← Chapters

အခန်း (၁၃၉၉-၁၄၀၀)

Vol. 123 Ch. 1399-1400

အခန်း (၁၃၉၉-၁၄၀၀)

Vol. 123 Ch. 1399-1400

အခန်း ၁၃၉၉

"အင်း... တစ်နေ့ကျရင် ငါတို့ ဒီစည်းမျဉ်းကို သတ်မှတ်ခဲ့တဲ့သူနဲ့ တစ်တန်းတည်း စကားပြောနိုင်ရမယ်။"

ရှောင်းယီက လေးနက်သောလေသံဖြင့် ပြောလိုက်သည်။ ကျူးဝူက ပခုံးတွန့်လိုက်၏။

"သူဌေးကတော့ အဲဒီအဆင့်ကို သေချာပေါက် ရောက်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ ကျွန်တော်ကတော့ သူဌေးရဲ့ ခြေထောက်ကိုပဲ မြဲမြဲဖက်ထားတော့မယ်။"

"ဒါပေမဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ဖို့လည်း လိုသေးတယ် မဟုတ်လား။"

ရှောင်းယီ သက်ပြင်းချလိုက်မိသည်။

"သူဌေးရဲ့ အကူအညီနဲ့သာဆိုရင် ကျွန်တော့်ရဲ့ အင်အားက သေချာပေါက် အရှိန်အဟုန်နဲ့ တိုးတက်လာမှာပါ။"

ကျူးဝူက ရယ်မောကာ ပြန်ဖြေလိုက်သည်။ ရှောင်းယီမှာ ဘာမှမတတ်နိုင်တော့ဘဲ ထိုအကြောင်းအရာကို ဆက်မတွေးတော့ပေ။

"မင်းဆီမှာ ထောက်လှမ်းရေးနဲ့ သတိပေးကိရိယာ မရှိဘူးဆိုတော့ နောက်ပိုင်းမှာ ဥက္ကာပျံတွေ မကြာခဏ တိုက်မိတာမျိုး ကြုံရလိမ့်မယ်။ ငါ မင်းကို အုတ်မြစ်ကျောက်နဲ့ အနက်ရောင်ရွှေ အချို့ ထပ်ပေးထားမယ်။ တခြား ဂလက်ဆီတွေကနေ မင်းစုဆောင်းထားတဲ့ အုတ်မြစ်ကျောက်နဲ့ အနက်ရောင်တွေကိုတော့ အခုလောလောဆယ် မသုံးနဲ့ဦး။ မင်းပြန်ရောက်လာတဲ့အခါကျမှ ငါ့ဆီ လဲလှယ်ဖို့ အခွင့်အရေးရှာလိုက်ပါ။"

"ဟုတ်ကဲ့ပါ သူဌေး။ စိတ်မပူပါနဲ့...ကျွန်တော် သတိထားပါ့မယ်။"

ကျူးဝူက ပြန်လည် တုံ့ပြန်လိုက်သည်။

ရှောင်းယီက ဤသို့ လုပ်ဆောင်ခဲ့သည်မှာ အကြိမ်ပေါင်းမနည်းတော့သဖြင့် ကျူးဝူမှာ နေသားကျနေပြီ ဖြစ်သည်။ အကြောင်းရင်းကို သူသေချာမသိသော်လည်း ညွှန်ကြားချက်အတိုင်းသာ လိုက်နာဆောင်ရွက်ခဲ့သည်။

"အုတ်မြစ်ကျောက် ၁၀ သန်း၊ အနက်ရောင်ရွှေ ၁၀ သန်း - အခမဲ့လဲလှယ်ခြင်း။"

"အမ်... အများကြီးကြီးပါလား။"

ကျူးဝူက ရှောင်းယီ ကမ်းလှမ်းလာသည့် ကုန်သွယ်မှုကို ကြည့်ပြီး အံ့အားသင့်သွားခဲ့သည်။

"သူဌေး... ကျွန်တော့်ကို နောက်ထပ် အရေးပေါ်ကယ်ဆယ်ရေးယာဉ်တစ်စီး ထပ်ပြီး အဆင့်မြှင့်ခိုင်းဖို့ ပြင်နေတာလား။"

"အခုလောလောဆယ် ငါ့ဆီမှာ ရိက္ခာတွေ အလုံအလောက် ရှိသေးတယ်။ ဒါတွေက မင်းရဲ့ အာကာသယာဉ်ကို ပြုပြင်ဖို့အတွက်ပဲ။ ဒါပေါ့... မင်း မလိုအပ်ဘူးဆိုရင်တော့ ပိုကောင်းတာပေါ့။"

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။

"လိုအပ်တာပေါ့။ သေချာပေါက် သုံးရမှာပါ။ ဒါတွေကို ကျွန်တော် အရင်ယူထားလိုက်မယ်။ ဒါဆို တခြား ဂလက်ဆီတွေကနေ ရလာတဲ့ အုတ်မြစ်ကျောက်နဲ့ အနက်ရောင်ရွှေတွေကို သုံးစရာ မလိုတော့ဘူး။"

ကျူးဝူက ချက်ချင်း ပြန်ဖြေလိုက်သည်။။ထိုအကြောင်းကို ပြောရင်းနှင့် ကျူးဝူက ရုတ်တရက် သဘောပေါက်သွားခဲ့သည်။

"သူဌေး... ကျွန်တော် ဒီလိုမျိုး အစားထိုးလိုက်လို့ ရမလား။ ဥပမာ ဒီဂလက်ဆီက အသက်ရှင်ကျန်ရစ်သူတွေက ကျွန်တော့်ကို တခြားဂလက်ဆီတွေဆီ အုတ်မြစ်ကျောက်နဲ့ အနက်ရောင်ရွှေအချို့ သယ်သွားခိုင်းတာမျိုး ရှိနိုင်တယ်။ အဲဒါတွေကို သုံးသည်ဖြစ်စေ၊ မသုံးသည်ဖြစ်စေ သူဌေးပေးထားတဲ့ အရာတွေနဲ့ အစားထိုးလိုက်ရင် အဲဒါတွေက အုတ်မြစ်ကျောက်နဲ့ အနက်ရောင်ရွှေအသစ်တွေ ဖြစ်မသွားဘူးလား။"

ရှောင်းယီ အနည်းငယ် တန့်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။

"အင်း... အဲဒါလည်း သေချာပေါက် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့ မင်းကို သယ်သွားခိုင်းတဲ့ပမာဏက အရမ်းနည်းတယ်။ မင်းအနေနဲ့ အလုပ်ရှုပ်ရတာကို မမှုဘူးဆိုရင်တော့ အဲဒီအတိုင်း လုပ်ကြည့်လိုက်ပေါ့။"

"အလုပ်ရှုပ်တာက ဘာမှမဖြစ်ပါဘူး။ ဒီအာကာသယာဉ်ထဲမှာ ကျွန်တော်လည်း ဘာမှလုပ်စရာ မရှိဘူးလေ။"

ကျူးဝူက ပြန်ဖြေလိုက်သည်။

"နည်းနည်းချင်းစီ စုဆောင်းနိုင်လေ ပိုကောင်းလေပဲ။"

"အင်း မင်းအဆင်ပြေသလိုသာ စီမံလိုက်ပါ။"

ရှောင်းယီက ခေါင်းအနည်းငယ် ညိတ်ကာ ဆက်ပြောလိုက်သည်။

"မနေ့က ကုန်ကြမ်းတွေ စုဆောင်းတုန်းက အရည်ဓာတ်ငွေ့ သိုလှောင်ထုတ်လွှတ်တဲ့ ကိရိယာ လုပ်ဖို့အတွက် ကုန်ကြမ်းတွေ ထပ်ရခဲ့တယ်။ ငါ အဲဒါတွေကို ထုတ်လုပ်ပြီး အရည်ပျော် ဟိုက်ဒရိုဂျင်နဲ့ အရည်ပျော် အောက်ဆီဂျင်တွေ ဖြည့်ပြီး မင်းဆီ ပို့ပေးလိုက်မယ်။"

"ကောင်းလိုက်တာ။ အဲဒါတွေ များများရှိလေ ပိုကောင်းလေပဲ။ ကျွန်တော်တို့ဆီမှာ အဲဒါတွေ ပိုရှိလေ ကျွန်တော်တို့ရဲ့ စီးပွားရေးကို ပိုပြီး ချဲ့ထွင်နိုင်လေပဲ။"

ကျူးဝူက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

မနေ့က ရှောင်းယီသည် ဈေးကွက်ခန်းမရှိ အရောင်းအဝယ် အားလုံးကို အပြီးသတ်ပြီးနောက် အနားယူခဲ့၏။ ယနေ့မှသာ သူသည် ကုန်ကြမ်းပစ္စည်းများ ပိုလျှံစွာ ရရှိထားသည်ကို သတိပြုမိခဲ့ခြင်း ဖြစ်သည်။

မနေ့က ရရှိခဲ့သည့် ၄ ဆ တိုးပွားခြင်း ဆုလာဘ်ကြောင့် အရည်ဓာတ်ငွေ့ သိုလှောင်ထုတ်လွှတ်သည့် ကိရိယာ ၅ ခု ပြုလုပ်ရန် လုံလောက်သော ကုန်ကြမ်းများ ဖြစ်လာခဲ့လေသည်။

ထိုအရာများ အားလုံးကို စောစောကတင် ထုတ်လုပ်ပြီးစီးခဲ့ပြီး ဖိသိပ်ထားသော ဓာတ်ငွေ့များကိုလည်း စဉ်ဆက်မပြတ် ထည့်သွင်းနေပြီ ဖြစ်သည်။

ကျူးဝူနှင့် စကားပြောအပြီးတွင် ရှောင်းယီသည် နံနက်စာ စားရင်း စနစ်ဆီ၌ လက်မှတ်ထိုးဝင်လိုက်သည်။

"လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသော ဆုလာဘ် - အထူးဉာဏ်ရည်မြင့် စုဆောင်းရေးစက် (SSS အဆင့်) ၁။"

"အထူးဉာဏ်ရည်မြင့် စုဆောင်းရေးစက် (SSS အဆင့်) - ဉာဏ်ရည်တုဖြင့် စုဆောင်းနိုင်သည်။ စုဆောင်းမှု စွမ်းဆောင်ရည်မှာ သာမန်စုဆောင်းရေးစက်ထက် ၆၄၀ ဆ ပိုမိုမြန်ဆန်သည်။ အရင်းအမြစ်များကို အလိုအလျောက် စုဆောင်းနိုင်သလို သတ်မှတ်ထားသော အရင်းအမြစ်တစ်ခုကို သီးသန့်စုဆောင်းရန်လည်း ညွှန်ကြားနိုင်သည်။"

"နောက်ဆုံးတော့ ရောက်လာပြီပဲ။ အဲဒီ သာမန်စုဆောင်းရေးစက်ရဲ့ နှေးကွေးတဲ့ စုဆောင်းမှုနှုန်းကို သည်းခံနေရတဲ့ အချိန်တွေ ပြီးဆုံးသွားပြီ။"

ရှောင်းယီက စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်ပြီးနောက် ချက်ချင်းပင် ညည်းတွားမိပြန်သည်။

"ဒါက ဘာလို့ မနေ့ကတည်းက ထွက်မလာရတာလဲ။ ဒါဆိုရင် ငါ့မှာ အဆင့်မြင့် စုဆောင်းရေးစက် ၄ ခုတောင် ရှိသွားမှာပဲ။"

သို့သော်လည်း ရှောင်းယီတစ်ယောက် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။ စုဆောင်းရေးစက်တစ်ခု၏ အဆင့်တစ်ဆင့်တိုးတိုင်း စွမ်းဆောင်ရည်က နှစ်ဆဖြစ်ရမည်ဟူသော စည်းမျဉ်းအရဆိုလျှင် SSS အဆင့် စုဆောင်းရေးစက်၏ စွမ်းဆောင်ရည်မှာ သာမန်စုဆောင်းရေးစက်ထက် ၆၄ ဆသာ ရှိရမည် ဖြစ်သည်။ သို့သော် ဤနေရာတွင် အဘယ်ကြောင့် အံ့အားသင့်ဖွယ် ၆၄၀ ဆ ဖြစ်နေရသနည်း။

စနစ်က ရှင်းမပြထားသဖြင့် ရှောင်းယီအနေဖြင့် ထိုအကြောင်းရင်းကို အထူးဉာဏ်ရည်ကြောင့်သာ ဖြစ်လိမ့်မည်ဟု သတ်မှတ်လိုက်ရတော့သည်။

ဇဝေဇဝါဖြစ်နေသော်လည်း ရှောင်းယီ၏ လှုပ်ရှားမှုများကမူ လုံးဝနှေးကွေးမနေခဲ့ပေ။ သူသည် ထိုစုဆောင်းရေးစက်ကို ချက်ချင်းပင် ထုတ်လွှတ်လိုက်တော့သည်။

ဤစက် ပထမဆုံး လုပ်ဆောင်သည့်အလုပ်မှာ ရှောင်းယီ ကြားဖြတ်ဖမ်းဆီးထားသည့် ဥက္ကာခဲများအားလုံးကို ရှင်းလင်းရေးလုပ်ခြင်းပင် ဖြစ်သည်။

ရှောင်းယီသည် ပြတင်းပေါက်နားတွင် မျောလွင့်နေရင်း အထူးဉာဏ်ရည်မြင့် စုဆောင်းရေးစက် စတင်အလုပ်လုပ်ပုံကို စောင့်ကြည့်နေခဲ့သည်။

ထိုဥက္ကာခဲများသည် အလွန်အမင်း ပူပြင်းသော နေရောင်ခြည်နှင့် တွေ့သည့် ဆီးနှင်းများပမာ တရစပ် ပျောက်ကွယ်သွားကြ၏။

သာမန်စုဆောင်းရေးစက်တစ်ခုဆိုလျှင် စုဆောင်းရန် နေ့တစ်ဝက်ခန့် ကြာမြင့်မည့် ဥက္ကာခဲများကို အထူးဉာဏ်ရည်မြင့် စုဆောင်းရေးစက်က တစ်မိနစ်ပင်မပြည့်သည့် အချိန်အတွင်း ကိုင်တွယ်ဖြေရှင်းသွားခဲ့သည်။

"ဒီစုဆောင်းမှုနှုန်းကတော့ တကယ့်ကို အံ့မခန်းပဲ။"

ရှောင်းယီက စိတ်လှုပ်ရှားစွာဖြင့် နံနက်စာအားလုံးကို ပါးစပ်ထဲ အတင်းထိုးထည့်ရင်း တီးတိုးရေရွတ်လိုက်သည်။

"နှမြောစရာကောင်းတာက ကျူးဝူက အခု ကြယ်တံခွန်နဲ့ နည်းနည်းဝေးနေတာပဲ။ မဟုတ်ရင် ဒီစုဆောင်းရေးစက်က တစ်ရက် စုဆောင်းရုံနဲ့ သာမန်စုဆောင်းရေးစက်တစ်ခုရဲ့ နှစ်နှစ်စာနီးပါး ပမာဏကို စုဆောင်းမိမှာပဲ။"

သေချာသည်မှာ ဤအခြေအနေသည် စုဆောင်းရေးစက် ပြည့်သွားပြီးနောက် အရင်းအမြစ်များကို ပြန်လည်သယ်ဆောင်ရန် ကြာမြင့်မည့်အချိန်ကိုပါ ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။

သို့သော်ငြားလည်း ဤစွမ်းဆောင်ရည်မှာ သာမန်အဆင့်ထက် အဆပေါင်း ခြောက်ရာကျော် သေချာပေါက် သာလွန်နေပေသည်။

ရှောင်းယီ နံနက်စာစားပြီးချိန်တွင် အထူးဉာဏ်ရည်မြင့် စုဆောင်းရေးစက်သည် မနေ့က ကြားဖြတ်ဖမ်းယူထားသည့် ဥက္ကာခဲများ၏ ထက်ဝက်ခန့်ကို စုဆောင်းပြီးစီးနေပြီဖြစ်သည်။

ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ထံသို့ ပြန်သွားပြီး ဂရုထဲရှိ မက်ဆေ့ခ်ျများကို စစ်ဆေးကြည့်လိုက်သည်။ အပေါက်အလမ်းတည့်နေသည့် စကားစမြည်ပြောဆိုမှုအချို့မှလွဲ၍ တန်ဖိုးရှိသော သတင်းအချက်အလက်များ မရှိပေ။

လူတိုင်း၏ စကားပြောမှတ်တမ်းများကို ဖတ်ရှုစစ်ဆေးပြီးချိန်တွင် တစ်နာရီခန့်ပင် ကြာမြင့်သွားခဲ့သည်။

ယခုအချိန်တွင် ရှောင်းယီသည် ပထမအဆင့်တုန်းက ဆုဝမ်နှင့် သူမ၏အဖွဲ့သားများ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်အား ကူညီစောင့်ကြည့်ပေးခဲ့ကြသည်ကို မတွေးဘဲ မနေနိုင်တော့ပေ။

တန်ဖိုးရှိသော မက်ဆေ့ခ်ျများကို တိုက်ရိုက် စစ်ထုတ်ပေးနိုင်ခဲ့သဖြင့် သူ ဤမျှအထိ အချိန်ကုန်ခံကာ လိုက်ရှာနေစရာ မလိုခဲ့ချေ။

"ဆုဝမ်တစ်ယောက် အခု ဘယ်လိုနေမလဲမသိဘူး။"

ရှောင်းယီက ဘာမှမတတ်နိုင်ဘဲ သက်ပြင်းအသာချလိုက်သည်။

ရှောင်းယီသည် ယခုအခါ အခြေခိုင်နေပြီဖြစ်သော်လည်း ယီရန်ပင်းမဟာမိတ်အဖွဲ့မှ အခြားအဖွဲ့ဝင်များကိုမူ မရှာဖွေနိုင်သေးသဖြင့် သဘာဝအတိုင်းပင် ကူညီရိုင်းပင်းရန် လက်ကမ်းမပေးနိုင်သေးချေ။ သူတို့အားလုံး နောက်ထပ် အနည်းငယ်မျှ ဆက်လက်တောင့်ခံထားနိုင်ပါစေဟုသာ သူ ဆုတောင်းပေးနိုင်တော့သည်။

"ငါ သူတို့ကို မရှာတွေ့ခင်အထိ အားလုံး တောင့်ခံထားနိုင်ကြပါစေ။"

ရှောင်းယီ စိတ်ထဲမှ တွေးလိုက်မိသည်။

"သူဌေး ကျွန်တော် ဘာတွေ့လာလဲဆိုတာ ကြည့်လိုက်။"

ကျဝူက ရုတ်တရက် မက်ဆေ့ခ်ျတစ်ခု ပို့လာခဲ့သည်။

"ပထမအဆင့် ယဉ်ကျေးမှုအပျက်အစီးမြေပုံ ၁ - အခမဲ့လဲလှယ်ခြင်း။"

ကျူးဝူထံမှ မက်ဆေ့ခ်ျကို မြင်လိုက်ရသောအခါ ရှောင်းယီ အနည်းငယ် မှင်တက်သွား၏။

"မင်းရဲ့ အာကာသယာဉ်ကို ဝင်တိုက်တဲ့ ဥက္ကာခဲဆီကနေ ရတာလား။"

"ဟုတ်တယ်။ ကျွန်တော် နှစ်နာရီကျော်လောက်ပဲ စုဆောင်းရသေးတယ်။ ဒါကို ရလာတာပဲ။ တကယ် မယုံနိုင်စရာပဲ။"

ကျူးဝူက ရယ်မောရင်း ပြန်ဖြေလိုက်သည်။

"ဒီဥက္ကာခဲက မင်းဆီ ပါဆယ်လာပို့တာနဲ့တောင် တူနေပြီ။"

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။

"အမှန်ပဲ။ သူက ကျွန်တော့်ဆီ ပါဆယ်လာပို့တာလေ ဟားဟားဟား...သူဌေး... ဒီအပျက်အစီးမြေပုံကို သူဌေးဆီပဲ အပ်လိုက်မယ်။"

ကျူးဝူက ဆက်ပြောလိုက်သည်။

"မြန်မြန် သဘောတူလိုက်ပါ။ ဒါမှမဟုတ် ကျွန်တော် နောက်မှပဲ သူဌေးဆီ လွှဲပေးရမလား။"

ကျူးဝူသည် ရှောင်းယီ၏ ထူးခြားသော ကုန်သွယ်မှုစည်းမျဉ်းများကို သဘာဝကျကျ ထည့်သွင်းစဉ်းစားသောကြောင့် ဤသို့မေးလိုက်ခြင်းဖြစ်သည်။

ရှောင််းယီ အနည်းငယ် တွေးတောကြည့်လိုက်၏။

"ငါ ဒါကို ယူလိုက်မယ်။ နောင်တစ်ချိန် မင်းရဲ့အဖော်တွေ အာကာသယာဉ် လိုချင်တယ်ဆိုရင် မင်းအတွက် တစ်စီး အပိုပြင်ဆင်ပေးထားမယ်။"

အခန်း ၁၄၀၀

"သူဌေး... ဘာတွေပြောနေတာလဲဗျာ။ အဲဒီလို ယုတ္တိအတိုင်းဆိုရင် ကျွန်တော်လည်း ဒီအာကာသယာဉ်ကို သူဌေးဆီ ပြန်ပေးရမှာလား။"

ကျူးဝူက ပြန်လည်ခြေပလိုက်သည်။

"ဒီအာကာသယာဉ်က မင်းအလုပ်လုပ်ဖို့အတွက် ငါပံ့ပိုးပေးထားတာပဲ။ ဒါပေမဲ့ ဒီအပျက်အစီးမြေပုံကိုတော့ မင်းကိုယ်တိုင် ရှာတွေ့ခဲ့တာ။ ဒါက မတူညီတဲ့ အရာနှစ်ခုပဲ။"

ရှောင်ယီက လေးနက်သောလေသံဖြင့် ပြန်ပြောလိုက်သည်။ ကျူးဝူက ခေါင်းခါယမ်းလိုက်သည်။

"သူဌေး... သူဌေးက ကျွန်တော့်အသက်ကို ကယ်ခဲ့တာပါ။ သူဌေးရဲ့ ကူညီပံ့ပိုးမှုသာ မရှိရင် ကျွန်တော် ငတ်ပြတ်၊ အသက်ရှူကျပ်ပြီး သေသွားတာ ကြာလှပြီ။"

"သူဌေးအနေနဲ့ ကျွန်တော့်အပေါ် သံသယရှိနေသေးရင်တောင် ကျွန်တော် ကျူးဝူ အတိအလင်း ပြောရဲတယ်။ ကျွန်တော့်ရဲ့ ကျန်ရှိတဲ့ဘဝတစ်လျှောက်လုံးမှာ သူဌေး တစ်ယောက်တည်းရဲ့ စကားကိုပဲ နားထောင်သွားမယ်။ ကျွန်တော့်အသက်ကို စတေးရမယ်ဆိုရင်တောင် မျက်တောင်တစ်ချက် ခတ်မှာမဟုတ်ဘူး။"

"ပြီးတော့ ကျွန်တော့်ဆီမှာ ရှိသမျှအရာအားလုံးဟာလည်း သူဌေးအပိုင်ပဲ...။ ကျွန်တော့်ရဲ့အသက် အပါအဝင်ပေါ့။"

ကျူးဝူ ပို့လာသည့် မက်ဆေ့ခ်ျကို မြင်လိုက်ရသောအခါ ရှောင်းယီ အနည်းငယ် တိတ်ဆိတ်သွားခဲ့သည်။ မကြာမီပင် သူက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် ပြန်ဖြေလိုက်သည်။

"ညီလေး...မင်းက အရမ်းလေးနက်နေလွန်းပါပြီ။ ဒီအပျက်အစီးမြေပုံကို ငါ ယူလိုက်မယ်။ နောက်ဆိုရင်တော့ ငါ့ကို သူဌေးလို့ မခေါ်နဲ့တော့။ ကျွန်းပိုင်ရှင်လို့ပဲ ခေါ်ပါ။"

ရှောင်းယီ၏ မက်ဆေ့ခ်ျကို မြင်လိုက်ရသောအခါ ကျူးဝူတစ်ယောက် အတိုင်းမသိ ဝမ်းသာသွားတော့သည်။

"ဟုတ်ကဲ့ပါ ကျွန်းပိုင်ရှင်။"

ဤခေါ်ဝေါ်ပုံ အပြောင်းအလဲကို အထင်မသေးပါနှင့်။ ၎င်းသည် သူ ယီရန်ပင်းအဖွဲ့ထဲသို့ တရားဝင် ဝင်ရောက်ခွင့်ရရှိသွားပြီဖြစ်ကြောင်း သက်သေထူလိုက်ခြင်းပင် ဖြစ်သည်။

"ဒါနဲ့ ငါ့နာမည်က ရှောင်းယီပါ။"

ရှောင်းယီက ဖြည့်စွက်ပြောကြားလိုက်သည်။

"ဟုတ်ကဲ့ ကျွန်းပိုင်ရှင်...ကျွန်တော် မှတ်ထားလိုက်ပါပြီ။"

ကျူးဝူက စိတ်လှုပ်ရှားစွာဖြင့် တုံ့ပြန်လိုက်သည်။ စိတ်လှုပ်ရှားမှုများ ပြီးဆုံးသွားပြီးနောက် ကျူးဝူတစ်ယောက် တစ်စုံတစ်ခုကို သတိပြုမိသွားပုံရသည်။

"ကျွန်းပိုင်ရှင်... ဒီအပျက်အစီးမြေပုံကို အခု ကုန်သွယ်ရင် ပြဿနာတစ်ခုခု ရှိနိုင်လား။"

"ဘာပြဿနာမှ မရှိပါဘူး။ ဘာလဲ... မင်းက ခေါ်ပုံခေါ်နည်း ပြောင်းပြီးတာနဲ့ မြေပုံကို ပြန်လိုချင်နေပြီလား။ ငါပြောလိုက်မယ်...လုံးဝ မရဘူးနော်။"

ရှောင်းယီက ပြုံးကာ ပြန်ပြောလိုက်၏။

"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး... တခြားကုန်ကြမ်းပစ္စည်းတွေကျတော့ သတ်မှတ်ထားတဲ့ အချိန်တွေမှာပဲ အရောင်းအဝယ် လုပ်ရတာ တွေ့ဖူးလို့ပါ။"

ကျူးဝူက အလောတကြီး ပြန်လည်ဖြေရှင်းလိုက်သည်။

"ဒီအပျက်အစီးမြေပုံက နည်းနည်း ထူးခြားတယ်။ ငါတို့ လူချင်းတွေ့တဲ့အခါကျရင် ဘာကြောင့်လဲဆိုတာ ငါ မင်းကို ပြောပြမယ်။"

ရှောင်းယီက လျှို့ဝှက်ချက်တစ်ခုအဖြစ် ချန်ထားခဲ့လိုက်သည်။ ကျူဝူကလည်း အလောမကြီးပေ။ သူက ခေါင်းညိတ်ကာ ပြန်ပြောလိုက်၏။

"ကောင်းပါပြီ ကျွန်းပိုင်ရှင်...အဲဒီအချိန်ကျရင် ဘာကြောင့် ဒီလိုဖြစ်ရလဲဆိုတာ ကျွန်တော့်ကို သေချာပေါက် ရှင်းပြရမယ်နော်။"

"ကောင်းပြီ။ ငါ ကတိပေးတယ်။"

ရှောင်းယီက ပြန်ဖြေလိုက်သည်။

စကားပြောပြီးနောက် ကျူးဝူသည် ယာဉ်မောင်းခန်းထဲတွင် စိတ်လှုပ်ရှားစွာဖြင့် ဂျွမ်းထိုးဆော့ကစားလိုက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်သွားကာ အများသုံးချန်နယ်သို့ ပြောင်းလဲလိုက်တော့သည်။

"ဒီနေ့တော့ ငါ ကံကောင်းခြင်းနတ်သမီးရဲ့ အနမ်းကို ခံလိုက်ရပြီဟေ့။ ငါတော့ ချမ်းသာပြီ။"

သူ အများသုံးချန်နယ်သို့ ပြောင်းလိုက်သည်နှင့် ထိုစာသားကို တန်းမြင်လိုက်ရ၏။

"ဘယ်သူလဲဟ။ သူက ငါပြောမယ့်စကားကို လုပြောသွားတာပဲ။"

ကျူးဝူက ဇဝေဇဝါဖြင့် ရေရွတ်မိလိုက်၏။

"မင်းက ဘာရလိုက်လို့ အဲလောက်တောင် ပျော်နေတာလဲ။"

"ဟုတ်ပါ့။ ပစ္စည်းကို အရင်ပြဦးလေ။ မဟုတ်ရင် ကံကောင်းခြင်းနတ်သမီးက မင်းကို မျက်နှာသာပေးတယ်ဆိုတာ ငါ မယုံဘူး။"

"ဟုတ်တယ်။ မြန်မြန် တင်လိုက်စမ်းပါ။ မင်း ဘယ်လောက်တောင် ကံကောင်းလဲဆိုတာ ငါတို့လည်း ကြည့်ရအောင်။"

"ငါ အာကာသဝတ်စုံ ရခဲ့တယ်ပဲ။ [ယာဉ်တွင်းသုံး အာကာသဝတ်စုံ ထုတ်လုပ်မှုပုံစံ] ၁။"

"သေစမ်း...ဒါက တကယ်ကြီး အာကာသဝတ်စုံကြီးဟ။"

"အာကာသဝတ်စုံကိုတောင် ရှာတွေ့တယ်ဆိုတော့ ကမ္ဘာ့စည်းမျဉ်းတွေက ငါတို့ကို ဘာလုပ်ခိုင်းဖို့ ကြံစည်နေတာလဲ။"

"အမှန်ပဲ။ ငါတို့ကို အပြင်ထွက်ပြီး တိုက်ခိုက်ခိုင်းချင်လို့များလား။"

"မင်းတို့ အတွေးလွန်နေပြီ။ သေချာကြည့်လိုက်ဦး။ သူရတာက ယာဉ်တွင်းသုံး အာကာသဝတ်စုံပဲ။"

"အာကာသ အတွေ့အကြုံမရှိသူတစ်ယောက်အနေနဲ့ မေးပါရစေ။ ဒီယာဉ်တွင်းသုံး အာကာသဝတ်စုံဆိုတာ အာကာသယာဉ်ခန်းထဲမှာပဲ ဝတ်လို့ရတယ်လို့ ပြောတာလား။"

"မင်းက အတွေ့အကြုံမရှိတာ မဟုတ်ဘူး...ငတုံးပဲ။ နာမည်ကိုက ယာဉ်တွင်းသုံး အာကာသဝတ်စုံလို့ ခေါ်တာလေ။ ယာဉ်ထဲမှာပဲ ဝတ်ရမှာပေါ့။"

"ငါက ဇွတ်အတင်း အပြင်မှာ ဝတ်ရင်ကော ဘာဖြစ်မလဲ။"

"သေမှာပေါ့။ ယာဉ်တွင်းသုံး အာကာသဝတ်စုံတွေရဲ့ တည်ဆောက်ပုံက အတော်လေး ရိုးရှင်းပြီး အဓိကအားဖြင့် အာကာသယာဉ် အရှိန်ပြင်းပြင်းနဲ့ သွားနေချိန်မှာ အာကာသယာဉ်မှူးတွေကို ကာကွယ်ပေးဖို့ပဲ။ ယာဉ်ပြင်ပလှုပ်ရှားမှု အာကာသဝတ်စုံတွေက ပိုပြီးတော့ အဆမတန် ရှုပ်ထွေးတယ်။ သူတို့ရဲ့ ကာကွယ်မှု စွမ်းဆောင်ရည်တွေက အရမ်းပြည့်စုံပြီး အန္တရာယ်ရှိတဲ့ စုစမစ်ရောင်ခြည်တွေ၊ သေးငယ်တဲ့ အာကာသအမှိုက်တွေနဲ့ တခြား အန္တရာယ်အမျိုးမျိုးကိုပါ ကာကွယ်ပေးနိုင်တယ်။"

"ငါတို့ရဲ့ အမိကမ္ဘာမှာတုန်းကဆိုရင် ယာဉ်ပြင်ပသုံး အာကာသဝတ်စုံ တစ်စုံတင် သန်းရာနဲ့ချီ တန်တယ်။"

"မဖြစ်နိုင်တာ။ ဒါဆို ငါရထားတဲ့ ဒီအာကာသဝတ်စုံက အလကားပဲပေါ့။ လုံးဝကို အသုံးမဝင်တော့ဘူး။"

"ကမ္ဘာ့စည်းမျဉ်းတွေက မင်းကို အသုံးမဝင်တဲ့အရာတစ်ခု ပေးပါ့မလား။ ဦးနှောက်လေး သုံးပြီး စဉ်းစားစမ်းပါဦး။"

"ဟုတ်တယ်။ ဒါပေမဲ့ အခုလောလောဆယ် ငါတို့က အရှိန်အဟုန်ပြင်းပြင်းနဲ့ မောင်းနှင်နေတာ မဟုတ်ဘူးမလား။"

"ငါ ခုနကပြောတာ သေချာမရှင်းလင်းသွားဘူးထင်တယ်။ အရှိန်ပြင်းပြင်းနဲ့ သွားတာကို ပြောတာမဟုတ်ဘဲ အရှိန်နှုန်း အပြောင်းအလဲမြန်မြန်နဲ့ သွားတာကို ပြောတာ။ တကယ်လို့ တသမတ်တည်းရှိတဲ့ အရှိန်နှုန်းတစ်ခုတည်းနဲ့ ဆက်သွားနေမယ်ဆိုရင် အလျင်အပြောင်းအလဲက သိပ်မကြီးမားတဲ့အတွက် ငါတို့အပေါ် သက်ရောက်မှု သိပ်မရှိဘူး။ ကြောက်စရာကောင်းတာက တစ်ချက်ဆို အရှိန်မြှင့်လိုက်၊ နောက်တစ်ချက်ဆို အရှိန်လျှော့လိုက် ဖြစ်နေမယ့် လှုပ်ရှားမှုမျိုးပဲ။ အဲဒါက ငါတို့ခန္ဓာကိုယ်အတွက် တကယ့်ကို ကြီးမားတဲ့ ညှဉ်းပန်းနှိပ်စက်မှုပဲ။"

"တစ်ချက် အရှိန်မြှင့်လိုက်၊ နောက်တစ်ချက် အရှိန်လျှော့လိုက် ဟုတ်လား။ အဲဒီလို အခြေအနေမျိုးက တကယ် ဖြစ်လာနိုင်လို့လား။"

"ငါလည်း မသိဘူး။ အခုလောလောဆယ် ယာဉ်တွင်းသုံး အာကာသဝတ်စုံတွေ ထွက်လာတာကို အခြေခံပြီး ခန့်မှန်းကြည့်ရုံပဲ။ ဖြစ်လည်း ဖြစ်လာနိုင်တာပဲလေ။"

"ငါ နားမလည်ဘူး။ ဘယ်လို အခြေအနေမျိုးအောက်မှာ ရုတ်တရက် အရှိန်မြှင့်တာ၊ အရှိန်လျှော့တာမျိုးတွေ ဖြစ်လာနိုင်မှာလဲ။"

"ဘယ်သူသိမှာလဲ။ ငါတို့ အရင်ကမ္ဘာရဲ့ အာကာသဆိုင်ရာ သုတေသနတွေက အကန့်အသတ် အရမ်းရှိခဲ့တယ်။"

"လူတိုင်းရဲ့ အမိကမ္ဘာက ယဉ်ကျေးမှုအဆင့်အတန်းတွေက တူတူလောက်ပဲ ဖြစ်လိမ့်မယ်။ အာကာသရူပဗေဒထဲက သီအိုရီတော်တော်များများကလည်း ရာနှုန်းပြည့် မှန်ကန်ချင်မှ မှန်ကန်မှာလေ။"

"ဒါဆို ငါတို့အားလုံးက ရေထဲက ကျောက်တုံးတွေကို စမ်းတဝါးဝါး နှင်းပြီး မြစ်ကို ဖြတ်ကူးနေရသလိုပေါ့။"

"မင်းတို့ ခုနက ဆွေးနွေးနေတဲ့ အခြေအနေနဲ့ ငါတို့ တကယ်ပဲ ရင်ဆိုင်ရတော့မယ် ထင်တယ်။ ငါလည်းပဲ ယာဉ်တွင်းသုံး အာကာသဝတ်စုံ ထုတ်လုပ်မှုပုံစံ တစ်ခု ရထားတယ်။"

"ဘာ... မဖြစ်နိုင်တာ။ ငါတော့ အခုထိ တစ်ခုမှ မရသေးဘူး။"

"မပြာကြပါနဲ့ဦး။ မရသေးတဲ့လူတွေလည်း အများကြီး ရှိဦးမှာပါ။"

"တကယ်တော့... ငါလည်း တစ်ခု ရထားတယ်။"

"ရထားတယ် +၁။"

အသက်ရှင်ကျန်ရစ်သူများက သူတို့လည်း ယာဉ်တွင်းသုံး အာကာသဝတ်စုံများ ရရှိထားကြောင်း တစ်ယောက်ပြီးတစ်ယောက် သတင်းပို့လာကြသည်ကို မြင်သောအခါ မရသေးသည့်လူများမှာ စတင်ကာ ပျာယာခတ်လာကြတော့သည်။

"မဖြစ်နိုင်တာ...။ အဲလောက်တောင် အများကြီး ရကုန်ကြပြီလား။ ငါ ဘာလို့ အန္တရာယ်တစ်ခုခု မကြာခင် ရောက်လာတော့မယ်လို့ ခံစားနေရတာလဲ။"

"ဒီတစ်ခါ စမ်းသပ်ချက်ကို ဖြတ်ကျော်ဖို့က ကံတရားအပေါ်ပဲ မူတည်တော့မှာလား။"

"အီးဟီး... ဒါက ငါ့ကို အသေခံခိုင်းနေတာ မဟုတ်ဘူးလား။"

"စိတ်မလှုပ်ရှားကြပါနဲ့။ ရုတ်တရက် အရှိန်မြှင့်တာနဲ့ အရှိန်လျှော့တာတွေ ဘာကြောင့် ဖြစ်လာနိုင်လဲဆိုတာကို ငါတို့ အတူတူ ခွဲခြမ်းစိတ်ဖြာကြည့်ရအောင်။ အရင်းအမြစ် အကြောင်းတရားကို ရှာဖွေနိုင်သရွေ့တော့ မျှော်လင့်ချက်ရောင်ခြည် အနည်းငယ် ရှာတွေ့ကောင်း ရှာတွေ့နိုင်မှာပါ။"

"ဟမ့်... မင်း အတွေးလွန်နေပြီလို့ပဲ ငါပြောနိုင်တော့တယ်။ အာကာသထဲက အရာတွေနဲ့ ပတ်သက်လာရင် အရင်းအမြစ် အကြောင်းတရားကို သိရင်တောင် မင်းက ဘေးကနေ ကြည့်နေရုံပဲ တတ်နိုင်မှာ။ ဘာကိုမှ ထိန်းချုပ်လို့ ရမှာမဟုတ်ဘူး။"

"ဟုတ်တယ်။ အထူးသဖြင့် အခု ငါတို့ဆီမှာ အရေးပေါ်ကယ်ဆယ်ရေးယာဉ်ပဲ ရှိသေးတယ်။ ငါတို့ ခုခံလို့လည်းမရ၊ ထွက်ပြေးလို့လည်း မရဘူး။ အာကာသယာဉ် ရှိတဲ့လူတွေပဲ လွတ်မြောက်နိုင်လောက်တယ်။"

"သေစမ်းကွာ...ငါတော့ လက်လျှော့လိုက်ချင်ပြီ။ ဒါက အရမ်းပင်ပန်းလွန်းတယ်။ တစ်လှိုင်းပြီး တစ်လှိုင်းကို လာနေတော့တာပဲ။ ဒီလို မဟာကပ်ဆိုးကြီးရဲ့ စည်းမျဉ်းတွေက ငါတို့ကို ဘယ်လိုလှည့်ကွက်တွေ ထပ်သုံးဦးမလဲဆိုတာ ကြည့်ကြသေးတာပေါ့။"

လူတိုင်း၏ ဆွေးနွေးငြင်းခုံမှုများကို မြင်သောအခါ ရှောင်းယီ မျက်မှောင်အနည်းငယ် ကြုတ်သွားခဲ့၏။ ထို့နောက် ဝင်ရောက်ပြောဆိုလိုက်သည်။

"အားလုံးပဲ အဲဒီလောက်အထိ စိတ်ပျက်အားငယ်မနေကြပါနဲ့။ အသက်ရှင်ကျန်ရစ်သူ တော်တော်များများလည်း ယာဉ်တွင်းသုံး အာကာသဝတ်စုံကို မရှာတွေ့သေးတာ ငါ တွေ့ရတယ်။ လူတိုင်း ဆက်ပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ကြပါ။ လက်မလျှော့ကြပါနဲ့။ ကမ္ဘာ့စည်းမျဉ်းတွေက ငါတို့အတွက် မျှော်လင့်ချက်ရောင်ခြည်တစ်ခုတော့ ချန်ထားပေးမှာပါ။ အခုကတည်းက လက်လျှော့လိုက်ရင် အသက်ရှင်နိုင်တဲ့ အခွင့်အရေး ရောက်လာတဲ့အခါ မင်းတို့ ဖမ်းဆုပ်နိုင်မှာ မဟုတ်တော့ဘူး။"

ရှောင်းယီ၏ အကြံပြုချက်ကို မြင်လိုက်ရသောအခါ လူတိုင်း၏ ပျာယာခတ်နေသော စိတ်အခြေအနေမှာ အနည်းငယ် ပြန်လည်တည်ငြိမ်သွားကြသည်။

ရှောင်းယီ၏ ယခင်က မျှော်မြင်တွေးခေါ်နိုင်စွမ်း၊ အသိပညာဗဟုသုတနှင့် အမျိုးမျိုးသော အဆင့်မြင့်ပစ္စည်းများကြောင့် ဖြစ်နိုင်၏။ လူတိုင်းက သူ့ကို အမှန်တကယ် လေးစားအားကျနေကြသဖြင့် သူ၏စကားများက သူတို့အတွက် အတော်လေး နားဝင်လက်ခံနိုင်စရာ ဖြစ်ခဲ့ရလေသည်။

"ဆရာကြီးက ဒီလိုပြောလာပြီဆိုမှတော့ လူတိုင်း ဖွံ့ဖြိုးတိုးတက်ဖို့ကိုပဲ အာရုံစိုက်ကြပါ။ ကောင်းကင်ပြိုမှာကို စိုးရိမ်မနေကြနဲ့တော့။"

"မှန်တယ်။ ဆရာကြီးပြောတာကို ငါ ရာနှုန်းပြည့် ထောက်ခံတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိကြးစမ်းပါ။ ဒီနေ့ ကျရတဲ့ ချွေးတစ်စက်တိုင်းက တန်ဖိုးရှိပါတယ်။"

"အခွင့်အရေးဆိုတာ အမြဲတမ်း ပြင်ဆင်ထားတဲ့သူတွေဆီပဲ လာတယ်။"

"ငါ အရင်ကတော့ စိတ်ဓာတ်ခွန်အားပေး စကားတွေကို အရမ်းမုန်းခဲ့တယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ ဆရာကြီးရဲ့မျက်နှာကြောင့် လက်ခံလိုက်တော့မယ်။"

All Chapters