← Chapters

အခန်း (၂၂၅-၂၂၆)

Vol. 23 Ch. 225-226

အခန်း (၂၂၅-၂၂၆)

Vol. 23 Ch. 225-226

အခန်း (၂၂၅) ဒဏ်ရာက ဘယ်ကနေ ရလာတာလဲ

"ကျွန်တော်တို့ကို မောင်းထုတ်ချင်ရင်လည်း တိုက်ရိုက်သာ ပြောလိုက်ပါ"

ဝမ်ရှစ်ရှုံး ကယ်တင်ခဲ့သော ထိုအမျိုးသား၏ နာမည်မှာ ထူချန်လုံ ဖြစ်ပြီး ယခုအချိန်တွင် သူလည်း အနည်းငယ် ဒေါသထွက်နေသည်။

"ကျွန်တော်တို့ကို ကယ်တင်ပေးခဲ့တဲ့အတွက်ရော ခင်ဗျားတို့ရဲ့ အစားအသောက်တွေအတွက်ပါ ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ်… ဒါပေမဲ့ ကျွန်တော်တို့ကလည်း မျက်နှာပြောင်တိုက်မယ့်လူတွေ မဟုတ်ပါဘူး"

"အရမ်းလွန်လွန်းနေပြီ"

သူတို့ထဲမှ ယင်းရှောင်ချင်း အမည်ရသည့် မိန်းကလေးတစ်ဦးကလည်း ဒေါသတကြီးဖြင့် ဝင်ပြောလိုက်သည်။

"ရှင်တို့ရဲ့ အစားအသောက်တွေကို စားခဲ့မိတဲ့အတွက် တကယ်ပဲ တောင်းပန်ပါတယ်… ဒါပေမဲ့ လူတွေကို မောင်းထုတ်ချင်နေတာကတော့ နည်းနည်း မလွန်လွန်းဘူးလား"

ချူဟန်က သူ၏ရှေ့မှ ဒေါသထွက်နေသော မျက်နှာများကို ကြည့်လိုက်ပြီးနောက် ရုတ်တရက် ခြေလှမ်းတစ်လှမ်း တိုးကာ ရှေ့သို့ ထွက်လာလိုက်ရာ ဖိနှိပ်မှုပါသော လေထုက ရုတ်တရက် ထွက်ပေါ်လာသည်။

" ငါပြောခဲ့တာက ဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့သူတွေ သင်္ဘောပေါ်ကနေ ဆင်းသွားဖို့ပဲ … တခြား အသက်ရှင်ကျန်ရစ်သူတွေဆိုရင်တော့ ကြိုဆိုတယ်"

"ကျွန်တော်တို့ထဲမှာ ဘယ်သူမှ ကူးစက်မခံထားရပါဘူး"

လျန်ဟုန်ရှန်းက ချက်ချင်းပင် ယုံကြည်ချက်အပြည့်ဖြင့် ပြန်ဖြေလိုက်သည်။

"ဆရာဝန်တစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို အာမခံပြီး ပြောရဲပါတယ်"

ချူဟန်က သူ့ကို အေးစက်စက် တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်သော လေသံဖြင့် ပြန်ပြောလိုက်သည်။

"စစ်ဆေးဖို့ လိုအပ်တယ်"

"ကောင်းပြီလေ စစ်ဆေးချင်လည်း စစ်ဆေးပေါ့… ကျွန်တော်တို့ကတော့ ဘာမှ ဖုံးကွယ်ထားစရာ မရှိဘူး"

လျန်ဟုန်ရှန်းက ချက်ချင်းပင် သဘောတူလိုက်ပြီးနောက် ကျန်လေးယောက်ကို လှည့်ပြောလိုက်သည်။

"သူ စစ်ဆေးတာကို ပူးပေါင်းပါဝင်ပေးလိုက်ပါ"

"ကျွန်မတို့ မိန်းကလေးတွေကရော… ဘယ်လို စစ်ဆေးမှာလဲ"

စကားတစ်ခွန်းမှ မပြောသေးသော နောက်ထပ် မိန်းကလေးတစ်ဦး၏ နာမည်မှာ ဝေ့အန်း ဖြစ်သည်။ သူမက ထိတ်လန့်နေသော မျက်နှာဖြင့် သူမ၏ အင်္ကျီလည်ပင်း အနားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက်မဲ့နေသော အကြည့်များဖြင့် ကြည့်နေသည်။ ဤကဲ့သို့ ရင်းနှီးနေသော မြင်ကွင်းမျိုးကို သူမ အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ဖူးပြီး များသောအားဖြင့် စစ်ဆေးခြင်းဆိုသည်မှာ ဆင်ခြေတစ်ခုသာ ဖြစ်လေ့ရှိသည်။

"ဆင်ခြေတွေ"

ယင်းရှောင်ချင်းကလည်း သဘောပေါက်သွားပြီး ချူဟန်ကို ဒေါသတကြီး ကြည့်လိုက်သည်။

"ရှင် ဘာလုပ်ချင်နေတာလဲ… ဒီမှာက ကျွန်မနဲ့ ဝေ့အန်းဆိုတဲ့ မိန်းကလေး နှစ်ယောက်တည်း ရှိတာ… ဘယ်လို စစ်ဆေးမှာလဲ… ကျွန်မတို့က အတူတူ တက်လာကြတာဆိုတော့ ကျွန်မတို့အချင်းချင်း စစ်ဆေးရင်လည်း ရှင်က ယုံမှာမဟုတ်ဘူးလို့ ပြောဦးမှာပဲ… ရှင့်လို လူမျိုးတွေကို ကျွန်မ အများကြီး တွေ့ဖူးတယ်.. ကျွန်မတို့ကို လှည့်စားဖို့ မကြိုးစားနဲ့…"

မိန်းကလေးနှစ်ယောက်၏ စကား ထွက်ပေါ်လာသည်နှင့် လျန်ဟုန်ရှန်းက ချူဟန်ကို အလွန်အမင်း စိတ်ပျက်သွားသည့် အမူအရာဖြင့် ချက်ချင်း ကြည့်လိုက်သည်။ "

မင်းက ဒီလိုလူမျိုး ဖြစ်နေမယ်လို့ မထင်ထားဘူး… ဒေါက်တာဝမ်.. ခင်ဗျားက ဒီလိုလူမျိုးကို ဘယ်လိုလုပ် သင်္ဘောပေါ်မှာ နေခွင့်ပေးထားရတာလဲ"

ဝမ်ရှစ်ရှုံး တစ်ယောက် ရှုပ်ထွေးသွားပြီး ရှေ့ရှိ ရှုပ်ယှက်ခတ်နေသော မြင်ကွင်းကို မည်သို့ တုံ့ပြန်ရမည်မှန်း မသိဖြစ်နေသည်။

"တစ်ယောက်ချင်းစီ စစ်ဆေးနေစရာ မလိုဘူး"

ထိုအချိန်တွင် ချူဟန်က ရုတ်တရက် အသံထွက်လာသည်။

"လျန်ဟုန်ရှန်းကလွဲပြီး ကျန်တဲ့ အမျိုးသား နှစ်ယောက်လုံးရဲ့ ကိုယ်ပေါ်မှာ သွေးနံ့တွေ ရှိနေတယ်… ပြောစမ်းပါဦး မင်းတို့ရဲ့ ဒဏ်ရာတွေက ဘယ်ကနေ ရလာတာလဲ"

မင်းတို့ရဲ့ ဒဏ်ရာတွေက ဘယ်ကနေ ရလာတာလဲ။

ထိုကဲ့သို့ သေချာနေသော စကားကြောင့် လူအားလုံး ချက်ချင်းပင် အံ့အားသင့်သွားကြသည်။

ယင်းရှောင်ချင်းနှင့် ဝေ့အန်း မိန်းကလေးနှစ်ယောက်လုံး လုံးဝ အံ့အားသင့်သွားကြသည်။ ချူဟန်သည် သူတို့ ယခင်က ကြုံတွေ့ခဲ့ဖူးသော အမျိုးသားများနှင့် မတူညီဘဲ သူတို့နှစ်ဦးကို ရည်ရွယ်ချက်မရှိသည့်အပြင် အခြား ညစ်ညမ်းသော အတွေးများလည်း လုံးဝမရှိဟု သူတို့ တကယ်ကို မထင်ထားခဲ့ပေ။

သို့သော် မကြာမီမှာပင် မိန်းကလေးနှစ်ဦးမှာ ထပ်မံ၍ အံ့အားသင့်သွားပြီး ချူဟန် ထောက်ပြလိုက်သော အမျိုးသားနှစ်ဦးကို ကြည့်လိုက်ကြသည်။ ဤလူနှစ်ဦးတွင် ဒဏ်ရာများ ရှိနေကြောင်းကို ချူဟန်က မည်သို့ ဆုံးဖြတ်နိုင်ခဲ့သနည်း။

ဝေ့အန်း၏ အမူအရာမှာ ထိတ်လန့်ခြင်းနှင့် မလုံခြုံခြင်းတို့ ဖြစ်နေပြီး ယင်းရှောင်ချင်၏ မျက်နှာတွင်တော့ အံ့သြသံသယဖြစ်မှုများ အပြည့်ရှိနေသည်။

ဝမ်ရှစ်ရှုံး၊ ကျန်ကွမ်းယွမ်နှင့် ကျိုးချွန်းလဲ့ သုံးဦးစလုံးက ချူဟန်အပေါ် နက်ရှိုင်းသော ယုံကြည်မှု ရှိကြသည်။ ချူဟန်၏ ထိုစကား ထွက်ပေါ်လာသည့် အခိုက်အတန့်မှာပင် သူတို့က ထိုဒုက္ခသည် ငါးဦးကို သတိထားကာ ကြည့်လိုက်ကြသည်။ ချူဟန်က ဤကဲ့သို့ ပြတ်သားစွာ ပြောဆိုလာနိုင်သည်ဆိုလျှင် အခြေခံအားဖြင့် ဤငါးဦးတွင် ပြဿနာရှိနေကြောင်း ရှင်းလင်းစွာ ပြသနေခြင်းပင် ဖြစ်သည်။

လျန်ဟုန်ရှန်း၏ မျက်နှာတွင် အံ့သြမှုနှင့် တုန်လှုပ်မှုတို့ ပေါ်လွင်နေပြီး သူက ဘာလုပ်ရမှန်းမသိ ဖြစ်နေသော အဖော်နှစ်ဦးကို ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။

ဒဏ်ရာ ဟုတ်လား။

"ရှင် တမင်သက်သက် လျှောက်ပြောနေတာမလား"

အစောဆုံး မကျေနပ်မှုကို ပြသခဲ့သော ယင်ရှောင်ချင်းက အလွန် ဒေါသထွက်နေပြီး ထူချန်လုံ၏ အနီးသို့ တင်းကျပ်စွာ ကပ်ရပ်လိုက်သည်။

"ကျွန်မ ကောင်လေးရဲ့ ကိုယ်ပေါ်မှာ ဘာဒဏ်ရာမ မရှိဘူး.. ရှင်က ကျွန်မတို့ကို သင်္ဘောပေါ်ကနေ မောင်းချချင်နေတာပဲ"

ယင်ရှောင်ချင်းက ချူဟန်အပေါ် ရန်လိုနေဆဲဖြစ်သည်။ သူမ၏ အမြင်တွင် ချူဟန်က သူမနှင့် ဝေ့အန်းအပေါ် ပထမဆုံး အချိန်မှာပင် ညစ်ညမ်းသော အတွေးများကို မပြသခဲ့ခြင်းမှာ အယောင်ပြခြင်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပြီး အမျိုးသားနှစ်ဦးကို သင်္ဘောပေါ်မှ မောင်းချလိုက်ပါက သူ ဘာလုပ်ချင်သည်ဖြစ်စေ မည်သူကမျှ ဝင်စွက်ဖက်နိုင်တော့မည် မဟုတ်ပေ။

ဝေ့အန်း အမည်ရသော မိန်းကလေးမှာ သတ္တိပိုနည်းသဖြင့် သူမ၏ အတွေးများကိုလည်း မဖော်ပြရဲချေ။ သူမက မျက်မှောက်ရှိ မြင်ကွင်းကို အနည်းငယ် ထိတ်လန့်စွာ ကြည့်နေသည်။ အမှန်တကယ် ပြောရလျှင် ကမ္ဘာပျက်ကပ် စတင်ဖြစ်ပွားချိန်မှစ၍ သူမသည် လူများစွာ၏ သစ္စာဖောက်မှုကို ခံခဲ့ရပြီး လူ့သဘာဝ၏ နွေးထွေးမှုနှင့် အေးစက်မှုများကိုလည်း အလွန်အမင်း တွေ့မြင်ခဲ့ရသည်။ ဤအခိုက်အတန့်တွင် သူမသည် မည်သူ့ကို ယုံကြည်ရမည်မှန်းပင် မသိတော့ချေ။

ထူချန်လုံမှာမူ ထိုအချိန်တွင် ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် တုန်ယင်သွားပြီး ချူဟန်ကို မယုံနိုင်စရာကောင်းလောက်အောင် ကြည့်နေသည်။ သူ အလွန်အမင်း တုန်လှုပ်သွားသောကြောင့် သူ၏ လက်ထဲရှိ ပန်းကန်လုံးသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားကာ ကွဲကြေသွားတော့သည်။

ခွမ်း…

ထိုအသံက အခန်းတွင်းရှိ တိတ်ဆိတ်မှုကို ပို၍ လေးလံသွားစေသည်။

ထူချန်လုံ၏ တုံ့ပြန်မှုကြောင့် အခန်းတစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားသည်။ သူ၏ ကိုယ်ပေါ်တွင် ဒဏ်ရာမရှိဟု အခုလေးတင် ပြောခဲ့သော ဘေးနားရှိ ယင်ရှောင်ချင်းမှာ အံ့အားသင့်သွားပြီး ထူချန်လုံကို အံ့အားသင့်စွာ ကြည့်နေသည်။ တကယ်ပဲ ဒဏ်ရာ ရှိနေတာလား။ မိန်းကလေးမှာ လန့်ဖြန့်သွားကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး ကြောက်လန့်တုန်ယင်လျက် သူမ၏ ချစ်သူကို မယုံနိုင်စရာကောင်းလောက်အောင် ကြည့်နေတော့သည်။

လျန်ဟုန်ရှန်းလည်း ချက်ချင်းပင် ကြောင်အမ်းအမ်း ဖြစ်သွားပြီး ထူချန်လုံကို ရုတ်တရက် လှည့်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းထဲရှိ အံ့အားသင့်မှုမှာ စကားဖြင့်ပင် ဖော်ပြ၍ မရနိုင်တော့ပေ။ အခုလေးတင် သူကိုယ်တိုင် သူတို့အဖွဲ့ထဲမှ မည်သူမျှ ကူးစက်ခံထားရခြင်း မရှိကြောင်းကို ချူဟန်အား ယုံကြည်ချက်အပြည့်ဖြင့် ကတိပေးခဲ့သော်လည်း ရလဒ်အနေဖြင့် တစ်မိနစ်ပင် မကြာလိုက်ဘဲ ထူချန်လုံ၏ တုံ့ပြန်မှုမှာ သိသာထင်ရှားစွာပင် ပြသနေသည်။

"မင်း ဘာလို့ မပြောရတာလဲ"

ချက်ချင်းဆိုသလိုပင် လျန်ဟုန်ရှန်းက ထူချန်လုံကို ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဒါက အရမ်းအန္တရာယ်များတယ်ဆိုတာ မင်း သိလား မသိဘူးလား… မင်း ငါတို့ကို သေအောင် လုပ်နေတာပဲ"

ထူချန်လုံက စိုးရိမ်တကြီး တံတွေးမျိုချလိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး အဆက်မပြတ် တုန်ယင်နေကာ အလျင်စလို ပြောလိုက်သည်။

"ကျွန်တော်က ချွန်ထက်တဲ့ အရာတစ်ခုနဲ့ ရှမိသွားတာပါ… သင်္ဘောပေါ် မတက်ခင်က မတော်တဆ ထိမိသွားတာ.. ဇွန်ဘီတွေ လုပ်တာ မဟုတ်ပါဘူး…ကျွန်တော် ကူးစက်မခံရပါဘူး.."

"ရှင် ဆင်ခြေပေးနေတာပဲ"

ယင်ရှောင်ချင်း၏ မျက်နှာတစ်ခုလုံး ကြောက်ရွံ့မှုများ အပြည့်ဖြစ်နေပြီး သူမသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ သူမ၏ ချစ်သူနှင့် ဝေးဝေးသို့ သွားလိုက်သည်။

"ရှင့်ကို ကျွန်မ သိလာတာ ရှစ်နှစ်တောင် ရှိပြီ ထူချန်လုံ… ရှင် လိမ်ပြောတဲ့အချိန်ဆို တုန်ယင်နေတတ်တာ၊ ကျွန်မ ရှင့်အကြောင်းကို အသိဆုံးပါ"

"မဟုတ်ဘူး အဲဒီလို မဟုတ်ဘူး"

ထူချန်လုံက ယူကြုံးမရစွာ အော်ဟစ် ငိုယိုရင်း မြေပြင်ပေါ်သို့ ဒူးထောက်လိုက်သည်။

"ကျွန်တော့် ဘာမှမလုပ်ခဲ့ဘူး…ကျွန်တော် မသိဘူး … ကျွန်တော် ရေနစ်သွားခဲ့တာ၊ ဘာမကို မမှတ်မိတော့ဘူး… ကျွန်တော် ကူးစက်မခံထားရပါဘူး… သတိလစ်နေတုန်း ဘာတွေဖြစ်ခဲ့လဲဆိုတာကို ကျွန်တော် မသိဘူး… သတိရလာတော့ ကိုယ်ပေါ်မှာ ဒဏ်ရာရနေခဲ့တာပါ"

"အရင်ဆုံး သူ့ကို ဖမ်းချုပ်ထားပြီး ဒဏ်ရာကို စစ်ဆေးမယ်"

ကျန်ကွမ်းယွမ်က ပထမဆုံး ထွက်လာပြီး ထူချန်လုံကို ထမင်းစားစားပွဲပေါ်သို့ ဖိချကာ သူ၏ အင်္ကျီကို ရုတ်တရက် ဆွဲလှန်လိုက်သည်။ ချက်ချင်းဆိုသလိုပင် သွေးစိမ့်ထွက်နေသော ဒဏ်ရာတစ်ခု ထွက်ပေါ်လာသည်။ သို့သော် ဤဒဏ်ရာကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် လူအားလုံး တစ်ခဏမျှ မှင်သက်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုဒဏ်ရာမှာ တိုက်ရိုက်အားဖြင့် မနက်လွန်း မတိမ်လွန်းသော ခြစ်ရာတစ်ခုသာ ဖြစ်နေသောကြောင့် ဖြစ်သည်။ သွေးထွက်နေသော်လည်း မည်သို့ပင်ကြည့်ကြည့် ဇွန်ဘီများကြောင့် ဖြစ်ပေါ်လာသည်နှင့် မတူညီပေ။

လျန်ဟုန်ရှန်းက တစ်ချက် ကြည့်လိုက်ပြီး စကားပြောရန် ဟန်ပြင်လိုက်သော်လည်း ရုတ်တရက် ရပ်တန့်သွားကာ ဝမ်ရှစ်ရှုံးအား ပြောလိုက်သည်။

"ဒေါက်တာဝမ်.. ဆရာက ကျွန်တော့်ထက် ပိုအတွေ့အကြုံ ပိုများတာဆိုတော့ ဆရာပဲ စစ်ဆေးပေးပါလား”

"ကောင်းပါပြီ"

ယခုအချိန်တွင် ဝမ်ရှစ်ရှုံးလည်း အလွန်အမင်း စိုးရိမ်ပူပန်နေပြီး ရှေ့သို့ တိုးကာ စစ်ဆေးကြည့်လိုက်သည်။

လျန်ဟုန်ရှန်းက သူ၏ စိတ်ထဲရှိ ဒေါသကို အတင်းအကျပ် မျိုသိပ်ထားပြီး ချူဟန်ကို လှောင်ပြောင်သရော်သည့်ဟန်ဖြင့် ကြည့်လိုက်သည်။

"မင်း သေချာကြည့်ထား… ဒါက ဓားရှမိလို့ ဖြစ်လာတာ… လာပြီး မစွပ်စွဲနဲ့"

ထူချန်လုံက သက်ပြင်းချလိုက်ပြီး ယင်ရှောင်ချင်းကို တင်းကျပ်စွာ ဖက်ထားကာ ငိုကြွေးတော့သည်။ သူ ကူးစက်ခံထားရသူအဖြစ် အထင်ခံရဖို့ နည်းနည်းလေးသာ လိုတော့သည် မဟုတ်ပါလား။

ချူဟန်က သူတို့ကို ပေါ့ပေါ့ပါးပါး တစ်ချက်သာ ကြည့်လိုက်ပြီးနောက် အခြား အမျိုးသားတစ်ဦးကို ဆက်လက် ကြည့်လိုက်သည်။

"မင်းကရော"

ထိုလူမှာ သင်္ဘောပေါ် တက်လာချိန်မှစ၍ ယခုအထိ စကားတစ်ခွန်းမှ မပြောခဲ့ပေ။ သူ၏ နာမည်ကိုပင် မည်သူမျှ မသိကြပေ။ သူ တစ်ကိုယ်လုံးကို စောင်ဖြင့် အမြဲတမ်း ပတ်ထားပြီး ဆံပင်နှင့် မျက်နှာကိုပင် လုံခြုံစွာ ဖုံးအုပ်ထားရာ ထူချန်လုံနှင့် နှိုင်းယှဉ်လျှင် သူက ပို၍ ပြဿနာရှိပုံပေါ်နေသည်။

"ကျွန်တော့်ရဲ့ ဒဏ်ရာက ဓားသွားနဲ့ ရှမိထားတာပါ၊ ကူးစက်ခံထားရတာ မရှိပါဘူး"

ထိုလူက ပထမဆုံးအကြိမ် စကားပြောလာခြင်းဖြစ်ပြီး အသံမှာ အနည်းငယ် အက်ကွဲနေကာ သူ၏ မျက်နှာကို ဖော်ပြခြင်း မရှိသေးပေ။

"ငါတို့ စစ်ဆေးကြည့်ဖို့ လိုတယ်"

ကျိုးချွန်းလဲ့မှာ အလွန်အမင်း သတိဝီရိယ ကြီးမားနေပြီး တောင်းဆိုလိုက်သည်။

"ထူချန်လုံကို လာမလုပ်နဲ့"

ထိုစဉ် ယင်ရှောင်ချင်းက ဝင်ပြောလိုက်သည်။

"သူက မုတ်ဆိတ်ရိတ်ဓားနဲံ ရှသွားခဲ့တာကို နင်ကပါ အကြောင်းပြချက် တူတူပေးလို့ ရမယ် ထင်နေလား "

အခန်း (၂၂၆) ငါက မင်းထက်ပိုသိသည်

"မင်းပုံစံက လုံးဝကို မသင်္ကာစရာပဲ"

လျန်ဟုန်ရှန်းသည် စောင်ခြုံထားသော အမျိုးသားကို လက်ညှိုးထိုးလျက် တုန်ယင်သော အသံဖြင့် ပြောလိုက်သည်။

လက်ရှိတွင် သူသည်လည်း ပုံမှန်မဟုတ်လောက်အောင် ထိတ်လန့်နေခဲ့ပြီ ဖြစ်သည်။ စောစောက ချူဟန်က ထိုနှစ်ဦးတွင် ဒဏ်ရာရှိသည်ဟု တပ်အပ်ပြောစဉ်က သူ လှောင်ပြောင်ခဲ့မိသော်လည်း ထူချန်လုံ၏ လက်မောင်းမှ ဒဏ်ရာကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရချိန်တွင် လျန်ဟုန်ရှန်းမှာ ကြောက်ရွံ့တုန်လှုပ်သွားသည်။

ထိုဒဏ်ရာမှာ ဓားရှထားခြင်းဖြစ်ပြီး ကူးစက်ခံရနိုင်ခြေ မရှိဟု ဆိုသော်ငြားလည်း ချူဟန် ပြသခဲ့သော အေးစက်တည်ငြိမ်လွန်းသည့် အမူအရာက သူ့ကို နက်ရှိုင်းသော သံသယတွင်းနက်ကြီးထဲသို့ တွန်းချလိုက်သကဲ့သို့ ဖြစ်နေသည်။

ချူဟန်က ထူချန်လုံတွင် ဒဏ်ရာရှိနေမှန်း ဘယ်လိုလုပ် သိနေရတာလဲ။ ဆရာဝန်ဖြစ်သော သူကိုယ်တိုင်ပင် သတိမထားမိခဲ့သည့်ကိစ္စကို ဘယ်လိုနည်းနှင့်များ သိရှိသွားရသနည်း။

ကျိုးချွန်းလဲ့နှင့် ကျန်ကွမ်းယွမ်တို့မှာ စောစောကတည်းက အသင့်ပြင်ထားခဲ့ကြသည်။ အကယ်၍ မထင်မှတ်ထားသော အခြေအနေတစ်ခုခု ဖြစ်ပေါ်လာပါက ချက်ချင်း တိုက်ခိုက်ရန် ပြင်ဆင်ထားကြခြင်း ဖြစ်သည်။

အခန်းတွင်းရှိ လေထုမှာ တင်းမာနေပြီး အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်နေသည်။ ကယ်တင်ခဲ့သော လူငါးဦးထဲမှ နှစ်ဦးတွင် ဒဏ်ရာရထားလိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ကြပေ။ ထို့ကြောင့်ပင် သူတို့နှစ်ဦးသည် ချူဟန်၏ စကားကို အနည်းငယ်မျှပင် သံသယမဝင်ခဲ့ကြခြင်း ဖြစ်သည်။ ချူဟန်သည် အဆင့်(၂) ဆင့်ကဲပြောင်းလဲသူ တစ်ဦးဖြစ်သောကြောင့် အာရုံငါးပါး ထက်မြက်နေရုံသာမက ပြဿနာတစ်ခု၏ အဓိကဇာစ်မြစ်ကို မည်သူ့ထက်မဆို အမြဲတမ်း ဦးစွာသိမြင်နိုင်စွမ်း ရှိသောကြောင့် ဖြစ်သည်။

ထိုအထဲတွင် ထူချန်လုံ တစ်ဦးတည်းသာ သက်ပြင်းချကာ စိတ်အေးသွားတော့သည်။ စောစောက အားလုံး၏ ပြစ်တင်ဝေဖန်သော အကြည့်များကြောင့် သူ၏ ဝိညာဉ်ပင် လွင့်ထွက်မတတ် ခံစားခဲ့ရသည်။ သို့သော် ယခုအချိန်တွင် အားလုံး၏ အာရုံမှာ အမည်မသိ အမျိုးသားထံသို့ ရောက်ရှိသွားသည်ကို မြင်လိုက်ရသောအခါ သူကိုယ်တိုင် ကိုယ်ချင်းစာစိတ် ဝင်သွားလေသည်။

"အားလုံးက စောင့်နေကြတယ်… ခင်ဗျားဒဏ်ရာကို ကျွန်တော့်ကို ပြပေးလို့ ရမလား"

ဝမ်ရှစ်ရှုံးက စကားစလိုက်သည်။ ကပ်ဘေးမတိုင်မီက နာမည်ကျော် ဆရာဝန်တစ်ဦးဖြစ်ခဲ့သော သူ၏ စကားမှာ လူအများစုအတွက် ယုံကြည်လက်ခံနိုင်ဖွယ်ရာ ဖြစ်နေသည်။

"ဟုတ်ပါတယ်… ဒေါက်တာဝမ်က ကျွမ်းကျင်သူပါ…လျှောက်ပြောနေမှာ မဟုတ်ပါဘူး"

ဝမ်ရှစ်ရှုံးကို အလွန်အမင်း လေးစားသော လျန်ဟုန်ရှန်းက ထောက်ခံလိုက်သည်။ ထိုသို့ပြောရင်း သူက ချူဟန်ကို အဓိပ္ပာယ်ပါပါ တစ်ချက် ဝေ့ကြည့်လိုက်ကာ၊ လျှောက်ပြောနေသူမှာ ချူဟန်ဖြစ်သည်ဟု ရည်ရွယ်နေပုံရသည်။

သို့သော် ချူဟန်သည် သူ့ကို အဖက်ပင်မလုပ်ဘဲ အရှေ့ရှိ အမျိုးသားကိုသာ အလျင်လိုစွာဖြင့် အမိန့်ပေးလိုက်သည်။

"မြန်မြန်ပြစမ်း… အားလုံးရဲ့ အချိန်တွေကို လာဖြုန်းမနေနဲ့"

စောင်ခြုံထားသော အမျိုးသားမှာ ဖွာလန်ကြဲနေသော ဆံပင်များဖြင့် မျက်နှာတစ်ဝက်ကျော်ကို ဖုံးကွယ်ထားလေသည်။ အားလုံး၏ အကြည့်များ ကျရောက်နေစဉ်တွင် သူသည် အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် အင်္ကျီလက်ကို ဖြည်းညင်းစွာ မတင်လိုက်ရာ အလွန်တရာ နာကျင်ဖွယ်ကောင်းသော ဒဏ်ရာတစ်ခု ပေါ်လာတော့သည်။

ဒဏ်ရာရထားသည်မှာ အချိန်အတန်ကြာပြီဖြစ်ပုံရပြီး သွေးအနည်းငယ်သာ စိမ့်ထွက်နေတော့သည်။ သို့သော် အားလုံး၏ အာရုံကို ဖမ်းစားသွားသည်မှာ ထိုဒဏ်ရာပေါ်၌ ထင်ရှားစွာ ကျန်ရစ်နေသော သွားရာ ပင် ဖြစ်သည်။ ထို့အပြင် ထိုသွားရာမှာ မည်သို့ကြည့်ကြည့် လူတစ်ယောက်၏ သွားရာနှင့် လုံးဝ မတူညီပေ။ လူ၏ သွားရာ မဟုတ်လျှင် မည်သူ့သွားရာ ဖြစ်မည်နည်း။

"အမလေး..."

ယင်ရှောင်ချင်းနှင့် ဝေ့အန်းတို့မှာ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။ မိန်းကလေး နှစ်ဦးမှာ အခန်းထောင့်သို့ ကပ်သွားပြီး ကြောက်ရွံ့မှုကို ဖြေဖျောက်ရန်အလို့ငှာ တစ်ဦးကိုတစ်ဦး တင်းကြပ်စွာ ဖက်ထားကြတော့သည်။

အခန်းတွင်းရှိ လူအားလုံးမှာ ထိုကြောက်မက်ဖွယ် ဒဏ်ရာကို မြင်လိုက်ရသောအခါ တစ်ပြိုင်နက်တည်း အသက်ရှူမှားသွားကြသည်။ ချက်ချင်းဆိုသလိုပင် ဒေါသတကြီး အော်ဟစ်သံများနှင့် မေးခွန်းထုတ်သံများ ဆူညံသွားတော့သည်။

"ဒါ သေချာပေါက် ဇွန်ဘီကိုက်ထားတဲ့ ဒဏ်ရာပဲ"

"လွန်လွန်းတယ်ကွာ... စောစောကမှ ဓားရှထားတာလို့ မင်းပြောခဲ့တယ်မလား"

"လိမ်ချင်ရင်လည်း ယုံလောက်အောင် လိမ်စမ်းပါ"

"ဒီကောင် ကူးစက်ခံထားရပြီ... သူ့ကို သင်္ဘောပေါ်ကနေသာ ကန်ချပစ်လိုက်ကြ"

အားလုံး၏ ရင်ထဲတွင် ဒေါသများ ပေါက်ကွဲထွက်လာတော့သည်။ အချိန်ကြာမြင့်စွာ နှုတ်ဆိတ်နေပြီး မျက်နှာကို ဖုံးကွယ်ထားခဲ့သော ဤအမျိုးသားသည် သေချာပေါက် ကူးစက်ခံထားရသူပင် ဖြစ်သည်။ ထိုသို့မဟုတ်လျှင် မျက်နှာကို ဖုံးကွယ်ထားရန် ဘာအကြောင်းရှိမည်နည်း။ သူ၏ မျက်နှာနှင့် အရေပြားများမှာ ဇွန်ဘီအဖြစ်သို့ စတင်ကူးပြောင်းနေပြီ ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

"ခင်ဗျား…. ခင်ဗျားက ကျွန်တော်တို့ကို သေစေချင်နေတာလား"

လျန်ဟုန်ရှန်းက တုန်ယင်နေသော လက်ချောင်းဖြင့် အမျိုးသားကို လက်ညှိုးထိုးလိုက်သည်။

"အကိုက်ခံထားရကို ဘာလို့မပြောတာလဲ"

လျန်ဟုန်ရှန်းမှာ အမှန်တကယ်ကို ထိတ်လန့်နေခဲ့သည်။ စောစောက ချူဟန်ကို လှောင်ပြောင်ခဲ့သော အမူအရာများမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ အကယ်၍သာ ချူဟန်က အတင်းအကျပ် စစ်ဆေးရန် မတောင်းဆိုခဲ့လျှင် နောက်ပိုင်းတွင် ဘာဆက်ဖြစ်လာမည်ကို တွေးကြည့်ရုံဖြင့်ပင် ကြက်သီးထဖွယ် ကောင်းလှသည်။

ဝမ်ရှစ်ရှုံး၏ နဖူးပေါ်တွင်လည်း ချွေးအေးများ စို့လာလေသည်။ မျက်မှောက်ရှိ နာကျင်ဖွယ် ဒဏ်ရာကို စိုက်ကြည့်နေသော သူ၏ မျက်ဝန်းများတွင် ကြောက်ရွံ့မှုများ အထင်းသား ပေါ်လွင်နေသည်။ ဤဒဏ်ရာသည် မည်သို့ပင် ကြည့်ကြည့် ဇွန်ဘီ အကိုက်ခံထားရသည်နှင့် တူနေသည်။

"ဒီသွားရာက ဇွန်ဘီ သွားရာ မဟုတ်ဘူး… စောစောက မြစ်ထဲမှာ ငါးအကိုက်ခံလိုက်ရတာ… တကယ်ဆိုရင် အရင်ဒဏ်ရာဟောင်းက ထပ်အကိုက်ခံလိုက်ရလို့ ပိုဆိုးသွားတာပါ"

စောင်ခြုံထားသော အမျိုးသားက အသေအလဲ ဖြေရှင်းချက်ပေးလေသည်။

"ပါးစပ်ပိတ်ထားစမ်း"

လျန်ဟုန်ရှန်းက အော်ဟစ်လိုက်သည်။

"ထွက်သွား… ငါတို့ မင်းကို မသတ်ဘူး… မင်းဘာသာမင်း ဆင်းသွားလိုက်"

"ထွက်သွားစမ်းပါ"

ယင်ရှောင်ချင်းလည်း အသိစိတ် အနည်းငယ် ပြန်ဝင်လာပြီး လူများနေသည်ကို အားကိုးကာ အော်ဟစ်လိုက်သည်။

"ဒါ သေချာပေါက် ဇွန်ဘီ အကိုက်ခံထားရတာပဲ"

"အမှန်ပဲ"

လျန်ဟုန်ရှန်းက အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ဝမ်ရှစ်ရှုံးအား ပြောလိုက်သည်။

"‌ဒေါက်တာဝမ်... ဘယ်လိုလုပ်ကြမလဲ… ခုနက ကျွန်တော် တူချန်လုံရဲ့ ဒဏ်ရာကို အခုလေးတင် စစ်ဆေးပြီးပြီ… ထူချန်လုံရဲ့ ဒဏ်ရာက ဓားရှခံရတဲ့တာ ဒဏ်ရာမို့ ကူးစက်ခံထားရမယ် မထင်ဘူး… ဒါပေမဲ့ ဒီလူကတော့ သိသိသာသာကို အကိုက်ခံထားရတာ… သူ့ကို သင်္ဘောပေါ်မှာ ဆက်ထားလို့ မဖြစ်ဘူး"

ထိုသို့ပြောပြီးနောက် လျန်ဟုန်ရှန်းသည် ချူဟန်ဘက်သို့ ရုတ်တရက် လှည့်ကာ တည်ကြည်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

"စောစောက ကိစ္စအတွက် ကျွန်တော် တကယ်ကို တောင်းပန်ပါတယ်ဗျာ… ကျွန်တော့်ကြောင့် ဒီလူ လွတ်သွားတော့မလို့ ဖြစ်သွားတယ်… ကျွန်တော် နားလည်မှုလွဲသွားတာပါ… အန္တရာယ်မရှိတော့ဘူးလို့ ထင်ပြီး ကျွန်တော် အရမ်း ယုံကြည်မှု လွန်ကဲသွားမိတာပါ… ခင်ဗျား သတိထားမိလို့သာ တော်သေးတာပေါ့ဗျာ"

ဤတစ်ကြိမ်တွင် လျန်ဟုန်ရှန်း၏ တောင်းပန်မှုမှာ ရိုးသားဖြူစင်လှသည်။ မိမိ၏ စိတ်လိုက်မာန်ပါ အပြုအမူအတွက် အနည်းငယ်ပင် နောင်တရနေမိလေသည်။ သို့သော် ချူဟန်သည် လျန်ဟုန်ရှန်းကို အေးစက်စွာ တစ်ချက်သာ ကြည့်လိုက်သည်။

"မင်း ယုံကြည်မှု လွန်ကဲတာတော့ အမှန်ပဲ… ငါ စစ်တောင် မစစ်ဆေးရသေးဘူး… ကောက်ချက်ချဖို့ စောလွန်းနေသေးတယ်"

လျန်ဟုန်ရှန်းမှာ အံ့အားသင့်သွားတော့သည်။ ချူဟန်ထံမှ ထိုသို့သော စကားမျိုး ပြန်ကြားရလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ ယုံကြည်မှု လွန်ကဲနေသည်ဟု သူပြောခဲ့ခြင်းမှာ နှိမ့်ချသော သဘောဖြင့်သာ ဖြစ်သော်လည်း ချူဟန်က သူ့ကို မျက်နှာချင်းဆိုင်၌ ယုံကြည်မှု လွန်ကဲလွန်းသူ ဟု စော်ကားလိုက်ခြင်းမှာ မည်သို့ပင်ဆိုစေ ရိုင်းစိုင်းလွန်းလှသည်။

ထိုသို့ တွေးမိသောအခါ လျန်ဟုန်ရှန်းသည် ဒေါသကို ကျော်လွန်၍ အေးစက်စွာ ရယ်မောလိုက်သည်။

"ဘာ…စောလွန်းသေးတယ် ဟုတ်လား... မင်းကပဲ ထပ်စစ်ဆေးဦးမလို့လား…နေပါဦး မင်းက ဆရာဝန်မို့လို့လား... ဆေးပညာ ဗဟုသုတရော ရှိလို့လား… ငါက လက်တွေ့ကုသလာတဲ့ အတွေ့အကြုံ ငါးနှစ်တောင် ရှိတဲ့ကောင်ကွ... အဲဒါကိုများ မင်းက လာသံသယဝင်နေတာလား"

လျန်ဟုန်ရှန်းသည် ချူဟန်က ဤမျှ အခြေအနေမသိတတ်ဘဲ အခွင့်အရေးရသလို အပေါ်စီးကနေ ပြောလာမည်ဟု ထင်မှတ်မထားခဲ့ပေ။ သူကိုယ်သူ ဝမ်ရှစ်ရှုံးကဲ့သို့ ဂုဏ်သိက္ခာကြီးမားသော နာမည်ကျော် ဆရာဝန်တစ်ဦးဟု ထင်နေသလား။

"‌ဒေါက်တာဝမ်... သူက ဘယ်သူလဲ"

လျန်ဟုန်ရှန်းက ဝမ်ရှစ်ရှုံးကို တိုက်ရိုက်ပင် မေးလိုက်သည်။

"သူက ဆရာဝန်လား… ဆရာဝန်လုပ်လာတာ ဘယ်နှနှစ် ရှိပြီလဲ… သူ့အသက်အရွယ်နဲ့တော့ ဆေးကျောင်းသားလောက်ပဲ ရှိဦးမှာပေါ့"

"အင်း... သူက ဆရာဝန်တော့ မဟုတ်ပါဘူး"

ဝမ်ရှစ်ရှုံးမှာ တစ်ခဏမျှ တွေဝေသွားသော်လည်း ချက်ချင်းပင် ချော့မော့သည့် လေသံဖြင့် ပြန်ဖြေလိုက်သည်။

"လျန်ဟုန်ရှန်း... စိတ်ကို တည်ငြိမ်အောင် ထားပါ… အရင်ဆုံး ချူဟန် ပြောတာကို နားထောင်ကြည့်ကြတာပေါ့"

ဝမ်ရှစ်ရှုံးလည်း ကျိုးချွန်းလဲ့နှင့် ကျန်ကွမ်းယွမ်တို့ကဲ့သို့ပင် ချူဟန်အပေါ် ကြီးမားသော ယုံကြည်မှု ရှိထားလေသည်။ သူက ဤသို့ ပြောလိုက်ခြင်းမှာ ချူဟန်၏ အဆင့်အတန်းကို ဤနေရာတွင် အမြင့်မားဆုံးဖြစ်အောင် မြှင့်တင်ပေးလိုက်သည်နှင့် တူညီနေသည်။

"ဘယ်လိုလုပ် စိတ်ငြိမ်ငြိမ် ထားနိုင်မှာလဲဗျ"

လျန်ဟုန်ရှန်းမှာ ဒေါသထွက်လွန်းသဖြင့် ခြေဆောင့်လိုက်မိသည်။

"ဆေးဘက်ဆိုင်ရာ ဗဟုသုတ လုံးဝမရှိတဲ့ သာမန်လူတစ်ယောက်ကို ဦးဆောင်ခိုင်းမယ်ဆိုရင် ကျွန်တော်တို့အားလုံး သေကုန်မှာပေါ့"

"ငါက ဆရာဝန်မဟုတ်ဘူး… ဒါပေမဲ့ မင်းထက်တော့ ပိုသိတယ်"

ချူဟန်၏ နှုတ်ခမ်းမှ သနားညှာတာမှု ကင်းမဲ့သော စကားလုံးများ ထွက်ပေါ်လာတော့သည်။ အခန်းတွင်းရှိ လူများအားလုံးမှာ တစ်ခဏအတွင်း ဆွံ့အသွားကြသည်။ မည်ကဲ့သို့သော စိတ်နေသဘောထားမျိုး ရှိနေလျှင် ဤမျှ ကြီးကျယ်သော စကားကို ပြောထွက်နိုင်မည်ကို သူတို့ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေတော့သည်။

သို့သော် ချူဟန်သည် သူတို့ကို တုံ့ပြန်ရန် အခွင့်အရေး မပေးခဲ့ပေ။

"ဆူညံအောင် လုပ်နေမယ့်အစား ငြိမ်ငြိမ်လေး ပါးစပ်ပိတ်ပြီးသာ ကြည့်နေစမ်းပါ"

ဤစကားတစ်ခွန်းက လျန်ဟုန်ရှန်း၏ မျက်နှာကို အိုးမည်းသုတ်လိုက်သည်နှင့် တူညီသွားသည်။ မင်းက အားယားနေလို့ လျှောက်အော်နေတာဟု ပြောလိုက်သည်နှင့် တူညီနေသောကြောင့် ဖြစ်နေသည်။ လျန်ဟုန်ရှန်းက တုန်ယင်နေသော အသံဖြင့် ရယ်မောလိုက်သည်။

"ကောင်းပြီလေ… ဒါဆိုရင် ငါ့ထက် ဘယ်လို ပိုသိတယ်ဆိုတာကို ကြည့်ကြသေးတာပေါ့ကွာ"

ချူဟန်သည် လျန်ဟုန်ရှန်းကို လုံးဝ လျစ်လျူရှုလိုက်ပြီး မျက်နှာဖုံးကွယ်ထားသော အမျိုးသား၏ အရှေ့သို့ လျှောက်သွားလိုက်သည်။ ထို့နောက် အမျိုးသား၏ ဒဏ်ရာရနေသော လက်မောင်းကို လက်ချောင်းဖြင့် ညင်သာစွာ ဆွဲယူစစ်ဆေးရင်း စိတ်ထဲမှနေ၍ ဝမ်ချိုက်ထံသို့ လှမ်းပြောလိုက်သည်။

'ဝမ်ချိုက်... ဒီကောင်ဆီမှာ ဇွန်ဘီဗိုင်းရပ်စ် ရှိနေလား'

အဆင့်(၂) ဆင့်ကဲပြောင်းလဲသူ ဖြစ်သော ချူဟန်၏ ထက်မြက်သည့် အာရုံခံစားမှုများဖြင့် ဤအမျိုးသားနှင့် ထူချန်လုံတို့ထံမှ သွေးနံ့ကို အာရုံခံနိုင်စွမ်း ရှိသည်။ သို့သော် သူတို့ တကယ်ပဲ ကူးစက်ခံထားရခြင်း ရှိ၊ မရှိကိုတော့ မသိနိုင်ပေ။ သို့သော်ငြားလည်း ပြန်လည်စတင်ခြင်း စနစ် ဖြစ်သော ဝမ်ချိုက်တွင် ထိုကဲ့သို့သော စုံစမ်းထောက်လှမ်းနိုင်သည့် လုပ်ဆောင်ချက် ပါဝင်နေသည်။

'ဟွန့်'

ဝမ်ချိုက်က သူ့ကို အဖက်မလုပ်ဘဲ နေလိုက်သည်။

‘မင်းသာ ငါ့ကို မပြောပြရင် ဒီည မင်းကို ချေးကျွေးပစ်မယ်’

ချူဟန်က မျက်လုံးများကို မှေးကျဉ်းလိုက်ကာ စတင် ခြိမ်းခြောက်တော့သည်။

'လခွမ်းပဲ'

ဝမ်ချိုက်မှာ ဒေါသထွက်သွားတော့သည်။

‘ချူဟန်... မင်းက တကယ့်ကို အရှက်မရှိတဲ့ကောင်ပဲ’

All Chapters