← Chapters

အခန်း ၄၈၆

Vol. 47 Ch. 486

အခန်း ၄၈၆

Vol. 47 Ch. 486

Chapter 486 - သားရဲမျိုးနွယ် ပြန်လည်ထွက်ပေါ်လာခြင်း

တောင်တစ်သောင်းတောင်တန်း၏ နက်ရှိုင်းသောနေရာတစ်ခုတွင် အစွမ်းထက်သားရဲကြီး အမြောက်အမြား စုဝေးရောက်ရှိနေကြပြီး နောင်လာမည့်အစီအစဉ်များအတွက် တိုင်ပင်ဆွေးနွေးနေကြသည်။

"လွန်ခဲ့တဲ့ နှစ်ပေါင်းခုနစ်ထောင်၊ ရှစ်ထောင်လောက်က တောင်တစ်သောင်းတောင်တန်းဆီ ဆုတ်ခွာသွားခဲ့ရကတည်းက ငါတို့တွေ အပြင်လောကကို သိပ်မထွက်ဖြစ်ခဲ့ကြဘူး။ အချိန်တွေ ဒီလောက်တောင် ကြာမြင့်သွားခဲ့ပြီဆိုတော့ လူအတော်များများလည်း ငါတို့ရဲ့တည်ရှိမှုကို မေ့လျော့နေကြပြီ။ ဒီတစ်ကြိမ်မှာတော့ ငါတို့ လူလုံးထွက်ပြသင့်ပြီထင်တာပဲ"

အစွမ်းထက်သားရဲကြီးတစ်ကောင်က တောင်တစ်သိန်းတောင်တန်းမှ ထွက်ခွာလိုသော သူ၏ဆန္ဒကို ပြတ်သားစွာ ထုတ်ဖော်ပြောဆိုလိုက်သည်။

တောင်တစ်သောင်းတောင်တန်းကြီးသည် ကျယ်ပြောလှသည်ဆိုသော်လည်း ဤသို့အစွမ်းထက်သားရဲမျိုးနွယ်စုကြီးများ နှစ်ပေါင်းများစွာခြေချုပ်မိနေရသည်မှာ နှမြောတသဖွယ်ကောင်းလှသည်။

စွမ်းအားကြီးသားရဲအများစုကတော့ ဤအခြေအနေမှ အမြန်ရုန်းထွက်လိုကြသည်။

သို့ရာတွင် အချို့သော သားရဲကြီးများကမူ စိုးရိမ်စိတ်မကင်းကြသေး။

"ငါတို့တွေ ကတိကဝတ်ပြုခဲ့ကြတယ်လေ။ လူတွေဘက်က စပြီးမနှောင့်ယှက်သရွေ့ ငါတို့ဘက်ကလည်း ခွင့်ပြုချက်မရှိဘဲ တောင်တစ်သောင်းတောင်တန်းကနေ ထွက်မသွားရဘူးဆိုပြီးတော့။ အဲဒီလူတွေ အခုဆို အမတဘုံကိုပြန်တက်သွားကြပြီ။ တကယ်လို့ ငါတို့သာ တောင်တစ်သောင်းတောင်တန်းကနေ ထွက်သွားမယ်ဆိုရင် ကတိသစ္စာကိုဖောက်ဖျက်ကြောင်း သတင်းကြားတဲ့အခါ ငါတို့ ဒီတောင်ပေါ်တောင် နေရာမရတော့တာတွေ ဖြစ်လာနိုင်တယ်"

"ဒီလိုအခြေအနေတွေအောက်မှာ ငါတို့သားရဲမျိုးနွယ် ကံကြမ္မာရဲ့ပြစ်ဒဏ်ကို ခါးစည်းခံရနိုင်ချေရှိတယ်"

အစွမ်းထက်သားရဲကြီး အမြောက်အမြားသည် ၎င်းတို့၏ ကိုယ်ပိုင်အမြင်များကို အသီးသီးဆုပ်ကိုင်ထားကြပြီး တက်ကြွစွာ ငြင်းခုံဆွေးနွေးနေကြသည်။

လူတိုင်းတွင် ဖြစ်ချင်သောဆန္ဒတိုင်းအတွက် ခိုင်လုံသောအကြောင်းပြချက်ကိုယ်စီ ရှိနေကြပြီး အားလုံးမှာ သားရဲမျိုးနွယ်စု၏အနာဂတ်အတွက် စိုးရိမ်ကြောင့်ကြနေကြခြင်းသာ ဖြစ်သည်။

နောက်ဆုံးတော့ သားရဲအားလုံး၏မျက်လုံးများမှာ အလယ်ဗဟိုတွင်ထိုင်နေသော သားရဲအိုကြီးများဆီသို့သာ ဆိုက်ရောက်သွားကာ ဖြေရှင်းနည်းတစ်ခုခုပေးနိုင်ရန် မျှော်ကိုးကုန်ကြလေသည်။

တစ်ချိန်က အဇူရာတိမ်ဂိုဏ်းသို့ ရောက်ရှိခဲ့ဖူးသော နဂါးသားရဲကြီးနှင့် မျောက်ဝံသားရဲကြီးတို့သည်လည်း ထိုသားရဲအိုကြီးများထဲတွင် ပါရှိနေသည်ပင်။

အချိန်အတော်ကြာ စဉ်းစားသုံးသပ်ပြီးနောက် နဂါးသားရဲကြီးက နှေးကွေးစွာဖြင့် ဆိုလာသည်။

"ဒီတစ်ကြိမ်မှာတော့ ငါတို့သားရဲမျိုးနွယ်စုတွေ တောင်တန်းပေါ်ကနေဆင်းသင့်ပြီလို့ ငါထင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီတစ်ကြိမ်အခြေအနေက အရင်တုန်းကတွေနဲ့ လုံးဝမတူကွဲပြားနေပြီမလို့ပဲ"

"ကျင့်ကြံ‌ရေးလောကရဲ့ကိစ္စပဲဆိုရင်တော့ ငါတို့တောင်ပေါ်ကဆင်းသွားတဲ့အခါ အဖြစ်ဆိုးနဲ့ပဲကြုံရမှာ မလွဲမသွေပဲ"

"ဒါပေမဲ့ ဒီကိစ္စမှာ မိစ္ဆာတွေနဲ့တစ္ဆေတွေပါ ပါဝင်ပက်သက်နေတာဆိုတော့ လောကကြီးပြောင်းလဲတော့မယ်ဆိုတာ နိမိတ်ပြနေပြီလို့ သတ်မှတ်နိုင်တယ်"

"တစ္ဆေဘုံတမန်တော်တွေ ယွင်ရှောင်နန်းတော်ကို သိမ်းပိုက်လိုက်တဲ့ကိစ္စကလည်း ပုံမှန်မဟုတ်တာ မင်းတို့အသိပဲ"

"တစ္ဆေဘုံအနေနဲ့ ဒီလောက်မိုက်ရူးရဲဆန်တဲ့လုပ်ရပ်မျိုးကို ဇွတ်တရွတ်တိုးလုပ်ဖို့အတွက် နောက်ကွယ်မှာ သေချာပေါက် အကျိုးအမြတ်ကြီးကြီးတစ်ခုတော့ရှိနေမှာပဲ။"

"မိစ္ဆာတွေဘက်ကို ကြည့်မယ်ဆိုရင်ရော"

"သူတို့ဆိုရင် ဒီလောကကို လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်လောက်က ရောက်နှင့်နေခဲ့ကြတာ၊ အဇူရာဂိုဏ်းက ဖိနှိပ်ထားလို့သာ ကနဦးအစီအစဥ်တွေကို အကောင်အထည်ဖော်ဖို့ နှစ်ပေါင်းတစ်ထောင်လောက် ကြန့်ကြာနောက်ကျနေခဲ့ကြတာ"

"အဇူရာတိမ်ဂိုဏ်းက ဟိုကောင်လေးကလည်း အမတ၊ သားရဲ၊ မိစ္ဆာ၊ တစ္ဆေ မျိုးနွယ်စုလေးခု ပါရမီရှင်များစစ်မြေပြင်မှာ ထိပ်တိုက်တွေ့ကြရဦးမယ်လို့ ပြောထားဖူးတယ်"

"အခုဆိုရင် ငါတို့သားရဲမျိုးနွယ်စုထဲ ထွက်ပေါ်လာဖို့ကျန်တော့တယ်လေ"

"ငါတို့သာ တောင်တစ်သောင်းတောင်တန်းထဲမှာ ဒီလိုပဲဆက်ပြီး ပိတ်မိနေဦးမယ်ဆိုရင် ကံကြမ္မာရဲ့အလိုကိုဖျက်ဆီးမိရုံသာမက ပါရမီရှင်များစစ်မြေပြင်မှာ ဝင်ရောက်ဆင်နွှဲရမယ့်အခွင့်အလမ်းကိုပါ လက်လွှတ်ဆုံးရှုံးလိုက်ရလိမ့်မယ်"

"ပါရမီရှင်များစစ်မြေပြင်မှာ မျိုးနွယ်စုအသီးသီးရဲ့ ကံကြမ္မာကို ပြောင်းလဲစေနိုင်မယ့် အကျိုးအမြတ်တွေရှိနေမှာ သေချာတယ်"

"တကယ်လို့ ငါတို့ သားရဲမျိုးနွယ်စုကသာ ဒီလိုအကျိုးအမြတ်မျိုးကို လက်လွတ်ခံလိုက်မယ်ဆိုရင် နောင်ကျရင် တောင်တစ်သောင်းတောင်တန်းထဲမှာပဲ ခက်ခက်ခဲခဲ ရုန်းကန်နေထိုင်သွားရုံပဲ ရှိတော့မယ်။"

အခြားသော သားရဲအိုကြီးတစ်ဦးကလည်း ထောက်ခံသလိုခေါင်းညိတ်ကာ ဆိုသည်။

"ကတိကဝတ်ကိုချိုးဖျက်လိုက်မယ်ဆိုရင်ရော ဘာအကျိုးဆက်တွေ ရှိလာနိုင်မယ်ထင်လဲ"

နဂါးသားရဲကြီးက ပြတ်သားစွာဖြင့် ပြောလာသည်။

"အဲဒီတုန်းက သူတို့ လူသားမျိုးနွယ်စုတွေ ထိပ်တန်းရောက်နေချိန်မှာ ငါတို့လည်း မျိုးတုံးမယ့်အန္တရာယ်ကနေ ရှောင်ရှားချင်ခဲ့ကြတဲ့အတွက် လွယ်လွယ်လက်လျှော့ခဲ့ကြတာ၊ သူတို့ လူသားတွေဘက်ကလည်း အင်အားဆုတ်ယုတ် သေကြေပျက်စီးတဲ့အထိ မတိုက်ခိုက်ချင်ကြဘူး၊ ဒါကြောင့် နှစ်ဦးနှစ်ဖက်စလုံးက တစ်လှမ်းစီဆုတ်ခဲ့ကြလို့ အခုလိုအခြေအနေ ဖြစ်လာခဲ့တာ"

"ဒီနေ့ခေတ် ကျင့်ကြံရေးလောကမှာ အရင်ကလိုအစွမ်းအစတွေ ကုန်ဆုံးနေတာကြာပါပြီ"

"ကပ်ဘေးဖြတ်ကျော်ခြင်း နှောင်းပိုင်းအဆင့်ကျင့်ကြံသူ ဘယ်နှယောက်များကျန်တော့လို့ ငါတို့ကကြောက်ပြနေရဦးမှာလဲ"

"စစ်မှန်သောအမတအဆင့်ဆိုရင် တစ်ယောက်တောင်ရှာတွေ့ဖို့ မလွယ်တော့ဘူး"

"ကျင့်ကြံရေးလောကရဲ့အဆင့်အတန်းက အဲ့လောက်ထိကိုနိမ့်ကျနေပြီ ငါတို့စိုးရိမ်ကြောင့်ကြစရာတစ်ခုမှ မရှိတော့ဘူးလေ"

"ကတိကဝတ်ကို အတည်ပြုထားတဲ့သူတွေ ပြန်ရောက်လာရင်တောင်မှ ငါတို့သားရဲမျိုးနွယ်စုရဲ့ ဒီလောက်များပြားတဲ့ပမာဏကို စိတ်ရှိတိုင်းအပြတ်ရှင်းလို့ ရနိုင်မှာမဟုတ်ဘူး"

"အဆိုးဆုံးထိရောက်လာခဲ့ရင် အရင်ကအဆုံးမသတ်ခဲ့သေးတဲ့ မဟာစစ်ပွဲကြီးကို အသက်ပြန်သွင်းပြီး သေသေရှင်ရှင် တိုက်ခိုက်ကြရုံပေါ့"

"တိုက်ပွဲတစ်ခုပဲလေ ဘာကြောက်နေစရာရှိလို့လဲ"

မျောက်ဝံသားရဲကြီးက ပြတ်သားစွာ ပြောလိုက်သည်။

"ငါတို့တွေ ရှင်သန်ကျန်ရစ်ဖို့ ဒီလောက်အထိကြိုးစားခဲ့ကြတာ ဒီနေရာမှာပဲ အိုမင်းပျက်စီးသွားကြရတော့မလား။ မင်းတို့ကော အဲဒါကို လက်ခံနိုင်ကြလို့လား"

ထိုစကားတွင် အစွမ်းထက်သားရဲကြီးအချို့ တုန်ယင်လှုပ်ရှားသွားခဲ့ကြ၏။

သားရဲအိုကြီးတစ်ဦးက ခေါင်းညိတ်ထောက်ခံရင်း ဆိုသည်။

"ငါလည်း ပုန်းခိုရာကနေပြန်ထွက်သင့်ပြီလို့ သဘောတူတယ်။ ဒါပေမဲ့ ငါတို့ဘက်က လက်လွတ်စပယ်မပြုမူမိအောင် သေချာစောင့်ထိန်းရမယ်လို့တော့ တွက်ဆမိတယ်"

"ငါတို့ရဲ့ ရည်မှန်းချက်က ပါရမီရှင်များစစ်မြေပြင်ကို သွားဖို့ပဲ၊ လူသားမျိုးနွယ်စုကို သိမ်းပိုက်ဖို့ မဟုတ်သလို လူတွေကို အသားလွတ်သတ်ဖြတ်ဖို့လည်း မဟုတ်ဘူး။"

"ဒါကြောင့် ပါရမီရှင်များစစ်မြေပြင်ဆီ သွားရာလမ်းကို ရှင်းလိုက်နိုင်ပြီဆိုရင် အဆင်ပြေပြီ။ အဲ့ထက်ပိုလုပ်စရာ မလိုဘူး"

"မြင့်မြတ်ဝိညာဥ်ဂိုဏ်းကနေ သွားမှာလား"

သားရဲအိုကြီးတစ်ဦးက မေးသည်။

ပါရမီရှင်များစစ်မြေပြင်ဆီသို့ အရောက်သွားချင်လျှင် လမ်းတွင် မြင့်မြတ်ဝိညာဥ်တိုက်ကို သေချာပေါက် ဖြတ်သန်းသွားရမည်ပင်။

ဤသည်မှာ အနီးဆုံးလမ်းဖြစ်သည်။

နောက်ထပ်လမ်းတစ်ခုမှာ ကွေ့ယွမ်ဘုရားကျောင်းနှင့် မြင့်မြတ်ဝိညာဉ်ဂိုဏ်းကြားရှိ နယ်စပ်နယ်မြေကို ဖြတ်သန်းသွားရောက်ခြင်း ဖြစ်သည်။

သို့သော် ထိုနယ်ကြားလမ်းမှာ နှစ်ဖက်ဂိုဏ်းနှစ်ခုဆီမှ ညှပ်ပိတ်ဖြတ်တောက်ခံလိုက်ရနိုင်ခြေ အလွန်များ၏။

ထို့ကြောင့် တည်ငြိမ်ဘေးကင်းသောလမ်းတစ်ခုကို သတ်မှတ်ဖောက်လုပ်ချင်လျှင် တစ္ဆေဘုံ၏နည်းလမ်းကို ကျင့်သုံးရပေတော့မည်။

"ငါတို့ မြင့်မြတ်ဝိညာဉ်ဂိုဏ်းကို ဖျက်ဆီးပစ်လိုက်ကြမလား"

အစွမ်းထက်သားရဲကြီးအုပ်စုမှာ တိုက်ပွဲငတ်နေကြချိန်ဖြစ်သောကြောင့် ဖြစ်နိုင်လျှင် ချက်ချင်းထရပ်ပြီး အပြတ်ရှင်းလင်းပစ်လိုက်ချင်စိတ်သာ ရှိကြတော့၏။

သူတို့သည်လည်း မြင့်မြတ်ဝိညာဉ်ဂိုဏ်းနှင့် ကပ်လျက်နေထိုင်ကြပါသော်ငြား နှစ်ဦးနှစ်ဖက် ဆက်ဆံရေးမှာ မကောင်းမွန်လှချေ။ အမှန်စင်စစ်တွင် တစ်ဦးကိုတစ်ဦး သတိထားစောင့်ကြည့်နေကြပြီး ပွတ်တိုက်မှုများ မကြာမကြာရှိတတ်သည့် ဆက်ဆံရေးမျိုးသာဖြစ်၏။

မြင့်မြတ်ဝိညာဥ်ဂိုဏ်း ယခုအချိန် ဖျက်ဆီးချေမှုန်းခံလိုက်ရဖို့ကို သူတို့ထက်ပို၍အလိုရှိသူ ထပ်မရှိနိုင်တော့။

နဂါးသားရဲကြီးက ကျန်သားရဲအိုကြီးများကို တစ်ချက်စွေကြည့်ကာ‌‌ ခေါင်းယမ်းပြလေသည်။

"မြင့်မြတ်ဝိညာဥ်ဂိုဏ်းကို ဖျက်ဆီးစရာမလိုပါဘူး။ မြင့်မြတ်ဝိညာဥ်တိုက်တစ်ဝက်လောက်ကိုပဲ အပိုင်သိမ်းနိုင်ရင်ရပြီ"

"ဒါပေမဲ့ မြင့်မြတ်ဝိညာဥ်ဂိုဏ်းသာ အကြောင်းအကျိုး အကောင်းအဆိုးမသိဘဲ ခုခံတိုက်ခိုက်ချင်တယ်ဆိုရင်တော့ သူတို့ကိုရှင်းပစ်ဖို့ နှစ်ခါစဥ်းစားနေစရာမလိုဘူး"

ရေတွက်၍မရသော သားရဲကြီးများသည် သဘောတူညီစွာဖြင့် ခေါင်းညိတ်ကြပြီးနောက် သားရဲမျိုးနွယ်စုတစ်ခုလုံး၏ ဆန္ဒမှာ တစ်သားတည်းဖြစ်သွားခဲ့တော့သည်။

သုံးရက်ကြာပြီးနောက် သားရဲအိုကြီးလေးကောင်က ဦးဆောင်ကာ၊ အစွမ်းထက်သားရဲကြီး အကောင်နှစ်ဆယ် သုံးဆယ်ခန့်နှင့်အတူ အခြားသော ကျင့်ကြံဆင့်အသီးသီးရှိ ရေတွက်၍မရသော သားရဲများစွာ ခြံရံလျက် တောင်တစ်သိန်းတောင်တန်းမှ အလုံးအရင်းဖြင့် ထွက်ခွာလာကြပြီး မြင့်မြတ်ဝိညာဉ်တိုက်ကြီးဆီသို့ ဦးတည်သွားခဲ့ကြသည်။

မြင့်မြတ်ဝိညာဉ်ဂိုဏ်းချုပ်သည် မိမိထံသို့ လှိုင်းလုံးကြီးများကဲ့သို့ စီးဆင်းလာသော သားရဲစွမ်းအားများကို မြင်လိုက်ရသည့်အခါ မျက်နှာမှာ ချက်ချင်းပင် သွေးဆုတ်ဖြူလျော်သွားခဲ့ရ၏။

သူအော်ဟစ်ညွှန်ကြားလိုက်သည်။

"အခုချက်ချင်း လောကမှာရှိတဲ့ ဂိုဏ်းအားလုံးဆီ သတင်းပို့အကူအညီတောင်းလိုက်၊ သားရဲမျိုးနွယ်စုတွေ ကတိသစ္စာကိုဖောက်ဖျက်ပြီး တောင်ပေါ်ကဆင်းလာပြီလို့ သွားပြော။ သားရဲမျိုးနွယ်စုတွေကို တောင်တစ်သိန်းတောင်တန်းဆီ ပြန်မောင်းထုတ်ဖို့၊ ဒါမှမဟုတ် အမြစ်ပြတ်သုတ်သင်ပစ်ဖို့ အားလုံး စုစည်းကြရမယ်"

ဒေါင်ဘူအာနှင့် အခြားသော တာအိုပေါင်းစည်းခြင်းအဆင့်ကျင့်ကြံသူများမှာ အရေးတကြီးလှုပ်ရှားကာ အကူအညီတောင်းဖို့ ပြေးလွှာကုန်ကြလေသည်။

မြင့်မြတ်ဝိညာဥ်ဂိုဏ်း၏ ကာကွယ်ရေးအစီအရင်ကိုလည်း အပြည့်အဝ အသက်သွင်းထားပြီးလေပြီ။

သက်တမ်းကုန်ဆုံးလုနီးပါးဖြစ်နေသော ဘိုးဘေးများအားလုံးမှာလည်း အချိန်မရွေး လှုပ်ရှားနိုင်ရန်အတွက် ပြန်လည်နိုးထလာကြရန် ပြင်ဆင်နေကြပြီဖြစ်သည်။

ဤသည်မှာ သားရဲမျိုးနွယ်ပင်။

အစွမ်းထက်သားရဲကြီးများဆိုရင် လူကိုမျိုနိုင်သည်အထိ အင်အားရောအရွယ်အစားပါ ပြည့်ဝကြီးမားကြသည်။

မြင့်တက်လာသော သားရဲစွမ်းအင်များကို သတိထားမိနေရင်း မြင့်မြတ်ဝိညာဥ်ဂိုဏ်းချုပ်သည် ချီတက်လာသော သားရဲစစ်တပ်ကိုပင် မျက်နှာချင်းဆိုင်မကြိုနိုင်သည်အထိ ကြောက်ရွံ့နေခဲ့မိ၏။

သူသည် မြင့်မြတ်ဝိညာဉ်ဂိုဏ်းအတွင်းမှနေ၍ ဝိညာဉ်အာရုံကို သားရဲမျိုးနွယ်စုရှိရာဘက်သို့ ဖြန့်ကြက်ကာ စကားကိုပို့လွှတ်လိုက်သည်။

"မင်းတို့ သားရဲမျိုးနွယ်စုတွေ ကတိသစ္စာကိုဖောက်ဖျက်ပြီး တောင်ပေါ်ကဆင်းလာတယ်ဆိုကတည်းက ကိုယ့်သေတွင်းကိုယ်တူးတာပဲ။ ငါမင်းတို့ကို အခုချက်ချင်း တောင်တစ်သိန်းတောင်တန်းဆီ ပြန်ဆုတ်ခွာဖို့ သတိပေးလိုက်မယ်။ မဟုတ်ရင် ဒီတစ်ကြိမ်မှာတော့ သနားညှာတာပေးတယ်ဆိုတာ ရှိလာမှာမဟုတ်တော့ဘူး"

"ဟားဟား" နဂါးသားရဲကြီးက ကျယ်လောင်စွာအော်ဟစ်ရယ်မောလေသည်။

"ငါတို့ အသက်ရှင်ကျန်ရစ်ခဲ့တဲ့အကြောင်းရင်းက မင်းတို့ညှာတာပေးလို့မဟုတ်ဘဲ သတ်နိုင်စွမ်းမရှိကြလို့ပါကွာ"

"မင်းတို့သာ ငါတို့ကိုအမြစ်ပြတ်ရှင်းလင်းချင်တယ်ဆိုရင် လူကုန်တဲ့အထိ သေသေကျေကျေတိုက်ပွဲဝင်ရမှာ သိတာကြောင့် ထောက်ထားညှာတာမှုကိုအကြောင်းပြပြီး တပ်ဆုတ်ခဲ့ကြတာမဟုတ်လား"

"ဒီတစ်ချက်ကို မင်းတို့မြဲမြဲမှတ်ထား"

"နောက်ပြီး ငါတို့တောင်အောက်ဆင်းလာတဲ့ရည်ရွယ်ချက်က မင်းတို့ဂိုဏ်းကိုဖျက်ဆီးဖို့မဟုတ်တာကြောင့် အလန့်တကြား သိပ်မဖြစ်လိုက်နဲ့"

"ငါတို့က ပါရမီရှင်များစစ်မြေပြင်ဆီ အရောက်သွားဖို့ မြင့်မြတ်ဝိညာဥ်တိုက်ရဲ့ တစ်ဝက်လောက်ကို သိမ်းပိုက်ချင်ရုံပါပဲ"

"ပါရမီရှင်များစစ်မြေပြင် ဖွင့်လှစ်တာနဲ့ ငါတို့ သားရဲစစ်သည်တော်တွေကို စေလွှတ်ယှဥ်ပြိုင်ခိုင်းဖို့ အခွင့်အရေးလိုချင်ရုံပါ"

"စစ်ပွဲကြီးပြီးဆုံးသွားတာနဲ့ ငါတို့လည်း တောင်တစ်သောင်းတောင်တန်းဆီ ပြန်လည်ဆုတ်ခွာပေးမှာပါ"

"မင်းတို့ မြင့်မြတ်ဝိညာဥ်ဂိုဏ်းဘက်က ဂိုဏ်းသားတွေကို စည်းကမ်းတကျထိန်းသိမ်းနိုင်မယ်လို့ မျှော်လင့်ပါတယ်"

"ငါတို့သားရဲတွေလည်း ကိုယ့်လူတွေကို ပြဿနာကြီးကြီးမားမားမဖြစ်အောင် ထိန်းသိမ်းဆုံးမပေးမယ်လို့ ကတိပေးတယ်"

ထိုစဥ် နဂါးသားရဲကြီး၏ ညှိနှိုင်းဆွေးနွေးနေဟန် လေသံမှာ ရုတ်ချည်းအေးစက်သွားခဲ့ပြီး ဆိုလာ၏။

"တကယ်လို့ မင်းတို့ မြင့်မြတ်ဝိညာဉ်ဂိုဏ်းက အခြေအနေကိုနားမလည်ဘဲ ဇွတ်အတင်း ပြဿနာရှာချင်နေမယ်ဆိုရင်တော့ ငါတို့အဆိုးမဆိုနဲ့တော့"

All Chapters