နှစ်တစ်ရာဟာ ခဏလေးသာ…
Vol. 95 Ch. 1297
“ရုတ်တရက် အပြင်ဘက်ခြမ်းမှာ လျော့ပါးသွားတဲ့ ခြင်သားရဲတွေဟာ သူနဲ့ ကျိန်းသေ ဆက်နွှယ်နေလိမ့်မယ်။ အခု သူ ကျင့်ကြံနေတာ သိသာနေတာပဲ။ ဒါ့ကြောင့် ငါတို့ သူ့ကို သွားမနှောက်မိစေဘဲ အမြန်ပြန်ထွက်သွားရမယ်…” လီယွမ်လိုင်က ထိုသို့ ပြောရင်း ဖြည်းဖြည်းချင်း နောက်ဆုတ်သည်။
သို့ရာတွင် ထိုအခိုက်အတန့်၌ ပြောင်းလဲမှုတစ်ခု ဖြစ်လာသည်။
ရွှေရောင်ခြင်သားရဲက ရုတ်တရက် ခေါင်းမော့လာကာ ရှေ့တည့်တည့်ရှိ ကျင့်ကြံသူများကို ကြည့်သည်။ အမှန်တော့ ၎င်းက သူတို့ကို တွေ့မြင်ခဲ့ပြီး ဖြစ်၏။ သို့သော် ထိုသူတို့ကို အာရုံစိုက်ရန်ပင် ပျင်းရိနေခဲ့ပေ၏။ သို့ရာတွင် အခုချိန်၌ ၎င်းက ရုတ်တရက် ဟိန်းသံ ပြုလိုက်လေသည်။
၎င်းဟိန်းသံ ပေးနေရင်း ခြင်သားရဲအားလုံးသည် ပြန့်ကြဲကာ တုန်ဟည်းသံ ဖြစ်ပေါ်စေသည်။ အနီရောင်တိမ်တိုက်တစ်ခုက ရုတ်တရက် ကျင့်ကြံသူများထံ အော်မြည်၍ တိုးဝင်လာကြတော့သည်။
“မကောင်းတော့ဘူး…။မြန်မြန် ဆုတ်ခွာကြ…” လီယွမ်လိုင်က လှမ်းအော်၏။ သူက နောက်သို့ လျှပ်စီးတန်းအလား ဆုတ်သည်။ သူ့ဘေးပတ်လည်ရှိ လူတိုင်း၏အမူအရာမှာ ပြောင်းလဲသွားကြကာ အလျင်အမြန် နောက်ဆုတ်ကြသည်။
သူတို့အားလုံးက အနီရောင်ခြင်သားရဲများထက် မြန်ဆန်ကြသော်လည်း အပြာရောင်ခြင်သားရဲများနှင့်တော့ မယှဉ်သာပေ။ ခြင်သားရဲထောင်ချီ တိုးဝင်လာနေရင်း အပြာရောခြင်သားရဲများက အနီရောင်ခြင်သားရဲများကြားကနေ သူတို့ထံ ထိုးထွက်လာကြသည်။
“အပြာရောင်ခြင်သားရဲတွေ…” လူတိုင်း၏ဦးရေပြားပင် ထုံထိုင်းကုန်၏။ သူတို့က ပိုမိုမြန်ဆန်စွာ ပြေးကြသည်။ သူတို့အားလုံးက အနီရောင်ခြင်သားရဲများကိုသာ မြင်၍ အတွင်းရှိ အပြာရောင်ခြင်သားရဲများကိုမူ မတွေ့မိခဲ့ပေ။ သူတို့ ၎င်းခြင်သားရဲတို့ကို တွေ့မြင်သည့်အခါ သူတို့စဉ်းစားဉာဏ်ပင် လွတ်မတတ် ဖြစ်ကုန်၏။ ပြောကြသည်က အပြာရောင်ခြင်သားရဲများသည် ကြောက်မက်ဖွယ်ကောင်းကာ နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကျင့်ကြံသူများနှင့် ယှဉ်နိုင်ကြသည် ဟူ၏။
အပြာရောင်ခြင်သားရဲများက မြန်လွန်း၏။ ၎င်းတို့၏ ဟိန်းအော်သံများက ပြင်းထန်သောဖိသိပ်အားကို ဖြစ်ပေါ်လာစေသည်။ သူတို့အားလုံး တုန်လှုပ်သွားကြသည့်အခိုက်မှာပင် တုန်ဟီးသံများ ပဲ့တင်ထပ်လျက် အပြာရောင်ခြင်သားရဲများသည် သူတို့ကို မှီလာကြသည်။ အပြာရောင်ခြင်သားရဲများက သူတို့ကို ဝန်းရံကာ သွေးဆာမှုကို ထုတ်လွှတ်လေ၏။ အပြာရောင်ခြင်သားရဲများ၏ ကြီးမားသည့်ပါးစပ်ကြီးများ၊အပြာရောင်အလင်းတို့က သည်ကျင့်ကြံသူများအတွက် အိပ်မက်ဆိုး ဖြစ်လာသည်။
သို့ရာတွင် ခုချိန်၌ သူတို့အဖို့ ခွင့်ခံနိုင်ရန် အခွင့်အရေး မရှိပေ။ သူတို့က အပြာရောင်ခြင်သားရဲများ၏ ဝန်းရံခြင်းခံရပြီးပြီးချင်း အနီရောင်ခြင်သားရဲများ၏ ထပ်ဆင့်ဝန်းရံခြင်းကို ခံလိုက်ရတော့သည်။ ခြင်သားရဲအုပ်အလယ်၌ သူတို့သည် ရှေ့ကိုပင် မမြင်ရတော့ဘဲ သူတို့ တွေ့မြင်ရသည့်တစ်ခုတည်းသောအရာမှာ ကြမ်းကြုတ်သောခြင်သားရဲများသာ ရှိတော့၏။ ထိုကြောက်မက်ဖွယ်ခံစားချက်က သူတို့ကို မျှော်လင့်ချက်မဲ့စွာ ခံစားရစေ၏။
သူတို့အားလုံးမှာ တစ်ချိန်လုံး အလွန်ဂရုစိုက်နေခဲ့ကြ၏။ အတိတ်တုန်းက သူတို့ သည်နေရာသို့ ဝင်လာခဲ့ချိန်တုန်းကပင် သူတို့သည် ခြင်သားရဲတစ်ရာကျော်အုပ်စုများကိုသာ တွေ့ကြုံခဲ့ရဖူး၏။ ထိုစဉ်က သူတို့ကျင့်ကြံမှုအဆင့်ဖြင့် အကွာအဝေးတစ်ခုခြားနေပါက ထွက်ပြေးနိုင်ရန် လွယ်ကူခဲ့ပေသည်။
အခုပထမဆုံးအကြိမ်အဖြစ် သူတို့သည် ခြင်သားရဲထောင်ချီ၏ ဝန်းရံခြင်းကို ခံလိုက်ရပေပြီ။ သူတို့မဆိုနှင့် ကလန်ရှိအကြီးအကဲများသည်ပင် အခုလို အဖြစ်မျိုး လုံးဝ ကြုံတွေ့ခဲ့ရဖူးလိမ့်မည် မဟုတ်ပေ။
မျှော်လင့်ချက်မဲ့သွား၍ ထိုကျင့်ကြံသူများသည် အရူးအမူးတန်ပြန်တိုက်ခိုက်မှုကို စတင်ရန် ပြင်ကြ၏။ သို့သော် သူတို့အားလုံး မင်သက်သွားစေသည်က ထိုခြင်သားရဲများသည် သူတို့အား ဝန်းရံထားရုံသာ ရှိ၍ တိုက်ခိုက်မလာကြခြင်းပင်။ ထိုအစား ခြင်သားရဲများက သူတို့ကို ကျောက်တံခါးချပ်ထံ လမ်းဖွင့်ပေးသည့်အနေအထားဖြင့်သာ ဝန်းရံထားခြင်းပင်။
ထိုထူးဆန်းသောမြင်ကွင်းက သူတို့ကို မျှော်လင့်ချက်တစ်စ တွေ့လိုက်ရသလို ခံစားမိစေသည်။ သူတို့က တစ်ယောက်နှင့်တစ်ယောက် ကြည့်မိလိုက်ကြ၏။ လီယွမ်လိုင်၏မျက်နှာမှာ ဖြူရောနေသည်။ သို့သော် သူက အံတင်းတင်းကြိတ်ကာ တဖြည်းဖြည်းခြင်း ခြင်သားရဲအုပ်ထံ ပျံသန်းဝင်လာသည်။
သူ တိုးဝင်လာချိန်၌ သူက ကျောက်တံခါးထက်တွင် ထိုင်နေသောဝမ်လင်းနှင့် အေးစက်စက်အကြည့် ပေးစွမ်းနေသော ရွှေရောင်ခပ်ဖျော့ဖျော့ခြင်သားရဲ တို့ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
ခြင်သားရဲဘုရင်၏အကြည့်ကြောင့် လီယွမ်လိုင်မှာ တုန်ယင်ရ၏။ သူ့ခန္ဓာကိုယ်တွင် ချွေးစေးများ ပြန်လာသည်။ သူက ထိုရွှေရောင်ခြင်သားရဲကသာ ဟိန်းသံ ပြုလိုက်ပါက ဝန်းရံထားသောခြင်သားရဲများဟာ သူတို့ကို အပိုင်းပိုင်းစုတ်ဖြဲပစ်မည်ဟု ခံစားမိရသည်။
“ခြင်သားရဲဘုရင်…” လီယွမ်လိုင်နှင့် သူ့အပေါင်းအပါများသည် ခုထိ ရွှေရောင်ခြင်သားရဲဘုရင်၏ အဆင့်အတန်းကို ဖြတ်မမြင်နိုင်သေးဘူးဆိုပါက သူတို့ကို သူတို့ကလန်များ၏ ပါရမီရှင်များဟု ခေါ်ဆိုရန် ထိုက်တန်တော့မည် မဟုတ်ပေ။
လီယွမ်လိုင်က အသက်ဝဝရှုသွင်း၏။ သူက ဝမ်လင်းကို ကြည့်သည်။ သူက သူ့လက်နှစ်ဖက်ကိုယှက်၍ တလေးတစား ပြောသည်။ “ဂျူနီယာ လီယွမ်လိုင်က စီနီယာကို နှုတ်ဆက်ပါတယ်။ ကျွန်တော်တို့က စီနီယာကို တမင်သပ်သပ် နှောက်ယှက်ခဲ့တာ မဟုတ်ပါဘူး။ စီနီယာ စိတ်မရှိဖို့ မျှော်လင့်မိပါတယ်…”
သူ့နောက်မှ ကျင့်ကြံသူဆယ်ယောက်ကျော်ကလည်း လက်နှစ်ဖက်ကို တရိုတသေ ဆုပ်ကြ၏။
သို့ရာတွင် သူတို့စကားပြောဆိုပြီးသည့်နောက်တွင်ပင် ဝမ်လင်းက မတုန့်ပြန်ပေ။ သူက မျက်လုံးမှိတ်လျက်သာ ထိုင်နေ၏။ ဝမ်လင်း၏ အဖြေကို ပြန်မရခြင်းကြောင့် လီယွမ်လိုင်နှင့် သူ့အပေါင်းအပါများသည် ခြင်သားရဲများ၏ ပိတ်လှောင်ထားခြင်းကိုသာ ခံနေရတော့သည်။ သူတို့အားလုံးက ကြောက်လန့်တကြား စောင့်ဆိုင်းနေရုံသာ ရှိလေ၏။
စောင့်နေရုံက ပြဿနာ မဟုတ်ပေ။ သို့သော် ခြင်သားရဲထောင်ချီ ဝန်းရံခံထားရခြင်းကတော့ သိသာစွာပင် ထိတ်လန့်ကြောက်ရွှံ့စရာ ကောင်းလှ၏။
အမှန်တော့ ဝမ်လင်းက သူတို့ကို လစ်လျူရှုထားတာ မဟုတ်ပေ။ သို့သော် ဝမ်လင်း၏စိတ်က ထူးဆန်းသောအခြေအနေ၌ ဈာဉ်ဝင်စားနေ၏။ ထို့ကြောင့် သူက သူ့ဘေးပတ်လည်ရှိ အဖြစ်သနစ်များကို သတိမမူမိပေ။
လီယွမ်လိုင်နှင့်အခြားသူများသည် သတ်ဖြတ်လိုစိတ် သို့တည်းမဟုတ် သူတို့၏မူလစွမ်းအင်ကိုသာ အသုံးပြုလိုက်ပါက ဝမ်လင်းသည် ချက်ခြင်း နိုးထလာပေမည်။ သို့ရာတွင် လီယွမ်လိုင်နှင့်အခြားသူများ၏ အသက်တွေက ဝမ်လင်းလက်ထဲတွင် ရှိနေ၍ သူတို့သည် မည်သည့်သတ်ဖြတ်လိုစိတ်၊ သို့မဟုတ် မူလစွမ်းအင်ကို အသုံးမပြုဝံ့၊ မထုတ်ဖော်ဝံ့ကြပေ။ သူတို့အားလုံးသည် ဝန်းရံထားသော ခြင်သားရဲများ ဒေါသထွက်လာမည်ကိုသာ စိတ်ပူပန်နေမိ၏။
ထို့အတွက်ကြောင့် သူတို့သည် စောင့်ဆိုင်းနေရုံသာ တတ်နိုင်ပေသည်။
“ဒီဒုတိယမန္တာန်ကိုတော့ အချိန်စီးဆင်းခြင်းလို့ နာမည်ပေးရမယ်…” ဝမ်လင်း၏စိတ်ထဲ၌ သူသည် ကျောက်တံခါးထက်တွင် ထိုင်ကာ ဝမ်ပိုင်ကို ပြောနေခြင်းပင်။ သို့သော် သူ့စကားများကို မည်သူကမျှ မကြားနိုင်ပေ။သူ့စိတ်ထဲတွင် တစ်ခုတည်းသောအသံမှာ လှိုင်းများခတ်သံပင်။ အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက သူ့ညာလက်ကို ဖြည်းဖြည်းချင်း ပင့်မြှောက်ကာ ညင်သာစွာ ဝေ့ယမ်းသည်။
လှိုင်းများသည် ရုတ်တရက် လှုပ်ရှားကာ လှိုင်းထန်လာ၏။ ပင်လယ်သည် ပြင်းထန်စွာ တဝီဝီ လှည့်ပတ်၍ စတင် ပျံ့နှံ့သည်။
ဝမ်လင်း သူ့လက်ကို စိတ်ထဲ၌ ဝေ့ယမ်းနေချိန်၌ လီယွမ်လီနှင့်အခြားသူများသည် ကြောက်မက်ဖွယ်ဖိသိပ်အားတစ်ခု ပျံ့နှံ့လာသည်ကို ချက်ခြင်း ခံစားမိသည်။ သူတို့သ်ည ခုခံရန်အစွမ်း ကင်းမဲ့ရ၏။ ချက်ခြင်းပင် သူတို့ဟာ ထူးဆန်းသောလောကတစ်ခု၏ ထွေးခြုံခြင်းကို ခံလိုက်ရလေသည်။
လီယွမ်လီအပါအဝင် လူတိုင်းသည် သူတို့အမြင် ဝေဝါးသွားသလို ခံစားရ၏။ သူတို့အမြင် ပြန်ကြည်လင်လာချိန်တွင်မူ ရှေ့ရှိ ဧရာမတံခါးချပ်ကြီးကလွဲ၍ အရာအားလုံး ပျောက်ကွယ်သွားခဲ့သည်။ ထိုတံခါးက ကောင်းကင်ယံထိ တိုးတက်နေကာ သူတို့အဖို့ ထိပ်ဖျားကို မမြင်ရပေ။
ထိုကျောက်တံခါးထံမှ ရှေးကျသောအော်ရာတစ်ခု ပျံ့နှံ့ကာ အံ့မခန်းအားတစ်ခုက သူတို့အား ရိုက်ခတ်၏။ ထိုအော်ရာနှင့် ယှဉ်ပါက လီယွမ်လိုင်နှင့်အခြားသူများမှာ လှိုင်းထန်သောပင်လယ်ထဲက အထီးကျန်လှေငယ်များကဲ့သို့ ဖြစ်နေ၏။
“အချိန်စီးဆင်းခြင်း…” ရှေးဟောင်းအသံတစ်ခု လောကတွင် ပဲ့တင်ထပ်လာ၏။ ထိုအသံတွင် အချိန်အငွေ့အသက် ပါဝင်သည်။ ယင်းအသံက ရှေးဦးအချိန်များကနေ ထွက်ပေါ်လာသကဲ့သို့ပင်။ ၎င်းအသံ သူတို့နားထဲသို့ ဝင်ရောက်လာချိန်၌ နှစ်ပေါင်းမရေမတွက်နိုင်သော ပြောင်းလဲမှုကို တွေ့ကြုံရစေတော့သည်။
ထိုအသံကို ကြားရသည့်အခိုက်တွင် လီယွမ်လိုင်နှင့်အခြားသူများအားလုံး တုန်ယင်ကာ သူတို့၏မျက်လုံးထဲတွင်လည်း စိတ်ရှုပ်ထွေးမှုတို့ ပြည့်နှက်သည်။ သူတို့စိတ်ထဲ၌ မတူကွဲပြားသော မှတ်ဉာဏ်များ ဝင်ရောက်လာကာ တဖြည်းဖြည်းချင်း အရာအားလုံးကို အစားထိုး ဝင်ရောက်သည်။
အသက်ရှုနေရင်းဖြင့်ပင် အချိန်ကုန်ဆုံးနေ၏။ အသက်တစ်ကြိမ်ရှုတိုင်း လီယွမ်လိုင်နှင့်အခြားသူများအဖို့ နှစ်တစ်ရာ ကျော်လွန်သွားသလို ဖြစ်နေသည်။
သူတို့စိတ်ထဲ၌ သူတို့၏မှတ်ဉာဏ်များ မြန်ဆန်စွာ စီးဆင်းနေ၏။ အသက်တစ်ခါရှုတိုင်း နှစ်တစ်ရာ ကုန်လွန်သည်။ တဖြည်းဖြည်းဖြင့် အချိန်သည် နှစ်နှစ်ရာ၊သုံးရာ၊ငါးရာ…နှစ်တစ်ထောင်ထိ စီးဆင်းကုန်ဆုံး၏။
အသက်ဆယ်ကြိမ်ရှုစာအတွင်း နှစ်တစ်ထောင် ကုန်လွန်သွားသည်။ သူတို့၏ စိတ်ထဲ၌ သူတို့မှတ်ဉာဏ်များ တဖျပ်ဖျပ် ဖြစ်ပေါ်ကာ လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင် အချိန်ကာလကျမှ ရပ်တန့်သွားတော့သည်။ သူတို့က လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်ကို ပြန်ရောက်သွားသကဲ့သို့ပင်။
လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်က သူတို့၏ကျင့်ကြံမှုအဆင့်သည် အခုလောက် မြင့်မားလှခြင်း မရှိပေ။ မှတ်ဉာဏ်များစီးဆင်းနေရင်း နိဗ္ဗာနသန့်စင်ခြင်းအထွတ်အထိပ်အဆင့် လီယွမ်လိုင်၏ ကျင့်ကြံမှုအဆင့်က လျော့ကျသွားကာ သူသည် နိဗ္ဗာနသန့်စင်ခြင်းအလယ်အဆင့်တစ်ယောက် ဖြစ်လာသည်ဟု ထင်ရသည်။
သူသာမက သူ့ဘေးပတ်လည်ရှိ လူတိုင်း၏ ကျင့်ကြံမှုအဆင့်သည်လည်း လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်က အဆင့်သို့ ပြန်လျော့ဆင်းကျရောက်သွားသည်။
ကျင့်ကြံသူများထဲမှ တစ်ယောက်က အပြင်းအထန်ဒဏ်ရာရထားကာ ပြန်လည်ကောင်းမွန်ရန် နှစ်ပေါင်းတစ်ရာတိတိ တံခါးပိတ် ကျင့်ကြံခဲ့ရဖူးသည်။ ထိုအခိုက်၌ သူ့မှတ်ဉာဏ်များ ပြောင်းပြန်ပြန်စီးဆင်းသည့်အခါ သူ့ခန္ဓာကိုယ်သည် တုန်ယင်၍ သူ့မူလစိတ်ဝိညာဉ်သည် အားနည်းလာခဲ့သည်။ သူ့ဒဏ်ရာများမှ လွန်ခဲ့သောနှစ်တစ်ထောင်ကအတိုင်း အတူတူ ပြန်ဖြစ်လာ၏။
သို့ရာတွင် သူတို့က ထိုအဖြစ်ကို သတိမမူမိကြပေ။ သူတို့၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှုသာ ရှိ၍ သူတို့ကိုယ်ပိုင်ပြောင်းလဲမှုများကို သဘောမပေါက်မိကြပေ။ သဘောကတော့ သူတို့ လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်သို့ ပြန်ရောက်ရှိသွားသည်ကို သတိမပြုမိကြခြင်းပင်။
အချိန်သည် ဆက်လက် စီးဆင်းနေ၏။ အသက်တစ်ခါရှုစာ ကြာချိန်၊နှစ်ခါရှုစာ ကြာချိန်…။
လီယွမ်လိုင်နှင့်အခြားသူများ၏ မှတ်ဉာဏ်များသည် တဖန် ပြန်ပြောင်းစီးဆင်းလေ၏။ နှစ်တစ်ရာ…နှစ်ငါးရာ…နောက်ထပ် နှစ်တစ်ထောင် နောက်သို့ ပြန်ရောက်ရှိသွားကြပြန်သည်။
နှစ်ပေါင်းနှစ်ထောင်များ၏ မှတ်ဉာဏ်များက အတိတ်အချိန်ဆီ ပြန်ရောက်သွားကြသည်။
လီယွမ်လိုင်၏ခန္ဓာကိုယ်မှာ တုန်ယင်၍ သူ့မျက်လုံးတို့က ရှုပ်ထွေးနေဆဲပင်။ သူက ၎င်းအချိန်စီးဆင်းမှုကို မချိုးဖျက်နိုင်ပေ။ သူ့ကျင့်ကြံမှုအဆင့်မှာလည်း နိဗ္ဗာနကြိုမြင်ခြင်းအထွတ်အထိပ်အဆင့်ထိ လျော့ကျသွားပြန်သည်။ သူ့ဘေးရှိ ကျင့်ကြံသူက အမျိုးသမီးငယ်တစ်ယောက် ဖြစ်၏။ သူမက သည်အုပ်စုထဲတွင် ကျင့်ကြံမှုနှစ်အရေအတွက် အနည်းဆုံး ဖြစ်ကာ နှစ်ပေါင်းသုံးထောင်ပင် မပြည့်တတ်သေးပေ။ သူမ၏ပြောင်းလဲမှုက သိသာလွန်း၏။ သူမသည် ဒုတိယအဆင့်ကျင့်ကြံခြင်းကနေ ပထမအဆင့်ကျင့်ကြံခြင်း၏ အာဏာတက်ခြင်းအဆင့်ထိ လျော့ကျသွားခဲ့လေသည်။
အချိန်သည် နောက်ထပ် နှစ်ပေါင်းတစ်ထောင် ကုန်ဆုံးပြန်သည်။ ထိုအခါ အမျိုးသမီးငယ်သည် လောကကနေ မည်သည့်အခါကမျှ မတည်ရှိသည့်အလား ပျောက်ကွယ်သွားတော့သည်။
အချိန်မှာ ပြောင်းပြန်စီးဆင်းနေဆဲ။ အရာရာမှာ အမှန်နှင့်အမှားကြား ဝေ့ဝဲနေလျက် ရှိ၏။ သို့သော် ကြည်ရသည်မှာ ထိုပြောင်းလဲမှုများကို ထာဝရတည်တံ့စေရန် ဝမ်လင်း၏ အတွေးတစ်ချက်သာ လိုသည်ဟု ထင်မှားရသည်။
ကံကောင်းစွာဖြင့် သူသည် ဆက်မလုပ်ခဲ့ပေ။ အသက်ရှုစာဆယ့်နှစ်ကြိမ်မြောက်တွင် ဝမ်လင်းက မျက်လုံးဖွင့်လာ၏။ သူ့မျက်လုံးထဲတွင် လောက ပါဝင်နေဟန် တူကာ ရှင်းမပြတတ်သော ဥပဒေသတစ်ခုကို သူ ဖမ်းဆုပ်မိဟန် ရသည်။
“အဓိပ္ပာယ်မရှိလိုက်တာ…” ဝမ်လင်းမျက်လုံးဖွင့်လာချိန်၌ သူက သူ့စိတ်ထဲသို့ ခေါ်ယူခဲ့သော သူများကို တွေ့မြင်၏။ ထိုသူတို့၏ မူလခန္ဓာကိုယ်များကတော့ ဤလေကောင်းကင်ဘုံနယ်မြေတွင်သာ ရှိနေကြသည်။
သူက အနည်းငယ်မျက်မှောင်ကြုတ်ကာ အင်္ကျီလက်အိုးကို ဝေ့ယမ်း၏။ လောကသည် တုန်ယင်သွားသည်။ လီယွမ်လိုင်နှင့်အခြားသူများသည် တုန်ယင်သွားကာ လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ကျော်သည် အခုအခိုက်အတန့်သို့ ချက်ခြင်း ပြန်ပြောင်းလဲသွားသည်။ သူတို့ သတိပြန်ဝင်လာကြ၏။ သူတို့သည် ကြောက်ရွှံ့မှု၊မယုံကြည်နိုင်မှုတို့နှင့် ပြည့်နှက်ကုန်သည်။ သူတို့က အိပ်မက်တစ်ခုမက်သကဲ့သို့ ခံစားမိ၏။ သို့သော် ထိုအိပ်မက်က အစစ်အမှန်ဖြစ်လွန်းရာ သူတို့အားလုံးကို ချွေးစေးများ ရွှဲနစ်သွားစေသည်။
ခြင်သားရဲဘုရင်က သူ့အမှားတစ်ခု ပြုလုပ်မှုသကဲ့သို့ အော်မြည်သံ ပြု၏။ ၎င်း၏ ပါးစပ်ကြီးက ဝမ်လင်းထံ ရွှေ့လာ၏။ ၎င်း၏စိတ်ထဲတွင် ၎င်း၏အရှင်မှာ ကျင့်ကြံနေလျက် ရှိ၍ တစ်စုံတစ်ယောက်ကို စမ်းသပ်ချင်မှာဟု တွေးထင်ခဲ့သည်။ထို့ကြောင့် ခြင်သားရဲက လီယွမ်လိုင်နှင့်အခြားသူများကို ဤနေရာသို့ ခေါ်လာခဲ့ခြင်းပင်။
ဝမ်လင်းမျက်လုံးဖွင့်လာခြင်းက လီယွမ်လိုင်နှင့်အခြားသူများကို အချိန်ကာလ လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ကျော်ကနေ နိုးထလာစေခဲ့ပေသည်။ ထိုအခိုက်အတန့်၌ လေကောင်းကင်ဘုံနယ်မြေအတွင်းနက်ပိုင်းရှိ ကျောက်ရုပ်ဖြစ်နေသောအဘိုးအို၏ မျက်လုံးနှစ်လုံးက ရုတ်တရက် တောက်ပလာသည်။
“ဒီကောင်လေးက မရိုးရှင်းဘူးပဲ…”
***