အခန်း ၄၈၂
Vol. 47 Ch. 482
Chapter 482
ယွင်မုန့်စိမ့်တော၏ အနက်ရှိုင်းဆုံးတစ်နေရာတွင် တစ္ဆေဘုံတမန်တော်များ တိုက်ကြီးသုံးတိုက်ကို နောက်ဆုံးအကြိမ်တိုက်ခိုက်ခဲ့သည့် အချိန်မှစ၍ ထိုတစ္ဆေတမန်တော်များသည် မည်သည့်နေရာတွင်မှ ထပ်မံထွက်ပေါ်လာခြင်း မရှိကြတော့ပေ။
သေချာသည်မှာ ထိုတစ္ဆေတမန်တော်များ ဘာမှမလုပ်ဘဲငြိမ်နေကြခြင်းတော့ မဟုတ်နိုင်။
ပထမပြောင်းလဲမှုမှာ ယွင်မုန့်စိမ့်တော တောနက်ပိုင်းတွင်ရှိသည့် အဝါရောင်စမ်းတွင်းဆီမှ အဝါရောင်စမ်းချောင်းသုံးခုပွင့်ကာ လန်ကျားအထွတ်အမြတ်မြေ၊ ရှို့ယိဘုရားကျောင်းနှင့် ယွင်ရှောင်နန်းတော်တို့ တည်ရှိရာ နေရာတဝိုက်သို့ ဦးတည်နေကြခြင်းဖြစ်လေသည်။
တစ္ဆေဘုံတမန်တော်များဦးဆောင်သော တစ္ဆေစစ်သည်တော်အမြောက်အများနှင့် ယွင်မုန့်စိမ့်တော၏ တောနက်တွင်း၌ တမလွန်သို့ကူးပြောင်းခဲ့ကြသော မရေမတွက်နိုင်သည့် သက်ရှိတို့၏ စုပေါင်းအားစိုက်ထုတ်မှုဖြင့် ထိုအဝါရောင်စမ်းချောင်းသုံးခုသည် စိမ့်တောအနက်ပိုင်းမှ တိုက်ကြီးသုံးတိုက်ဆီသို့ တဖြည်းဖြန်း ဖြန့်ကျက်စီးဆင်းလာခဲ့ရာ ယခုဆိုလျှင် ရောက်ရှိလုနီးပါးပင် ဖြစ်နေခဲ့ချေပြီ။
အဝါရောင်စမ်းချောင်း၏ ပံ့ပိုးမှုကြောင့် တစ္ဆေတမန်တော်များသည် သေခြင်းတရားစွမ်းအားများကို အဆက်မပြတ်ရရှိနေကြမည် ဖြစ်သည်။
ထို့ကြောင့် တစ္ဆေဘုံတမန်တော်များ ထပ်မံတိုက်ခိုက်ရန်ပြုလာကြချိန်တွင် သူတို့၏စွမ်းအားသည် သာမန်နှင့်မတူအောင် ထူးကဲသာလွန်နေတော့မည်ပင်။
ယွင်မုန့်စိမ့်တောနက်ပိုင်းတွင် မကြာသေးခင်ကမှထွက်ပေါ်လာသော တစ္ဆေတမန်တော်ဟူ၍ မင်ယဲ့အပါအဝင် အနည်းငယ်သာရှိသည်။
အခြားသော တစ္ဆေတမန်တော်များအားလုံးမှာမူ တစ္ဆေဘုံသို့ ပြန်သွားကြပြီ ဖြစ်သည်။
ထိုတစ္ဆေဘုံတမန်တော်များသည် ဂူဒူအာကဲ့သို့သောမိစ္ဆာများ မည်သည့်ကြောင့် ထွက်ပေါ်လာရသနည်းဟူသော အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန် တစ္ဆေဘုံသို့ ပြန်သွားကြခြင်းဖြစ်သည်။
ထိုမိစ္ဆာများသည် အကြောင်းမရှိဘဲ အလိုလိုပေါ်ထွက်လာခြင်းတော့ မဖြစ်တန်ရာ။
မင်ယဲ့တို့အဖွဲ့ တိုက်ကြီးသုံးတိုက်အား မတိုက်ခိုက်ရသေးသည့် အကြောင်းအရင်းမှာ နှစ်ချက်ရှိသည်။ ပထမအချက်မှာ အဝါရောင်စမ်းချောင်းကို ဖောက်လုပ်ရန် အချိန်နေရသောကြောင့်ဖြစ်ပြီး ဒုတိယအချက်မှာ အိမ်ပြန်သွားသောတမန်တော်တို့၏ စုံစမ်းစစ်ဆေးမှုရလဒ်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
ထိုအချိန်တွင် ငရဲပြည်မှတမန်တော်တချို့သည် အဝါရောင်စမ်းချောင်းမှတဆင့် ယွင်မုန့်တောဆီသို့ ရောက်လာခဲ့ကြ၏။
မင်ယဲ့သည် တစ္ဆေဘုံမှတမန်တော်များကို တွေ့ဆုံကာ မေးလိုက်သည်။
"မင်ရှီ၊ တစ်ခုခုများစုံစမ်းရခဲ့သေးလား"
"ဒီတလော လူတွေအများကြီးသေကြတယ်၊ အဲ့ထဲကတချို့က တစ္ဆေဘုံရဲ့အသိအမှတ်ပြုမှုကို ခံယူရပြီး အဖွဲ့ဝင်တွေဖြစ်လာကြတယ်။ သူတို့ဆီကနေ စုံစမ်းရတဲ့သတင်းတချို့က မိစ္ဆာတွေရောက်လာတဲ့အကြောင်းရင်း ဖြစ်လိမ့်မယ်ထင်တယ်"
မင်ရှီက အလေးအနက် ပြောကြားလာသည်။
"ဒီသတင်းသာမှန်ရင်တော့ မိစ္ဆာတွေရဲ့ရည်ရွယ်ချက်က သေချာပေါက် ရိုးရှင်းမနေတော့ဘူးပဲ"
"ဘာသတင်းများလဲ" မင်ယဲ့က အလျင်စလိုမေးလိုက်သည်။
"လွန်ခဲ့တဲ့နှစ်သုံးထောင်တုန်းက ကောင်းကင်ပေါ်ကနေ မြေကမ္ဘာအပိုင်းအစတစ်ခု ပြုတ်ကျလာခဲ့ပြီး ပါရမီရှင်တွေအတွက် ထူးခြားတဲ့စစ်မြေပြင်တစ်ခု ဖြစ်လာခဲ့တယ်။ စစ်စစ်ပေါက်ပေါက် လေ့လာစူးစမ်းပြီးနောက်မှ ဒီစစ်မြေပြင်ရဲ့ သွင်ပြင်လက္ခဏာတွေဟာ ဖန်ဆင်းခြင်းဝိညာဥ်ရေကန်နဲ့ အလွန်တူညီနေတာပဲ"
"ဘာ၊ ဖန်ဆင်းခြင်းဝိညာဥ်ရေကန်နဲ့ တူနေတာလား"
မင်ယဲ့ လန့်ဖျပ်သွားရသည်။
"ဖန်ဆင်းခြင်းဝိညာဥ်ရေကန်တင်မဟုတ်ဘူး၊ ရေကန်ရဲ့ပင်မကျောရိုးဖြစ်တဲ့ ဖန်ဆင်းခြင်းဝိညာဥ်နန်းတော်နဲ့ပါ တူနေသေးတာ"
မင်ရှီက လေးနက်သောအသံဖြင့် ဆက်ပြောလာသည်။
"ကျွန်တော်တို့ရဲ့ တစ္ဆေဘုံက ဖန်ဆင်းခြင်းဝိညာဥ်နေရကန်နဲ့ နှစ်ပေါင်း ခုနစ်ထောင်ရှစ်ထောင်လောက်ထိ အဆက်ပြတ်နေခဲ့တာ၊ အဲ့ဒါက ဒီနေရာမှာမှပြန်ပေါ်လာလိမ့်မယ်လို့ ကျွန်တော်လည်း လုံးဝမမျှော်လင့်မိခဲ့ဘူး"
"တစ္ဆေဘုံကဘုရင်တွေလည်း အခုပဲ ဆက်သွယ်လာကြပြီး ဒီအကြောင်းကို ဆက်စုံစမ်းဖို့ တောင်းဆိုလာကြတယ်"
"တကယ်လို့ ဒါက ဖန်ဆင်းခြင်းဝိညာဉ်ရေကန်ဖြစ်နေတာ သေချာသွားပြီဆိုရင် ကျွန်တော်တို့ဘက်က အစွမ်းကုန်ကြိုးစားပြီး စစ်ကူတွေ ထပ်ပို့ပေးရလိမ့်မယ်။"
"ဒီတစ်ကြိမ်မှာတော့ တစ္ဆေဘုံအနေနဲ့ ဖန်ဆင်းခြင်းရေကန်ဖြစ်စဥ်မှာ သေချာပေါက် ပါဝင်ပက်သက်ရလိမ့်မယ်"
မင်ယဲ့သည် လန်ကျားအထွတ်အမြတ်မြေ တည်ရှိရာဘက်သို့ လှမ်းမျှော်ကြည့်ကာ အချိန်အတော်ကြာစဉ်းစားပြီးနောက် ခပ်ဖြည်းဖြည်းဆိုလိုက်သည်။
"ဒီသတင်းသာအမှန်ဆိုရင် ဖန်ဆင်းခြင်းဝိညာဉ်ရေကန် ဒီနေရာမှာရှိနေခဲ့တာ အနှစ်သုံးထောင်ရှိပြီပေါ့"
"တစ်နည်းပြောရရင် ဒီဖန်ဆင်းခြင်းဝိညာဥ်နန်းတော်ကနေ နှစ်ဖက်စလုံး အကျိုးအမြတ်တွေ စုဆောင်းရရှိနေခဲ့တာ အနည်းဆုံး နှစ်ပေါင်းသုံးထောင်လောက်ရှိခဲ့ပြီ"
"အထူးသဖြင့် ငါတို့တစ္ဆေဘုံက အကျိုးအမြတ်တွေကို နှစ်ပေါင်းခုနစ်ထောင်ရှစ်ထောင်စာလောက် စုဆောင်းပြီးသားဖြစ်နေခဲ့တာ"
"ဒါကြောင့် ငါ့အတွေးကတော့ ဒီမိစ္ဆာတွေရောက်လာကြတဲ့ရည်ရွယ်ချက်က ဖန်ဆင်းခြင်းရေကန်ပဲဖြစ်လိမ့်မယ်လို့ ထင်တယ်"
"မဟုတ်ရင် ဒီလိုနေရာမှာ သူတို့ပေါ်လာစရာအကြောင်းမှမရှိတာ"
"ဘုရင်က ကျွန်တော်တို့ကို ဒီအကြောင်းကို မြန်မြန်အတည်ပြုပေးဖို့ပြောလိုက်တယ်၊ ဒါမှ သူတို့ဘက်လည်း စီစဥ်စရာရှိတာ စီစဥ်ရအောင်တဲ့"
မင်ရှီကဆိုသည်။
"ဒီနေရာကတစ္ဆေဂိတ်တံခါးကတော့ အရေအတွက်တစ်ခုပဲကန့်သတ်ပြီး ဖြတ်သန်းခွင့်ပြုမှုဆိုတော့ သူတို့ တခြားနည်းလမ်းရှာထားဖို့လိုတယ်လေ"
"ဒါနဲ့ အမှောင်ညတစ္ဆေဘုရင်ရှိတဲ့နေရာမှာ တစ္ဆေဂိတ်တံခါးတစ်ခု ရုတ်တရတ်ပွင့်လာခဲ့သေးတယ်"
"တစ္ဆေဘုရင်တချို့က ဒီကတစ်ယောက်ယောက်ကတော့ ငရဲတံခါးတွေကိုဖွင့်နည်း သိထားလောက်တယ်လို့ သံသယရှိကြတယ်"
"အဲ့လိုလူသာရှိမယ်ဆိုရင် ကျွန်တော်တို့ဘုံအတွက် အလွန်အရေးကြီးတဲ့အကူအညီတစ်ခုပဲ။ တစ္ဆေဘုရင်တွေက အဲ့လူကိုရအောင်ရှာဖို့လည်း အမိန့်ထုတ်ပြန်ထားသေးတယ်"
မင်ယဲ့က နားလည်ကြောင်းခေါင်းညိတ်ပြကာ ပြောလိုက်သည်။
"သွားကြရအောင်၊ စမ်းချောင်းရေကို သွားစမ်းသပ်ကြည့်တာပေါ့"
ပြောပြီးသည်နှင့် တစ္ဆေဘုံတမန်တော်များသည် လန်ကျားအထွတ်အမြတ်မြေ တည်ရှိရာဘက်သို့ ပျံသန်းသွားခဲ့ကြသည်။
အဝါရောင်စမ်းချောင်းသည် လန်ကျားအထွတ်အမြတ်မြေအထိ ပွင့်မလာသေးသော်ငြား သူတို့သည်လည်း လောလောဆယ်တွင် ရေအခြေအနေကိုစမ်းသပ်ရန်သာ လာရောက်ခြင်းဖြစ်ပြီး လန်ကျားအထွတ်အမြတ်မြေနှင့် တိုက်ပွဲဆင်နွှဲရန်အထိ ရည်ရွယ်ချက်မရှိပါချေ။
လန်ကျားအထွတ်အမြတ်မြေတွင်တော့ သူတော်စင်သခင်မှာ ချက်ချင်း မျက်နှာပျက်သွားရ၏။ သူ တူရှန်းကိုမြန်မြန်ခေါ်ကာ အမိန့်ပေးလိုက်သည်။
"အခုချက်ချင်း အဇူရာတိမ်ဂိုဏ်းဆီသွားပြီး တစ္ဆေဘုံတမန်တော်တွေ လာတိုက်ခိုက်နေပြီလို့ပြောလိုက်။ အနည်းဆုံး သုံးယောက်ရှိမယ်လို့"
တူရှန်းလည်း အလန့်တကြားဖြစ်ကာ အဇူရာတိမ်တိုက်ဆီသို့ အမောတကောပြေးထွက်သွားလေတော့၏။
သူတော်စင်သခင်ကိုယ်တိုင်ကတော့ လန်ကျားတိုက်အစွန်းဆီသို့သွားရောက်ကာ တစ္ဆေဘုံတမန်တော်သုံးဦးအား စူးရှစွာစိုက်ကြည့်နေသည်။
"စိတ်အေးအေးထားပါ"
မင်ယဲ့က ဦးခေါင်းခွံပလ္လင်ထက်ထိုင်ကာ သူတော်စင်သခင်အား တည့်တည့်ပြန်စိုက်ကြည့်လျက်ဆိုသည်။
"ငါတို့ကဒီကို စစ်တိုက်ဖို့မဟုတ်ဘဲ ကိစ္စလေးတချို့ရှင်းစရာရှိလို့လာခဲ့တာ။ ဒီကိစ္စတွေရှင်းပြီးသွားရင် စစ်တိုက်စရာလည်း မလိုလောက်တော့ဘူး"
"ဘာကိစ္စများလဲ"
သူတော်စင်သခင်မှာ ပုံမှန်အတိုင်းတုံ့ပြန်လိုက်သော်ငြား နှလုံးသားမှာတော့ တင်းကျပ်နေဆဲဖြစ်၏။
ပြန်လည်ဝင်စားခြင်းစွမ်းအားအကြောင်း သူနားလည်ပြီးသည့်အချိန်မှစ၍ တစ္ဆေဘုံတမန်တော်များနှင့်ပက်သက်လျှင် သတိအနေအထားကို အမြင့်ဆုံးထိကပ်ထားခဲ့ရသည်မှာ အကျင့်တစ်ခုလိုဖြစ်နေလေပြီ။
"ငါ့ရဲ့ ပထမဆုံမေးခွန်းက ဒီကလူတစ်ယောက်ယောက်များ ဖန်ဆင်းခြင်းဝိညာဥ်နန်းတော်ထဲ ဝင်ခဲ့ဖူးပြီးပြီလား"
မင်ယဲ့က အလေးအနက်မေးလေသည်။
သူတော်စင်သခင်မှာ ကြောင်တောင်တောင်ဖြစ်သွားဟန်ရှိကာ ပြန်မေးလာသည်။
"ဖန်ဆင်းခြင်းဝိညာဥ်နန်းတော်ဆိုတာ ဘာလဲ"
ဤသည်မှာ သူ့အနေဖြင့် ထိုစကားလုံးကို ပထမဆုံးအကြိမ်ကြားဖူးခြင်းသာပင်။
"ဖန်ဆင်းခြင်းဝိညာဥ်ရေကန်ဆိုတာ မင်းတစ်ခါပြောခဲ့ဖူးတဲ့ ပါရမီရှင်များစစ်မြေပြင်ရဲ့ အလယ်ဗဟိုမှာရှိတဲ့ ခန်းမဆောင်ကြီးပဲ"
မင်ယဲ့က ရှင်းပြလာပြီး တည်ငြိမ်စွာမေးခွန်းထုတ်သည်။
"ငါမေးချင်တာက ဒီနှစ်တွေအတွင်း အဲ့ခန်းမဆောင်ထဲ လူဝင်ဖူးခဲ့သေးလား"
"မဝင်ဖူးဘူး"
သူတော်စင်သခင်က ပြန်ဖြေလိုက်သည်။
သို့သော် သူ့စိတ်ထဲတွင်တော့ အတွေးမုန်တိုင်းတစ်ခု အပြင်းအထန်တိုက်ခတ်သွားခဲ့သည်။
အဲ့ဒီခန်းမဆောင်ကျယ်ကြီးကို ဖန်ဆင်းခြင်းဝိညာဥ်ခန်းမလို့ ခေါ်တာတဲ့လား။
အဲ့ခန်းမထဲမှာ တကယ်ပဲ ဘာတွေရှိနေလို့လဲ။
"သေချာရဲ့လား"
မင်ယဲ့က ထပ်ဖိမေးလာသည်။
သူတော်စင်သခင်က ခေါင်းကို သေချာယမ်းပြသည်။
"ငါတို့ကျင့်ကြံရေးလောကတစ်ခုလုံး အဲ့ဒီခန်းမဆောင်ကိုဖွင့်ဖို့ နှစ်ပေါင်းသုံးထောင်လောက်ကြိုးစားခဲ့ပြီးပြီ။ ငါလည်းမင်းကိုပြန်မေးချင်တယ်။ အဲ့ဒီခန်းမဆောင်ထဲမှာ ဘာတွေများရှိနေလို့လဲ။ မင်းတို့ရော အဲ့ဒါကိုဖွင့်ဖို့နည်းလမ်း သိကြသလား"
တစ္ဆေဘုံတမန်တော်က ခပ်ဖွဖွတစ်ချက်သာရယ်ကာ သူတော်စင်သခင်၏မေးခွန်းကို ခွန်းတုံ့ပြန်ခြင်းမရှိဘဲ သူသိလိုရာကိုသာဆက်မေးလေသည်။
"ငါ့ရဲ့ ဒုတိယမေးခွန်းက မိစ္ဆာတွေ ဘယ်ကရောက်လာကြသလဲဆိုတာပဲ"
"သူတို့ ဒီကိုရောက်နေကြတာ နှစ်တစ်ထောင်ကျော်ပြီလေ"
သူတော်စင်သခင်က ထိုမေးခွန်းကို အရေးတကြီးမမှတ်ဟန်ဖြင့် ခပ်ပေါ့ပေါ့သာဖြေလိုက်သည်။
"ဒါပေမဲ့ သူတို့က အဇူရာတိမ်ဂိုဏ်းရှိတဲ့နေရာကို ဆင်းသက်လာခဲ့ကြတာ။ အဲဒီမိစ္ဆာတွေ ပေါ်လာပြီးတဲ့နောက် အဇူရာတိမ်ဂိုဏ်းနဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး အဇူရာတိမ်ဂိုဏ်းရဲ့ နှိမ်နင်းခြင်းကိုခံခဲ့ရတာပဲ"
"ချုပ်နှောင်မှုက နှစ်တစ်ထောင်လောက်ကြာညောင်းခဲ့ပြီး သူတို့လွတ်လာတာဆိုလို့ ဆယ်နှစ်ဝန်းကျင်လောက်ပဲရှိဦးမယ်"
မင်ယဲ့၏မေးခွန်းအားလုံးကို မကွယ်မဝှက်ဖြေလိုက်ရခြင်းအကြောင်းရင်းမှာ သူကိုယ်တိုင်လည်း ထိုမိစ္ဆာများ ဤကျင့်ကြံရေးလောကသို့ ဘာကြောင့်လာရောက်ရသနည်း သိချင်သောကြောင့်ပင်။
ထိုတမန်တော်များက ဖန်ဆင်းခြင်းဝိညာဥ်နန်းတော်ကိုလည်း စကားထဲထည့်ပြောလာကြသဖြင့် မိစ္ဆာများလာရောက်ရခြင်းအကြောင်းရင်းမှာ ထိုနန်းတော်နှင့် အထူးတလည်ပက်သက်နေသလားဟု သူတွေးမိသည်။
မင်ယဲ့ဘက်က သူ့မေးခွန်းကိုပြန်မဖြေပေသည့် သူကတော့ ဖန်ဆင်းခြင်းဝိညာဥ်နန်းတော်အကြောင်း ထပ်မံစပ်စုချင်ဆဲပင်။
ထိုခန်းမဆောင်ထဲတွင် လန်ကျားအထွတ်အမြတ်မြေအတွက် အကျိုးအမြတ်များစွာဖြစ်ထွန်းစေမည့် ပစ္စည်းများ ရှိနေနိုင်လောက်သည်ပင်။
"ဟားဟား"
မင်ယဲ့က ကျယ်လောင်စွာရယ်မောလေသည်။
"ကောင်းတယ် အရမ်းကောင်းတယ်"
ထိုမိစ္ဆာများသည် ရောက်ရှိလာပြီးအချိန်မှစ၍ နှစ်တစ်ထောင်ခန့် နှိမ်နင်းချုပ်နှောင်ခြင်း ခံထားရသဖြင့် ၎င်းတို့အနေဖြင့် ဖန်ဆင်းခြင်းဝိညာဉ်နန်းတော်ကို ရှာဖွေရန်ပင် အချိန်ရခဲ့မည်မဟုတ်ချေ။ ထို့ကြောင့် ဖန်ဆင်းခြင်းဝိညာဉ်နန်းတော်နှင့် ပတ်သက်လာလျှင် သူတို့မျိုးနွယ်စုနှစ်ခုစလုံး တူညီသော စမှတ်တစ်ခုတည်းတွင်သာ ရှိနေကြသေးသည်။
အခြားသော ဖြစ်နိုင်ချေတစ်ခုမှာ နှစ်ပေါင်းထောင်ချီဖိနှိပ်ထိန်းချုပ်ခံခဲ့ရပြီး နောက်ပိုင်း ထိုမိစ္ဆာများမှာ သူတို့၏စွမ်းအားတချို့တဝက်ကို ဆုံးရှုံးထားနိုင်ချေရှိလေသည်။
နောက်တစ်ကြိမ်တွေ့ဆုံပါက ကြောက်ရွံ့နေစရာအကြောင်းမရှိတော့ဟု သူသတ်မှတ်လိုက်သည်။
ထိုစဥ် အဝေးတစ်နေရာမှ ကျန်းယန်နှင့်အတူ ပျံသန်းလာသော ကြီးမားသည့်မိစ္ဆာအရိပ်ကြီးအချို့ကို သူမြင်တွေ့လိုက်ရ၏။
"အယ်"
နှစ်ဆတိုးလာသော မိစ္ဆာအရေအတွက်ကို မြင်လိုက်ရချိန်တွင် မင်ယဲ့၏ မကြာသေးခင်ကမှ ပေါ့ပါးသွားသော စိတ်အစဥ်မှာ ပြန်လည်လေးလံမွန်းကျပ်လာပြန်တော့၏။
မိစ္ဆာတွေ ဘယ်နှကောင်တောင် ရောက်နေကြပြီလဲ။