အခန်း ၇၇၉
Vol. 68 Ch. 779
အခန်း ၇၇၉
သိုင်းပညာအင်အားဖြင့် မလုံလောက်ချိန်တွင် မည်မျှဉာဏ်ထက်မြက်သည်ဖြစ်စေ ဤသို့အခြေအနေမျိုး၌ လုပ်ဆောင်နိုင်သည့်နည်းလမ်းတစ်ခုသာ ရှိသည်။ သေခြင်းတရားကို ရင်ဆိုင်ခြင်းပင်။
ဒီနေ့ ငါနန်ပါးထျန်းက ဆုံးဖြတ်ပိုင်ခွင့်ရှိသူဖြစ်ပြီး အင်အားအကြီးမားဆုံးသူဆိုတာကို ပြပေးမယ်။
ငါ့ရဲ့ပျက်စီးသွားတဲ့ သိဒ္ဓိစွမ်းအင်လုံးနဲ့ သိဒ္ဓိသွေးကြောတွေကို ဆေးသုံးပြီး ကုသပြီးပြီ။ အခုအချိန်မှာ ငါက စစ်မှန်တဲ့ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်သိုင်းပညာရှင်ပဲ။ မင်းလို စွမ်းအင်ပြောင်းလဲခြင်းနှောင်းပိုင်းအဆင့်ပဲရှိတဲ့ ချန်ကျိုစစ်က ငါ့ကိုယှဉ်နိုင်မတဲ့လား။
သေလိုက်တော့။
သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့် ငါ့ရဲ့တိုက်ခိုက်မှုအောက်မှာ သေလိုက်တော့။
နန်ပါးထျန်းသည် ထိုသို့တွေးလျက် သူ၏လက်နှစ်ဖက်စလုံးကို ဝှေ့ယမ်းပြီး သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့် ချီစွမ်းအင်ဖြင့် ရေခဲစိတ်စွမ်းအင်သိုင်း အသက်နုတ်တိုက်ကွက်ဖြစ်သည့် “ရေခဲဖြင့်အရာခပ်သိမ်းအား ပိတ်သိမ်းခြင်း”သိုင်းကွက်ကို ထုတ်လွှတ်လိုက်သည်။
သိုင်းကွက်သည် သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်ချီစွမ်းအင်၏ လှုံ့ဆော်မှုဖြင့် တောက်ပသည့်အလင်းတန်းများ ထွက်ပေါ်လာသည်။ အေးစက်သော လေထုလွှာပါးမှ ရေခဲစိုင်များ ဖွဲ့စည်းဖြစ်ပေါ်လာကာ နေရောင်ခြည်အောက်၌ တောက်ပနေသည်။
ထို့နောက် နန်ပါးထျန်းမှ ကျယ်လောင်စွာ ဟစ်ကြွေး၏။
“ချန်ကျိုစစ် သေလိုက်တော့”
နန်ပါးထျန်း လက်ဖဝါးနှစ်ဖက်ကို ပူးကပ်လိုက်သည်။ သို့သော် ချန်ကျိုစစ်ထံတွင် မည်သို့သော စိုးရိမ်ထိတ်လန့်မှုကိုမျှ သူမမြင်တွေ့ရချေ။ ချန်ကျိုစစ်သည် အလွန်တည်ငြိမ်အေးဆေးစွာဖြင့် နန်ပါးထျန်း၏လက်ဝါးသိုင်းကွက် သူ့ထံ ကျရောက်လာသည်ကို ရပ်စောင့်နေခဲ့သည်။
နန်ပါးထျန်း စိတ်ရှုပ်ထွေးသွား၏။
ချန်ကျိုစစ်က ဘာလို့ မလှုပ်ရှားတာလဲ။ ငါ့သိုင်းကွက် ရက်စက်ကြမ်းကြုတ်လွန်းလို့ နေရာမှာတင် မင်သက်ကြောင်အသွားတာလား။
သို့သော် နန်ပါးထျန်း အတွေးများနေစဉ်တွင် ချန်ကျဲ့မှ လက်နှစ်ဖက်ကို ရုတ်တရက် ပင့်မြှောက်လိုက်သည်။
ဂါး ဂါး ဂါးး
လေထုတစ်ခွင် နဂါးဟိန်းဟောက်သံများ ပဲ့တင်ထပ်သွား၏။ နန်ပါးထျန်း၏မျက်နှာထက်တွင် အထင်မြင်သေးဟန် ထင်ဟပ်လာသည်။
အရင်လှည့်ကွက်ဟောင်းပဲ၊ ထပ်ပြီး နဂါးနိုင်လက်ဝါးသိုင်းပဲ။
မင်းရဲ့အဲဒီသိုင်းအတွက်ပဲ ငါက ပြင်ဆင်ထားတာကွ။
မင်းသာ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်ရှိပြီး နဂါးနိုင်လက်ဝါးသိုင်းကို သုံးလာခဲ့ရင် ငါနည်းနည်းတော့ ကြောက်မိလိမ့်မယ်။ ဒါပေမဲ့ မင်းရဲ့စွမ်းအင်ပြောင်းလဲခြင်းအဆင့်အင်အားလေးနဲ့ နဂါးနိုင်လက်ဝါးသိုင်းကိုသုံးပြီး ငါ့ကိုထိခိုက်နိုင်မယ် ထင်နေသေးတာလား။ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်သိုင်းပညာရှင်တစ်ယောက်ကိုလေ..
နောက်ဘက်ရှိ ပါးထန်သည်တော့ မလှုပ်ရှားပေ။ လက်ပိုက်ပြီး ရပ်ကြည့်နေ၏။
တစ်အချက် ချန်ကျိုစစ်၏ လက်ရှိအင်အားကို သူမသိထားပေ။ ထို့ကြောင့် နန်ပါးထျန်းကို ဦးစွာ စမ်းသပ်စေမည်။
နှစ်အချက် လက်အောက်ငယ်သားမှာ တိုက်ခိုက်နေသည်ဖြစ်ရာ အထက်လူကြီးဖြစ်သည့် သူသည် ဝင်ပါရန် မလိုအပ်ပေ။
သို့ဖြင့် ပါးထန်သည် ထိုနှစ်ဦး၏တိုက်ပွဲကို ရပ်ကြည့်နေခဲ့သည်။ ချန်ကျဲ့၏တည်ငြိမ်အေးဆေးနေပုံကို မြင်သောအခါ ပါးထန် အနည်းငယ် မျက်မှောင်ကြုတ်သွား၏။
ဒီကောင်လေးက သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်နှစ်ယောက်နဲ့ ရင်ဆိုင်နေရတာကို ဘာလို့ ဒီလောက်တောင် တည်ငြိမ်အေးဆေးနေနိုင်ရတာလဲ။
ထိုအချိန်တွင် ချန်ကျဲ့သည် သူ၏သိုင်းကွက်ဖြင့် စတင်တိုက်ခိုက်နေပြီ ဖြစ်သည်။
နန်ပါးထျန်းသည် နီးကပ်လာသည်နှင့်အမျှ ချန်ကျိုစစ်၏ နဂါးနိုင်လက်ဝါးသိုင်းသည် အနည်းငယ်ကွဲပြားနေကြောင်း ခံစားမိလိုက်သည်။
ဒါက ချန်ကျိုစစ်သုံးနေကျ နဂါးနိုင်လက်ဝါးသိုင်းနဲ့ မတူသလိုပဲ။
ဟန်ဆောင်တိုက်ကွက်လား။
နန်ပါးထျန်း မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် ချက်ချင်းပင် အတွေးများကို ဖျောက်ပစ်လိုက်သည်။
ဟန်ဆောင်တာဖြစ်ဖြစ် တကယ်ဖြစ်ဖြစ် အရင်ဆုံး သူ့ကို လက်ဝါးသိုင်းကွက်နဲ့ ဖိချေပစ်ရမယ်။
ထိုသို့အတွေးဖြင့် နန်ပါးထျန်းသည် ချန်ကျဲ့ထံ တစ်ဟုန်ထိုးဦးတည်သည်။
ချန်ကျဲ့သည် လက်ပင့်မြှောက်၍ နဂါးနိုင်လက်ဝါးသိုင်းကွက်ကို ထုတ်သုံးလိုက်သည်။
“မြစ်ပြင်ဖြတ်ကူး”
ထိုသို့ဟစ်ကြွေးလျက် လက်ဝါးရိုက်ချက်တစ်ချက်ကို အရှိန်အဟုန်ပြင်းစွာ ထုတ်လွှတ်လိုက်သည်။
ဂါး ဂါး ဂါးးး
ထိုသိုင်းကွက်ကို ချီစွမ်းအင်ဖြင့် ထုတ်လွှတ်လိုက်သည်တွင် ချန်ကျဲ့၏ လက်တစ်ဖက်တစ်ချက်စီတွင် နဂါးဦးခေါင်းနှစ်လုံး ထွက်ပေါ်လာသည်။
ဤသည်မှာ ချီစွမ်းအင်ကို ခန္ဓာကိုယ်ပြင်ပသို့ ထုတ်လွှတ်အသုံးပြုခြင်းဖြစ်သည်။
၎င်းသည် နန်ပါးထျန်း၏ လက်ဝါးသိုင်းကွက်တွင် လေထုလွှာပါးအတွင်း ရေခဲစိုင်များဖွဲ့စည်းဖြစ်တည်ခြင်းနှင့် အလားတူသည်။
ချန်ကျဲ့၏နဂါးနိုင်လက်ဝါးသိုင်းအတွက်မူ နဂါးဦးခေါင်းနှစ်လုံး ထွက်ပေါ်သည်။ သိုင်းပညာရှင်၏ အင်အားကြီးမားသည်နှင့်အမျှ နဂါးဦးပုံရိပ်များသည်လည်း ပို၍ကြီးမားလိမ့်မည်။
တစ်ချိန်က သူဖုန်းစားဂိုဏ်း၏ အထွတ်အထိပ်ကာလတွင် နဂါးနိုင်လက်ဝါးသိုင်းကို အသုံးပြုခဲ့သည့် ဂိုဏ်းချုပ်ချောင်၏ နဂါးပုံရိပ်သည် ရွှေရောင်အဆင်းရှိကာ ၁၀ကျန့်ခန့် ကြီးမားသည်။ သူ၏လက်ဝါးသိုင်းသည် နတ်နဂါးကို ဆင့်ခေါ်နိုင်ကာ မည်သည့်ရန်သူမျှ ခံနိုင်ရည်မရှိဟု ကျော်ကြားခဲ့သည်။
သို့သော်ငြား ချန်ကျဲ့၏အင်အားသည် ဂိုဏ်းချုပ်ချောင်နှင့် အလွန်တရာ ကွာခြားသေးသည်ဖြစ်ရာ လက်နှစ်ဖက်တွင် နဂါးဦးခေါင်းလေးနှစ်လုံးသာ ဖန်ဆင်းနိုင်သေးသည်။
သို့တိုင် နန်ပါးထျန်းကို ထိတ်လန့်စေရန်အတွက်မူ လုံလောက်ပေသည်။
နန်ပါးထျန်းမှ လက်ဝါးသိုင်းကွက် ထုတ်လွှတ်အပြီးတွင် ချန်ကျဲ့မှလည်း လက်ဝါးသိုင်းကွက်ဖြင့် ပြန်တိုက်ခိုက်လာသည်ကို မြင်လိုက်ရသည်။ ချန်ကျဲ့၏လက်နှစ်ဖက်ရှိ နဂါးဦးခေါင်းပုံရိပ်များကိုလည်း မြင်လိုက်သည်။
နန်ပါးထျန်း၏မျက်နှာအမူအရာသည် အံ့ဩထိတ်လန့်ခြင်းအဖြစ်သို့ ရုတ်ချည်း ပြောင်းလဲသွား၏။
“ချီစွမ်းအင်ကို ထုတ်လွှတ်အသုံးပြုနိုင်တယ်။ သိဒ္ဓိစွမ်းအင်လုံး သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်ပဲ”
“မင်း မင်းလည်း သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်တက်လှမ်းပြီးပြီလား”
နန်ပါးထျန်းမှာ အံ့ဩထိတ်လန့်မှုကို မဖုံးကွယ်နိုင်ချေ။
သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်တက်လှမ်းပြီးတဲ့ အသက်၁၉နှစ်အရွယ် သိုင်းပညာရှင်.. ဒါက ဘယ်လို မယုံကြည်နိုင်စရာကြီးလဲ။
နန်ပါးထျန်းသည် ထိတ်လန့်တုန်လှုပ်လျက် မျက်နှာဖြူဖျော့သွားသည်။ သို့သော် လက်ဝါးသိုင်းကွက်ကို ထုတ်လွှတ်တိုက်ခိုက်ပြီးဖြစ်ရာ ပြန်မရုတ်သိမ်းနိုင်တော့။
မိမိကိုယ်ကိုယ် တောင့်တင်းခိုင်မာအောင် ထိန်းထားပြီး ချန်ကျဲ့ကို “ရေခဲဖြင့် အရာခပ်သိမ်းအား ပိတ်သိမ်းခြင်း”သိုင်းကွက်ဖြင့် တိုက်ခိုက်ရန်သာ တတ်နိုင်သည်။
“မြစ်ပြင်ဖြတ်ကူး”
ချန်ကျဲ့သည် နန်ပါးထျန်းကို စိုးစဉ်းသော်မျှ မျက်နှာသာမပေးချေ။ “မြစ်ပြင်သို့ဖြတ်ကူးခြင်း”သိုင်းကွက်ဖြင့် တိုက်ရိုက်တိုက်ခိုက်၏။ ချန်ကျဲ့၏လက်နှစ်ဖက်မှ နဂါးဦးခေါင်းပုံရိပ်သည် နန်ပါးထျန်း၏ ရေခဲစိုင်လက်ဝါးသိုင်းနှင့် ထိပ်တိုက်ထိခတ်သည်။
ဘုန်း
ကျယ်လောင်သည့်အသံကြီးနှင့်အတူ နန်ပါးထျန်း လွင့်ထွက်သွား၏။
မြေပြင်ထက် ခြေခုနစ်လှမ်းဆုတ်သွားပြီးမှသာ နန်ပါးထျန်းမှာ အရှိန်ကို ရပ်တန့်နိုင်လိုက်သည်။ ထို့နောက် ထိတ်လန့်တုန်လှုပ်စွာဖြင့် ချန်ကျဲ့ကို ကြည့်လိုက်သည်။
အကြောင်းမှာ ချန်ကျဲ့သည် မြေပြင်တွင် ခိုင်မာစွာ အမြစ်တွယ်ထားသည့် သစ်ပင်ကြီးကဲ့သို့ နေရာမှ တစ်စက်လေးမှ ရွေ့မသွားချေ။ ထိုနေရာတွင် ခြေထောက်မြုပ်သည့် တွင်းတစ်ခုသာ ဖြစ်သွား၏။
နန်ပါးထျန်းသည် တုန်လှုပ်ချောက်ချားစွာ ချန်ကျဲ့ကို လက်ညှိုးထိုးလျက် ပြောသည်။
“မင်း မင်း… ဘယ်လိုလုပ်ပြီး သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်ကို တက်လှမ်းနိုင်သွားရတာလဲ။ မင်း မင်း… ဘယ်လိုလုပ်ပြီး ငါ့ထက်တောင် အင်အားကြီးနေရတာလဲ”
နန်ပါးထျန်း၏ လောကကြီးအပေါ် အမြင်သည် လုံးဝ ပြိုလဲပျက်စီးသွားခဲ့သည်။ သူ၏ဒဏ်ရာများ ကောင်းမွန်သွားပြီး အင်အားပြန်ဖြည့်ပြီးလျှင် သူ ချန်ကျဲ့ကို အနိုင်တိုက်နိုင်မည်ဟု ထင်ထားခဲ့သည်။ သို့သော် ယခုတွင်မူ အရာအားလုံးသည် သူမျှော်လင့်ထားသည်နှင့် လုံးဝ ကွာခြားနေခဲ့သည်။
ဒါဘယ်လိုဖြစ်နိုင်မှာလဲ။
နန်ပါးထျန်းသည် အလွန်တရာ ထိတ်လန့်သွားရသဖြင့် ချန်ကျဲ့ကို မျက်လုံးအပြူးသားဖြင့် ကြောင်အကြည့်နေခဲ့သည်။
ပါးထန်ပင်လျှင် အံ့ဩသွားကာ မျက်မှောင်ကြုတ်နေသည်။
ဒီကောင်လေးက တကယ်တော့ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်ပဲ။ ကြည့်ရတာတော့ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်း ကနဦးအဆင့်အင်အားထက် အများကြီးသာတယ်။ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့် အလယ်အလတ်အဆင့်ဖြစ်နိုင်ခြေရှိတယ်။
ဒါက ဆေးလုံးသောက်ရုံနဲ့ ဖြစ်လာနိုင်တဲ့အင်အားမဟုတ်ဘူး။
အဆင့်တက်လှမ်းဆေးလုံးတွေက ကျင့်ကြံဆင့်တက်လှမ်းနိုင်အောင် ကူညီပေးနိုင်ပေမဲ့ ယေဘုယျအားဖြင့် နောက်ထပ်ကျင့်ကြံဆင့်ရဲ့ အစောပိုင်းအဆင့်ကိုပဲ ရောက်အောင် လုပ်ပေးနိုင်တာ။