဝမ်ချိုက် ၏ သနားစရာကောင်းသော အသံလေးက စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။

"ဒီနေ့ကစပြီး ငါ့ နင့်စကားပဲ နားထောင်တော့မယ်… အရှေ့ကိုသွားဆို အနောက်ကို မသွားတော့ပါဘူး… နေမင်းကြီးက အနောက်ဘက်က ထွက်တယ်လို့ နင်ပြောရင်တောင် ငါယုံတယ်… နင်ပြောသမျှက အမိန့်ပဲ…နင်က ငါ့ကို ဝမ်ချိုက်လို့ခေါ်ရင် ငါက ဝမ်ချိုက်ပဲ… ဒီနေ့ကစပြီး နင်က ငါ့ရဲ့ ဘော့စ်ပဲ၊ ငါ….."

"ပါးစပ်ပိတ်ထားစမ်း"

အခန်း (၂၂၂) အား ငါ့ဖင်

ဧရာမအပျော်စီးသင်္ဘောကြီးပေါ်တွင် ယခုအချိန်၌ လူလေးယောက်သာ ကျန်ရှိတော့သည်။ ထိုအလောင်းများနှင့် ကြည့်မကောင်းအောင်ဖြစ်နေသော အခန်းများကို သန့်ရှင်းရေးလုပ်ပြီးနောက်၊ သင်္ဘောတစ်စီးလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေပြီး ဟာလာဟင်းလင်းဖြစ်နေသည်။ သို့သော် ယခုအချိန်၌ သင်္ဘော၏ မီးဖိုချောင်ထဲတွင်တော့ သူတို့လေးယောက်မှာ ဆူညံပွက်လောရိုက်နေကြသည်။

"ချကွာ… ဒီတစ်ခွက် ပြီးရင် နောက်တစ်ခွက် ထပ်သောက်ကြမယ်"

ကျိုးချွန်းလဲ့၏ အသက်မှာ နှစ်ဆယ်ပင် မပြည့်သေးပေ၊ သူ၏ စရိုက်မှာ အနည်းငယ်ပေါ့သွက်သွက်ပြီး ပျော်ပျော်နေတတ်သူဖြစ်သည်။ ကျန်ကွမ်းယွမ်က သူတို့သုံးယောက်ကို မီးဖိုချောင်ထဲသို့ ခေါ်လာပြီးကတည်းက၊ သူ၏ စိတ်လှုပ်ရှားနေမှုမှာ ပေါက်ကွဲလုမတတ် ဖြစ်နေခဲ့သည်။ သူသည် အစမှအဆုံးတိုင်အောင် အလွန်အမင်း စိတ်လှုပ်ရှားမြူးတူးနေခဲ့သည်။

ရိက္ခာများမှာ လူလေးဦးအတွက် သုံးရက်စာ ရှင်သန်နိုင်ရန်သာ ရှိသော်လည်း ရက်အတန်ကြာ ဆာလောင်မွတ်သိပ်မှုဒဏ်ကို ခံစားခဲ့ရသော သူ၏အဖို့မူ ကခုန်ချင်စိတ်ပေါက်သွားလောက်အောင် ပြည့်စုံလုံလောက်သော စားသောက်ပွဲကြီးတစ်ခု ဖြစ်နေတော့သည်။

ကျန်ကွမ်းယွမ်သည် အရက်တစ်ခွက်ကို ကိုင်ကာ ချူဟန်ရှေ့သို့ ကမ်းပေးလိုက်ပြီး ခေါင်းကိုမော့ကာ တစ်ကျိုက်တည်း သောက်ချလိုက်သည်။

"ကျွန်တော် အရင် လေးလေးစားစားနဲ့ ဂုဏ်ပြုသောက်သုံးပါရစေ"

ချူဟန်က အရက်ခွက်ကိုကိုင်ကာ ပြန်လည်သောက်သုံးရန် ပြင်လိုက်ချိန်မှာပင်…

ရွှပ်…

ကျန်ကွမ်းယွမ်က ချူဟန်လက်ထဲမှ အရက်ခွက်ကို ရုတ်တရက် ဆွဲလုလိုက်ပြီး တစ်ကျိုက်တည်း မော့ချလိုက်ပြန်သည်။

"အရက်က သိပ်မများဘူး ဒီလောက်လေးပဲရှိတာ၊ ခင်ဗျားတို့ လျှော့သောက်ကြဦးနော်"

စတွေ့ကတည်းက ပြုံးရယ်ခြင်းမရှိခဲ့သော ကျန်ကွမ်းယွမ်မှာလည်း ကျိုးချွန်းလဲ့၏ တက်ကြွနေသော လွှမ်းမိုးမှုကြောင့် နောက်ပြောင်ကျီစယ်လာတော့သည်။

"ဟားဟားဟား"

ဘေးနားရှိ ဝမ်ရှစ်ရှုံးက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"လူငယ်တွေကတော့ တကယ့်ကို ပျော်တတ်တယ်ကွာ"

ချူဟန်မှာလည်း ရှားရှားပါးပါး အပြုံးရိပ်လေးတစ်ခု သန်းလာခဲ့သည်။ သူတို့အဖို့ ဤခဏတာ ငြိမ်းချမ်းမှုလေးသည် အမှန်တကယ်ပင် အောင်ပွဲခံရန် တန်ဖိုးရှိလှပေသည်။

ဝမ်ချိုက်မှာ ချူဟန်၏ အိတ်ကပ်ထဲမှ တိတ်တဆိတ် ထွက်လာခဲ့သည်မှာ ကြာပြီဖြစ်ပြီး၊ ရေခဲသေတ္တာထဲတွင် ပုန်းကာ ဝက်အူချောင်းကို ဖက်၍ အငမ်းမရ ကိုက်စားနေခဲ့သည်။ ယုန်ဆိုတာ မြက်ပဲစားရမယ်လို့ ဘယ်သူပြောလဲ။ သောက်ကျိုးနည်း… အသားကမှ ပိုစားလို့ကောင်းတာ။

ဤညသည် ဝမ်ရှစ်ရှုံးနှင့် ကျိုးချွန်းလဲ့တို့အတွက် အအေးချမ်းဆုံး အိပ်စက်ရသည့် ညတစ်ညဖြစ်သည်။ သူတို့ မရေမတွက်နိုင်အောင် စိတ်ကူးယဉ်ခဲ့ဖူးသော ပျော်ရွှင်မှုမှာ ဤအပျော်စီးသင်္ဘောပေါ်တွင် အကောင်အထည်ပေါ်လာခဲ့သည်။ သူတို့စိတ်ထဲတွင် ဤအပျော်စီးသင်္ဘောပေါ်၌ တစ်သက်လုံး နေထိုင်သွားရန်ပင် နှစ်ယောက်စလုံး ဆုံးဖြတ်ထားခဲ့ကြသည်။

နံနက်ခင်း ရာသီဥတုမှာ သိပ်မကောင်းလှပေ။ ပြီးခဲ့သည့်ရက်များက သွေးရောင်လွှမ်းနေသော နေရောင်ခြည်မှာ ဤအချိန်၌ လုံးဝပျောက်ကွယ်နေခဲ့ပြီး ကောင်းကင်ကြီးမှာ အုံ့မှိုင်းနေကာ ထူးထူးခြားခြား လေးလံမွန်းကြပ်နေသည်။

ကျန်ကွမ်းယွမ် သည် နံနက်စောစောကတည်းက ကုန်းပတ်ပေါ်တွင် အလုပ်ရှုပ်နေပြီး လက်ရန်းဘေးတွင် ဧရာမ ငါးဖမ်းပိုက်ကွန်ကြီး တစ်ခုကို ဖြန့်ချနေသည်။

"ဘာလုပ်နေတာလဲ"

ကုန်းပတ်ပေါ်သို့ ထွက်လာသော ကျိုးချွန်းလဲ့ က ထိုမြင်ကွင်းကို ကြည့်ကာ မေးလိုက်သည်။ ဘေးတွင်ရှိနေသော ဝမ်ရှစ်ရှုံး မှာလည်း အလားတူပင် အံ့ဩနေသော မျက်နှာထား ဖြစ်နေသည်။

"ခင်ဗျားတို့က ဒီကိုရောက်တာ ပထမဆုံးနေ့ပဲ ရှိသေးတော့ သိမှာ မဟုတ်ဘူး" ကျန်ကွမ်းယွမ် က အသက်ပြင်းပြင်းရှူရင်း စိတ်လှုပ်ရှားစွာဖြင့် လက်များကို ဆက်လက် လှုပ်ရှားကာ ရှင်းပြလိုက်သည်။

"ဒီလို ကောင်းကင်အခြေအနေမျိုးဆိုရင် သေချာပေါက် မုန်တိုင်းကြီး လာတော့မှာ။ အဲဒီလိုဖြစ်လာရင် ရေပြင်ပေါ်ကနေ ငါးတွေ အဆက်မပြတ် ခုန်တက်လာတတ်တယ်။ ဒါဆိုရင် ငါးဖမ်းရတာ လွယ်သွားပြီမို့ ရိက္ခာအတွက် ပူစရာ မလိုတော့ဘူးဗျ"

ကျန်ကွမ်းယွမ် ၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက်...

ဂျိန်း….

ကျယ်လောင်လှသော မိုးကြိုးသံကြီးတစ်ခုက ကောင်းကင်ပြင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားပြီး၊ ကောင်းကင်ကြီးမှာ ချက်ချင်းပင် မှောင်မိုက်သွားကာ လေပြင်းများ တိုက်ခတ်လာတောပသည်။

ကျိုးချွန်းလဲ့နှင့် ဝမ်ရှစ်ရှုံးတို့ နှစ်ယောက်စလုံး လန့်ဖျပ်သွားကြသည်။ ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးသံကြီးအရ သာမန် မုန်တိုင်းမျိုး မဟုတ်နိုင်ပေ။

"မြန်မြန်လာ ကူကြပါဦး"

ကြောက်ရွံ့မှုကြောင့် တောင့်တင်းနေသော သူတို့နှစ်ဦးနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ဤပုံမှန်မဟုတ်သော ရာသီဥတုနှင့် ယဉ်ပါးနေပြီဖြစ်သော ကျန်ကွမ်းယွမ်က ဝမ်းသာအားရ အော်ဟစ်လိုက်သည်။

သူတို့သုံးယောက် ပူးပေါင်း၍ ပိုက်ကွန်ကို ပစ်ချလိုက်ပြီး ငါးအုပ်ကြီး လာမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။ ကောင်းကင်ယံတွင် ထပ်မံ၍ မိုးခြိမ်းသံများ ဟိန်းထွက်လာပြီးနောက် သည်းထန်သော မိုးသီးမိုးပေါက်များက အပေါ်မှ ရိုက်ချလာတော့သည်။ ကြီးမားသော မိုးပေါက်ကြီးများက ရေပြင်ပေါ်သို့ အပြင်းအထန် ကျဆင်းလာကာ လှိုင်းများ ထသွားစေပြီး ကုန်းပတ်ပေါ်တွင်လည်း ဆူညံသော မိုးသံကြီးများ ပဲ့တင်ထပ်သွားတော့သည်။

ချူဟန် ကုန်းပတ်ပေါ်သို့ ရောက်လာသည်နှင့် ဤမြင်ကွင်းကို မြင်လိုက်ရသည်။ ဧရာမ အပျော်စီးသင်္ဘောကြီးမှာ မရပ်မနား ယိမ်းယိုင်လှုပ်ခါလာပြီး ရေပြင်ထက်တွင်လည်း ကြောက်မက်ဖွယ် လှိုင်းများ တစ်သုတ်ပြီးတစ်သုတ် ထလာသည်။ ရိုက်ခတ်လာသော လှိုင်းလုံးများကြောင့် ကုန်းပတ်ပေါ်တွင် ရေများဖြင့် ပြည့်နှက်နေပြီး၊ မိုးသက်လေပြင်းများက မရပ်မနား တိုက်ခတ်နေကာ အုံ့မှိုင်းနေသော ကောင်းကင်ကြီးကြောင့် အမြင်အာရုံမှာ အလွန်ဝေဝါးနေသည်။

ကမ္ဘာပျက်ကပ်ခေတ်၏ မိုးသက်မုန်တိုင်းများ၏ ကြမ်းတမ်းမှုမှာ အရင်ခေတ်ထက် ပို၍ဆိုးရွားသည်။ ကမ္ဘာ့သံလိုက်စက်ကွင်း ပြောင်းလဲသွားမှုက သဘာဝဘေးအန္တရာယ်များကို မျိုးဗီဇပြောင်းလဲသွားသော သက်ရှိများနည်းတူ ရူးသွပ်ကြမ်းတမ်းလာစေခဲ့သည်။ တောင်ကျရေများ ရုတ်တရက် ကျဆင်းလာခြင်းဖြစ်စေ၊ မိုးသက်လေပြင်းများ တိုက်ခတ်ခြင်းဖြစ်စေ အားလုံးမှာ ပျက်စီးဆုံးရှုံးနိုင်ခြေ အဆပေါင်းများစွာ တိုးမြင့်လာခဲ့သည်။ ယခုလက်ရှိ မိုးသက်မုန်တိုင်းမှာ ကမ္ဘာပျက်ကပ်ခေတ်တွင် သေးငယ်သည်ဟုပင် ဆိုနိုင်သေးပြီး၊ နောက်ပိုင်းကာလများသို့ ရောက်လာသောအခါ ဖြစ်ပေါ်လာမည့် ဘေးအန္တရာယ်များကမှ တကယ့်ကို ကြောက်မက်ဖွယ် ကောင်းလှပေသည်။

"ချူဟန်….မိုးတွေ တအားသည်းချက်ပဲ"

ဝမ်ချိုက်မှာ ကြောက်လည်းကြောက်၊ စိတ်လည်းလှုပ်ရှားနေကာ မျက်လုံးများလည်း ပြူးကျယ်နေသည်။

ချူဟန် က ဝမ်ချိုက် ၏ စကားကို လျစ်လျူရှုလိုက်ပြီး သည်းထန်သော မိုးရေထဲတွင် တစ်ကိုယ်လုံး စိုရွှဲလျက် အပြင်းအထန် ကြိုးစားနေကြသော ဝမ်ရှစ်ရှုံး တို့ သုံးဦးကိုသာ စိုက်ကြည့်နေလိုက်သည်။

"အစ်ကို ချူဟန်"

ထိုအချိန်တွင် ကျိုးချွန်းလဲ့က ချူဟန်ရောက်လာသည်ကို ပထမဆုံး သတိပြုမိသွားသည်။ ယင်းအချိန်၌ပင် နောက်ထပ် လေပြင်းတစ်သုတ် တိုက်ခတ်လာပြီး ဝုန်းခနဲ မြည်သံနှင့်အတူ သင်္ဘောတစ်စီးလုံးမှာ ယိမ်းထိုးသွားရာ၊ သူတို့သုံးယောက်မှာ ကိုယ်ကိုထိန်းရန် လက်လှမ်းမီရာ လက်ရန်းကို အမြန်ဆွဲကိုင်လိုက်ရသည်။

ဝမ်ရှစ်ရှုံးက အနည်းငယ် ထိတ်လန့်တကြား ပြောလိုက်သည်။

"လေရော လှိုင်းရော အရမ်းကြီးလွန်းတယ်.. ငါတို့သင်္ဘောကြီး မှောက်သွားတော့မှာလား မသိဘူး"

"မမှောက်ပါဘူး"

ကျန်ကွမ်းယွမ် က ယုံကြည်ချက်အပြည့်ဖြင့် ပြတ်ပြတ်သားသား ပြောလိုက်သည်။

" အရင်ကလည်း ဒီလို မုန်တိုင်းမျိုးကို ကြုံဖူးတယ်… သေချာသာ ကိုင်ထားကြ”

ချူဟန်လည်း သိပ်ပြီး ဂရုမစိုက်လှပေ။ ဤလေပြင်းက ကြီးမားလှသော်လည်း ဤမျှကြီးမားသော အပျော်စီးသင်္ဘောကြီးကို မှောက်သွားစေနိုင်လောက်သည့် အနေအထားတော့ မဟုတ်ပေ။ သူ၏ အကြည့်များက လက်ရန်းဘေးမှ ပစ်ချထားသော ငါးဖမ်းပိုက်ဆီသို့ ကျရောက်သွားသည်။ ဤပရမ်းပတာ အခြေအနေကို အခွင့်ကောင်းယူ၍ ငါးဖမ်းရန် ကြိုးစားခြင်းက တော်တော်လေး စိတ်ဝင်စားစရာကောင်းသော အကြံအစည်ပင် ဖြစ်သည်။ သို့သော် ပြဿနာမှာ ထို ငါး များသာ ဖြစ်နေလေသည်။

ဝုန်း

နောက်ထပ် လှိုင်းလုံးကြီးတစ်ခု ထလာပြန်သဖြင့်၊ အပျော်စီးသင်္ဘောကြီးတစ်ခုလုံးမှာ ချက်ချင်းပင် နိမ့်ချည်မြင့်ချည် ဖြစ်သွားပြီး ကမ္ဘာမြေဆွဲအားမဲ့သွားသလို ခံစားချက်က ရုတ်တရက် ဝင်ရောက်လာရာ သင်္ဘောပေါ်ရှိ လူများ၏ နှလုံးခုန်သံများပင် ရပ်တန့်သွားသလို ခံစားလိုက်ရသည်။

သို့သော် နောက်တစ်စက္ကန့်မှာပင်...

ဗွမ်း… ဗွမ်း… ဗွမ်း…

ရေပြင်ပေါ်မှနေ၍ ရေတွက်၍မရနိုင်သော ငါးအုပ်ကြီးများက အဆက်မပြတ် ရေပြင်ပေါ်သို့ ခုန်တက်လာကြပြီး ရေထဲသို့ တစ်ကောင်ပြီးတစ်ကောင် ပြန်လည် ကျဆင်းသွားကြသည်။ ငါးတိုင်းမှာ ပုံမှန်မဟုတ်လောက်အောင် ကြီးမားနေကြပေသည်။ ထို့အပြင် ငါးများ ခုန်တက်လာသည့် တစ်ခဏအတွင်း ၎င်းတို့၏ ပါးစပ်များ၌ လွှသွားများသဖွယ် စီတန်းနေသော ထက်မြက်သည့် သွားအစွယ်များကို ချူဟန် ရှင်းလင်းစွာ မြင်လိုက်ရသည်။

"ဝိုး... ငါးတွေ အများကြီးပဲကွ"

ကျိုးချွန်းလဲ့မှာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ပြီး၊ မိုးသက်လေပြင်းများကို အံတုကာ ပိုက်ကွန်ကို ဆွဲတင်ရန် ပြင်လိုက်သည်။

"အားလုံး ဝိုင်းဆွဲကြ"

ဝမ်ရှစ်ရှုံးကလည်း ကူညီရန် စိတ်လှုပ်ရှားစွာ ပြေးသွားလိုက်သည်။

"ငါးတွေက တော်တော်ကြီးတာပဲ"

ကျိုးချွန်းလဲ့နှင့် ဝမ်ရှစ်ရှုံးတို့မှာ အားစိုက်ရင်းဖြင့် စိတ်လှုပ်ရှားစွာ ပြောလိုက်ကြသည်။

"ခုနက လူတစ်ဝက်လောက်ရှိတဲ့ ငါးကြီးတစ်ကောင်ကိုတောင် မြင်လိုက်သေးတယ်… ဒါနဲ့... ဒီနေရာက ရေချို မဟုတ်ဘူးလား.. ဘာလို့ ဒီလောက်တောင် ကြီးနေရတာလဲ"

ချူဟန် မှာ အလိုအလျောက် သက်ပြင်းချလိုက်မိသည်။

'ဒီလိုနည်းလမ်းနဲ့ ငါးဖမ်းဖို့ ကြိုးစားနေတယ်ဆိုတော့ မင်းတို့ကောင်တွေ သတ္တိ တော်တော်ကောင်းတာပဲ။ ဒီနေရာက ပင်လယ်မဟုတ်ဘဲ မြစ်ဖြစ်နေတာကိုပဲ ကျေးဇူးတင်ကြပေတော့။ ပင်လယ်ထဲမှာသာဆိုရင် လူတစ်ဝက်အရွယ်အစားလောက်နဲ့ ပြီးသွားမှာ မဟုတ်ဘူး'

"အစ်ကိုကြီးချူဟန်... ဒီနေရာကို ကျွန်တော်တို့ပဲ တာဝန်ယူလိုက်ပါ့မယ်"

ပိုက်ထဲတွင် မိနေသော အမြောက်အမြားရှိသည့် ငါးများကို ကြည့်ကာ ကျန်ကွမ်းယွမ် က ယုံကြည်ချက် အပြည့်ဖြင့် အော်ပြောလိုက်သည်။

" မိုးမမိအောင် ဂရုစိုက်ဦး… ခဏနေရင် ကျွန်တော် အကောင်းဆုံး ငါးဟင်းလျာတွေ ချက်ကျွေးမယ်"

ထို့နောက် သူတို့သုံးဦးက အချိတ်အဆက်မိမိဖြင့် တစ်... နှစ်... သုံး ဟု အော်ဟစ်ကာ ပိုက်ကို အစွမ်းကုန် ဆွဲတင်ကြလေသည်။ တောင့်တင်းခိုင်မာသော အမျိုးသား သုံးဦးမှာ လည်ပင်းများ နီရဲလာသည်အထိ အားကုန်သုံးနေကြသော်လည်း ပိုက်ထဲရှိ ငါးများ၏ အလေးချိန်မှာ ခန့်မှန်းထားသည်ထက် များပြားလွန်းနေသဖြင့် အနည်းငယ်မျှပင် ရွေ့လျားမလာခဲ့ပေ။

"ဒုက္ခပဲ"

ကျန်ကွမ်းယွမ်က ရုတ်တရက် အနည်းငယ် ထိတ်လန့်သွားသည်။

"ဆွဲတင်လို့ မရတော့ဘူး"

"သေပါပြီ… ပိုက်ထဲက ငါးတွေ အရမ်းများလွန်းလို့၊ သင်္ဘောဦးပိုင်း နစ်နေပြီလို့ ငါခံစားနေရတယ်"

ဝမ်ရှစ်ရှုံးကလည်း အလားတူပင် ထိတ်လန့်နေသည်။

"ဘာငါးတွေမို့လို့ ဒီလောက် အားသန်နေရတာလဲကွာ"

ကျိုးချွန်းလဲ့ မှာ ကြောက်ရွံ့လာသော်လည်း အသေအလဲ ဆက်လက် ဆွဲတင်နေဆဲ ဖြစ်သည်။

"မရတော့ဘူး ပိုက်ကို ဖြတ်ချမှရတော့မယ်၊ ငါးတွေက အရမ်းများလွန်းတယ်"

ပိုက်ကို ဖြတ်ချရမည် ဟုတ်လား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဤမျှလောက်များပြားသော ငါးများသာ ရှိပါက ရက်ပေါင်းများစွာအတွက် တန်ဖိုးရှိလှသော ရိက္ခာများ ဖြစ်လာပေလိမ့်မည်။

ထိုအချိန်တွင် ချူဟန်က သူတို့သုံးယောက်အနီးသို့ လျှောက်သွားလိုက်ပြီး၊ ရေအောက်၌ နစ်မြုပ်နေသော ဧရာမ ပိုက်ကွန်ကြီးကို ကြည့်လိုက်သည်။ များပြားလှသော ငါးအုပ်ကြီးကြောင့် အပျော်စီးသင်္ဘောကိုပါ အောက်သို့ ဆွဲချရန် စတင်နေပြီဖြစ်သည်။ ဤအချိန်တွင်သာ ပိုက်ကွန်ကို အမြန်ဆွဲမတင်လျှင် သို့မဟုတ် မဖြတ်ချလိုက်လျှင်၊ ဤသင်္ဘောကြီး တကယ် မှောက်သွားနိုင်သည်ဟုပင် ဆိုနိုင်သည်။

"ငါ လုပ်လိုက်မယ်"

ချူဟန် က တိုတောင်းစွာ ပြောလိုက်ပြီးနောက် မိမိရှေ့ရှိ ငါးဖမ်းပိုက်ကြီးကို လက်နှစ်ဖက်ဖြင့် ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။ ထို့နောက် နောက်တစ်စက္ကန့်မှာပင် လက်မောင်းနှစ်ဖက်လုံးရှိ ကြွက်သားများမှ အစွမ်းကုန် ခွန်အားများကို ပေါက်ကွဲထွက်စေလိုက်သည်။

ဆွဲတင်လိုက်ပြီ။

ဝေါ…

ဆူညံသော ရေပက်သံကြီးများနှင့်အတူ ငါးအုပ်ကြီးများ ပြည့်နှက်နေသော ဧရာမ ငါးဖမ်းပိုက်ကြီးမှာ ရေပြင်ပေါ်မှ လေထဲသို့ တစ်ဟုန်ထိုး မြောက်တက်သွားတော့သည်။ ပိုက်ထဲတွင်မူ ပြည့်ကျပ်နေသော ငါးကြီးများက အပြင်းအထန် ရုန်းကန်လှုပ်ရှားနေကြသည်။

တောင့်တင်းခိုင်မာသော အမျိုးသား သုံးဦးပေါင်းဆွဲသည်ကိုပင် အနည်းငယ်မျှ မလှုပ်ရှားခဲ့သော ငါးဖမ်းပိုက်ကြီးကို ချူဟန် က သူတစ်ယောက်တည်း ခွန်အားသက်သက်ကို အသုံးပြုကာ လေထဲသို့ ဆွဲချီလိုက်နိုင်သည်။

ဗိုင်း…

အချိန်ဆွဲမနေဘဲ၊ ချူဟန်က လေးလံနေသော ပိုက်ကွန်ကြီးကို ကုန်းပတ်ပေါ်သို့ တိုက်ရိုက် ပစ်ချလိုက်သည်။ ပိုက်အတွင်းရှိ ပြည့်ကျပ်နေသော ငါးအုပ်ကြီး၏ တစ်ဝက်ကျော်မှာ ချက်ချင်းပင် မူးမေ့သွားကြပြီး၊ အခြားငါးများကတော့ ကုန်းပတ်ပေါ်တွင် အသက်လုကာ လူးလွန့်ခုန်ပေါက်နေကြသည်။

မည်သူ့ထက်မဆို ပို၍ စိတ်လှုပ်ရှားနေသူမှာ ဝမ်ချိုက် ပင်ဖြစ်သည်။

ချူဟန်၏ အိတ်ကပ်ထဲမှ ချက်ချင်း ခုန်ထွက်လာပြီး၊ မျက်လုံးများ အရောင်လက်ကာ ထိုငါးအုပ်ကြီးဆီသို့ ပြေးသွားတော့သည်။ ပင်ပေါင်ဘောလုံးအရွယ်အစားသာ ရှိသော သူ၏ ခန္ဓာကိုယ်လေးကို မည်သူမှ သတိထားမိမည် မဟုတ်ပေ။ သို့သော် ခြေလှမ်းအနည်းငယ်ပင် မပြေးရသေးခင်၊ ၎င်း၏ ဖင်တွင် ကြီးမားလှသော စူးရှသည့် နာကျင်မှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။

"အား"

ဝမ်ချိုက်က မနေနိုင်ဘဲ အော်ဟစ်လိုက်မိသည်။

"ငါ့ဖင်လေး"

All Chapters