အခန်း ၄၇၉
Vol. 47 Ch. 479
Chapter 479 ကာကွယ်ရေး အခကြေးငွေ
သူတော်စင်သခင်ကတော့ အခွင့်အရေးကို ကြိုးစားကြည့်ဖို့ စိတ်အားထက်သန်စွာဖြင့် လှုပ်ရှားဖို့ပင် အသင့်ပြင်ပြီးနေပြီဖြစ်သည်။
သူ နောက်ဆုံးအကြိမ် ကပ်ဘေးဖြတ်ကျော်ခဲ့စဥ်ကလည်း ကျောင်းထိုင်ဆရာတော် ဓားကိုဆွဲထုတ်ခဲ့သည်အား သူမမေ့သေး။
ထိုအချိန်က အဇူရာတိမ်ဂိုဏ်း၏ကာကွယ်မှုသာ မရှိခဲ့လျှင် ထိုဆရာတော်သည် သူ၏ကျင့်ကြံဆင့်တက်ခြင်းကို နှောင့်ယှက်ဖျက်ဆီးနိုင်ခဲ့ပေမည်။
ဤတစ်ကြိမ်တွင်တော့ ထိုခံစားချက်ကို တလှည့်ပြန်ပေးဖို့ သူအသင့်ဖြစ်နေလေပြီ။
သို့သော် အဇူရာတိမ်ဂိုဏ်းဘက်ကအခြေအနေကြောင့် သူလှုပ်ရှားစရာပင်မလိုလောက်တော့ဟု ခံစားမိ၏။
သူ့အတွေးတွင် အဇူရာတိမ်ဂိုဏ်းသည် ဤအခွင့်အရေးကောင်းကြီးကို လုံးဝလက်လွှတ်ခံလိမ့်မည်မဟုတ်ဘဲ ရန်သူဂိုဏ်းချုပ်အား ကောင်းကောင်းကြီးဝင်နှက်ပေလိမ့်မည်ဟု။
သူ့အကြည့်သည်လည်း ကျန်းယန်ဆီကျရောက်သွားခဲ့သည်။
ကျန်းယန်သည်လည်း ဤနှစ်ဦး၏တိုက်ပွဲမှသည် ဆရာတော်၏ ကပ်ဘေးဖြတ်ကျော်ခြင်းကို ထိုင်ကြည့်နေရလိမ့်မည်ဟု လုံးဝမျှော်လင့်မထားခဲ့။
အမှန်တော့ ဤအချိန်မှာ ဆရာတော်ကို နောက်ကျောဓားနှင့်ထိုးဖို့ အကောင်းဆုံးသောအခွင့်အရေးသာဖြစ်၏။
သို့သော် ထိုသို့အခွင့်ကောင်းယူခဲ့ပြီး ဘာအကျိုးအမြတ် ရရှိပါလိမ့်မည်နည်း။
အင်အားကြီးရန်သူတစ်ဦးကို ရှင်းထုတ်လိုက်နိုင်ပါမည်လော။
မဖြစ်နိုင်ပေ။ ဤအချိန်တွင် ဆရာတော်အား အလစ်အငိုက်ဖမ်းကာတိုက်ခိုက်လျှင် ဆရာတော်ကို ဝန်းရံစောင့်ကြပ်နေကြသူအပေါင်းလည်း ငြိမ်နေလိမ့်မည်မဟုတ်။ ထိုလူအုပ်ထဲတွင် နှင်းတောင်တန်းအုပ်စုလည်း တစ်ပါတည်းပူးပေါင်းလာပေမည်။
ထို့အပြင် ရှို့ယိဘုရားကျောင်းသည် တစ္ဆေတမန်တော်များ လှုပ်ရှားရာနေရာဖြစ်သော ယွင်မုန့်စိမ့်တောနှင့် ရင်ဆိုင်ရပေဦးမည်။
ထို့ကြောင့် ဆရာတော်ကို လက်ရှိအချိန်တွင် ဝင်ရောက်တိုက်ခိုက်ပါက အဇူရာတိမ်ဂိုဏ်းအတွက် အကျိုးအမြတ်ကြီးကြီးမားမား မရှိလှသည့်ကြား ပြဿနာပါတသီကြီးတက်မည့်ကိန်းပင်။
သို့ဆိုပါက...
"တဆိတ်လောက် စီနီယာတို့၊ ကျွန်တော်နဲ့လိုက်ခဲ့ပါဦး"
ကျန်းယန်က အပြုံးတစ်ခုဖြင့် မိစ္ဆာများကိုပြောလိုက်သည်။
"ကျန်းယန်"
စန်းစုန့်၏အမူအရာကား ရှုပ်ထွေးလျက်ရှိ၏။
ရှို့ယိဘုရားကျောင်း၏ လုပ်ရပ်အတော်များများကို သူရှုံ့ချမိပါသော်ငြား ဆရာတော်ကိုယ်တိုင်ကတော့ အတော်အတန် စင်ကြယ်ဖြောင့်မတ်ကြောင်း ဝန်ခံရမည်ပင်။
ထို့အပြင် သူတို့၏ဂိုဏ်းခွဲ မျိုးဆက်မပြတ်သေးဘဲ ဆက်လက်ရှင်သန်နေနိုင်သေးသည်မှာ ဆရာတော်၏ကျေးဇူးကြောင့်ဟုလည်း ဆိုနိုင်၏။
ဆရာတော်သာမရှိလျှင် သူတို့ဂိုဏ်းခွဲလည်း ပျောက်ကွယ်သွားပြီးလောက်လေပြီ။
ထို့ကြောင့် ဤသို့သောအခြေအနေတွင် အလစ်ဖမ်းဝင်တိုက်ဖို့ထိတော့ သူတွန့်ဆုတ်နေဆဲဖြစ်လေသည်။
"ဆရာအိုကြီး ဘာတွေတွေးနေတာလဲ"
ကျန်းယန်က စန်းစုန့်ကို ခပ်ပေပေကြည့်ပြီးဆိုသည်။
"ဆရာတော်က ကပ်ဘေးဖြတ်ကျော်နေရတာမလို့ ကျွန်တော်တို့သူ့ကို မနှောင့်ယှက်သင့်ဘူးလေ။ ခင်ဗျားကိုကူညီချင်ပေမဲ့ အခုတော့ ရှို့ယိဘုရားကျောင်းဆီကိုအရင်သွားကြရအောင်ပါ။ ခင်ဗျားရဲ့ ငှက်မွေးတံဆိပ်ခန်းမကို ဒီဘက်ပြန်ရွှေ့လို့ရမလား သွားကြည့်မလို့"
"ဒါနဲ့ အဲ့ဒီခန်းမရှိတဲ့တောင်ပေါ်မှာ အဖိုးတန်ဝိညာဥ်ဆေးပင်တွေ သတ္တုပစ္စည်းတွေ ရှိသေးလား။ တောင်တစ်တောင်လုံး ဒီဘက်ရွှေ့လာပစ်လိုက်ရင်ရော ဘယ်လိုလဲ"
စန်းစုန့်မှာ အခိုက်အတန့်မျှကြောင်အသွားပြီး ခပ်မဲ့မဲ့သာပြုံးလိုက်တော့သည်။
ထိုအုပ်စုကား ဆရာတော် လှုပ်ရှားလို့မရသေးသည့်အချိန်ကို အခွင့်ကောင်းယူပြီး ဘုရားကျောင်းကို ဓားပြသွားတိုင်ဖို့ စီစဥ်နေသည်ပင်။
သူလည်း အလိုက်သင့်ပင် ရှင်းပြလိုက်သည်။
"ငါ့တာအိုဘုရားကျောင်းက တန်ဖိုးတစ်ခုတော့ရှိတုန်းပဲဆိုပေမဲ့ တောင်ကတော့ ကတုံးဖြစ်နေပါပြီ။ ငါတို့ဆရာတပည့်တောင် ဒီလောက်မွဲတေနေတာ တောင်ပေါ်မှာ ဘယ်ဝိညာဥ်ဆေးပင်ရှိလိမ့်ဦးမယ်လို့ မင်းထင်နေတာတုန်း။ သူတို့အကုန် တခြားဂိုဏ်းခွဲတွေကယူသွားလို့ ကုန်ပေါ့"
ဆရာတော်၏အခက်အခဲကို အခွင့်ကောင်းယူရမည့်အရေးကိုတော့ သူလက်တွန့်ဆဲပင်။
သို့သော် ရှို့ယိဘုရားကျောင်းကို ဓားပြတိုက်ရမည်ဆိုပြန်တော့လည်း တက်ကြွသွားပြန်၏။
ကျန်းယန်နှင့် မိစ္ဆာအုပ်စုတို့ စတင်လှုပ်ရှားကြသည်ကိုမြင်သော် သူတော်စင်သခင်ပင် အံ့သြသွားရသည်။
ဆရာတော်ကို ဝင်ရောက်တိုက်ခိုက်မည့်အစား တစ်ထီးတည်းကျန်နေသော သူ့ဘုရားကျောင်းကို သွားရောက်ဖျက်ဆီးဖို့ ကြံရွယ်နေလေရော့သလား။
သိပ်တော့ မသင့်တော်လှသလိုပင်။
ရှို့ယိဘုရားကျောင်းမှ တိုက်ပွဲကိုစောင့်ကြည့်နေကြသော ယုစုန့်တို့အဖွဲ့မှာ ကျန်းယန်နှင့်စန်းစုန့်တို့ မိစ္ဆာများခြံရံလျက်ရောက်လာကြသည်အား မြင်သော် အကြီးအကျယ် မျက်နှာပျက်ကုန်ကြသည်။
"မင်းဘာလုပ်ချင်လို့လဲ" ယုစုန့်က အော်မေးလိုက်သည်။
ချင်းစုန့်က နှင်းတောင်တန်းမှအကြီးအကဲတစ်ယောက်ကို သွားရောက်အသနားခံလေသည်။
"စီနီယာ ကျွန်တော့်ကိုကူညီပါဦး"
အကြီးအကဲအိုကြီးမှာတော့ ပြောစရာစကားမရှိဟန်ဖြင့် သူတို့အုပ်စုကို ကူကယ်ရာမဲ့စွာသာ လှမ်းကြည့်နေလေသည်။
မိစ္ဆာလေးကောင်ကို သူဘယ်လိုတိုက်နိုင်ပါ့မလဲ။
သို့သော် မည်သို့ပင်ဖြစ်စေ မဟာမိတ်က အကူအညီတောင်းနေခြင်းဖြစ်သောကြောင့် ရွေးချယ်စရာမရှိစွာ ရှေ့ထွက်ရလေတော့သည်။
"စိတ်အေးအေးထားပါ"
ကျန်းယန်က လက်ကိုအသာယမ်းကာ ယုစုန့်ကိုပြုံးပြလိုက်သည်။
"စန်းစုန့်ရဲ့ ငှက်မွေးတံဆိပ်ခန်းမကို ကျွန်တော်တို့ကိုမပေးချင်သေးဘူးလားလို့ လာမေးရုံပါပဲ"
ချင်းစုန့်က ပက်ခနဲပြန်မေးသည်။
"မင်းတို့ဂိုဏ်းချုပ် နိုင်သွားပြီမလို့လား"
"ခင်ဗျာ" ကျန်းယန်က မျက်ခုံးတစ်ဖက်ပင့်သည်။
"ကျွန်တော့်ဆရာနဲ့ ဆရာတော်နဲ့က အခုထိစီးချင်းထိုးပွဲမှာ ဆက်တိုက်ဖို့စောင့်နေကြတုန်းပါပဲ။ ပွဲကမပြီးသေးဘူးလေ။ စီနီယာပြောပုံအရဆိုရင် ဆရာ့ကိုအခုပဲ တိုက်ပွဲဆက်တိုက်လိုက်ဖို့ သွားတိုက်တွန်းသင့်တာလား"
ချင်းစုန့် ပါးစပ်ပိတ်သွားရသည်။
လက်ရှိအချိန် ချင်းယွင်ကျိသာ လှုပ်ရှားလိုက်လျှင် သူတို့ဆရာတော်မှာ ဒဏ်ရာအနာတရဖြင့်ပင် ပြီးမသွားလောက်ဖို့ အလားအလာရှိသည်။ ကပ်ဘေးဖြတ်ကျော်ဖို့အခွင့်အရေးကိုပင် မဆိုထားနှင့် အသက်ပြန်ပါအောင် မနည်းယူရမည့်အခြေအနေပင်။
ယုစုန့်၏မျက်နှာမှာလည်း ဆိုးရွားစွာပျက်ယွင်းလျက်။ ကျန်းယန်၏ ရည်ရွယ်ချက်ကို သူသိထားပြီးဖြစ်သည်။ သကောင့်သားသည် ဆရာတော် ကပ်ဘေးဖြတ်ကျော်နေစဥ် ဒီဘက်အာရုံမရောက်နိုင်သည်အား အခွင့်ကောင်းယူကာ သူတို့ကို အနုနည်းဖြင့် ဓားပြလာတိုက်နေခြင်းပင်။
ယုစုန့်က အံကိုတင်းတင်းကြိတ်ကာ ခပ်ကြမ်းကြမ်းဆိုသည်။
"အေး ငါကတိပေးတယ်၊ ငှက်မွေးခန်းမဆောင်ကို မင်းတို့ဆီအပိုင်ပေးမယ်"
တခြား ရွေးချယ်စရာလည်း မရှိတော့သည်လေ။
ထို့အပြင် ဆရာတော်သာ ကပ်ဘေးဖြတ်ကျော်လို့ပြီးစီးကာ တိုက်ပွဲကိုအနိုင်ယူနိုင်ခဲ့လျှင် ထိုအဇူရာတိမ်ဂိုဏ်းဆီမှ ခန်းမကို အချိန်မရွေးပြန်ယူလို့ရသည်ဟု တွေးမိလိုက်သောကြောင့်။
ကျန်းယန်က ပြုံးပြုံးကြီးဆိုသည်။
"ကျွန်တော်တို့ဘက်က ခန်းမအပြင် ကာကွယ်ရေးအခကြေးငွေအကြောင်းလည်း ပြောချင်ပါသေးတယ်"
"ဘာ ကာကွယ်ရေးအခကြေးငွေလဲ"
ယုစုန့်မှာ အူကြောင်ကြောင်ဖြစ်သွားရသည်။
ဘာကိုဆိုလိုမှန်း သူတကယ်မသိ။
ကျန်းယန်က လေးလေးနက်နက်ပြောပြလာ၏။
"ကျွန်တော့်ဘေးက စီနီယာမိစ္ဆာလေးယောက်ကို စီနီယာမြင်ပါသလား။ သူတို့အားလုံးက ဆရာတော်ကို ကပ်ဘေးဖြတ်ကျော်ရာမှာဘေးကင်းအောင် ကူညီစောင့်ရှောက်ပေးနေကြတာပါ။ နောက်ပြီး ကျွန်တော့်ရဲ့အလေးစားရဆုံးအကြီးအကဲ သူတော်စင်သခင်ပါ ကူညီပြီးစောင့်ကြပ်ပေးနေရတာ မြင်ပါသလား။ ဆရာတော်ရဲ့ဘေးကင်းလုံခြုံရေးအတွက် စီနီယာတို့ဘက်ကလည်း အခကြေးငွေတစ်ခုတော့ ပြန်ပေးသင့်တာပေါ့"
"ကျွန်တော့်ဘက်က တစ်ခုတော့ သေချာပေါက်ပြောနိုင်တယ်။ ကာကွယ်ရေးအခကြေးငွေ အခုမပေးနိုင်ဘူးဆိုရင် ကျွန်တော်တို့ဘက်က အစောင့်အရှောက်ရုပ်သိမ်းလိုက်မှာဖြစ်တဲ့အတွက် ဆရာတော် ကပ်ဘေးဖြတ်ကျော်နေတုန်း ဘာမဆိုဖြစ်သွားနိုင်တယ်ဆိုတာပါပဲ။ တကယ်ဖြစ်မှ ကျွန်တော့်အပြစ်လို့ မဆိုပါနဲ့"
ဒါကြီးကသူတို့ကို ပေါ်တင်ခြိမ်းခြောက်နေတာပဲ မဟုတ်ဘူးလား။
ဒီကျင့်ကြံရေးလောကမှာ ဒီလောက်အရှက်မရှိ မျက်နှာပြောင်တဲ့လူ ဘယ်လိုလုပ်ရှိနေရတာလဲ။
ယုစုန့်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ရှူကာ စိတ်လျှော့လိုက်ပြီး ဆိုသည်။
"ဟုတ်ပြီ အဲ့ဒီကာကွယ်ရေးအခကြေးငွေက ဘယ်လောက်ကျမလဲ"
ကျန်းယန်ဘက်က ခြိမ်းလုံးခြောက်လုံးထုတ်ထားပြီးပြီဆိုမှတော့ သူတို့ဘက်ကလည်း လိုက်လျောရပေတော့မည်။ ငြင်းထုတ်လိုက်လို့ ပြဿနာတစ်ခုခုတက်သွားပါက ပြန်ပြင်ဖို့အချိန်မီတော့မည် မဟုတ်ပေ။
"စီနီယာမိစ္ဆာတွေရဲ့အဆင့်အတန်းက အလွန်မြင့်မြတ်သန့်စင်တယ်၊ ကျွန်တော်တို့ သူတော်စင်ဦးလေးဆိုတာကလည်း စီနီယာတို့သိတဲ့အတိုင်းပဲ။ ဒီလိုလူတွေက တကူးတကလာရောက်စောင့်ကြပ်ရတဲ့ အခြေအနေဆိုတော့ အခကြေးငွေကလည်း နိမ့်နေလို့မဖြစ်ဘူးနော"
ကျန်းယန်က အတည်ပေါက်တွက်ချက်ပြလာလေသည်။
"တစ်ယောက်ချင်းစီအတွက် အခကြေးငွေ ထိပ်တန်းဝိညာဥ်ကျောက်တုံးနှစ်ဆယ်စီနဲ့ ကပ်ဘေးဖြတ်ကျော်ခြင်းဆေးရည်တစ်ပုလင်း ဆိုရင်ရော အရမ်းများနေလောက်မလား"
ယုစုန့်မှာ ပါးစပ်မှလွှတ်ခနဲဆဲမိတော့မလို ဖြစ်သွားသည်။ မင့်ဟာက တော်တော်ကြီးလွန်နေပြီမဟုတ်လား။
ထိပ်တန်းအဆင့်ဝိညာဥ်ကျောက်တုံး တစ်ရာကိုအသာထားပါဦး၊ ကပ်ဘေးဖြတ်ကျော်ခြင်းဆေးရည်က ဘာလို့ပါရဦးမှာလဲ။
ထိုဆေးရည်မှာ ရှို့ယိဘုရားကျောင်း၏ တန်ဖိုးကြီးရတနာတစ်ပါးဖြစ်လေရာ သူတို့တွင်ပင် များများစားစားမရှိလှပေ။
"စီနီယာများခင်ဗျာ၊ ကာကွယ်ရေးအခကြေးငွေ ပေးဖို့ဆန္ဒရှိပါသလား"
ကျန်းယန်က ယုစုန့်နှင့်ချင်းစုန့်ကို အပြုံးမပျက်မေးလေသည်။
"စီနီယာတို့ မြန်မြန်တော့ဆုံးဖြတ်သင့်ပြီထင်တယ်နော၊ အချိန်ကြာလာလေ အထင်လွဲစရာတွေလည်း များလာနိုင်လေလေ ဆိုတော့"
ယုစုန့်နှင့် ချင်းစုန့်တို့မှာ အသံပင်ထွက်မလာနိုင်တော့။
ကျန်းယန်သည် မျက်ခုံးတစ်ဖက်ပင့်ပြီး ဂူဒူအာဘက်လှည့်ကြည့်လာ၏။
"စီနီယာတို့ရေ၊ ကြည့်ရတာတော့ တစ်ဖက်က ကျွန်တော်တို့ရဲ့အကာအကွယ်ကို သိပ်လက်မခံချင်တဲ့ပုံပေါ်တယ်။ ဒီလိုဆိုမှတော့ စီနီယာတို့လည်း တာဝန်ကိုလွှတ်ချပြီး စိတ်ရှိသလို ပေါ့ပေါ့ပါးပါးလျှောက်သွားလို့ရပါပြီခင်ဗျာ"
မိစ္ဆာလေးဦးမှာ မျက်နှာသေကြီးများဖြင့် ဘာစကားပြန်ပြောရမှန်းမသိဘဲ ငြိမ်ရပ်နေမိကြသည်။
ဒါက ပေါ်တင်ကြီးခြိမ်းခြောက်နေတာပဲ မဟုတ်လား။
ငါတို့မိစ္ဆာတွေတောင် တစ်ခါမှဓားပြမတိုက်ဖူးဘူးကွ။
သို့သော် မိစ္ဆာများ၏ မပြောင်းလဲသောမျက်နှာအမူအရာက ယုစုန့်နှင့်ချင်းစုန့်ကို ပို၍ပင်ကြောက်လန့်သွားစေဟန်တူ၏။ ယုစုန့်က အမြန်ပြန်ပြောလာသည်။
"ပေးမယ်၊ အကုန်ပေးမယ် ဟုတ်ပြီလား၊ ကာကွယ်ရေးကိုသာ ဆက်လုပ်ပေးကြပါ"
"ကောင်းလိုက်လေ"
ကျန်းယန်က ခေါင်းတညိတ်ညိတ်ဖြင့် ပြုံးရွှင်လို့နေသည်။
"ဒါဆိုလည်း စီနီယာတို့အခုပဲ အမြန်သွားပြီး ပိုက်ဆံပြေးယူလို့ရပါပြီခင်ဗျာ၊ တိုက်ပွဲကို ကျွန်တော်တို့ဆက်စောင့်ကြည့်ထားလိုက်ပါမယ်"
"ကပ်ဘေးဖြတ်ကျော်ခြင်း နှောင်းပိုင်းအဆင့်ကိုတက်ဖို့က တစ်ရက်လောက်တော့ကြာတတ်တယ်နော"
"စီနီယာတို့ရဲ့ ကျင့်ကြံဆင့်အရ ဘုရားကျောင်းနဲ့ဒီ အသွားအပြန်ဆိုရင် တစ်ရက်လောက်တော့ ကြာလိမ့်မယ်ထင်တယ်"
"တစ်ရက်အတွင်းမှ ဘာတစ်ခုမှမမြင်ရရင်တော့ ကျွန်တော်တို့ဘက်ကလည်း ရိုင်းပျပြုမူမိတာတွေရှိလာနိုင်ကြောင်း ကြိုအသိပေးပါရစေ"
"စီနီယာတို့ ဘာပြောစရာရှိပါသေးလဲ"
ယုစုန့်နှင့် ချင်းစုန့်မှာ ကျန်းယန်ကို စားမတတ်ဝါးမတတ်သာ စိုက်ကြည့်နေကြသည်။ သူတို့ဘဝတွင် ဤမျှရွံရှာဖွယ်ကောင်းသည့်လူမျိုး တစ်ခါမှမမြင်စဖူး။
"စီနီယာတို့ မြန်မြန်သွားကြရင်ကောင်းမယ်နော၊ အချိန်ကြာလေလေ မကောင်းတာတွေ ဖြစ်လာနိုင်လေလေမလိုပါ"
ကျန်းယန်က စာနာစွာ အကြံပြုလာသည်။
"မင်းစောင့်နေလိုက်ပါ"
ယုစုန့်၏စကားက အဓိပ္ပာယ်နှစ်ခွပါသည်။ ထို့နောက် ချင်းစုန့်ကိုခေါ်ကာ ရှို့ယိဘုရားကျောင်းဆီသို့ အမြန်ခရီးနှင်ပျံသန်းသွားလေတော့၏။
သူတို့နှစ်ဦး ထွက်သွားပြီးမကြာမီ သူတော်စင်သခင်က ထူးထူးဆန်းဆန်းမျက်နှာပေးဖြင့်ချဥ်းကပ်လာကာ အဓိပ္ပာယ်အပြည့်ဖြင့်ဆိုသေလည်။
"ကောင်လေး ငါ့ဝေစုချန်ထားဦးနော်"
"ဝေစုဆိုတာ ဘာကိုဆိုလိုတာလဲခင်ဗျာ"
ကျန်းယန်က တအံ့တသြဟန်ဖြင့် ပြန်မေးလေသည်။
"သူတော်စင်ဦးလေး ဘာအကြောင်းကိုပြောနေတာလဲ ရှင်းပြလို့ရမလား"
"ဝိညာဥ်ကျောက်တုံးတွေမယူဘူး။ အဲ့ဒီ ကပ်ဘေးဖြတ်ကျော်ခြင်းဆေးရည်ကိုသာ ငါ့ကိုပေး ကြားလား"
သူတော်စင်သခင်က စိတ်တိုတိုဖြင့် တည့်တိုးပြောလာသည်။
ကျန်းယန်က ခေါင်းကိုသာယမ်းလေသည်။
"ကျွန်တော်တို့ဆီမှာ ကပ်ဘေးဖြတ်ကျော်ခြင်းဆေးရည်မရှိတာ အမှန်ပါခင်ဗျာ။ သူတော်စင်ဦးလေးလိုချင်ရင် ရှို့ယိဘုရားကျောင်းဆီသွားတောင်းကြည့်ပါလား။ ရချင်ရမှာပေါ့"
"မင်း..."
ဤသို့ဖြင့် သူတော်စင်သခင်လည်း ပါးစပ်ပိတ်သွားရပြန်၏။