အခန်း ၄၇၇
Vol. 47 Ch. 477
Chapter 477
မိစ္ဆာအချို့မှာ တစ်ယောက်ကိုတစ်ယောက် အံ့သြခြင်းကြီးစွာ လှည့်ကြည့်လိုက်မိကြသည်။ ယခုလေးတင် သွေးမိစ္ဆာအဖြစ် ပေါ်ထွက်လာခဲ့သူသည် ကောင်းကင်မိစ္ဆာအဖြစ် အသွင်ပြောင်းသွားခဲ့ပြန်လေပြီလော။
အထူးသဖြင့် ဂူရွှယ်မှာ ချင်းယွင်ကျိ၏တိုက်ခိုက်ပုံကို ပထမဆုံးအကြိမ် ဖြစ်ဖူးရခြင်းဖြစ်သဖြင့် ပိုလို့ အံ့သြသွားခဲ့ရသည်။
"ငါတို့ကိုဖိနှိပ်ဖို့ ငါတို့စွမ်းရည်တွေကို ပြန်အသုံးပြုနေတာလား"
ဂူရွှယ်မှာ ပြောစရာစကားပင် ရှာမတွေ့ဖြစ်လျက်ရှိသည်။
"အဲ့လိုပဲဖြစ်ရမယ်" ဂူဒူအာက တုံ့ပြန်လာသည်။
"ငါဒီတာအိုအငွေ့အသက်ကို အရင်က အာရုံခံခဲ့ဖူးတယ်၊ ငါတို့အပေါ်ကို ထိန်းချုပ်နိုင်စွမ်းအရမ်းပြင်းတဲ့ စွမ်းအားမျိုးပဲ။ အခုတော့ငါနားလည်သွားပြီ။ ဒီလူက ငါတို့ကိုအနိုင်ပိုင်းဖို့အတွက် မိစ္ဆာတွေရဲ့ ကိုယ်ပိုင်စွမ်းရည်အနှစ်သာရကို နက်နက်နဲနဲလေ့လာထားတာ၊ အရမ်းထူးခြားတဲ့ တာအိုစွမ်းရည်မျိုးပဲ"
"စိတ်ဝင်စားစရာပဲ"
ဂူရွှယ်က တည်ငြိမ်စွာဆိုသည်။
"ဒါပေမဲ့ စွမ်းရည်ရဲ့အနှစ်သာရကိုလေ့လာရုံနဲ့ မလုံလောက်သေးဘူး။ အဲ့ဒါကို သက်ဆိုင်တဲ့ကျင့်ကြံရေးလမ်းစဥ်နဲ့ ပေါင်းစည်းပေးဖို့လည်းလိုသေးတယ်။"
"ကျန်တဲ့ဘယ်လမ်းစဥ်မဆို သူတို့အတွက် အတုယူဖန်တီးဖို့လွယ်ပေမဲ့ ဂူယန်ရဲ့ ကောင်းကင်မိစ္ဆာခန္ဓာကတော့ ထင်သလိုအတုယူလို့ရမယ့်အရာ မဟုတ်ဘူး"
တစ်ခဏမျှ ပြန်လည်စဥ်းစားသုံးသပ်ပြီးနောက် ဂူဒူအာကဆိုသည်။
"ဒါမှမဟုတ် ဂူယန်ရဲ့ခန္ဓာက ပုံစံတုဖို့ အလွယ်ကူဆုံးလည်းဖြစ်နေနိုင်တာပဲ"
"အဲ့လိုခန္ဓာကိုရအောင်ဖန်တီးဖို့ဆိုရင် သန့်စင်ထားတဲ့ပစ္စည်းတချို့ သုံးလိုက်ဖို့ပဲလိုတယ်"
"အဲ့ဒီပစ္စည်းတွေကိုမသုံးရင်တော့ ရှေးဟောင်းကျောက်တုံးလို မာကျောကျစ်လျစ်နေတဲ့ခန္ဓာမျိုးရဖို့အတွက် မဖြစ်နိုင်သလောက်ခက်ခဲလိမ့်မယ်"
ဘေးပတ်လည်တွင်ရှိသော မိစ္ဆာများလည်း ခေါင်းတညိတ်ညိတ်ထောက်ခံကာ သူတွေးသလိုသာ တွေးထင်ကြသည်။
အချို့မိစ္ဆာများကတော့ တီးတိုးပြောဆိုဆွေးနွေးလျက်ရှိကြသည်။ နောက်ဆုံးတော့လည်း သူတို့၏အမည်ရင်းအားလုံးမှာ ချင်းယွင်ကျိ၏တာအိုနယ်ပယ်ထဲတွင် သိမ်းဆည်းဖိနှိပ်ခံထားရခြင်းပင်။ ထို့ကြောင့် ချင်းယွင်ကျိ၏ ကျင့်ကြံနည်းလျှို့ဝှက်ချက်ကို သိနေလျှင်တောင်မှ ဖော်ထုတ်လိုက်လို့မဖြစ်။
ဂူရွှယ်မျက်မှောင်ကြုတ်ကာ ခဏလောက်စဥ်းစားပြီးမှပြောလိုက်သည်။
"တခြားဘာကိုမဆို နည်းလမ်းသိရင် အတုယူဖန်တီးလို့ရနိုင်ပေမဲ့ ငါတို့ မိစ္ဆာအတတ်ပညာတွေကတော့ လုံးဝမဖြစ်နိုင်သလောက်ရှိတာကို သူဘယ်လိုများလုပ်နိုင်တာလဲ"
စကားဆုံးသည်နှင့် သူမျက်နှာပျက်သွားသည်။
သွေးမိစ္ဆာချင်းယွင်ကျိသည် ရဲရဲနီသောသွေးမြူခိုးတစ်သုတ်ကို မှုတ်ထုတ်လိုက်ပြီး အရပ်မျက်နှာပေါင်းစုံသို့ ပျံ့နှံ့သွားစေကာ သူတော်စင်သခင်၏ တာအိုနယ်ပယ်ထဲသို့အထိ ကျူးကျော်ဝင်ရောက်စေလေသည်။
ထိုမြူခိုးများမှာ ဆရာတော်၏ဓားစိတ်ဆန္ဒဖြင့် ပိုင်းဖြတ်ဖယ်ရှားခံလိုက်ရပါသော်ငြား ပြန်လည်စုစည်းဖြစ်တည်ကာ ပို၍ပင် ပြန့်ကားလာကြလေသည်။
"သွေးမိစ္ဆာပညာရပ်"
ဂူရွှယ်၏အကြည့်မှာ ကျန်းယန်ဆီသို့ ချက်ချင်းရွှေ့ပြောင်းသွားခဲ့၏။
သွေးမိစ္ဆာပညာရပ်ကို သူကိုယ်တိုင် ကျန်းယန်အားသင်ပြခဲ့ခြင်းဖြစ်၏။ ကျန်းယန်သည် ထိုသွေးမိစ္ဆာအတတ်ပညာကို ချင်းယွင်ကျိအား မဆိုင်းမတွလွှဲပြောင်းပေးခဲ့ခြင်းပင်။
ထိုမိစ္ဆာကိုယ်ပွားများသည် မိစ္ဆာစွမ်းအားအချို့ကို နဂိုမူလကတည်းက ပိုင်ဆိုင်ထားပါသည်ဆိုသော်ငြား သူတို့၏စွမ်းအားအစစ်အမှန်မှာ ဤမျှလောက်ကြီးကျယ်အားကောင်းမနေ။
သို့သော် သင့်တော်သောမိစ္ဆာပညာရပ်များနှင့် ပေါင်းစပ်လိုက်မည်ဆိုပါက တိုက်ရည်ခိုက်ရည်မှာ လွန်စွာကြောက်မက်ဖွယ်ကောင်းအောင် တိုးတက်သွားမည်ဖြစ်၏။
ချင်းယွင်ကျိ၏စွမ်းဆောင်ရည်ကို မြင်လိုက်ရချိန်တွင် မရေမတွက်နိုင်သော ပွဲကြည့်ပရိတ်သတ်များ၏အကြည့်မှာ လွန်စွာလေးနက်တည်ကြည်သွားလေတော့သည်။
သူတော်စင်သခင်သည်ပင် မျက်နှာတည်သွားခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် ချင်းယွင်ကျိ၏ လက်ရှိအပြုအမူအရ အကဲခတ်ကြည့်ပါက သူသည် သာမန်လူတစ်ဦးဟု ထင်စရာမရှိသောကြောင့်။
တကယ်ပဲ ဘာတွေဖြစ်ပျက်ကုန်ကြတာလဲ။
"မိစ္ဆာဆန့်ကျင်သူများ"
ဆရာတော်က ဟိန်းဟောက်ဆင့်ခေါ်လိုက်သော် သူ့လက်ထဲမှ အမတသတ်ဓားသည် ဝေဝါးမှုန်မှိုင်းသော အမတအလင်းတန်းတစ်ခုကို ထုတ်လွှတ်လာပြီး သွေးမိစ္ဆာချင်းယွင်ကျိ ဖြန့်ကျက်ထားသော သွေးမြူခိုးများကို ခုတ်ဖြတ်ရှင်းလင်းလေသည်။
အမတသတ်ဓားသွားသည် မိစ္ဆာ၏ဘေးနားမှ ဝေ့ဝိုက်ဖြတ်သန်းသွားရာတွင် ကောင်းကင်ဘုံ၏အလင်းတန်းကို ဆောင်ကျဥ်းဖော်ပြပေးနေပြီး ဖုံးလွှမ်းနေသောသွေးမြူခိုးများကို ကင်းစင်လွင့်ပြယ်သွားစေ၏။
ဆရာတော်က သူ့ဓားဦးကို ချင်းယွင်ကျိဆီသို့ချိန်ရွယ်လိုက်ပြီး အော်ဟစ်လာသည်။
"ငါကတော့မင်းကို ထူးခြားတဲ့စွမ်းအားရှင်တစ်ယောက်လို့ အသိအမှတ်ပြုပေးခဲ့တာ။ မင်းမှာဒီလို မိစ္ဆာဆန်ဆန်လမ်းစဥ်မျိုးရှိနေလိမ့်မယ်လို့ လုံးဝမျှော်လင့်မထားခဲ့ဘူးပဲ။ မင်းအနိုင်ယူခဲ့တဲ့ ခေါင်းဆောင်တွေအတွက် တရားမျှတမှုကိုဖော်ထုတ်ဖို့ မင်းကိုငါ အသေသတ်ရလိမ့်မယ်"
အမတသတ်ဓားသည် အမတအလင်းတန်းတစ်သွယ်ကိုသယ်ဆောင်လျက် ချင်းယွင်ကျိ၏တာအိုနယ်ပယ်တွင်းမှ လှပသာယာသော တောင်ကုန်းတောင်တန်းများနှင့် ရေပြင်သာကို ဖြတ်သန်းခုတ်လွှဲသွားခဲ့သည်။
ထိုစဥ် ချင်းယွင်ကျိနောက်တစ်ယောက်က နယ်ပယ်ထဲမှ ထပ်မံပေါ်ထွက်လာကာ တည်ငြိမ်စွာဆိုလေသည်။
"ဆရာတော်က အသက်သာပိုကြီးပေမဲ့ ကျွန်တော်တို့ဂိုဏ်းကိုအမီလိုက်ဖို့တော့ လိုသေးတာပဲ"
ချင်းယွင်ကျိ၏ အနားသို့လျှောက်လာသည့်ဟန်မှာ ဘေးပတ်လည်တွင်ဝန်းရံနေသောအလင်းတန်းများကြောင့် အစစ်အမှန်အမတတစ်ဦး ကောင်းကင်ထက်မှ ကမ္ဘာမြေသို့ ဆင်းသက်လျှောက်လှမ်းလာသည့်အလား ထင်ရစေ၏။
ဆရာတော်လည်း မျက်နှာပျက်သွားသည်။ ဤချင်းယွင်ကျိမှာ စစ်မှန်သောအမတတစ်ဦး၏အရှိန်အဝါကို သယ်ဆောင်လာသည်အား သူ သေချာခံစားမိနေလေသည်။
ချင်းယွင်ကျိက လက်ချောင်းတစ်ချောင်းကိုမြှောက်ကာ ဆရာတော်ဆီသို့ ထိုးညွှန်လိုက်သည်။
သူ့လက်ချောင်းက ဆရာတော်၏နယ်ပယ်ကို ထိတွေ့သွားသည်နှင့် လေဟာနယ်သည်ပြိုပျက်ကာ ကမ္ဘာသည် အရောင်အသွေးပြောင်းလဲသွားခဲ့ရ၏။
"မဖြစ်နိုင်တာ" ဆရာတော်က အထိတ်တလန့် အာမေဋိတ်ပြုသည်။
ချင်းယွင်ကျိက စစ်မှန်သောအမတတစ်ဦး ဖြစ်လာခဲ့ပြီလား။
လူသာမန်တစ်ယောက်က ဒီလိုကြောက်စရာကောင်းတဲ့စွမ်းအားမျိုး ဘယ်လိုလုပ် ပိုင်ဆိုင်ရရှိထားနိုင်မှာလဲ။
"မင်းက စစ်မှန်သောအမတတစ်ပါးဖြစ်နေရင်တောင် ဒီနေ့မင်းအသက်ကို ငါရအောင်နှုတ်ယူမယ်"
ဆရာတော်၏မျက်နှာအမူအရာမှာ ရူးသွပ်သွားသကဲ့သို့ရှိကာ အားမာန်အကုန်ထုတ်၍ အမတသတ်ဓားချက်တစ်ချက်ကို ခုတ်လွှဲထုတ်လိုက်တော့၏။
သုံးပေရှည်သောဓားသွား၏ လွှဲခုတ်ရာတစ်လျှောက်တွင် ဟင်းလင်းပြင်အက်ကွဲကြောင်းကြီးတစ်ကြောင်း နက်ရှိုင်းစွာပေါ်လွင်လာခဲ့သည်။
ချင်းယွင်ကျိ ဆောင်ကျဥ်းပြသထားသော ကောင်းကင်ဘုံအငွေ့အသက်ဖြင့် အတတ်ပညာအားလုံးသည် ဆရာတော်၏ဓားသွားအောက်တွင် ကြေမွပြာကျသွားခဲ့ရလေပြီ။
သို့သော် ဆရာတော်ကတော့မကျေနပ်လှစွာဖြင့် မျက်နှာတစ်ခုလုံး ပြာနှမ်းလို့သွားလေသည်။
အဘယ့်ကြောင့်ဆိုသော် စစ်မှန်သောအမတတစ်ပါးနှင့် တူညီသောအရာဟူ၍ တစ်ကွက်မှရှိမလာခဲ့သောကြောင့်ပင်။
အမှန်တော့ သူသိမြင်ခံစားနေခဲ့သော ထိုအမတလက္ခဏာပုံရိပ်များသည် ထင်ယောင်ထင်မှားမိစ္ဆာတို့မှ ဖန်တီးပြသထားခြင်းသာဖြစ်ပြီး ချင်းယွင်ကျိ၏ဝိညာဥ်စွမ်းအားက ထိုအရာများကို ပိုမိုပီပြင်အောင် အားဖြည့်ပေးနေခဲ့ခြင်းသာဖြစ်၏။
အမှန်တော့ ဆရာတော်ကိုယ်တိုင်ပင် အမှန်နှင့်အမှား အစစ်နှင့်အတုအယောင်ကို ခွဲခြားလို့မရတော့အောင်အထိ လှည့်စားသွားသည့်အရာမှ တစ်ဖက်လူ၏စိတ်စွမ်းအားဖြစ်သည်။
"ဘယ်လို..."
ကောင်းကင်မိစ္ဆာချင်းယွင်ကျိသည် အတုအယောင်မိစ္ဆာချင်းယွင်ကျိ၏ အရှေ့တည့်တည့်တွင်ရပ်ကာ ဆရာတော်၏ဓားချက်ကိုပိတ်ကာလိုက်သော် ပိုင်းဖြတ်ခံလိုက်ရသည့်အရှိန်ကြောင့် ဆယ်ပေကျော်ခန့်ထိ လွင့်ထွက်သွားခဲ့ရ၏။
"လာပါ လာစမ်းပါ၊ မင်းဘက်က ဘယ်လိုလှည့်ကွက်တွေကိုများ ထပ်ဝှက်ထားဦးမလဲဆိုတာ ငါသိချင်စမ်းတယ်"
ဆရာတော်မှာ အဆုံးစွန်ထိ ဒေါသမီးကျွမ်းလောင်နေပြီဖြစ်သည်။
ထိန်းမနိုင်သိမ်းမရဖြစ်သည်အထိ ဒေါသထွက်နေလေပြီ။
သူ ဓားတာအိုနယ်ပယ်တစ်ခုလုံးကို သူ့ခန္ဓာကိုယ်၏ သုံးပေပတ်ပတ်လည်တွင် ဖြန့်ကျက်ထားလိုက်ကာ ချင်းယွင်ကျိ၏တာအိုနယ်ပယ်ထဲသို့ သူ့ဓားဖြင့် ချိန်ရွယ်ထိုးသွင်းလိုက်တော့၏။
ရန်သူ၏တာအိုနယ်ပယ်ထဲသို့ လက်လွတ်စပယ်တိုးဝင်တိုက်ခိုက်ခြင်းမှာ အလွန်အန္တရာယ်များသော တိုက်ကွက်မျိုးဖြစ်သည်။
သို့သော် ချင်းယွင်ကျိထံမှ အကြိမ်ကြိမ်ရန်စခံခဲ့ရသော ဆရာတော်ကတော့ ဘာကိုမှထပ်ပြီးဂရုမစိုက်နိုင်တော့ဟန်ရှိသည်ပင်။
အခြားသောဖြစ်နိုင်ချေတစ်ခုမှာ ကျောင်းထိုက်ဆရာတော်သည် လက်ထဲရှိဓားရှည်ကို ယုံကြည်ချက်လွန်ကဲမိသည်ထင့်။ ကောင်းကင်နှင့်မြေကမ္ဘာကိုပါ ပိုင်းဖြတ်နိုင်သည့်စိတ်အားမာန်ဖြင့် တရှိန်ထိုးဝင်ရောက်တိုက်ခိုက်လေသည်။
ပွဲကြည့်သူအပေါင်းမှာတော့ ချင်းယွင်ကျိ၏ ထင်မထားသောတိုက်ရည်ခိုက်ရည်ကြောင့် အံ့အားသင့်နေကြဆဲဖြစ်သည်။
သူတို့မြင်နေရသော ချင်းယွင်ကျိသုံးယောက်လုံးမှာ အစစ်အမှန်မဟုတ်ကြသလို ကပ်ဘေးဖြတ်သန်းခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ထက် အင်အားပိုနည်းကြသောအခြေအနေဖြစ်သည်။
သို့သော် သူတို့သုံးဦးလုံးတွင် သူမတူသောစွမ်းရည်တစ်မျိုးစီ ပိုင်ဆိုင်ထားကြလေသည်။
ဆရာတော်သည်ပင် လက်လွယ်စပယ်ပြုမူမှုများကြောင့် များစွာထိခိုက်နစ်နာသွားရသည်ဖြစ်ရာ အခြားသော ကပ်ဘေးဖြတ်ကျော်သူများဆိုလျှင် တိုက်ပွဲကိုဤအချိန်ထိ တောင့်ခံထားနိုင်ပါ့မလားဟု မေးခွန်းထုတ်စရာရှိသည်။
ထို့ပြင် ချင်းယွင်ကျိဘာကြောင့် ကိုယ်ပွားတွေအများကြီးဖန်တီးရမှန်း သူတို့နားမလည်ပေ။ ဒီလောက်မတူညီတဲ့စွမ်းအားတွေအများကြီးကို ကျင့်ကြံပြီး တကယ်ပဲ ဘာလုပ်မလို့ကြံနေတာလဲ။
"အတုအယောင်မိစ္ဆာ၊ ကောင်းကင်မိစ္ဆာ၊ သွေးမိစ္ဆာ သုံးယောက်ရှိနေပြီ၊ ထပ်ပြီး ဘာလုပ်ဦးမှာများလဲ"
ဂူရွှယ်က မျက်မှောင်ကိုတင်းနေအောင်ကြုတ်ထားသည်။
"မဟုတ်မှ ကျုပ်တို့အားလုံးကိုများ တစ်ခါတည်းခြိမ်းခြောက်ထားချင်တာလား။ နောက်ပြီး ဒီမိစ္ဆာအတတ်ပညာတွေက..."
ကျန်းယန်တစ်ယောက် သူတို့ဆီမှ မိစ္ဆာပညာရပ်အများအပြားကို ဆက်ခံရှရှိထားကြောင်း သူသိသည်ပင်။ ထို့ပြင် ချင်းယွင်ကျိကိုပါ သွေးမိစ္ဆာပညာရပ်အား တစ်ဆင့်ပြန်သင်ပေးခဲ့သေးသည်။ အခြားသောပညာရပ်များကိုလည်း သူသင်ပြပေးခဲ့ပြီးဖြစ်လောက်မည်။
ဒီရှေ့ဆောင်လမ်းပြကျင့်ကြံသူရဲ့ ကျင့်ကြံရေးလမ်းက အရမ်းထူးဆန်းနေတယ်မဟုတ်ဘူးလား။
ဆရာတော်သည်လည်း တစ်ဖက်တာအိုနယ်ပယ်ထဲသို့ ဝင်ရောက်သွားပြီဖြစ်သောကြောင့် ပွဲကြည့်သူအပေါင်းလည်း ထိုင်မရထမရ ဖြစ်လာကုန်ကြသည်။
ထိုအချိန်တွင် ချင်းယွင်ကျိ၏တာအိုနယ်ပယ်ထဲ၍ ချင်းယွင်ကျိအစစ်သည် ဆရာတော်၏ကျူးကျော်ဝင်ရောက်လာမှုကိုမြင်သော် လုံးဝမလှုပ်မယှက် ငြိမ်သက်သွားလေ၏။
မီးတောက်မိစ္ဆာကိုယ်ပွားသည် ကောင်းကင်တစ်ခုလုံးကို မီးဖြင့်ဖုံးလွှမ်းစေကာ ဆရာတော်ကား မီးပင်လယ်ထဲတွင် ဝန်းရံလောင်ကျွမ်းစေဖို့ ကြိုးစားလာ၏။
ဆရာတော်က မဲ့ပြုံးပြုံးကာ မီးစွဲနေသောတိမ်တိုက်များကို ဓားဖြင့် အားကုန်ခုတ်ချလိုက်သည်။
အမတသတ်ဓား၏ ဝေဝါးနေသော အမတအလင်းတန်းများအောက်တွင် ဓားသွားဖြတ်သန်းသွားသည့်နေရာတလျှောက် မည်သည့်တိမ်တိုက်မှ အကောင်းအတိုင်းမကျန်ခဲ့ပေ။
"မင်းမှာ နည်းလမ်းတွေဘယ်လောက်များများရှိနေပါစေ ငါသူတို့အားလုံးကို ဓားတစ်ချက်တည်းနဲ့ဖြေရှင်းနိုင်တယ်။ တခြားဘာစွမ်းအားတွေများရှိသေးလဲ ထုတ်ပြပါဦး။ လှည့်ကွက်လေးတွေ ထပ်သုံးစမ်းပါဦး"
သူ့ဘက်က စကားဆုံးသည်နှင့် ကမ္ဘာတစ်ခုလုံး အေးစက်ထုံကျင်သွားရ၏။
ကြက်သီးထဖွယ်လေထုတစ်ခုက ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းမိုးလိုက်သည်။
ကောင်းကင်နှင့်မြေကမ္ဘာ၏ ဥပဒေသများ အသက်ဝင်စိုးမိုးနေဆဲဖြစ်သော်လည်း ဤစွမ်းအင်ခင်းကျင်းမှုတွင် ပါဝင်ပက်သက်ခြင်းမရှိသည့်အလား ပြုမူနေကြလေသည်။
ဆရာတော်သည် တာအိုနယ်ပယ်ထဲတွင် ရွေ့လျားသွားလာရင်း လက်မှ ဓားရိုးကို တင်းနေအောင်ဆုပ်ကိုင်ထားကာ အေးစက်မှုန်မှိုင်းသော အပြောင်းအလဲအငွေ့အသက်မှန်သမျှကို မနားတမ်းခုတ်ချလို့နေသည်။
"ဟမ့်၊ ဆက်ပြီးပြောင်းလဲနေလိုက်စမ်း၊ မင်းဘာတွေလုပ်နိုင်သလဲဆိုတာ ငါ့ကိုအကုန်ပြလိုက်"
ထိုစဥ် အခြားသောချင်းယွင်ကျိတစ်ယောက်သည် သတ်ဖြတ်လိုစိတ်များပြည့်နှက်နေသော ကောင်းကင်အောက်ဝယ် ပေါ်ထွက်လာခဲ့၏။
အသစ်ပေါ်လာသောချင်းယွင်ကျိသည် ဓားသမားတစ်ယောက်ဖြစ်ကြောင်းသိလိုက်ရသည်နှင့် ဆရာတော်က မထီမဲ့မြင်ရယ်၏။
"ငါ့ရှေ့မှာ ဓားပညာကိုထုတ်သုံးချင်တယ်ပေါ့။ ငါ့ကို စိန်ခေါ်ရဲတယ်ပေါ့လေ"
ကျင့်ကြံရေးလောက၏ ဓားပညာအသိုင်းအဝိုင်းတွင် စွမ်းအားအကြီးဆုံးဟုသတ်မှတ်ခံထားရသူ ဖြစ်သည့်အလျောက် ဆရာတော်သည် သူ၏ဓားသိုင်းပညာတွင် ယုံကြည်မှုအပြည့်ရှိသည်။
သူ ဓားသမားချင်းယွင်ကျိကိုချိန်ရွယ်ပြီး ဓားသွားအား ခုတ်လွှဲလိုက်၏။
တစ်ချိန်တည်းမှာပင် ချင်းယွင်ကျိသည်လည်း ဓားသွားကိုဆွဲထုတ်လာသောကြောင့် ပျံ့နှံ့သွားသောဓားအရှိန်အဝါအား ခံစားလိုက်မိရသည်။
ဆရာတော်၏ အမတသတ်ဓားက သူ့ထံရောက်ရှိလာတော့မည့်အချိန်တွင် ချင်းယွင်ကျိ၏ဓားအလင်းတန်းကား နှစ်ပိုင်းကွဲထွက်သွားခဲ့၏။ ဆရာတော် သတိမကပ်နိုင်ခင်မှာပင် ထိုနှစ်ပိုင်းမှသည် လေးပိုင်းသို့ ဤသို့ဖြင့် ရှစ်ပိုင်းသို့ အဆင့်ဆင့်ပွားထွက်သွားရာမှ ဓားစွမ်းအင်လှိုင်းများမှာ ကောင်းကင်တစ်ခုလုံးအပြည့် ဖုံးလွှမ်းသွားခဲ့တော့သည်။
မရေမတွက်နိုင်သော ဓားစွမ်းအင်များသည် ကောင်းကင်နှင့်မြေကြီးသို့ ခေါက်တုံ့ခေါက်ပြန် ကူးလူးပျံ့နှံ့ကာ ဆရာတော်ကိုဝန်းရံလျက် ဓားစွမ်းအင်ထောင်ချောက်တစ်ခုကို ဝိုင်းဝန်းဖန်တီးကုန်ကြသည်။
ဆရာတော်မှာ မျက်နှာချက်ချင်းပျက်ယွင်းသွားခဲ့သည်။ သူ၏ ဓားသိုင်းပညာမှာ ရှုပ်ထွေးကျယ်ပြန့်မှုကို ပြန်လည်ရှင်းလင်းစုစည်းခြင်းအား အခြေခံလေရာ ဤကမ္ဘာတစ်ခုလုံးကို ဓားသွားတစ်ချက်ဖြင့်ဖျက်ဆီးနိုင်သည်အထိ အဟုန်ပြင်းထန်၏။
သို့သော် သူမြင်နေရသော ထိုဓားသိုင်းပညာမှာ ရှုပ်ထွေးခြင်းမှ ရှင်းလင်းသန့်စင်ခြင်းဆီ ကူးပြောင်းပြီးနောက် ကောင်းကင်နှင့်မြေကမ္ဘာတကြောလုံးကို လွှမ်းမိုးနေရာယူနိုင်သော စွမ်းအင်ပင်လယ်အဖြစ် ပြန်လည်ဖြန့်ကျက်အုပ်စိုးနိုင်ခြင်းပင်။
ဤသည်မှာ သူ့ဓားချက်ကိုပင် ဆန့်ကျင်ဦးတိုက်တော့မည့်ဟန်ရှိ၏။