← Chapters

အခန်း ၄၈၅

Vol. 47 Ch. 485

အခန်း ၄၈၅

Vol. 47 Ch. 485

Chapter 485 ယွင်ရှောင်တိုက်ကြီး ပျက်စီးခြင်းကပ်

ဂူဒူအာ၏ ဆန်းစစ်ချက်ကို ကြားလိုက်ရသောအခါ ကျန်းယန်၏ မျက်နှာအမူအရာမှာ ထူးဆန်းသွားခဲ့ရသည်။

ဂူဒူအာပြောသည့်အတိုင်းသာမှန်လျှင် တစ္ဆေတမန်တော်များသည် အမတဘုံ၏ အရေးယူနှိမ်နင်းမှုကို အနှေးနှင့်အမြန် ခံစားကြရတော့မည် မဟုတ်ပါလော။

သို့သော် တစ္ဆေတမန်တော်များသည် အမတဧကရာဇ်၏အာဏာစက်ကို မည်ကဲ့သို့ ချိုးဖောက်ထိပါးခဲ့ခြင်းပေနည်း။

ဝိညာဉ်စွမ်းအားကြောင့်ပင်။

တစ္ဆေဘုံသည် ယွင်ရှောင်တိုက်ကြီးကို ၎င်းတို့၏ စွမ်းအားသဘောသဘာဝဖြင့် လည်ပတ်စီးဆင်းစေရန် အတင်းအဓမ္မပြောင်းလဲပစ်လိုက်ရာ သက်ရှိဝိညာဉ်စွမ်းအားပမာဏကို လျော့နည်းသွားစေခဲ့သဖြင့် အမတဧကရာဇ်၏ စည်းမျဥ်းကို တည့်တည့်ကြီးချိုးဖောက်ကာ စိန်ခေါ်ခြင်းအဖြစ် သက်ရောက်သွားစေခဲ့ခြင်းပင်။

အမတဘုံအနေဖြင့် အမတဧကရာဇ်၏ အာဏာစက်ကို ထိန်းသိမ်းရန်အတွက် ဤကိစ္စကို ငြိမ်ခံနေလို့မဖြစ်ပါချေ။

"စီနီယာရဲ့အမြင်အတိုင်းသာဆိုရင် အမတဘုံကလူတွေလည်း ဒီကိုဆင်းလာကြဦးမှာပေါ့" ကျန်းယန်ကမေးလိုက်သည်။

ဂူဒူအာသည် အချိန်အတော်ကြာစဉ်းစားပြီးနောက် လေးနက်စွာခေါင်းညိတ်ပြကာ ပြတ်သားသောအသံဖြင့် ဆိုလေသည်။

"ငါတို့ မိစ္ဆာဘုံသားတွေလည်း ပေါ်လာခဲ့ပြီးပြီ၊ တစ္ဆေဘုံသားတွေလည်း ပေါ်လာခဲ့ပြီ၊ အခု အမတဧကရာဇ်ရဲ့ အာဏာစက်ကိုပါ စိန်ခေါ်တဲ့သူရှိလာပြီဆိုတော့ အမတဘုံကလူတွေလည်း ပေါ်မလာစရာ အကြောင်းမရှိဘူး"

ဤကမ္ဘာမြေထက် ကျင့်ကြံသူအမြောက်အမြား ရှိပါသော်ငြား မည်သူတစ်ဦးတစ်ယောက်ကိုမျှ အမတဘုံသားဟု သတ်မှတ်လို့မရနိုင်ပါချေ။

"ဒါဆို သားရဲဘုံကလူတွေကော ရောက်လာဦးမှာလား"

ကျန်းယန်က ထပ်မေးသည်။

ယခုလက်ရှိတွင် အမတ၊ မိစ္ဆာ၊ သားရဲနှင့် တစ္ဆေများဟူ၍ အုပ်စုလေးခုရှိထားသည်ပင်။

အမတဘုံသာ သူတို့ဆီ ပေါ်ပေါက်လာခဲ့ဦးမည်ဆိုလျှင် သားရဲဘုံလည်း ပေါ်ထွက်လာစရာ ရှိပေဦးမည်လော။

ဂူဒူအာလည်း သားရဲဘုံသားများ ထွက်လာမည်မလာမည်ကိုတော့ ခန့်မှန်းနိုင်ခြင်းမရှိချေ။

အမတဘုံကိစ္စကိုပင် ခန့်မှန်းခြေသက်သက်အဖြစ်သာထားနိုင်ကာ တပ်အပ်ပြောဖို့တော့ ခက်ခဲနေဆဲဖြစ်၏။

ထိုအချိန်တွင် ယွင်ရှောင်တိုက်ကြီးပေါ်၌ မင်ယဲ့နှင့် အခြားသော တစ္ဆေဘုံတမန်တော်များ၊ တစ္ဆေစစ်သည်များသည် အဝါရောင်စမ်းချောင်းကို ယွင်ရှောင်တိုက်ကြီးအတွင်းသို့ အောင်မြင်စွာ ဆွဲသွင်းခဲ့ကြပြီ ဖြစ်သည်။

ယွင်ရှောင်တိုက်ကြီး၏ နေရာအများစုမှာ တစ္ဆေနယ်မြေအဖြစ်သို့ ပြောင်းလဲသွားခဲ့ရ၏။

ကောင်းကင်နှင့် မြေကမ္ဘာ၏ စည်းမျဉ်းဥပဒေသများ ပြောင်းပြန်လှန်သကဲ့သို့ ပြောင်းလဲသွားခဲ့သဖြင့် ထိုနေရာမှာ သာမန်သက်ရှိများ ရှင်သန်နေထိုင်ရန် လုံးဝမသင့်တော်တော့ချေ။

ယွင်ရှောင်တိုက်ကြီးတစ်ခုလုံး၏ လေးပုံတစ်ပုံခန့်သာ သာမန်သက်ရှိများ ဆက်လက်ရှင်သန်နိုင်မည့် သာမန်မြေနေရာအဖြစ် ကျန်ရှိခဲ့လေသည်။

ထိုနေရာကို တစ္ဆေဘုံတမန်တော်များက တမင်သက်သက် ချန်လှပ်ထားခဲ့ခြင်းဖြစ်သည်။ သူတို့သာ အလိုရှိပါက ယွင်ရှောင်တိုက်ကြီးတစ်ခုလုံးသည် တစ္ဆေဘုံ၏စည်းမျဉ်းများဖြင့် ဝါးမြိုလွှမ်းမိုးခံထားရပြီး ဖြစ်ပေတော့မည်။

ပြန်လည်ဝင်စားခြင်း စည်းမျဥ်းများအရ ယွင်ရှောင်တိုက်ကြီးပေါ်ရှိ လူဦးရေအမြောက်အမြားမှာ သက်တမ်းကုန်ဆုံးရန် အချိန်လိုသေးသည်။

ထိုသူများ သေကြောင်းကြံစည်ခြင်းသာ မရှိခဲ့ပါလျှင် ရုတ်တရတ်သေဆုံးသွားနိုင်ချေ မရှိသေးပါချေ။

ထို့ကြောင့် ထိုသူများကို အသက်ရှင်လျက်ချန်ရစ်ကာ ဆက်လက်နေထိုင်စေခြင်းဖြစ်သည်။

သို့သော်ငြားလည်း အခြားသောနယ်မြေအားလုံးမှာမူ တစ္ဆေနယ်မြေအဖြစ် ပြောင်းလဲသွားခဲ့ရပြီဖြစ်၏။

ယွင်ရှောင်တိုက်ကြီးပေါ်တွင် မင်ယဲ့နှင့် အပေါင်းအဖော်များ အခြေချနေရာယူထားကြပြီ ဖြစ်သည်။

မင်ရှီက လေးနက်သောအသံဖြင့် ဆိုသည်။

"ငါတို့အခု အမတဧကရာဇ်ရဲ့ အာဏာစက်ကို စိန်ခေါ်လိုက်ပြီဆိုတော့ အမတဘုံက သေချာပေါက် ကြားဖြတ်နှောင့်ယှက်လာလိမ့်မယ်"

မင်ယဲ့က တည်ငြိမ်စွာသာဆို၏။

"မင်းအခုထိ သဘောမပေါက်သေးဘူးလား"

"ငါတို့ အဲ့ဧကရာဇ်ရဲ့စည်းမျဥ်းတွေကို မထိပါးလည်း အမတတွေက ပေါ်လာကြဦးမှာပဲ"

"ဖန်ဆင်းခြင်းဝိညာဥ်ရေကန်ဆိုတာ နဂိုကတည်းက အမတ၊ သားရဲ၊ မိစ္ဆာနဲ့ တစ္ဆေတွေအကုန်ပူးပေါင်းမှ ဖွင့်လိုရနိုင်တဲ့အရာပဲ။ အခု မိစ္ဆာတွေနဲ့ တစ္ဆေတွေရောက်နေကြပြီဆိုတော့ အမတတွေနဲ့ သားရဲတွေလည်း သူတို့နည်းသူတို့ဟန်နဲ့ ပေါ်လာကြဦးမှာသေချာတယ်"

"ဖန်ဆင်းခြင်းဝိညာဥ်နေကန်က ဒီနေရာမှာ အကြောင်းမဲ့ရောက်နေတာဖြစ်နိုင်ပါ့မလား"

"ဒီနေရာမှာ မျိုးနွယ်စုလေးခုဆုံဖို့ ကြမ္မာဖန်ထားတဲ့အတိုင်း ဖြစ်တည်လာတာပဲ"

"မင်းတို့နှစ်ယောက် ငါနဲ့အတူ ဖန်ဆင်းခြင်းဝိညာဉ်ရေကန်ကို တစ်ချက်သွားကြည့်ရအောင်။ ပြီးတော့ ပါရမီရှင်များစစ်မြေပြင် ဘာတွေပြောင်းလဲသွားလဲဆိုတာလည်း ကြည့်ချင်သေးတယ်"

သူတို့အနေဖြင့် နောက်ထပ်ဆုံးဖြတ်ချက်များ မချမှတ်မီ ပါရမီရှင်များစစ်မြေပြင်ကို စောင့်ကြည့်လေ့လာထားဖို့ လိုအပ်ပေသေးသည်။

ထို့နောက် တစ္ဆေဘုံတမန်တော်သုံးဦးသည် ပါရမီရှင်များစစ်မြေပြင်ရှိရာဘက်သို့ ပျံသန်းသွားခဲ့ကြသည်။

သူတို့သည် ပါရမီရှင်များစစ်မြေပြင်၏ အပြင်ဘက်အစွန်းနားသို့ ရောက်ရှိလာသော် ထိုစစ်မြေပြင်ကို အစွမ်းထက်လှသော တားမြစ်ကန့်သတ်ချက်များဖြင့် ဝန်းရံထားသည်ကို မြင်လိုက်ရလေသည်။ ထိုအခါမှ ထိုမိစ္ဆာများ အဘယ်ကြောင့် ဖန်ဆင်းခြင်းဝိညာဥ်ရေကန်ကို အနားပင်မသီနိုင်သေးကြောင်း မင်ယဲ့နားလည်သွားတော့၏။

အဘယ်ကြောင့်ဆိုသော် တစ္ဆေဘုံတမန်တော်သုံးဦး၏ စုပေါင်းစွမ်းအားနှင့်ပင် ဤခိုင်မြဲစနစ်ကျလှသော ကန့်သတ်တားမြစ်ချက်များကို မဖျက်ဆီးနိုင်သောကြောင့်ပင်။

"ထင်သလောက်တော့ မလွယ်ဘူးပဲ" မင်ယဲ့က တည်ငြိမ်စွာ မှတ်ချက်ချလိုက်သည်။

"ယွင်ရှောင်တိုက်ကြီးဆီပြန်ပြီး အခြေအနေ အရင်စောင့်ကြည့်ကြတာပေါ့"

ထို့နောက် တစ္ဆေဘုံတမန်တော်သုံးဦးသည် ယွင်ရှောင်တိုက်ကြီးဆီသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြသည်။

ထို့နောက်တွင် ဘာတစ်ခုမှဆက်မလုပ်ဘဲ ငြိမ်ငြိမ်သာရှိကုန်ကြလေ၏။

တစ္ဆေဘုံ၏ ရုတ်ချည်းငြိမ်သက်သွားမှုကို မြင်မှသာ ဂိုဏ်းအားလုံးမှာ သက်ပြင်းချနိုင်ခဲ့ကြသည်။

လူတိုင်း သက်ပြင်းချနိုင်ခဲ့ကြသော်လည်း မည်သူမျှ စိတ်မချရဲကြသေးချေ။

အဘယ်ကြောင့်ဆိုသော် အများစုမှာ ဖန်ဆင်းခြင်းဝိညာဥ်ရေကန်အကြောင်းကို မသိထားကြသေးသဖြင့် တစ္ဆေဘုံတမန်တော်များ တိုက်ပွဲကြီးဆင်နွှဲအပြီး ယာယီအနားယူနေခြင်းဖြစ်ကာ နောက်ပိုင်းတွင် အစီအစဥ်အတိုင်း ဆက်လက်လှုပ်ရှားပေဦးမည်ဟု ယူဆသောကြောင့်ပင်။

လန်ကျားအထွတ်အမြတ်မြေတွင်မူ သူတော်စင်သခင်၏စိတ်ထဲတွင် ခန့်မှန်းချက်အချို့ ရှိနေခဲ့သည်။

ဤတစ္ဆေတမန်တော်များ၏ ရုတ်တရက်နိုင်ကာ ထူးဆန်းသော အပြုအမူများသည် ဖန်ဆင်းခြင်းဝိညာဉ်ရေကန်ကြောင့်သာ ဖြစ်နိုင်ကြောင်း သူ တပ်အပ်ကောက်ချက်ချမိသည်။

"အဲ့ဒီတစ္ဆေတမန်တော်တွေ လွယ်လွယ်နဲ့လက်မလျှော့နိုင်ပုံထောက်ရင် ဖန်ဆင်းခြင်းဝိညာဥ်ရေကန်ဆိုတာ အတော်လေးကိုအရေးပါတဲ့ပစ္စည်း ဖြစ်လောက်မယ်"

"တစ္ဆေဘုံတမန်တော်တွေ ပြန်လည်ဝင်စားခြင်းအာဏာစက်ကို စွန့်လွှတ်ရတဲ့ တစ်ခုတည်းသောအကြောင်းရင်းက ဖန်ဆင်းခြင်းဝိညာဥ်ရေကန်ဟာ သူတို့ရဲ့ ဘိုးစဥ်ဘောင်ဆက်အာဏာထက် ပိုပြီးအရေးကြီးတဲ့ပစ္စည်း ဖြစ်နေလို့ပဲ"

သို့သော် ထိုဖန်ဆင်းခြင်းဝိညာဥ်ရေကန်မှာ မည်သို့သောအရာဖြစ်သနည်း ဆိုသည်ကိုတော့ သူလုံးဝဆက်မတွေးတတ်တော့။

အချိန်အတော်ကြာ စဉ်းစားသုံးသပ်ပြီးနောက် သူတော်စင်သခင်သည် တူရှန်းအား ခေါ်ယူညွှန်ကြားလေသည်။

"အဇူရာတိမ်ဂိုဏ်းဆီသွားပြီး ကျန်းယန်ကို သတင်းစကားတစ်ခု ပါးလိုက်ပါ၊ ငါသူ့ကိုစုံစမ်းခိုင်းထားတဲ့ကိစ္စ အခြေအနေဘယ်လိုရှိလဲလို့"

ဖန်ဆင်းခြင်းဝိညာဉ်ရေကန်အကြောင်းမှာ လက်ရှိတွင် အချက်အချာဖြစ်နေသဖြင့် လန်ကျားအထွတ်အမြတ်မြေတွင် ဘာအပြောင်းအလဲမှမဖြစ်ပေါ်စေရေးအတွက် သူ့ဘက်ကနှုတ်လုံလုံဖြင့် သေချာစည်းစောင့်ထားရမည်ဖြစ်သည်။

တူရှန်းသည်လည်း အူကြောင်ကြောင်ဖြင့်ပင် အဇူရာတိမ်ဂိုဏ်းသို့ရောက်လာကာ သတင်းစကားအားပါးသော် ကျန်းယန်က ခေါင်းကိုတွင်တွင်ခါလျက် ဆိုလေ၏။

"ဦးလေးသူတော်စင်သခင်ကို ပြန်ပြောလိုက်ပါ။ မိစ္ဆာတွေက အချိန်မကျသေးတဲ့အတွက် မပြောနိုင်သေးဘူးလို့။ တစ်ချိန်ချိန်ကျရင် သိရမယ့်ကိစ္စပါလို့ပဲ ပြောကြတယ်လို့"

တူရှန်းသည်လည်း ဇဝေဇဝါဖြစ်လျက်နှင့်ပင် ပြန်လည်ထွက်ခွာသွားခဲ့ရသည်။

ယွင်ရှောင်နန်းတော် ရုတ်တရက် ပျက်စီးသွားခြင်းကြောင့် ဖြစ်ပေါ်လာခဲ့သော ကမ္ဘာပျက်မတတ် ထိတ်လန့်တုန်လှုပ်မှုများသည် လျင်မြန်စွာပင် ပြန်လည်ငြိမ်သက်သွားခဲ့၏။

သို့ရာတွင် ဝေးလံလှသော ပင်လယ်ရပ်ခြား ကျွန်းငယ်လေးတစ်ခုပေါ်ရှိ လူတစ်စုမှာမူ အလွန်ပင် စိတ်ပျက်အားငယ်နေခဲ့ကြရသည်။

ဤလူစုမှာ ယွင်ရှောင်နန်းတော်မှ အသက်ရှင်ကျန်ရစ်ခဲ့သော လူနည်းစုကျင့်ကြံသူများပင် ဖြစ်သည်။

ထိုအုပ်စုလေးသည် ယွင်ရှောင်တိုက်ကြီးရှိရာသို့ မကြာမကြာ လှမ်းမျှော်ကြည့်ကာ ဤတစ်သက်မပြန်နိုင်တော့သော မွေးရပ်မြေအား တမ်းတလွမ်းဆွတ်နေကြရ၏။

ယွင်ရှောင်နန်းတော်သခင်က သက်ပြင်းချလျက် ညွှန်ကြားလာသည်။"အရင်ဆုံး ဒီမှာပဲအခြေချပြီး အခြေအနေစောင့်ကြည့်ကြတာပေါ့။ ယွင်ရှောင်တိုက်ကြီးဆီ လူလွှတ်ပြီး စုံစမ်းခိုင်းလိုက်ချေဦး။ တစ္ဆေတမန်တော်တွေဆိုတာလည်း တခြားဘုံကလာတဲ့ဧည့်သည်တော်တွေပဲမလား။ သူတို့ဒီမှာတော့ တစ်သက်လုံးကြီး အခြေမချလောက်ပါဘူးလေ"

"နောက်ပြီး တစ္ဆေတမန်တော်တွေဆိုတာ သက်တမ်းကုန်ခါနီးလူတွေအတွက်ပဲ ရောက်လာတတ်ကြတာမျိုးမဟုတ်လား။ ဒီလိုလုပ်ရပ်ကို တခြားဂိုဏ်းတွေကလည်း လွှတ်ထားမှာမဟုတ်ပါဘူး"

"သူတို့တွေ ပြန်ပြီးနှင်ထုတ်ခံရပြီးတာနဲ့ ငါတို့လည်း အိမ်ပြန်နိုင်ပါပြီ"

ယွင်ရှောင်နန်းတော်သခင်မှာ စိတ်ထဲ နာလိုခံခက်စွာ ဒေါသထွက်ရပေသော်ငြား တစ်ချိန်တည်းမှာပင် ကံကောင်းလှချည့်ဟု ခံစားမိပြန်၏။

ထိုတမန်တော်များသာ မိမိတို့ကိုသတ်ချင်လျှင် ထွက်ပြေးလို့ရနိုင်စရာအကြောင်းပင် မရှိသည်လေ။

သို့သော်ငြားလည်း ယနေ့မှစ၍ ယွင်ရှောင်နန်းတော်သည် ယိုယွင်းပျက်စီးသွားခဲ့ပြီဖြစ်ရာ ရှေးဟောင်းဂိုဏ်းကြီးတစ်ခု၏ ကြီးကျယ်ခမ်းနားသော ဂုဏ်ဒြပ်ကို မည်သည့်အခါမျှ ပြန်လည်ရရှိတော့မည် မဟုတ်ကြောင်းကိုလည်း သူ ကောင်းကောင်းနားလည်ထားပါသည်။

ဤအခိုက်အတန့်တွင် နန်းတော်သခင်သည် တစ္ဆေဘုံတမန်တော်များအနေဖြင့် အခြားသော ဂိုဏ်းဂဏကြီးများကိုပါ လိုက်လံသုတ်သင် ရှင်းလင်းပစ်လိုက်ရန်ပင် မသိမသာ မျှော်လင့်မိနေခဲ့သည်။

ငါတို့ ယွင်ရှောင်နန်းတော် ဒီလိုချွတ်ခြုံကျသွားမှတော့ တလောကလုံးပျက်စီးသွားတာပဲ ကောင်းတယ်။

သူတို့ ယွင်ရှောင်တိုက်ကြီးဆီသို့ လူလွှတ်ကာ စုံစမ်းစစ်ဆေးပြီးနောက်တွင် တစ္ဆေဘုံတမန်တော်များသည် ယွင်ရှောင်တိုက်ကြီး၏ ကောင်းကင်နှင့်မြေကမ္ဘာ စည်းမျဉ်းဥပဒေသများကိုပါ ပြောင်းလဲပစ်လိုက်ပြီဖြစ်ကြောင်း သိရှိလိုက်ရသည့်အခါ ယွင်ရှောင်နန်းတော်၏ ကျန်ရှိနေသောအင်အားစုတစ်ခုလုံးမှာ မျက်နှာများ သွေးဆုတ်ဖြူလျော်သွားခဲ့ကြရတော့၏။

ဤသို့ စည်းမျဥ်းဥပဒေသများပါ ကမောက်ကမ ကျွမ်းထိုးမှောက်ခုံဖြစ်ပြီးသည့် အခြေအနေတွင် ထိုတမန်တော်များ ပြန်လည်ထွက်ခွာသွားပါကလည်း သူတို့ အိမ်ပြန်နိုင်တော့မည်မဟုတ်ချေ။

လွန်ခဲ့သော နှစ်တစ်ထောင်ခန့်က အဇူရာတိမ်ဂိုဏ်းအကြောင်း ပြန်သတိရရင်း သူတို့အခြေအနေမှာ ထိုထက်အဆပေါင်းများစွာ ပိုဆိုးရွားသွားပြီဖြစ်ကြောင်း လက်ခံလိုက်ရ၏။

အနည်းဆုံးတော့ အဇူရာတိမ်ဂိုဏ်းသည် အိမ်မပျောက်ခဲ့ပါပေ။

"ရှိစေတော့"

နန်းတော်သခင်မှာ ဝမ်းနည်းပက်လက် သက်ပြင်းချလေသည်။

"ငါတို့လည်း ကောင်းကင်နှလုံးသားကျွန်းလိုပဲ သီးခြားကျွန်းလေးတစ်ကျွန်းရှာပြီး ဂိုဏ်းတည်ကြတာပေါ့လေ"

ထို့နောက်တွင်တော့ လူတိုင်း စိတ်ကိုအေးအေးထားကာ ကျွန်းကြီးတစ်ကျွန်းသာရှာလိုက်ကြပြီး ကျန်ရှိသောမှော်ရတနာများ၏ အကူအညီဖြင့် ဂိုဏ်းမဟာအစီအရင်ကို ပြန်လည်တည်ဆောက်ကာ ယွင်ရှောင်နန်းတော်အား အပတ်တကုတ် ပြန်လည်တည်ထောင်ကြလေတော့သည်။

ယွင်ရှောင်နန်းတော်မှာတော့ လောကကြီး၏အရှုပ်အထွေးများကြားမှ အပြီးတိုင် ဆုတ်ခွာထွက်ပြေးသွားလေပြီ။

တစ္ဆေဘုံသည် ယွင်ရှောင်တိုက်ကြီးကို ဝါးမြိုသိမ်းပိုက်လိုက်သည့် သတင်းမှာ တောင်တစ်သောင်းတောင်တန်းကြီးဆီသို့လည်း ပျံ့နှံ့ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

တောင်တစ်သောင်းတောင်တန်း၏ နက်ရှိုင်းသောတစ်နေရာတွင် နေထိုင်ကျက်စားနေကြသော သားရဲများစွာမှာ တစ်ဦးကိုတစ်ဦး တအံ့တသြ လှည့်ကြည့်လိုက်မိကြသည်။

သူတို့သည် ကျန်းယန်ထံမှတစ်ဆင့် ဖန်ဆင်းခြင်းဝိညာဉ်ရေကန်အကြောင်းကို သိရှိထားကြပြီး ဖြစ်သည့်အပြင် ဖန်ဆင်းခြင်းဝိညာဉ်ရေကန်အတွင်း၌ အမွေအနှစ်နေရာတစ်ခု ရှိနေကြောင်းကိုလည်း သိရှိထားကြသည်ပင်။

ယခုတော့ တစ္ဆေဘုံသည်လည်း ခြေလှမ်းကိုစလေပြီ။

မိမိတို့သားရဲဘုံကိုရော ဖယ်ကျဥ်ထားလို့ ရလိမ့်မတဲ့လား။

All Chapters