← Chapters

အခန်း (၃၅၁-၃၅၂)

Vol. 36 Ch. 351-352

အခန်း (၃၅၁-၃၅၂)

Vol. 36 Ch. 351-352

အခန်း ၃၅၁ ကောင်းကင်မျက်လုံး ဖွင့်လှစ်ခြင်း

[သင်သည် ကြယ်နှစ်ပွင့် အထွတ်အထိပ် အဆင့် ပုံရိပ်ယောင် ကြေးမုံ နတ်ဆိုး ၏ တိုက်ခိုက်မှုကို ခံရပါသည်]

တိုက်ပွဲ အချက်အလက်များက အခြေအနေ မျက်နှာပြင် ပေါ်တွင် အသစ် ထွက်ပေါ်လာခဲ့ပြီး ကျိုးဟန် သည် သူ ရင်ဆိုင်နေရသော ရန်သူကို သိရှိသွားလေ၏။

'ကြယ်နှစ်ပွင့် အထွတ်အထိပ် အဆင့် စွမ်းအားကိုတောင် ရောက်နေပါလား'

ကျိုးဟန် ၏ ရင်ထဲတွင် အနည်းငယ် အံ့အားသင့်သွားပြီး သူ မည်သည့်အတွက်ကြောင့် ဤမျှ ကြီးမားသော ထိခိုက်မှုကို ခံလိုက်ရသနည်း ဆိုသည်ကို နားလည် သဘောပေါက်သွားလေ၏။

ဤ ပုံရိပ်ယောင် ကြေးမုံ နတ်ဆိုး မှာ အထွတ်အထိပ် အဆင့် သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ဤမျှ ကောက်ကျစ်နေလိမ့်မည်ဟု ကျိုးဟန် လုံးဝ မထင်မှတ်ထားခဲ့ချေ။

တစ်ချိန်တည်းမှာပင် ကျိုးဟန် ထိမှန်သွားသည်ကို မြင်တွေ့လိုက်ရပြီးနောက် ပုံရိပ်ယောင် ကြေးမုံ နတ်ဆိုး ၏ တိုက်ခိုက်မှုများမှာ ပိုမို လျင်မြန် ပြင်းထန်လာခဲ့လေ၏။ ထုတ်လွှတ်လိုက်သော အနက်ရောင် စွမ်းအင်များကို ကြည့်ခြင်းအားဖြင့် ယခင်ကထက် ပိုမို သိပ်သည်းနေကြောင်း သိရှိနိုင်ပေသည်။ ရေတွက်၍ မရနိုင်သော တိမ်မည်းကြီးများအလား လွှမ်းခြုံ ဝင်ရောက်လာပြီး ရှောင်လွှဲရန် လမ်းစပင် မရှိတော့ချေ။

"ဟဲဟဲဟဲ..."

ခံစားချက် ကင်းမဲ့နေသော ဖြူရော်ရော် ရယ်မောသံများက ဤမြူမည်းများ ကြားမှ လွင့်ပျံ ထွက်ပေါ်လာလေ၏။ အသံများမှာ မှုန်ရီ ဝေဝါးနေပြီး သူ၏ တိကျသော တည်နေရာကို လုံးဝ ရှာဖွေ၍ မရနိုင်ချေ။

ဤအတိုင်း ဆက်သွားနေမည် ဆိုပါက အထိုးခံရုံသာ ရှိမည် ဖြစ်ပြီး တစ်ဖက်လူကလည်း အထွတ်အထိပ် အဆင့် အစွမ်းထက်သူ ဖြစ်ရာ အချိန်ဆွဲနေမည် ဆိုပါက သေချာပေါက် အလွန် အဆင်မပြေ ဖြစ်လာမည် ဖြစ်လေ၏။

"မုန်တိုင်း နဂါးဘုရင် ဆင်းသက်လာပြီ... ငါက မိုးကြိုး ရဲ့ ဆန္ဒကို ကိုယ်စားပြုပြီး ဒီအဆုံးမဲ့ အမှောင်ထုကို ချေမှုန်းမယ်"

"မိုးကြိုး နယ်ပယ်... မိုးကြိုးတွေ ငါ့ကို အညံ့ခံစမ်း"

ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းမတတ် ကြီးမားလှသော အနက်ရောင် စွမ်းအင်များ ပြင်းထန်စွာ ဝင်ရောက်လာသည်ကို မြင်တွေ့လိုက်ရသောအခါ ကျိုးဟန် သည် တုံ့ဆိုင်းမနေတော့ဘဲ တစ်ကိုယ်လုံးရှိ စွမ်းအားများကို ထုတ်လွှတ်လိုက်လေ၏။

လက်မောင်းပေါ်ရှိ မိုးကြိုး နဂါး က ကြီးမားသော အစွမ်းအာနိသင်ကို ပေါက်ကွဲ ထွက်ပေါ်စေခဲ့ပြီး မိုးကြိုး အလင်းတန်းများ တောက်ပလာချိန်တွင် ရေတွက်၍ မရနိုင်သော မိုးကြိုး စပါးကြီးမြွေ များက အနက်ရောင် စွမ်းအင် အစုအဝေးများ ဆီသို့ မျိုချရန် ခုန်အုပ်သွားကြလေသည်။

စတင် ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် မုန်တိုင်း နဂါးဘုရင် ၏ အဆုံးမဲ့ ဖိအားအောက်တွင် ပုံရိပ်ယောင် ကြေးမုံ နတ်ဆိုး ၏ အနက်ရောင် စွမ်းအင်များမှာ ချက်ချင်း ပျောက်ကွယ်သွားခဲ့လေ၏။ ၎င်းတို့မှာ တူညီသော အဆင့်အတန်း တစ်ခုတည်းတွင် လုံးဝ မရှိကြချေ။

"အပြင်မထွက်လာဘူးပေါ့လေ"

"ငါ့အတွက် ဗုံးခွဲစမ်း... ပတ်ပတ်လည် မီတာ တစ်ထောင် အတွင်း အကုန်လုံးကို အပိုင်းပိုင်းအစစ ဖြစ်အောင် ခွဲပစ်လိုက်"

ကျိုးဟန် က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ့ကို ဗဟိုပြု၍ မိုးကြိုး နယ်ပယ် တစ်ခု ဖြစ်ပေါ်လာလေ၏။

ဤအချိန်တွင် သူသည် မိုးကြိုး နတ်ဘုရား တစ်ပါးအလား လေဟာနယ် ထဲတွင် မတ်တတ်ရပ်နေပြီး ရေတွက်၍ မရနိုင်သော မိုးကြိုး စပါးကြီးမြွေ များက ကျိုးနွံစွာဖြင့် ဘုရင် တစ်ပါးကို ဖူးမျှော်နေသကဲ့သို့ ရှိနေကြလေသည်။

အဘယ်ကြောင့်ဆိုသော် ကျိုးဟန် ၏ ကိုယ်ပေါ်ရှိ မုန်တိုင်း နဂါးဘုရင် သွေးမျိုးဆက် က အဆုံးမဲ့ မိုးကြိုးများကို အမိန့်ပေးနိုင်စွမ်း ရှိသောကြောင့် ပင်ဖြစ်သည်။ ထို့ကြောင့် ဤမိုးကြိုး စွမ်းအင်ရှိသော အစွမ်းထက်သည့် သတ္တဝါများက သဘာဝကျကျ သူ၏ အသုံးချခြင်းကို ခံကြရလေ၏။

"ကျိုးဟန် မှာ ဒီလို စွမ်းရည်မျိုး ရှိနေသေးလိမ့်မယ်လို့ မထင်ထားဘူး... ပုံရိပ်ယောင် ကြေးမုံ နတ်ဆိုး က သူ့ရဲ့ စွမ်းအင်တွေကို ဒီလိုပဲ ကုန်ခမ်းသွားအောင် လုပ်လိမ့်မယ်လို့ ထင်ထားတာ"

မြင့်မြတ်သော သားရဲ အထွတ်အထိပ် သခင်ကြီး က သက်ပြင်းချကာ ပြောလိုက်ပြီး ကျိုးဟန် ၏ အစွမ်းထက်သော လိုက်လျောညီထွေ ဖြစ်မှု စွမ်းရည်ကို ထပ်မံ တွေ့ရှိသွားပြန်လေသည်။

"ငါ့ရင်ထဲက အံ့အားသင့်မှုကို ဘယ်လို ဖော်ပြရမှန်းတောင် မသိတော့ဘူး"

"ဓား နယ်ပယ် ကို ခံစားမိရုံတင် မကဘူး... မိုးကြိုး နယ်ပယ် အဆင့်ကိုတောင် ရောက်နေပြီပဲ"

"ဘုရားရေ... ဒီလို အဆင့်မျိုးက မျိုးဆက်ဟောင်း အစွမ်းထက်သူ တော်တော်များများကိုတောင် ကျိုးဟန် က ရက်ရက်စက်စက် ဖိနှိပ်နိုင်နေပြီ"

ရှူလော အထွတ်အထိပ် သခင်ကြီး ကလည်း အံ့အားသင့်စွာဖြင့် ပြောလိုက်လေ၏။ အမှန်အတိုင်း ပြောရလျှင် သူကိုယ်တိုင်ပင် ဤအဆင့်သို့ မရောက်ရှိသေးချေ။

"ဟုတ်တယ်... ကျိုးဟန် က ငါတို့နဲ့ တစ်တန်းတည်း ဖြစ်နေပြီ"

"ပြီးတော့ သိပ်မကြာခင်မှာပဲ သူက ငါတို့ကို ကျော်တက်သွားတော့မှာ"

ထိုက်ရိ အထွတ်အထိပ် သခင်ကြီး ၏ စိတ်ထဲတွင် အနည်းငယ် ရှုပ်ထွေးနေလေ၏။ ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက် ပေါ်ထွက်လာခြင်းကို မြင်တွေ့ရသည်မှာ စိတ်ထဲတွင် ဝမ်းသာစရာ ဖြစ်သော်လည်း တစ်ချိန်တည်းမှာပင် မိမိကိုယ်တိုင် အချိန်အကြာကြီး အကုန်ခံခဲ့သော်လည်း ကျိုးဟန် ၏ အချိန်တိုအတွင်း ကျင့်ကြံခြင်းကို မယှဉ်နိုင်ကြောင်း တွေးမိသောအခါ စိတ်ပျက် အားငယ်မှုများလည်း သဘာဝကျကျ ရှိလာခဲ့လေသည်။

ဤသို့ တွေးနေသည်မှာ ထိုက်ရိ အထွတ်အထိပ် သခင်ကြီး တစ်ယောက်တည်း မဟုတ်ပေ။ အခြားသော အထွတ်အထိပ် သခင်ကြီး များ အားလုံးသည်လည်း ယေဘုယျအားဖြင့် ဤသို့ပင် တွေးနေကြလေ၏။ ဘာပဲဖြစ်ဖြစ် တော်တော်လေးကို အနေခက်စရာ ကောင်းလှပေသည်။

"ထင်တဲ့အတိုင်းပဲ... ပုံရိပ်ယောင် ကြေးမုံ နတ်ဆိုး အပြင်ထွက်လာအောင် အတင်းအကျပ် လုပ်ခံလိုက်ရပြီ"

"အစစ်အမှန် တိုက်ပွဲကြီး တရားဝင် စတင်တော့မယ်"

လူတိုင်းက အာရုံစိုက်၍ ကြည့်လိုက်ကြလေ၏။ အဆုံးမဲ့ အမှောင်ထုက ပြိုကွဲသွားပြီး နေရာတစ်ခုလုံး မိုးကြိုး စွမ်းအားများဖြင့် ပြည့်နှက်သွားလေသည်။ နေရာအနှံ့တွင် ခရမ်းရောင် အလင်းတန်းများ ရှိနေပြီး ရက်စက် ကြမ်းကြုတ်ကာ ထက်မြက်လှသော မိုးကြိုး လျှပ်စီးများက အဆက်မပြတ် လွင့်မျောနေလေသည်။

လေဟာနယ် ထဲမှ အနက်ရောင် အရိပ်တစ်ခု ထွက်ပေါ်လာလေ၏။ ၎င်းမှာ ပုံရိပ်ယောင် ကြေးမုံ နတ်ဆိုး ပင်ဖြစ်သည်။

မိုးကြိုး လျှပ်စီးများက သူ၏ ခန္ဓာကိုယ်ပေါ်သို့ အဆက်မပြတ် ရိုက်ခတ်နေသော်လည်း ထိခိုက်မှု တစ်စုံတစ်ရာ ဖြစ်ပုံမပေါ်ချေ။ မိုးကြိုး၏ သက်ရောက်မှုကို မခံရသကဲ့သို့ ပုံရိပ်ယောင် ကြေးမုံ နတ်ဆိုး က တည်ငြိမ်စွာ ထွက်လာပြီး သူ၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာလေ၏။

သူ၏ အမူအရာက အေးတိအေးစက်နှင့် မောက်မာနေပြီး ကျိုးဟန် ကို ကြည့်ရာတွင် အထင်သေးမှုများ ပြည့်နှက်နေလေသည်။ မည်သို့ပင်ဆိုစေ သူက ကြယ်နှစ်ပွင့် အထွတ်အထိပ် အဆင့် အစွမ်းထက်သူ ဖြစ်ပြီး ထိပ်တန်း တိုက်ခိုက်ရေး စွမ်းအားကို ပိုင်ဆိုင်ထားသူ မဟုတ်ပါလား။

ကျိုးဟန် လည်း အနည်းငယ် သံသယ ဖြစ်သွားလေ၏။

'သြော်... မိုးကြိုးတွေကို လေဟာနယ် ထဲကို လွှဲချလိုက်တာကိုး'

သို့သော် သေချာ ကြည့်လိုက်သောအခါ မိုးကြိုး လျှပ်စီးများ ရိုက်ခတ်ပြီးနောက် ပုံရိပ်ယောင် ကြေးမုံ နတ်ဆိုး ၏ ကိုယ်ပေါ်ရှိ မှော်လက်နက် က တောက်ပသွားပြီး မိုးကြိုး အလင်းတန်းများက သူ၏ နောက်ကွယ်ရှိ လေဟာနယ် ထဲတွင် ပျောက်ကွယ်သွားကြောင်း ကျိုးဟန် တွေ့ရှိလိုက်လေ၏။

သဘောတရားက မိုးကြိုးလွှဲတိုင် နှင့် ဆင်တူလေသည်။ တစ်ခုက မိုးကြိုးကို မြေကြီးထဲသို့ လွှဲချပေးပြီး နောက်တစ်ခုက လေဟာနယ် ထဲသို့ လွှဲချပေးခြင်း ပင်ဖြစ်သည်။

"မင်းလောက်နဲ့များ အထပ် ကိုးဆယ့်ကိုး ကို ကျူးကျော်ရဲတယ်ပေါ့"

"မင်းကိုယ်မင်း ဘယ်လောက် စွမ်းအားရှိလဲဆိုတာ ပြန်ကြည့်ဦး"

ပုံရိပ်ယောင် ကြေးမုံ နတ်ဆိုး က မောက်မာစွာ ပြောလိုက်ပြီး သူ၏ မျက်လုံးများက အလွန် အထင်သေးနေလေ၏။

သူသည် ရွှမ်ယွမ် ဧကရာဇ် ၏ သိမ်းသွင်းခြင်းကို ခံရပြီးနောက် အထပ် ကိုးဆယ့်ကိုး ၏ တံခါးဝကို စောင့်ကြပ်ရန် တာဝန် ယူခဲ့ရသူ ဖြစ်သည်။ မူလက ဤနေရာတွင် သူနှင့် ဘာမှမဆိုင်ပေ။ သို့သော် အထွတ်အထိပ် သခင်ကြီး ကိုးပါးက အိပ်မက်ဆိုး အဆင့် အခက်အခဲကို ဖွင့်လိုက်သောကြောင့် အိပ်ပျော်နေသော သူ့ကို နှိုးလိုက်သလို ဖြစ်သွားခဲ့လေ၏။ ထို့ကြောင့် ယခုအချိန်တွင် သူ အလွန် ဒေါသထွက်နေမည်မှာ သေချာလှပေသည်။

အထူးသဖြင့် သူ၏ နာမည်ကျော် သိုင်းကွက်ဖြစ်သော ကြယ်ကြေးမုံ နတ်ဆိုး ကျင့်စဉ် ကို ကျိုးဟန် က ဖျက်ဆီးလိုက်သောကြောင့် သူ ပို၍ပင် ဒေါသထွက်နေလေ၏။

ကျိုးဟန် စကားမပြောဘဲ ပုံရိပ်ယောင် ကြေးမုံ နတ်ဆိုး ၏ အချက်အလက်များကို စစ်ဆေးလိုက်လေသည်။ ဤကဲ့သို့သော ကောင်မျိုးတွင် အခြား ထူးဆန်းသော စွမ်းရည်များ ရှိနိုင်သေးသောကြောင့် ကျိုးဟန် အနေဖြင့် သေချာစွာ သိရှိထားရန် လိုအပ်ပေသည်။ မဟုတ်ပါက အကွက်ဆင်ခံရနိုင်ချေ ရှိလေ၏။

“အခြား စွမ်းရည်တွေ မရှိတော့ဘူး ဆိုမှတော့”

“မင်း သေလို့ရပြီ”

ဖတ်ရှုပြီးနောက် ကျိုးဟန် က အနည်းငယ် ပြုံးလိုက်ပြီး သူ၏ မျက်လုံးများက တဖြည်းဖြည်း အေးစက်လာကာ သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်လာလေ၏။ သူ၏ မစ်ရှင် ကို နှောင့်ယှက်သူ မည်သူ့ကိုမဆို အကုန်လုံး ရှင်းပစ်ရမည်သာ ဖြစ်သည်။

"ဟားဟားဟား..."

"ကောင်လေး... မင်း ဆရာက ဘယ်သူလဲ... ဟာသပြောတဲ့ နေရာမှာ တော်တော်တော်တာပဲ"

ပုံရိပ်ယောင် ကြေးမုံ နတ်ဆိုး က ဒေါသမထွက်ဘဲ ရယ်မောလိုက်လေ၏။ လူငယ်လေး တစ်ယောက်က ဤမျှ ကြွားလုံးထုတ်ရဲသဖြင့် သူ ရယ်ချင်သွားခဲ့လေသည်။

သူ့ ကြေးမုံ နတ်ဆိုး မျိုးနွယ်က နတ်ဆိုး မျိုးနွယ်စုများ ထဲတွင် အဆင့်မြင့် မျိုးနွယ်စု ဖြစ်လေသည်။ အစွမ်းထက်သော တိုက်ခိုက်မှု စွမ်းအား ရှိရုံသာမက ကာကွယ်မှု စွမ်းအားကလည်း အလွန် အံ့မခန်းဖြစ်ပြီး အသက်ရှင်သန်ရန် နည်းလမ်းများစွာ ရှိပေသည်။

ကြယ်ငါးပွင့် အထွတ်အထိပ် အဆင့် အစွမ်းထက်သူ နှင့် ရင်ဆိုင်ရလျှင်တောင်မှ သူ့ကို သတ်နိုင်မည်ဟု တစ်ဖက်လူက အာမခံနိုင်မည် မဟုတ်ချေ။ ထိုသို့ဖြစ်နေပါလျက် ရှေ့မှ လူသား လူငယ်လေးက သတ်မည်ဟု ပြောနေသည်မှာ ရယ်စရာပင် ဖြစ်တော့၏။

"ဟွန့်"

ကျိုးဟန် နှုတ်ခမ်းတစ်ဖက် ကွေးသွားပြီး စကားအပို မပြောတော့ချေ။

"သံသရာ... ကောင်းကင်မျက်လုံး နတ်ဘုရား စွမ်းရည်... ပွင့်စမ်း"

တည်ငြိမ်သော စကားလုံးများက ဖြစ်ပေါ်လာသော လှုပ်ရှားမှုများမှာမူ လုံးဝ မတည်ငြိမ်လှချေ။

ချက်ချင်းပင် ကောင်းကင်နှင့် မြေကြီး၏ အရောင်အဆင်းများ ပြောင်းလဲသွားလေ၏။ နေရာတစ်ခုလုံး ပရမ်းပတာ ဖြစ်သွားပြီး ပုံရိပ်ယောင်နှင့် အစစ်အမှန်က အဆက်မပြတ် ပေါင်းစပ်နေလေသည်။

အတိတ်နှင့် အနာဂတ်၏ မြင်ကွင်း အမျိုးမျိုးကလည်း လျင်မြန်စွာ အပြန်အလှန် ပြောင်းလဲနေသည်။ အလွန် ထူးဆန်းသော ခံစားချက် ဖြစ်ပြီး လူတစ်ယောက်ကို ဤကမ္ဘာပေါ်တွင် ရှိနေသလိုလို မိုင်ပေါင်း သောင်းချီ ဝေးကွာသော နေရာတွင် ရှိနေသလိုလို ခံစားရစေလေ၏။

ထူးခြားဆန်းကြယ်သော စွမ်းအားတစ်ခုက ဤနေရာတစ်ခုလုံးကို ပြည့်နှက်သွားလေသည်။

"ရှီး"

"ဒါ... ဒါက သံသရာ စွမ်းအား လား"

"ငါတို့ အဝေးကနေ ကြည့်နေတာတောင် ရင်ထဲမှာ တုန်လှုပ်သွားတာပဲ"

သံသရာ စွမ်းအား ၏ ကြောက်မက်ဖွယ် ကောင်းမှုကို လူတိုင်း သိကြသော်လည်း ကိုယ်တိုင် မြင်တွေ့လိုက်ရသောအခါ အလွန် တုန်လှုပ်သွားကြလေ၏။ မျက်နှာပြင် မှတစ်ဆင့် ကြည့်နေရသော်လည်း ၎င်း၏ အစွမ်းထက်မှုနှင့် ကျယ်ပြန့်မှုကို ခံစားနေရဆဲ ဖြစ်သည်။

ထိုကြောက်မက်ဖွယ် စွမ်းအား ရှေ့တွင် လူတစ်ယောက်ကို အလွန် အားကိုးရာမဲ့သော ခံစားချက်မျိုး ဖြစ်ပေါ်စေလေ၏။

ပြင်းထန်သော စွမ်းအားများက လှိုင်းလုံးများလို တစ်လုံးပြီးတစ်လုံး ရိုက်ခတ်လာပြီး ကျိုးဟန် ၏ နဖူးအလယ်သို့ စုစည်းသွားလေသည်။ ထိုအရာက သူ့ကို ပြင်းထန်သော နာကျင်မှုကို ခံစားရစေ၏။

အကယ်၍ မုန်တိုင်း နဂါးဘုရင် သွေးမျိုးဆက် ကိုသာ မရရှိခဲ့ပါက ဤစွမ်းအားကြောင့် ကျိုးဟန် ချက်ချင်း အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံရနိုင်ပေသည်။

စက္ကန့်အနည်းငယ် အတွင်း ကျိုးဟန် ၏ နဖူးပေါ်တွင် ဒေါင်လိုက် မျက်လုံးတစ်လုံး တဖြည်းဖြည်း ပွင့်လာလေတော့၏။

အခန်း ၃၅၂ ရွှမ်ယွမ် ဧကရာဇ်မင်းနှင့် တွေ့ဆုံခြင်း

ကောင်းကင် မျက်လုံး ဖြည်းညှင်းစွာ ပွင့်လာသည်နှင့်အမျှ...

တစ်ခဏချင်းမှာပင် လေပြင်းများနှင့် မိုးကြိုးများ ရောယှက်သွားပြီး ကောင်းကင်ယံတွင် ရောင်စုံ အလင်းတန်း အမျိုးမျိုး ကူးလူး ဖြတ်သန်းသွားလေသည်။

"ဂျွတ်"

"ဂျွတ်"

"ဂျွတ်"

"ဂျွတ်"

ကွဲအက်သံများ အဆက်မပြတ် ထွက်ပေါ်လာလေသည်။ လေဟာနယ်မှာ ဤကဲ့သို့သော ကြောက်မက်ဖွယ် စွမ်းအားကို လုံးဝ ခံနိုင်ရည် မရှိတော့ဘဲ အဆက်မပြတ် ကွဲအက်သွားပြီးနောက် ပြန်လည် ပေါင်းစပ်သွားကာ ထပ်မံ၍ ကွဲအက်သွားပြန်သည်။

ဤကဲ့သို့သော လုပ်ငန်းစဉ်များ အဆက်မပြတ် ထပ်တလဲလဲ ဖြစ်ပေါ်နေလေသည်။ ထိတ်လန့် အံ့အားသင့်ဖွယ် ကောင်းလှသော စွမ်းအားများကြောင့် ပုံရိပ်ယောင် ကြေးမုံ နတ်ဆိုး မှာ အသက်ရှူရ ကြပ်လာသည်အထိ ခံစားလိုက်ရလေသည်။

အရှေ့မှ လူငယ်လေးတွင် ဤမျှ အစွမ်းထက်သော တိုက်ခိုက်ရေး စွမ်းအား ရှိနေလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ချေ။

"ဒါ ဘာစွမ်းအားလဲ..."

ပုံရိပ်ယောင် ကြေးမုံ နတ်ဆိုး မှာ ကြယ်အနည်းငယ်သာ ရှိသေးသော အထွတ်အထိပ် အဆင့် ဖြစ်သဖြင့် သံသရာ စွမ်းအား နှင့် ပတ်သက်၍ အလွန် ရှင်းလင်းစွာ မသိရှိချေ။

တိကျသော စွမ်းအားကို မသိရှိသော်လည်း ဤကဲ့သို့ လူကို တစ်ကိုယ်လုံး တုန်ရီသွားစေလောက်အောင် အစွမ်းထက်သည့် ခံစားချက်ကိုမူ သူ ကိုယ်တိုင် အလွန် ရှင်းလင်းစွာ သိရှိနေလေသည်။

"သေစမ်း..."

ကျိုးဟန် သည် သူ၏ တုန်လှုပ်မှုကို လုံးဝ ဂရုမစိုက်ဘဲ အေးစက်စွာဖြင့် စကားတစ်ခွန်း ပြောလိုက်လေသည်။

မျက်စိတစ်မှိတ် အတွင်း ကောင်းကင် မျက်လုံး မှာ အပြည့်အဝ ပွင့်လာခဲ့ပြီ ဖြစ်သည်။

အဆုံးအစမဲ့သော ဖျက်ဆီးခြင်း အရှိန်အဝါများ ပြည့်နှက်နေသည့် အလင်းတန်း တစ်တန်း က...

"ဝုန်း"

ကျယ်လောင်စွာ မြည်ဟည်းသွားပြီး ပစ်လွှတ် ထွက်ပေါ်လာကာ ပုံရိပ်ယောင် ကြေးမုံ နတ်ဆိုး ထံသို့ တည့်မတ်စွာ ရိုက်ခတ်သွားလေသည်။

ပုံရိပ်ယောင် ကြေးမုံ နတ်ဆိုး က သနားစရာ ကောင်းအောင် အော်ဟစ်လိုက်ပြီး အစွမ်းကုန် ရှောင်တိမ်းရန် ကြိုးစားလိုက်လေသည်။

"မ... မဖြစ်နိုင်ဘူး..."

သို့သော် သူ ဘာမှ မလုပ်နိုင်တော့ကြောင်းကို တွေ့ရှိလိုက်ရလေသည်။ တစ်ကိုယ်လုံးရှိ စွမ်းအားများကို အနည်းငယ်မျှပင် အသုံးပြု၍ မရနိုင်တော့ချေ။

ဤဖျက်ဆီးခြင်း အရှိန်အဝါ ၏ လော့ခ်ချခြင်းကို ခံလိုက်ရသည့်အလား ရုန်းကန်ရန်ပင် မဖြစ်နိုင်တော့ချေ။

"ဒါ ဘာစွမ်းအားလဲ..."

"သူက ဘာလို့ ဒီလိုအဆင့်အတန်းမျိုးရှိတဲ့ စွမ်းအားကို လွှမ်းမိုးထိန်းချုပ်နိုင်ရတာလဲ..."

"ဘာလို့လဲ..."

ပုံရိပ်ယောင် ကြေးမုံ နတ်ဆိုး မှာ ထိုနေရာတွင် မကျေမချမ်းဖြင့် ဒေါသတကြီး အော်ဟစ်နေလေသည်။

မည်သို့ပင်ဆိုစေ အထွတ်အထိပ် အဆင့် အစွမ်းထက်သူ တစ်ယောက် ဖြစ်သော်လည်း ယခုအခါ စဉ်းတီတုံးပေါ်မှ အသားတုံးအလား သူတစ်ပါး သတ်ဖြတ်သည်ကိုသာ ခံယူရတော့မည့် ဤအားကိုးရာမဲ့သော ခံစားချက်မှာ အလွန် နာကျင်ဖွယ် ကောင်းလှပေသည်။

"ဟုတ်သားပဲ... ငါ့မှာ ပြန်လည်ရှင်သန်နိုင်တဲ့ အခွင့်အရေး ရှိသေးတယ်..."

"ပြန်လည်ရှင်သန်လာပြီးရင် မင်းကို မှတ်လောက်သားလောက်အောင် လုပ်ပြမယ်..."

ကြေးမုံ နတ်ဆိုး က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်လေသည်။ ဤကဲ့သို့ အစွမ်းထက်သော စွမ်းအားမျိုးကို အမြဲတမ်း အသုံးပြု၍ မရနိုင်ဘဲ ကန့်သတ်ချက်များစွာ သေချာပေါက် ရှိနေမည်ကို သူ သိရှိထားလေသည်။ ထို့ကြောင့် ဤသို့ ပြောဆိုလိုက်ခြင်း ပင်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် စောစောက စိုးရိမ် ထိတ်လန့်နေသော စိတ်နှလုံးမှာလည်း ပြန်လည် တည်ငြိမ်သွားခဲ့လေသည်။ မည်သို့ပင်ဆိုစေ ပြန်လည် ရှင်သန်နိုင်သော အခွင့်အရေး ရှိနေသဖြင့် အများကြီး ထိတ်လန့်နေရန် မလိုအပ်တော့ချေ။

"ဖူး..."

ဖျက်ဆီးခြင်း အလင်းတန်း က ရိုက်ခတ် ဝင်ရောက်လာပြီး ကြေးမုံ နတ်ဆိုး ၏ ခန္ဓာကိုယ် တစ်ခုလုံးကို မျိုချသွားလေတော့သည်။

ထို့နောက် သူသည် အလွန် အေးချမ်းစွာဖြင့် ထွက်ခွာသွားခဲ့လေသည်။ မထွက်ခွာမီ အချိန်လေးတွင် သူ၏ မျက်နှာပေါ်၌ အပြုံးတစ်ခုပင် ရှိနေသေးလေသည်။

'ဟက်... ပြန်လည်ရှင်သန်ချင်နေသေးတာလား...'

ကျိုးဟန် ၏ ရင်ထဲတွင် လှောင်ပြောင် ရယ်မောလိုက်မိလေသည်။

အဆင့်မြှင့်တင်ပြီးနောက် ကောင်းကင် မျက်လုံး နတ်ဘုရား စွမ်းရည် ၏ အရှေ့တွင် ပြန်လည် ရှင်သန်ခြင်း နှင့် ခုခံမှုများ အားလုံးမှာ အကျိုးသက်ရောက်မှု ပျောက်ဆုံးသွားမည် ဖြစ်လေသည်။

ဤသည်မှာလည်း စောစောက ကျိုးဟန် အကဲဖြတ် ကြည့်ရှုစဉ် ကြေးမုံ နတ်ဆိုး တွင် ပြန်လည် ရှင်သန်နိုင်စွမ်း ရှိကြောင်း သိရှိထားသော်လည်း အနည်းငယ်မျှပင် မစိုးရိမ်ရခြင်း၏ အကြောင်းရင်း ပင်ဖြစ်သည်။

...

"တစ်ချက်တည်း... တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တာလား..."

ကောင်းကင် နန်းတော် အတွင်းရှိ အထွတ်အထိပ် သခင်ကြီး များ အားလုံး လုံးဝ မှင်တက်သွားကြလေသည်။

အထွတ်အထိပ် အဆင့် ကို တစ်ချက်တည်း သတ်ဖြတ်ခြင်း ဆိုသည်မှာ မည်သို့သော အဓိပ္ပာယ်မျိုးနည်း... အကြွင်းမဲ့ စွမ်းအား ကွာဟချက် မရှိဘဲ တစ်ချက်တည်း သတ်ဖြတ်ရန် ဆိုသည်မှာ မည်သို့များ ဖြစ်နိုင်မည်နည်း...

သိထားရမည်မှာ ပုံရိပ်ယောင် ကြေးမုံ နတ်ဆိုး မှာ ကြယ်နှစ်ပွင့် အထွတ်အထိပ် အဆင့် ဖြစ်ပြီး အဆင့်မြင့် နတ်ဆိုး မျိုးနွယ် ဖြစ်ခြင်းကြောင့် ထုတ်ဖော်နိုင်သော တိုက်ခိုက်ရေး စွမ်းအားမှာ တူညီသော အဆင့်ရှိ အထွတ်အထိပ် အဆင့်များထက် ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။

ဤမျှ အစွမ်းထက်သော သူ့ကို ကျိုးဟန် က သိုင်းကွက် တစ်ကွက်တည်းဖြင့် တစ်ချက်တည်း သတ်ဖြတ်ပစ်လိုက်လိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ကြချေ။

တကယ်ကို ယုံနိုင်စရာ မရှိဘဲ ရင်ထဲရှိ တုန်လှုပ်မှုများမှာ ဖော်ပြ၍ မရနိုင်အောင် ဖြစ်နေကြလေသည်။

"ဒါ... ကျိုးဟန် က ဒီလောက်တောင် အစွမ်းထက်နေပြီလား..."

"ငါတို့ တကယ်ပဲ ကျိုးဟန် ရဲ့ စွမ်းအားကို အကြိမ်ကြိမ် အထင်သေးမိခဲ့တာပဲ..."

"သူက ဒီလိုအမြင့်မျိုးကိုတောင် ရောက်နေပါလား..."

လော်ဟန် အထွတ်အထိပ် သခင်ကြီး ၏ မျက်နှာပေါ်ရှိ တုန်လှုပ်မှုများမှာ ပျောက်ကွယ်မသွားသေးဘဲ ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။

ယခုအခါ ကျိုးဟန် ၏ စွမ်းအားကို သူတို့ ကိုးယောက်ထဲတွင် သေချာပေါက် အနိုင်ယူနိုင်မည့်သူမှာ နှစ်ယောက် သုံးယောက်ခန့်သာ ရှိမည်ဟု ဆိုနိုင်ပေသည်။ အခြားသော အထွတ်အထိပ် သခင်ကြီး များမှာ တကယ်ပင် ကျိုးဟန် ကို အနိုင်ရနိုင်မည် မဟုတ်ချေ။

ထို့ကြောင့် ဤအရာက လူကို မည်သို့များ မတုန်လှုပ်စေဘဲ နေနိုင်မည်နည်း... ဤသည်မှာ တကယ်ကို ကြောက်မက်ဖွယ် ကောင်းလွန်းလှပေသည်။

"သံသရာ စွမ်းအား က တကယ်ကို အာဏာရှင်ဆန်တာပဲ..."

"ကျိုးဟန် က သံသရာ စွမ်းအားကို ရယူလိုက်နိုင်တဲ့ အချိန်ကစပြီး သူ့ရဲ့ အနာဂတ် အောင်မြင်မှုတွေက အကန့်အသတ်မရှိတော့ဘူးဆိုတာ သတ်မှတ်ပြီးသား ဖြစ်သွားပြီ..."

ထိုက်ရိ အထွတ်အထိပ် သခင်ကြီး က သက်ပြင်းချကာ ပြောလိုက်လေသည်။

အဘယ်ကြောင့်ဆိုသော် သူ၏ သိရှိနားလည်မှု အရ ဤကဲ့သို့သော အမြင့်ဆုံး စွမ်းအားကို လွှမ်းမိုး ထိန်းချုပ်ထားသူတိုင်းမှာ ဧကရာဇ် အဆင့်ရှိ ဇာတ်ကောင်များ သာ ဖြစ်ကြသောကြောင့် ပင်ဖြစ်သည်။ ကျိုးဟန် က ကြိုတင်၍ လွှမ်းမိုး ထိန်းချုပ်ထားခြင်းမှာ တကယ်ကို ပုံမှန် မဟုတ်တော့ချေ။

အနာဂတ်တွင် ဘာတွေ ဖြစ်လာမည်ကို မည်သူမျှ မသိနိုင်ပေ။

သို့သော် အနာဂတ် ကာလ အချိန်အတော်ကြာသည် အထိ ကျိုးဟန် ၏ ဂုဏ်သတင်းမှာ နတ်ဘုရားနှင့် နတ်ဆိုး ကမ္ဘာမြေကြီး တစ်ခုလုံး သို့ ပြန့်နှံ့သွားမည်မှာ သေချာလှပေသည်။

...

[စနစ် အသိပေးချက် - သင်သည် ကြယ်နှစ်ပွင့် အထွတ်အထိပ် အဆင့် ပုံရိပ်ယောင် ကြေးမုံ နတ်ဆိုး ကို အောင်မြင်စွာ သတ်ဖြတ်နိုင်ခဲ့ပါသည်... ပစ္စည်းများ ရရှိပါသည်... အတွေ့အကြုံရမှတ်များ ရရှိပါသည်]

[ဂုဏ်ယူပါသည်... သင်သည် ရွှမ်ယွမ် နန်းတော် ၏ အထပ် ကိုးဆယ့်ကိုး တံခါးဝကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီး ယခုအခါ အောင်မြင်စွာ ဝင်ရောက်နိုင်ပြီ ဖြစ်ပါသည်]

"အရမ်းကောင်းတယ်... နောက်ဆုံးတော့ မစ်ရှင် ကို ပြီးမြောက်အောင် လုပ်နိုင်တော့မယ်... ရွှမ်ယွမ် ဧကရာဇ်မင်း ရဲ့ ခန့်ညားထည်ဝါမှုကိုလည်း မျက်မြင်ကိုယ်တွေ့ မြင်ရတော့မှာပဲ..."

အသိပေးချက် အသံကို ကြားလိုက်ရသဖြင့် ကျိုးဟန် ၏ မျက်ခုံးများ ပင့်တက်သွားပြီး ဝမ်းသာသွားလေသည်။

ဤကဲ့သို့သော အခွင့်အရေးမျိုးမှာ ရရှိရန် အလွန် ခဲယဉ်းလှပေသည်။ ဧကရာဇ် တစ်ပါး ၏ လမ်းညွှန်မှုကို ရရှိနိုင်ပါက မည်မျှ အကျိုးရှိမည်ကို တွေးကြည့်ရုံဖြင့် သိနိုင်ပေသည်။ ထို့အပြင် ဤအရာက နောင်တစ်ချိန် မိမိကိုယ်တိုင် ဧကရာဇ် တစ်ပါး ဖြစ်လာရန် အတွက်လည်း များစွာ အထောက်အကူ ပြုနိုင်မည် ဖြစ်လေသည်။

ကျိုးဟန် သည် ကျဆင်းလာသော ပစ္စည်းများကို လက်ထဲသို့ တိုက်ရိုက် လိပ်ယူလိုက်လေသည်။ ယခု မစ်ရှင် ပြီးမြောက်ရန်က ပိုအရေးကြီးသဖြင့် အသေးစိတ် စစ်ဆေးရန် အချိန်မရှိချေ။

သူ၏ ခန္ဓာကိုယ်မှာ မိုးကြိုး အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး အဝင်ဝ ဆီသို့ ပြေးထွက်သွားလေတော့သည်။

"အထပ် ကိုးဆယ့်ကိုး ရဲ့ အဝင်ဝ က ဒီလို ရှေးဟောင်း သစ်သားတံခါး မျိုး ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး..."

ကျိုးဟန် စူးစိုက် ကြည့်ရှုလိုက်ရာ အဝင်ဝမှာ အလွန် ရှေးဟောင်းပုံ ပေါက်နေပြီး မူလ သဘာဝအတိုင်း ပြန်လည် ရောက်ရှိသွားသည့် ခံစားချက်ကို ပေးစွမ်းလေသည်။

တည်ငြိမ်မှု အောက်တွင် ခမ်းနား ကြီးကျယ်လှသော စွမ်းအားများ ကိန်းအောင်း လှုပ်ရှားနေသကဲ့သို့ ရှိနေပြီး အရာအားလုံးမှာ အလွန် သဘာဝကျကာ သဟဇာတ ဖြစ်နေလေသည်။

"ဒါက စွမ်းအားအပေါ် အဆုံးစွန်ထိ လွှမ်းမိုးထိန်းချုပ်နိုင်တာပဲ..."

ကျိုးဟန် က သက်ပြင်းချကာ ပြောလိုက်လေသည်။

ဤတစ်ချက်တည်းနှင့်ပင် မိမိနှင့် ဧကရာဇ် အဆင့် အကြားတွင် လျှောက်လှမ်းရမည့် လမ်းခရီး အရှည်ကြီး ကျန်ရှိနေသေးကြောင်း သူ သိရှိသွားလေသည်။ သူ၏ တိုက်ခိုက်ရေး စွမ်းအားမှာ လျင်မြန်စွာ တက်လှမ်းလာသည်မှာ မှန်သော်လည်း အချိန်တိုတောင်းလွန်းသဖြင့် လုံလောက်သော အခြေခံ အုတ်မြစ် မရှိသေးချေ။

ကျိုးဟန် အဝင်ဝ အတွင်းသို့ ဝင်ရောက်သွားသည်ကို မြင်တွေ့လိုက်ရချိန်တွင် မျက်နှာပြင် ပေါ်ရှိ မြင်ကွင်းမှာ ရုတ်တရက် ရပ်တန့်သွားလေသည်။

မည်သို့ပင်ဆိုစေ နောက်ဆက်တွဲ အဖြစ်အပျက်များမှာ ဧကရာဇ် တစ်ပါး ၏ လျှို့ဝှက်ချက်များနှင့် သက်ဆိုင်နေနိုင်သဖြင့် သူတို့အနေဖြင့် သိရှိရန် အရည်အချင်း မပြည့်မီချေ။ ကျိုးဟန် ကဲ့သို့သော တပည့်ရင်း ဖြစ်လာနိုင်သူများသာ အချို့သော အရာများကို သိရှိရန် အရည်အချင်း ရှိလေသည်။

"အထဲမှာ ဘာတွေဖြစ်လာမလဲ မသိဘူး..."

"ရွှမ်ယွမ် ဧကရာဇ်မင်း ရဲ့ လမ်းညွှန်မှု ရသွားရင် ကျိုးဟန် က ပိုပြီး အံ့မခန်း ဖြစ်လာတော့မှာပဲ..."

"သွားကြစို့... ငါတို့ ပြင်ဆင်ပြီးတော့ တယ်လီပို့ လုပ်သွားကြမယ်..."

"ကျိုးဟန် ရဲ့ ညီငယ်တွေလည်း မဆိုးပါဘူး... သူတို့ကို တပည့်အဖြစ် လက်ခံနိုင်ရင်လည်း အမြတ်ကြီးတာပဲ..."

အထွတ်အထိပ် သခင်ကြီး ကိုးပါး မှာ ထိုနေရာတွင် အချင်းချင်း တိုင်ပင်နေကြလေသည်။

အဓိကအားဖြင့် ထိုသူများမှာ ရွှမ်ယွမ် နန်းတော် အတွင်း၌ အစွမ်းထက်သော ကံကြမ္မာ အခွင့်အရေး များကို ရရှိထားကြသဖြင့် ကျိုးဟန် ၏ ညီငယ်များကို တပည့်အဖြစ် လက်ခံခြင်းဖြင့် ကြီးထွားနိုင်စွမ်း ကြီးမားသော တပည့်ကောင်းများကို ရရှိနိုင်မည့်အပြင် ကျိုးဟန် နှင့်လည်း ဆက်ဆံရေး ကောင်းမွန်သွားနိုင်သဖြင့် မြားတစ်စင်းတည်းဖြင့် ငှက်နှစ်ကောင် ပစ်ဖမ်းနိုင်ခြင်း ပင်ဖြစ်သည်။

ကျိုးဟန် အထပ် ကိုးဆယ့်ကိုး ကို ဖြတ်ကျော်ပြီးနောက် ရွှမ်ယွမ် နန်းတော် မှာ ပျောက်ကွယ်သွားမည်ကို သူတို့ သိရှိထားကြလေသည်။

ထိုအချိန်ကျလျှင် လူတိုင်း အလိုအလျောက် တယ်လီပို့ ဖြစ်ကာ အပြင်သို့ ရောက်ရှိလာကြမည် ဖြစ်ရာ သူတို့ အနေဖြင့် သူတို့ ပြင်ဆင်ထားသော ဝိညာဉ် ဖိနှိပ်ရေး စေတီ အတွင်း၌ စောင့်ဆိုင်းနေရုံသာ ရှိလေသည်။

...

"ငါ့ရဲ့ မျိုးဆက်သစ်... မင်း အရမ်း တော်တာပဲ..."

နူးညံ့ သိမ်မွေ့သော အသံတစ်သံ ထွက်ပေါ်လာလေသည်။ လေဟာနယ် ထဲတွင် ထက်ရှပြီး အာဏာရှင်ဆန်သော အရှိန်အဝါများ ပါရှိသည့် ပုံရိပ်ယောင် တစ်ခု ထွက်ပေါ်လာလေသည်။

နဂါးဝတ်စုံ ကို ဝတ်ဆင်ထားပြီး ခေါင်းတွင် ဧကရာဇ် သရဖူ ကို ဆောင်းထားလေသည်။ အလွန် ခန့်ညား ထည်ဝါလှသော်လည်း သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်နေလေသည်။

"မျိုးဆက်သစ်..."

ကျိုးဟန် အနည်းငယ် သံသယ ဖြစ်သွားလေသည်။

"ဘာလဲ... မင်းက သမိုင်း ဘာသာရပ်မှာ အမှတ်မပြည့်လို့လား..."

ဧကရာဇ် ၏ ပုံရိပ်ယောင် က အနည်းငယ် မကျေနပ်သော မျက်နှာထားဖြင့် ပြောလိုက်လေသည်။

"သမိုင်း..."

"မ... မဟုတ်မှလွဲရော... ခင်ဗျားက..."

ကျိုးဟန် ၏ မျက်နှာထား ပြောင်းလဲသွားပြီး အနည်းငယ် တုန်လှုပ်သွားလေသည်။

တစ်ဖက်လူက ဤသို့ ပြောဆိုလိုက်သဖြင့် အစစ်အမှန် မည်သူမည်ဝါ ဖြစ်ကြောင်းမှာ အထင်အရှား ပေါ်လွင်နေပြီ ဖြစ်သည်။ ကျိုးဟန် စောစောကတည်းက ခန့်မှန်းထားခဲ့သော်လည်း အတည်ပြုရန် မဝံ့မရဲ ဖြစ်နေခဲ့ခြင်း ပင်ဖြစ်သည်။

All Chapters