← Chapters

အခန်း (၃၅၅-၃၅၆)

Vol. 36 Ch. 355-356

အခန်း (၃၅၅-၃၅၆)

Vol. 36 Ch. 355-356

အခန်း ၃၅၅ ဧကရာဇ်၏ ဟန်ပန်

ရွှမ်ယွမ် ဧကရာဇ်မင်းသည် သူရွေးချယ်ထားသူများကို အလွန်အကျွံ ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ထိုသို့ပြုလုပ်ခြင်းက မသိနိုင်သော အပြောင်းအလဲများစွာကို ဖြစ်ပေါ်စေနိုင်ပြီး သူ၏ အကူအညီကြောင့် မူလရှိနေသော ကံတရားမှာ ပျောက်ကွယ်သွားနိုင်သောကြောင့် ဖြစ်သည်။

ထို့ကြောင့် အကောင်းဆုံး နည်းလမ်းမှာ သဘာဝအတိုင်း ဖြစ်စေရန် လွှတ်ထားခြင်းပင် ဖြစ်သည်။

ရွှမ်ယွမ် ဧကရာဇ်မင်းက ယေဘုယျ လမ်းညွှန်မှု လမ်းကြောင်း တစ်ခုကိုသာ ပေးစွမ်းပြီး လိုအပ်သော အကူအညီ အချို့ကိုသာ ပေးအပ်မည် ဖြစ်သည်။ ကျန်ရှိသည့် အရာများကိုမူ တပည့်များ၏ လွတ်လပ်စွာ စွမ်းဆောင်နိုင်မှု အပေါ်တွင်သာ မူတည်ထားလေသည်။

"ငါလည်း သွားရတော့မယ်"

"ဟုတ်သားပဲ... ငါ့မှာ ကောင်းကင်ဆန့်ကျင် နဂါးဧကရာဇ် ဆိုတဲ့ ရန်သူတော်ကြီး တစ်ယောက် ရှိတယ်... အစောကြီးကတည်းက ရေနဲ့မီးလို ဖြစ်နေကြတာ... မင်း သတိထားနေဖို့ လိုမယ်နော်"

ရွှမ်ယွမ် ဧကရာဇ်မင်းက လေးနက်သော မျက်နှာထားဖြင့် သတိပေးလိုက်သည်။

ကြည့်ရသည်မှာ တစ်ဖက်လူ၏ စွမ်းအားမှာ သူ့ထက် မနိမ့်ကျပုံ ရပေသည်။ ထိုသို့မဟုတ်ပါက ဤကဲ့သို့သော အမူအရာမျိုး ထွက်ပေါ်လာမည် မဟုတ်ပေ။

ကျိုးဟန်၏ မျက်လုံးများ ကျုံ့ဝင်သွားသည်။ ဤကဲ့သို့ ဧကရာဇ် အဆင့်ရှိသူက သူ့ကို လာရောက် တိုက်ခိုက်မည် ဆိုပါက ထွက်ပြေး လွတ်မြောက်ရန် နည်းလမ်း ရှိနိုင်ပါဦးမည်လား။

ထို့အပြင် သူ၏ ကိုယ်ပေါ်တွင် ကောင်းကင်ဆန့်ကျင် နဂါးဧကရာဇ်၏ ကိုယ်ပွား ဖြစ်သော မုန်တိုင်း နဂါးဘုရင်၏ သွေးမျိုးဆက် စွမ်းအားလည်း ရှိနေသေးသည်။

တစ်ဖက်လူ အနေဖြင့် သူ့ကို ရှာဖွေချင်ပါက ဧကရာဇ် တစ်ပါး၏ စွမ်းရည်များဖြင့် လုံးဝ ခက်ခဲမည် မဟုတ်ပေ။

ကြည့်ရသည်မှာ အကျိုးကျေးဇူးများကို ရရှိခဲ့ပြီး ဖြစ်ရာ ထိုအကျိုးကျေးဇူးများမှ ယူဆောင်လာမည့် အန္တရာယ်များကိုလည်း သေချာပေါက် တာဝန်ယူ ရင်ဆိုင်ရမည် ဖြစ်သည်။

"ဟက်... မင်း စိတ်ချပါ... ကောင်းကင်ဆန့်ကျင် နဂါးဧကရာဇ် က ကိုယ်တိုင် လာပြီး လက်စွမ်းပြမှာ မဟုတ်ဘူး"

"ဒါပေမဲ့ သူ့လက်အောက်မှာ ထိပ်တန်း အစွမ်းထက်သူတွေ အများကြီး ရှိတယ်... အဲဒီကောင်တွေက ငါ့ကို တိုက်ခိုက်ဖို့ အတွက် မင်းကို အသုံးချတာမျိုး မလုပ်ဘူးလို့တော့ ပြောလို့မရဘူးပေါ့"

ကျိုးဟန်၏ စိုးရိမ်ပူပန်မှုကို မြင်တွေ့လိုက်ရသည့်အလား ရွှမ်ယွမ် ဧကရာဇ်မင်းက ပြုံး၍ ရှင်းပြလိုက်သည်။

ကျိုးဟန်သည် သက်ပြင်းတစ်ချက် ချလိုက်နိုင်သည်။ ကိုယ်တိုင် လာရောက် တိုက်ခိုက်ခြင်း မဟုတ်သရွေ့ အရာအားလုံးမှာ ပြဿနာ မဟုတ်ပေ။

ကြယ်ပွင့် မြင့်မားသော အထွတ်အထိပ် အဆင့် အစွမ်းထက်သူများနှင့် ရင်ဆိုင်ရလျှင်တောင်မှ သူ အနိုင်မတိုက်နိုင်ပါက ထွက်ပြေးနိုင်ရန် သေချာမှု ရှိလေသည်။

သို့သော် ဧကရာဇ် အဆင့်၏ အရှေ့တွင်မူ ထွက်ပြေးရန် အခွင့်အရေး အနည်းငယ်မျှပင် ရှိမည် မဟုတ်ချေ။

"နောက်ပိုင်း ကိစ္စတွေ ရှိလာရင် ငါ မင်းကို အကြောင်းကြားပါ့မယ်"

"ဧကရာဇ် အဆင့်ရှိတဲ့ အစွမ်းထက်သူတွေ မင်းကို လာတိုက်ခိုက်ရင် ငါ့ကို ဆက်သွယ်လို့ ရတယ်... တခြား ကိစ္စတွေကိုတော့ ငါ ဝင်စွက်ဖက်မှာ မဟုတ်ဘူး... ဒါက မင်းရဲ့ ကြီးထွားလာမှု အတွက် မကောင်းဘူးလေ"

ရွှမ်ယွမ် ဧကရာဇ်မင်းက ပြုံး၍ ပြောလိုက်သည်။

ကျိုးဟန်က ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ တကယ်ကို မှန်ကန်သော အကြောင်းပြချက် ပင်ဖြစ်သည်။

သွေးထွက်သံယို တိုက်ပွဲများကို ဖြတ်သန်းပြီး အရိုးပုံတောင်ပေါ်တွင် ခြေချနိုင်မှသာ အစစ်အမှန် အထွတ်အထိပ် အဆင့်သို့ တက်လှမ်းနိုင်မည် မဟုတ်ပါလား။

ဆရာတင်ပြီးနောက် အချက်အလက် မျက်နှာပြင်ပေါ်တွင် ဆရာနှင့် တပည့် ရွေးချယ်စရာ တစ်ခု ထွက်ပေါ်လာသည်။

ရွှမ်ယွမ် ဧကရာဇ်မင်းသည်လည်း ကျိုးဟန်၏ မိတ်ဆွေ အဖြစ် အလိုအလျောက် ရောက်ရှိသွားသည်။ အဘယ်ကြောင့်ဆိုသော် သူသည်လည်း ကစားသမား တစ်ယောက် ဖြစ်သောကြောင့် စနစ်မှတစ်ဆင့် သတင်းစကားများ ပေးပို့နိုင်ခြင်း ပင်ဖြစ်သည်။

"ငါ သွားပြီ"

ရွှမ်ယွမ် ဧကရာဇ်မင်းသည် မှာကြားမှုများ ပြီးဆုံးသွားပြီးနောက် ထပ်မံ၍ အားပေး စကားများ ပြောကြားခဲ့သည်။ ပုံရိပ်ယောင်မှာ လေဟာနယ်ထဲတွင် ဖြည်းညှင်းစွာ ပျောက်ကွယ်သွားပြီး ရွှေရောင် အလင်းတန်း အနည်းငယ်ကို ချန်ရစ်ထားခဲ့လေသည်။

"ဟူး"

ကျိုးဟန်က သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်သည်။

ရွှမ်ယွမ် ဧကရာဇ်မင်း ဤလေဟာနယ်ထဲမှ ထွက်ခွာသွားသည်ကို မျက်စိဖြင့် လိုက်ပါ ကြည့်ရှုပြီးနောက် သူ၏ စိတ်ခံစားချက်များကို ပြန်လည် စုစည်းလိုက်သည်။

ယနေ့ သူ့ကို ယူဆောင်လာပေးသော တုန်လှုပ်မှုများမှာ တကယ်ကို များပြားလွန်းလှပေသည်။

များပြားလှသော လျှို့ဝှက်ချက်များကို သိရှိ နားလည်ခဲ့ရုံသာမက ဧကရာဇ် အဆင့်နှင့် ပတ်သက်သော နားလည် သဘောပေါက်မှုများကိုပါ ရရှိခဲ့လေသည်။

ခေါင်းထဲရှိ ဧကရာဇ် ရွှေစာလုံး ကိုးလုံးမှာ တောက်ပသော အလင်းရောင်များ ထွက်ပေါ်နေသည်။

ကံမကောင်းစွာဖြင့် လက်ရှိ ကျိုးဟန်မှာ ယာယီအားဖြင့် အသုံးပြု၍ မရနိုင်သေးချေ။

ခန္ဓာကိုယ်၏ အခြေခံစွမ်းရည်များ အားလုံး အလွန် မြင့်မားသော အဆင့်အတန်း တစ်ခုသို့ ရောက်ရှိသွားချိန် (သို့မဟုတ်) ဧကရာဇ် အဆင့်သို့ ခြေလှမ်း ဝင်ရောက်နိုင်ချိန်မှသာ ဤပြိုင်ဘက်ကင်းလောက်အောင် အစွမ်းထက်သည့် စွမ်းအားကို အသုံးပြုနိုင်မည် ဖြစ်သည်။

အနာဂတ် အစီအစဉ်များနှင့် ပတ်သက်၍ ကျိုးဟန်မှာ စဉ်းစား တွေးတောမှုများ အတွင်းသို့ နစ်မြုပ်သွားလေသည်။

သို့သော် မကြာမီမှာပင် အသိပေးချက် အသံကြောင့် သူ၏ အတွေးများ ပြတ်တောက်သွားခဲ့ရသည်။

[စနစ် အသိပေးချက် - ဂုဏ်ယူပါသည်... သင်သည် မစ်ရှင် ရွှမ်ယွမ် ဧကရာဇ်မင်း၏ စမ်းသပ်မှု ကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်]

[သင်၏ ထူးချွန်သော စွမ်းဆောင်ရည်များကြောင့် ရွှမ်ယွမ် ဧကရာဇ်မင်း၏ အသိအမှတ်ပြုခြင်းကို ခံရပြီး သင်၏ အမှတ်ပေးချက်မှာ SSS အဆင့် ဖြစ်ပါသည်]

[အမြင့်ဆုံး အဆင့်ရှိသော အမှတ်ပေးချက် ဖြစ်သည့်အတွက် များပြားလှသော အခြေခံ ဆုလာဘ်များကို ရရှိသည့်အပြင် လျှို့ဝှက် ဆုလာဘ် တစ်ခုကိုပါ ရရှိမည် ဖြစ်ပါသည်... ဆုလာဘ်များ အားလုံးကို သင်၏ ကျောပိုးအိတ် အတွင်းသို့ ပေးပို့လိုက်ပြီ ဖြစ်သဖြင့် ကျေးဇူးပြု၍ စစ်ဆေးကြည့်ရှုပါ]

လျှို့ဝှက် ဆုလာဘ် ရှိနေကြောင်း ကြားလိုက်ရသဖြင့် ကျိုးဟန် ချက်ချင်းပင် စိတ်ဝင်စားသွားပြီး ကျောပိုးအိတ်ကို ဖွင့်၍ ကြည့်ရှုလိုက်သည်။

ရလဒ်အနေဖြင့် ရွှေဒင်္ဂါး သုံးသန်းနှင့် ဝိညာဉ် သလင်းကျောက် ငါးသိန်း တိုးလာသည်ကို တွေ့ရှိလိုက်ရသည်။

ထို့နောက် ဘုရင် အဆင့်နှင့် နတ်ဘုရား အဆင့် အရည်အသွေး ရှိသော လက်နက်ဝတ်စုံ အချို့ကိုလည်း တွေ့ရှိရသည်။

ဤအရာများမှာ အခြေခံ ဆုလာဘ်များ ဖြစ်ပြီး ကျိုးဟန်က အနည်းငယ် ကြည့်ရှုလိုက်ရာ အကျိုးသက်ရောက်မှုများမှာ အလွန် ကောင်းမွန်ကြောင်း တွေ့ရှိလိုက်ရသည်။

သူ၏ ကိုယ်ပေါ်တွင် ဝတ်ဆင်ထားသော အရာများထက် အချက်အလက်များ ပိုမို အစွမ်းထက်သည့် ပစ္စည်း တစ်ခု နှစ်ခုခန့် ပါဝင်နေလေသည်။

ဤသို့ဆိုလျှင် ကျိုးဟန် အနေဖြင့် လက်နက်ဝတ်စုံ များကို အသစ်လဲလှယ်နိုင်ပြီး တိုက်ခိုက်ရေး စွမ်းအားကို တိုးမြှင့်နိုင်မည် ဖြစ်ရာ အလွန် ကောင်းမွန်လှပေသည်။

"လျှို့ဝှက် ဆုလာဘ် က ဘာဖြစ်မလဲ မသိဘူး"

အခြေခံ ဆုလာဘ်များ အားလုံးကို စစ်ဆေးပြီးနောက် ကျိုးဟန်မှာ မျှော်လင့်ချက်များ ပြည့်နှက်နေပြီး သူ၏ အကြည့်များကို လျှို့ဝှက် ဆုလာဘ် ထံသို့ ပို့လွှတ်လိုက်သည်။

ထို့နောက် စိတ်ဆန္ဒဖြင့် ဖွင့်လှစ်လိုက်လေသည်။

[ဂုဏ်ယူပါသည်... လျှို့ဝှက် ဆုလာဘ် ဖြစ်သော ဧကရာဇ် အဆင့်တု ဘွဲ့နာမည် ဧကရာဇ်၏ ဟန်ပန် ကို ရရှိပါသည်... လက်ရှိ သင် ဝတ်ဆင်ထားသော ဘွဲ့နာမည်မှာ ဘုရင် အဆင့် အရည်အသွေး ဖြစ်ကြောင်း တွေ့ရှိရပါသည်... ဘွဲ့နာမည် ကို ပြောင်းလဲ ဝတ်ဆင်မည်လား]

စနစ်၏ အသိပေးချက် ထွက်ပေါ်လာသဖြင့် ကျိုးဟန်၏ မျက်ခုံးများ ပင့်တက်သွားပြီး မျက်နှာပေါ်တွင် အပြုံးများ ထွက်ပေါ်လာလေသည်။

ဧကရာဇ်၏ ဟန်ပန် ၏ အကျိုးသက်ရောက်မှု မည်သို့ ရှိမည်ကို မသိရသေးသော်လည်း ဧကရာဇ် အဆင့်တု အရည်အသွေး ဖြစ်နေခြင်း တစ်ခုတည်း ဖြင့်ပင် အကျိုးသက်ရောက်မှုများမှာ သူ့ကို လုံးဝ စိတ်ပျက်စေမည် မဟုတ်ကြောင်းကို သိရှိနိုင်ပေသည်။

"အရင်ဆုံး မလဲသေးဘူး... အချက်အလက် တွေကို ပြပေးပါဦး"

ကျိုးဟန်က အလျင်စလို ပြောလိုက်ပြီး သူ၏ အမူအရာမှာ အနည်းငယ် စိတ်လှုပ်ရှားနေလေသည်။

ဧကရာဇ် အဆင့်တု ၏ အထက်တွင် ဧကရာဇ် အဆင့် သာ ရှိတော့သဖြင့် ဤအရည်အသွေးမျိုးမှာ အလွန် ရှားပါးလှပေသည်။

ထို့ကြောင့် မည်သို့သော အကျိုးသက်ရောက်မှုများ ရှိမည်ကို အလွန် မျှော်လင့်နေမိသည်။

မည်သို့ပင်ဆိုစေ ဘုရင် အဆင့် အရည်အသွေး ရှိသော ပထမအဆင့် ပါရမီရှင် တွင်ပင် တစ်ဖက်လူ၏ ကံတရားကို လုယူနိုင်သော အာဏာရှင်ဆန်သည့် အကျိုးသက်ရောက်မှု ပါရှိနေသည် မဟုတ်ပါလား။

ပထမအဆင့် ပါရမီရှင် ၏ အကျိုးသက်ရောက်မှုထက် ဆယ်ဆ ဆယ့်ငါးဆခန့် ပိုမို အစွမ်းထက်လိမ့်မည်ဟု ကျိုးဟန် တွေးတောနေမိသည်။ ဤသည်မှာ အလွန် ယုတ္တိရှိလှပေသည်။

မျှော်လင့် စောင့်စားမှုများ အကြားတွင် ဧကရာဇ်၏ ဟန်ပန် ဘွဲ့နာမည် က ရောင်စဉ်ခုနစ်သွယ် အလင်းတန်းများကို တောက်ပစွာ ထုတ်လွှတ်လိုက်ပြီး လူကို မှင်တက်သွားစေလောက်အောင် မျက်စိကျိန်းမတတ် တောက်ပနေလေသည်။

ဤတောက်ပလှသော အလင်းတန်းများ အကြားတွင် နက်နဲ ခန့်မှန်းရခက်ပြီး ရှေးဟောင်းပုံ ပေါက်နေသည့် စွမ်းအား တစ်ရပ်ကို ကျိုးဟန် ခံစားလိုက်ရလေသည်။

"အရမ်းကောင်းတယ်... အရမ်း အစွမ်းထက်တာပဲ"

စကားပြောနေစဉ်မှာပင် အချက်အလက်များက အချက်အလက် မျက်နှာပြင်ပေါ်တွင် ဖြည်းညှင်းစွာ ထွက်ပေါ်လာလေသည်။

[ဧကရာဇ်၏ ဟန်ပန်]

[အရည်အသွေး - ဧကရာဇ် အဆင့်တု]

[အမျိုးအစား - ဘွဲ့နာမည် ပစ္စည်း]

[ဖော်ပြချက် - လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများ ပါဝင်သည့် ဘွဲ့နာမည် တစ်ခု ဖြစ်ပြီး ဧကရာဇ် တစ်ပါး၏ ဟန်ပန်နှင့် စိတ်ဓာတ်ခွန်အားများ ကိန်းအောင်းနေပါသည်... ဝတ်ဆင်ပြီးနောက် ဧကရာဇ် အဆင့်၏ အဆုံးစွန်သော စွမ်းအား အနည်းငယ်ကို အသုံးပြုနိုင်မည် ဖြစ်ပါသည်... ဝတ်ဆင်ချိန် ကြာမြင့်လာသည်နှင့်အမျှ ဧကရာဇ် အဆင့် အပေါ် နားလည် သဘောပေါက်မှုမှာ ဖြည်းညှင်းစွာ မြင့်တက်လာမည် ဖြစ်ပြီး နက်နဲသော အကျိုးကျေးဇူး များစွာကို ရရှိစေမည် ဖြစ်ပါသည်]

[ဧကရာဇ် ခန္ဓာ - ဧကရာဇ် အဆင့် အောက်ရှိ မည်သည့် တိုက်ခိုက်မှု မျိုးကိုမဆို ကာကွယ်နိုင်မည့် အခွင့်အရေး ၅၀ ရာခိုင်နှုန်း ရှိပါသည်]

[ဧကရာဇ် အာဏာရှင် - ဧကရာဇ် အဆင့် ၏ စွမ်းအား အနည်းငယ်ကို အသုံးပြုနိုင်ပြီး တိုက်ပွဲဝင်နေစဉ် အတွင်း တိုက်ခိုက်မှု စွမ်းအား အဆ ၂၀ တိုးမြှင့်ပေးပါသည်]

ကျိုးဟန်၏ မျက်နှာပေါ်တွင် ဝမ်းသာသော အရိပ်အယောင်များ ထွက်ပေါ်လာလေသည်။ ဤဘွဲ့နာမည် က တကယ်ကို အလွန် အစွမ်းထက်လှပေသည်။

ဧကရာဇ် အဆင့်တု ပီသပါပေသည်။ သူ့ကို လုံးဝ စိတ်ပျက်စေခြင်း မရှိဘဲ ယူဆောင်လာပေးသော တိုးတက်မှုများမှာလည်း အလွန် လွန်ကဲလှပေသည်။

ဤအရာကို ဝတ်ဆင်လိုက်မည် ဆိုပါက တိုက်ခိုက်ရေး စွမ်းအားမှာ ထပ်မံ၍ အရှိန်အဟုန်ဖြင့် တက်လှမ်းသွားမည် ဖြစ်ပြီး မည်မျှအထိ အစွမ်းထက်လာမည်ကို ကျိုးဟန် ကိုယ်တိုင်ပင် မသိနိုင်တော့ချေ။

အဘယ်ကြောင့်ဆိုသော် ၎င်းမှာ အလွန် ကြောက်မက်ဖွယ် ကောင်းသော တိုက်ခိုက်မှု ကိန်းဂဏန်း တစ်ခု ဖြစ်လာမည် ဖြစ်သောကြောင့် ပင်ဖြစ်သည်။

ရှေးဦးစွာ ဧကရာဇ် ခန္ဓာ ၏ အကျိုးသက်ရောက်မှု က ကာကွယ်ခြင်း အကျိုးသက်ရောက်မှုကို ယူဆောင်လာပေးပြီး ဧကရာဇ် အဆင့် အောက်ရှိ မည်သည့် တိုက်ခိုက်မှုကိုမဆို ကာကွယ်နိုင်မည့် အခွင့်အရေး ၅၀ ရာခိုင်နှုန်း ရှိလေသည်။

ဖြစ်ပေါ်လာမည့် ရာခိုင်နှုန်း အနည်းငယ် နိမ့်ကျနေသော်လည်း ထုတ်ဖော်နိုင်သော အသုံးဝင်မှုမှာ ရိုးရှင်းလှသည်တော့ မဟုတ်ချေ။

သိထားရမည်မှာ အချို့သော ထိပ်တန်း အထွတ်အထိပ် အဆင့် အစွမ်းထက်သူ များက သန်းရာချီ သန်းထောင်ချီသော ထိခိုက်မှုများကို လွယ်ကူစွာ ဖန်တီးနိုင်ကြလေသည်။

ထို့ကြောင့် ဤထူးခြားချက် လက္ခဏာ ပါရှိနေမည် ဆိုပါက ထိုသူများ၏ လွယ်ကူစွာ တစ်ချက်တည်း သတ်ဖြတ်ခြင်းကို လွယ်လွယ်ကူကူ ခံရတော့မည် မဟုတ်ချေ။

ထို့နောက် ဧကရာဇ် အာဏာရှင် ၏ အကျိုးသက်ရောက်မှု မှာ တိုက်ပွဲဝင်နေစဉ် အတွင်း တိုက်ခိုက်မှု စွမ်းအား အဆ ၂၀ တိုးမြှင့်ပေးခြင်း ပင်ဖြစ်သည်။

ထူးခြားချက် လက္ခဏာ နှစ်ခု... တစ်ခုက တိုက်ခိုက်ရေး တစ်ခုက ကာကွယ်ရေး ဖြစ်ပြီး စွမ်းအားများကို ဘက်စုံ မြှင့်တင်ပေးလေသည်။

ဧကရာဇ် အဆင့်တု ဘွဲ့နာမည် ၏ အစွမ်းထက်သော အကျိုးသက်ရောက်မှု များမှာ လုံးဝ ပေါ်လွင် ထင်ရှားလှပေသည်။

"ဒီလိုဆိုမှတော့ အဆင့်မြှင့်တင်ပြီးရင် တိုးတက်လာမယ့် အကျိုးသက်ရောက်မှု က ပိုပြီးတောင် အံ့မခန်း ဖြစ်လာဦးမှာပဲ... မျှော်လင့်စရာ ကောင်းလိုက်တာ”

အခန်း ၃၅၆ တိုက်ခိုက်မှု စွမ်းအား သန်းတစ်ရာ ကျော်လွန်ခြင်း

[စနစ် အသိပေးချက် - သင်သည် မွေးရာပါ စွမ်းရည်ဖြစ်သော အဆုံးမဲ့ အဆင့်မြှင့်တင်ခြင်းကို အသုံးပြုလိုက်ပါသည်... ဧကရာဇ် အဆင့်တု ဘွဲ့နာမည် ဧကရာဇ်၏ ဟန်ပန်ကို (၁၀ ကြိမ်မြှင့်) ခြင်း အောင်မြင်သွားပါပြီ... အချက်အလက် အသစ်များကို အချက်အလက် မျက်နှာပြင်ပေါ်တွင် ဖော်ပြထားပြီဖြစ်သဖြင့် ကျေးဇူးပြု၍ စစ်ဆေးကြည့်ရှုပါ]

ကျိုးဟန်သည် အနည်းငယ်မျှပင် တုံ့ဆိုင်းနေခြင်းမရှိဘဲ အဆင့်မြှင့်တင်ခြင်းကို တိုက်ရိုက် အသုံးပြုလိုက်လေသည်။

အဖြူရောင် အလင်းတန်း ဆယ်ခု လျှပ်တစ်ပြက် တောက်ပသွားပြီးနောက် အဆင့်မြှင့်တင်ခြင်း ပြီးမြောက်သွားကာ အချက်အလက် အသစ်များ ထွက်ပေါ်လာလေသည်။

[ဧကရာဇ်၏ ဟန်ပန်]

[အရည်အသွေး - ဧကရာဇ် အဆင့်တု]

[အမျိုးအစား - ဘွဲ့နာမည် ပစ္စည်း]

[ဖော်ပြချက် - လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများ ပါဝင်သည့် ဘွဲ့နာမည် တစ်ခုဖြစ်ပြီး ဧကရာဇ် တစ်ပါး၏ ဟန်ပန်နှင့် စိတ်ဓာတ်ခွန်အားများ ကိန်းအောင်းနေပါသည်... ဝတ်ဆင်ပြီးနောက် ဧကရာဇ် အဆင့်၏ အဆုံးစွန်သော စွမ်းအား အနည်းငယ်ကို အသုံးပြုနိုင်မည် ဖြစ်ပါသည်... ဝတ်ဆင်ချိန် ကြာမြင့်လာသည်နှင့်အမျှ ဧကရာဇ် အဆင့်အပေါ် နားလည်သဘောပေါက်မှုမှာ ဖြည်းညှင်းစွာ မြင့်တက်လာမည်ဖြစ်ပြီး နက်နဲသော အကျိုးကျေးဇူးများစွာကို ရရှိစေမည် ဖြစ်ပါသည်]

[ဧကရာဇ် ခန္ဓာ - အလိုအလျောက် အကျိုးသက်ရောက်မှု... ဧကရာဇ် အဆင့်အောက်ရှိ မည်သည့် တိုက်ခိုက်မှုမျိုးကိုမဆို ခံရပါက ကာကွယ်နိုင်မည့် အခွင့်အရေး ၈၀ ရာခိုင်နှုန်း ရှိပါသည်... အောင်မြင်စွာ ကာကွယ်နိုင်ပြီးနောက် ခံစားရသော ထိခိုက်မှု၏ ၃ ရာခိုင်နှုန်းနှင့် ညီမျှသော သွေးပမာဏကို ရရှိမည် ဖြစ်ပါသည်... (၎င်း သွေးပမာဏမှာ ကိုယ်ပိုင် အခြေခံစွမ်းရည်များထဲသို့ ထာဝရ ပေါင်းထည့်သွားမည် ဖြစ်ပါသည်)]

[ဧကရာဇ် အာဏာရှင် - အလိုအလျောက် အကျိုးသက်ရောက်မှု... တိုက်ပွဲဝင်နေစဉ်အတွင်း ဧကရာဇ် အဆင့်၏ စွမ်းအား အနည်းငယ် အလိုအလျောက် လှုံ့ဆော်ခံရမည်ဖြစ်ပြီး တိုက်ခိုက်မှု စွမ်းအား အဆ ၁၀၀ တိုးမြှင့်ပေးမည် ဖြစ်ပါသည်... (တိုက်ပွဲ အခြေအနေမှ ၃ စက္ကန့်ကြာ ထွက်ခွာပြီးနောက် ဤအကျိုးသက်ရောက်မှု အလိုအလျောက် ပျောက်ကွယ်သွားမည် ဖြစ်ပါသည်)]

"ဒါ... တကယ်ကို အစွမ်းထက်တာပဲ"

ဖတ်ရှုပြီးနောက် ကျိုးဟန် ကိုယ်တိုင်ပင် ရင်ထဲ၌ ထိတ်လန့်သွားရလေသည်။ ဤကဲ့သို့ အစွမ်းထက်သော တိုးတက်မှုမျိုးက သူ၏ စိတ်ကူးထက် လုံးဝ ကျော်လွန်နေခဲ့ပေသည်။

ဧကရာဇ် ခန္ဓာ၏ ကာကွယ်မှု အခွင့်အရေးမှာ ၈၀ ရာခိုင်နှုန်းအထိ မြင့်တက်သွားပြီး အောင်မြင်စွာ ကာကွယ်နိုင်ပြီးနောက် ထိခိုက်မှု၏ ၃ ရာခိုင်နှုန်းကို သွေးပမာဏအဖြစ် ပြောင်းလဲပေးနိုင်သေးလေသည်။

ဥပမာအားဖြင့် သန်းတစ်ရာ ထိခိုက်မှုကို ခံရပြီး အောင်မြင်စွာ ကာကွယ်နိုင်ပါက ကျိုးဟန်သည် သွေးပမာဏ သုံးသန်း ရရှိမည် ဖြစ်သည်။

၈၀ ရာခိုင်နှုန်းသော အခွင့်အရေးမှာ အလွန် မြင့်မားနေပြီ ဖြစ်သည်။

အချိန်ကျလာပါက အစွမ်းထက်သူ အချို့ကို ရှာဖွေ၍ မိမိကို လာရောက် တိုက်ခိုက်ခိုင်းလိုက်ရုံဖြင့် သွေးပမာဏများမှာ အလိုအလျောက် အရှိန်အဟုန်ဖြင့် တက်လှမ်းလာမည် မဟုတ်ပါလား။

တွေးကြည့်ရုံဖြင့်ပင် အလွန် စိတ်လှုပ်ရှားဖွယ် ကောင်းလှကြောင်း သူ ခံစားမိနေသည်။

ထို့နောက် ဧကရာဇ် အာဏာရှင်၏ ထူးခြားချက် လက္ခဏာဖြစ်သည်။

တိုက်ပွဲဝင်နေစဉ်အတွင်း တိုက်ခိုက်မှု စွမ်းအားကို အဆ ၁၀၀ အထိ တိုးမြှင့်ပေးနိုင်ခြင်းမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှပေသည်။

[စနစ် အသိပေးချက် - သင်၏ ဝိညာဉ် သလင်းကျောက်များ လုံလောက်စွာ ရှိနေကြောင်း တွေ့ရှိရပါသည်... ဘွဲ့နာမည် တိုးချဲ့ကတ်ကို ဝယ်ယူမည်လား]

"ဒီဟာက ဘာအသုံးဝင်တာလဲ... ဘွဲ့နာမည်တွေ အများကြီး ဝတ်ဆင်လို့ ရတာလား... အရင်တုန်းက ဘာလို့ မတွေ့ခဲ့ရတာပါလိမ့်"

ကျိုးဟန်သည် ပထမအဆင့် ပါရမီရှင်ကို ဖြုတ်ချရန် ပြင်ဆင်နေစဉ် စနစ်၏ အသိပေးချက်ကို ကြားလိုက်ရသဖြင့် အနည်းငယ် သံသယ ဖြစ်သွားလေသည်။

[သင်သည် ဧကရာဇ် အဆင့်တု ဘွဲ့နာမည်ကို ရရှိခဲ့သောကြောင့် ယခုမှ သော့ဖွင့်လိုက်သော ပစ္စည်းအသစ် ဖြစ်ပါသည်... ဤကတ်ကို အသုံးပြုပြီးပါက ဘွဲ့နာမည် ပစ္စည်းတစ်ခု ပိုမို ဝတ်ဆင်နိုင်မည် ဖြစ်ပါသည်]

ဤသို့ဆိုလျှင် ဘာကို စောင့်ဆိုင်းနေမည်နည်း။

လုံးဝ တွန့်ဆုတ်မနေဘဲ တိုက်ရိုက် ဝယ်ယူလိုက်လေသည်။

ကျိုးဟန် အနေဖြင့် ပထမအဆင့် ပါရမီရှင်ကို စွန့်လွှတ်ရန် အနည်းငယ် နှမြောနေမိသေးသည်။

အဘယ်ကြောင့်ဆိုသော် ကံတရားကို လုယူနိုင်သော အကျိုးသက်ရောက်မှုမှာ အလွန် အသုံးဝင်လှပြီး အခြေခံစွမ်းရည်များကို လုယူနိုင်ရုံသာမက တစ်ဖက်လူ၏ မွေးရာပါ စွမ်းရည်ကိုပါ လုယူနိုင်သဖြင့် အလွန် လွန်ကဲလှပေသည်။

ဤကဲ့သို့သော ပစ္စည်းမျိုး ရှိနေခြင်းမှာ တကယ်ကို အကောင်းဆုံးပင် ဖြစ်သည်။

ဝယ်ယူပြီးနောက် ကျိုးဟန်သည် အဆင့်မြှင့်တင်ခြင်းကို ရွေးချယ်လိုက်သည်။

ယခုအခါ အလွန် ကောင်းမွန်သွားပြီဖြစ်ပြီး ကျိုးဟန် အနေဖြင့် ဘွဲ့နာမည် သုံးခုကို တစ်ပြိုင်နက် ဝတ်ဆင်နိုင်ပြီ ဖြစ်သည်။

သို့သော် ဘွဲ့နာမည် သုံးခုဆိုသည်မှာ အမြင့်ဆုံး ကန့်သတ်ချက် ဖြစ်နေပြီး ထပ်မံ၍ တိုးချဲ့၍ မရနိုင်တော့ချေ။

ဤရလဒ်အပေါ်တွင်မူ သူ အလွန် ကျေနပ် အားရနေပြီ ဖြစ်သည်။

ထို့နောက် ကျိုးဟန်သည် ဧကရာဇ်၏ ဟန်ပန်ကို ဝတ်ဆင်လိုက်လေသည်။

မျက်စိတစ်မှိတ်အတွင်း ကြီးမား ခမ်းနားလှသော စွမ်းအားတစ်ရပ်က တစ်ကိုယ်လုံးသို့ လွှမ်းခြုံသွားပြီး အာဏာရှင်ဆန်ကာ ရိုင်းစိုင်း ကြမ်းတမ်းသော ဟန်ပန်များ ပြည့်နှက်သွားလေသည်။

ဧကရာဇ် တစ်ပါး၏ အငွေ့အသက် အနည်းငယ် ပါဝင်လာသဖြင့် ကျိုးဟန်၏ ဟန်ပန်မှာ ပိုမို နက်နဲသွားပြီး ဧကရာဇ် တစ်ပါး၏ အာဏာရှင်ဆန်မှုများ ပြည့်နှက်သွားလေသည်။

၎င်းနောက် ကျိုးဟန်သည် ကိုယ်ပေါ်ရှိ လက်နက်ဝတ်စုံများကို တစ်ကြိမ် အသစ် လဲလှယ်လိုက်ပြီး ကိုယ်ပိုင် အချက်အလက် မျက်နှာပြင်ကို ဖွင့်၍ ကြည့်ရှုလိုက်လေသည်။

[လေပြင်း ဓားနတ်ဆိုး - ကျိုးဟန်]

[အဆင့် - ၈၇ (၇၇.၈၈ ရာခိုင်နှုန်း) (ဒုတိယအကြိမ် နိုးထခြင်း ပြုလုပ်နိုင်ပါသည်)]

[သွေးပမာဏ - ၃.၇၈ ဘီလီယံ]

[တိုက်ခိုက်မှု စွမ်းအား - ၁၂၀ သန်း]

[ကာကွယ်မှု စွမ်းအား - ၇၀ သန်း]

[ဝိညာဉ် စွမ်းအား - ၉၀ သန်း]

[မွေးရာပါ စွမ်းရည် - အဆုံးမဲ့ အဆင့်မြှင့်တင်ခြင်း (စကြဝဠာ တစ်ခုလုံးတွင် တစ်ခုတည်းသော စွမ်းရည်)]

[ဘွဲ့နာမည် - ဧကရာဇ်၏ ဟန်ပန်... ပထမအဆင့် ပါရမီရှင်]

[လက်နက် - ဧကရာဇ်သွေး ကောင်းကင်ဖျက်ဆီးခြင်း ဓား (အထွတ်အထိပ် အဆင့်)... ဒုတိယ လက်နက် - ကောင်းကင်ယံ ပြိုကျခြင်း ဓား (နတ်ဘုရားအဆင့်)]

[အဆင်တန်ဆာ - နဂါးဝိညာဉ် လက်စွပ် (နတ်ဘုရားအဆင့်)... ကြေးမုံ နတ်ဆိုး လက်ကောက် (အထွတ်အထိပ် အဆင့်)... နတ်ဆိုး ဝိညာဉ် ဆွဲကြိုး (နတ်ဘုရားအဆင့်)]

[အထောက်အကူပြု လက်နက် - ဖြစ်တည်ပျက်သုဉ်းခြင်း ဝတ်စုံ (အစစ်အမှန် ထိခိုက်မှု)]

[ကျောက်မျက် - တိုက်ခိုက်မှု ကျောက်မျက် (ဘုရင်အဆင့်)... ဗဟုသုတ ကျောက်မျက် (ဘုရင်အဆင့်)... ထိခိုက်မှု လျှော့ချရေး ကျောက်မျက် (ဘုရင်အဆင့်)]

[ဝတ်စုံ - မျိုးဆက်တစ်သောင်း ဂုဏ်ကျက်သရေ (ဘုရင်အဆင့်)]

[မှော်လက်နက် - နေမီးတောက် မှန် (ဘုရင်အဆင့်)... နတ်ကြိုး (အထွတ်အထိပ် အဆင့်)... ရွှမ်ဝူ လိပ်ခွံ (အထွတ်အထိပ် အဆင့်)... ဝိညာဉ် တံခွန် (နတ်ဘုရားအဆင့်)... နီဗားနား ဒိုင်းလွှား (နတ်ဘုရားအဆင့်)... ပုန်းကွယ်ခြင်း အစီအရင် (နတ်ဘုရားအဆင့်)... နတ်သတ် ပုဆိန် (ဧကရာဇ် အဆင့်တု)]

[ဂိုဏ်း အထောက်အကူပြု စွမ်းရည် - သွေးပမာဏ ငါးသိန်း တိုးမြှင့်ပေးပြီး တိုက်ခိုက်မှု စွမ်းအား တစ်သိန်းရှစ်သောင်း တိုးမြှင့်ပေးပါသည်]

[ဘုရင် အမှတ်အသား - သွေးပမာဏ သန်း ၇၀၀ တိုးမြှင့်ပေးပြီး ကာကွယ်မှု စွမ်းအား သန်း ၃၀၀ တိုးမြှင့်ပေးပါသည်]

[အထူး ဝတ်စုံ - အာဏာရှင်၏ ဒေါသ (အစမ်းသုံး)]

[သွေးမျိုးဆက် - မုန်တိုင်း နဂါးဘုရင် (အသေးစိတ် ကြည့်ရှုရန် နှိပ်ပါ)]

[ဝိညာဉ် - မီးတောက်ကိုးခု ချီလင်]

[ဓား နှလုံးသား - မသေနိုင်သော ဓား နှလုံးသား]

[ဓား အရိုး - ဖန် ဓား အရိုး]

ထင်ထားသည့်အတိုင်းပင် ဧကရာဇ် ကျမ်း၏ အထောက်အပံ့အောက်တွင် ကျိုးဟန်၏ အခြေခံစွမ်းရည်များ အားလုံးမှာ အလွန်အမင်း တိုးတက် မြင့်မားသွားခဲ့လေသည်။

သွေးပမာဏမှာ ၄ ဘီလီယံ နီးပါး ရောက်ရှိသွားပြီး တိုက်ခိုက်မှု စွမ်းအားမှာ သန်းတစ်ရာ ကျော်လွန်သွားကာ ကာကွယ်မှု စွမ်းအားမှာလည်း သန်း ၇၀ သို့ ရောက်ရှိသွားသဖြင့် အလွန် လွန်ကဲလှပေသည်။

အဆင်တန်ဆာ နှစ်ခုကိုလည်း အသစ် လဲလှယ်လိုက်ပြီဖြစ်ရာ ထုတ်ဖော်နိုင်မည့် တိုက်ခိုက်ရေး စွမ်းအားမှာ အလွန် ကြောက်မက်ဖွယ် ကောင်းမည် ဖြစ်လေသည်။

မိမိ တိုက်ပွဲဝင်ချိန်တွင် ထုတ်ဖော်နိုင်သော တိုက်ခိုက်မှု စွမ်းအားမှာ ထိပ်တန်း အထွတ်အထိပ် အဆင့် အစွမ်းထက်သူများထက် မနိမ့်ကျသည့်အပြင် သူတို့ထက်ပင် ပိုမို အစွမ်းထက်နိုင်သေးကြောင်း ကျိုးဟန် ယုံကြည်နေလေသည်။

သေချာပေါက် အစစ်အမှန် တိုက်ပွဲတွင် ထည့်သွင်း စဉ်းစားရမည့် အချက်များ များစွာ ရှိပြီး တိုက်ခိုက်မှု စွမ်းအား ဆိုသည်မှာ အရေးကြီးသော အချက်များထဲမှ တစ်ချက်သာ ဖြစ်ပေသည်။

အချက်အလက် မျက်နှာပြင်ကို ပြန်လည် ရုပ်သိမ်းလိုက်ချိန်တွင် အသိပေးချက် အသံကလည်း အချိန်ကိုက် ထွက်ပေါ်လာလေသည်။

[စနစ် အသိပေးချက် - သင်၏ မစ်ရှင်မှာ အောင်မြင်စွာ ပြီးမြောက်သွားပြီ ဖြစ်ပါသည်... ရွှမ်ယွမ် နန်းတော်မှာ ဆယ်စက္ကန့်အတွင်း ပျောက်ကွယ်သွားမည်ဖြစ်ပြီး ရွှမ်ယွမ် နန်းတော် အတွင်းရှိ သက်ရှိများ အားလုံး အလိုအလျောက် အပြင်ဘက်သို့ တယ်လီပို့ ဖြစ်သွားမည် ဖြစ်ပါသည်]

ဆယ်စက္ကန့် အချိန်မှာ လျင်မြန်စွာ ကုန်လွန်သွားခဲ့လေသည်။

ရွှမ်ယွမ် နန်းတော်၏ အလင်းကွင်းများက အောက်ဘက်မှ အထက်သို့ အဆက်မပြတ် လွင့်မျော ထွက်ပေါ်လာလေသည်။

မည်သို့ပင်ဆိုစေ အလင်းကွင်း၏ ထိတွေ့ခြင်းကို ခံရသော သက်ရှိ အားလုံးမှာ အပြင်ဘက်သို့ တယ်လီပို့ လုပ်ခြင်း ခံလိုက်ရလေသည်။

"ခဲခဲယဉ်းယဉ်းနဲ့ အထပ် ဆယ့်နှစ်ကို ရောက်သွားတာ... ဝိညာဉ် မြက်ပင်တွေ အများကြီး မခူးရသေးဘူးကွ... တယ်လီပို့ လုပ်ခံလိုက်ရတယ်... တကယ်ကို ကံဆိုးတာပဲ"

ကိုရီးယား နိုင်ငံမှ ကစားသမား တစ်ယောက်က အလွန် မကျေမနပ်ဖြင့် ပြောလိုက်လေသည်။

"ရွှမ်ယွမ် နန်းတော်ရဲ့ အခက်အခဲက အရမ်း မြင့်လွန်းတယ်... အထပ် နှစ်ဆယ်ကို ရောက်တဲ့သူ ရှိလား... သရဲတစ္ဆေ နယ်မြေထဲက ဒေသခံ အစွမ်းထက်သူတွေ ကလွဲရင် ငါတို့ ကစားသမားတွေ ထဲကတော့ ရောက်တဲ့သူ မရှိလောက်ဘူး ထင်တယ်"

လွတ်လပ်သောနိုင်ငံမှ ကစားသမား တစ်ယောက်က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်လေသည်။

ဤမျှ များပြားလှသော ကောင်းကင်နှင့် မြေကြီး ရတနာများမှာ မျက်စိရှေ့တွင် ရှိနေသော်လည်း မိမိ၏ စွမ်းအား နည်းပါးလွန်းသဖြင့် မယူငင်နိုင်ခဲ့ရာ တကယ်ကို စိတ်ပျက်စရာ ကောင်းလှပေသည်။

"သေချာပေါက် မဖြစ်နိုင်ဘူးပေါ့... ငါတို့လို ကစားသမားတွေမှာ အဲဒီလောက် စွမ်းအားမျိုး ဘယ်ရှိပါ့မလဲ"

"ဟုတ်တယ်... အထပ် နှစ်ဆယ်ရဲ့ အခက်အခဲက ဘယ်လောက်တောင် ကြီးမားလဲဆိုတာ မင်းတို့ သိပုံမရဘူး... ငါဆိုရင် အထပ် ဆယ့်ငါးကို ခဲခဲယဉ်းယဉ်း ရောက်အောင် သွားခဲ့ရတာ"

များမကြာမီမှာပင် တယ်လီပို့ဖြင့် ထွက်ပေါ်လာသော ကစားသမားများ အကြားတွင် စကားပြောဆိုမှုများ စတင်လာကြလေသည်။

အခြေခံအားဖြင့် လူတိုင်းက အခက်အခဲ ကြီးမားလွန်းကြောင်း ပြောဆိုနေကြပြီး တစ်ယောက်ချင်းစီတိုင်းမှာ အလွန် နှမြောတသ ဖြစ်နေကြလေသည်။

သို့သော် သူတို့ စကားပြော၍ မဆုံးမီမှာပင် အလင်းကွင်းများ ဆက်လက် လွင့်မျောလာပြီး အထပ် နှစ်ဆယ့်ရှစ်သို့ ရောက်ရှိသွားချိန်တွင် ပုံရိပ် အမြောက်အမြား ထွက်ပေါ်လာကာ အရေအတွက်အားဖြင့် ထောင်နှင့်ချီ၍ ရှိနေလေသည်။

"ဒါ ဘာအခြေအနေလဲ... ဘယ်လိုလုပ် ဒီလောက် အများကြီး ဖြစ်နေရတာလဲ"

"ဒါက သရဲတစ္ဆေ နယ်မြေထဲက ဒေသခံတွေ လား... စွမ်းအားတွေက တကယ်ကို အစွမ်းထက်တာပဲ... အထပ် နှစ်ဆယ့်ရှစ်ကိုတောင် ရောက်ခဲ့တယ်ဆိုတော့လေ... တကယ်ကို အံ့မခန်းပဲ... ငါတို့ ကစားသမားတွေနဲ့ သူတို့အကြားမှာ ကွာဟချက် တော်တော်လေး ရှိနေသေးတယ်"

မကြာမီမှာပင် ဤလူ တစ်ထောင်ကျော် တယ်လီပို့ဖြင့် ထွက်ပေါ်လာသောအခါ လူတိုင်းက တစ်ခုခု မှားယွင်းနေကြောင်း တွေ့ရှိလိုက်ကြလေသည်။

"သေစမ်း... သူတို့တွေက ကစားသမားတွေ ပါလား... ဒါက အရမ်း ကြမ်းလွန်းမနေဘူးလား”

All Chapters