အခန်း ၇၈၄
Vol. 68 Ch. 784
အခန်း ၇၈၄
“နွေဦးနတ်ဘုရား၏အမျက်ဒေါသလား”
တာ့အိုဆရာကြီး အံ့အားသင့်သွားပုံကိုမြင်လျှင် ဖန်းယင်းယွီသည်လည်း ကြေးမုံထဲမှ ချန်ကျဲ့ကိုကြည့်၍ မျက်လုံးတို့မှေးကျဉ်းလိုက်သည်။
အထူးသဖြင့် ချန်ကျဲ့၏နောက်ရှိ နတ်ဘုရားပုံရိပ်ပင်။
“နွေဦးနတ်ဘုရား ကုံးမန်”
ဖန်းယင်းယွီသည် တစ်ချက်ကြည့်ရုံဖြင့်ပင် နတ်ဘုရားပုံရိပ်ကို မှတ်မိသွားခဲ့သည်။
တကယ်ကြီး နွေဦးနတ်ဘုရား ကုံးမန်ပဲ။
ကုံးမန်သည် သစ်သားနှင့်နွေဦး၏နတ်ဘုရားဖြစ်ပြီး အရှေ့ပိုင်း၏နတ်ဘုရားဖြစ်ကာ အရာခပ်သိမ်း၏ ပြန်လည်ရှင်သန်ခြင်းနှင့် နွေဦးရာသီတွင် ကမ္ဘာလောက၏ ဖူးသစ်ခြင်းကို တာဝန်ယူရသည်။
တောင်နှင့်ပင်လယ်ဂန္တဝင်ကျမ်းအရ ကုံးမန်သည် နတ်ဘုရားဖူရှီး၏ သစ္စာရှိလက်အောက်ခံတစ်ဦးဖြစ်သည့်အပြင် မြင့်မြတ်သော ဖူစန်းသစ်ပင်ကြီးကိုလည်း အုပ်စိုးရသည်။ ဖူစန်းသစ်ပင်ထက်တွင် မှီတင်းနေထိုင်ကြသော ရွှေကျီးကန်းများသည်ပင် အရှေ့အရပ်မှ နေမင်းကြီး မထွက်လာမီတွင် နေ့စဉ်နှင့်အမျှ သူ၏နှိုးဆော်မှုကြောင့် နိုးထလာကြရသည်။
ထို့ကြောင့် ကုံးမန်သည် ကမ္ဘာလောကကြီး ပြန်လည်ရှင်သန်ခြင်းကို အစိုးရသည့် နတ်ဘုရားတစ်ပါးဟု သတ်မှတ်ရမည်ဖြစ်ပြီး ကုံးမန်မရှိလျှင် ကမ္ဘာကြီးသည် သက်ဝင်လှုပ်ရှားမှု ကင်းမဲ့နေပေလိမ့်မည်။
ကုံးမန်ကို များသောအားဖြင့် ဦးခေါင်းတွင် ဆံထုံးနှစ်ဖက်ဖြင့် လက်ထဲတွင် မြင့်မြတ်သော ဖူစန်းသစ်ပင်မှ ခူးယူထားသည့် မိုးမခနှင်တံကို ကိုင်ဆောင်ကာ နွားသိုးတစ်ကောင်ကို စီးနင်းနေသည့် နွားကျောင်းသားတစ်ဦးအသွင်အဖြစ် ပုံဖော်ရေးဆွဲလေ့ရှိကြသည်။ ထို့ကြောင့် မန်ထုန်ဟုလည်း ခေါ်ကြသည်။
ချန်ကျဲ့၏နောက်ရှိ နတ်ဘုရားပုံရိပ်သည် မရှင်းလင်းဘဲ မျက်နှာသည်လည်း သေချာပြတ်သားစွာ ရုပ်လုံးမပေါ်သော်ငြား ၎င်း၏လက်ထဲရှိ မိုးမခနှင်တံသည် အလွန်တရာ တောက်ပနေသည်။
ပုံကိုကြည့်ခြင်းအားဖြင့် နွားသိုးကြီးထက် စီးနင်းနေသူသည် အတော်လေးငယ်ရွယ်ဟန်ရ၏။
တကယ့်ကို နွေဦးနတ်ဘုရား ကုံးမန်ပါပင်။
ထို့ပြင် ကုံးမန်၏ပုံရိပ်ကို ထွက်ပေါ်စေနိုင်သည့် လောက၏ တစ်ခုတည်းသော သိုင်းပညာမှာ ဟိုးအရင်အချိန်များက ချန်ချွမ်းတောင်ကြား၏ တောင်ကြားအကာအကွယ်သိုင်းဖြစ်သည့် ရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်မှ ဆင်းသက်လာသည့် နွေဦးအက္ခရာကျင့်စဉ်ဖြစ်ပေသည်။
ရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်သည် တစ်ချိန်က နတ်ဘုရားရှန်နုံ၏ကျင့်စဉ် ဖြစ်ခဲ့ဖူးသည်။
ရာသီလေးပါးနှင့် သူရိန်စက်ဝန်းနှစ်ဆယ့်လေးပါးကို အစိုးရသည့် နတ်ဘုရားကြီးလေးပါးကို ဆက်သွယ်နိုင်စွမ်းရှိသည်။
နွေဦးနတ်ဘုရား ကုံးမန်၊ နွေနတ်ဘုရား ကျုရုန်၊ ဆောင်းဦးနတ်ဘုရား ရုရှိုး၊ ဆောင်းနတ်ဘုရား ရွှမ်မင်။
ရှေးအခါက ဤရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်ကို ပိုင်ဆိုင်ခြင်းသည် လူသားဧကရာဇ်(ရှန်နုံ)၏ အမွေအနှစ်ကို လက်ဆင့်ကမ်း ရရှိထားခြင်းဟု အဓိပ္ပာယ်ရပြီး ကောင်းကင်ဘုံ၏ဗျာဒိတ်တော်အရမူ ဤကမ္ဘာလောကကို အုပ်စိုးရန်အတွက် ယှဉ်ပြိုင်အားထုတ်ရမည့် ကံကြမ္မာကို ပိုင်ဆိုင်ထားသည်ဟု ဆိုလိုသည်။
သေချာပေါက်ပင် ဧကရာဇ်ရွှမ်းယွမ်၏ ရွှမ်းယွမ်နှလုံးသားကျင့်စဉ်၊ နတ်ဆိုးအရှင်သခင်ချစ်ယုံ၏ ကျိုလီနတ်ဆိုးသိုင်းများကို ပိုင်ဆိုင်ခြင်းသည်လည်း ထိုသို့ဆင်တူသည့်အဓိပ္ပာယ်ကို ဆောင်နိုင်ပါသည်။
ရှန်နုံ၊ ရွှမ်းယွမ်နှင့် ချစ်ယုံတို့သည်လည်း တစ်ချိန်က ကောင်းကင်ဘုံ၏ဗျာဒိတ်တော်ကို ခံယူခဲ့ကြသူများဖြစ်ပြီး ဤကမ္ဘာလောက၏ အထွတ်အထိပ်သော အာဏာကို လုယူသိမ်းပိုက်နိုင်စွမ်းရှိသောသူများ ဖြစ်ခဲ့ကြဖူးသည်။
ရှန်နုံသည် လူသားတို့အတွက် စိုက်ပျိုးရေးပိုင်းဆိုင်ရာကို ကြီးကြပ်၍ လူသားတို့၏ စားဝတ်နေရေးအတွက် တာဝန်ယူသည်။ ထို့ကြောင့် ကောက်ပဲသီးနှံစောင့်နတ်ဘုရားဟုလည်း ခေါ်သည်။ ဟွာရှမျိုးနွယ်တို့သည် အစဉ်အဆက် စိုက်ပျိုးရေးကိုအခြေခံသော လူ့အဖွဲ့အစည်းဖြစ်ခဲ့သဖြင့် ရှန်နုံသည် အုပ်ချုပ်သူ အရှင်သခင်တစ်ပါးအဖြစ် ဘယ်သောအခါမျှ မစိုးစံခဲ့ဖူးသည့်တိုင် ဧကရာဇ်အဖြစ် သတ်မှတ်ခြင်းခံရကာ ဧကရာဇ်ယန်အဖြစ် ခေါ်ဝေါ်ကိုးကွယ်ခြင်းခံခဲ့ရသည်။
ဟွာရှမျိုးနွယ်နောင်လာနောက်သားများသည်လည်း ယန်ဟွမ်၏မျိုးဆက်များအဖြစ် ကျော်ကြားကြသည်။ ဧကရာဇ်ယန်၏ ဂုဏ်အဆင့်အတန်းသည် ဟွမ်ဧကရာဇ်ထက်ပင် ရှေးကျသဖြင့် ဧကရာဇ်ယန်၏အဆင့်အတန်းအပေါ် မည်မျှရိုသေလေးမြတ်ကြသည်မှာ သိသာလှသည်။
ထို့နောက်တွင်မူ စစ်ရေးကိစ္စရပ်များကို အစိုးရသည့် ဧကရာဇ်ရွှမ်းယွမ်နှင့် ပုန်ကန်ခြားနားခြင်းစိတ်ဝိဥာဉ်ကို ကိုယ်စားပြုသည့် ချစ်ယုံတို့ ပေါ်ထွက်လာခဲ့သည်။
ထိုသုံးဦးသည် ယန်ဟွမ်၏ဘိုးဘေးကြီးများဖြစ်သည်။ ချစ်ယုံကိုပါ ထည့်သွင်းထားခြင်းမှာ ချစ်ယုံ ကျရှုံးသွားပြီးနောက်တွင် ချစ်ယုံ၏ကျိုလီမျိုးနွယ်စုတစ်ခုလုံးသည် ဟွမ်ဧကရာဇ်လက်အောက်သို့ သစ္စာခံဝင်ရောက်ခဲ့သောကြောင့် ဖြစ်သည်။
ဟန့်လူမျိုးများသည်လည်း ရှေးအချိန်က မတူကွဲပြားသော မျိုးနွယ်စုတို့၏သွေးများ စပ်ယှက်ပေါင်းစည်းကာ တစ်သားတည်းဖြစ်တည်လာခဲ့သည့် လူမျိုးစုတစ်ခုဖြစ်သည်။
ကောင်းကင်ဘုံ၏ဗျာဒိတ်တော် ဂုဏ်သတ္တိများကိန်းဝပ်နေသည့် ရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်၊ ရွှမ်းယွမ်နှလုံးသားကျင့်စဉ်နှင့် ကျိုလီနတ်ဆိုးသိုင်းတို့သည် ခြောက်ပြည်ထောင် ပေါင်းစည်းသွားပြီး ချင်မင်းဆက်လက်အောက်သို့ ရောက်ရှိသွားချိန်တွင် နဂါးဘိုးဘေး (ချင်မင်းဆက်၏ ပထမဆုံးဧကရာဇ် ချင်ရှီဟွမ်)၏ ကွယ်ဝှက်ပိတ်ပင်ခြင်းကို ခံခဲ့ရသည်။
၎င်းတို့ကို တားမြစ်ကျင့်စဉ်များအဖြစ်ပင် သတ်မှတ်ခဲ့သည်။
ချင်ဧကရာဇ်သည် သူကိုယ်တိုင်မှတစ်ပါး အခြားမည်သူ့ကိုမျှ ကိုးကွယ်လေးမြတ်ခွင့် မပြုနိုင်ရာ ဤမျှအစွမ်းထက်ပြီး လောကကြိးကို သိမ်းပိုက်စိုးစံနိုင်စွမ်းရှိသည့် သိုင်းပညာကြီးသုံးခုအား အခြားသူများ ကျင့်ကြံခြင်းကို မည်သို့ခွင့်ပြုနိုင်ပါမည်နည်း။
ဤသည်မှာ ချင်ဧကရာဇ် မည်သို့မျှ အဖြစ်မခံနိုင်သည့်အရာပင်။
ချင်ဧကရာဇ်မှ ပိတ်ပင်တားမြစ်ထားသော်လည်း ထိုသိုင်းပညာရပ်ကြီးသုံးခုမှာ ရှေးယခင်အချိန်များကတည်းက လက်ဆင့်ကမ်းလာခဲ့ပြီးဖြစ်ရာ လူထုကြားထဲ ပျံ့နှံ့ရောက်ရှိသွားခဲ့ပြီး ထိုခေတ်က အထက်တန်းလွှာများ၏ စုဆောင်းခံခဲ့ရသည်။
ဥပမာဆိုရသော် ချင်မင်းဆက်ကို ဦးဆောင်ပုန်ကန်ခဲ့သည့် ပါ့ဝမ်ရှန့်ယွီဖြစ်သည်။
ပါ့ဝမ်ရှန့်ယွီသည် တောင်ဘက်အရပ်ရှိ ချူပြည်ထောင်မှ အထက်တန်းလွှာတစ်ဦးဖြစ်သည်။ ၎င်းတောင်ပိုင်းနယ်မြေသည် ချီယုံမှ ဧကရာဇ်ဟွမ်ထံ ရှုံးနိမ့်သွားပြီးနောက် နှင်ထုတ်ခံခဲ့ရသည့် ကျိုလီမျိုးနွယ်စုများ အခြေချနေထိုင်ရာဒေသဖြစ်သည်။
ထို့ကြောင့် ထိုဒေသတွင် ချစ်ယုံ၏မျိုးဆက်များစွာ ကျန်ရစ်ခဲ့ပြီး ချစ်ယုံ၏ကျိုလီနတ်ဆိုးသိုင်းသည်လည်း ချူပြည်ထောင်အထက်တန်းလွှာများကြားတွင် ဆက်လက်စီးဆင်းနေခဲ့သည်။ နောက်ပိုင်းတွင် နဂါးဘိုးဘေးမှ ခြောက်ပြည်ထောင်ကို ပေါင်းစည်းလိုက်သောအခါ ရှန့်မျိုးနွယ်သည် ချင်မင်းဆက်အား တော်လှန်ပုန်ကန်ခြင်း၏ ပထမဆုံးသော မြားကို စတင်ပစ်လွှတ်ခဲ့သည်။
သို့ဖြင့် လောကတစ်ခွင်ကို တုန်လှုပ်စေခဲ့သော ပါ့ဝမ်ရှန့်ယွီသည် ကျိုလီနတ်ဆိုးသိုင်း၏ ဆက်ခံသူဖြစ်လာခဲ့သည်။
တောင်ကိုချီမြှောက်လို့ လောကကြီးကို လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါဖြင့် ပါ့ဝမ်ရှန့်ယွီသည် ယခင်က ချီယုံကဲ့သို့ပင် စစ်မြေပြင်ကို သောင်းကျန်းမွှေနှောက်ပစ်ခဲ့သည်။
ပါ့ဝမ်ရှန့်ယွီသည် ချင်မင်းဆက်ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း ဆိုးရွားစွာပင် သူသည်လည်း လျိုပန်း၏လက်တွင် ရှုံးနိမ့်သွားခဲ့ရသည်။ အချို့က လျိုပန်းသည် ရွှမ်းယွမ်နှလုံးသားကျင့်စဉ်ကို တတ်မြောက်ထားသည်ဟု သံသယရှိခဲ့ကြသော်လည်း လျိုပန်းသည် တစ်ခါမှ ဝန်ခံပြောဆိုခဲ့ခြင်းမရှိသောကြောင့် အတည်မပြုနိုင်ခဲ့ချေ။
ဧကရာဇ်ကောင်းဇူ(လျိုပန်း)သည် အင်အားကြီးမားလှပြီး ဓားသိုင်းပညာကို ကျွမ်းကျင်လှသည်မှာ မြွေဖြူမိစ္ဆာကိုပင် ဓားတစ်ချက်တည်းနှင့် ကွပ်မျက်နိုင်ခဲ့သည်ဟူသည့် ကောလာဟလများ ရှိခဲ့သည်။
သို့ဖြစ်ရာ လျိုပန်းသည် သိုင်းမတတ်ဟု တစ်ယောက်ယောက်မှ ပြောလာပါက ယုံကြည်ရန် ခက်ခဲလိမ့်မည်။ အဆုံးတွင်မူ သူသည် ရန်သူ့စစ်အခင်းအကျင်းထဲသို့ ကိုယ်တိုင်စီးနင်းဝင်ရောက်ခဲ့သည့် စစ်သည်တော်ဟောင်းကြီးတစ်ဦးဖြစ်ခဲ့သည် မဟုတ်ပါလော။ သို့သော် လျိုပန်းသည် ရှန့်ယွီနှင့် တစ်တန်းတည်း ယှဉ်နိုင်လောက်သည်အထိ ရွှမ်းယွမ်နှလုံးသားကျင့်စဉ်ကို အောင်မြင်မှုကြီးအဆင့်အထိ တတ်ကျွမ်းထားသည်ဟု ဆိုလျှင်မူ အဓိပ္ပာယ်မရှိလှပေ။
သို့သော်လည်း လျိုပန်းသည် ဧကရာဇ်ကောင်းဇူအဖြစ် နန်းတက်ပြီးနောက်တွင် ချင်မင်းဆက်၏ဥပဒေများကို ဆက်လက်ကျင့်သုံးခဲ့ပြီး နတ်ဘုရားသိုင်းပညာရပ်ကြီးသုံးခုကို ပြင်းထန်စွာ ကန့်သတ်ပိတ်ပင်ခဲ့ပြန်သည်။
အကြောင်းမှာ ၎င်းသိုင်းပညာကြီးများသည် ဧကရာဇ်၏အာဏာကို ခြိမ်းခြောက်လာနိုင်သောကြောင့် ဖြစ်သည်။
ထို့နောက်တွင် လောကကြီးကို သိမ်းပိုက်စိုးစံနိုင်ခဲ့သည့် ဧကရာဇ်တိုင်းသည် ၎င်းနတ်ဘုရားသိုင်းပညာရပ်ကြီးများ၏ အကူအညီဖြင့် နန်းတက်နိုင်ခဲ့ကြသည်ဟု ဆိုနိုင်သည်။ သို့သော် ဧကရာဇ်များသည် နန်းတက်ပြီးသည်နှင့်တစ်ပြိုင်နက် ထိုသိုင်းပညာရပ်ကြီးများကို ချက်ချင်း တားမြစ်ပိတ်ပင်ကြသည်။
ထို့ကြောင့် နတ်ဘုရားသိုင်းပညာရပ်ကြီးသုံးခုကို ကျင့်ကြံသည့် ဂိုဏ်းဖြစ်စေ၊ မျိုးနွယ်ဖြစ်စေ စုံစမ်းသိရှိသွားပါက မျိုးနွယ်စုတစ်ခုလုံး အမြစ်ပြတ်နှိမ်နင်းသုတ်သင်ခံရလိမ့်မည် ဖြစ်သည်။ သို့ဖြင့် နှစ်ပေါင်းတစ်ထောင်ခန့် ကုန်လွန်သွားခဲ့သည်။
စုန့်မင်းဆက်ခေတ်သို့ ရောက်သည်အထိပင်။
စုန့်မင်းဆက်၏ ဧကရာဇ်စုန့်သည် မျိုးရိုးနိမ့်မှ ဆင်းသက်လာသူဖြစ်သည်။ သူသည် ရွှမ်းယွမ်နှလုံးသားကျင့်စဉ်ကို အမှတ်မထင် ရရှိခဲ့ရာမှ ရည်မှန်းချက်ကြီးများ ပေါက်ဖွားလာခဲ့သည်။ ဧကရာဇ်ချိုင်ရုန်မှ ငယ်ငယ်ရွယ်ရွယ်ဖြင့် ကွယ်လွန်သွားခဲ့သည်တွင် သူသည် မိဘမဲ့နှင့် မုဆိုးမတို့ကို အခွင့်ကောင်းယူကာ ထီးနန်းပလ္လင်ကို လုယူသိမ်းပိုက်ပြီး စုန့်မင်းဆက်ကို တည်ထောင်ခဲ့သည်။
တိုင်းပြည်ထူထောင်ပြီးနောက်တွင်မူ သူ၏ထီးနန်းရယူမှုနည်းလမ်း မမှန်ကန်ခဲ့ခြင်းကြောင့် ဧကရာဇ်စုန့်သည် သိုင်းပညာရှင်များကို ပိုမိုပြင်းထန်စွာ ဖိနှိပ်ခဲ့သည်။ ညီလာခံတွင် သိုင်းပညာရှင်များထက် စာပေပညာရှင်များကို ပိုမိုမြှောက်စားခဲ့ပြီး နန်းတော်ပြင်ပတွင်မူ သိုင်းလောကကို ဖိနှိပ်သည်။ သိုင်းပညာရှင်များကို သိုင်းမကျင့်ကြံရန် ပိတ်ပင်တားမြစ်ခဲ့ပြီး အထူးသဖြင့် နတ်ဘုရားသိုင်းပညာရပ်ကြီးသုံးခုကို ဖြစ်သည်။
အရိပ်အယောင်မြင်တွေ့သည်နှင့် ချေမှုန်းပစ်လေရာ သိုင်းလောကသားများမှာ အမြဲတစေ ကြောက်ရွံ့ထိတ်လန့်နေခဲ့ကြရသည်။
ထို့ပြင် ကျောက်စုန့်တော်ဝင်မျိုးနွယ်သည် “အရပ်သားပြည်သူများ နတ်ဘုရားသိုင်းပညာရပ်ကြီးသုံးခုကို ကျင့်ကြံခြင်းအား တားမြစ်ပိတ်ပင်သည်”ဟူသည့် အမိန့်ကို ခိုင်မာစွာ ထုတ်ပြန်ခဲ့သည်။
အကယ်၍ ကျင့်ကြံနေကြောင်း စုံစမ်းသိရှိပါက အပေါ့လျော့ဆုံးသော အပြစ်ဒဏ်မှာ ကျင့်ကြံသူကို ကွပ်မျက်ခြင်းဖြစ်ပြီး အပြင်းထန်ဆုံးသော ပြစ်ဒဏ်မှာ မျိုးဆက်အားလုံးကို အမြစ်ပြတ်ကွပ်မျက်သုတ်သင်ခြင်းဖြစ်သည်။
ချန်ချွမ်းတောင်ကြားသည် ထိုသို့အခြေအနေတွင် တိုင်ကြားခံခဲ့ရခြင်းဖြစ်သည်။ ထိုအချိန်က စုန့်မင်းဆက်သည် အန္တရာယ်ကြီးစွာ ကြုံတွေ့နေရပြီဖြစ်သည့်တိုင် တော်ဝင်နန်းတော်သည် ဂိုဏ်းကို အမြစ်ပြတ်သုတ်သင်ရန် အမိန့်ချခဲ့သည်။ သစ္စာဖောက်ကျာရှီသောက်သည် ဂိုဏ်းကြီးလေးဂိုဏ်းနှင့် ပူးပေါင်းပြီး ချန်ချွမ်းတောင်ကြားကို အမြစ်ပြတ်သုတ်သင်ရှင်းလင်းပစ်ခဲ့သည်။