အခန်း ၇၈၀
Vol. 68 Ch. 780
အခန်း ၇၈၀
ထို့နောက် စိတ်ကို တည်ငြိမ်စေပြီး မိမိ၏သိုင်းပညာနှင့်စပ်လျဉ်း၍ ထိုးထွင်းသိမြင်မှု အသိဉာဏ်လည်း ရရှိရမည်။ ထို့နောက် ခန္ဓာကိုယ်ပိုင်းကို လေ့ကျင့်ရမည်။ ထို့ပြင် ထိုက်ဆွေ့ဆေးလုံးကဲ့သို့ အားဖြည့်ဆေးလုံးများကို အသုံးပြု၍ ကျင့်ကြံဆင့်စွမ်းအင်နှင့် လိုက်လျောညီထွေဖြစ်စေ၍ ကျင့်ကြံဆင့်ကို ခိုင်မြဲတည်ငြိမ်စေရမည်။
ထို့နောက်တွင်မှ အလယ်အလတ်အဆင့်၊ နှောင်းပိုင်းအဆင့်၊ အထွတ်အထိပ်အဆင့်သို့ရောက်နိုင်သည်။
သို့သော် ခုနက ချန်ကျဲ့၏ လက်ဝါးသိုင်းကွက်သည် သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအလယ်အလတ်အဆင့်သာလျှင် ထုတ်လွှတ်နိုင်သည့် စွမ်းအင်ဖြစ်သည်။
ဒါဘယ်လိုဖြစ်နိုင်မှာလဲ။
ဈေးကွက်တွင် ရရှိနိုင်သည့် ချီသွေးဆေးလုံးကဲ့သို့ ဆေးများသည် ဤသို့အာနိသင်မျိုး မရှိနိုင်ပေ။
ဒီကောင်လေးက ဘယ်လိုများ ဒီလောက်မြန်မြန် ကျင့်ကြံဆင့်တက်နိုင်ရတာလဲ။
ပါးထန်သည် ချန်ကျဲ့အား ဘာမှမပြောဘဲ အံ့ဩခြင်းအတိဖြင့် ကြည့်နေသည်။
ဟုတ်ပါ၏။ ချန်ကျဲ့သည် ဈေးကွက်ထဲမှ ဆေးများကို သုံးခဲ့ခြင်း မဟုတ်ပေ။ ထိုဆေးများထက် အဆပေါင်းများစွာ အာနိသင်ပိုကောင်းသည့် ဆေးကို အသုံးပြုခဲ့သောကြောင့် သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအလယ်အလတ်အဆင့်သို့ ချက်ချင်းနီးပါး တက်လှမ်းသွားခြင်းဖြစ်သည်။
နန်ပါးထျန်းသည် ဒဏ်ရာများပျောက်ကင်းသွားပြီဖြစ်သော်ငြား သူ၏ကျင့်ကြံဆင့်သည် သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအစောပိုင်းအဆင့်သာ ဖြစ်သည်။
ထို့ပြင် နန်ပါးထျန်း၏ ရေခဲစိတ်စွမ်းအင်လက်ဝါးသိုင်းသည် ချန်ကျဲ့၏နဂါးနိုင်လက်ဝါးသိုင်းထက် အားနည်းကြောင်း သိသာလှသည်။ သို့ဖြင့် နန်ပါးထျန်းသည် ချန်ကျဲ့၏လက်ဝါးသိုင်းကွက်ကြောင့် ခြေလှမ်းများစွာ နောက်ဆုတ်သွားရလေသည်။
သို့သော် ချန်ကျဲ့မှာမူ နေရာမှ မရွေ့သွားဘဲ အထင်သေးဟန်သောအပြုံးဖြင့် ပြုံးနေသည်။
ထိုမြင်ကွင်းကြောင့် နန်ပါးထျန်း၏မျက်နှာမှာ မည်းမှောင်သွားခဲ့သည်။ သူအမြဲ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူဝံ့ကြွားခဲ့သည့် သိုင်းပညာအရာတွင်ပင် ချန်ကျိုစစ်ထံ ရှုံးနိမ့်လိမ့်မည်ဟု သူဘယ်သောအခါမျှ မျှော်လင့်မထားခဲ့ဖူးချေ။
နန်ပါးထျန်း အသက်ပြင်းပြင်းရှူလိုက်ပြီး လက်ကို ခါးထက်မှ ရင်ဘတ်ဆီသို့ ဖြည်းဖြည်းခြင်း ပင့်မြှောက်လိုက်သည်။ သူ၏မျက်နှာအမူအရာသည်လည်း တဖြည်းဖြည်း တည်ငြိမ်လာခဲ့ပြီးနောက် အေးစက်သည့် ရေခဲချီစွမ်းအင်တစ်သုတ်ကို ရှူထုတ်လိုက်သည်။
ဟူး…
ချက်ချင်းပင် လေထုအလယ်၌ ရေခဲမြားတစ်စင်း ဖွဲ့စည်းဖြစ်တည်သွား၏။
သူ၏ရင်ဘတ်အတွင်းရှိ တင်းကျပ်နေသည့်ခံစားချက်မှာ နောက်ဆုံးတော့ ပြေလျော့သွားလေပြီ။ ထိုအချိန်၌ ချန်ကျဲ့သည် တည်ငြိမ်အေးဆေးဆဲ အမူအရာဖြင့် နန်ပါးထျန်းနှင့် ပါးထန်ကို ရပ်ကြည့်နေသည်။
ဖြောင်း ဖြောင်း ဖြောင်း…
ချန်ကျဲ့၏လုပ်ဆောင်ချက်ကို ကြည့်ရှုပြီးနောက် ပါးထန်သည် အသိအမှတ်ပြုသည့် မျက်နှာအမူအရာသို့ ပြောင်းလဲသွားသည်။
“ဟား ဟား ဟား မဆိုးဘူး မဆိုးဘူး”
ထိုအခါ ချန်ကျဲ့ ပါးထန်ကို ကြည့်လိုက်သည်။ ပါးထန်မှ ပြုံးရယ်လျက် ပြောသည်။
“ချန်ကျိုစစ် မင်းက တကယ်အထင်ကြီးစရာပဲ။ အင်အားကို ဒီလောက်အဆင့်အထိ တိုးတက်အောင်လုပ်နိုင်တယ်။ ငါလုံးဝ မျှော်လင့်မထားခဲ့ဘူးပဲ ဟား ဟား ဟား…”
“ငါမင်းကို အခွင့်အရေးတစ်ခုပေးမယ်။ ငါ့လက်အောက်မှာ အလုပ်လုပ်ချင်သလား”
ပါးထန်သည် ချန်ကျဲ့ထံ သံလွင်သစ်ကိုင်းတစ်ခက်ကို ကမ်းပေးသည်။
ထိုအခါ နန်ပါးထျန်းသည် ချက်ချင်း ထိတ်ပျာသွားလျက် အော်ဟစ်သည်။
“သခင်ကြီးပါးထန် ခင်ဗျား…”
“မင်းပါးစပ်ပိတ်ထား”
ပါးထန်သည် နန်ပါးထျန်းကို တစ်စက်ကလေးမှ မျက်နှာသာမပေးဘဲ ချက်ချင်း ပါးစပ်ပိတ်ခိုင်းလိုက်သည်။ နန်ပါးထျန်းမှာ ဒေါသထွက်လွန်းသောကြောင့် မျက်နှာကြီး ခရမ်းပုပ်ရောင်ပင် ပြောင်းသွားရကာ ပြောစရာစကားရှာမရဖြစ်သွားတော့သည်။
နန်ပါးထျန်းမှာ ဒေါသထွက်နေသော်ငြား ဒေါသပေါက်ကွဲရန် နေရာမရှိ ဖြစ်နေသည်။ သူနှင့် ပါးထန်သည် သစ္စာတရားဖြင့် ဆက်နွယ်နေခြင်းမဟုတ်ဘဲ အသုံးဝင်မှုဖြင့် ဆက်နွယ်ထားခြင်းဖြစ်သည်။ ယခုတွင် ချန်ကျဲ့၏အလားအလာနှင့် စွမ်းဆောင်ရည်တို့သည် သူ့ထက် သိသိသာသာ ပိုမိုကောင်းမွန်နေပေသည်။
ထို့ကြောင့် ပါးထန်သည် ချန်ကျဲ့ကို သူ့လက်အောက်သိမ်းသွင်းရန် ဆုံးဖြတ်ခဲ့သည်။
ထိုအခါ ချန်ကျဲ့မှ ပါးထန်ကို ပြောသည်။
“မြို့စောင့်တပ်မှူးသခင်ကြီး ကျွန်တော်က သခင်ကြီးလက်အောက်မှာ အလုပ်မလုပ်ချင်လို့ မဟုတ်ပါဘူး။ ဒီတိုင်း သခင်ကြီးနောက်လိုက်တာက ခရိုင်မင်းသမီးနောက်လိုက်တာလောက် အလားအလာကောင်းမယ့်ပုံမပေါ်လို့ပါ။ မဟုတ်ဘူးလား”
ပါးထန်မှ ပြောသည်။
“မင်းက အရည်အချင်းရှိတဲ့သူဆိုတာ ငါသိတယ်။ ပြီးတော့ ငါ့နောက်လိုက်တာက အကျိုးမများဘဲ တခြားသူတွေလည်း များလွန်းတယ်လို့ မင်းတွေးနေတာ ငါသိတယ်။ ဒါပေမဲ့ ငါ မင်းကို ချီမင်းသားဆီ ထောက်ခံပေးနိုင်တယ်။ မင်း ချီမင်းသားကို သိတယ်မလား”
ချီမင်းသား လီစစ်ချီ၊ ချန်ကျဲ့ သေချာပေါက် သိပါ၏။ ရှီးပေမင်းသားဖြစ်ပေသည်။
ရှန်းရှီး၊ ကန်းစုနှင့် ရှန်ရှီးတစ်စိတ်တစ်ပိုင်းကို အစိုးရပြီး လက်ရှိတွင် ဟူပေကို ကျူးကျော်နေကာ ရူယန်မင်းသား ပေါ်လော် ထျဲမုအော်နှင့် ယှဉ်ပြိုင်နေသည်။
ပါးထန်၏စကားများသည် အတော်လေး ဆွဲဆောင်မှုသည်ဟု သတ်မှတ်နိုင်ပါ၏။
ထိုအခါ ချန်ကျဲ့ ပါးထန်ကို ကြည့်လိုက်သည်။
“ချီမင်းသားကို အလုပ်အကျွေးပြုရမယ်ပေါ့”
“ဟုတ်တယ်။ ချီမင်းသားက ရူယန်မင်းသားထက် အများကြီးပိုပြီး အရည်အချင်းရှိတယ်။ ရူယန်မင်းသား ဒီနေ့ဒီနေရာမှာ ရပ်တည်နိုင်တာက သူက တောင်ဝင်မိသားစုက ဆင်းသက်လာတဲ့သူဖြစ်နေတာကြောင့်ပဲ။ ချီမင်းသားကတော့ သာမန်စစ်သည်လေးကနေ ရှီးပေကို အစိုးရတဲ့အထိ သူ့လမ်းသူဖောက်လာခဲ့တာ။ ချီမင်းသားက သေချာပေါက် ပိုအင်အားကြီးမားတယ်။ မင်းလိုအရည်အချင်းရှိတဲ့သူတစ်ယောက်က ချီမင်းသားနောက်လိုက်မယ်ဆိုရင် အလားအလာကောင်းမွန်တဲ့အနာဂတ်ရှိမှာ သေချာတယ်”
ချန်ကျဲ့မှ ပါးထန်ကိုကြည့်၍ ပြောသည်။
“အို ချီမင်းသားက အရမ်းအင်အားကြီးမားမှတော့ ကျွန်တော်လည်း သေချာပေါက် ချီမင်းသားကို ခစားလိုပါတယ်။ ဒါပေမဲ့ သူ့ကို ဘယ်လိုလုပ်မလဲ”
ချန်ကျဲ့ နန်ပါးထျန်းကို ညွှန်ပြလိုက်သည်။
ပါးထန်မှ ပြန်ပြောသည်။
“သူက ဘာဖြစ်လို့လဲ”
ချန်ကျဲ့မှ ပြောသည်။
“သခင်ကြီးပါးထန် သိပါတယ်။ ကျွန်တော်နဲ့ ဒီလူနဲ့ ရန်ငြိုးရှိတယ်။ အဲဒါကြောင့် ကျွန်တော့်ရဲ့တောင်းဆိုချက်က ရိုးရှင်းတယ်၊ သူ့ကိုသတ်ရင် ကျွန်တော် ချီမင်းသားကို ခစားမယ်”
“သခင်ကြီးပါးထန် သူ့ကိုမယုံကြည်လိုက်နဲ့။ သူ သခင်ကြီးကိုလိမ်နေတာ သူလိမ်နေတာ။ သခင်ကြီး ကျွန်တော့်ကိုသတ်လိုက်ရင်တောင်မှ သူက ချီမင်းသားကို ခစားမှာမဟုတ်ဘူး။ ချန်ကျိုစစ်က အရမ်းဉာဏ်များတယ်။ သခင်ကြီး သူလှည့်စားတာ မခံလိုက်နဲ့”
နန်ပါးထျန်းမှ ကြောက်လန့်တကြား အော်ဟစ်သည်။ ထိုအခါ ပါးထန်သည် ကြောက်လန့်နေသည့် နန်ပါးထျန်းကို ကြည့်သည်။ ထို့နောက် ချန်ကျဲ့ကို ပြန်ကြည့်လာပြီး ပြောသည်။
“ချန်ကျိုစစ် ငါ မင်းကို ချီမင်းသားကို ခစားဖို့ စိတ်ရင်းအမှန်နဲ့ ဖိတ်ခေါ်နေတာ”
ချန်ကျဲ့မှ ပြန်ပြောသည်။
“ကျွန်တော်ကလည်း ချီမင်းသားကို ခစားဖို့ကိစ္စနဲ့ပတ်သက်ပြီး စိတ်ရင်းအမှန်ပါပဲ။ ဒါပေမဲ့ ဒီလူရှိနေတာက ကျွန်တော် ချီမင်းသားကို ခစားဖို့ကိစ္စအပေါ် သက်ရောက်မှုရှိလိမ့်မယ်”
ချန်ကျဲ့သည် နန်ပါးထျန်းကို လက်ညှိုးထိုးလျက် ပြောသည်။
နန်ပါးထျန်းမှ ဘာမှမပြောနိုင်ခင်ပင် ပါးထန်မှ ပြော၏။
“ချန်ကျိုစစ် ကြည့်ရတာ မင်းရဲ့စိတ်က မရိုးသားဘူးပဲ”
ချန်ကျဲ့မှ ပြောသည်။
“သခင်ကြီးပါးထန် ဘာကိုဆိုလိုတာပါလဲ”
ပါးထန်မှ ပြောသည်။
“သူက ချီမင်းသားကို ခစားတယ်။ မင်းလည်း ချီမင်းသားကို ခစားရတော့မှာ။ မင်းသာ ချီမင်းသားကို ခစားဖို့ စိတ်ရင်းမှန်တယ်ဆိုရင် ချီမင်းသားအတွက် ခက်ခဲစေမယ့်အကြောင်းအရာတွေကို ထုတ်ပြောမှာမဟုတ်ဘူး”
“မင်း ငါနဲ့ တောင်းဆိုချက်တွေ ဆွေးနွေးမနေသင့်ဘူး။ အဲဒါကြောင့် ချန်ကျိုစစ် မင်းရဲ့စိတ်က မရိုးသားဘူး”
ထိုအခါ ချန်ကျဲ့သည် နှုတ်ခမ်းထောင့်စွန်းတို့ ကော့တက်သွားခဲ့ရင်း ပြောသည်။
“ဟားဟားဟား ကျွန်တော့်စိတ်က မရိုးသားတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ဒီလူနဲ့တော့ ပတ်သက်ဆက်ဆံပြီး အလုပ်မလုပ်နိုင်ဘူး။ အဲဒါကြောင့် သခင်ကြီးပါးထန် သူ့ကိုသတ်ပေးရင် ကျွန်တော် ချီမင်းသားကို ခစားမယ်၊ ဘယ်လိုလဲ”
ပါးထန်မှ ပြောသည်။
“ဒါက… ငါ့ကို အခက်တွေ့အောင်လုပ်နေတာ မဟုတ်ဘူးလား”
ပါးထန်သည် အကျပ်ရိုက်နေသည့်မျက်နှာအမူအရာ လုပ်နေ၏။ သို့သော် နောက်တဒင်္ဂတွင်မူ ခြေဖျားကို အားပြုလိုက်ရင်း ချန်ကျဲ့ထံ တစ်ဟုန်ထိုး ဦးတည်လာသည်။
ထိုအခါ ချန်ကျဲ့လည်း အမြန်အသင့်ပြင်လိုက်ပြီး ပါးထန်၏တိုက်ခိုက်မှုကို လက်ဝါးသိုင်းဖြင့် ခုခံလိုက်သည်။
ထိခတ်မှုနှင့်အတူ ချန်ကျဲ့သည် နောက်သို့ နှစ်လှမ်းဆုတ်သွားပြီးနောက်မှ ရပ်သွားခဲ့သည်။ ထိုအခါမှ ချန်ကျဲ့သည်လည်း ပါးထန်၏ အင်အားအစစ်အမှန်ကို နားလည်သွားခဲ့သည်။ သူ့ထက် အနည်းငယ်လေးမျှ အင်အားပိုကြီးခြင်းမဟုတ်ဘဲ သိသိသာသာ အင်အားကြီးမားလေသည်။ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းနှောင်းပိုင်းအဆင့် ဖြစ်နိုင်ပေသည်။