ခြင်သားရဲဘုရင်၏ ဆင့်ကဲတိုးတက်မှု
Vol. 95 Ch. 1299
ဤသည်မှာ ခြင်သားရဲဘုရင်နှစ်ကောင်ကြား ဟိန်းသံ ဖြစ်၏။ ခြင်သားရဲဘုရင်နှစ်ကောင်ကြား စိန်ခေါ်မှု မည်၏။
ဝမ်လင်း၏ခြင်သားရဲဘုရင်က အက်ကြောင်းထဲမှ ရုန်းကန်နေသော ဧရာမခြင်သားရဲဘုရင်ကို စူးရဲစွာ ကြည့်သည်။ ၎င်း၏မျက်လုံးထဲတွင် လိုအင်ဆန္ဒတောက်လောင်နေကာ အနီရောင်လင်းလက်သည်။ ၎င်းက အက်ကြောင်းထဲရှိ ခြင်သားရဲဘုရင်သည် အလွန်သန့်စင်သောခြင်သားရဲသွေးမျိုးဆက် ပါဝင်နေမှန်း ရှင်းလင်းစွာ ခံစားမိသည်။
ထိုသွေးက ဝမ်လင်း၏ခြင်သားရဲကို နက်ရှိုင်းစွာ စွဲဆောင်လေ၏။ ၎င်းက ယင်းသွေးကို တစ်စက်လေး ဖြစ်ဖြစ် စုပ်ယူ ချင်နေသည်။
ထိုလိုအင်ဆန္ဒက ဝမ်လင်းစိတ်ထဲသို့ ဝင်ရောက်လာကာ ဝမ်လင်းက ခဏတာ စဉ်းစားသွားစေသည်။
ပတ်ဝန်းကျင်ဧရိယာတွင် ခြင်သားရဲများသည် သိသာစွာ များပြားလွန်းနေ၏။ အပြာရောင်၊အဖြူရောင်၊ခရမ်းရောင်ခြင်သားရဲများထံမှ ပေးစွမ်းနေသော အော်ရာများက မည်သည့်ကျင့်ကြံသူကိုမဆို တုန်လှုပ်စေဖို့ရာ လုံလောက်နေသည်။ ရှေ့တိုးဖို့ မဆိုနှင့် သူတို့သည် နောက်ဆုတ်ရန်ပင် နေရာမရှိဟု ခံစားရသည်။
ဝမ်လင်း၏ခြင်သားရဲဘုရင်က ဟိန်းသံပေးလာသည့်အခါ အတောမသပ်နိုင်သော ခြင်သားရဲအုပ်က လှမ်းမျှော်၍ ကြည့်လာကာ ခြင်သားရဲအုပ်ထဲ၌ ပုန်းကွယ်နေသော ဝမ်လင်း၏ခြင်သားရဲဘုရင်ကို စူးရဲစွာ ကြည့်လာကြသည်။
ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက အံတင်းတင်းကြိတ်သည်။ သူ့အတွေးတစ်ချက်ဖြင့်ပင် သူ့အောက်ရှိ ခြင်သားရဲဘုရင်က နောက်တစ်ဖန် ဟိန်းသံ ပြုသည်။ ၎င်း၏ခန္ဓာကိုယ်ကနေလည်း ခပ်ဖျော့ဖျော့ရွှေရောင်အလင်းတောက်ပကာ ရှေ့သို့ တိုးဝင်လာတော့သည်။
၎င်းတိုးဝင်လာချိန်၌ မတောမသပ်ခြင်သားရဲအုပ်က တုန့်ပြန်သည့်အနေဖြင့် ဟိန်းသံ ပြုကြသည်။ အနီရောင်နှင့်အပြာရောင်ခြင်သားရဲများသည် ရှေ့တိုးမလာဝံ့ပေ။ အဖြူရောင်ခြင်သားရဲများသည်ပင် ဝေ့ဝဲနေရုံသာ တတ်နိုင်၏။
ဤအရာမှာ ခြင်သားရဲဘုရင်များကြား တိုက်ပွဲ ဖြစ်၏။ သူတို့ ပါဝင်ဖို့ရာ အရည်အချင်း မပြည့်မီကြပေ။
သို့ရာတွင် မရေမတွက်နိုင်သောခြင်သားရဲများကြား၌ ခရမ်းရောင်ခြင်သားရဲများကတော့ အေးစက်စက်အကြည့်တို့ကို ထုတ်ဖော်ကြ၏။ ခရမ်းရောင်ခြင်သားရဲထောင်ချီက ဝမ်လင်း၏ခြင်သားရဲဘုရင်ထံ တိုးဝင်လာကြသည်။
မူလတုန်းက ဝမ်လင်းသည် သူ့ခြင်သားရဲဘုရင်ထံကနေ ထွက်လာဖို့ ဆန္ဒမရှိခဲ့ပေ။ သူက ခြင်သားရဲအုပ်ကြား၌သာ သူ့အော်ရာကို ဖုံးကွယ်ထားချင်ခဲ့၏။ သို့ရာတွင် ခရမ်းရောင်ခြင်သားရဲများ တိုးဝင်လာသည်ကို တွေ့သည့်အခါ သူ့မျက်လုံးသည် တလက်လက် ဖြစ်၍ သူသည် တွေဝေမနေဘဲ လှမ်းထွက်လိုက်သည်။
သူ လှုပ်ရှားလိုက်သည့်အခါ မိုးကြိုးသံ တုန်ဟည်း၏။ ဝမ်လင်းက သူ့ခြင်သားရဲအုပ်ကနေ လှမ်းထွက်ကာ မရေမတွက်နိုင်သော ခြင်သားရဲများရှေ့တွင် ပေါ်လာသည်။
သူ ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိ ခြင်သားရဲများသည် ကောင်းကင်တုန်လှုပ်ဖွယ်ဟိန်းသံများကို ထုတ်လွှတ်၍ အံ့မခန်းရန်လိုသောအော်ရာများ လေထုထဲတွင် ပြည့်နှက်လာသည်။
ထိုခြင်သားရဲများ ဟိန်းသံ ပြု၍ ရန်လိုကြမ်းကြုတ်သောအော်ရာများ ထုတ်လွှတ်လာချိန် ဝမ်လင်းက ဒုတိယမြောက်ခြေလှမ်းကို လှမ်းကာ ခြင်သားရဲဘုရင်၏ ကျောပေါ်သို့ ရောက်ရှိသွားသည်။ သူ့ညာလက်ကို လေဟာနယ်ထဲ ဆန့်ထုတ်ရာ အနက်ရောင်အလင်း ဖြစ်ပေါ်၍ ဧရာမသုံးမြှောင့်ခရင်းခွတစ်လက် သူ့လက်ထဲတွင် ဖြစ်ပေါ်လာသည်။
တစ်ချိန်တည်းမှာ ဝမ်လင်း၏ခြင်သားရဲဘုရင်က နောက်တဖန် ဟိန်းသံ ပြု၍ ကြမ်းကြုတ်သောအမူအရာကို ထုတ်ဖော်သည်။ ၎င်းက ဟိန်းသံ ပြုလျက် ခြင်သားရဲဘုရင်တစ်ပါး၏ ဖိအားကို ထုတ်လွှတ်သည်။လ
ထိုအခါ အနီရောင်၊အပြာရောင်၊အဖြူရောင် ခြင်သားရဲများသည် ရပ်တန့်သွားကြ၏။ ခြင်သားရဲဘုရင်နှစ်ကောင်ကြား တိုက်ပွဲမှာ ၎င်းတို့ ပါဝင်နိုင်သည့်အရာ မဟုတ်ပေ။ ထိုအရာကား သူတို့၏စိတ်ဝိညာဉ်အတွင်းထိ စွဲထင်နေသည့်အချက်ပင်။ ခရမ်းရောင်ခြင်သားရဲများသာ သို့မဟုတ် ပိုအဆင့်မြင့်သည်ခြင်သားရဲများသည် ပါဝင်ကောင်း ပါဝင်နိုင်၏။
ထိုခြင်သားရဲများ ရပ်တန့်သွားကြသော်လည်း ခရမ်းရောင်ခြင်သားရဲတစ်ထောင်နီးပါးကတော့ အရူးအမူး တိုးဝင်လာကြ၏။ ၎င်းတို့က မြန်လွန်းသည်။ ၎င်းတို့တစ်ကောင်ချင်းစီသည် နိဗ္ဗာနဖြိုခွဲခြင်းအထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်၏အော်ရာကို ပေးစွမ်းလျက် ချက်ခြင်းလိုလို နီးကပ်လာသည်။
ဝမ်လင်းသည် သူ့ညာလက်ထဲရှိ ခရင်းခွကို ရှေ့သို့ ဝေ့ယမ်းသည်။ သူ့ဆံပင်ဖြူများက လွင့်ဝဲနေ၏။ သူ့ခန္ဓာကိုယ်ကနေ တစီစီအသံများ ထွက်ပေါ်ကာ ရှေးဟောင်းနတ်ဘုရားစွမ်းအားသည် သူ့ကိုယ်ထဲ၌ ပြည့်နှက်လာသည်။ သူ့မျက်ခုံးနှစ်ခုကြားတွင် ဥပဒေသကြယ်ပေါ်လာ၏။ သူက ခရင်းခွကို ဝေ့ယမ်းလိုက်ရင်း ကောင်းကင်နှင့်မြေကြီးသည် တုန်ခါသည်။ မိုးကြိုးသံများ မြည်ဟိန်း၍ အပြာရောင်မီးပင်လယ်တစ်ခု ပေါ်လာသည်။
ဝမ်လင်းသည် အော်ဟစ်၏။ “တိုးဝင်တော့…”
သူ့အောက်ရှိ ခြင်သားရဲဘုရင်က ၎င်း၏သခင်ကို ချက်ခြင်း တုန့်ပြန်ကာ ဟိန်းသံ ပေးသည်။ ၎င်း၏ခန္ဓာကိုယ်ကနေလည်း ရွှေရောင်တောက်ပမှုကို ပေးလျက် ရှေ့တိုးဝင်သည်။
အနီးဆုံးရှိ ခရမ်းရောင်ခြင်သားရဲများက အော်ဟစ်လျက် အနားရောက်လာသည်။ ၎င်းတို့၏ ပါးစပ်ကြီးများ(ဝါ) ခြင်နှုတ်သီးများက ကြီးမားလှ၏။ ယင်းခြင်နှုတ်သီးသာ ဝမ်လင်းကို ထိုးစိုက်မိသည်နှင့် သူ့ကို ခြောက်သွေ့အောင် စုပ်ယူဖို့ တစ်ချီသာ လိုသည်။
ခရမ်းရောင်ခြင်သားရဲဘုရင် အနားရောက်လာသည်နှင့် ဝမ်လင်းက သူ့ညာလက်ထဲရှိ သုံးမြှောင့်ခရင်းခွကို ဝေ့ယမ်းသည်။ မိုးကြိုးအားလုံးသည် ထိုခရမ်းရောင်ခြင်သားရဲဘုရင်ကို ဗဟိုပြု၍ ဆင်းသက်လာသည်။
ဝမ်လင်းသည် ထိုတွင် ရပ်မနေပေ။ သူက သူ့သုံးမြှောင့်ခရင်းခွကို နောက်ပြန်လွှဲကာ သူ့နောက်မှ တိုးဝင်လာသော နောက်ထပ် ခရမ်းရောင်ခြင်သားရဲထံသို့ လှည့်ဝေ့ယမ်းသည်။
သူ ရှေ့သို့ ဆက်တိုးစဉ် သုံးမြှောင့်ခရင်းခွထိပ်တွင် အပြာရောင်မီးတောက် ပေါ်လာကာ ထိုခြင်သားရဲကို ဝါးမြိုပစ်သည်။ တကယ်တော့ ခြင်သားရဲများသည် သားရဲများပင် မဟုတ်လော။ ၎င်းတို့က လူသားများ မဟုတ်ပေ။ ၎င်းတို့သည် လက်နက်ရတနာများ မသုံးနိုင်ပေ။ ၎င်းတို့သည် နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူများကဲ့သို့ သန်မာလှသော်လည်း တိုက်ပွဲတွင်တော့ တိုက်ခိုက်နိုင်စွမ်းမှာ ကွာဟနေဆဲပင်။
ဝမ်လင်းအောက်ရှိ ခြင်သားရဲဘုရင်သည် ခရမ်းရောင်ခြင်သားရဲ တော်တော်များများကို ကျော်လွန်လာ၏။ သို့ရာတွင် ၎င်းရှေ့တွင် ခရမ်းရောင်ခြင်သားရဲတစ်ကောင် ပေါ်လာကာ ၎င်း၏လမ်းကြောင်းကို ပိတ်၏။
ဝမ်လင်း၏ခြင်သားရဲက ရန်လိုစွာ ကြည့်၍ ဆက်၍ မရှောင်တော့ပေ။ ၎င်း၏ခန္ဓာကိုယ်က ရွှေရောင်တောက်ပမှုကို ပေးစွမ်းကာ ခြင်သားရဲဘုရင်တစ်ပါး၏ဖိအားနှင့်အတူ ရှေ့တိုးဝင်လာသည်။
ကျယ်လောင်စွာ မြည်ဟိန်း၏။ ဝမ်လင်းသည်ပင် တုန်ခါမှုကို ခံစားလိုက်ရသည်။ ခရမ်းရောင်ခြင်သားရဲသည် နောက်သို့ လွင့်ထွက်သွားသည်။ သို့သော် ဒဏ်ရာ မရလိုက်ပေ။ ၎င်းက ပို၍ ကြမ်းလာ၏။ ၎င်းရှေ့တွင် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ စတင် စုဝေးလာကာ ကျင့်ကြံသူတစ်ယောက် မန္တာန်အသုံးပြုတော့မလိုနှင့် တူလေ၏။
ဝမ်လင်း၏ခြင်သားရဲဘုရင်တွင်တော့ ဒဏ်ရာများ ရှိလာသည်။ အထူးသဖြင့် ၎င်း၏ပါးစပ်မှာ အက်လာသည်။ နာကျင်မှုက ၎င်း၏ရွှေရောင်အမွှေးအမျှင်များကို ထောင်မတ်လာစေပြီး ရှေ့သို့ တိုးဝင်လာတော့သည်။
အရာအားလုံးမှာ စိတ်ကူးနိုင်သည်ထက်ပင် မြန်သေး၏။ ဝမ်လင်းက သူ့ခြင်သားရဲဘုရင် ဧရာမခြင်သားရဲဘုရင်၏ သွေးကို စုပ်ယူနိုင်ရန် ကူညီပေးဖို့ ဆုံးဖြတ်ပြီးမှတော့ သူသည် နောက်ပြန်မဆုတ်တော့ပေ။ ထိုတိုက်ပွဲက အန္တရာယ်များလှသော်လည်း မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
အခွင့်အရေး တစွန်းတစအတွက်၊ သူ့ခြင်သားရဲဘုရင်၏ လိုအင်ဆန္ဒအတွက် ဝမ်လင်း၏ မျက်လုံးသည် တောက်ပနေ၏။ သူက မာန်သွင်းသံ ထုတ်ဖော်သည်။ သူသည် ခြင်သားရဲဘုရင်ထံမှန် ခုန်ဆင်းကာ သူ့ခန္ဓာကိုယ်ကနေ တစီစီအသံများထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်မှာ ဖောင်းကြွလာ၏။ မျက်စိတစ်မှိတ်အတွင်း သူသည် ပေထောင်ချီမြင့်မားလာသည်။
သူ့လက်ထဲရှိ ခရင်းခွကလည်း သူ့ခန္ဓာကိုယ်နှင့်အတူ ကြီးထွားလာကာ ပေထောင်ချီ ရှည်လျားလာချေသည်။
သူ့ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ် ပေါ်လာ၏။ ထိုအခိုက်တွင် ရှေးဟောင်းနတ်ဘုရားများ၏ ထူးကဲသောအော်ရာတစ်ခု ပေါ်လာသည်။ ဝမ်လင်းသည် သူ့စွမ်းအားအားလုံးကို သုံးမြှောင့်ခရင်းခွအတွင်းသို့ သိပ်သည်းစေ၍ ပစ်လွှတ်၏။
တုန်ဟည်းသံများ ပဲ့တင်ထပ်သည်။ သုံးမြှောင့်ခရင်းခွသည် နဂါးတစ်ကောင်ကဲ့သို့ ရှေ့ရှိ ခြင်သားရဲမြောက်များစွာ ဖုံးထားသော ဟင်းလင်းပြင်အက်ကြောင်းထံသို့ တရကြမ်း တိုးဝင်သွားသည်။
ဝမ်လင်း၏ ရှေးဟောင်းနတ်ဘုရားစွမ်းအားနှင့် ဥပဒေသကြယ်စွမ်းအားကို အနှီသုံးမြှောင့်ခရင်းခွက သယ်ဆောင်ထား၏။ ၎င်း တိုးဝင်လာသည်နှင့် လောကရှိမိုးကြိုးများပါ စုဝေး၍ မိုးကြိုးလုံး ဖြစ်ပေါ်သည်။
မီးတောက်ပင်လယ်လည်း ပျံ့နှံ့လာ၏။ ၎င်းသည် ပူလွန်းသဖြင့် ခရမ်းရောင်ခြင်သားရဲများသည် ရှောင်ရသည်။ ပို၍ အံ့ဖွယ်ကောင်းသည်က ဝမ်လင်း ယင်းခရင်းခွထဲ မူလစွမ်းအင်များ သွတ်သွင်းပေးသည်နှင့် ၎င်းက ကောင်းကင်ဘုံအင်ပါယာပေဖန်၏ ကောင်းကင်ဘုံမန္တာန်များအဖြစ် ပြောင်းသွားခြင်းပင်။
ပတ်ဝန်းကျင်ရှိ ခြင်သားရဲများသည် တစ်ခဏတာ တုံ့ဆိုင်းသွားကြ၏။ ယင်းအခိုက်အတန့်တွင် ဝမ်လင်းက ခြင်သားရဲဘုရင်ကို ဆွဲယူကာ ၎င်းကို ပစ်လွှတ်လိုက်လေသည်။
သုံးမြှောင့်ခရင်းခွက ခရမ်းရောင်ခြင်သားရဲများကို ဖြတ်ကျော်ကာ ရွှေရောင်ခြင်သားရဲများရှိနေသော ဟင်းလင်းပြင်အက်ကြောင်းအဝန်းအဝိုင်းထဲထိ ဝင်ရောက်လာသည်။ ဤတွင် ခရင်းခွရှေ့၌ မမြင်ရသောလှိုင်းဂယက်များ ပျံ့နှံ့လာကာ ၎င်းသည် ထိုဆန်းကြယ်သောအားနှင့် ရုတ်တရက် ထိပ်တိုက်တွေ့သည်။ တုန်ဟည်းသံများ ပဲ့တင်ထပ်ကာ မရေမတွက်နိုင်သောရှေးဟောင်းစာလုံးများ ပေါ်လာသည်။
ခရင်းခွ၏ ဖိသပ်အားက ယင်းလှိုင်းဂယက်ကြောင့် ရပ်တန့်သွားရ၏။ ၎င်းသည် ရပ်တန့်သွားသော်လည်း ဝမ်လင်း၏ခြင်သားရဲဘုရင်ကမူ တိုးတင်လာပြီး ရွှေရောင်ခြင်သားရဲရာချီနောက်ရှိ ဧရာမခြင်သားရဲဘုရင်ကို ဆာလောင်စွာ ကြည့်သည်။
ရွှေရောင်ခြင်သားရဲရာချီက ခြင်သားရဲဘုရင်ကို ဟန့်တားရန် ပြင်စဉ် ခြင်သားရဲဘုရင်က ကောင်းကင်တုန်ဟည်းမည့် ဟိန်းသံကို ထုတ်ဖော်သည်။
ထိုဟိန်းသံ ထွက်ပေါ်လာသည်နှင့် ခြင်သားရဲဘုရင်၏ခန္ဓာကိုယ်မှ ပျက်စီးသကဲ့သို့ အက်သံ ထွက်ပေါ်လာသည်။ ၎င်းထံမှ သွေးများ စီးကျလာ၏။ ထိုသွေးတို့က အနီရောင်မဟုတ်ဘဲ ရွှေရောင် ဖြစ်သည်။
ထိုရွှေရောင်သွေး ပျံ့နှံ့လာချိန်၌ ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို ပိုဆိုးသွားစေသည်။ သို့သော်လည်း ယင်းရွှေရောင်သွေးထံမှ ကြောက်မက်ဖွယ်ရာအော်ရာတစ်ခု ထွက်ပေါ်လာနေသည်။ ထို့အပြင် ဤအခိုက်တွင် ခြင်သားရဲဘုရင်၏ခန္ဓာကိုယ်ပြင်ပတွင် ဧရာမအရိပ်ကြီးတစ်ခု ပေါ်လာသည်။
ထိုအရိပ်သည် ပေသိန်းချီ မြင့်မား၏။
ထိုအရိပ်က ရွှေရောင်ခပ်ရင့်ရင့်ကို ပေးစွမ်းနေသည်။ ထိုအရိပ်ပေါ်လာသည်နှင့် အနီရောင်၊အပြာရောင်၊အဖြူရောင်၊ခရမ်းရောင် သို့မဟုတ် ရွှေရောင် ခြင်သားရဲတို့သည်ပင် တုန်လှုပ်ကုန်၏။
အက်ကြောင်းထဲမှ ထွက်လာရန် ရုန်းကန်နေသော ဧရာမခြင်သားရဲဘုရင်သည်ပင် တုန်ယင်ရသည်။ ပထမဆုံးအကြိမ်အဖြစ် ၎င်းက ဝမ်လင်း၏ခြင်သားရဲဘုရင်ကို ကြည့်လာသည်။
ဝမ်လင်းသည်ပင် သူ့ရှေ့ရှိ မြင်ကွင်းကြောင့် မင်သက်မိ၏။ ရွှေရောင်အလင်းက သူ့ခြင်သားရဲဘုရင်ကို ဝန်းရံ၍ ဧရာမအရိပ်ပေါ်လာသည်နှင့် သူသည် သူ့ခန္ဓာကိုယ်ပတ်လည်တွင်လည်း ထိုရွှေရောင်အလင်းတို့ ဝန်းရံပေးလာသည်ဟု ရှင်းလင်းစွာ ခံစားမိလိုက်သည်။
သူ့အား တိုက်ခိုက်ရန် တိုးဝင်လာကြသော ခြင်သားရဲများစွာသည် သူ့ကို ရှောင်ရှားသွားကာ မထင်မှတ်စွာဖြင့် ကြောက်ရွှံ့မှုတို့ကို ထုတ်ဖော်သည်။
ဝမ်လင်းသည် ရုတ်တရက် နားလည်သွားသည်။ သည်အခိုက်အတန့်တွင် သူသည် ဟင်္သာပြဒါးဂြိုဟ်ပေါ်တွင် သူ ပထမဆုံး ဤခြင်သားရဲကို တွေ့မြင်ခဲ့ရသောအချိန်ကို ပြန်တွေးမိသွားသည်။ သူက ထိုခြင်သားရဲ ဘာကြောင့် ဟင်္သာပြဒါးဂြိုဟ်ပေါ်တွင် ပေါ်လာခဲ့ပြီး တစ်ကောင်တည်း ဖြစ်နေသည်ကိုပါ ခပ်ရေးရေး ခန့်မှန်းမိသည်။
ထိုအရိပ်ကြီး ပေါ်လာသည်နှင့် ရွှေရောင်ခြင်သားရဲများပါ ကြောက်လန့်တကြား ဖြစ်ကုန်၍ ၎င်းတို့သည် ဝမ်လင်း၏ခြင်သားရဲဘုရင်ကို မတားဆီးဝံ့တော့ဘဲ လမ်းဖယ်ပေးကြသည်။ ဝမ်လင်း၏ခြင်သားရဲဘုရင်က အက်ကြောင်းထံသို့ တရကြမ်း တိုးဝင်လာတော့သည်။
ဟင်းလင်းပြင်အက်ကြောင်းအတွင်းရှိ ခြင်သားရဲဘုရင်သည် အလေးအနက် ဖြစ်လာကာ ဟိန်းသံ ပြု၏။ ၎င်း၏ ရုန်းကန်မှုကလည်း ပိုမို၍ ပြင်းထန်လာသည်။
***