အခန်း ၄၇၈
Vol. 47 Ch. 478
Chapter 478 ကျောင်းထိုင်ဆရာတော်၏ ဓားတာအိုနယ်ပယ်
"ငါ ဓားတာအိုကို နှစ်ပေါင်းသုံးရာနီးနီး လေ့လာလိုက်စားခဲ့ပြီးပြီ၊ ဓားတာအိုပညာကို ရှင်းလင်းစုစည်းပြီး ကမ္ဘာမြေပေါ်ကအရာအားလုံးကို ဓားချက်တစ်ချက်နဲ့ ခုတ်ဖြတ်နိုင်တဲ့အထိ နားလည်သဘောပေါက်ခဲ့ပြီးပြီ။ ဒီလိုလူရှေ့မှာ မင်းက ဓားကိုဝင့်ကိုင်ရဲသေးတယ်ပေါ့"
ဆရာတော်က ချင်းယွင်ကျိကို လေးနက်သုန်မှုန်သောအမူအရာဖြင့် စိုက်ကြည့်နေပြီး အမတသတ်ဓားချက်တစ်ချက်ကို ထုတ်လွှတ်လိုက်သည်။
"ပင်လယ်ကိုပိုင်းဖြတ်ခြင်း"
ကျောင်းထိုင်ဆရာတော်၏ ကြုံးဝါးသံနက်နက်နှင့်အတူ အမတသတ်ဓားသည် လေထုကိုဖြတ်သန်းကာ ချင်းယွင်ကျိ၏ အဆုံးအစမဲ့ကျယ်ပြောသော ဓားစွမ်းအင်ပင်လယ်ပြင်ကို ဟက်တက်ပိုင်းဖြတ်လျက် ထိုးဖောက်ဝင်ရောက်လာလေသည်။
ထိုဓားစွမ်းအင်ပင်လယ်ပြင်ကြီး ပွင့်ဟသွားသည်နှင့်တပြိုင်နက် အဆက်မပြတ်ပြောင်းလဲဖြစ်ပေါ်နေသော် ဓားတာအိုသဘောတရားများလည်း ရုတ်ချည်း ပျောက်ကွယ်ဆိတ်သုဥ်းသွားခဲ့သည်။
ချင်းယွင်ကျိထုတ်လွှတ်ထားသော ဓားစွမ်းအင်များကို အစအနပင်ရှာမတွေ့နိုင်တော့။
"ဖြောင်း ဖြောင်း ဖြောင်း"
ချင်းယွင်ကျိက လက်ခုပ်တဖြောင်းဖြောင်းတီးလျက် သူ့အနားသို့လျှောက်လာသည်။
"ဆရာတော်ကတော့ မျှော်လင့်ထားတဲ့အတိုင်း ကျင့်ကြံရေးလောကရဲ့ အတော်ဆုံးသောဓားသမားဂုဏ်ပုဒ်ကို ထိန်းသိမ်းထားနိုင်တုန်းပါပဲ။ ဒီလိုလူရှေ့မှာ အတင့်ရဲလို့ဓားထုတ်မိတာကို ရယ်မယ်ဆိုလည်း ရယ်လောက်စရာပါပဲဗျာ"
ဆရာတော်ကတော့ နည်းနည်းမှစိတ်လျှော့ထားသေးပုံမပေါ်ဘဲ သူ့ဆီလျှောက်လာသော ချင်းယွင်ကျိ၏ခန္ဓာအစစ်အမှန်ကို သတိကပ်လျက်သာစိုက်ကြည့်နေသည်။
အဘယ့်ကြောင့်ဆိုသော် ဆရာတော်၏ဘေးပတ်ပတ်လည်တွင် ဝိုင်းရံလျှောက်လှမ်းလာသော ပုံစံတူချင်းယွင်ကျိများ ဆယ်ယောက်တိတိရှိနေသောကြောင့်ပင်။
ဆရာတော်မှာ အံ့သြထိတ်လန့်နေရသည်။ ချင်းယွင်ကျိ၏တာအိုနယ်ပယ်ထဲ ကိုယ်ပွားဆယ်ယောက်အထိရှိနေလိမ့်မည်ဟု သူလုံးဝထင်မထားခဲ့။
ထို့အပြင် အချို့သောကိုယ်ပွားများကိုလည်း သူကိုယ်တိုင် ရင်ဆိုင်တိုက်ခိုက်ပြီးခဲ့ပြီဖြစ်၏။ ထိုကိုယ်ပွားတစ်ယောက်ချင်းစီတိုင်းတွင် ထူးခြားသောအားသာချက်တစ်ခုစီ ပိုင်ဆိုင်ထားကြောင်းကိုလည်း မြင်တွေ့ခဲ့ရသည်။ သို့သော် ကပ်ဘေးဖြတ်ကျော်ခြင်း အလယ်အလတ်ဆင့်တစ်ယောက်ကို ကျော်ဖြတ်ဖို့ရာတော့ မဖြစ်နိုင်ဆဲပင်။
တစ်နည်းဆိုရလျှင် ထိုဆယ်ယောက်သော ကိုယ်ပွားများကို တစ်ပါတည်းပေါင်းစည်းပါမှ မူလချင်းယွင်ကျိတစ်ယောက်ဟု သတ်မှတ်နိုင်မည့် စွမ်းအားအတိုင်းအတာဖြစ်သည်။
သူယခင်ကတိုက်ခိုက်ခဲ့သော ကိုယ်ပွားများကဲ့သို့ပင် ထိုသူတို့သည်လည်း ထူးခြားသော ကိုယ်ပိုင်စွမ်းအားတစ်ခုမှလွဲ တခြားစိုးရိမ်စရာမရှိနိုင်ပါ။
ကိုယ်ပွားအမြောက်အများထံမှ ဝိုင်းရံခံထားရခြင်းမှာ အမြင်အားဖြင့် ကြောက်မက်ဖွယ်ကောင်းသော်ငြား ဆရာတော်ကတော့ ခြောက်ခြားဟန်တစ်စက်မပြဘဲ အမတသတ်ဓားကို ချင်းယွင်ကျိ၏မူလခန္ဓာဆီချိန်ရွယ်ကာ အားပါပါလွှဲခုတ်လိုက်သည်။
ချင်းယွင်ကျိ၏ မိစ္ဆာကိုယ်ပွားများလည်း ချက်ချင်းလှုပ်ရှားကုန်ကြ၏။ ထိုထဲမှတစ်ယောက်က ချင်းယွင်ကျိ၏မူလခန္ဓာရှေ့ပိတ်ရပ်ကာ လက်တစ်ဖက်ကိုမြှောက်လျက် အမတသတ်ဓားအား ကြားဖြတ်ပိတ်ဆို့ဖို့ ကြိုးစားသည်။
တစ်ချိန်တည်းမှာပင် ကျန်ကိုယ်ပွားကိုးဦးသည်လည်း သူတို့၏ သက်ဆိုင်ရာနေရာများကို တမုဟုတ်ချင်းရွှေ့ပြောင်းကာ အသင့်နေရာယူလိုက်ကြသည်။
"ကျွန်တော့်ရဲ့ တိုက်ကွက်နောက်တစ်ခုကို လက်ခံပေးပါဦး၊ ဆရာတော်"
တာအိုနယ်ပယ်ထဲမှ မီးတောက်စွမ်းအားကို ပိုင်ဆိုင်သော မီးတောက်မိစ္ဆာကိုယ်ပွားသည် သူ၏ မီးဂုဏ်သတ္တိများကိုထုတ်လွှတ်ကာ မြေမိစ္ဆာကိုယ်ပွားက ကမ္ဘာမြေ၏စွမ်းအားကို ဆွဲငင်စုစည်းလျက် တာအိုနယ်ပယ်တည်ရှိသောမြေပြင်ကို တုန်လှုပ်ယိမ်းခါစေသည်။ အမြင်မှားမိစ္ဆာကိုယ်ပွားက တာအိုနယ်ပယ်၏ကောင်းကင်ထက်မှ စွမ်းအားကိုစုစည်းကာ ကောင်းကင်တစ်ခုလုံးကို ထင်ယောင်ထင်မှားပုံရိပ်များဖြင့် ခြုံလွှမ်းရစ်ပတ်စေသည်။
ဤသို့ဖြင့် ကိုယ်ပွားကိုးခုလုံးသည် တာအိုနယ်ပယ်အတွင်း၌ မတူညီသောစွမ်းအားတစ်ခုချင်းစီကိုထုတ်လွှတ်ကာ အင်အားပြကုန်ကြတော့၏။
နောက်ဆုံးတွင် ကောင်းကင်မိစ္ဆာ ပျံသန်းရောက်ရှိလာပြီး နောက်ဆုံးပိတ်အိတ်နှင့်လွယ် ဆိုသကဲ့သို့ မဟာအစီအရင်ကိုထုတ်သုံးကာ တိုက်ကွက်အား အားဖြည့်ပေးလေသည်။
ဆယ်ဦးသောကိုယ်ပွားတို့သည် စနစ်တကျနေရာယူကာ မဟာအစီအရင်တစ်ခုအားပုံဖော်ပြီး တာအိုနယ်ပယ်တစ်ခုလုံး၏စွမ်းအားကို ဆတူအသုံးပြုလျက် တညီတညွှတ်တည်း တိုက်ခိုက်ကြတော့သည်။
မဟာအစီအရင်ဟင်းလင်းပြင်သည် မိစ္ဆာနှိမ်နင်းရေးမဟာတာအို၏ စစ်မှန်သောအဓိပ္ပာယ်ကိုဆောင်ကျဥ်းလျက် ကျောင်းထိုင်ဆရာတော်အား ဖိအားပေးနှိမ်နင်းလေသည်။
ကိုယ်ပွားများပုံဖော်ထားသော မဟာအစီအရင်ဟင်းလင်းပြင်ထဲသို့ ရောက်ရှိနေပြီးဖြစ်သည့် ဆရာတော်မှာ ကမ္ဘာတစ်ခုလုံး သူ့ဆီတည့်တည့်ပြိုကျလာသည့်အလား ခံစားလိုက်ရပြီး တပြိုင်နက်တည်းမှာပင် ထိုဟင်းလင်းပြင်တစ်ခုလုံးတွင် လေးလံသန့်စင်သောဖိအားများဖြင့် ပြည့်နှက်သွားသည်အား သိလိုက်ရ၏။
ဆရာတော်မှာ ပေါ့ပေါ့ဆဆပြုမူရန် မဝံ့ရဲတော့ဘဲ ဓားတာအိုဖြင့်ဖွဲ့စည်းသော ဓားနယ်ပယ်တစ်ခုဖန်တီးကာ သူ့ကိုယ်သူ ရစ်ပတ်လွှမ်းခြုံထားလိုက်သည်။
ဆရာတော်သည် ထိုဓားတာအိုနယ်ပယ်အား စွမ်းအားကုန်ဖြင့်ဖွဲ့စည်းပါသော်ငြား ပတ်ပတ်လည်ဆယ်ကျန်းခန့်ထိသာ ဖြန့်ကျက်နိုင်ပြီး အပြင်ဘက်မှ အစီအရင်ဖိအားဖြင့် ဖိညှစ်ခံနေရဆဲဖြစ်၏။
ဆရာတော်မှာ မျက်နှာအမူအရာ သိပ်မကောင်းလှတော့။ ချင်းယွင်ကျိ၏တာအိုနယ်ပယ်မှာ သူမျှော်မှန်းထားသည်ထက် များစွာပို၍ အားကောင်းနေခဲ့သည်ပင်။
သူ့ဘဝတွင် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ကျွမ်းကျင်သူများစွာကို တိုက်ခိုက်နှိမ်နင်းခဲ့ဖူးသောကြောင့် ထိုအဆင့်ရှိ တာအိုနယ်ပယ်အမျိုးမျိုးနှင့်လည်း ကျွမ်းဝင်ပြီးသားဖြစ်ပါသည်။
မည်သည့်ကျင့်ကြံသူမဆို မဟာတာအို တစ်မျိုးတည်းသာပိုင်ဆိုင်ကြသည်ပင်။
မဟာတာအိုကိုယ်၌ကိုက ထူးခြားလှပြီဖြစ်သောကြောင့် တာအိုနယ်ပယ်တွင်းမှာ တာအိုအငွေ့အသက်သည်လည်း တမူထူးခြားနေသည်မှာ သာမန်အဖြစ်ပင်။
သို့သော် ချင်းယွင်ကျိ၏တာအိုနယ်ပယ်ထဲမှ တာအိုစွမ်းအားအငွေ့အသက်မှာတော့ တမူထူးခြားမနေခဲ့။
ဥပမာ မီးတောက်မိစ္ဆာတွင် မီးတောက်စွမ်းအား၊ မြေမိစ္ဆာတွင် မြေကမ္ဘာစွမ်းအား၊ အမြင်မှားမိစ္ဆာတွင် ထင်ယောင်ထင်မှားစွမ်းအား စသဖြင့် အားလုံးတွင် တမူထူးခြားသောတာအိုစွမ်းအားများ ပိုင်ဆိုင်ကြသည်မဟုတ်လော။
သို့သော် တာအိုနယ်ပယ်တစ်ခုထဲတွင် တာအိုစွမ်းအားတစ်ခုသာရှိရမည့်အစား ထိုသို့ စွမ်းအားများစွာ တစ်နေရာတည်းတွင်ဖြစ်ပေါ်နေသည်မှာ အဘယ်သဘောတရားနည်း။
ချင်းယွင်ကျိ၏ တာအိုနယ်ပယ်သည် သူ၏ မွေးရာပါမှော်လက်နက်နှင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်းဖြစ်မည်ဟု သူလုံးဝ အတွေးမဝင်ခဲ့ဖူးပါချေ။
ထိုမွေးရာပါမှော်ရတနာဆိုသည်မှာ ကိုယ်ပိုင်ဟင်းလင်းပြင်ကိုဖန်တီးနိုင်ပြီး ထိုဟင်းလင်းပြင်သည် သက်တံ့ငါးကဲ့သို့သော သတ္တဝါဆန်းများကို ထည့်သွင်းမွေးမြူနိုင်သည့် လျှို့ဝှက်ဘုံနယ်မြေတစ်ခုလည်းဖြစ်၏။
ချင်းယွင်ကျိ၏ ကိုယ်ပိုင်တာအိုနယ်မြေမှာ မိစ္ဆာတစ်ကောင်ကိုအတုယူဖန်တီးထားခြင်း ဖြစ်သည်။
ကျင့်ကြံသူတစ်ဦး၏ မွေးရာပါမှော်လက်နက်ဖြစ်သော တာအိုနယ်ပယ်နှင့် မိစ္ဆာမျိုးနွယ်ဆီမှရရှိထားသော တန်ဖိုးကြီးရတနာတို့ကို ကုသိုလ်စွမ်းအားများများသုံး၍ ပေါင်းစပ်လိုက်လျှင် ရရှိလာမည့်တာအိုနယ်ပယ်သည် မြင်တွေ့နေကျနယ်ပယ်များလို ရိုးရှင်းတော့မည်မဟုတ်။
ထိုနယ်ပယ်တွင် မိစ္ဆာအမျိုးအစားအားလုံး၏ စွမ်းအားများကို ပိုင်ဆိုင်အသုံးပြုနိုင်မည်ဖြစ်သည်။
ယခု ထိုကိုယ်ပွားဆယ်ဦးသည် မဟာအစီအရင်တစ်ခုကို ပုံဖော်ဖွဲ့စည်းလိုက်ပြီး မိစ္ဆာနှိမ်နင်းခြင်းလမ်းစက်၏ အနှစ်သာရကိုပါ ပေါင်းထည့်လိုက်သောအခါ ဖြစ်ပေါ်လာသောဖိအားမှာ ကျောင်းထိုင်ဆရာတော်ကို ဇောချွေးပြန်အောင်လုပ်နိုင်တော့မည်မလွဲပင်။
ဆရာတော်သည် သူဖန်တီးထားသော အကာအကွယ်ဓားနယ်ပယ် တဖြည်းဖြည်းကျုံ့ဝင်ကျဥ်းမြောင်းလာသည်ကိုကြည့်ရင်း မျက်လုံးများက ရက်စက်ကြမ်းကြုတ်လာသည်။
"ငါ့မှာ ကျိုးရွှမ်ရှန်းအတွက်ပြင်ဆင်ထားတဲ့ ဓားတစ်လက် ထပ်ရှိသေးတယ်၊ ဒါပေမဲ့ အခုတော့ အဲ့ဓားကို မင်းဆီမှာအရင်သုံးလိုက်ရတော့မှာပဲ"
မျက်စိတစ်မှိတ်အတွင်းမှာပင် အမတသတ်ဓားချက်တစ်ချက်က အဟုန်ဖြင့်ကန်ထွက်ကာ ယှဥ်လို့မရနိုင်အောင်ထက်ရှသော ဓားစိတ်ဆန္ဒတစ်ခုသည် ဆရာတော်၏ခန္ဓာထဲမှ ပေါက်ကွဲထွက်လာတော့၏။
ဆရာတော်၏နယ်ပယ်မှာ ဓားတစ်လက်အဖြစ် အသွင်ပြောင်းသွားခဲ့သည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ဓားတစ်လက်အဖြစ် အသွင်ပြောင်းသွားခဲ့သည်။
သူ၏ နတ်ဝိညာဥ်မှာလည်း ဓားတစ်လက်အဖြစ်သို့ အသွင်ပြောင်းသွားခဲ့သည်။
ခန္ဓာမှဖြစ်တည်လာသော ဓားသွား၊ နတ်ဝိညာဥ်မှဖြစ်တည်လာသော ဓားသွားနှင့်၊ အမတတို့ကို နှိမ်နင်းသတ်ဖြတ်နိုင်စွမ်း၏ ဓားသွား၊ ထို့နောက် တာအိုနယ်ပယ်အားဖန်တီးထားသော ဓားသွား အားလုံးတို့သည် တစ်ခုတည်းသောဓားသွားအဖြစ် တစ်ညီတည်း ပေါင်းစည်းဖြစ်တည်သွားခဲ့၏။
ကျောင်းထိုင်ဆရာတော်ဖန်တီးခဲ့သော ဤဓားသွားသည် ရုတ်ချည်းထိုးတက်လာသောစွမ်းအားနှင့်အတူ ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့်ဆီသို့ ချက်ချင်း ခုန်တက်ဝင်ရောက်သွားခဲ့သည်။
"ဓားတစ်ချောင်းနဲ့ ကောင်းကင်ကိုပိုင်းဖြတ်"
ဆရာတော်၏ဓားသွားတွင် ဝါရင့်ကျင့်ကြံသူတစ်ယောက်၏ ပြင်းပြသောစိတ်ဆန္ဒကိုခံစားမိနိုင်ကာ ထိုဆန္ဒအဟုန်သည် ကောင်းကင်နှင့်ကမ္ဘာမြေတလျှောက်သို့ တစ်ပါတည်း ခုတ်ဖြတ်ပိုင်းခြားသွားခဲ့တော့၏။
ထိုအခိုက်အတန့်တွင် ဆရာတော်၏ဓားသွားသည် မည်သည့်အရာကိုမဆို ပိုင်းဖြတ်ခွဲခြမ်းပစ်နိုင်သည့်အစွမ်းအား ပိုင်ဆိုင်ထားခဲ့လေသည်။
ထိုဓားချက်ကို ထုတ်လွှတ်လိုက်သည့်အချိန်မှာပင် ချင်းယွင်ကျိမျက်နှာအမူအရာ ပြောင်းလဲသွားခဲ့သည်။
သူသည် သူ၏ကိုယ်ပွားဆယ်ဦးလုံးနှင့် ဖြန့်ကျက်ထားသောတာအိုနယ်ပယ်ကို ချက်ချင်းရုတ်သိမ်းကာ အမြန်ဆုံး နောက်ဆုတ်တိမ်းရှောင်သည်။
မိစ္ဆာနှိမ်နင်းရေးလမ်းစဥ်၏ ဖိအားမှကင်းလွတ်သွားသော် ဆရာတော်၏ဓားသွားအဟုန်သည် ပို၍လျင်မြန်စွာ ပြန့်ကားလာပြီး ပေဆယ်ချီအကျယ်အဝန်းမှာ ရာချီ ထောင်ချီ သောင်းချီသည်အထိ မျက်စိတစ်မှိတ်အတွင်း ကြီးမားသွားခဲ့သည်။
ပေတစ်သောင်းကျယ်ပြန့်သော ဓားစွမ်းအင်အဟုန်သည် ကောင်းကင်ကိုဖြတ်ပိုင်းကာ ဟင်းလင်းပြင်ကို အဝတ်တစ်စကဲ့သို့ ဆုတ်ဖြဲလိုက်သည်။
တိုက်ပွဲကျင်းပရာပင်လယ်ပြင်သည် ဓားရှည်၏ခုတ်ပိုင်းမှုကို တောင့်မခံနိုင်စွာ ပေသုံးဆယ်မျှကျယ်ဝန်းသော ကွဲအက်ရာတစ်ခု ဖြစ်ပေါ်စေလျက် အချိန်အတော်ကြာသည်အထိ ပြန်လည်စေ့ပိတ်နိုင်စွမ်းမရှိတော့ဟန်ပင်။
အချိန်တစ်ခုမျှကြာပြီးနောက်တွင်မှ ဟင်းလင်းပြင်ကွဲအက်ရာကြီး ပြန်လည်စေ့ပိတ်ကာ ပင်လယ်ရေများ ပြန်လည်ပေါင်းစည်းသွားခဲ့သည်။
ဆရာတော်၏ပုံရိပ်သည်လည်း ပြန်လည်ပေါ်ထွက်လာခဲ့၏။
ပြိုင်ဘက်နှစ်ဦး တိုက်ပွဲကို ဆက်လက်ဆင်နွှဲတော့မည့်အချိန် တိမ်တိုက်များစုစည်းလာပြီး လျှပ်စီးကြောင်းတစ်ခုအား ဆရာတော်အားတည့်တည့်ချိန်ကာ ပစ်ချလာလေသည်။
ဆရာတော်၏ ယခုလေးတင်ပြသလိုက်သော ဓားခုတ်လွှဲချက်မှာ သူ့အား ကပ်ဘေးဖြတ်ကျော်ခြင်း နှောင်းပိုင်းအဆင့်ဆီသို့ ချိုးဖျက်တွန်းပို့လိုက်နိုင်ခြင်းပင်။
"အလို"
ဆရာတော်မှာ အံ့သြမင်သက်သွားခဲ့ရသည်။
ဒီလိုအချိန်မျိုးမှာ ကပ်ဘေးဖြတ်ကျော်ခိုင်းတာဟာ သေခြင်းတရားကိုလက်ယပ်ခေါ်နေတာနဲ့ အတူတူပဲမဟုတ်လား။
သို့သော် ကပ်ဘေးလျှပ်စီးကြောင်းက ဖွဲ့တည်ပြီးဖြစ်ကာ လျှပ်စီးတစ်ချက်ပါ ပစ်ချပြီးဖြစ်တာကြောင့် သူ့တွင် အခြားရွေးချယ်စရာမရှိခဲ့ပါချေ။
ချင်းယွင်ကျိသည်လည်း ပေတစ်သောင်းအကွာမှ ထိုဖြစ်စဥ်ကိုရပ်ကြည့်နေခဲ့ပြီး မည်သည့်လှုပ်ရှားမှုမှမပြုလုပ်ဘဲ စောင့်ဆိုင်းပေးနေခဲ့သည်။
သို့သော် သူ့တွင် တုန်လှုပ်နောက်တွန့်သွားသည့် အမူအရာလည်းမရှိပါချေ။
သူရပ်နေသောအကွာအဝေးမှာလည်း ကပ်ဘေးလျှပ်စီးကြောင်းများဖွဲ့တည်ရာ မိုးတိမ်တိုက်များ၏အောက်တွင် ကျရောက်နေလေသည်။
သို့သော် သူသည် ကပ်ဘေးကိုဖြတ်ကျော်မည့်ကျင့်ကြံသူ မဟုတ်သောကြောင့် လျှပ်စီးကြောင်းများ၏စက်ကွင်းကိုလည်း အဓိကကျင့်ကြံသူလောက်တော့ မခံစားရပါပေ။
အရေးကြီးသည်မှာ သူသည် ဆရာတော်၏ ကပ်ဘေးဖြတ်ကျော်ခြင်းဖြစ်စဥ်ကို ဤမျှနီးနီးကပ်ကပ် စောင့်ကြည့်ခွင့်ရသောကြောင့် ထိုကပ်ဘေးအဆင့်၏ ကောင်းကင်ဘုံလျှို့ဝှက်ချက်များကို သေချာမြင်တွေ့ခွင့်ရလေသည်။ ဤသည်မှာ ကျင့်ကြံသူတစ်ဦးအတွက် ကြီးစွာသောအခွင့်အရေးပင်။
ဆရာတော်ကား ကောက်ခါငင်ခါ ကပ်ဘေးဖြတ်ကျော်ရလေသောကြောင့် ပရိတ်သတ်အပေါင်းလည်း တအံ့တသြဖြစ်ကျန်ခဲ့ကြသည်။
ရှို့ယိဘုရားကျောင်းအဖွဲ့မှာတော့ မျက်နှာထားများ တည်တင်းလေးနက်သွားကြသည်။
ဤတိုက်ပွဲနယ်မြေထက်တွင် အဇူရာတိမ်ဂိုဏ်းအင်အားစုမှာ အလွန်အင်အားကြီးလှကြောင်းမြင်သာသည်။ သူတို့ဘက်တွင်း ချင်းယွင်ကျိတစ်ယောက်လုံးသာမက ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့်ဖြစ်သော သူတော်စင်သခင်နှင့်တကွ မိစ္ဆာကြီးလေးဦးလည်း ရှိနေကြသည်။
ဤအင်အားစုမှာ ဆရာတော်၏ ကပ်ဘေးဖြတ်ကျော်ခြင်းလုပ်ငန်းစဥ်ကို အချိန်မရွေး ဝင်ရောက်စွက်ဖက်နှောင့်ယှက်ကာ ကျင့်ကြံဆင့်တက်ခြင်းကို ကျရှုံးအောင်လုပ်နိုင်သလို အသက်အန္တရာယ်ပေးနိုင်စွမ်းပင် ရှိနေလေသည်။
မိစ္ဆာအဖွဲ့၏အကြည့်များကလည်း ကျန်းယန်ဆီသို့ စုပြုံဆိုက်ရောက်လာကြ၏။
အဲ့ဆရာတော်ကို ခုချိန်ဝင်သတ်ပြီး သူ့ရဲ့တာအိုအသီးအပွင့်ကို အပိုင်သိမ်းလိုက်ကြရအောင်လေ။
ဆရာတော်သည် သူတို့လိုချင်သောရှေ့ဆောင်လမ်းပြ မဟုတ်ပေသည့် သူ၏ဓားသမားစွမ်းရည်မှာ အထင်ကြီးစရာပင် မဟုတ်လော။
ထိုတာအိုအသီးအပွင့်ကို အမတသန့်စင်အမွှေးတိုင်အိုးဖြင့် သန့်စင်ထုတ်လုပ်လို့ရနိုင်သောကြောင့် သူတို့လုယူလိုက်လျှင် အကျိုးအမြတ်များစွာက လက်ကမ်းစောင့်ကြိုနေမည်ပင်။