← Chapters

အခန်း ၄၈၃

Vol. 47 Ch. 483

အခန်း ၄၈၃

Vol. 47 Ch. 483

Chapter 483 ကျွန်တော်ဘာမှမသိပါဘူး

ကျန်းယန်သည် မိစ္ဆာဆယ်ဦးနှင့်အတူ အင်အားပြကာ ရောက်ရှိလာခဲ့သော်လည်း တစ္ဆေဘုံတမန်တော် သုံးဦးနှင့် သူတော်စင်သခင်တို့သည် တိုက်ခိုက်မည့်အရိပ်အယောင် လုံးဝမပြဘဲ အေးဆေးစွာ စကားစမြည်ပြောဆိုနေကြသည်ကိုသာ တွေ့လိုက်ရလေသည်။

ဤထူးဆန်းသောမြင်ကွင်းကြောင့် ကျန်းယန်မှာ စိတ်ထဲအတော်လေး ဘဝင်မကျဖြစ်သွားခဲ့ရ၏။

"မင်ယဲ့ မင်းတကယ်ပဲဘာကိုလိုချင်နေတာလဲ" ဂူဒူအာက အသံနက်နက်ဖြင့်မေးလိုက်သည်။

ဂူဒူအာသည်လည်း ဤတစ္ဆေတမန်တော်များ မည်သည့်အတွက်ကြောင့် လက်မပါဘဲငြိမ်နေကြသနည်းဟု အံ့ဩနေမိခြင်း ဖြစ်သည်။

မင်ယဲ့က မိစ္ဆာဆယ်ဦးကိုတစ်ချက်လှမ်းကြည့်ကာ ပေါ့ပေါ့ပါးပါးဆိုလေသည်။

"ကောင်းပြီလေ၊ သူတို့ထဲကတချို့ကိုတော့ မြင်ဖူးနေကျပါပဲ။ မင်းတို့လည်း ဖန်ဆင်းခြင်းဝိညာဥ်ရေကန်အတွက် ဒီလောက်အထိစွန့်စားခဲ့တာ သဘာဝကျပါတယ်။ ဒါပေမဲ့ နှစ်တစ်ထောင်လောက်ထိ ဖိနှိပ်ခံထားခဲ့ရလောက်အောင် ကံဆိုးခဲ့လိမ့်မယ်လို့တော့ တကယ်မမျှော်လင့်ခဲ့မိဘူး။ တွေးကြည့်ရုံနဲ့တင် အရမ်းကိုမှပျော်ရပါတယ်"

ဂူဒူအာလည်း မနေနိုင်စွာ သူတော်စင်သခင်ကို တစ်ချက်လှမ်းကြည့်လိုက်မိသည်။

ဤသတင်းစကားကို မင်ယဲ့သည် သူတော်စင်သခင်ထံမှကြားခဲ့ခြင်းဖြစ်ကြောင်း နှစ်ခါထပ်မေးဖို့ပင်မလိုအပ်တော့ပါချေ။

သို့သော် သူတို့စိုးရိမ်စရာ တစ်ကွက်မှမရှိ။

အဘယ့်ကြောင့်ဆိုသော သူတို့တွင် မိစ္ဆာအဖွဲ့ဝင် ငါးဦးပင်ထပ်တိုးလာခဲ့ပြီဖြစ်၏။ ထိုတစ္ဆေတမန်တော်များကိုလည်း အရင်ကလို ကြောက်ရွံ့စိုးထိတ်နေခြင်း မရှိတော့ပါချေ။

ဖန်ဆင်းခြင်းဝိညာဥ်ခန်းမအတွက်မူ ကျန်းယန်သည် ခန်းမထဲသို့ဝင်ကာ အကျိုးအမြတ်အားလုံးကို စုဆောင်းယူခဲ့ပြီးဖြစ်သောကြောင့် သူတို့အတွက်တော့ စကားထဲထည့်ပြောရလောက်သည်အထိ အရေးမပါတော့ပေ။

"နောက်တော့ရော"

ဂူဒူအာက ခပ်အေးအေးပင်မေးလိုက်သည်။

မင်ယဲ့က အရိုးခေါင်းပလ္လင်ထက် မတ်မတ်ထိုင်ကာ အလေးအနက်ဆိုလေသည်။

"အခုငါတို့ ရနိုင်မယ့်အကျိုးအမြတ်တွေအကြောင်း သိထားပြီးပြီမလို့ ဒီလိုအခွင့်အရေးကို လွယ်လွယ်နဲ့လက်လွှတ်ခံလိမ့်မယ်လို့များ မင်းထင်လား"

"ငါမင်းကို ရှင်းရှင်းပဲပြောလိုက်မယ်။ တစ္ဆေဘုံကနေ မကြာခင် တမန်တော်တွေထပ်ပို့ဖို့ စီစဥ်ပြီးနေပြီ"

"ဒီတစ်ကြိမ်မှာတော့ ဖန်ဆင်းခြင်းဝိညာဥ်ရေကန်ကို ငါတို့တစ္ဆေဘုံပါ မျှဝေယူရလိမ့်မယ်"

"နောက်ပြီး ငါတို့တစ္ဆေဘုံရဲ့ ပါဝင်ကူညီမှုမရှိဘဲ ဖန်ဆင်းခြင်းဝိညာဥ်ခန်းမဆောင်ကို မင်းတို့ဘာသာ ရအောင်ဖွင့်နိုင်လိမ့်မယ် ထင်နေလား"

"နောက်တော့ရော"

ဂူဒူအာက တမင်လုပ်ပြောနေသောလေသံဖြင့် ဆက်ထောက်ပေးလာသည်။

မင်ယဲ့က စိတ်တိုတိုဖြင့်ဆိုလေသည်။

"နောက်ပြီးတော့ ဖန်ဆင်းခြင်းဝိညာဥ်ခန်းမကို အတူတူပူးပေါင်းဖွင့်ရမှာပေါ့ကွ"

ဂူဒူအာက ခပ်လှောင်လှောင်ရယ်ကာ မင်ယဲ့ကိုပြောလိုက်သည်။

"မင်းဘက်က အကြောင်းအရာတွေအများကြီးသိထားလောက်မယ်လို့ ထင်ထားတာကို တကယ်တမ်းတော့လည်း ဖန်ဆင်းခြင်းဝိညာဥ်ရေကန်အကြောင်းကလွဲလို့ ဘာမှမသိရှာပါလား"

"တကယ်တော့ အဲ့အကြောင်းကိုလည်း မင်းသေချာမသိသေးလို့ ငါတို့နဲ့စကားပြောရင်း အတည်ပြုချင်နေတာပဲမလား"

"ငါ့ဘက်ကလည်းမင်းကို ရှင်းရှင်းပဲပြောလိုက်မယ်။ ပါရမီရှင်များစစ်မြေပြင်က ဖန်ဆင်းခြင်းဝိညာဥ်ရေကန်ဆိုတာ အမှန်ပဲ"

"ဒါပေမဲ့ ဖန်ဆင်းခြင်းဝိညာဥ်ရေကန်ထဲကိုဝင်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ဘူး"

"မင်းတို့ကောင်တွေက အဲ့လောက်ထိ အရည်အချင်းမပြည့်မီသေးဘူး"

"ဪ အဲ့လို"

မင်ယဲ့သည် ဖန်ဆင်းခြင်းဝိညာဉ်ရေကန်နှင့် ပတ်သက်၍ အခြားသောလျှို့ဝှက်ချက်များ ရှိနေသေးသည်လားဟု တွေးတောမိသွားသည်။

ထို့နောက် သူတော်စင်သခင်ဘက်သို့လှည့်ကာ သံသယရှိသောမျက်နှာထားဖြင့် စိုက်ကြည့်လိုက်သည်။

သူတော်စင်သခင်ကတော့ ဆိတ်ဆိတ်သာရှိလေသည်။ သူ့ဘက်က တစ္ဆေတမန်တော်၏မေးခါန်းများကို လက်လွတ်စပယ်ဖြေမိရင်း အရေးကြီးကိစ္စတချို့ ဖော်ထုတ်လိုက်မိသလိုဖြစ်သွားကြောင်း ယခုမှ နားလည်သဘောပေါက်မိသောကြောင့်။

မူလက ထိုသတင်းအချက်အလက်များသည် သိပ်အရေးမကြီးလောက်ဟု ထင်မှတ်ထားခဲ့သော်လည်း ဤတစ္ဆေတမန်တော်များကား သူတို့အတွက်အကျိုးရှိမည့်ကိစ္စများကို အတည်ပြုချင်ရုံသက်သက် သူ့ကိုအသုံးချသွားလေပြီ။

သို့သော်လည်း သူ့စိတ်ထဲတွင်လည်း တစ်ဖက်ကိုသံသယမကင်းလှပေ။

ထိုဖန်ဆင်းခြင်းဝိညာဥ်ရေကန်ကား မည်သို့သောအရာဖြစ်သနည်း။

ဖန်ဆင်းခြင်းဝိညာဉ်နန်းတော်အတွင်း၌ ဘာတွေ ရှိနေပါသနည်း။

မိစ္ဆာများနှင့် တစ္ဆေများအားလုံးက ဤဖန်ဆင်းခြင်းနန်းတော်ကိုသာ အသည်းအသန်လိုချင်နေကြသည်ဖြစ်ရာ ထိုနေရာတွင် လောကကြီးကိုတုန်လှုပ်စေမည့် လျှို့ဝှက်ချက်တစ်ခုခု ဖုံးကွယ်တည်ရှိနေသည်မှာ သေချာလှပေသည်။

ထို့ပြင် ဖန်ဆင်းခြင်းဝိညာဉ်နန်းတော်ကို မည်သို့ဖွင့်ရမည်နည်း။

သူတော်စင်သခင် တိတ်ဆိတ်နေသည်ကို မြင်သောအခါ မင်ယဲ့သည် ဂူဒူအာဘက်သို့လှည့်၍ လေးနက်သောအသံဖြင့် ဆိုလိုက်သည်။

"ပြန်လည်မွေးဖွားခြင်းစွမ်းအားနဲ့ နှိုင်းယှဥ်ရင် ဖန်ဆင်းခြင်းရေကန်က လက်ရှိမှာ ငါတို့အတွက် ပိုပြီးအရေးကြီးတဲ့အခြေအနေမှာ ရှိတယ်။ ဒါကြောင့် ငါတို့တစ္ဆေဘုံအနေနဲ့ ဒီကိစ္စကိုကိုင်တွယ်ဖို့ အင်အားကုန်စုစည်းအလုပ်လုပ်မယ့်အကြောင်း အသိပေးချင်တယ်"

"ဖန်ဆင်းခြင်းရေကန် မပွင့်ခင်မှာ မင်းတို့နဲ့ ထိပ်တိုက်တွေ့တာမျိုး မဖြစ်ချင်ဘူး၊ ဒါကြောင့် မင်းတို့ဘက်ကလည်း ငါတို့လုပ်သမျှကို လာမနှောင့်ယှက်ဖို့မျှော်လင့်ပါတယ်။"

"မဟုတ်ရင် ကျန်တဲ့အဖွဲ့နှစ်ဖွဲ့က ကြားကအမြတ်ရသွားမှာပဲ။ မင်းဘက်က ဘယ်လိုသဘောရှိလဲ"

ဂူဒူအာက တည်ငြိမ်စွာဖြင့် ပြောလိုက်ုသည်။

"ဒီနေရာမှာ ငါတို့ရဲ့မဟာမိတ်တချို့ ရှိနေတယ်။ တကယ်လို့ မင်းတို့ဘက်က ငါတို့မဟာမိတ်တွေရဲ့ အကျိုးစီးပွားကို လာပြီးမထိခိုက်ဘူးဆိုရင် ငါတို့ဘက်ကလည်း အရင်လက်ပါမှာမဟုတ်ဘူး"

"ကောင်းပြီလေ"

မင်ယဲ့က ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် ထိုတစ္ဆေတမန်တော်သုံးဦးသည် ယွင်မုန့်စိမ့်တော တောနက်ပိုင်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြတော့၏။

"လန်ကျားတိုက်ပေါ်က အဝါရောင်စမ်းချောင်းတူးဖော်ရေးကို ယာယီရပ်ဆိုင်းထားလိုက်၊ ယွင်ရှောင်တိုက်က စမ်းချောင်းကိုပဲ အင်အားအပြည့်သုံးပြီး အမြန်ဆုံးတူးဖော်ကြ"

မင်ယဲ့က အမိန့်ပေးလိုက်သည်။

လန်ကျားတိုက်ကို သူတို့အကြိမ်ရေအတော်များများ တိုက်ခိုက်ခဲ့ဖူးပြီး တိုက်ခိုက်သည့်အခါတိုင်း မိစ္ဆာဘုရင်များက ဝင်ရောက်ကာကွယ်တတ်ကြသည်ပင်။

ထိုမိစ္ဆာများနှင့် လန်ကျားတိုက်ကြား အချိတ်အဆက်တစ်ခု ခိုင်ခိုင်မာမာရှိထားကြောင်း ရှင်းလင်းလှပေသည်။

ထို့ကြောင့် လတ်တလောတွင်တော့ လန်ကျားတိုက်ကို ယာယီဘေးမဲ့ပေးကာ ယွင်ရှောင်တိုက်ကိုသာဦးတည်၍ အင်အားပြည့်သုံးကာ ဖန်ဆင်းခြင်းဝိညာဥ်ရေကန်ဆီဦးတည်သော လမ်းကြောင်းတစ်ခု ရအောင်ဖောက်လုပ်ရမည်ဖြစ်သည်။

ဤသို့ဖြင့် တစ္ဆေဘုံသည် ယွင်မုန့်စိမ့်တောထဲရှိ အင်အားအကုန်အစင်ကို တစ်နေရာထဲတွင်စုစည်းကာ အဝါရောင်စမ်းချောင်းကို ဖောက်လုပ်စေသောအခါ အမြန်နှုန်းမှာ ပုံမှန်ထက် များစွာတိုးတက်လာလေ‌တော့၏။

ထိုအချိန်တွင် သူတော်စင်သခင်က ကျန်းယန်ကို နားမလည်နိုင်စွာ မေးခွန်းများမေးနေလေပြီ။

"ဖန်ဆင်းခြင်းဝိညာဥ်ရေကန်ဆိုတာ တကယ်ပဲဘာကြီးမလို့လဲ။ ပြီးတော့ ဖန်ဆင်းခြင်းဝိညာဥ်နန်းတော်ဆိုတာရောပဲ"

ထိုတမန်တော်များနှင့် သူသိပ်မရင်းနှီးသောကြောင့် သတိကပ်ထားခဲ့ရသော်ငြား ကျန်းယန်ကိုတော့ တည့်တိုးပင်မေးခွန်းထုတ်နိုင်လေသည်။

ကျန်းယန်က ရှုပ်ထွေးနေသောမျက်နှာထားဖြင့် ခေါင်းခါပြလိုက်ပြီး ပြန်ဖြေသည်။

"ဦးလေးသူတော်စင်သခင်ရယ်၊ ကျွန်တော်လည်း ဒီစကားလုံးကို ဒီနေ့မှ ပထမဆုံးကြားဖူးတာပါ"

သူတော်စင်သခင်သည် ဖန်ဆင်းခြင်းဝိညာဉ်ရေကန်အကြောင်းကို သိရှိသွားခဲ့ပြီဖြစ်သော်လည်း ကျန်းယန်အနေဖြင့် အတွင်းပိုင်းအကြောင်းအရာများကို အသေးစိတ်ပြောပြရန်အထိ အစီအစဉ်မရှိသေးချေ။

အဘယ်ကြောင့်ဆိုသော် ဖန်ဆင်းခြင်းဝိညာဥ်ရေကန်အတွင်းရှိ အကျိုးအမြတ်များမှာ မျှဝေပေးဖို့ရာ အလွန်အဖိုးထိုက်လှသောကြောင့်။

သို့သော် ထိုအကျိုးအမြတ်များမှာ ဘုံးပေါလအောထုတ်သုံးလို့ရသည်လည်း မဟုတ်။

ကျန်းယန်သည် ထိုအဖိုးတန်အကျိုးအမြတ်များကို အဇူရာတိမ်ဂိုဏ်း၏ နောင်လာနောက်သားများအတွက်သာ ချန်ထားရန် ရည်ရွယ်ထားပြီးသားဖြစ်၏။

လန်ကျားအထွတ်အမြတ်မြေ ဤအကြောင်းကို နောက်ကျမှသိရလေလေ ရရှိနိုင်မည့်အကျိုးအမြတ် နည်းပါးလေလေ ဖြစ်သောကြောင့် မိမိတို့အဇူရာတိမ်ဂိုဏ်း အကျိုးအမြတ်ပိုများဖို့အရေး သူ့ဘက်ကြိုးစားဖုံးကွယ်ရပေဦးမည်။

သူတော်စင်သခင်လည်း အတွေးများသွားရသည်။ အဇူရာတိမ်ဂိုဏ်းသည်လည်း ဤအကြောင်းအရာကို ယနေ့မှသာ ကြားသိဖူးခြင်းပေလော။

တစ်ခုခုကတော့ မဟုတ်သေးသလို ခံစားရပေသည့် ဘာကမဟုတ်လို့မဟုတ်မှန်းလည်း သူမပြောတတ်လှပေ။

"ငါတို့က မဟာမိတ်တွေပဲမလား"

သူတော်စင်သခင်က ကျန်းယန်ကိုကြည့်ကာမေးသည်။

"ပြီးတော့ ငါမင်းအပေါ်ကိုလည်း အမြဲတမ်း ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့တာပဲမဟုတ်လား။"

"တကယ်လို့ မင်းဘက်က ဖန်ဆင်းခြင်းဝိညာဥ်ရေကန်နဲ့ပတ်သက်ပြီး တစ်ခုခုစုံစမ်းသိရှိရရင် ငါ့ဆီကိုလည်း သတင်းစကားပါးဖို့ မမေ့နဲ့ဦး။"

"ငါလည်း ကပ်စေးနှဲတဲ့လူမဟုတ်ပါဘူး၊ အကျိုးအမြတ်ရခဲ့ရင် ထိုက်သင့်တဲ့အဖိုးအခကို ပေးချေဖို့အသင့်ပါပဲ"

သူ့စိတ်ထဲတွင်တော့ ထိုမိစ္ဆာများသည် ဖန်ဆင်းခြင်းဝိညာဥ်ရေကန်အကြောင်း သိကိုသိလောက်မည်ဟု အထင်ရှိသည်ပင်။ ကျန်းယန်တစ်ယောက် ဂိုဏ်းတွင်း နှစ်ကိုယ်ကြားစစ်ဆေးကာ တစ်ခုခုသိလာဖို့သာ မျှော်လင့်နိုင်ပေမည်။

ကျန်းယန်၏ စိတ်သဘောထားကို သူလည်းကောင်းကောင်းသိထားသောကြောင့် အဖိုးအခပေးဖို့ကိုပါ တခါတည်းကတိပေးလိုက်သည်။

"ဒါကတော့ ပြဿနာမရှိပါဘူး"

ကျန်းယန်က လွယ်လွယ်ကူကူပင် သဘောတူလိုက်သည်။

"ကျွန်တော်သိတာနဲ့ ဦးလေးကိုတန်းပြီး အကြောင်းကြားပါ့မယ်။ ဒီတော့ တခြားကိစ္စမရှိရင် ကျွန်တော်တို့ အဇူရာတိမ်တိုက်ဆီ ပြန်လိုက်ပါဦးမယ်"

သူတော်စင်သခင်က ခေါင်းညိတ်ပြသည်။

ကျန်းယန်သည်လည်း မိစ္ဆာများခြံရံလျက်သားဖြင့် အဇူရာတိမ်တိုက်ကြီးဆီသို့ ပြန်လှည့်ထွက်ခွာသွားလေတော့သည်။

မိစ္ဆာဆယ်ဦးမှာတော့ ပြောစရာစကားပင်မရှိတော့။ ဖန်ဆင်းခြင်းဝိညာဥ်နန်းတော်ဆီမှ အကျိုးအမြတ်အားလုံး သူတို့လက်ဝယ် သိမ်းဆည်းရခဲ့ပါလျက် တစ်ဖက်မေးလေတော့ လုံးဝမသိပါဟု ဖြေခဲ့သည်မဟုတ်လော။

ပြောင်ပြောင်တင်းတင်းကို လိမ်လည်လှည့်ဖျားခြင်းသာ။

သို့သော် ကျန်းယန်ဘယ်လိုဖြေဖြေ သူတို့နှင့်သက်ဆိုင်လှသည်တော့မဟုတ်။

ဂူဒူအာက တည်ကြည်စွာဆိုလာသည်။

"ဒီလောကကြီးတော့ မကြာခင်ပဲ ကမောက်ကမတွေဖြစ်ပြန်ဦးမယ်"

ကျန်းယန်က ခေါင်းဆတ်လိုက်သည်။ သူကိုယ်တိုင်လည်း မကြာမီဖြစ်ပွားတော့မည့် ပြဿနာအရှုပ်အထွေးများအား အာရုံခံမိနေသည်ပင်။

အဘယ်ကြောင့်ဆိုသော် တစ္ဆေဘုံသည် ဖန်ဆင်းခြင်းဝိညာဥ်ရေကန်အကြောင်းကို စုံစမ်းသိရှိသွားခဲ့ပြီ ဖြစ်ရာ ၎င်းတို့အနေဖြင့် မလွဲမသွေလှုပ်ရှားလာကြတော့မည်ဖြစ်၏။

သူတို့လှုပ်ရှားလာသည်နှင့် အခြားသောအင်အားစုများလည်း အငြိမ်နေတော့မည်မဟုတ်။

သို့သော် ပြဿနာများကား သူတို့အားလုံး ခန့်မှန်းထားသည့်အချိန်ထက် ပိုမိုစောစီးစွာ ရောက်ရှိလာခဲ့လေသည်။

ယွင်မုန့်စိမ့်တော၏ တစ္ဆေဘုံအင်အားစုများသည် ယွင်ရှောင်တိုက်ကြီးပေါ်ရှိ အဝါရောင်စမ်းချောင်းကိုသာ အာရုံစိုက်ကာ အင်အားအပြည့်ဖြင့် ဝိုင်းဝန်းတူးဖော်ခဲ့ကြရာ သုံးရက်အတွင်းမှာပင် ယွင်မုန့်စိမ့်တောမှ ယွင်ရှောင်တိုက်ကြီးသို့ တိုက်ရိုက်ဦးတည်သော အဝါရောင်စမ်းချောင်းတစ်ခုကို အောင်မြင်စွာ ဖောက်လုပ်နိုင်ခဲ့ကြသည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် မရေမတွက်နိုင်သော တစ္ဆေစစ်သည်များနှင့် တစ္ဆေတမန်တော်တို့သည် ယွင်ရှောင်တိုက်ကြီးဆီသို့ အဝါရောင်စမ်းချောင်းအတိုင်း စီးဆင်းချီတက်ခဲ့လေတော့၏။

ယွင်ရှောင်တိုက်ကြီးရှိ လူသားများသည် အကူအညီတောင်းခံရန်ပင် အချိန်မရလိုက်ချေ။ ဂိုဏ်းအသီးသီး၏ အရင်းအမြစ်များနှင့် အင်အားစုအားလုံးသည် တစ္ဆေဘုံတမန်တော်များ၏ ရှေ့မှောက်တွင် တစ်စမကျန် သုတ်သင်ရှင်းလင်းခြင်း ခံခဲ့ရလေတော့သည်။

ယွင်ရှောင်နန်းတော်၏ နန်းတော်သခင်သည်လည်း နောက်ဆုံးတော့ ကျန်ကောင်းကျန်ရာ ဂိုဏ်းအင်အားစုအနည်းငယ်နှင့်အတူ ယွင်ရှောင်တိုက်ကြီးမှ ထွက်ပြေးတိမ်းရှောင်ခဲ့ရတော့၏။

ခမ်းနားထည်ဝါလှပြီး သြဇာအရှိဆုံးသော ထိပ်တန်းဂိုဏ်းကြီးဆယ်ဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်သည့် နှစ်ပေါင်းခြောက်ထောင်ကျော် သမိုင်းကြောင်းမှ ဆင်းသက်လာ‌ခဲ့လေသော ရှေးဟောင်းဂိုဏ်းကြီး ယွင်ရှောင်နန်းတော်တွင် နောက်ဆုံး၌ တပည့်အယောက်သုံးရာထက်ပင် မပိုတော့သောအခြေအနေသို့ ရုတ်ချည်း ဆိုက်ရောက်သွားရှာလေသည်။

ထိုလူအယောက်သုံးရာတွင် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တွင်ရှိသော နန်းတော်သခင်မှလွဲ၍ ကျန်သူအများစုမှာ ဝိညာဥ်အခြေတည်အဆင့်နှင့် တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများသာ ဖြစ်ကြလေသည်။

ထိုသူများ၏တည်ရှိမှုကြောင့် ယွင်ရှောင်နန်းတော်မှာ လုံးဝဥဿုန်ပျက်စီးလေပြီ ဟုတော့ ဆိုလို့မရသေးပါချေ။

သို့သော် ထိုအင်အားစုမှာ မူလဇာစ်မြစ် ယွင်ရှောင်တိုက်ပေါ်ကိုပင် ခြေမချနိုင်တော့သည်ဖြစ်လေရာ ဝက်ဝက်ကွဲကွဲ အနိုင်ယူသုတ်သင်ခံလိုက်ရခြင်းကိုတော့ ငြင်းဆန်မရပါချေ။

All Chapters