← Chapters

အခန်း (၂၂၃-၂၂၄)

Vol. 23 Ch. 224-224

အခန်း (၂၂၃-၂၂၄)

Vol. 23 Ch. 224-224

အခန်း (၂၂၃) ဘေးဒုက္ခသည်များ

"အား…”

ဝမ်ချိုက်က အသဲအသန် အော်ဟစ်လိုက်သည်။ အသည်းခိုက်မတတ် နာကျင်နေပုံရပြီး ငါးတစ်ကောင်က ခုန်တက်ကာ ၎င်းကို ကိုက်လိုက်ခြင်း ဖြစ်သည်။

ကမ္ဘာပျက်ကပ် စတင်ပြီးနောက် သက်ရှိအားလုံး၏ မျိုးဗီဇများမှာ ပြောင်းလဲနေသည်။ ကုန်းပေါ်ရှိ သတ္တဝါများသာမက ရေနေသတ္တဝါများပါ ကြမ်းကြုတ်ရက်စက်လာကြသည်။ ယခု ဤမြစ်ထဲရှိ ငါးမှာ အရင်ကနှင့် မတူတော့သည်မှာ သိသာထင်ရှားသည်။ ယခု ဝမ်ချိုက်ကို ကိုက်ထားသော ငါးမှာ လက်ဝါးအရွယ်အစားခန့်သာ ရှိပြီး ငါးပေါက်စအရွယ်ဟု ဆိုနိုင်သော်လည်း ၎င်း၏ ထက်မြက်သော အစွယ်များမှာ ပီရန်ဟာငါးများထက်ပင် မလျော့နည်းလှပေ။

ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်စေလောက်သော ထိုအော်သံကြီးကို ကြားလိုက်ရချိန်တွင် ဝမ်ရှစ်ရှုံး၊ ကျိုးချွန်းလဲ့နှင့် ကျန်ကွမ်းယွမ် သုံးယောက်စလုံးမှာ ချူဟန်၏ ခုနကစွမ်းဆောင်ရည်ကြောင့် အံ့သြမှင်သက်နေရာမှ သတိပြန်ဝင်လာကြပြီး အထိတ်တလန့်ဖြင့် ဟိုဟိုဒီဒီ ကြည့်လိုက်ကြသည်။

"ဘယ်သူ အော်နေတာလဲ"

" တော်တော် နာကျင်နေတဲ့ အသံကြီးပဲ"

"သင်္ဘောပေါ်မှာ တခြားလူ ရှိနေသေးလို့လား"

ထိုအချိန်တွင် ဝမ်ချိုက်မှာလည်း ပြဿနာရှာမိပြီဖြစ်ကြောင်း သတိထားမိသွားသဖြင့် ပြင်းထန်သော နာကျင်မှုကို ကြိတ်မှိတ်သည်းခံကာ ၎င်း၏ပါးစပ်ကို အလျင်အမြန် ပိတ်လိုက်သည်။ တင်ပါးတွင် ၎င်း၏ ခန္ဓာကိုယ်ထက် ပိုကြီးသော ငါးတစ်ကောင်က သွားများဖြင့် ကိုက်ထားဆဲဖြစ်သည်။ ကူကယ်ရာမဲ့နေသော ဝမ်ချိုက်မှာ အသိစိတ်ဖြင့် ချူဟန်နှင့် ဆက်သွယ်ရန် အသဲအသန် ကြိုးစားရုံသာ တတ်နိုင်တော့သည်။

‘ချူဟန် ချူဟန် သောက်ကျိုးနည်း ငါ ငါး အကိုက်ခံလိုက်ရပြီ… အား နာလိုက်တာ ငါ့ဖင်တော့ အရမ်းနာနေပြီ… ဒီငါးရဲ့ သွားတွေက အရမ်းထက်လွန်းတယ်… ဖင်သားတွေ ပြတ်ထွက်ကုန်ပြီလား မသိဘူး… မြန်မြန်... ဒီသောက်ငါးကို ဖယ်ပေးစမ်းပါ… မြန်မြန်... မြန်မြန်လုပ်... ငါ သေတော့မယ် သေတော့မယ်ဟ'

ချူဟန်က မျက်နှာပျက်ပျက်ဖြင့် ဝမ်ချိုက်ရှေ့သို့ လျှောက်သွားလိုက်သည်။

ထို့နောက် မျှော်လင့်ချက်တကြီးဖြင့် ကြည့်နေသော ဝမ်ချိုက်ကို...

ခြေထောက်ကိုမြှောက်ကာ တက်နင်းပစ်လိုက်သည်။

ဗျပ်…

ချူဟန်က ဝမ်ချိုက်ကို ကြမ်းပြင်ပေါ်၌ ဖိနင်းလိုက်ရာ ပင်ပေါင်ဘောလုံး အရွယ်အစားခန့်သာ ရှိသော ဝမ်ချိုက်၏ ခန္ဓာကိုယ်လေးမှာ စက္ကူဖြူတစ်ရွက်ပမာ ပြားကပ်သွားတော့သည်။

‘သောက်ကျိုးနည်း… ချူဟန်’

ဝမ်ချိုက်က ငိုယိုအော်ဟစ်လိုက်သည်။

'ဖယ်စမ်း...သောက်ကောင်လေး…မနေ့က ပြောခဲ့တဲ့ စကားတွေကို ပြန်ရုပ်သိမ်းတယ်…. နင်က နည်းနည်းလေးတောင် မမိုက်ဘူး… အရှက်မရှိတဲ့ ကောင်စုတ်ပဲ… ငါ့ကိုများ နင်းရက်တယ်ပေါ့လေ… ငါ နင်နဲ့ တစ်ယောက်ချင်း ချမယ်'

အရင်က ဇွန်ဘီ တက်နင်းခံလိုက်ရစဉ်က အဖြစ်ဆိုးကြီးမှာ မှတ်ဉာဏ်ထဲ၌ ရှင်သန်နေဆဲဖြစ်ရာ ယခုတစ်ဖန် ချူဟန်၏ အနင်းခံရပြန်ပြီ ဖြစ်သည်။

သောက်ကျိုးနည်း... ငါက ဘာလို့ အမြဲတမ်း အနင်းခံနေရတာလဲကွ။

ချူဟန်က သူ၏ဘေးနားရှိ သွားများလျော့ရဲသွားသော ငါးကို တည်ငြိမ်စွာပင် ကန်ထုတ်လိုက်သည်။ ကျန်ခြေထောက်တစ်ဖက်က ဝမ်ချိုက်၏ အပေါ်တွင် တင်းကျပ်စွာ နင်းထားဆဲဖြစ်ကာ၊ ထပ်၍ပင် ဖိချေလိုက်သေးသည်။ ဝမ်ချိုက်ဆိုသည့်ကောင်မှာ အနည်းငယ်မျှ နာကျင်အောင် လုပ်ပြီး အရိုးထဲစွဲသွားအောင် မသင်ပေးပါက အလွယ်တကူ ဘဝင်မြင့်သွားတတ်သည်။

တစ်ဖက်က စိတ်ထဲမှနေ၍ အသေအလဲ ဆဲရေးတိုင်းထွာနေပြီး အခြားတစ်ဖက်ကမူ အေးဆေးတည်ငြိမ်စွာဖြင့် ညှဉ်းပန်းနှိပ်စက်နေသည်။ ထိုအချိန်မှာပင်...

"ကယ်ကြပါဦး…ကယ်ကြပါဦး…"

ရုတ်တရက် ပျောက်ကွယ်သွားလုနီးပါး သဲ့သဲ့လေးဖြစ်နေသော အကူအညီတောင်းသံတစ်ခု ထွက်ပေါ်လာသည်။

သည်းထန်သော မုန်တိုင်းကြီးက အပျော်စီးသင်္ဘောကြီးကို ရိုက်ခတ်နေဆဲဖြစ်သဖြင့် ထိုနာကျင်ဖွယ် အော်ဟစ်သံကို ရှင်းလင်းစွာ မကြားလိုက်ရပေ။ တစ်ကြိမ်မျှ ထွက်ပေါ်လာပြီးနောက် ချက်ချင်းပင် လွင့်ပျောက်သွားတော့သည်။

"ခုနက လူတစ်ယောက် အော်လိုက်သံ ကြားလိုက်ကြလား"

ဝမ်ရှစ်ရှုံးမှာ အနည်းငယ် ထိတ်လန့်သွားပြီး၊ စိုးရိမ်တကြီးဖြင့် ဟိုဟိုဒီဒီ ဆက်တိုက် ကြည့်ရှုနေသည်။ သည်းထန်လွန်းသော မိုးကြောင့် အဝေးမှ မြင်ကွင်းများကို လုံးဝ မမြင်ရပေ။ ထိုအော်သံမှာ သူတို့၏ စိတ်ထင်ယောင်ထင်မှား ဖြစ်နေသလားဟုပင် ထင်မှတ်ရသည်။

"ကြားလိုက်တယ်… ဖင်က ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုလားပဲ"

ကျိုးချွန်းလဲ့က မျက်နှာပေါ်ရှိ မိုးရေများကို သုတ်ဖယ်ရင်း ဖြေလိုက်သည်။

"မဟုတ်ဘူး" ကျ

န်ကွမ်းယွမ်က ငြင်းဆိုလိုက်သည်။

"အဲဒါက ပထမဆုံးအသံလေ… အဲဒီနောက်မှာ နောက်ထပ် အကူအညီတောင်းတဲ့ အသံတစ်ခု ကြားလိုက်ရသေးတယ်"

"ဟင်... ငါတော့ မကြားလိုက်ဘူး"

ကျိုးချွန်းလဲ့မှာ လန့်သွားသည်။

"ထူးဆန်းတဲ့ကိစ္စတွေ ထပ်ဖြစ်နေပြန်ပြီလား မသိဘူး "

ချူဟန် တစ်ဦးတည်းသာလျှင် ထိုအသံကို ရှင်းလင်းစွာ ကြားလိုက်ရသည်။ သူသည် ဤသင်္ဘောပေါ်တွင် တစ်ဦးတည်းသော ဆင့်ကဲပြောင်းလဲသူ ဖြစ်ပြီး အဆင့်(၂)သို့ ရောက်ရှိနေသူ ဖြစ်သောကြောင့် ဖြစ်သည်။ ဤကဲ့သို့သော အချိန်တွင် ထိုအသံ ပေါ်လာခြင်းကြောင့် ဝမ်ချိုက်၏ အော်သံကို အလွယ်တကူ ဖုံးကွယ်သွားနိုင်သဖြင့် ချူဟန်မှာ စိတ်ထဲမှနေ၍ သက်ပြင်းချလိုက်မိသည်။

‘ငြိမ်ငြိမ်နေစမ်း’

ဝမ်ချိုက်ကို တင်းမာစွာဖြင့် သတိပေးလိုက်ပြီးနောက် ချူဟန်က မိုးသက်လေနှင်ဒဏ်ကြောင့် ယိမ်းယိုင်နေကြသော သုံးဦးဘက်သို့ လှည့်ကာ တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။

"တစ်ယောက်ယောက် အကူအညီ တောင်းနေတယ်… ဒုက္ခသည်တွေ ဖြစ်လောက်တယ်"

ယခုအချိန်၌ မိုးသက်မုန်တိုင်းက ကြီးမားနေပြီး၊ ဤမြစ်ပြင်ကြီးမှာလည်း အဆုံးအစမရှိ ကျယ်ဝန်းလှရာ၊ အခြားသင်္ဘောများ မှောက်သွားခြင်းမျိုး ရှိနိုင်ပေသည်။

ဝမ်ရှစ်ရှုံးက ပထမဆုံး သတိဝင်လာပြီး၊ အသံလာရာဆီသို့ လိုက်ရှာကာ လက်ရန်းဆီသို့ အလျင်အမြန် ပြေးသွားခဲ့သည်။ မကြာမီမှာပင် သူက စိုးရိမ်တကြီးဖြင့် မြစ်ပြင်ဆီသို့ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"လူ ရှိလားဟေ့"

"ကယ်ကြပါဦး အွတ်"

ရှင်းလင်းသော အကူအညီတောင်းသံတစ်ခု ထွက်ပေါ်လာသော်လည်း ချက်ချင်းဆိုသလို ရေမွန်းသွားသည့်အလား အသံတိတ်သွားတော့သည်။

"အကူအညီ တောင်းနေတဲ့လူ ရှိတယ်"

ဝမ်ရှစ်ရှုံးက လှည့်ကာ ချူဟန်တို့ဆီသို့ အော်ပြောလိုက်သည်။

"ဒါပေမဲ့ မိုးက အရမ်းသည်းတော့ ဘာမှကို မမြင်ရဘူး။ ဘယ်အရပ်မှာ ရှိနေတာလဲ"

"နာရီလက်တံ ဆယ်နာရီလောက်မှာ ထင်တယ်"

ကျန်ကွမ်းယွမ်ကလည်း မျက်နှာပေါ်မှ မိုးရေများကို သုတ်ဖယ်ရင်း အော်ပြောလိုက်သည်။ သို့သော် သူ ကိုယ်တိုင် မလှုပ်ရှားခင် ချူဟန်ဘက်သို့ အရင် ကြည့်လိုက်သည်။

"အစ်ကိုကြီးချူဟန်... ကယ်ရမလား မကယ်ရဘူးလား"

"ကယ်ပြီးမှပဲ ဆက်ပြောကြတာပေါ့"

ချူဟန်က ကျန်ကွမ်းယွမ်ကို အထင်ကြီးသွားသည်။ ဤကောင်လေး၏ အကြားအာရုံက အတော်လေး ထက်မြက်လှသည်။ ဘေးဒုက္ခသည်များမှာ တကယ်ပင် ဆယ်နာရီအရပ်၌ ရှိနေသည်။

ဆယ်မိနစ်ခန့် အကြာတွင် မြစ်ပြင်ကြီးမှာ လှိုင်းများ မရှိသည့် အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီး ကောင်းကင်ကြီးမှာလည်း မျက်စိတစ်မှိတ်အတွင်း တိမ်ကင်းစင်သော ကောင်းကင်ပြာကြီးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ သာယာသော နေရောင်ခြည်က လွန်ခဲ့သော အချိန်လေးအထိ မုန်တိုင်းကြီး တိုက်ခတ်နေခဲ့သည်ဆိုခြင်းကို အနည်းငယ်မျှပင် မခံစားရစေတော့ပေ။

ကုန်းပတ်ပေါ်ရှိ ပရမ်းပတာ အခြေအနေနှင့် နေရာအနှံ့ ခုန်ပေါက်နေကြသော ငါးများကသာ မုန်တိုင်း၏ အကြွင်းအကျန်အဖြစ် ကျန်ရစ်တော့သည်။

ချူဟန်က ငါးများကို တစ်ကောင်ချင်းစီ လိုက်လံသိမ်းဆည်းနေသည်။ သူသည် ခွန်အားအကြီးဆုံးဖြစ်ပြီး ထိုငါးများမှာလည်း အလွန်ကြီးမားကာ အသက်ဝင်လွန်းနေသဖြင့် ဤကဲ့သို့သော အလုပ်ကြမ်းကို သူကသာ တာဝန်ယူလိုက်ခြင်း ဖြစ်သည်။

အသက်သုံးဆယ်ဝန်းကျင် အမျိုးသားတစ်ဦးမှာ တစ်ကိုယ်လုံး တုန်ယင်နေကာ လက်ရန်းကို မှီပြီး ကြမ်းပြင်ပေါ်တွင် ထိုင်နေသည်။ ကိုယ်ပေါ်တွင် စောင်တစ်ထည် ခြုံထားကာ ခေါင်းငုံ့ထားပြီး မျက်နှာတစ်ခုလုံး ထိတ်လန့်မှုများ ပြည့်နှက်နေသည်။ ကျန်ကွမ်းယွမ်က သူ့ကို ရေတစ်ခွက် ကမ်းပေးလိုက်ရာ၊ သူက ကျေးဇူးတင်စကားပင် မပြောနိုင်ဘဲ အကုန်သောက်ချလိုက်သည်။

မ်ရှစ်ရှုံးမှာ ကုန်းပတ်ပေါ်တွင် ရေမွန်းကာ သတိလစ်နေသော အမျိုးသားတစ်ဦးကို ရှေးဦးသူနာပြုစုနည်းဖြင့် ကယ်ဆယ်နေသည်။ သူ၏ ဘေးတွင် လူငယ်အမျိုးသမီး နှစ်ဦးက စိုးရိမ်ပူပန်နေသော မျက်နှာထားဖြင့် မတ်တတ်ရပ်နေကြသည်။ အလွန်အမင်း ပိန်ချုံးကာ စုတ်ပြတ်နေသော်လည်း နှစ်ဦးစလုံးမှာ ရုပ်ရည်ချောမောကြောင်းကိုတော့ သိသာထင်ရှားနေသည်။

ကျိုးချွန်းလဲ့မှာ လက်ရန်းနားတွင် ချွေးသံတရွဲရွဲဖြင့် အလုပ်ရှုပ်နေပြီး၊ နောက်ဆုံး ဘေးဒုက္ခသည်ကို ဆွဲတင်ရန် သူ၏လက်ကို ကမ်းပေးလိုက်သည်။

"မြန်မြန်... ရေမွန်းသွားသေးလား… အရင်ဆုံး တက်လာခဲ့"

"ကျေးဇူးတင်ပါတယ်… တကယ်ကို ကျေးဇူးတင်ပါတယ်ဗျာ”

နောက်ဆုံး ဆွဲတင်ခံရသော အမျိုးသားသည် ကုန်းပတ်ပေါ်တွင် ပက်လက်လှန် လဲကျသွားပြီး ကျိုးချွန်းလဲ့ကို အကြိမ်ကြိမ် ကျေးဇူးတင်နေတော့သည်။

"သေတော့မလို့ပဲဗျာ.."

"အခု အဆင်ပြေသွားပါပြီ"

ကျိုးချွန်းလဲ့က တစ်ဖက်လူ၏ ပခုံးကို ပုတ်ပေးလိုက်သည်။

"ခင်ဗျား ခဏလောက် အနားယူလိုက်ပါ.. ဟိုဘက်မှာ လူတစ်ယောက် သတိလစ်နေလို့ ကျွန်တော် သွားကူညီလိုက်ဦးမယ်"

"ခဏနေပါဦး… ကျွန်တော့်ကို အဲဒီကို ခေါ်သွားပေးပါ၊ ကျွန်တော်က ဆရာဝန်ပါ"

အမျိုးသားမှာ အားအင်ကုန်ခမ်းနေသော်လည်း အရေးတကြီး လေသံဖြင့် ပြောလိုက်သည်။

"ခင်ဗျားတို့ သဘောနဲ့ အရေးပေါ် ကယ်ဆယ်ရေး လျှောက်မလုပ်ပါနဲ့၊ စေတနာကနေ ဝေတနာဖြစ်သွားလိမ့်မယ်… ကျွန်တော့်မှာ ဆေးပညာအတွေ့အကြုံ ငါးနှစ်ရှိတယ်၊ ကျွန်တော့်ကို ကြည့်ခွင့်ပြုပါ"

ထိုစကားကို ကြားသောအခါ ချူဟန်က အလိုအလျောက် လက်ကို ရပ်တန့်လိုက်ပြီး ထိုအမျိုးသားကို တစ်ချက် လှမ်းကြည့်လိုက်သည်။ အသက်မှာ သုံးဆယ် မပြည့်တပြည့်ခန့် ရှိမည်။ စိုးရိမ်တကြီး ဖြစ်နေသော အမူအရာမှာ ဟန်ဆောင်နေပုံ မရပေ။ မတော်တဆ ကယ်တင်လိုက်ရသော လူငါးယောက်ထဲတွင်၊ ဆရာဝန်တစ်ယောက် ပါလာလိမ့်မည်ဟု မထင်ထားခဲ့သလို၊ ဝမ်ရှစ်ရှုံးကဲ့သို့ပင် စိတ်သဘောထား ကောင်းမွန်နေပြန်သည်။

မလောပါနဲ့ဗျာ… အခု ကုသပေးနေတဲ့ ဦးလေးကြီးကလည်း ဆရာဝန်ပါပဲ"

ကျိုးချွန်းလဲ့က သူ့ကို နှစ်သိမ့်စကား တစ်ခွန်းပြောလိုက်သည်။

" ငြိမ်ငြိမ်လေးသာ နားနေပါ.. ခင်ဗျားကို ကြည့်ရတာ အားပြတ်နေသလိုပဲ"

"ခင်ဗျားတို့ အဖွဲ့ထဲမှာလည်း ဆရာဝန် ရှိတယ်ပေါ့"

လူငယ်ဆရာဝန်မှာ အံ့အားသင့်သွားသည့်အလား မေးလိုက်သည်။

အဟွတ်... အဟွတ်...

ရုတ်တရက် ရေအန်ထုတ်လိုက်သော အသံတစ်ခု ထွက်ပေါ်လာပြီးနောက် သတိလစ်နေသော အမျိုးသားမှာ အပြင်းအထန် ချောင်းဆိုးလာတော့သည်။ "အဟွတ်.. အဟွတ်.. အဟွတ်"

"အသက်ရှူလာပြီ"

ဝမ်ရှစ်ရှုံးက နဖူးမှချွေးများကို သုတ်လိုက်ပြီး၊ ဝမ်းသာအားရဖြင့် အားလုံးကို အသိပေးလိုက်သည်။

"တော်ပါသေးရဲ့"

"ကျေးဇူးတင်ပါတယ်ရှင်"

မိန်းကလေး နှစ်ဦးမှာ ဝမ်းသာလွန်းသဖြင့် မျက်ရည်များပင် ကျလာကြသည်။

ထိုအချိန်တွင် လူငယ်ဆရာဝန်မှာလည်း အားအင်အနည်းငယ် ပြန်လည်ပြည့်ဝလာပြီး၊ ထထိုင်လိုက်ကာ ထိုဘက်သို့ လှမ်းကြည့်လိုက်ရာ ရုတ်တရက် သူ၏ မျက်လုံးအိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွားပြီး မျက်နှာအမူအရာက ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။

အခန်း (၂၂၄) ကူးစက်ခံထားရတဲ့လူ ကိုယ့်ဘာသာ သင်္ဘောပေါ်ကဆင်း

"ဝမ်ရှစ်ရှုံး ဒေါက်တာဝမ် မဟုတ်လား"

လူငယ်ဆရာဝန်က ရုတ်တရက် အံ့သြတကြီး အော်ပြောလိုက်သည်။

လူတိုင်းက ထိုအသံကြောင့် လှည့်ကြည့်လိုက်ကြပြီး နောက်ဆုံးမှ သင်္ဘောပေါ်တက်လာသော ထိုဒုက္ခသည်ထံသို့ အကြည့်များ ရောက်သွားတော့သည်။ ထို့နောက် အခြေအနေကို နားမလည်နိုင်ဘဲ ကြောင်အမ်းအမ်းဖြစ်နေသော ဝမ်ရှစ်ရှုံး၏ မျက်နှာကိုပါ တစ်လှည့်စီ ကြည့်လိုက်ကြသည်။

သူတို့ တစ်ဦးနှင့်တစ်ဦး သိနေကြသလော။ သို့သော် ကြည့်ရသည်မှာ ထိုသို့သောပုံစံ မပေါ်ပေါက်ချေ။

ပတ်ဝန်းကျင်တွင် ဆူညံသွားချိန်၌ ချူဟန်သည် နောက်ဆုံးငါးတစ်ကောင်ကို ပိုက်ကွန်ထဲသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် ငါးများ ပြည့်နေသော ခြင်းတောင်းကို ထောင့်တစ်နေရာသို့ ရွှေ့ထားလိုက်ပြီး အခြေအနေကို တိတ်ဆိတ်စွာ စောင့်ကြည့်နေလေသည်။

ထိုလူငယ်ဆရာဝန်သည် ဝမ်ရှစ်ရှုံး ဖြစ်ကြောင်း သေချာသွားသောအခါ စက္ကန့်အနည်းငယ်မျှ မှင်သက်သွားခဲ့သည်။ ထို့‌နောက် ချက်ချင်းပင် ပြေးသွားကာ ဝမ်ရှစ်ရှုံး၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်တော့သည်။

"ဆရာဝမ်.. တွေ့ရတာ ဝမ်းသာလိုက်တာဗျာ… ကျွန်တော် နာမည် လျန်ဟုန်ရှန်းပါ…ယင်မြို့ ပထမပြည်သူ့ဆေးရုံမှာ ခွဲစိတ်ဆရာဝန်အဖြစ် အလုပ်လုပ်ခဲ့တာပါ… ဆရာ့ရဲ့ ဟောပြောပွဲကို တက်ရောက်ခဲ့ဖူးပြီး အရမ်းကို လေးစားအားကျခဲ့ရတာပါ.. ဆရာနဲ့ ဒီလိုနေရာမျိုးမှာ ဆုံရလိမ့်မယ်လို့ ထင်တောင် မထင်ထားခဲ့ဘူးဗျာ"

"ဟင်"

လျန်ဟုန်ရှန်း၏ စိတ်အားထက်သန်စွာ ပြောဆိုနေမှုနှင့် ကြည်ညိုလေးစားရသော အိုင်ဒေါလ်တစ်ယောက်ကို တွေ့လိုက်ရသကဲ့သို့ စိတ်လှုပ်ရှားနေသော အကြည့်များကြောင့် ထိုနေရာရှိ လူအားလုံးမှာ အခြေအနေကို နားမလည်နိုင် ဖြစ်သွားကြသည်။

ဝမ်ရှစ်ရှုံးမှာလည်း တွေဝေသွားသော်လည်း လျန်ဟုန်ရှန်း၏ လက်ကို ပြန်လည်ဆုပ်ကိုင်ကာ ခေါင်းညိတ်ပြလိုက်သည်။

"အာ... ဒေါက်တာလျန်.. တွေ့ရတာ ဝမ်းသာပါတယ်"

"ရပါတယ်ဗျာ… ကျွန်တော့်ကို ရှောင်လျန် လို့ပဲ ခေါ်ပါ… ဆရာ့ရဲ့ သုတေသနစာတမ်းက တကယ်ကို ပြောင်မြောက်လွန်းပါတယ်"

လျန်ဟုန်ရှန်းက ဆက်တိုက် ပြောဆိုနေလေသည်။ သို့သော် သူ၏ မျက်နှာမှာ ရုတ်တရက် ညှိုးနွမ်းသွားသည်။

"ကမ္ဘာပျက်ကပ်ကြီးသာ မရောက်လာခဲ့ရင်... အဲဒီ အဖြစ်ဆိုးကြီးသာ မဖြစ်ခဲ့ရင် ဆရာရဲ့ အဲဒီစာတမ်းနဲ့တင် ဆုတွေ အများကြီး ရနိုင်မှာသေချာတယ်ဗျာ"

ထိုစကားကို ကြားသောအခါ ကျန်ကွမ်းယွမ်၊ ကျိုးချွန်းလဲ့နှင့် အခြား ဒုက္ခသည်လေးဦးတို့က ဝမ်ရှစ်ရှုံးကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။ သူတို့ရှေ့ရှိ ဤအမျိုးသားသည် တစ်ချိန်က ဆေးပညာလောကတွင် ထိုမျှလောက် အသိအမှတ်ပြု ခံခဲ့ရသူ ဖြစ်နေလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။

"ဦးလေးဝမ်"

ကျိုးချွန်းလဲ့က အလွန်အမင်း အံ့ဩသွားသော ပုံစံဖြင့် ပြောလိုက်သည်။

" ဦးလေးက အဲဒီလောက်တောင် တော်တာလား"

"လေးစားသွားပြီဗျာ"

ကျန်ကွမ်းယွမ်ကလည်း ချီးကျူးသံ ထွက်ပေါ်လာသည်။

"ဆရာဝမ်... မင်္ဂလာပါ"

အခြားဒုက္ခသည်များကလည်း ဝမ်ရှစ်ရှုံးကို ဝိုင်းအုံကာ ဆူညံစွာ ပြောဆိုလာကြတော့သည်။

ချူဟန်က သူတို့၏ အံ့ဩချီးကျူးနေမှုများကို စိတ်ဝင်စားခြင်း မရှိပေ။ ထောင့်တစ်နေရာတွင် မကျေမနပ်ဖြစ်နေသော ဝမ်ချိုက်ကို ကောက်ယူကာ ဘောင်းဘီအိတ်ကပ်ထဲသို့ ထိုးထည့်လိုက်သည်။

ဝမ်ရှစ်ရှုံး နှင့် လျန်ဟုန်ရှန်းတို့သည် အတိတ်က မည်မျှပင် ထူးချွန်သော ဆေးပညာရှင်များ ဖြစ်ခဲ့ပါစေ။ ယဉ်ကျေးမှုအဆင့်အတန်းများ ပြိုလဲပျက်စီးသွားပြီး မျိုးဗီဇပြောင်းလဲမှုများကြောင့် လူသားတို့၏ မူလအခြေခံများ ပြောင်းလဲသွားပြီဖြစ်သော ယခုအချိန်တွင် အတိတ်က ဆေးပညာဗဟုသုတများသည် တန်ဖိုးမရှိသော စက္ကူစုတ်များသာ ဖြစ်နေပြီ ဖြစ်သည်။

အရာအားလုံးက သုညမှ ပြန်စရတော့မည် ဖြစ်သည်။

မျိုးဗီဇကို နားလည်နိုင်မည်ဆိုပါက အခြား သုတေသနပြုလုပ်ရမည့် အရာများလည်း အများအပြား ရှိနေသေးသည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် လူသားများသည် ယနေ့တိုင် ကမ္ဘာပေါ်တွင် ဉာဏ်ရည်အမြင့်မားဆုံး မျိုးနွယ်စု ဖြစ်နေဆဲပင်။ လူသားများ ပိုင်ဆိုင်ထားသော တိုးတက်နိုင်စွမ်းကသာ ရှေ့ဆက်ရမည့် ခရီးလမ်းတွင် တန်ဖိုးအရှိဆုံးအရာ ဖြစ်လာပေလိမ့်မည်။

"အားလုံးပဲ... တော်ကြပါတော့"

ဝမ်ရှစ်ရှုံးက သက်ပြင်းချကာ လက်ခါပြလိုက်သည်။

"ကျွန်တော်က သာမန် အသက်ရှင်ကျန်ရစ်သူ တစ်ယောက်ပါပဲ… အတိတ်က စာတမ်းတွေဆိုတာ အခုချိန်မှာတော့ အမှိုက်နဲ့ အတူတူပါပဲ"

"အဲဒီလို မပြောပါနဲ့ဗျာ"

လျန်ဟုန်ရှန်းက တည်ကြည်သော မျက်နှာဖြင့် ငြင်းဆန်လိုက်သည်။

"အခုအချိန်က ပုံမှန်မဟုတ်တဲ့ အခြေအနေဆိုပေမယ့် ဆရာဝန်တစ်ယောက်ရဲ့ စိတ်ဓာတ်ကိုတော့ မစွန့်လွှတ်သင့်ပါဘူး… အတိတ်က သုတေသန ရလဒ်တွေကို ဆက်လက် ထိန်းသိမ်းထားခြင်းကသာ လူသားတွေကို ကယ်တင်နိုင်မယ့် နည်းလမ်းဖြစ်ပြီး အခု ဒုက္ခရောက်နေတဲ့ လူအများကြီးကို ကယ်တင်ဖို့အတွက် လိုအပ်ပါတယ်"

"ဒါပေမဲ့..."

ဝမ်ရှစ်ရှုံးမှာ စကားပြောရခက်သွားပြီး ချူဟန် ရှိရာသို့ အကဲခတ်လိုက်သည်။

မနေ့က ချူဟန် ပြောပြခဲ့သဖြင့် သူ သိထားပြီး ဖြစ်သည်။ တစ်ချိန်က လူသားများ၏ အခြေခံဟု သတ်မှတ်ထားသော ဆေးပညာဗဟုသုတများသည် ဤကမ္ဘာပျက်ကပ်တွင် အသုံးမဝင်တော့ပေ။ ကိုယ်ဝန်ဆောင်မိခင်တစ်ဦး၏ ကိုယ်ဝန်ဆောင်ကာလသည် ဆယ်လတိတိ မဟုတ်တော့လောက်အောင် ကမ္ဘာကြီးက ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

လျန်ဟုန်ရှန်းက ဝမ်ရှစ်ရှုံး၏ တွေဝေနေမှုကို နားလည်ပုံ မရချေ။ သူ ဆက်လက် ပြောဆိုရန် ပြင်လိုက်ချိန်မှာပင်...

"အထဲရောက်မှပဲ ဆက်ပြောကြတာပေါ့"

အခြေအနေကို ရိပ်မိသွားသော ကျန်ကွမ်းယွမ်က အနေခက်နေသော လေထုကို ဖြတ်တောက်လိုက်သည်။ ထို့နောက် ချူဟန် ဘက်သို့ လှည့်ကာ ရိုသေလေးစားစွာ မေးလိုက်သည်။

"အစ်ကိုကြီးချူဟန်... အထဲကို ဝင်ကြမလား"

ကျန်ကွမ်းယွမ်၏ ထိုအမူအရာကို မြင်သောအခါ အသစ်ရောက်လာသူ ငါးဦးစလုံး အံ့ဩမှင်သက်သွားကြသည်။

စောစောကတည်းက တိတ်ဆိတ်စွာ ငါးဖမ်းနေသော ချူဟန်ကို မည်သူကမျှ ဂရုမစိုက်ခဲ့ကြပေ။ သို့သော် ကျန်ကွမ်းယွမ်၏ ရိုသေလေးစားနေသော အမူအရာကို မြင်လိုက်ရမှသာ သူတို့ နားလည်သွားတော့သည်။

ဤ ချူဟန် ဆိုသော လူငယ်လေးသည်သာ ဤသင်္ဘော၏ ခေါင်းဆောင် ဖြစ်နေကြောင်းကိုပင်။ ချူဟန်က မျက်မှောင်ကြုတ်လိုက်သည်။ မိုးရေနှင့် ရောနှော၍ လွင့်ပျံလာသော အနံ့တစ်ခု။ ထိုအရာက စိတ်ထင်နေခြင်း လုံးဝ မဖြစ်နိုင်ပေ။ သူက တိတ်ဆိတ်စွာပင် ခေါင်းညိတ်ပြလိုက်သည်။

"ဝင်ကြတာပေါ့"

"ဟုတ်ကဲ့"

ကျန်ကွမ်းယွမ်က ဝမ်းသာအားရ ပြန်ဖြေလိုက်ပြီး အားလုံးကို တိုက်တွန်းလိုက်သည်။

"အားလုံးပဲ ပင်ပန်းနေကြပြီ မဟုတ်လား… ဒီနေ့ ငါးတွေ အများကြီး ရထားတော့ ဗိုက်အရင် ဖြည့်လိုက်ကြပါဦး"

'စားစရာ ရှိတယ်ပေါ့'

ဒုက္ခသည်များ၏ မျက်လုံးများ အရောင်လက်သွားပြီး ကျေးဇူးတင်စကားများ ပြောဆိုလာကြသည်။

"တကယ်ကို ကျေးဇူးတင်ပါတယ်ဗျာ"

"လှေပေါ်မှာ တစ်နေကုန် ငတ်နေခဲ့တာ… ပြီးတော့ မုန်တိုင်းနဲ့ပါ ထပ်ကြုံရသေးတယ်… တကယ်ကို ကျေးဇူးတင်ပါတယ်"

လူအုပ်ကြီးက သင်္ဘောခန်းထဲသို့ ဝင်သွားကြသည်။ ချူဟန်က နောက်ဆုံးမှ ဖြည်းညင်းစွာ လိုက်ပါသွားလေသည်။ ဝမ်ရှစ်ရှုံးက စိတ်မသက်မသာဖြစ်နေသော မျက်နှာဖြင့် သူ၏ ဘေးမှ လျှောက်လာပြီး အခြေအနေကို မသိသော လျန်ဟုန်ရှန်းက သူတို့၏ အနောက်မှ ကပ်လျက် လိုက်ပါလာသည်။

ဒီလူငယ်လေးက ဘယ်သူလဲ။

ဘာဖြစ်လို့ သင်္ဘောပေါ်က လူတွေက သူ့ကို ဒီလောက်တောင် အလေးထားနေရတာလဲ။

ဒီသင်္ဘောက သူ့ဟာများလား။

ထိုသို့သော မေးခွန်းများ ခေါင်းထဲတွင် တွေးတောနေချိန်မှာပင် သူတို့အားလုံး သင်္ဘောခန်းထဲသို့ ရောက်ရှိသွားကြသည်။ နွေးထွေးသော စားပွဲကို ဝိုင်းထိုင်လိုက်ကြပြီး ကျိုးချွန်းလဲ့က မနေ့က ကျန်ခဲ့သော အစားအစာများကို ထုတ်ပေးလိုက်သောအခါ သူတို့အားလုံး ငတ်မွတ်နေသော ပြိတ္တာများပမာ အငမ်းမရ စားသောက်ကြတော့သည်။

ချူဟန်က အခန်းထောင့်တွင် ရပ်လျက် ထိုမြင်ကွင်းကို အေးစက်သော အကြည့်များဖြင့် ကြည့်ရှုနေလေသည်။

"ဘာဖြစ်လို့လဲ"

ဝမ်ရှစ်ရှုံးက ဘေးမှနေ၍ စီးကရက်ကို မီးညှိလိုက်သည်။ ချူဟန်၏ တိတ်ဆိတ်နေမှုက သာမန်ကိစ္စ မဟုတ်ကြောင်း သူ ရိပ်မိလိုက်ခြင်း ဖြစ်သည်။

"ဘာပြဿနာများ ရှိလို့လဲ"

ဝမ်ရှစ်ရှုံးကို အားကိုးနေသော လျန်ဟုန်ရှန်းက စိုးရိမ်တကြီးဖြင့် ချူဟန်ကို အကဲခတ်လိုက်သည်။

"စားစရာတွေလည်း ပေးတယ်… သင်္ဘောပေါ်လည်း တက်ခွင့်ပေးတယ်…ဒါနဲ့..ကျေးဇူးတင်စကားတောင် မပြောရသေးဘူး..."

လျန်ဟုန်ရှန်း၏ စကားကြောင့် အခြားလေးဦးလည်း သတိဝင်လာကာ အနေခက်စွာဖြင့် ကျေးဇူးတင်စကား ပြောလိုက်ကြသည်။ မိန်းကလေးနှစ်ဦးမှာမူ ကြောက်ရွံ့နေသော ပုံစံဖြင့် အဝတ်အစားများကို တင်းကြပ်စွာ ဆုပ်ကိုင်ထားကြသည်။ ကမ္ဘာပျက်ကပ်တွင် ဆင်းရဲဒုက္ခ အတော်များများကို ခံစားခဲ့ရပုံ ပေါ်ပေသည်။

ကျိုးချွန်းလဲ့က အနေရခက်နေသော လေထုကို ရိပ်မိသွားပြီး ချူဟန် ရှိရာသို့ ကပ်သွားလိုက်သည်။

"အစ်ကိုကြီးချူ... တစ်ခုခု အဆင်မပြေတာများ ရှိလို့လား… ကျွန်တော် စောစောကတည်းက လန့်နေတာ… နောက်ဆိုရင် အစ်ကိုကြီး ခိုင်းတဲ့အတိုင်း အကုန်လုပ်ပါ့မယ်ဗျာ"

ထိုစကားကြောင့် အခန်းတွင်းရှိ လေထုမှာ ရုတ်တရက် တင်းမာသွားတော့သည်။ စားသောက်နေကြသော လူငါးဦးမှာ လက်လှုပ်ရှားမှုများ ရပ်တန့်သွားပြီး ချူဟန် ရှိရာသို့ တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြသည်။ သတိထားနေမှုများနှင့် အထင်းသား ပေါ်လွင်နေသော ဆန့်ကျင်လိုစိတ်များ။ ကယ်တင်ပေးခဲ့သော ကျေးဇူးရှိသည် ဆိုသော်လည်း ချူဟန်၏ အေးစက်သော အမူအရာက သူတို့၏ ဒေါသကို ဆွပေးနေသကဲ့သို့ ဖြစ်နေသည်။

ချူဟန်က သူတို့ကို ကယ်တင်ပြီးနောက် ဒုတိယအကြိမ်မြောက် စကားကို ဆိုလိုက်သည်။ သူ၏ လေသံတွင် မည်သည့် လိုက်လျောမှုမျှ မပါဝင်ချေ။

"တစ်ခုလောက်တော့ ရှင်းရှင်းလင်းလင်း ပြောထားမယ်"

ချူဟန်က အေးစက်စွာ ပြောဆိုလိုက်သည်။

"ကူးစက်ခံထားရတဲ့သူ ရှိရင်... ကိုယ့်ဘာသာ သင်္ဘောပေါ်ကနေ ဆင်းသွားလိုက်"

All Chapters