အခန်း ၇၈၃
Vol. 68 Ch. 783
အခန်း ၇၈၃
ချန်ကျဲ့ မျက်ခုံးတို့တွန့်ချိုးလိုက်ပြီး နန်ပါးထျန်း၏တိုက်ခိုက်မှုကို နောက်တစ်ကြိမ် ကာလိုက်သည်။ ထို့နောက်တွင် ပါးထန်သည် အသက်နုတ်တိုက်ကွက်ဖြင့် ချန်ကျဲ့အနီး အလွန်နီးကပ်လာသည်။ သို့ဖြင့် ချန်ကျဲ့မှာ လက်တစ်ဖက်ကို အမြန်ပြန်ရုတ်၍ မိမိကိုယ်ကိုယ် ကာကွယ်လိုက်ရသည်။
အသံကျယ်ကြီးနှင့်အတူ ချန်ကျဲ့ ခြေလှမ်းအတော်များများ နောက်ဆုတ်သွားရသည်။
တစ်ပြိုင်နက်တည်းတွင် ခန္ဓာကိုယ်အတွင်း သွေးလှိုက်တက်လာခြင်းနှင့်အတူ မသက်မသာဖြစ်သည့် ခံစားချက်ကို ခံစားလိုက်ရသည်။
နှစ်ယောက်တစ်ယောက်တိုက်ခိုက်ရခြင်းသည် ချန်ကျဲ့အတွက် အလွန်အရေးနိမ့်လှသည်။ ထိုနှစ်ဦးကို မည်သို့မျှ အနိုင်မတိုက်နိုင်ဘဲ ခုခံနေရုံသာ တတ်နိုင်ပြီး ခုခံရခြင်းသည်လည်း အလွန်အားအင်ကုန်ခမ်းရပေသည်။
ပါးထန်သည် ထိုက်ဆွေ့ဆေးတစ်လုံး ထုတ်သောက်လိုက်သည်။ ကုန်ခမ်းသွားသည့် ချီစွမ်းအင်များ ချက်ချင်း အားပြန်ပြည့်လာသည်။ နန်ပါးထျန်းလည်း ထိုက်ဆွေ့ဆေးတစ်လုံးကို ထုတ်ယူပြီး တွန့်ဆုတ်နေသေးသော်ငြား သောက်လိုက်သည်။
သူတို့၏ ဒီနေ့အတွက် ရည်ရွယ်ချက်မှာ မည်သို့ပင်ဖြစ်စေ ချန်ကျိုစစ်ကို သတ်ဖြတ်ရန် ဖြစ်သည်။ ချန်ကျိုစစ်ကို သတ်နိုင်သ၍ မည်သည့်တန်ဖိုးပေးဆပ်ရပါစေ ထိုက်တန်သည်။
ထိုက်ဆွေ့ဆေးလုံးကို သောက်သုံးပြီးနောက် ပါးထန်နှင့် နန်ပါးထျန်း၏ ချီစွမ်းအင်များသည် အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။ ထိုအခါ ချန်ကျဲ့ မျက်မှောင်ကြုတ်လိုက်သည်။ အတိအကျဆိုရလျှင် ချန်ကျဲ့၏အခြေအနေသည် ထိုနှစ်ဦးကို ခပ်ခွာခွာ ခုခံနေရသည်မှအပ အခြေအနေကောင်းသေးသည်။ သူ၏ချီစွမ်းအင်သည် တစ်ဝက်ခန့်သာ လျော့နည်းသေး၏။
ချန်ကျဲ့ ချန်ချွမ်းကျင့်စဉ်ကို အသုံးပြုနေရသည့် အဓိကအကြောင်းအရင်းမှာ ၎င်း၏ ထူးခြားသည့်ကုသနိုင်စွမ်းကြောင့် ဖြစ်သည်။ ချန်ကျဲ့မှ ကျင့်စဉ်ကို လည်ပတ်စီးဆင်းနေစေသ၍ ချီစွမ်းအင်များကို ပြန်လည်ဖြည့်တင်းနိုင်သည်။
ဤသို့နည်းဖြင့် အခြားသူများထက် ချီစွမ်းအင်ကုန်ခမ်းမှုနည်းပါးစေနိုင်သည်။
သို့သော် ရန်သူနှစ်ဦးမှ ထိုက်ဆွေ့ဆေးလုံးသောက်သုံးလိုက်ရာ ချန်ကျဲ့လည်း ကျောက်ယာပေးထားသည့် ထိုက်ဆွေ့ဆေးလုံးကို ထုတ်ယူသောက်သုံးလိုက်သည်။ ချီစွမ်းအင်များ ပြန်လည်ပြည့်တင်းလာသည်ကို ချန်ကျဲ့ ရုတ်ချည်းခံစားလိုက်ရသည်။
ချန်ကျဲ့ မျက်နှာချင်းဆိုင်ရှိ ရန်သူနှစ်ဦးကို ကြည့်လိုက်သည်။
ပါးထန်သည် သူ၏တိုက်ခိုက်မှုစွမ်းရည် အထွတ်အထိပ်အခြေအနေသို့ ပြန်ရောက်သွားသဖြင့် ချန်ကျဲ့ကို ပြောသည်။
“ချန်ကျိုစစ် သွေးပူလေ့ကျင့်ခန်းက ပြီးသွားပြီ။ မင်းမှာ အညံ့ခံဖို့အခွင့်အရေးရှိသေးတယ်”
ချန်ကျဲ့ ပါးထန်ကို ပြန်ပြောသည်။
“ဟား ပြည်နယ်မြို့စောင့်တပ်မှူးက ဒီလိုနှစ်ယောက်တစ်ယောက်တိုက်နေတာ နည်းနည်း ရှက်ဖို့ကောင်းတယ်မထင်ဘူးလား”
ပါးထန်မှ ပြန်ပြောသည်။
“ဟား အဲဒီတော့ ဘာဖြစ်လဲ။ မင်းက သေရင်သေ မသေရင် ငါ့လက်အောက်ခံဖြစ်လာမှာပဲလေ”
“သခင်ကြီး သူနဲ့ စကားပြောပြီး အချိန်ဖြုန်းမနေပါနဲ့တော့”
နန်ပါးထျန်းမှ ပြောသည်။
“ချန်ကျိုစစ် မင်းဒီနေ့ သေချာပေါက် သေရမယ်”
ထို့နောက် နန်ပါးထျန်းမှ ရုတ်ချည်း အော်ဟစ်ကြိမ်းဝါးသည်။
“အားးး~”
နောက်တဒင်္ဂတွင်မူ မျက်လုံးများ နီရဲလာခဲ့ကာ ပေါက်ကွဲကျင့်စဉ်ကို အသုံးပြုလေသည်။ ရေခဲစိတ်စွမ်းအင်သိုင်းတွင် ပေါက်ကွဲကျင့်စဉ်သိုင်းရှိသည်။ ထိုနည်းဖြင့် သူ၏အင်အားကို ပေါက်ကွဲလုမတတ် တိုးတက်စေနိုင်ပြီး သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအလယ်အလတ်အဆင့်သို့ ရောက်ရှိစေနိုင်သည်။
၎င်းကိုမြင်သောအခါ ပါးထန်မှ မှတ်ချက်ပြုသည်။
“အင်း ဒါဆိုရင်တော့ မတတ်နိုင်ဘူးပေါ့။ ငါ အစတုန်းက မင်းအသက်ကိုချမ်းသာပေးဖို့ ရည်ရွယ်ထားတာ။ မင်းက တန်ဖိုးမထားတတ်မှတော့ သေလိုက်တော့ပေါ့”
ထို့နောက် ပါးထန်သည် ခြေကိုဆောင့်နင်းလိုက်ပြီး ချီစွမ်းအင်များ တစ်ကိုယ်လုံးလွှမ်းခြုံစေကာ နန်ပါးထျန်း၏ပေါက်ကွဲကျင့်စဉ်သိုင်းကဲ့သို့ အခြေအနေမျိုး ဖန်တီးလိုက်ပြီး ချန်ကျိုစစ်ကို တိုက်ရိုက်တိုက်ခိုက်သည်။
ပါးထန်နှင့် နန်ပါးထျန်းသည် သူတို့၏အကန့်အသတ်ထက် ကျော်လွန်၍ လုပ်ဆောင်နေကြခြင်းဖြစ်သည်။
သူတို့သည် တစ်ပြိုင်နက်တည်း လက်ဝါးသိုင်းကွက်များကို ထုတ်လွှတ်လိုက်ရာ ချန်ကျဲ့မှာ တစ်ဦးတည်း ခုခံရင်ဆိုင်ရလေသည်။ နောက်တဒင်္ဂတွင်မူ ချန်ကျဲ့မှာ နောက်ပြန်လွင့်ထွက်သွားရသည်။ သူတို့၏အင်အားများသည် ၁၂၀ရာခိုင်နှုန်းကျော် လုပ်ဆောင်နေခြင်းဖြစ်သည်။
ရှပ် ရှပ် ရှပ်…
ချန်ကျဲ့သည် ခြေလှမ်းဒါဇင်ကျော်ခန့် နောက်ဆုတ်သွားပြီးနောက်မှ ရပ်သွားခဲ့သည်။ ထို့နောက် ခံတွင်းထဲတွင် သွေးအရသာကို ခံစားလိုက်ရပြီး နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာခဲ့သည်။
ကြီးလိုက်တဲ့အင်အား
သူတို့၏တိုက်ခိုက်မှု အောင်မြင်ကြောင်း မြင်သောအခါ ပါးထန်နှင့်နန်ပါးထျန်းသည် ချန်ကျဲ့ကို အသက်ရှူဖို့အချိန်ပင် မပေးဘဲ ချန်ကျဲ့ကို ဝန်းရံလိုက်ကြကာ တရပ်စပ် ထိုးနှက်တိုက်ခိုက်တော့သည်။
လေဟာနယ်တွင် လေချီစွမ်းအင်နှင့် အေးစက်သည့် ရေခဲစွမ်းအင်တို့ ဆုံစည်းသွားပြီး ချန်ကျဲ့အား တစ်လှမ်းပြီးတစ်လှမ်း နောက်ဆက်ဆုတ်သွားစေသည်။
ချန်ကျဲ့မှာ သေလုမျောပါး အခြေအနေသို့ ရောက်ရှိနေခဲ့ကာ သူကျရှုံးသွားတော့မည်မှာ အနှေးနှင့်အမြန်ပင်။
ထိုအချိန်၌ တာ့အိုဆရာကြီးသည် သက်ပြင်းချ၏။
“နှမြောစရာပဲ။ ဒီလူငယ်လေးက အင်အားအသင့်အတင့်ရှိပေမဲ့ ကံမကောင်းရှာဘူး။ ရန်သူနှစ်ယောက်ကြား ပိတ်မိနေပြီး သေအံ့ဆဲဆဲ ရုန်းကန်နေရတယ်”
ထိုအခါ ဖန်ယင်းယွီမှ ပြောသည်။
“ဒီလူနှစ်ယောက်က အတော်လေး စွမ်းဆောင်ရည်ရှိတယ်။ ကြည့်ရတာ ရေခဲစိတ်စွမ်းအင်သိုင်းကလည်း ရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်ရဲ့ လီသုန်းမဟုတ်လား”
ထိုအခါ တာ့အိုဆရာကြီးမှ ခေါင်းညိတ်သည်။
“အင်း နွေဦးက အရာခပ်သိမ်းကို အားဖြည့်ပေးပြီး ဆောင်းကတော့ သေဆုံးခြင်းကို ဆောင်ကြဉ်းတယ်။ ရေခဲစိတ်စွမ်းအင်သိုင်းက နွေဦးအက္ခရာကျင့်စဉ်ရဲ့ ဆန့်ကျင်ဘက်ပဲ”
“ပြီးတော့ အဲဒီပါးထန်ရဲ့အင်အားက ခိုင်မာတယ်။ လေပြင်းလက်ဝါးသိုင်း၁၈ကွက်က သဲမုန်တိုင်းဂိုဏ်းရဲ့ သိုင်းပညာပဲ။ သူတို့နှစ်ယောက် ပူးပေါင်းတိုက်ခိုက်ရင် မင်းရဲ့မိတ်ဆွေလေးအတွက် အနိုင်ရမယ့်အခွင့်အရေးမရှိဘူး”
ဖန်းယင်းယွီ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ပြန်ပြောသည်။
“ဆရာကြီး ကျုပ်လည်း ကျုပ်ရဲ့ဒီမိတ်ဆွေလေးနဲ့ အဆက်အဆံသိပ်မရှိပါဘူး။ ဒါပေမဲ့ သူက မကြာခဏ မထင်မှတ်ထားတာတွေ ပြသတတ်တယ်။ သူ ဒီလောက်နဲ့ လွယ်လွယ်ရှုံးနိမ့်မယ်လို့ ကျုပ်မထင်ဘူး။ တိုက်ပွဲက မပြီးဆုံးသေးပါဘူး”
တာ့အိုဆရာကြီးမှ ပြောသည်။
“ဒီလောက်အခြေအနေဆိုးရွားနေပြီကို အခြေအနေကိုပြောင်းပြန်လှန်နိုင်ပါဦးမလား”
“ကျုပ်လည်း မသိဘူး”
ဖန်းယင်းယွီမှ ဝန်ခံသည်။
“ဒါပေမဲ့ ဒီတိုင်း သူအနိုင်ရမယ်လို့ ခံစားရလို့ပါ”
“ဟမ့် ဒါဆိုလည်း စောင့်ကြည့်ကြတာပေါ့”
တာ့အိုဆရာကြီးမှ ထေ့ငေါ့ပြောသည်။
ထိုအချိန်၌ ချန်ကျဲ့သည် အခြေအနေ အလွန်ဆိုးရွားနေကာ မိမိကိုယ်ကိုယ်ကာကွယ်ရုံသာ တတ်နိုင်လေသည်။
နန်ပါးထျန်းမှ ကောက်ကျစ်စဉ်းလဲစွာသော အပြုံးဖြင့် ပြောသည်။
“ဟားဟားဟား ချန်ကျိုစစ် မင်းကိုယ်မင်း အရမ်းအထင်ကြီးနေတာ မဟုတ်ဘူးလား။ လာ တိုက်ခိုက်လေ လာတိုက်ခိုက်စမ်း”
“ငါ့ဇနီးကို ခိုးယူပြီး ငါ့ရဲ့ရာထူးကို လုယူတယ်။ ငါ့ကို ချောက်ချစွပ်စွဲခဲ့တယ်၊ အခု ငါမင်းကို သတ်ပစ်မယ် သေလိုက်တော့”
နန်ပါးထျန်းသည် ဒေါသတကြီးကြိမ်းဝါးလျက် အဆက်မပြတ် တိုက်ခိုက်သည်။ ပါးထန်သည် ဘာမှမပြောသော်ငြား သူသည်လည်း ချန်ကျဲ့ကို ကြမ်းကြုတ်ရက်စက်စွာ တိုက်ခိုက်နေသည်။ နှစ်ဦးညှပ်တိုက်ခြင်းခံနေရသည်တွင် ချန်ကျဲ့၏မျက်ခုံးနှစ်ခုမှာ ထိစပ်မတတ် တွန့်ချိုးသွားလျက် သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ထွက်ပေါ်လာသည်။
ငါက ဒီနောက်ဆုံးသိုင်းကွက်ကို မသုံးချင်ပေမဲ့ သူတို့ ငါ့ကို ဖိအားပေးခဲ့တာပဲ။ ဒီလိုဖြစ်လာမှတော့ ခင်ဗျားတို့အတွက် စိတ်မကောင်းပါဘူး။
ထိုသို့တွေးလိုက်ပြီးနောက် ချန်ကျဲ့သည် လက်သီးကျစ်ကျစ်ဆုပ်၍ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ ရင်ဘတ်ေနရာကို ဖွင့်ဟထား၏။ ထိုမြင်ကွင်းတွင် ပါးထန်နှင့် နန်ပါးထျန်း၏မျက်လုံးများ တောက်ပသွားသည်။
ဒါအခွင့်ကောင်းပဲ။
ထိုသို့တွေးလျက် သူတို့သည် ချန်ကျဲ့ထံ တစ်ပြိုင်နက်တည်း သိုင်းကွက်ထုတ်လွှတ်လိုက်ကြသည်။
(မိုင်ထောင်ချီသို့ရေခဲချိတ်ပိတ်ခြင်း)
(မုန်တိုင်း၏အမျက်ဒေါသ)
နှစ်ဦးသည် သူတို့၏အင်အားအကြီးမားဆုံးသိုင်းကွက်များဖြင့် ချန်ကျဲ့ကို တိုက်ခိုက်ကြသည်။ ဤသိုင်းကွက်များသာ ထိမှန်သွားခဲ့ပါက ချန်ကျဲ့ သေဆုံးမည်မှာ မလွဲဧကန်ပင်။
သို့သော် ထိုအခိုက်အတန့်၌ ပါးထန်နှင့် နန်ပါးထျန်းတို့သည် သူတို့၏အထက်မှ ဖိနှိပ်ကျရောက်လာသည့် တိုင်းတာ၍မရနိုင်လောက်အောင်သော ကြောက်ခမန်းလိလိအင်အားကြီးကို ခံစားလိုက်ရသည်။
တစ်ဆက်တည်း၌ အင်အားကြီးမားလှစွာသော ချီစွမ်းအင်ကြီးသည် သူတို့ထုတ်လွှတ်တိုက်ခိုက်လိုက်သည့် လက်ဝါးသိုင်းကွက်များကို ဟန့်တားလိုက်သည်။ မမြင်နိုင်သည့်တံတိုင်းကြီးတစ်ခုရှိနေသကဲ့သို့ သူတို့၏တိုက်ခိုက်မှုများကို ကာဆီးထားသည်။
ပါးထန်နှင့် နန်ပါးထျန်းတို့နှစ်ဦးလုံး ခေါင်းမော့ကြည့်လိုက်သည်။ သူတို့မှာ ထိတ်လန့်အံ့ဩနေကြ၏။
“ဒါဘယ်လိုဖြစ်နိုင်မှာလဲ”
သူတို့သည် ချန်ကျဲ့၏နောက်ကျော၌ မိုးမခနှင်တံကို ကိုင်ဆောင်ထားသည့် နတ်ဘုရားပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရသည်။ ထိုနတ်ဘုရားပုံရိပ်မှာ နွေဦးနတ်ဘုရား ကုံးမန်ဖြစ်သည်။
(နွေဦးနတ်ဘုရား၏အမျက်ဒေါသ)
ထိုအခိုက်အတန့်၌ တတိယထပ်တွင် တာ့အိုဆရာကြီးသည် မှော်ကြေးမုံကို ကြည့်နေရင်းမှ ရုတ်တရက် ထအော်၏။
“နွေဦးနတ်ဘုရား၏အမျက်ဒေါသ ဒါ… ဒါဘယ်လိုဖြစ်နိုင်မှာလဲ”