အခန်း ၇၈၂
Vol. 68 Ch. 782
အခန်း ၇၈၂
“အဲဒီသိုင်းကျင့်စဉ်က ကမ္ဘာဦးဧကရာဇ် ရွှမ်းယွမ်ရဲ့ ရွှမ်းယွမ်နှလုံးသားကျင့်စဉ်၊ နတ်ဆိုးအရှင်သခင် ချစ်ယုံရဲ့ ကျိုလီနတ်ဆိုးသိုင်းတွေနဲ့အတူ ဟွာရှမျိုးနွယ်ရဲ့ မြင့်မြတ်သော နတ်ဘုရားသိုင်းပညာရပ်ကြီးသုံးခု (ဟွာရှ စန်းသာ့ရှန်ကုန်း)အဖြစ် ယှဉ်တွဲကျော်ကြားနိုင်တဲ့ သိုင်းကျင့်စဉ်တစ်ခုပါ”
“ဒါပေမဲ့ နှစ်တွေအများကြီးကြာမြင့်ပြီးနောက်မှာ အဲဒီနတ်ဘုရားသိုင်းတွေကို လူတွေက မေ့လျော့သွားကြတယ်။ နောက်မျိုးဆက်တွေ လက်ထဲမှာတော့ ပျောက်ကွယ်သွားခဲ့တဲ့အထိပဲ။ နောက်ပိုင်းနန်းတက်တဲ့ ဧကရာဇ်တွေကလည်း အဲဒီသိုင်းပညာတွေကို ဖိနှိပ်ချုပ်ချယ်ခဲ့ကြတော့ တဖြည်းဖြည်းနဲ့ သမိုင်းကွယ်ပျောက် ဆုတ်ယုတ်ခဲ့ရတာပေါ့”
“ခင်ဗျားရဲ့ချန်ချွမ်းတောင်ကြားလိုပေါ့။ ဧကရာဇ်နေရာကို လုယူဖို့အတွက် ရှေးဟောင်းရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်ကို ကျင့်ကြံနေတယ်လို့ သစ္စာဖောက်စွပ်စွဲခံခဲ့ရတာကြောင့်သာ မဟုတ်ခဲ့ရင် ဘယ်လိုလုပ်ပြီး ကျာစစ်သောက်ရဲ့ သစ္စာဖောက်လုပ်ကြံဇာတ်မှာ ကျရှုံးသွားခဲ့မှာလဲ။ အဲဒီကျောက်စုန့်တော်ဝင်မျိုးနွယ်နဲ့ ဂိုဏ်းကြီးလေးဂိုဏ်းနဲ့ ပူးပေါင်းထားတဲ့ ကျာစစ်သောက်က ခင်ဗျားတို့ဂိုဏ်းကို အမြစ်ဖြတ်သုတ်သင်ဖျက်ဆီးနိုင်မှာတဲ့လား”
“အဲဒါကြောင့် ဆရာကြီး အဲဒီသိုင်းပညာတွေကိုပဲ မျက်စိစုံမှိတ်မယုံကြည်လိုက်ပါနဲ့။ အဲဒီသိုင်းတွေကိုတတ်မြောက်ထားရင် လောကကြီးကိုပိုင်စိုးနိုင်မှာ ရာခိုင်နှုန်းပြည့်သေချာတယ်လို့ ယုံကြည်မထားလိုက်နဲ့။ နတ်ဘုရားသိုင်းပညာတွေက ကောင်းကင်ဘုံရဲ့သားတော်ကို တကယ်ပဲ သတ်မှတ်ပေးနိုင်တယ်ဆိုရင် ရွှမ်းယွမ်နှလုံးသားကျင့်စဉ်ကို ပိုင်ဆိုင်ထားတဲ့ ကျောက်စုန့်တော်ဝင်မျိုးနွယ်က ပျက်သုဉ်းသွားရပြီး မုလန်လူမျိုးတွေရဲ့ အစားထိုးခံလိုက်ရမှာမဟုတ်ဘူး”
ထိုအခါ တာ့အိုဆရာအိုကြီးသည် ဖန်းယင်းယွီကို ကြည့်လျက် ပြောသည်။
“ဘုန်းတော်ကြီး မင်းက တစ်ကိုယ်တည်းလွတ်လပ်ခြင်းကို ကျင့်ကြံတဲ့သူပဲ။ မင်း ဒီလိုတွေးတာကို ငါအပြစ်မတင်ပါဘူး။ ဒါပေမဲ့ ကောင်းကင်ဘုံရဲ့ဗျာဒိတ်တော် ကောင်းကင်ဘုံက သတ်မှတ်ပေးတဲ့ ကောာင်းကင်ဘုံရဲ့သားတော်ဆိုတာ မရှိဘူးလို့ ပြောမယ်ဆိုရင်တော့ ငါ မင်းပြောတာကို မယုံကြည်နိုင်ဘူး။ ငါလည်း သေချာမသိနိုင်ပေမဲ့ မုလန်လူမျိုးတွေက ကျိုလီနတ်ဆိုးသိုင်းကို ရရှိခဲ့တယ်ဆိုတဲ့ ကောလာဟလတွေ ရှိခဲ့တယ်”
“ပြီးတော့ နတ်ဘုရားသိုင်းပညာရပ်ကြီးသုံးခုက တစ်ခုနဲ့တစ်ခု အင်အားသိပ်မကွာခြားဘူး။ ဆိုလိုတာက ဒီသိုင်းပညာရပ်ကြီးသုံးခုထဲက တစ်ခုခုကို ပိုင်ဆိုင်သွားတဲ့သူ ဘယ်သူမဆို လောကရဲ့ထီးနန်းပလ္လင်ကို သိမ်းပိုက်နိုင်စွမ်းရှိတယ်”
ထိုစကားတွင် ဖန်းယင်းယွီ မထိန်းချုပ်နိုင်စွာ ရယ်လိုက်သည်။
“ဟား ဟား ဆရာကြီး ခင်ဗျားက တကယ် တုံးအတာပဲ။ ဒီသိုင်းပညာရပ်ကြီးသုံးခုက တကယ်ပဲ အရမ်းအင်အားကြီးမားရင် လောကနံပါတ်တစ်သိုင်းပညာရှင်က ဒီသိုင်းပညာသုံံးခုထဲက တစ်ခုခုကို ကျင့်ကြံထားတဲ့သူဖြစ်သင့်တာပေါ့။ ဒါပေမဲ့ အခု လောကနံပါတ်တစ်က ဘယ်သူလို့ ခင်ဗျားထင်သလဲ”
တာ့အိုဆရာအိုကြီးသည် စိတ်ရှုပ်ထွေးသွားလျက် ဖန်းယင်းယွီကို မေးသည်။
“ဘယ်သူလဲ”
ဖန်းယင်းယွီမှ ပြန်ပြောသည်။
“ဝူတန်ရဲ့ ကျန်းစန်းဖုန်း၊ သက်ရှိဗုဒ္ဓ ပီအားစီးပါးပဲ”
တာ့အိုဆရာအိုကြီးသည် တွေဝေသွားလျက် ပြောသည်။
“ကျန်းစန်းဖုန်းတဲ့လား။ သူက ဘယ်သူလဲ။ နာမည်က ရင်းနှီးနေသလိုပဲ”
“ပြီးတော့ သက်ရှိဗုဒ္ဓပီအားစီးပါး… ဒီနာမည်က ကျင်းကန်းဂိုဏ်းသားလို့ ထင်ရတယ်။ အဲဒီသက်ရှိဗုဒ္ဓနဲ့ ကျင်းကန်းဂိုဏ်းက ဘာဆက်နွယ်မှုရှိနေတာလဲ”
ဖန်းယင်းယွီမှ ပြောသည်။
“ကျန်းစန်းဖုန်းကိုတော့ ခင်ဗျားသိလောက်မှာပါ။ သူက မူလက ရှောင်လင်ဂိုဏ်းသားပဲ။ နောက်တော့ သူ့ရဲ့လွတ်လပ်ပေါ့ပါးတဲ့ ပင်ကိုဗီဇကြောင့် ပေတေကျန်းလို့ ခေါ်ခဲ့ကြတယ်”
တာ့အိုဆရာကြီးမှ မျက်လုံးများတောက်ပလျက် အံ့အားသင့်စွာ ပြောသည်။
“ပေတေကျန်း သူအသက်ရှင်နေသေးတယ်လား”
တာ့အိုဆရာကြီးသည် စိတ်လှုပ်ရှားတက်ကြွစွာ မေး၏။ ဖန်းယင်းယွီလည်း အံ့ဩသွားပြီး မေးလိုက်သည်။
“ဆရာကြီးက ကျန်းစန်းဖုန်းကို သိတယ်လား”
တာ့အိုဆရာကြီးမှ ပြန်ပြောသည်။
“ငါ သေချာပေါက် သူ့ကိုသိတာပေါ့။ လွန်ခဲ့တဲ့နှစ်တွေတုန်းက သူနဲ့ သူ့ဆရာ ကျွယ်ယွမ်တို့ ငါတို့ချန်ချွမ်းတောင်ကြားက ဖြတ်သွားသေးတယ်။ အဲဒီတုန်းက ငါနဲ့ ကျွယ်ယွမ်နဲ့က ဆက်ဆံရေးကောင်းကြတယ်လေ။ ကျွယ်ယွမ်အနားမှာ လူငယ်လေးတစ်ယောက် အမြဲကပ်ပါလေ့ရှိတာ။ အဲ့ကလေးကို လူတိုင်းက ပေတေကျန်းလို့ ခေါ်ကြတာ။ ဒါပေမဲ့ အဲ့ကလေးက နည်းနည်းလေးမှ စိတ်မဆိုးဘူး”
“ငါ သူနဲ့အတူ သေရည်သောက်ပြီး စကားတွေတောင် ပြောခဲ့သေးတယ်။ နောင်ဆယ်နှစ်ကြာတဲ့အခါ ချန်ချွမ်းတောင်ကြားမှာ ထပ်ဆုံကြဖို့ ငါတို့တွေ ကတိထားခဲ့ကြသေးတာ။ အဲ့အခါကျ ငါ သူတို့ကို ဒကာခံမယ်လို့လေ”
“အဲဒီနောက်တော့ ကံဆိုးစွာနဲ့ ကျာစစ်သောက်က လူစေလွှတ်ပြီး ငါတို့ဂိုဏ်းကို ဖျက်ဆီးခဲ့တယ်။ ငါတို့ရဲ့ ဆယ်နှစ်တာ ကတိက ဘယ်တော့မှ လက်တွေ့ဖြစ်မလာနိုင်တော့ဘူး။ အခုပြန်စဉ်းစားကြည့်လိုက်တော့ အတော်လေး စိတ်မကောင်းစရာပါပဲလား”
“နှစ်တစ်ရာကြာပြီးတဲ့နောက်မှာလည်း သူ အသက်ရှင်နေဦးမယ်လို့ ငါထင်မထားခဲ့ဘူး။ အဲဒီဝူတန်ဆိုတာက ဘာကြီးလဲ”
တာ့အိုဆရာကြီးသည် ဖန်းယင်းယွီ၏အဖြေကို စောင့်ဆိုင်းနေသည်။ ဝူတန်ဟူသည်ကို သူအရင်က တစ်ခါမှ မကြားခဲ့ဖူးပေ။ ထိုအချိန်က သိုင်းလောကတွင် ဝူတန်ဟူသည့်ဂိုဏ်း မတည်ရှိခဲ့။
ဖန်းယင်းယွီမှ ရှင်းပြသည်။
“အို အဲဒါက ပြောရမှာ အရှည်ကြီးပဲ။ ကျန်းစန်းဖုန်းက ရှောင်လင်ဂိုဏ်းက ထွက်ပြီးနောက်မှာ ဝူတန်ဂိုဏ်းကို သူ့ဘာသူ တည်ထောင်ခဲ့တယ်။ နောက်တော့ သူ့ရဲ့ အသက်တစ်ရာပြည့်မွေးနေ့မှာ ကျိုယန်သိုင်းကို ဖန်တီးခဲ့တယ်။ အခုဆို ထိုက်ကျိသိုင်းကိုပါ ဖန်တီးထားပြီး ဒီခေတ်သိုင်းလောကရဲ့ နံပါတ်တစ်သိုင်းပညာရှင်ကြီးဖြစ်နေပြီ”
တာ့အိုဆရာကြီးသည် ရင်ထဲလှိုက်သွားရကာ ပြောသည်။
“ဘယ်သူကများ ထင်ထားခဲ့မှာလဲ ဘယ်သူကများ ထင်ထားခဲ့မှာလဲ… အဲဒီတုန်းက ဘာကိုမှဂရုမစိုက် လွတ်လပ်ပေါ့ပါးတဲ့လူငယ်လေးက ဒီနေ့မှာ လောကထိပ်တန်းသိုင်းပညာရှင်တစ်ယောက်ဖြစ်လာမယ်လို့ ဘယ်သူကများ ထင်ထားခဲ့မှာလဲ။ တကယ့်ကို မျိုးဆက်သစ်တိုင်းမှာ ပါရမီရှင်တွေ အမြဲရှိတာပဲ’
“ပီအားစီးပါးကရော”
တာ့အိုဆရာကြီးသည် ပီအားစီးပါးအကြောင်း မေးမြန်းသည်။
ဖန်းယင်းယွီမှ ပြန်ပြောသည်။
“သက်ရှိဗုဒ္ဓပီအားစီးပါးက ရွှေဘီးအမတ် (ကျင်းလွမ်ကော်ရှီး)ရဲ့ တပည့်ပါ။ သူက အသက်၅၀မတိုင်ခင်အထိ သိုင်းလောကမှာ လူလုံးထွက်မပြခဲ့ရာက အသက်၅၀ပြည့်ပြီးနောက်မှာ သူ့ရဲ့ ဆင်နဂါးသိုင်း (လုံရှန့်ပေါရယ်သိုင်း) ဆယ့်တစ်ဆင့်နဲ့ သိုင်းလောကရဲ့ပြိုင်ဘက်ကင်းသိုင်းပညာရှင် ဖြစ်လာစေခဲ့တယ်”
“ဆယ့်တစ်ဆင့်လား”
တာ့အိုဆရာကြီးသည် အံ့ဩသွား၏။ ဆင်နဂါးသိုင်းသည် အင်အားကြီးမားသော်ငြား ကျွမ်းကျင်တတ်မြောက်ရန် ခက်ခဲကြောင်း သူသိသည်။ အရင်က ရွှေဘီးအမတ်သည် ဆင်နဂါးသိုင်းကို ၁၀ဆင့်ကျင့်ကြံအောင်မြင်ရုံဖြင့်ပင် သိုင်းလောကတစ်ခုလုံးကို အုပ်စိုးနိုင်လုနီးပါး ဖြစ်ခဲ့သည်။ သို့ဖြစ်ရာ ၁၁ဆင့်သည် မည်မျှအထိ အင်အားကြီးမားကြောင်း သူစိတ်ကူးကြည့်နိုင်ပေသည်။
တာ့အိုဆရာကြီးတွင် ဆင်နဂါးသိုင်းသည် အလယ်ပိုင်းမြေပြန့်ဒေသသိုင်းလောကကို ခေါင်းမမော်နိုင်အောင် လုပ်နိုင်စွမ်းရှိသည်ဟူသည့် အတွေးရှိသည်။ နဂါးနိုင်လက်ဝါးသိုင်း၁၈ကွက်စလုံးကို ကျွမ်းကျင်တတ်မြောက်ထားသည့် သူရဲကောင်းကောရှိလျှင်ပင် ဆင်နဂါးသိုင်း၁၀ဆင့်ကို အနိုင်တိုက်နိုင်လိမ့်မည်ဟု တပ်အပ်မဆိုနိုင်ပေ။
ဆင်နဂါးသိုင်း၁၁ဆင့်မှာမူ တာ့အိုဆရာကြီးမှ စိတ်ကူးတွေးတောနိုင်သည်ထက် ကျော်လွန်နေချေပြီ။
ပို၍ကြောက်မက်ဖွယ်ကောင်းသည်မှာ အရင်က လူတိုင်း၏ နောက်ပြောင်ခံခဲ့ရသည့် ပေတေကျန်းသည် ကိုယ်ပိုင်သိုင်းကျင့်စဉ်ကို ဖန်တီးခဲ့ပြီး လောကနံပါတ်တစ် ဖြစ်လာခြင်းပင်။ ၎င်းသည် အလွန်ထူးခြားဆန်းကြယ်လှ၏။
တာ့အိုဆရာကြီးမှ တွေးသည်။
“အဲဒီတော့ ဆိုလိုတာက အခု သိုင်းလောကမှာ အင်အားအကြီးဆုံးက ဝူတန်ဂိုဏ်းရဲ့ထိုက်ကျိသိုင်းနဲ့ ကျင်းကန်းဂိုဏ်းရဲ့ ဆင်နဂါးသိုင်းပေါ့”
ထိုစကားကို ကြားလိုက်သည့် ဖန်းယင်းယွီမှ ပြောသည်။
“ဗုဒ္ဓဘုရားသခင်ဆောင်မတော်မူပါ။ ကျုပ်ကတော့ အင်အားအကြီးဆုံးက ဗုဒ္ဓရဲ့ ဟိနာယာနကျင့်စဉ်လို့ပဲ ထင်ပါတယ်။ ကျုပ်ကျင့်ကြံတာက အဆင့်တစ်ပဲရှိသေးတာဆိုတော့ ၈ဆင့်၊၉ဆင့်လောက်ရောက်သွားရင် ကျုပ်ရဲ့ဟိနာယာနဗုဒ္ဓကျင့်စဉ်ကသာ အင်အားအကြီးမားဆုံးဖြစ်လိမ့်မယ် မဟုတ်လား”
တာ့အိုဆရာကြီးသည် အံ့ဩသွားလျက် မေးသည်။
“ဒါဆို မင်းရဲ့ဒီနတ်သိုင်းက အဆင့်ဘယ်နှဆင့်ရှိတာလဲ”
ဖန်းယင်းယွီသည် လက်တစ်ချောင်းထောင်ပြကာ ပြောသည်။
“တစ်ဆင့်”
တာ့အိုဆရာကြီးမှာ ပြောစရာစကားပျောက်ရှသွားတော့သည်…
…
ဘုန်း
ပေါက်ကွဲသံကျယ်ကြီးနှင့်အတူ လူနှစ်ဦးပွေ့စာလုံးပတ်ရှိသည့် သစ်ပင်ကြီးသည် ပါးထန်၏လက်ဝါးရိုက်ချက်ကြောင့် ကျိုးပဲ့သွားခဲ့သည်။
ချန်ကျဲ့ အမြန် ဘေးသို့ရှောင်တိမ်းလိုက်သည်။ ထိုအချိန်၌ နန်ပါးထျန်းသည် အထက်မှနေ၍ လက်ဝါးသိုင်းကွက်ဖြင့် အောက်ဘက်ရှိ ချန်ကျဲ့သို့ ဦးတည်တိုက်ခိုက်သည်။
ချန်ကျဲ့ လက်မြှောက်၍ တိုက်ခိုက်မှုကို ခုခံလိုက်ပြီးနောက် နဂါးနိုင်လက်ဝါးသိုင်းဖြင့် တန်ပြန်တိုက်ခိုက်သည်။
နဂါးဟိန်းဟောက်သံထွက်ပေါ်လာပြီး နောက်တဒင်္ဂတွင်မူ ပါးထန်မှ သူ့ထံ ဦးတည်လာသဖြင့် တိုက်ခိုက်မှုကို အမြန်ဖြတ်လိုက်ရသည်။ ပါးထန်သည် လက်နှစ်ဖက်ဖြင့် လေပွေဖန်တီးကာ ချန်ကျဲ့တိုက်ခိုက်မည့်လမ်းကြောင်းကို တိုက်ရိုက်ဖြတ်တောက်သည်။ ထိုအခါ ချန်ကျဲ့ မျက်မှောင်ကြုတ်လိုက်သည်။
ချန်ကျဲ့သည် အရင်လက်ဝါးသိုင်းကွက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး နန်ပါးထျန်းကို နောက်ထပ်လက်ဝါးသိုင်းကွက်ဖြင့် ထပ်တိုက်ခိုက်လိုက်သည်။