← Chapters

အခန်း ၄၈၁

Vol. 47 Ch. 481

အခန်း ၄၈၁

Vol. 47 Ch. 481

Chapter 481

အဇူရာတိမ်ဂိုဏ်းသို့ ပြန်ရောက်လာပြီးနောက် ဂိုဏ်းချုပ်ချင်းယွင်ကျိသည် သီးသန့်ကျင့်ကြံခြင်းထဲသို့ ချက်ချင်းဝင်ရောက်သွားလေတော့၏။

သူသည် ကျောင်းထိုင်ဆရာတော်၏ကပ်ဘေးကို မျက်မြင်ကိုယ်တွေ့စောင့်ကြည့်ရာမှ ရရှိခဲ့သော အသိအမြင်များကို အသုံးပြု၍ မိမိ၏ မဟာတာအိုစွမ်းအားကို ပိုမိုမြှင့်တင်လိုခြင်းဖြစ်သည်။

စန်းစုန့်က ကျန်းယန်ကိုမေးလာသည်။

"ငါ့တာအိုကျောင်းတော်ကို ဘယ်နားထားရမလဲဟေ"

ကျန်းယန်က တစ်ခဏမျှစဥ်းစားပြီးမှ ပြန်ဖြေလာသည်။

"ဆရာအိုကြီး ခင်ဗျားကျောင်းတော်ကို ဂိုဏ်းထဲထားလို့တော့ မကောင်းဘူးထင်တယ်နော"

"ကျွန်တော် ချင်းယွင်မြို့တော်ထဲက အဇူရာတိမ်ဂိုဏ်းနဲ့ နီးတဲ့နေရာတစ်ခုမှာ ခင်ဗျားအတွက် ကျောင်းတော်ဆောက်ဖို့ နေရာရှာပေးမယ်၊ ဘယ်လိုလဲ"

"ဟမ်"

စန်းစုန့်က ကျန်းယန်ကို ထူးဆန်းသလိုကြည့်လာသည်။

ကျန်းယန်က ခပ်ပြုံးပြုံးရှင်းပြ၏။

"ကျွန်တော်တို့ကြား ဒီလောက်ရင်းနှီးနေကြပြီပဲ။ ခင်ဗျားတို့ဆရာတပည့် အဇူရာတိမ်ဂိုဏ်းကို ဘယ်အချိန်နေနေ လာလည်လို့ရတယ်။ ဆွေမျိုးနီးစပ်အိမ်ကို အလည်သွားသလိုသာ သဘောထားစမ်းပါ"

"နောက်တစ်ခုရှိတာက ခင်ဗျားက ဘယ်လိုပဲဂိုဏ်းထဲကထွက်ပါပြီဆိုဆို လူတွေကတော့ခင်ဗျားကို ရှို့ယိဂိုဏ်းသားအဖြစ်နဲ့ပဲ မြင်ကြဦးမှာ"

"တကယ်လို့ ခင်ဗျားသာ အဇူရာတိမ်ဂိုဏ်းထဲကို ဒီအတိုင်းဝင်လာမယ်ဆိုရင် ဂိုဏ်းသစ္စာဖောက်ဆိုတဲ့နာမည်ဆိုး ထွက်လာနိုင်တယ်၊ ဒါက ခင်ဗျားတို့ ဆရာတပည့်နှစ်ယောက်လုံးအတွက် မကောင်းဘူး။"

"အခု ခင်ဗျားက ကျောင်းတော်အသစ်ကို ချင်းယွင်မြို့တော်မှာအခြေစိုက်လိုက်မယ်ဆိုရင် ခင်ဗျားအနေနဲ့ ရှို့ယိကျောင်းတော်နဲ့သဘောထားကွဲလွဲလို့ ကိုယ်ပိုင်ဂိုဏ်းခွဲတစ်ခု သက်သက်ထူထောင်လိုက်တဲ့သဘောပဲ ဖြစ်သွားမယ်။"

"ဒီတိုင်းဆို ဒီလောကမှာ ဘယ်သူမှ ခင်ဗျားတို့ကို သစ္စာဖောက်တွေလို့ လက်ညှိုးထိုးစွပ်စွဲလို့မရတော့ဘူး"

"နောက်ပြီး ခင်ဗျားတို့ဆရာတပည့်က နောင်အနာဂတ်မှာ အမွေအနှစ်တွေ သင်ကြားပို့ချလက်ဆင့်ကမ်းဖို့ သေချာပေါက် အစီအစဥ်ရှိကြတယ်မဟုတ်လား"

"ခင်ဗျားရဲ့အမွေအနှစ်ပညာတွေကို ဆက်ခံရရှိထားတဲ့ ခင်ဗျားတပည့်တွေအားလုံး အဇူရာတိမ်ဂိုဏ်းသားလို့ပဲ နာမည်ခံရမယ်ဆိုရင် ခင်ဗျားဘက်က မဖြစ်မနေမလို့ လက်ခံပေးရရင်တောင် စိတ်ထဲက အလုံးစုံကျေနပ်ပါ့မလား"

"ခင်ဗျားအခုလည်း ချင်းယွင်မြို့တော်သားဖြစ်နေပြီပဲ။ ကိုယ်ပိုင်ဂိုဏ်းတစ်ခုတည်ထောင်ပြီး ကိုယ်ပိုင်နာမည်ကို စိုက်ထူစမ်းပါ"

"ဒါကြောင့်ခင်ဗျားတာအိုကျောင်းတော်ကို တခြားမှနေရာချဖို့ အကြံပေးတာ"

"ဒါပေမဲ့ အဇူရာတိမ်တောင်ထွတ်ပေါ်က ခင်ဗျားတို့အိမ်ကလည်း အဲ့အတိုင်းပဲရှိနေမှာ၊ နေချင်တဲ့အချိန် လာနေလို့ရတယ်"

စန်းစုန့်က မတတ်သာသလိုရယ်ကာ‌ ခေါင်းယမ်းလျက်ဆိုလေသည်။

"ဒီကောင်စုတ်လေးကတော့ တကယ်ပဲ... အခုလိုမှတော့ ငါဘာပြန်ပြောနိုင်တော့မလဲကွာ"

တစ်ဖက်ဂိုဏ်းမှာ သူ့အတွက် အရာရာကို ထည့်သွင်းတွက်ချက်စီစဥ်ပေးလာသောကြောင့် သူ့ဘက်က မည်သို့ငြင်းဆိုကန့်ကွက်နိုင်မည်နည်း။

"ချင်းယွင်မြို့တော်မှာ တစ်ကိုယ်တော်လေလွင့်ကျင့်ကြံသူတွေ သိန်းချီရှိပါတယ်၊ ဒီလေလွင့်ကျင့်ကြံသူအချို့ထဲမှာ တာအိုကျင့်ကြံဖို့ ပါရမီအပြည့်ပါတဲ့သူတွေ ရှိကြတယ်"

ကျန်းယန်က ဆက်ပြောသည်။

"သူတို့က တာအိုတရားကိုရှာဖွေဖို့ အတိတ်က အခွင့်အရေးအပြည့်အဝမရခဲ့ကြလို့သာ ဒီလိုဘဝရောက်နေကြတာပါ"

"ချင်းယွင်မြို့တော်မှာ တာအိုကျောင်းတော်တည်ပြီးတာနဲ့ ခင်ဗျားစပြီး တပည့်လက်ခံလို့ရပြီ။ ဘယ်ပြောနိုင်မလဲ၊ ရွက်ပုန်းသီးလေးတွေ ရောက်လာနိုင်တာပဲလေ"

"ကောင်းပြီ၊ မင်းပြောတဲ့အတိုင်းပဲလုပ်ကြတာပေါ့"

စန်းစုန့်က သဘောတူကာ ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် ကျန်းယန်သည် စန်းစုန့်ကာ ကျန်းကျစ်ချိုးဆီသို့ ခေါ်ဆောင်သွားတော့၏။

ချင်းယွင်မြို့တော်အတွင်း သင့်တော်သည့်နေရာကို စိတ်ကြိုက်ရှာဖွေပြီးနောက် နောက်ဆုံးတွင် စန်းစုန့်၏ကျောင်းတော်ကို ချင်းလုံရပ်ကွက်တွင်တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ကြသည်။

စန်းစုန့်သည် ငှက်မွေးတံဆိပ်တော်ခန်းမဆောင်ကို လက်စွပ်တွင်းမှထုတ်ယူကာ ချင်းယွင်မြို့တော်အတွင်း နေရာချထားပြီးနောက် ခန်းမဆောင်ပတ်ဝန်းကျင်ရှိ မြေနေရာများကိုလည်း ကိုယ်တိုင်စီမံခန့်ခွဲကာ ပြင်ဆင်ဆောက်လုပ်စေသည်။

"ဆရာအိုကြီး၊ ခင်ဗျားကျောင်းတော်ကို နာမည်တစ်ခုပေးဦးလေ"

ကျန်းယန်က စန်းစုန့်ကို အလေးအနက်သတိပေးလာသည်။

ထိုစကားကိုကြားချိန်တွင် ဆရာအိုကြီးလည်း အလွန်လေးနက်တည်ကြည်သွားခဲ့ရ၏။

အဘယ်ကြောင့်ဆိုသော် ဤအရာမှာ ကျောင်းတော်တစ်ခုအား နာမည်ပေးရုံမျှသာမဟုတ်ဘဲ သူ၏ ကိုယ်ပိုင် ဂိုဏ်းခွဲအသစ်တစ်ခုကို စတင်တည်ထောင်ခြင်းဖြစ်သောကြောင့်ပင်။

ဤတာအိုကျောင်းတော်သစ်၏ အမည်နာမသည် နောင်နှစ်ပေါင်းများစွာ လက်ဆင့်ကမ်းသွားမည့် ဂိုဏ်းအမည်နာမပင်။

အချိန်တစ်ခုမျှ တိတ်ဆိတ်တွေးတောပြီးနောက် စန်းစုန့်က လေးနက်သောအသံဖြင့်ကြေညာသည်။

"ငါတို့အခု ချင်းလုံရပ်ကွက်မှာနေရာချလိုက်ပြီဆိုတော့ ကျောင်းတော်ကိုလည်း အခုကစပြီး ချင်းလုံကျောင်းတော်လို့ခေါ်ကြတာပေါ့"

"ဟုတ်ပြီ" ကျန်းယန်က ခေါင်းညိတ်လိုက်သည်။

ဤသည်မှာ စန်းစုန့်၏တာဝန်ဖြစ်သောကြောင့် မည်သူတစ်ဦးတစ်ယောက်မှ ဝင်ရောက်စွက်ဖက်အကြံပေးစရာ မရှိပါချေ။

"ဒါဆို ကျန်တာတွေကိုယ့်ဘာသာပဲဆက်လုပ်လိုက်ပါဦး၊ ဆရာအိုကြီး"

ကျန်းယန်က စန်းစုန့်ပုခုံးကိုပုတ်ကာ ဆိုသည်။

"ခင်ဗျား ချင်းလုံကျောင်းတော်ကိုဖွင့်လှစ်ဖို့ နေ့ကောင်းရက်သာတစ်ခုရွေးပြီးတာနဲ့ ကျွန်တော့်ဆရာနဲ့ ဦးလေးတွေကိုခေါ်ပြီး ဖွင့်ပွဲအခမ်းအနားလာတက်ပါဦးမယ်"

"ကောင်စုတ်လေး၊ ငါ့ဖို့လက်ဆောင်တော့ပါအောင်ယူခဲ့နော်"

စန်းစုန့်က အရေးတကြီးမှာကြားလာသည်။

"လက်ဆောင်ကသာမန်တော့မဖြစ်စေနဲ့၊ ငါအံ့သြသွားရလောက်အောင် ကြီးကျယ်တာမျိုးယူခဲ့"

"မစိုးရိမ်ပါနဲ့၊ ခင်ဗျား စိတ်ကျေနပ်ရစေ့မယ်"

ကျန်းယန်က ပြုံးရွှင်စွာ ကတိပေးသည်။

ထို့နောက် အဇူရာတိမ်ဂိုဏ်းသို့ ပြန်လှည့်လာခဲ့တော့လေ၏။

တစ်ဖက်တွင်မူ စန်းစုန့်သည် သူ၏ ချင်းလုံကျောင်းတော် ပြုပြင်မွမ်းမံရေးကိစ္စရပ်များဖြင့် အလုပ်ရှုပ်နေခဲ့သည်။

ယခုအချိန်မှစ၍ သူသည် ချင်းလုံကျောင်းတော်၏ တရားဝင် ကျောင်းထိုင်ဆရာတော်ဖြစ်လာပြီး ကျောင်းတော်တစ်ခုလုံးကို စီမံခန့်ခွဲရတော့မည်ဖြစ်သည်။

သုံးရက်ကြာပြီးနောက် ရှို့ယိကျောင်းတော်၏ သတင်းစာမှတစ်ဆင့် ၎င်းတို့၏ဂိုဏ်းချုပ်ကြီးသည် ကပ်ဘေးဖြတ်ကျော်ခြင်း နှောင်းပိုင်းအဆင့်သို့ ချိုးဖျက်တက်ရောက်သွားခဲ့ပြီဖြစ်ကြောင်း လူသိရှင်ကြား ကြေညာခဲ့သည်။

အခြားသော ဂိုဏ်းဂဏကြီးများမှာတော့ တိုက်ပွဲတွင် အနီးကပ်စေလွှတ်ထားခဲ့သော ဂိုဏ်းကိုယ်စားလှယ်များထံမှ ကျောင်းထိုင်ဆရာတော်၏ ကပ်‌ဘေးဖြတ်ကျော်ခြင်းအကြောင်း ကြားသိခဲ့ရပြီးဖြစ်၏။

ပြည်သူအများစုမှာတော့ ထိုသတင်းထူးကို ယခုမှ သတင်းစာများကတစ်ဆင့် ကြားသိရခြင်းဖြစ်လေသည်။

လောကတစ်ခုလုံး အုန်းအုန်းကျွက်ကျွက် ဖြစ်သွားခဲ့သည်။

သူတော်စင်သခင်သည်ပင် မကြာသေးခင်ကမှ ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းသို့ တက်ရောက်ထားနိုင်ခဲ့ခြင်းဖြစ်ကာ ယခုတော့ ဆရာတော်သည်လည်း ထိုအဆင့်ဆီသို့ မဆိုင်းမတွ အမီလိုက်နိုင်ခဲ့လေပြီလော။

နောက်ပြီးတော့ ဒီရက်ပိုင်းအတွင်းကမှ ရှို့ယိကျောင်းထိုင်ဆရာတော်နဲ့ အဇူရာတိမ်ဂိုဏ်းချုပ်တို့ စီးချင်းထိုးပွဲရှိလိမ့်ဦးမယ်လို့ ကြားခဲ့ရသေးတယ်မဟုတ်လား။

တိုက်ပွဲအဆုံးအဖြတ်ရလဒ်ကရော ဘာများပါလိမ့်။

လူတိုင်း နားမလည်နိုင်စွာ အံ့ဩရသည်မှာတော့ မည်သည့်ဘက်ကမျှ ထိုအဆုံးအဖြတ်တိုက်ပွဲအကြောင်းကို ထုတ်ဖော်ပြောဆိုခြင်း မရှိကြခြင်းပင်။

သို့သော်လည်း စစ်စစ်ပေါက်ပေါက် စပ်စုရှာဖွေတတ်သူအချို့ကတော့ သတင်းစာထဲတွင် ရှို့ယိကျောင်းတော်၏ တပည့်ဖြစ်သူစန်းစုန့်သည် အဇူရာတိမ်ဂိုဏ်းသို့ ဝင်ရောက်သွားခဲ့ခြင်းအား ပြစ်တင်ရှုတ်ချထားသော သတင်းစကားတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြ၏။

ထိုသတင်း၏နောက်ကွယ်မှ အကြောင်းအရင်းအမှန်ကို အများပြည်သူက မသိရှိကြသော်လည်း လူအများစုကတော့ စန်းစုန့်ကို သစ္စာဖောက်တစ်ဦးအဖြစ်သာ သတ်မှတ်လိုက်ကြသည်။

ဤသို့ဖြင့် အချိန်တိုအတွင်းမှာပင် စန်းစုန့်တို့ဆရာတပည့်၏ ဂုဏ်သတင်းကာ လွန်စွာဆိုးရွားပျက်ပြားသွားခဲ့လေတော့၏။

ချင်းယွင်မြို့တော်တွင်းတွင်ပင် လူအများက စန်းစုန့်ကို ရွံရှာဖယ်ကျဥ်လာကြတော့သည်။

ခုနစ်ရက်ကြာပြီးနောက်တွင် စန်းစုန့်၏ ချင်းလုံကျောင်းတော်တည်ဆောက်ခြင်း ပြီးစီးသွားခဲ့သည်။

အဇူရာတိမ်ဂိုဏ်းမှ မရေမတွက်နိုင်သော ဂိုဏ်းသားအများအပြားက ချင်းလုံကျောင်းတော်ဆီသို့ စည်ကားသိုက်မြိုက်စွာလာရောက်ကာ ဂုဏ်ပြုစကားဆိုကြလေသည်။

ကျောင်းတော်ဖွင့်ပွဲကို အကြောင်းပြု၍ ချင်းယွင်ကျိသည် စန်းစုန့်ထံသို့ စိတ်ဝိညာဉ်ထိန်းချုပ်ကန့်သတ်ခြင်းကိုလည်း ပြန်လည်လွှဲပြောင်းပေးခဲ့သည်။

နောက်ဆုံးတော့ စန်းစုန့်တစ်ယောက် ရှို့ယိကျောင်းတော်မှ အပြီးအပိုင်ထွက်ခွာပြတ်စဲခဲ့လေပြီ။

ထို့နောက် အဇူရာတိမ်ဂိုဏ်းသည် ဤအကြောင်းအရာများကို ဂိုဏ်းထုတ်သတင်းစာတွင် ထည့်သွင်းဖော်ပြခဲ့သည်။

ထိုအချိန်တွင်မှ တစ်လောကလုံးသည် စန်းစုန့်တစ်ယောက် အဇူရာတိမ်ဂိုဏ်းထဲသို့ဝင်ရောက်သွားခြင်း မဟုတ်ပါဘဲ ကိုယ်တိုင်ကျောင်းတော်တစ်ခုထူထောင်လိုက်ခြင်းဖြစ်ကြောင်း နားလည်သွားခဲ့ကြ၏။

"ရှို့ယိကျောင်းတော်က စန်းစုန့်က ဂိုဏ်းကိုသစ္စာဖောက်ပြီး အဇူရာတိမ်ဂိုဏ်းထဲဝင်သွားတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။ ဒါဆို ချင်းလုံကျောင်းတော်က ဘယ်ကနေရောက်လာတာလဲ"

"ရှို့ယိကျောင်းတော်က ဘာတွေလျှောက်ပြောနေတာလဲ"

ထိုအချိန်တွင် နေရာဒေသအနှံ့မှ မရေမတွက်နိုင်သောလူအပေါင်းသည် ရှို့ယိကျောင်းတော်၏သတင်းစာအပေါ် ယုံကြည်စိတ်ချမှုများ တစ်ဖန်လျော့နည်းသွားကြပြန်၏။

အမှန်တော့ ရှို့ယိကျောင်းတော်တွင်းမှလူတိုင်းလည်း အံ့သြသွားခဲ့ကြရသည်ပင်။

သူတို့သည်လည်း စန်းစုန့်တစ်ယောက် အဇူရာတိမ်ဂိုဏ်းအတွင်းသာ ဝင်ရောက်သွားပေမည်ဟု ကြိုတွက်ထားပါသော်ငြား မမျှော်လင့်စွာပင် တစ်ဖက်လူက ကိုယ်ပိုင်ဂိုဏ်းကို အခြေချတည်ထောင်လိုက်လေသည်။

စန်းစုန့် ကိုယ်ပိုင်ဂိုဏ်းထောင်သည့်သတင်းကိုကြားသော် ရှို့ယိကျောင်းတော်မှလူများလည်း ဆရာတော်၏အတွေးကိုသိရဖို့ စောင့်ဆိုင်းရုံသာ တတ်နိုင်တော့လေသည်။

ဆရာတော်မှာ စီးချင်းထိုးပွဲမှပြန်လာအပြီးကတည်းက ယာယီသီးသန့်ကျင့်ကြံခြင်း ဝင်ရောက်နေသဖြင့် လတ်တလောအတွင်းတော့ သူ့ဆီမှ ဘာမှကြားရဖို့မရှိသေး။

ချင်းလုံကျောင်းတော်ကို အပြီးအစီးတည်ထောက်ပြီးနောက် စန်းစုန့်သည် ကျောင်းတော်သစ်ကိုပစ်ကာ အဇူရာတိမ်ဂိုဏ်းအတွင်း၌သာ သီးသန့်ကျင့်ကြံခြင်း ဝင်ရောက်နေလေတော့သည်။

"ဆရာအိုကြီး၊ ခင်ဗျား ချင်းလုံ‌ကျောင်းတော်သစ်ကိုရော ဂရုမစိုက်တော့ဘူးလား"

ကျန်းယန်က တအံ့တသြမေးလေသည်။

"ခင်ဗျားကျောင်းတော်သစ်ရဲ့ အနာဂတ်အစီအစဥ်တွေကိုရော ဘယ်လိုဆက်လုပ်ဖို့စဥ်းစားထားလဲ"

"ငါက အမွေဆက်ခံသူတောင်ရှာထားပြီးပြီ"

စန်းစုန့်က အေးအေးဆေးဆေးသာ ပြန်ပြောလေသည်။

သူ့တွင် ချင်းရှုဟူသောတပည့်တစ်ယောက် ရှိထားသည်လေ။

"ဒီ‌တော့ တပည့်ခန့်အပ်ရေးတွေလည်း ချင်းရှုပဲတာဝန်ယူမှာလား"

ကျန်းယန်မှာ ပြောစရာစကားပင်ရှာမတွေ့တော့။

လူတို့ကား တူရာတူရာစုတတ်သည်မှာ သံသယဖြစ်ဖွယ်မရှိ။

အဇူရာတိမ်ဂိုဏ်းမှ ဆရာအိုကြီးများသည်လည်း ဂိုဏ်းကိစ္စ စီးပွားရေးကိစ္စဆိုလျှင် ဘာတစ်ခုမှအာရုံထဲထည့်ခဲ့သည်မဟုတ်။

ယခုတော့ ဆရာအိုကြီးစန်းစုန့်သည်လည်း တပည့်ငယ်လေးဆီ တာဝန်အားလုံးလွှဲပြောင်းပေးအပ်ကာ ခေါင်းအေးအေးထားဖို့ကြံနေလေပြီ။

"ဘာပဲဖြစ်ဖြစ် ချင်းလုံကျောင်းတော်ရဲ့ နောက်ဆက်တွဲကိစ္စတွေက ငါနဲ့မဆိုင်တော့ဘူး"

စန်းစုန့်က ပြုံး၍ဆိုသည်။

ဘေးတွင်ရပ်နေသော ချင်းရှုမှာလည်း ပြောစရာစကားပျောက်နေရ၏။

"ကျွန်‌တော်လည်းအခုမှ ဝိညာဥ်အခြေတည်အဆင့်ပဲရှိသေးတာမလို့ တပည့်တပန်းခေါ်ဖို့ကိုတော့ မလောသေးပါဘူး"

ချင်းရှုကဆိုသည်။

"အမွေဆက်ခံမယ့်အကြောင်းတွေလည်း နောက်မှပြောကြရအောင်ပါ ဆရာရာ"

ကျန်းယန်သည် ဤဆရာတပည့်နှစ်ယောက်အတွက် ချင်းလုံကျောင်းတော်ကို တည်ဆောက်ထူထောင်ပေးခဲ့ရသည့်အပြင် ထိုကျောင်းတော်အတွက် ဆရာဖြစ်သူပါ စီးချင်းထိုးတိုက်ပွဲဝင်ခဲ့ရသည့် ကိစ္စအထိ ခရီးရောက်သွားလိမ့်မည်ဟု လုံးဝမမျှော်လင့်ခဲ့။

သို့သော် ဤမျှအထိခရီးဆက်လာရပြီး နောက်ဆုံးတွင်တော့ ဆရာတပည့်နှစ်ယောက်သားကား ဘာကိုမှခေါင်းထဲမထားဘဲ အေးဆေးပေါ့ပါးလွန်းနေကြသည်သာ။

ကျန်းယန် ခေါင်းသာယမ်းလိုက်တော့သည်။ သူသည်လည်း ဒီကိစ္စကို ခေါင်းလေးခံမတွေးလိုတော့။

ထို့နောက် လျူမင်ကို နောက်ဆုံးထွက် ထိပ်တန်းအဆင့်သတ်မှတ်ချက်ဇယားကို ထုတ်ပြန်ခိုင်းလိုက်သည်။

ကျောင်းထိုင်ဆရာတော်သည် ကပ်ဘေးဖြတ်ကျော်ခြင်း နှောင်းပိုင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး သူတော်စင်သခင်သည်လည်း ထိုအဆင့်သို့ တက်လှမ်းခဲ့ပြီးဖြစ်ရာ အဆင့်သတ်မှတ်ချက်ဇယားအသစ်ကို ထုတ်ပြန်ရန် အချိန်တန်ပြီဖြစ်သည်။

နောက်ဆုံးထွက်ပေါ်လာသော ထိပ်တန်းအဆင့် သတ်မှတ်ချက်ဇယားတွင် နံပါတ်တစ်နေရာမှာ ကျိုးရွှမ်ရှန့်နေရာတွင် ကျောင်းထိုင်ဆရာတော် အစားထိုးဝင်ရောက်လာခဲ့သည်။

ကျောင်းထိုင်ဆရာတော် နံပါတ်တစ်ရရှိရခြင်း အကြောင်းအရင်းမှာ အလွန်ခိုင်လုံလှပေသည်။ အဘယ်ကြောင့်ဆိုသော် ကျောင်းထိုင်ဆရာတော်သည် နှစ်ရာချီဝါရင့် ဓားကျင့်ကြံသူတစ်ဦးဖြစ်ပြီး ဓားကျင့်ကြံသူများသည် တိုက်ရည်ခိုက်ရည် ကိုယ်ခံအားအရာတွင် အသန်မာဆုံးဖြစ်ကြသဖြင့် ကျင့်ကြံဆင့်ချင်းတူလျှင်ပင် နံပါတ်တစ်နေရာရရှိခြင်းမှာ သဘာဝကျလှပေသည်။

ထိပ်တန်းအဆင့်သတ်မှတ်ချက်ဇယား၌ ကျောင်းထိုင်ဆရာတော်၏ စွမ်းရည်များကို အလွန်အကျွံ ချီးမွမ်းခန်းဖွင့်ထားပြီး သူ့အား အနှိုင်းမဲ့ကျွမ်းကျင်သူကြီးအဖြစ် ပုံဖော်ထားခဲ့သည်။

ထိပ်တန်းအဆင့် သတ်မှတ်ချက်ဇယားတွင် ဒုတိယလိုက်သူမှာ ကျိုးရွှမ်ရှန်းဖြစ်သည်။

ဒုတိယလိုက်သူနှင့် ပထမနေရာမှ ကျောင်းထိုင်ဆရာတော်၏ စွမ်းအားများကို အသေးစိတ် နှိုင်းယှဉ်ပြသထားပြီး ကျိုးရွှမ်ရှန့် ဒုတိယနေရာသို့ရောက်ရှိရသည့် အကြောင်းအရင်းများကို တိကျသေချာစွာ ဖော်ပြထားခဲ့သည်။

ဤအဆင့်သတ်မှတ်ချက်ဇယား ထွက်ပေါ်လာသည့်အခါ လူအများစုက လက်ခံယုံကြည်ခဲ့ကြသော်လည်း ဝမ်လင်းဂိုဏ်းသားများမှာတော့ အဆင့်သတ်မှတ်ချက်ကို အလွန်မကျေမနပ်ဖြစ်ကုန်ကြလေသည်ဟု။

သူတို့၏ဂိုဏ်းချုပ်ကြီးမှာ ဤလောကတွင် အသန်မာဆုံးသောဂုဏ်ပုဒ်ကို နှစ်ပေါင်းများစွာ ရရှိထိန်းသိမ်းထားခဲ့ပြီး သူတော်စင်သခင် အဆင့်ချိုးဖျက်ပြီးသည့်နောက်တွင်ပင် သူတို့ဂိုဏ်းချုပ်ထက် ပိုမိုအင်အားကြီးပါသည်ဟူသော စကားမျိုးကို မည်သူတစ်ဦးတစ်ယောက်မျှ မပြောဆိုရဲခဲ့ကြ။

ယခု ဆရာတော်အဆင့်ချိုးဖျက်ပြီးနောက်တွင်တော့ လောက၏နံပါတ်တစ် ကျင့်ကြံသူနေရာမှာ ရုတ်ချည်းပြောင်းလဲသွားခဲ့ရလေသည်။

ထို့နောက် တမုဟုတ်ချင်းဆိုသလိုပင် ဝမ်လင်းဂိုဏ်းသားတို့၏ ရှို့ယိဘုရားကျောင်းအပေါ် စိတ်နေသဘောထားမှာ မသိမသာ ပြောင်းလဲသွားခဲ့တော့လေ၏။

All Chapters