အခန်း (၂၂၇-၂၂၈)
Vol. 23 Ch. 227-228
အခန်း (၂၂၇) မင်းမှာ ဘာတန်ဖိုးမှ မရှိဘူး
ချူဟန်သည် ဘာမျှမဖြေဘဲ အရှေ့ရှိ အမျိုးသား၏ လက်မောင်းကို လွှတ်ပေးလိုက်သည်။ ထို့နောက် ညာဘက်လက်ကို အိတ်ကပ်ထဲသို့ အမြန်နှိုက်ကာ ဝမ်ချိုက်ကို အကျပ်ကိုင်ရန် ပြင်လိုက်သည်။
'ရပ်လိုက်စမ်းပါ'
ဝမ်ချိုက်က အလန့်တကြား အော်ဟစ်လိုက်သည်။
'ငါ့ဘာသာ ပြောပါ့မယ်… အဲဒီကောင် ကူးစက်မခံထားရပါဘူးကွ… ကံဆိုးပြီး ငါးအကိုက်ခံလိုက်ရတာ'
ချူဟန်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်။ သူသည် အရှေ့ရှိ အမျိုးသား၏ ဒဏ်ရာကို တစ်ဖန် ပြန်ကြည့်လိုက်ပြီး ထူးဆန်းသော သနားကြင်နာသည့် အကြည့်ဖြင့် ကြည့်လိုက်မိသည်။ ဤမျှ ကံဆိုးသောသူမျိုး အမှန်တကယ် ရှိနေလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ ထိုသူသည် မဟုတ်မမှန် စွပ်စွဲခံရလုနီးပါး ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။
ချူဟန်က နောက်ထပ်မေးခွန်းတစ်ခုကို ချက်ချင်း မေးလိုက်သည်။
'ဒါဆို ထူချန်လုံကရော ဘယ်လိုလဲ'
'အဲဒီကောင်လား'
ဝမ်ချိုက်က လှောင်ပြောင်လိုက်သည်။
'အဲဒီဒဏ်ရာက မုတ်ဆိတ်ရိတ်ဓားနဲ့ အရှခံထားရသလိုမျိုး သွားနဲ့ ကိုက်ထားတဲ့ပုံတော့ မပေါက်ဘူး.. ဒါပေမဲ့ လက်သည်းနဲ့ ကုတ်ခြစ်ခံထားရဖို့ များတယ်… ဇွန်ဘီရဲ့ လက်သည်းကို နင်လည်း မြင်ဖူးတယ်မလား. ဓားသွားလိုပဲ ထက်တယ်လေ… ဇွန်ဘီတစ်ကောင်ရဲ့ ခန္ဓာကိုယ်မှာ လူတွေရဲ့ အရေပြားကို ဖောက်ထွင်းပြီး ကူးစက်စေနိုင်တဲ့ နေရာဆိုလို့ သုံးနေရာပဲ ရှိတယ်။ အဲဒီကလွဲပြီး ကူးစက်ခံရတဲ့လူ ရှိတယ်ဆိုရင်တော့ ဇွန်ဘီအသားကို စားမိတဲ့ အရူးပဲ ဖြစ်ရမယ်'
'သွားနဲ့ လက်သည်း... ဒါဆို တတိယနေရာက ဘာလဲ'
ကမ္ဘာပျက်ကပ်တွင် ဆယ်နှစ်တိုင်တိုင် ရှင်သန်လာခဲ့သော ချူဟန်ပင်လျှင် တတိယမြောက် ကူးစက်နိုင်သည့်လမ်းကြောင်းကို မကြားဖူးသောကြောင့် တစ်ခဏမျှ ဆွံ့အသွားတော့သည်။
'ခြေသည်းပေါ့ကွ'
ဝမ်ချိုက်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်ပြီး ချူဟန် မျက်မှောင်ကြုတ်သွားမည့်အချိန်ပင် မပေးဘဲ ဆက်ပြောလိုက်သည်။
'ကူးစက်ခံထားရတာက ထူချန်လုံပဲ… ပြီးတော့ သူ့ခန္ဓာကိုယ်ထဲက ဗိုင်းရပ်စ်က တော်တော်ကို ပြင်းထန်တယ်… မကြာခင် ဇွန်ဘီ ပြောင်းတော့မယ်… ခန့်မှန်းရသလောက်တော့ နာရီဝက်လောက်ပဲ အချိန်ရတော့မယ်'
ထိုကောက်ချက်ကို ကြားသောအခါ ချူဟန် အနည်းငယ် အံ့အားသင့်သွားသည်။ ကူးစက်ခံထားရသူမှာ ထူချန်လုံ ဖြစ်နေသည်ကိုး။ သို့သော် သူ၏ ရင်ထဲတွင် သက်သာရာရမှုများ ချက်ချင်း ပြန့်နှံ့သွားတော့သည်။ ဝမ်ချိုက်သည် ပုံမှန်အားဖြင့် နောက်ပြောင်နေတတ်သော်လည်း အရေးကြီးချိန်တွင် အသုံးဝင်ပေသည်။ ယနေ့တော့ ဝမ်ချိုက်၏ ကြီးမားသော စွမ်းဆောင်မှုပင် ဖြစ်သည်။
'ဒီညတော့ ငါးဟင်းလျာ အစုံအလင် ချက်ကျွေးမယ်'
ချူဟန်က ကတိပေးလိုက်သည်။
'ဝိုး... တကယ်လား'
ဝမ်ချိုက်၏ မျက်နှာထား ပြောင်းလဲသွားပုံမှာ စာအုပ်တစ်အုပ်ကို ဆတ်ခနဲ လှန်ချလိုက်သည်ထက်ပင် ပိုမြန်နေသေးသည်။ သူက ရှက်ရကောင်းမှန်း လုံးဝမသိဘဲ မျက်နှာပြောင်တိုက်ကာ အရမ်း ကျေးဇူးတင်တာပဲကွာ ဟု ဝမ်းသာအားရ ပြောလာသည်။
"ကဲ…ဘယ်လိုလဲ"
ချူဟန် နှုတ်ဆိတ်နေသည်ကို မြင်လိုက်ရသောအခါ လျန်ဟုန်ရှန်းက အထင်သေးသလို နှာခေါင်းရှုံ့လိုက်ကာ ပြောလိုက်သည်။
"တစ်ခုခု သိသွားပြီလား…ပြောတော့ ငါ့ထက် ပိုသိတယ်ဆို ဘယ်လောက်တောင် သိလဲဆိုတာ ငါ တကယ် မြင်ချင်လှပြီ.. ဆရာဝန်လည်း မဟုတ်ဘဲနဲ့ ဆရာကြီး လာမလုပ်စမ်းပါနဲ့… ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ကိစ္စကို ကျွမ်းကျင်သူတွေကပဲ ဆုံးဖြတ်ရတာ… နားမလည်ရင် ငြိမ်ငြိမ်လေး နေစမ်းပါ"
လျန်ဟုန်ရှန်း၏ စကားများမှာ အလွန်တရာ ပြင်းထန်လှသည်။ ချူဟန်၏ မင်း ယုံကြည်မှုလွန်ကဲနေတာတော့ အမှန်ပဲ နှင့် ငါက မင်းထက် ပိုသိတယ် ဟူသော စကားများက သူ၏ မာနကို ပြင်းထန်စွာ ထိခိုက်စေခဲ့ခြင်း ဖြစ်သည်။
လျန်ဟုန်ရှန်းဆိုသော အမျိုးသားမှာ အခြေခံအားဖြင့် ပုံမှန်လူကောင်းတစ်ယောက် ဖြစ်သော်လည်း ဆေးဘက်ဆိုင်ရာ ဗဟုသုတမရှိသော သာမန်လူတစ်ယောက်က ဝင်ရောက်စွက်ဖက်ခြင်းကိုတော့ လုံးဝ ခွင့်မလွှတ်နိုင်ပေ။ ယခုအချိန်တွင် သူ့အတွက် ချူဟန်သည် ဘာမှနားမလည်ဘဲ ပြဿနာရှာနေသော နှောင့်ယှက်သူတစ်ဦးအဖြစ်သာ မြင်နေတော့သည်။
ချူဟန်သည် လျန်ဟုန်ရှန်းကို တစ်ချက်သာ ကြည့်လိုက်ပြီး ကျန်ကွမ်းယွမ်နှင့် ကျိုးချွန်းလဲ့တို့ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"ဒီနှစ်ယောက်ထဲမှာ ကူးစက်ခံထားရတာ တစ်ယောက်တည်းပဲ… ဇွန်ဘီ မပြောင်းခင် သူ့ကို ချုပ်ထားလိုက်"
"အဓိပ္ပာယ်မရှိတာ.. မင်း စဉ်းစားလို့ရတာ ဒါပဲလား.. ဘာမှမပြောတာနဲ့ အတူတူပဲမလား"
မိမိကို လျစ်လျူရှုခံလိုက်ရသဖြင့် ဒေါသပေါက်ကွဲသွားသော လျန်ဟုန်ရှန်းသည် အမည်မသိ အမျိုးသား၏ အရှေ့သို့ လျှောက်သွားကာ လက်မောင်းကို ဖမ်းဆုပ်ရန် ပြင်လိုက်သည်။
"ဒီကောင် ကူးစက်ခံထားရတာ… တခြားလူတွေကို ဒုက္ခမပေးခင် သူ့ကို ဒီမှာ ဆက်ထားလို့ လုံးဝ မဖြစ်တော့ဘူး"
လျန်ဟုန်ရှန်း၏ လုပ်ရပ်ကို မည်သူကမျှ သံသယမဝင်ကြပေ။ ဒဏ်ရာရထားသော နှစ်ဦးအနက် ထူချန်လုံမှာ ကူးစက်ခံထားရပုံ မပေါ်ဘဲ မသင်္ကာစရာကောင်းနေသော ဤအမျိုးသားသာလျှင် သံသယဖြစ်ဖွယ် အကောင်းဆုံးဟု လူတိုင်းက ထင်မြင်နေကြသောကြောင့် ဖြစ်သည်။
လျန်ဟုန်ရှန်း လက်လှမ်းလိုက်သော ထိုအချိန်လေးမှာပင်...
ဖြန်း...
ချူဟန်က တွန့်ဆုတ်ခြင်းမရှိဘဲ သူ၏ လက်ကို ရိုက်ချလိုက်သည်။ ချူဟန်၏ လေသံတွင် ဒေါသတရားများ ရောယှက်နေခဲ့ပြီ ဖြစ်သည်။
"ဒီကောင် ကူးစက်ခံထားရတယ်လို့ ငါပြောမိလို့လား"
ထိုစကားတစ်ခွန်းကြောင့် ထူချန်လုံ အပါအဝင် ထိုနေရာရှိ လူအားလုံး၏ အံ့အားသင့်သွားကြတော့သည်။
ဘာအဓိပ္ပာယ်လဲ။
"ချူဟန်...မင်း ဘာတွေ ပြောနေတာလဲ"
ဝမ်ရှစ်ရှုံးမှာ ချူဟန်ကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး လုံးဝ နားမလည်နိုင်ဖြစ်သွားသည်။ သူကိုယ်တိုင်လည်း လျန်ဟုန်ရှန်းကဲ့သို့ပင် မျက်နှာဖုံးကွယ်ထားသော အမျိုးသားသာလျှင် ကူးစက်ခံထားရသူဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
လျန်ဟုန်ရှန်း၏ တုံ့ပြန်မှုမှာ ပို၍ ပြင်းထန်လှသည်။ သူသည် ဒေါသကြောင့် မျက်နှာ နီရဲနေလျက် ချူဟန်ကို စိုက်ကြည့်လိုက်သည်။
"ချူဟန်... မင်း စည်းမကျော်နဲ့နော်…ငါတို့က မင်းသင်္ဘောပေါ် လိုက်လာပြီး မင်းကျွေးတာကို စားနေရတယ်ဆိုပေမယ့်၊ ဒီလို အရေးကြီးတဲ့ ကိစ္စမျိုးမှာတော့ ငါတို့ဆရာဝန်တွေရဲ့ ကျွမ်းကျင်မှုအပေါ် လေးစားမှုရှိစမ်းပါ"
"ဆရာဝန်တွေ"
ချူဟန်က မျက်ခုံးတစ်ဖက်ကို ပင့်ကာ လျန်ဟုန်ရှန်းကို တည့်တည့်စိုက်ကြည့်လိုက်သည်။
"ငါ ပြောပြမယ်… ကမ္ဘာပျက်ကပ် စတင်ခဲ့တာ သုံးလတောင် ရှိနေပြီ… မင်း အခုထိ သင်ယူလာခဲ့တဲ့ ဆေးပညာ ဗဟုသုတတွေ အားလုံးက အစကနေ ပြန်လေ့လာရမယ့်အရာတွေချည်းပဲ.. စစ်တပ်က အာဏာအရှိဆုံး ဆရာဝန်ကြီးတွေတောင် အခုလို အခြေအနေမျိုးမှာ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံ ဆိုတဲ့ စကားလုံး နှစ်လုံးကို ပြောဖို့ အရည်အချင်း မရှိဘူး"
လျန်ဟုန်ရှန်း မျက်လုံးပြူးသွားပြီး ချူဟန်ထံမှ ဤမျှ ရိုင်းစိုင်းသော စကားများ ထွက်ပေါ်လာမည်ကို မယုံကြည်နိုင်အောင် ဖြစ်သွားတော့သည်။
"ပြီးတော့ မင်း"
ချူဟန်က ပြန်လည်ချေပရန် အခွင့်အရေးပင် မပေးဘဲ ပြောဆိုလိုက်သည်။
"အခု မင်းမှာ ဘာအားသာချက်မှ မရှိဘူး.. ကိုယ့်ကိုယ်ကိုယ် ဆရာဝန်လို့ အမည်မတပ်ပါနဲ့၊ ခင်ဗျားက လက်ထောက်တစ်ယောက်လောက်တောင် အဆင့်မရှိဘူး လွန်ခဲ့တဲ့ တစ်လ နှစ်လလောက်ကဆိုရင်တော့ ခင်ဗျားရဲ့ အဲဒီ ကျွမ်းကျင်မှုတွေက နည်းနည်းပါးပါး အသုံးဝင်ချင် ဝင်ခဲ့လိမ့်မယ်.. ဒါပေမဲ့ အခု ငါ ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်မယ်.. ခင်ဗျားက ဘာမှ သုံးစားမရတဲ့ကောင်ပဲ"
ခင်ဗျား... ဘာမှ သုံးစားမရတဲ့ကောင်။
ထိုကဲ့သို့ အထင်အမြင်သေးသော စကားတစ်ခွန်းကြောင့် လျန်ဟုန်ရှန်း လုံးဝ ဆွံ့အသွားတော့သည်။ ဆယ်စုနှစ်များစွာ ရှင်သန်လာခဲ့သည့် သူ၏ ဘဝတစ်လျှောက်တွင် ဝမ်ရှစ်ရှုံးလောက် ထူးချွန်ပြောင်မြောက်သော အောင်မြင်မှုများ မရရှိခဲ့သော်ငြားလည်း ဝမ်ရှစ်ရှုံး၏ အသက်အရွယ်သို့ ရောက်လာပါက သူ့ထက် သာလွန်သွားမည်ဟု အခိုင်အမာ ယုံကြည်ထားခဲ့သူ ဖြစ်သည်။ သို့သော် ယခုအချိန်တွင် ချူဟန်က သူ့ကို သုံးစားမရတဲ့ကောင် ဟု အထင်အမြင်သေးစွာ ပြောဆိုလိုက်ခြင်းပင် ဖြစ်သည်။
မှင်သက်စွာ ရပ်နေသော လျန်ဟုန်ရှန်းကို လျစ်လျူရှုလျက် ချူဟန်က ကျန်ကွမ်းယွမ်နှင့် ကျိုးချွန်းလဲ့တို့ကို အမိန့်ပေးလိုက်သည်။
"ထူချန်လုံကို ကြိုးတုပ်လိုက်…သူ ကူးစက်ခံထားရတာ"
ထူချန်လုံက ကူးစက်ခံထားရတာ ဟုတ်လား။
ထိုစကားကြောင့် ဖြစ်ပေါ်လာသော တုန်လှုပ်မှုက လူအားလုံး၏ မျက်နှာပေါ်တွင် မယုံနိုင်သော အမူအရာများကို ထင်ဟပ်သွားစေသည်။
ထူချန်လုံမှာ ကြောက်ရွံ့မှုကြောင့် မျက်နှာပျက်ယွင်းသွားပြီး ချူဟန်ကို ကြည့်လိုက်သည်။
"ငါက မင်းနဲ့ ဘာရန်ငြိုးရန်စတွေ ရှိလို့လဲ... မင်း ငါ့ကို ဘာလို့ ဒီလိုလုပ်ရတာလဲ"
ယင်ရှောင်ချင်းမှာ ထူချန်လုံ၏ အရှေ့တွင် ကာကွယ်ရပ်တည်လိုက်ပြီး ချူဟန်ကို ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ရှင်က မိစ္ဆာပဲ… ရှင် ဘာလုပ်ချင်နေတာလဲ…တကယ် ကူးစက်ခံထားရတဲ့လူကိုကျတော့ လွှတ်ထားပြီး ဘာအပြစ်မှ မရှိတဲ့လူကိုကျတော့ ဘာလို့ လာဒုက္ခပေးနေရတာလဲ"
"ဒါ အရမ်းလွန်သွားပြီ… တော်တော်ကို လွန်လွန်းနေပြီ"
လျန်ဟုန်ရှန်းလည်း ဒေါသပေါက်ကွဲကာ အော်ဟစ်လိုက်သည်။
"ဒေါက်တာဝမ်... ဘာလို့ ဒီလို အရူးကောင်ကို သင်္ဘောပေါ် ခေါ်လာရတာလဲ… ကျွန်တော်ကြည့်ရသလောက် သင်္ဘောပေါ်ကနေ ထွက်သွားသင့်တာ သူပဲ"
သို့သော် မည်သူမျှ မျှော်လင့်မထားသော အခြေအနေတစ်ခု ဖြစ်ပေါ်လာတော့သည်။
ကျန်ကွမ်းယွမ်နှင့် ကျိုးချွန်းလဲ့တို့ နှစ်ဦးမှာ အချင်းချင်း တစ်ချက်ကြည့်လိုက်ပြီးနောက် မှုန်ကုပ်သော မျက်နှာထားဖြင့် ထူချန်လုံထံသို့ တိုးကပ်သွားကြသည်။ ထို့နောက် ဝင်ရောက် ဟန့်တားနေသော ယင်ရှောင်ချင်းကို အင်အားသုံး၍ တွန်းဖယ်လိုက်ပြီး ရုန်းကန်နေသော ထူချန်လုံကို မျက်စိတစ်မှိတ်အတွင်းမှာပင် ကြိုးတုပ်ပစ်လိုက်ကြတော့သည်။
ဟူဖန်ထျန်း ကိစ္စပြီးနောက် သူတို့သည် ချူဟန်၏ ဆုံးဖြတ်ချက်များကို လုံးဝ ယုံကြည်လာခဲ့ကြပြီ ဖြစ်သည်။ မျက်စိဖြင့် မြင်ရသမျှသည် အမြဲတမ်း အမှန်မဟုတ်ကြောင်း ဟူသော သင်ခန်းစာကို ချူဟန်ထံမှ အရိုးထဲစွဲသွားသည်အထိ သင်ယူခဲ့ပြီးဖြစ်သောကြောင့် ဖြစ်သည်။
"ခင်ဗျားတို့ ဘာလုပ်နေကြတာလဲ"
လျန်ဟုန်ရှန်းသည် ထိုနှစ်ဦးကို မယုံနိုင်သော အကြည့်များဖြင့် ကြည့်လိုက်သည်။
"ခင်ဗျားတို့ အကုန် ရူးကုန်ကြပြီလား… အရူးတွေပဲ"
"စိတ်အေးအေးထားစမ်းပါ"
ဝမ်ရှစ်ရှုံးက သက်ပြင်းရှည်ကြီးချကာ လျန်ဟုန်ရှန်းကို ပြောလိုက်သည်။
"ချူဟန်က သူ့ကို ကြိုးတုပ်ထားဖို့ပဲ ပြောတာပါ၊ တကယ်တော့ ဘာအန္တရာယ်မှ မပေးပါဘူး… နောက်ရက်တွေမှာလည်း ထူချန်လုံ မဆာလောင်ရအောင် ငါတို့ ထမင်းဆက်ကျွေးမှာပါ… သူက တကယ်ပဲ ကူးစက်ခံထားရတာ ဖြစ်နိုင်တယ်"
ဝမ်ရှစ်ရှုံးသည် ကျန်ကွမ်းယွမ်နှင့် ကျိုးချွန်းလဲ့တို့ထက်ပင် မျက်စိဖြင့် မြင်ရသမျှသည် အမြဲတမ်း အမှန်မဟုတ်ကြောင်း ဟူသော စကား၏ အလေးချိန်ကို ပို၍ နက်ရှိုင်းစွာ ခံစားသိရှိထားလေသည်။ ဟူဖန်ထျန်း ကိစ္စတွင် ချူဟန်၏ ဆုံးဖြတ်ချက်များရှေ့၌ သူ အကြိမ်ကြိမ် မျက်နှာပျက်ခဲ့ရပြီး ဖြစ်သည်။ ချူဟန်က အရင်ခေတ်၏ အသိတရားများဆိုသည်မှာ ကမ္ဘာပျက်ကပ်တွင် အသုံးမဝင်ကြောင်းကို အမှန်တရားများဖြင့် ဆက်တိုက် သက်သေပြနေခဲ့ခြင်း ဖြစ်သည်။
လျန်ဟုန်ရှန်း၏ မျက်နှာတွင် အံ့အားသင့်မှုများ ထင်ဟပ်သွားသည်။
"ဒေါက်တာဝမ်... သူက ဆရာဝန် မဟုတ်ဘူးလေ"
ဝမ်ရှစ်ရှုံးက ခေါင်းခါလိုက်ပြီး လက်လျော့လိုက်သည့် ဟန်ဖြင့် ပြောလိုက်သည်။
"ရှောင်လျန်... အခုက ကမ္ဘာပျက်ကပ် ရောက်နေပြီ.. မင်း သိထားတဲ့ ကမ္ဘာကြီး မဟုတ်တော့ဘူး… ခေါင်းထဲမှာ စွဲနေတဲ့ သီအိုရီတွေ၊ အသိတရားတွေကို စွန့်ပစ်လိုက်တာ အကောင်းဆုံးပဲ… ချူဟန် ပြောသလိုပဲ မင်းက ကိုယ့်ကိုယ်ကိုယ် အရမ်း အထင်ကြီးလွန်းနေတယ်… ပြီးတော့ သူက မင်းထက် ပိုသိနေတာ အမှန်ပဲ"
ထိုစကားက ဝမ်ရှစ်ရှုံး မည်သည့်ဘက်တွင် ရပ်တည်နေသည်ကို ရှင်းလင်းစွာ ဖော်ပြနေတော့သည်။ ထို့အပြင် ဤစကားက လျန်ဟုန်ရှန်း၏ မျက်နှာကို နောက်တစ်ကြိမ် ဖြတ်ရိုက်လိုက်သည်နှင့် တူညီနေသည်။ သူ အလေးစားဆုံးဖြစ်သော ဆေးပညာ စီနီယာ ဝမ်ရှစ်ရှုံးက သူ့ကို လုံးဝ ငြင်းပယ်လိုက်ပြီး ချူဟန်ကို ခြွင်းချက်မရှိ ယုံကြည်ရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
အခန်း (၂၂၈) ငါးမိနစ်
ဆေးပညာတွင် ထိုမျှလောက် ဩဇာကြီးမားသည့် ဝမ်ရှစ်ရှုံးပင် ထိုသို့ပြောလိုက်သည့်အတွက် လူတိုင်းကို အမှန်တကယ် အံ့အားသင့်သွားစေသည်။
သူ အလေးစားဆုံး ဆေးပညာရှင်ကြီးကပါ ထိုသူနှင့် အမြင်တူညီနေလိမ့်မည်ဟု လျန်ဟုန်ရှန်း လုံးဝထင်မှတ်မထားခဲ့ပေ။ သူ၏မျက်နှာပေါ်တွင် စိတ်ပျက်မှုများ ပေါ်လွင်လာသည်။ ယခုအချိန်အထိ ချူဟန်က ပြဿနာရှာနေခြင်းဖြစ်သည်ဟု သူက ယူဆနေဆဲပင်။ သို့သော် ဤသင်္ဘောပေါ်ရှိလူများက မည်သည့်အကြောင်းကြောင့် ချူဟန်၏အမိန့်ကို နာခံနေကြသည်ကို သူနားမလည်နိုင်ဖြစ်နေသည်။
"ဒေါက်တာဝမ်… ခင်ဗျားမှာ ပြောရခက်တဲ့ အခက်အခဲ တစ်ခုခုရှိနေလို့လား" လျန်ဟုန်ရှန်းက သူ၏ စိတ်ကူးယဉ် ထင်ကြေးများကို ဆက်ပြောလိုက်သည်။
"ချူဟန်လိုကောင်က ခင်ဗျားရဲ့ အားနည်းချက်တစ်ခုခုကိုများ ဆုပ်ကိုင်ထားလို့လား"
ဝမ်ရှစ်ရှုံးမှာ အံ့အားသင့်သွားပြီး ဒေါသထွက်ရမလို ရယ်ရမလိုပင် ဖြစ်သွားသည်။
"ချူဟန်က ဘယ်သူ့ကိုမှ ခြိမ်းခြောက်မထားပါဘူး… ဒီသင်္ဘောပေါ်က လူတွေအားလုံးက ကိုယ့်သဘောဆန္ဒနဲ့ကိုယ် လှုပ်ရှားနေကြတာပါ… ငါ့စကားကို မယုံဘူးဆိုရင်လည်း မတတ်နိုင်ဘူးပေါ့လေ… မင်းကို တစ်ခွန်းပဲ အကြံပေးချင်တာက စေတနာကို ဝေဒနာ မဖြစ်စေနဲ့"
စေတနာကို ဝေဒနာ မဖြစ်စေနှင့်။
ထိုစကားက အားနာမှုကင်းမဲ့စွာ ပြောလိုက်ခြင်းဖြစ်သဖြင့် ချက်ချင်းဆိုသလို အခန်းတွင်းရှိ လူများမှာ အုပ်စုသုံးစု ကွဲသွားတော့သည်။
ပထမတစ်စုမှာ မူလကတည်းက သင်္ဘောပေါ်တွင် ပါလာသည့် လူသုံးယောက်ဖြစ်ပြီး ချူဟန်အပေါ် ခြွင်းချက်မရှိ ယုံကြည်ကြသူများ ဖြစ်သည်။
ဒုတိယအုပ်စုမှာ ချူဟန်ကို အသေခံ ဆန့်ကျင်နေသော လျန်ဟုန်ရှန်းနှင့် ယင်ရှောင်ချင်းတို့ ဖြစ်သည်။
နောက်ဆုံး တတိယအုပ်စုမှာမူ တစ်ကိုယ်လုံးကို လုံခြုံအောင် ပတ်စည်းထားပြီး ငါးအကိုက်ခံရ၍ နှုတ်ဆိတ်နေသော ကံဆိုးသူ အမျိုးသားနှင့် မိမိကိုယ်ကို လူမသိသူမသိဖြစ်အောင် အမြဲကြိုးစားနေသည့် ဝေ့အန်းတို့ ဖြစ်သည်။ သူမက မည်သူ့ကို ယုံကြည်ရမည်မှန်း မသိပေ။ လူယုတ်မာများကို မရေမတွက်နိုင်အောင် မြင်တွေ့ခဲ့ပြီးနောက် ဤမိန်းကလေးမှာ ဤလောကရှိ လူအားလုံးအပေါ် အလွန်နက်ရှိုင်းသော သံသယများ ရှိနေခဲ့ပြီဖြစ်သည်။ မျက်စိဖြင့် မြင်ရသမျှသည်လည်း အမှန်ဖြစ်ချင်မှဖြစ်မည်ဖြစ်ပြီး မည်သူ့စကားမဆို အတုအယောင်များ ဖြစ်နေနိုင်ပေသည်။
ယင်ရှောင်ချင်းနှင့် လျန်ဟုန်ရှန်းတို့မှာ အပြင်းအထန် ဆန့်ကျင်ကန့်ကွက်နေကြပြီး ချူဟန်ကို ဆဲဆိုကြိမ်းမောင်းနေခဲ့သည်မှာ ဆယ်မိနစ်နီးပါးပင် ရှိနေပြီဖြစ်သည်။ ထုချန်လုံကို မည်သို့ဆက်လုပ်ရမည်နှင့် ပတ်သက်၍ ချူဟန်က တစ်ခွန်းမှ ဝင်မပြောသောကြောင့် ကျန်ကွမ်းယွမ်တို့ သုံးယောက်မှာလည်း သူ့ကို ကြိုးတုပ်ကာ စောင့်ကြည့်နေရုံမှလွဲ၍ ဘာမျှမတတ်နိုင်ကြပေ။
သင်္ဘောပေါ်တွင် အလွန် ရှုပ်ထွေးပရမ်းပတာ ဖြစ်နေသည်။ ချူဟန်က လျန်ဟုန်ရှန်းနှင့် ယင်ရှောင်ချင်းတို့၏ ဆဲဆိုမှုများကို လျစ်လျူရှုကာ ဘေးဘက်တွင် ဝမ်ချိုက်အတွက် ငါးဟင်းလျာများကို ချက်ပြုတ်နေသည်။ သူ၏ လက်ရာမှာ ညံ့ဖျင်းလှသော်လည်း စားပွဲတစ်ခုံစာ အမြန်ပင် ခင်းကျင်းလိုက်နိုင်ပြီး နာမည်မသိရသေးသော ထိုကံဆိုးသူ အမျိုးသားအတွက်ပါ တစ်ပန်းကန် ပြင်ဆင်ပေးလိုက်သေးသည်။
"မင်းက ဒီမှာ ငါးဟင်းချက်နေဖို့ အချိန်ရှိနေသေးတယ်ပေါ့"
လျန်ဟုန်ရှန်းက ဒေါသကြောင့် မျက်နှာရှုံ့မဲ့ကာ အော်လိုက်သည်။
"ငါ သတိပေးလိုက်မယ်… အခုချက်ချင်း ထူချန်လုံကို လွှတ်ပေးလိုက်… ဒီမှာရှိတဲ့ လူတိုင်းက မင်းပြောသမျှ ခေါင်းညိတ်မယ်လို့ မထင်နဲ့"
"လူမဆန်လိုက်တာ"
ယင်ရှောင်ချင်းက ပို၍ပင် ဒေါသထွက်နေသည်။ သူမအမြင်တွင် သူမ၏ချစ်သူမှာ အကြောင်းမဲ့ သက်သက် ကြိုးတုပ်ခံထားရပြီး တကယ့် ရောဂါကူးစက်ခံထားရသူက စားပွဲပေါ်တွင် ငါးဟင်းစားနေသောကြောင့် ဖြစ်သည်။
ချူဟန်က သူတို့နှစ်ဦးအား တစ်ချက်ကြည့်လိုက်ပြီး နားလည်ရခက်သော စကားတစ်ခွန်းကို ပြောလိုက်သည်။
"အများဆုံး နောက်ထပ် ငါးမိနစ်လောက်ဆိုရင် ထူချန်လုံက ဇွန်ဘီ ဖြစ်သွားလိမ့်မယ်… အဲဒီအချိန်ကျရင် ဝမ်းနည်းမနေနဲ့"
ထူချန်လုံက သေချာပေါက် ဇွန်ဘီဖြစ်သွားမည်ဖြစ်သည်။ ၎င်းမှာ ပြန်လည်စတင်ခြင်း စနစ်၏ စစ်ဆေးမှုရလဒ်ဖြစ်သည်။ ထူချန်လုံက မည်သည့်နေရာတွင် ဇွန်ဘီအခြစ်ခံလိုက်ရသည်ကို ချူဟန်ကိုယ်တိုင် သေချာမသိသော်လည်း ဤမြစ်ရေအောက်တွင် ဇွန်ဘီများ ရှိနေခြင်းများလား။
"ဟ"
လျန်ဟုန်ရှန်းက လှောင်ပြုံးပြုံးလိုက်ပြီး ချူဟန်ပြောလိုက်သော စကားကို လုံးဝနားမလည်နိုင်ဖြစ်သွားသည်။
"ဒါဆိုလည်း ငါ ဒီမှာပဲ ငါးမိနစ် စောင့်ကြည့်မယ်။"
" တကယ်လို့များ ဇွန်ဘီဖြစ်မလာရင် ဘယ်လို တာဝန်ယူမလဲ" ယင်ရှောင်ချင်းက ဒေါသတကြီး အော်မေးလိုက်သည်။
"ဇွန်ဘီမဖြစ်ဘူးဆိုရင် နင် သေဖို့သာ ပြင်ထား"
ကိုယ့်ချစ်သူက ဇွန်ဘီတစ်ကောင်ဖြစ်သွားခြင်းမှာ လူတစ်ယောက်ကို အလွန်ထိခိုက်စေသော ကိစ္စဖြစ်သဖြင့် ယင်ရှောင်ချင်း၏ ရိုင်းစိုင်းမှုကို ချူဟန်က ခွင့်လွှတ်ပေးလိုက်သည်။
ယခုအချိန်တွင် နာရီဝက်ပြည့်ရန် ငါးမိနစ်ပင် မလိုတော့ပေ။ အခန်းတွင်းရှိ ထူးဆန်းနေသော အခြေအနေကို ဂရုမစိုက်ဘဲ ချူဟန်က စားပွဲတွင် တစ်ယောက်တည်း ထိုင်၍ ငါးဟင်းကို တိတ်ဆိတ်စွာ စားနေလေသည်။ မျက်နှာချင်းဆိုင်ရှိ အမည်မသိလူမှာ တစ်ခဏမျှ ရပ်တန့်သွားပြီး စိုရွှဲနေသော ဆံပင်များဖြင့် ကာကွယ်ထားသော်လည်း၊ သူ့ထံမှ မသိမသာ စူးစမ်းနေသော အကြည့်များကို ချူဟန် ခံစားနေရဆဲ ဖြစ်သည်။
"မင်း နာမည်ဘယ်လိုခေါ်လဲ"
ချူဟန်က ငါးကို အရိုးပါမကျန် မျိုချလိုက်ပြီး ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
"လီယီ"
တစ်ဖက်မှလူက ခပ်ဩဩ လေသံဖြင့် ပြောလာသည်။ နာကျင်မှုကို မသိသကဲ့သို့ သူ၏လက်မောင်းပေါ်ရှိ ကြောက်မက်ဖွယ်ကောင်းသော ဒဏ်ရာကို လျစ်လျူရှုကာ ငါးဟင်းကို အငမ်းမရ စားနေပြီး ဝေဖန်ရန်လည်း မေ့မသွားချေ။
"ချက်ထားတာ တော်တော်ဆိုးတာပဲ"
"ချီးကျူးတဲ့အတွက် ကျေးဇူးပဲ"
ချူဟန်က ဟန်ဆောင်ပြုံးဖြင့် ပြန်ပြောလိုက်သော်လည်း သူ၏စိတ်ထဲတွင်တော့ လီယီဆိုသည့် နာမည်အပေါ် အနည်းငယ် ရင်းနှီးနေသလို ခံစားလိုက်ရသည်။ ရုတ်တရက် သူက လက်ထဲမှ လုပ်ဆောင်မှုများကို ရပ်တန့်လိုက်ပြီး မော့ကြည့်ကာ မေးလိုက်သည်။
"မင်းက အဆင့်(၁) ဆင့်ကဲပြောင်းလဲသူလား"
"အင်း… ဟုတ်တယ်"
လီယီက သူ၏ ခပ်ဩဩလေသံဖြင့် ပြန်ဖြေလိုက်သည်။
ချူဟန်က ခေါင်းညိတ်လိုက်ပြီး ဘာမှထပ်မပြောတော့ချေ။ လီယီဆိုသော ဤလူမှာ ယခင်ဘဝက အနည်းငယ် နာမည်ကြီးခဲ့ပြီး တိုက်ခိုက်ရေးစွမ်းရည်မှာလည်း မညံ့ဘဲ တိုက်ခိုက်ရေး အဆင့်သတ်မှတ်ချက် စာရင်းတွင် ထိပ်ဆုံး အယောက်နှစ်ရာအတွင်း ဝင်နိုင်သူဖြစ်သည်။ သို့သော် ဤလူက အကျင့်စရိုက် ထူးဆန်းပြီး တစ်ကိုယ်တည်း သွားလာနေထိုင်ရသည်ကို သဘောကျကာ သူ့ကို မြင်ဖူးသူလည်း အနည်းငယ်သာ ရှိသည်။ ဤနေရာတွင် သူ့ကို တွေ့ရလိမ့်မည်ဟု ချူဟန် ထင်မထားခဲ့ပေ။
ယခင်ဘဝက နာမည်ကြီးသူတစ်ဦး ဖြစ်သော်လည်း ချူဟန်က သိပ်ပြီး ဂရုမစိုက်ပေ။ ချန်ရှောက်ရယ်၊ ပိုင်ယွန့်အာနှင့် အခြားထိပ်တန်းပုဂ္ဂိုလ်များနှင့် သိကျွမ်းပြီးနောက်တွင် နောက်ပိုင်းခေတ်များမှ နာမည်ကြီးသူများအပေါ် တဖြည်းဖြည်း ရိုးအီလာခဲ့ပြီဖြစ်သည်။ ပိုင်ယွန့်အာထက် ပို၍စွမ်းနိုင်သူ မရှိသလို၊ သန္ဓေပြောင်း ဘုရင်ထက် ပို၍ ဆိုးယုတ်သူလည်း မရှိပေ။ သို့သော် ထိုလူများအားလုံးကို သူ တွေ့ခဲ့ပြီးပြီဖြစ်ရာ ယခု သူ့မျက်နှာချင်းဆိုင်တွင် ထိုင်နေသော လီယီမှာ သိပ်ပြီး အာရုံစိုက်စရာ မဟုတ်တော့ပေ။
သူတို့နှစ်ဦး၏ စကားပြောဆိုမှုကို ဘေးမှ နားထောင်နေသည့် ဝမ်ရှစ်ရှုံးတို့ သုံးယောက်မှာ ဘာလုပ်ရမှန်း မသိတော့ဘဲ ချူဟန်ပြောသည့် ငါးမိနစ်ကိုသာ အနေရခက်စွာဖြင့် စောင့်နေရုံသာ တတ်နိုင်တော့သည်။ လျန်ဟုန်ရှန်းနှင့် ယင်ရှောင်ချင်းတို့က ချူဟန် မည်သို့ အရှက်ကွဲမည်ကို စောင့်ကြည့်နေသည့် ပုံပေါက်နေပြီး ဝေ့အန်းမှာ ဘာစကားမှမပြောဘဲ ထောင့်တစ်နေရာတွင် ငြိမ်နေသည်။ တစ်ခန်းလုံးမှာ အလွန်တိတ်ဆိတ်နေပြီး ချူဟန်နှင့် လီယီတို့၏ ဝါးစားနေသော အသံများကိုသာ ကြားနေရသည်။
ချူဟန်နှင့် လီယီတို့ ထိုထူးဆန်းသော လေထုထဲတွင် ငါးအကောင်ရေများစွာကို စားသောက်ပြီးစီးသွားချိန်၊ ဝမ်ချိုက်က ထောင့်တစ်နေရာတွင် ခိုးကြောင်ခိုးဝှက်ဖြင့် အငမ်းမရ စားသောက်နေချိန်၌ ရုတ်တရက် ထွက်ပေါ်လာသော ဟိန်းဟောက်သံတစ်ခုက အခန်းတွင်းရှိ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။
ဂရား….
ဇွန်ဘီတစ်ကောင်၏ ဟိန်းဟောက်သံဖြစ်ပြီး ဤတိတ်ဆိတ်နေသော အခန်းထဲတွင် ငရဲဘုံမှ မိစ္ဆာတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။
" ဇွန်ဘီက ဘယ်ကရောက်လာတာလဲ"
လျန်ဟုန်ရှန်းမှာ အလွန်အံ့အားသင့်သွားပြီး အများဆုံး ငါးမိနစ်သာ ကြာမည်ဟူသော ချူဟန်၏စကားကို လုံးဝမေ့သွားခဲ့သည်။
"အား"
ယင်ရှောင်ချင်းက အသံကုန်ဟစ်ကာ အော်လိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလို သူမ ရုတ်တရက် သတိဝင်လာကာ စူးရှသော အော်သံမှာ ရပ်တန့်သွားပြီး ထောင့်တွင် ကြိုးတုပ်ခံထားရသော ထူချန်လုံထံသို့ လှည့်ကြည့်လိုက်သည်။
လျန်ဟုန်ရှန်းလည်း ရုတ်တရက် သတိဝင်လာကာ အစောပိုင်းကတည်းက တိတ်ဆိတ်နေခဲ့သော ထောင့်ဆီသို့ တုန်လှုပ်ချောက်ချားစွာ ကြည့်လိုက်သည်။ ထူချန်လုံမှာ လွန်ခဲ့သည့် ဆယ်မိနစ်ကျော်ကတည်းက ရုန်းကန်ခြင်းမရှိတော့ဘဲ အသံတိတ်သွားခဲ့သည်။ ထိုအချိန်က သူ့တွင် ခုခံရန် ခွန်အားမရှိတော့ဟု သူတို့က ထင်ခဲ့ကြသော်လည်း ယခု ကြည့်ရသည်မှာ ကိစ္စရပ်များက သူတို့မျှော်လင့်ထားသလို လုံးဝမဟုတ်ပေ။
ယခုအချိန်တွင် ထူချန်လုံသည် ဇွန်ဘီအဖြစ် လုံးလုံးလျားလျား ပြောင်းလဲသွားပြီဖြစ်သည်။ အဆင့်ဆင့် ပြောင်းလဲသွားသည့် လုပ်ငန်းစဉ်ပင် မရှိဘဲ၊ သတိလစ်သွားပြီးနောက် ပြန်လည်နိုးထလာချိန်တွင် သူသည် ဇွန်ဘီတစ်ကောင် ဖြစ်နေပြီဖြစ်သည်။
ဖြူရော်နေသော မျက်ဝန်းများ၊ ပင်ပန်းမှုနှင့် နာကျင်မှုကို မသိတော့သည့် အာရုံခံစားမှုတို့နှင့်အတူ အဆက်မပြတ် ရုန်းကန်နေမှုကြောင့် ကြိုးများက သူ၏အရေပြားကို ပြတ်ရှသွားသော်လည်း သူက ဂရုမစိုက်ချေ။ သူ၏ အရေပြားမှာ မျက်မြင်ကိုယ်တွေ့ပင် လျင်မြန်စွာ ဖြူရော်လာပြီး၊ သူ၏ သွားဖုံးများနှင့် ပါးစပ်တို့မှာ အံ့မခန်းအမြန်နှုန်းဖြင့် ဇွန်ဘီအသွင်သို့ ပြောင်းလဲသွားကာ အခန်းတွင်း၌ ပုပ်သိုးနေသော အနံ့ဆိုးများ ချက်ချင်း ပျံ့နှံ့သွားတော့သည်။
ကမ္ဘာပျက်ကပ် စတင်ဖြစ်ပွားပြီး သုံးလအကြာတွင် ဗိုင်းရပ်စ်ကူးစက်မှု အမြန်နှုန်းမှာ အံ့မခန်းဖြစ်လာသည်။ လွန်ခဲ့သည့် အခိုက်အတန့်က လူသားတစ်ယောက်ဖြစ်ခဲ့သော ထူချန်လုံ၏ အသားနှင့် အရေပြားများမှာ ယခုအခါတွင် ပုပ်သိုးလာနေပြီဖြစ်သည်။
သူ အမှန်တကယ်ပင် ဇွန်ဘီအဖြစ် ပြောင်းလဲသွားခဲ့ပြီ။
"အား"
ဤမြင်ကွင်းကို မြင်လိုက်ရသော ယင်ရှောင်ချင်းက ထပ်မံ၍ အသံကုန် အော်ဟစ်လိုက်သည်။ ထူချန်လုံ ဇွန်ဘီအဖြစ် ပြောင်းလဲသွားမှုက သူမ၏ စိတ်ခံစားချက်ကို တစ်ခဏချင်း ပြိုလဲသွားစေပြီး သူမတစ်ကိုယ်လုံး ရူးသွပ်မတတ် အော်ဟစ် ငိုကြွေးနေတော့သည်။