← Chapters

အခန်း ၄၈၄

Vol. 47 Ch. 484

အခန်း ၄၈၄

Vol. 47 Ch. 484

Chapter 484 အမတဧကရာဇ်၏ အာဏာစက်

ယွင်ရှောင်နန်းတော်သည် အလွန်တိုတောင်းသော အချိန်ကာလအတွင်းမှာပင် အပြီးတိုင်ချေမှုန်းဖျက်ဆီးခြင်း ခံလိုက်ရသည့် သတင်းကြောင့် ကျင့်ကြံခြင်းလောကတစ်ခုလုံး ဆွံ့အမှင်တက်သွားခဲ့ရသည်။

မရေမတွက်နိုင်သော ဂိုဏ်းဂဏပေါင်းများစွာ ထိတ်လန့်တုန်လှုပ်စွာ ရင်မောကုန်ကြတော့၏။

နှစ်ပေါင်းများစွာသော သမိုင်းကြောင်းတစ်ခုဖြင့် အခြေတည်ထားသည့် ရှေးဟောင်းဂိုဏ်းကြီးတစ်ခု ဖြစ်သည့်အလျောက် ယွင်ရှောင်နန်းတော်တွင် တာအိုပေါင်းစည်းခြင်းအဆင့်ကျင့်ကြံသူ မည်မျှပင် ရှိခဲ့ပါသနည်း။ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူများလည်း မည်မျှမွေးထုတ်နိုင်ခဲ့ပါသနည်း။

သို့သော်လည်း ထိုကဲ့သို့သော စွမ်းအားရှင်အပြည့်ဖြင့် ထိပ်တန်းဂိုဏ်းကြီးပင် လျင်မြန်စွာ သုတ်သင်ရှင်းလင်းခံလိုက်ရသည်။

ဂိုဏ်းအသီးသီး၏ အဖိုးတန်အရင်းအမြစ်များနှင့် နှစ်ပေါင်းအလီလီတည်ဆောက်ခဲ့ရသော ကြံ့ခိုင်မှုတို့မှာ တစ္ဆေတမန်တော်များ၏ရှေ့မှောက်တွင် ဤသို့ ဟာသသက်သက်ဖြစ်သွားရလေသည်လော။

သက်တမ်းကုန်ဆုံးလုနီးပါးဖြစ်နေသဖြင့် နှစ်ပေါင်းများစွာကြာအောင် တံဆိပ်ခတ်နှိပ်ကာ ထိန်းသိမ်းအသက်ဆက်ခဲ့ရသော ရှေးဟောင်းဘိုးဘေးကြီးများသည်လည်း တစ္ဆေဘုံတမန်တော်များနှင့် ရင်ဆိုင်ရသည့်အခါတွင် ဂိုဏ်းကို မကူညီနိုင်ခဲ့သည့်အပြင် ကာကွယ်သယ်ပိုးရမည့် ဝန်ထုပ်ဝန်ပိုးများသာ ဖြစ်လာရလေတော့၏။

ဂိုဏ်းတစ်ခု၏ အချက်အချာဖြစ်သော အရင်းအမြစ်အမွေအနှစ်များကိုသာ ဖယ်ထုတ်လိုက်ပါလျှင် ထိုဂိုဏ်း၏သြဇာအာဏာမှာလည်း မည်မျှသာ ကျန်ရစ်သက်ရောက်တော့လေမည်နည်း။

လန်ကျားအထွတ်အမြတ်မြေတွင် မရေမတွက်နိုင်သော တာအိုပေါင်းစည်းခြင်းကျင့်ကြံသူများသည် ကြောက်လန့်စိုးထိတ်မှုများပြည့်လျှမ်းသော မျက်နှာကိုယ်စီဖြင့် လန်ကျားအထွတ်အမြတ်ခန်းမဆောင်တွင် ထိုင်လျက်ရှိကြသည်။

ယွင်ရှောင်နန်းတော်ကဲ့သို့ပင် သူတို့သည်လည်း ယွင်မုန့်စိမ့်တောနှင့် ကပ်လျက်တည်ရှိနေသည်ပင်။

လန်ကျားအထွတ်အမြတ်မြေသည်ပင် တစ္ဆေတမန်တော်များ၏ ရန်ပြုတိုက်ခိုက်ခြင်းခံရပါလျှင် သူတို့သည်လည်း အလားတူဖြစ်လေတော့မည် မဟုတ်လော။

မျက်လုံးအစုံတိုင်းမှာ ထိပ်ဆုံးထိုင်ခုံတွင်ထိုင်နေသာ သူတော်စင်သခင်ထံသို့သာ စုပြုံဆိုက်ရောက်နေကြသည်။

ဤအခြေအနေတွင် သူတော်စင်သခင်၏တည်ရှိမှုပင်လျှင် သူတို့အတွက် လုံခြုံစိတ်ချရစရာ မဖြစ်နိုင်တော့ပေ။

သူတော်စင်သခင်သည် ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့် စွမ်းအားရှင်ကြီး ဖြစ်သည်ဆိုသော်ငြား တစ်ဖက်တစ္ဆေတမန်တော်များက ပိုမိုအင်အားတောင့်တင်းနေသည်မဟုတ်လော၊

ထိုအချိန်တွင် ထိုင်ခုံပေါ်မှ သူတော်စင်သခင်သည်လည်း စိတ်နှလုံးလေးလံနွမ်းလျလျက်။

သူ့စိတ်ထဲ အဇူရာတိမ်ဂိုဏ်းတွင် ကျန်းယန်ပြောခဲ့ဖူးသောစကားများသာ ပဲ့တင်ထပ်မြည်ဟီးနေသည်။

သူတို့ လန်ကျားအထွတ်အမြတ်မြေသည် တစ္ဆေဘုံနှင့် အမှန်ပင် ရင်ဆိုင်တိုက်ခိုက်လိုပါသလော။

ပြန်လည်ဝင်စားခြင်းအာဏာကို လက်ကိုင်ထိန်းသိမ်းထားသော ထိုတစ္ဆေတမန်တော်များ မည်မျှကြောက်မက်ဖွယ်ကောင်းလောက်မည်နည်း၊ သူမမှန်းဆရဲ။

ယွင်ရှောင်နန်းတော်သည်ပင် တစ္ဆေဘုံတမန်တော်များ၏ ရှေ့မှောက်တွင် ပြိုလဲသွားခဲ့ရပြီ ဖြစ်သည်။

သူတို့ လန်ကျားအထွတ်အမြတ်မြေသည်လည်း ထိုကဲ့သို့ တွေ့ကြုံရတော့မည်လေလော။

ထိုအချိန်တွင် သူ့ခေါင်းထဲရှိမေးခွန်းမှာ ဘိုးဘေးများကိုစွန့်ပစ်ရတော့မလား ဆက်ထားထားရဦးမလား ဟူ၍ပင်မဟုတ်တော့ဘဲ မိမိတို့လန်ကျားအထွတ်အမြတ်မြေ၏ တောင့်ခံနိုင်စွမ်းသာ ဖြစ်တော့သည်။

သူတော်စင်သခင်သည် တစ္ဆေဘုံတမန်တော်များသာ တကယ်တိုက်ခိုက်လာပါက မိမိတို့လန်ကျားအထွတ်အမြတ်မြေအနေဖြင့် သေချာပေါက် တောင့်ခံနိုင်လိမ့်မည်မဟုတ်ကြောင်းကို ရှင်းရှင်းလင်းလင်း သိရှိထားပါသည်။

သူတို့ အဇူရာတိမ်ဂိုဏ်းဆီမှ အကူအညီတောင်းခံလို့တော့ ရနိုင်သေးသည်ပင်။

မိစ္ဆာများရှိနေသေးသောကြောင့် သူတို့ အချိန်တစ်ခုထိတော့ တောင့်ခံထားနိုင်လောက်ပါသည်။

သို့သော်ငြားလည်း အကယ်၍ မမျှော်လင့်ထားသော မတော်တဆမှုတစ်ခုခုကြောင့် အဇူရာတိမ်ဂိုဏ်းရှိ မိစ္ဆာများ လန်ကျားတိုက်ကြီးဆီသို့ လာရောက်နိုင်ခြင်းမရှိတော့ပါက လန်ကျားအထွတ်အမြတ်မြေတွင် ကပ်ဆိုးကြီးတစ်ခု သေချာပေါက်ဖြစ်ပွားပေတော့မည်။

သူတော်စင်သခင်မှာ အတွေးများစွာဖြင့်နစ်မျောနေကာ လက်ရှိအခြေအနေကို မည်သို့ကိုင်တွယ်ဖြေရှင်းရမည်အား မတွေးတတ်အောင်ရှိတော့၏။

အကြိမ်ကြိမ်အဖန်ဖန် စဉ်းစားသုံးသပ်ပြီးနောက်တွင်မူ အကောင်းဆုံးရွေးချယ်မှုမှာ သက်တမ်းကုန်ဆုံးလုနီးပါးဖြစ်နေသော ဘိုးဘေးကြီးများကို စွန့်လွှတ်လိုက်ခြင်းသာဖြစ်သည်ဟု သူ ကောက်ချက်ချလိုက်မိသည်။

အဘယ်ကြောင့်ဆိုသော် ထိုဘိုးဘေးကြီးများသည် ပြန်လည်ဝင်စားခြင်းစွမ်းအား၏ အာဏာစက်ကို ခြိမ်းခြောက်နေကြသော သက်ကြားအိုကြီးများဖြစ်သောကြောင့် တစ္ဆေတမန်တော်များ၏ကျူးကျော်မှုကိုလည်း ဖိတ်ခေါ်နေသကဲ့သို့ ရှိသည်ပင်။

သို့ရာတွင် ဤဆုံးဖြတ်ချက်ကို ချမှတ်လိုက်မည်ဆိုပါကလည်း လန်ကျားအထွတ်အမြတ်မြေမှာ စည်းလုံးညီညွှတ်မှုကို လက်လွှတ်ရတော့မည်ဖြစ်၏။

သူတော်စင်သခင်မှာ ရှေ့လည်းမတိုးသာ နောက်လည်းမဆုတ်သာသော အခြေအနေကြီးတွင် ပူလောင်မွန်းကျပ်နေရသည်။

ရှို့ယိဘုရားကျောင်း၏ ကျောင်းထိုင်ဆရာတော်သည်လည်း အလားတူပင် အခက်တွေ့နေရလေသည်။

ဆရာတော်သည်လည်း ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့် ဓားကျင့်ကြံသူတစ်ဦးဖြစ်ကာ အံ့မခန်းလောက်သောတိုက်ရည်ခိုက်ရည်ကို ပိုင်ဆိုင်ထားသော်ငြား တစ္ဆေတမန်တော် အယောက်မည်မျှလောက်ကို တောင့်ခံတိုက်ခိုက်နိုင်လိမ့်မည်မှန်း မသိနိုင်ပါချေ။

မဟာနှင်းတောင်တန်းဂိုဏ်းမှ တပ်ကူလွှတ်လာပေးလျှင်ပင် ထိုတစ္ဆေတပ်ဖွဲ့ကြီးကို အပြီးတိုင်ရှင်းထုတ်ပစ်နိုင်ဖို့ ယုံကြည်ချက်မရှိလှ။

ထိုတမန်တော်များကို မည်သို့မည်ပုံ ရှင်းထုတ်ပစ်ရမည်အား သူတို့မစဥ်းစားနိုင်ခဲ့ပါ။

ကွေ့ယွမ်ဘုရားကျောင်း၊ ဝမ်လင်ဂိုဏ်း၊ မြင့်မြတ်ဝိညာဥ်ဂိုဏ်း စသည်ဖြင့် ဂိုဏ်းအားလုံးသည် တစ္ဆေတမန်တော်များကြောင့် အကြီးအကျယ် ခေါင်းခဲနေခဲ့ကြရ၏။

ကွေ့ယွမ်ဘုရားကျောင်းကဲ့သို့ ဂိုဏ်းဂဏမျိုးသည်ပင် နောက်ဆုံးတစ်ကြိမ် တစ္ဆေတမန်တော်များဆီမှ တိုက်ခိုက်ခံခဲ့ရစဥ်က ဘိုးဘေးတစ်ယောက်ကို ဆုံးရှုံးလက်လွှတ်လိုက်ရသည် မဟုတ်ပေလော။

ယခုတော့ ထိုထက်ပိုဆိုးသောအဖြစ်မျိုး တစ်ဖန်ကြုံတွေ့ရခါနီးလေပြီ။

တစ်လောကလုံးတွင် အေးချမ်းတည်ငြိမ်မှုအရှိဆုံးနေရာမှာ အဇူရာတိမ်ဂိုဏ်းသာ ဖြစ်ပေသည်။

သို့သော် ထိုအေးချမ်းတည်ငြိမ်မှုကြားတွင်ပင် လေးလံဖိစီးသောလေထုကို ခံစားနေရမြဲ။

တစ္ဆေတမန်တော်များ၏ မူလရည်ရွယ်ချက်မှာ သက်တမ်းကုန်ဆုံးလုနီးပါးဖြစ်နေသူများကိုသာ ပစ်မှတ်ထားခြင်း ဖြစ်ခဲ့သော်လည်း ယခုအခါ ယွင်ရှောင်နန်းတော်ကို ရုတ်တရက် တိုက်ခိုက်ဖျက်ဆီးလိုက်ခြင်းက လှုပ်ရှားမှုပုံစံ ပြောင်းလဲဦးရွှေ့လိုက်ခြင်းကို ပြသခြင်းပင်။

ချင်းယွင်ကျိသည် တောင်ဘက်သို့လှမ်းမျှော်ကြည့်ကာ ကျန်းယန်အားပြောသည်။

"ယီလင်ဆီသွားပြီး တခြားအနာဂတ်ဖြစ်စဥ်တွေ ကြိုမြင်ထားတာရှိသေးလား သွားမေးလိုက်ဦး"

လွန်ခဲ့သော နှစ်အနည်းငယ်က ယီလင်သည် လောကကြီးတစ်ခုလုံး ကမောက်ကမဖြစ်လိမ့်ဦးမည်ဟု ကြိုတင်ဟောကိန်းထုတ်ခဲ့ဖူးသည်။

ယခုတော့ ထိုကမောက်ကမဖြစ်ရပ်ကြီးသည် စတင်အယောင်ပြနေခဲ့လေပြီ။

အနာဂတ်ကို မြင်နိုင်သူတစ်ဦးအနေဖြင့် ယီလင်တွင် အခြားသောဟောကိန်းများ ထပ်ရှိဦးမည်ဆိုပါက သူတို့သည်လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားနိုင်ဦးမည်ပင်။

ကျန်းယန်က ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့ဆရာ၊ ကျွန်တော် ယီလင်ကိုသွားရှာပြီး အခြေအနေ နည်းနည်းမေးမြန်းကြည့်ထားပါဦးမယ်။ ကျွန်တော်တို့ အဇူရာတိမ်ဂိုဏ်းက တခြားဂိုဏ်းတွေနဲ့ယှဥ်ရင် အလုံခြုံဆုံးနေရာဖြစ်တာကြောင့် အခုချိန်မှာတော့ စိုးရိမ်စရာတစ်ကွက်မှမရှိသေးပါဘူး"

သူ့တွင် ထိပ်တန်းဝိညာဥ်ကျောက်တုံး တစ်ထောင်ကျော်ရှိထားသဖြင့် အဇူရာတိမ်အစီအရင်ကို အပြည့်အဝပြန်လည်အသက်သွင်းလို့လည်း ရနိုင်ဦးမည်ပင်။

သူတို့ဆီတွင် မိစ္ဆာဆယ်ဦးကျော် ထပ်မံတိုးပွားလာခဲ့သည့်အပြင် မမျှော်လင့်ထားသော အခြေအနေများအတွက် အသုံးပြုနိုင်မည့် မသေမျိုးရတနာတစ်ခုလည်း ရှိနေသဖြင့် အဇူရာတိမ်ဂိုဏ်းတွင် ခုခံနိုင်အားကတော့ လုံလောက်သည်ဟုဆိုနိုင်သော အနေအထားဖြစ်၏။

ချင်းယွင်ကျိက ခေါင်းအသာဆတ်သည်။ လက်ရှိအချိန်အထိ ဤလောကတွင် အဇူရာတိမ်ဂိုဏ်းကို ဆန့်ကျင်နိုင်မည့် အခြားသောအင်အားစုတစ်ခုကိုမျှ သူမတွေ့ထားသေးပါ။

သို့သော်လည်း တစ္ဆေဘုံတမန်တော်များသည် တပ်ဖွဲ့များကို အဆက်မပြတ်စေလွှတ်ကာ အခြားသောဂိုဏ်းများကို တစ်ခုပြီးတစ်ခု သုတ်သင်ရှင်းလင်းသွားမည်အား သူစိုးရိမ်မိ၏။

ဤသို့ဖြင့် အဇူရာတိမ်ဂိုဏ်းတစ်ခုတည်းသာ ကျန်ရှိနေခဲ့လျှင် တစ်ထီးတည်းတောင့်ခံနိုင်ဖို့ ခက်ခဲပေလိမ့်မည်။

"ကျွန်တော် မိစ္ဆာဘုရင်ကို ကိုယ်တိုင်သွားတွေ့ပြီး တခြားဘာအမြင်များရှိဦးမလဲလို့ သွားမေးပါဦးမယ်"

ကျန်းယန်က ဆက်ပြောလာသည်။

ကျင့်ကြံခြင်းလောကမှလူများသည် ဗဟုသုတအရာတွင် ခေါင်းပါးလွန်းပြီး အမြင်ကျဉ်းမြောင်းလှသဖြင့် အချို့သောအခြေအနေများတွင် ဆုံးဖြတ်ချက်တစ်ခုကို အတိအကျချမှတ်နိုင်စွမ်း မရှိလှချေ။

ထိုသို့သောအခြေအနေများတွင် မိစ္ဆာတို့၏ အသိဉာဏ်အမြော်အမြင်ကို မှီခိုရပေမည်။

ကျန်းယန်သည် ဦးစွာ ချင်းယွင်မြို့တော်ထဲသို့အရင်သွားပြီး ယီလင်ကိုရှာကာ တည့်တည့်သာမေးလိုက်သည်။

"တခြားဘာဟောကိန်းအသစ်များ တွေ့ထားသေးလဲ"

"မတွေ့ဘူး"

ယီလင်၏မျက်နှာထက်တွင်လည်း စိုးရိမ်ပူပန်စိတ်အပြည့်။

"ယွင်ရှောင်နန်းတော်ပါ တိုက်ခိုက်ခံလိုက်ရပြီဆိုတော့ ကောင်းကင်နှလုံးသားကျွန်းအတွက် ကျွန်မနည်းနည်းစိတ်ပူနေတယ်"

ကောင်းကင်နှလုံးသားကျွန်းသည် ပြီးခဲ့သည့်အကြိမ်က ဝတ်စုံနက်ဝတ်လူတစ်ဦး၏ တိုက်ခိုက်မှုကြောင့် ပျက်စီးလုနီးပါးဖြစ်ခဲ့ရသည်။ သူတို့ ဆက်လက်တည်ရှိနိုင်ခြင်းမှာလည်း အချိန်ခရီးသွားယာဉ်၏ စွမ်းအားကို အသုံးပြုကာ ထိုဝတ်စုံနက်ဝတ်လူအား အနာဂတ်ဆီ ပို့ဆောင်နိုင်ခဲ့ခြင်းကြောင့်သာ။

သို့ပေမဲ့ ကောင်းကင်နှလုံးသားကျွန်းသည် မဟာမိတ်ဟူ၍ မည်မည်ရရမရှိဘဲ ဤလောကတွင် တစ်ထီးတည်းရပ်တည်နေရဆဲပင်။

တကယ်၍ ဤတစ္ဆေဘုံတမန်တော်များသာ ကောင်းကင်နှလုံးသားကျွန်းကို ရုတ်တရက် ဝင်ရောက်တိုက်ခိုက်မည်ဆိုပါက ကောင်းကင်နှလုံးသားကျွန်းအနေဖြင့် သေချာပေါက် တောင့်ခံနိုင်လိမ့်မည်မဟုတ်ချေ။

ကျန်းယန်က ခပ်ဖြည်းဖြည်းဆိုသည်။

"မင်းကတော့ ချင်းယွင်မြို့တော်မှာပဲ ဆက်နေသင့်သေးတယ်။ အခုချိန်ပြန်သွားလည်း ဘာမှကူညီနိုင်ဦးမှာမဟုတ်ဘူး။ ဒီတစ်ကြိမ် တစ္ဆေတမန်တော်တွေရဲ့လုပ်ရပ်က အရမ်းထူးဆန်းလွန်းတယ်။ သူတို့ဘာဆက်လုပ်မလဲဆိုတာ စောင့်ကြည့်ဖို့သာရှိမှာပဲ"

သူ့တွင် ခန့်မှန်းချက်တစ်ခုရှိထားသော်လည်း အတိအကျကောက်ချက်ချဖို့တော့ ခက်ခဲနေသေးသည်။

ယီလင်တွင် တခြားဟောကိန်းမရှိ‌သေးဟု အတည်ပြုပြီးကာမှ ကျန်းယန်သည် မိစ္ဆာများရှိရာ အနောက်တောင်အရပ် တားမြစ်နယ်မြေဆီသို့ ခရီးဆက်ခဲ့သည်။

ယွင်ရှောင်နန်းတော်အကြောင်း ပြောပြပြီးနောက် ကျန်းယန်ဆိုလိုက်သည်။

"ကျွန်တော့်အထင်တော့ တစ္ဆေတမန်တော်တွေက ပါရမီရှင်များစစ်မြေပြင်ဆီသွားဖို့ လမ်း‌ဖောက်နေကြတာပဲထင်တယ်။ ဒါပေမဲ့ သိပ်တော့မသေချာဘူး။ စီနီယာတို့ရော ဘယ်လိုများထင်မိကြလဲ"

မိစ္ဆာအားလုံး၏အကြည့်မှာလည်း ဂူဒူအာဆီသို့သာ ဆိုက်ရောက်သွားကုန်ကြ၏။

ဤအခြေအနေမျိုးတွင် သူတို့အနေဖြင့်လည်း ဆုံးဖြတ်ချက်ချနိုင်ရန် ဂူဒူအာ၏ဉာဏ်အမြော်အမြင်ကို သေချာပေါက်လိုအပ်သည်ပင်။

"တဝက် တဝက်စီပဲ"

ဂူဒူအာက အသံလေးလေးဖြင့် ထိုသို့ဆိုသည်။

"ဘာကိုဆိုလိုတာလဲခင်ဗျာ"

ကျန်းယန်က အမြန်မေးလိုက်သည်။

ဂူဒူအာက ဖြည်းဖြည်းချင်း စကားဆက်သည်။

"ဖန်ဆင်းခြင်းဝိညာဉ်နန်းတော်ရဲ့ အရေးပါပုံကို ငါ အထူးတလည်ရှင်းပြနေစရာ မလိုတော့ဘူးမလား"

"တစ္ဆေဘုံက ဖန်ဆင်းခြင်းဝိညာဥ်နန်းတော်ထဲမဝင်ရတာ နှစ်ပေါင်းထောင်ချီကြာခဲ့ပြီ။ ဒါကြောင့် ဒီအခွင့်အရေးက သူတို့အတွက် အဖိုးမဖြတ်နိုင်စရာဖြစ်နေမှာပဲ"

"ဒါပေမဲ့ ယွင်မုန့်စိမ့်တောနဲ့ စစ်မြေပြင်ကြားမှာ လန်ကျားအထွတ်အမြတ်မြေနဲ့ ယွင်ရှောင်တိုက်က ကြားခံပိတ်ဆို့နေတဲ့အတွက် တစ္ဆေဘုံအနေနဲ့ ဝင်ရောက်စွက်ဖက်ဖို့ ခရီးလမ်းအဆင်မပြေ ဖြစ်ရတယ်လေ"

"ဒီတော့ ခရီးလမ်းအရကြည့်မယ်ဆိုရင် တစ္ဆေဘုံအဖို့ ပါရမီရှင်များစစ်မြေပြင်ကိုရောက်ချင်ရင် ယွင်ရှောင်တိုက် ဒါမှမဟုတ် လန်ကျားအထွတ်အမြတ်မြေကိုဖြတ်ပြီး တိုက်ရိုက်လမ်းဖောက်ချဖို့ပဲရှိတော့တယ်"

"လန်ကျားအထွတ်အမြတ်မြေမှာက ငါတို့လိုမဟာမိတ်တွေ ရှိထားတဲ့အတွက် တစ္ဆေဘုံက လမ်းကြောင်းဖောက်ဖို့ကို ယွင်ရှောင်နန်းတော်လမ်းကိုရွေးခဲ့တာ"

"ဒီအချက်ကလည်း သူတို့လှုပ်ရှားရခြင်းအကြောင်းရင်းတွေထဲက တစ်ခုအပါအဝင်ပဲရှိသေးတယ်"

"တခြားအကြောင်းရင်းတွေက ဘာတွေများလဲ"

ကျန်းယန်က ထပ်မေးလာသည်။

ဂူဒူအာက တည်ငြိမ်စွာစကားဆက်၏။

"အခုဆိုရင် တစ္ဆေဘုံရဲ့စွမ်းအားက ဘယ်လောက်တောင်ရှားပါးတယ်ဆိုတာ မင်းသိသင့်ပါပြီ"

"သူတို့ တိုက်ရခိုက်ရတာဖြစ်စေ၊ တခြား ဘာပဲလုပ်ရပါစေ အင်အားကတော့ သုံးရမှာပဲ"

"ဒါကြောင့် သူတို့စွမ်းအားဖြည့်တင်းဖို့ စခန်းမြေနေရာလိုအပ်နေတာ"

"ယွင်မုန့်စိမ့်တောက သူတို့အတွက်သင့်တော်ပေမဲ့ ယွင်မုန့်စိမ့်တောနဲ့ ပါရမီရှင်များစစ်မြေပြင်အကြား အကွာအဝေးက မနီးလှဘူး၊ ပြီးတော့ လမ်းခရီးမှာ ကြားဖြတ်တိုက်ခိုက်ခံရဖို့လည်း လွယ်ကူတယ်။"

"ဒါကြောင့် ငါ့စိတ်ထဲသေချာတာတစ်ခုက တစ္ဆေဘုံကာ ယွင်ရှောင်တိုက်ကြီးကို တစ္ဆေနယ်မြေအဖြစ် ပြောင်းလဲပစ်တော့မယ်ဆိုတာပဲ"

"ငါသာ သူတို့နေရာမှာဆိုရင် အဲ့လိုပဲလုပ်မိလိမ့်မယ်"

"မင်ယဲ့က လူကသာအရိုးခြောက်၊ ဦးနှောက်ကစံပဲ။ ဒီကောင် ဒီလိုအစီအစဥ်မျိုးရှိထားမှာ ကျိန်းသေတယ်"

"နောက်ပိုင်းကျရင် ယွင်ရှောင်တိုက်ကြီးဟာ တစ္ဆေဘုံရဲ့ စွမ်းအားစည်းမျဉ်းတွေဆီက ဝါးမြိုခြင်းခံရပြီး ရေရှည်မှာာ ဆက်လက်တည်မြဲနေဖို့ မဖြစ်နိုင်တော့ဘူး။"

"ဒီအတိုင်းသာဖြစ်လာမယ်ဆိုရင် စိတ်ဝင်စားစရာပဲ"

စကားပြောရင်းနှင့် ဂူဒူအာ၏ မျက်နှာအမူအရာက ထူးဆန်းသွားခဲ့သည်။

"တစ္ဆေဘုံရဲ့ လှုပ်ရှားမှုတွေက အမတဧကရာဇ်ရဲ့ အာဏာစက်ကို လွန်ကျူးထိပါးသွားခဲ့ပြီ။ အမတဘုံက ဒီကိစ္စကို ဒီတိုင်းလွှတ်ထားတော့မှာမဟုတ်ဘူး"

All Chapters