← Chapters

အခန်း ၇၈၅

Vol. 68 Ch. 785

အခန်း ၇၈၅

Vol. 68 Ch. 785

အခန်း ၇၈၅

တကယ်တော့ ချန်ချွမ်းတောင်ကြားသာမက စစ်သူကြီးယွဲ့ဖေးသည်လည်း ရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်ကို ပိုင်ဆိုင်ခဲ့ဖူးသည်။ သို့သော် စစ်သူကြီးယွဲ့ဖေးသည် ပေါ်ပေါ်တင်တင် မကျင့်ကြံခဲ့ဘဲ သိုင်းကွက်၁၃ကွက်ပါဝင်သည့် လှံသိုင်းတစ်ခုအဖြစ် တိုးတက်တီထွင်ခဲ့သည်။ ထိုသိုင်း၏ သိုင်းကွက်လေးကွက်ထဲတွင် ရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်၏ အနှစ်သာရကို ထည့်သွင်းဖုံးကွယ်ထားခဲ့သည်။

ဟုတ်ပါသည်။ ထိုလှံသိုင်းသည် အတိဒုက္ခဆယ့်သုံးပါးလှံဖြစ်ပါ၏။

နောက်ပိုင်းတွင် ဧကရာဇ်သည် ဤအကြောင်းကိုသိသွားပြီး ယွဲ့စစ်တပ်၏အရှိန်အဝါနှင့် ယုံကြည်လေးမြတ်ခံရမှုသည်လည်း မြင့်မားနေသည်ကို မြင်သောအခါ သစ္စာဖောက်အမတ်ချင်ဟွေ့သည် ဧကရာဇ်နားကပ်၍ သွေးထိုးစကားဆိုလေသည်။

“အရှင်မင်းကြီး ယွဲ့ဖေးက ပုန်ကန်ထကြွမှာ စိုးရိမ်ရပါတယ်”

ဧကရာဇ်စုန့်မှ ပြောသည်။

“ဘာလို့အဲဒီလိုထင်ရတာလဲ။ စစ်သူကြီးယွဲ့က အမြဲ သစ္စာစောင့်သိတယ်မဟုတ်ဘူးလား”

ချင်ဟွေ့မှ ပြောသည်။

“အရှင်မင်းကြီး သူသာ တကယ်သစ္စာရှိရင် ဘာလို့များ တားမြစ်ထားတဲ့ နတ်ဘုရားသိုင်းကို ကျင့်ကြံမှာပါလဲ။ အရှင်မင်းကြီး ယွဲ့ဖေးရဲ့စစ်တပ်က သူ့အမိန့်တစ်ခုတည်းကိုသာ နာခံပါတယ်။ ပြီးတော့ သူ့လက်အောက်ခံစစ်သူကြီးတွေကလည်း သူ့စကားကိုပဲ နာခံပါတယ်။ ဒါ့အပြင်ကိုမှ သူက နတ်ဘုရားသိုင်းပညာကိုပါ လျှို့ဝှက်ကျင့်ကြံထားသေးတယ်။ ခေတ်အဆက်ဆက်မှာ အဲဒီနတ်ဘုရားသိုင်းတွေကို ကျင့်ကြံခဲ့သူတွေက လောကကြီးကိုအုပ်စိုးဖို့ ရည်ရွယ်ချက်ရှိခဲ့ကြတယ် မဟုတ်ပါလား”

“ယွဲ့ဖေးက အခု စစ်အာဏာကို ဆုပ်ကိုင်ထားပြီး ပြည်သူလူထုရဲ့ထောက်ခံမှုကိုလည်း ရထားတဲ့အပြင် နတ်ဘုရားသိုင်းပညာကိုပါ ကျင့်ကြံထားသေးတယ်။ အရှင်မင်းကြီး သူ့မှာ ဘယ်လိုရည်ရွယ်ချက်မျိုးရှိနေမယ်ထင်ပါသလဲ”

သို့ဖြင့် ဖုန်းပေါစံအိမ်၏ဇာတ်လမ်း ထွက်ပေါ်လာခဲ့သည်။

ဤသည်တို့မှာ ကောလာဟလများသာ ဖြစ်ပြီး မည်သူမျှ မှန်ကန်ကြောင်း သက်သေမပြနိုင်ခဲ့ပေ။ သို့သော် ကောလာဟလများဟု ဆိုသော်လည်း မီးမရှိပါက မီးခိုးရှိလာမည် မဟုတ်ပေ။

အမှန်တရားအတွက်မူ နောင်မျိုးဆက်များက ဆွေးနွေးဆုံးဖြတ်သင့်ပေသည်။

သို့သော် နတ်ဘုရားသိုင်းပညာကြီးများသည် ရှေးယခင်အခါကတည်းက ဟွာရှ၏သမိုင်းကြောင်းကို လွှမ်းမိုးခဲ့ပုံရ၏။ ထီးနန်းပလ္လင်သို့ တက်လှမ်းခဲ့သည် ဧကရာဇ်တိုင်းသည် ထိုနတ်ဘုရားသိုင်းပညာရပ်ကြီးများနှင့် တစ်နည်းနည်းဖြင့် ဆက်နွယ်နေကြသည်ချည်းသာ ဖြစ်သည်။

ဟွာရှကို ကျူးကျော်ဝင်ရောက်လာခဲ့သည့် မုလန်လူမျိုးများသည်လည်း ချီယုံ၏ကျိုလီနတ်ဆိုးသိုင်းကို ပိုင်ဆိုင်ထားသည်ဟူသည့် ကောလာဟလများ ရှိသည်။

သေချာပေါက်ပင် ဤသည်မှာလည်း ကောလာဟလများသာဖြစ်ပြီး သက်သေပြနိုင်သည့် သမိုင်းသက်သေမရှိပေ။

သို့သော် ဤသွယ်ဝိုက်သော သက်သေများက နတ်ဘုရားသိုင်းပညာရပ်ကြီးသုံးခု၏ အင်အားသည် မည်မျှကြီးမားကြောင်း ပြသနေပေသည်။ ယခုအခါတွင်မူ တော်ဝင်နန်းတော်သည် ထိုသိုင်းများကို တားမြစ်ပိတ်ပင်ထားခြင်း မရှိတော့ပါ။

အကြောင်းအရင်းမှာ နှစ်ချက်ရှိသည်။ တစ်အချက်မှာ မုလန်လူမျိုးတို့သည် အလယ်ပိုင်းမြေပြန့်လွင်ကို သိမ်းပိုက်ပြီးနောက်တွင် ဟန့်လူမျိုးများကို အထင်မြင်သေးခဲ့ကြသဖြင့် ဟန့်ယဉ်ကျေးမှု၏ ထူးခြားနက်နဲမှုကို သဘောပေါက်မသိမြင်နိုင်ကြချေ။ သို့ဖြင့် ဟန့်လူမျိုးမင်းဆက်များကဲ့သို့ ထိုနတ်ဘုရားသိုင်းပညာရပ်ကြီးများကို သတိကြီးကြီးထားပြီး ဟန့်တာထိန်းချုပ်ခြင်းများ မပြုလုပ်တော့ပေ။

နှစ်အချက်မှာ လက်ရှိတွင် လောကနံပါတ်တစ်သိုင်းသမားဖြစ်သည့် ဟန့်လူမျိုးသိုင်းပညာရှင် ကျန်းစန်းဖုန်းသည် ထိုနတ်ဘုရားသိုင်းပညာကြီးသုံးခုကို ကျင့်ကြံထားခြင်းမဟုတ်ချေ။ သို့ဖြင့် တော်ဝင်နန်းတော်သည် ထိုသိုင်းပညာရပ်ကြီးများကို ကြောက်လန့်စရာအဖြစ် မယူဆတော့ပေ။

အတိအကျဆိုရလျှင် လွန်ခဲ့သည့် နှစ်ပေါင်းတစ်ရာကျော်အတွင်း၌ တော်ဝင်နန်းတော်၏ ဆွေးနွေးတိုင်ပင်မှုများတွင် နတ်ဘုရားသိုင်းပညာကြီးသုံးခုအကြောင်းမှာ ထွက်ပေါ်လာခဲသည်။ လက်ရှိတော်ဝင်နန်းတော်သည် နတ်ဘုရားသိုင်းပညာကြီးသုံးခုအပေါ် တိကျသည့် အတွေးအမြင်မရှိတော့ပေ။

အများဆုံးမှ အလွန်အစွမ်းထက်သည့် သို်င်းပညာတစ်ခုဟုသာ သတ်မှတ်ထားကြသည်။

ဤသို့အခြေအနေများကြောင့် ဖန်းယင်းယွီကဲ့သို့ ဟန့်လူမျိုးသိုင်းပညာရှင်များပင်လျှင် ကောင်းကင်ဘုံ၏ဗျာဒိတ်တော် ဂုဏ်သတ္တိများ ကိန်းဝပ်နေသည်ဟူသော ထိုသိုင်းပညာရပ်များအပေါ် အခြေခံရိုသေလေးစားမှု ပျောက်ဆုံးနေခဲ့သည်။

နတ်ဘုရားသိုင်းပညာရပ်ကြီးသုံးခုကို ကျင့်ကြံရုံဖြင့် လောကကြီးကို သိမ်းပိုက်နိုင်မည်ဟု မယုံကြည်ပေ။ အကယ်၍ ထိုမျှစွမ်းအားကြီးမားပါက စုန့်မင်းဆက်သည် ဤမျှခါးသီးသော ရှုံးနိမ့်မှုကို ရင်ဆိုင်ခံစားခဲ့ရမည် မဟုတ်ပေ။

ထို့ကြောင့် နတ်ဘုရားသိုင်းပညာကြီးများကို ကျင့်ကြံခြင်းဖြင့် ကောင်းကင်ဘုံ၏ဗျာဒိတ်တော်ကို ခံယူရသည်ဟူသည့် ဆိုစကားကို ဟာသအဖြစ်သာ သတ်မှတ်ကြတော့သည်။

သို့သော်လည်း ထိုအချက်များကို ဘေးဖယ်ထားလိုက်လျှင် နတ်ဘုရားသိုင်းပညာကြီးသုံးခုသည် ဤခေတ်ကာလအတွက် ထိပ်တန်းအဆင့်သိုင်းပညာရပ်ကြီးများဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ကျန်းစန်းဖုန်း၏ ထိုက်ကျိသိုင်းနှင့် ပီအားစီးပါး၏ ဆင်နဂါးသိုင်းတို့ထက်ပင် ပို၍ စွမ်းအားကြီးမားနိုင်ကောင်းသည်။

ဖန်းယင်းယွီသည် ကြေးမုံကိုကြည့်ရင်း အတွေးထဲ နစ်မျောနေခဲ့သည်။

တာ့အိုဆရာကြီးသည် ဖော်ပြ၍မရနိုင်လောက်အောင် စိတ်လှုပ်ရှားနေလေသည်။

“နွေဦးနတ်ဘုရား၏အမျက်ဒေါသ.. ချန်ချွမ်းကျင့်စဉ်ပဲ၊ ဘယ်သူကများ ထင်ထားခဲ့မှာလဲ… အပြင်လောကကြီးမှာ ချန်ချွမ်းဂိုဏ်းတပည့်တွေ ကျန်ရှိနေသေးတယ်တဲ့လေ ဟားဟား…”

ပျော်ရွှင်ဝမ်းမြောက်နေသည့် တာအိုဆရာကြီးကိုမြင်လျှင် ဖန်းယင်းယွီမှ ပြောသည်။

“ဆရာကြီး အခုရော ကျုပ် ရှုံးမယ်လို့ ထင်သေးလား”

တာ့အိုဆရာကြီးမှ ရယ်မောလျက် ပြန်ပြောသည်။

“ငါရှုံးပါတယ်။ ငါ အပြတ်အသတ် ရှုံးသွားတာပါ။ ငါရှုံးမှာ သေချာနေပါပြီ”

တာ့အိုဆရာကြီးသည် ရှုံးနိမ့်ကြောင်း အလွယ်တကူ ဝန်ခံလိုက်သဖြင့် ဖန်းယင်းယွီမှာ အောင်နိုင်မှု၏အရသာကိုပင် သေချာမခံစားလိုက်ရပေ။ ဖန်းယင်းယွီမှ ပြောသည်။

“ဟူး ဆရာကြီး ဒီလိုကျ ကျုပ်နိုင်ရတာ ပျင်းစရာကြီးဖြစ်သွားပြီလေ”

ထိုအခါ တာ့အိုဆရာကြီးမှ ဖန်းယင်းယွီကို ကြည့်၍ ရယ်မောသည်။

“ပျင်းစရာကြီးတဲ့လား။ ငါတော့ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်ထင်တာပဲ။ ဒီဆရာအိုကြီးက နွေဦးနတ်ဘုရားရဲ့ စွမ်းအင်အစစ်အမှန်ကို မမြင်ရတာ နှစ်တစ်ရာကျော်နေပြီ။ ငါ အရမ်းစိတ်လှုပ်ရှားနေတာကွ”

ဖန်းယင်းယွီမှ ပြောသည်။

“ဆရာကြီး ညီနောင်ကျိုစစ်က နွေဦးနတ်ဘုရားရဲ့အမျက်ဒေါသကို သုံးနိုင်ရင်တောင်မှ နှစ်ယောက်တစ်ယောက် တိုက်တာ မျှတရဲ့လား”

တာ့အိုဆရာကြီးမှ ရယ်သည်။

“အင်း တကယ့်ကိုပဲ နှစ်ယောက်တစ်ယောက်တိုက်တာက မင်းမိတ်ဆွေလေးကျိုစစ် အနိုင်ရသွားရင်တောင် ဂုဏ်သိက္ခာမရှိဘူးပေါ့လေ”

ထိုအခါ ဖန်းယင်းယွီမှ နားမလည်နိုင်ဖြစ်သွားရသည်။

နှစ်ယောက်တစ်ယောက်တိုက်ပြီး နိုင်တာကို ဂုဏ်သိက္ခာမရှိဘူးတဲ့။ ဒါက လူပြောရမယ့်စကားလား။

တာ့အိုဆရာကြီးသည် ဖန်းယင်းယွီအပေါ် အာရုံမရှိတော့ပေ။ ယခုတွင် တာ့အိုဆရာကြီး၏မျက်လုံးထဲမှ အကောင်းဆုံးဆက်ခံသူသည် ဖန်းယင်းယွီမဟုတ်တော့ပေ။

တာ့အိုဆရာကြီး၏မျက်လုံးများသည် ချန်ကျဲ့ကို အကောင်းဆုံးဆက်ခံသူအဖြစ် ပြောင်းလဲအာရုံစိုက်သွားခဲ့လေပြီ။

ထိုစဉ် တိုက်ပွဲအတွင်း၌ ချန်ကျဲ့သည် နွေဦးနတ်ဘုရား၏အမျက်ဒေါသကို အသွင်ပြောင်းပုံဖော်နိုင်ခဲ့သည်။

ချန်ကျဲ့သည် နေရာတွင်ရပ်လျက် ပါးထန်နှင့် နန်ပါးထျန်းတို့ကို စိုက်ကြည့်နေသည်။ ထို့နောက် လက်ချောင်းများမှ လက်ဟန်အမူအရာတစ်ခုလုပ်သည်။

“လာစမ်းပါ၊ နှစ်ယောက် အတူတက်ခဲ့ကြ”

“ဒါက ခင်ဗျားတို့ ကျုပ်ကိုအနိုင်ယူနိုင်မယ့် တစ်ခုတည်းသော အခွင့်အရေးဖြစ်လိမ့်မယ်”

ထိုအခါ ပါးထန်နှင့်နန်ပါးထျန်းတို့ အပြန်အလှန် အကြည့်ဖလှယ်လိုက်ကြသည်။ ထို့နောက် ပါးထန်မှ အော်ပြော၏။

“အတူတိုက်မယ်”

စကားအဆုံး၌ ပါးထန်သည် သူ၏လက်ဝါးသိုင်းဖြင့် ချန်ကျဲ့ထံ ဦးတည်တိုက်ခိုက်သည်။

လေပြင်းလက်ဝါးသိုင်းသည် တစ်ချိန်က သဲမုန်တိုင်းဂိုဏ်း၏ ကိုယ်စားပြုသိုင်းပညာဖြစ်ပြီး သိုင်းကွက်၁၈ကွက် ပါဝင်သည်။ ၎င်းသိုင်းကွက်များ ထွက်ပေါ်လာလျှင် ကမ္ဘာလောကကြီးပင် လည်ပတ်၍ နေရောင်လရောင်ပင် ကွယ်ပျောက်သွားတတ်သည်။

ပါးထန်သည် လေပြင်းလက်ဝါးသိုင်းဖြင့် တိုက်ခိုက်သည်။

ကောင်းကင်ယံအထိ လေပြင်းများတိုက်ခတ်နေသည့် သဲကန္တာရအရပ်တွင် ဤလေပြင်းလက်ဝါးသိုင်းကို ဖန်တီးခဲ့ခြင်းဖြစ်သဖြင့် လေပြင်းမုန်တိုင်း၏အနှစ်သာရများ ကိန်းဝပ်ပါဝင်နေကာ သက်တံအဆင့်ရှိသည့် သိုင်းပညာရပ်တစ်ခုဖြစ်သည်။

၎င်းကိုအသုံးပြုလျှင် သတ်ဖြတ်နိုင်စွမ်းသည် ကြောက်မက်ဖွယ်ကောင်းလှပြီး လက်ဖဝါးမှ လေပြင်းချီစွမ်းအင်များ ထွက်ပေါ်လာသည်။

လေပြင်းချီစွမ်းအင်၏တိုက်ခိုက်မှုများသည် ဓားကဲ့သို့ ထက်ရှပြီး ရုတ်တရက်ဖြစ်ပေါ်လာသည့် မုန်တိုင်းကဲ့သို့ ဖြစ်သည်။ ဤလေပြင်းလက်ဝါးသိုင်း၏စွမ်းအင်အောက် ရောက်ရှိသွားသူသည် ဓားများဖြင့်ပြုလုပ်ထားသည့် လေပွေထဲတွင် ပိတ်မိနေသည့်အလားဖြစ်ကာ တစ်ချက်အာရုံလွတ်သွားသည်နှင့် အသက်ပျောက်စေနိုင်သည်။

တစ်ပြိုင်နက်တည်းပင် နန်ပါးထျန်းသည်လည်း အံကြိတ်လျက် ချန်ကျဲ့ထံ တစ်ဟုန်ထိုး ဦးတည်လာသည်။

All Chapters