← Chapters

အခန်း ၇၈၇

Vol. 68 Ch. 787

အခန်း ၇၈၇

Vol. 68 Ch. 787

အခန်း ၇၈၇

နန်ပါးထျန်းသည် ချန်ကျိုစစ်ကို အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီးဖြစ်သောကြောင့် ချန်ကျိုစစ်သည် သေချာပေါက် ချိစွမ်းအင်ကုန်ခမ်းမှုနှုန်း မြင့်မားနေလိမ့်မည်။ အခု ဤအခြေအနေကို ထိန်းသိမ်းထားခြင်းသည် ချန်ကျိုစစ်အတွက် နောက်ဆုံးအင်အားတစ်မျှင် ဖြစ်နိုင်ကောင်းပေသည်။

ဤအခြေအနေသည် သူ့ဘက်မှ လှုပ်ရှားရန် အခွင့်အရေးကောင်းဖြစ်၏။ ချန်ကျိုစစ်အား ဤလောကတွင် သူ့ကို ကိုင်တွယ်နိုင်သူရှိသေးကြောင်း သင်ခန်းစာပေးရပေမည်။

ထိုသို့တွေးလျက် ပါးထန်မှ အေးစက်စက် အော်ပြောသည်။

“ချန်ကျိုစစ် မင်းကိုယ်မင်း မိစ္ဆာကျင့်စဉ်နည်းနည်းလောက် တတ်မြောက်ထားတာနဲ့ ဘယ်သူမှ မင်းကိုမယှဉ်နိုင်ဘူးလို့ အထင်ရောက်မနေနဲ့။ ငါ့ရဲ့လေပြင်းအကျဉ်းထောင်သိုင်းကို ခံစားကြည့်လိုက်”

ထို့နောက်တွင် ပတ်ဝန်းကျင်တစ်ခုလုံး အရောင်ပြောင်းသွားပြီး ထို့နောက်တွင် ပါးထန်သည် ချန်ကျဲ့သို့ဦးတည်၍ လက်ဝါးသိုင်းကွက်တစ်ကွက်ကို ထုတ်လွှတ်လိုက်သည်။

သူ၏လက်ဖဝါးထက် ဖန်တီးထားသည့် လေပွေသည် ရုတ်ချည်း ပျံသန်းထွက်ခွာသွား၏။

လေပွေသည် လက်ဖဝါးထက်မှ ပျံသန်းထွက်ခွာသွားပြီးနောက်တွင် ရုတ်ချည်းကြီးမားလာကာ သုံးကျန်းအမြင့်ရှိသည့် ဆိုင်ကလုန်းမုန်တိုင်းကြီးကဲ့သို့ ပြောင်းလဲသွားခဲ့သည်။

ထို့နောက် ချန်ကျဲ့ကို ရုတ်ချည်း ဝါးမျိုသွား၏။

ဝှစ် ဝှစ် ဝှစ်…

ပြင်းထန်သည့်လေအဟုန်သည် ချန်ကျဲ့အား လေပွေအတွင်း ဆွဲခေါ်သွားခဲ့သည်။ ချန်ကျဲ့ ခဏမျှ ကြောင်အသွားမိ၏။ ထို့နောက် လေပြင်းအဟုန်ကို လက်သီးဖြင့် တစ်ချက်ထိုးကြည့်သည်။ သို့သော် လေပွေကို ဖောက်မထွက်နိုင်ချေ။

ချန်ကျဲ့ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

ချန်ကျဲ့သည် သံမဏိလက်ဝါးသိုင်းဖြင့်လည်း အချက်ပေါင်းများစွာ ထိုးဖောက်ကြည့်သည်။ သို့သော် သူ၏လက်များမှာ သံမဏိတံတိုင်းကြီးကို ရိုက်နှက်နေရသကဲ့သို့သာ ခံစားရပြီး လေပွေကို ဖောက်မထွက်နိုင်ချေ။

ချန်ကျဲ့ လျှပ်စီးခြေလှမ်းသိုင်းဖြင့် ပြင်းထန်သည့်လေအဟုန်ထဲမှ ဖောက်ထွက်ရန် ကြိုးစားကြည့်သည်။ သို့သော် လေပွေသည် လေပြင်းတံတိုင်းကြီးအဖြစ် သူ့ကို အတွင်းတွင် အသေပိတ်ထားကြောင်း နားလည်လိုက်ရသည်။

“ဟား ဟား ဟား ချန်ကျိုစစ် အားကုန်ခံမနေနဲ့တော့။ ဒါက ငါ ထိုက်ဆွေ့ဆေးလုံးလေးလုံးသုံးပြီး ဖန်တီးထားတဲ့ လေပြင်းအကျဉ်းထောင်ပဲ။ ငါလိုလူလေးယောက်က မင်းကို ပိတ်လှောင်ထားတာနဲ့ ညီမျှတယ်။ မင်း ဘယ်လိုမှမလွတ်မြောက်နိုင်ဘူး”

ပါးထန်သည် အူလှိုက်သည်းလှိုက်ရယ်မောသည်။

ချန်ကျဲ့အား လုံးဝ အနိုင်တိုက်ပြီးသည့်အလား အောင်ပွဲခံနေသည်။

ထိုအချိန်၌ နန်ပါးထျန်းသည်လည်း ရင်ဘတ်ကိုဆုပ်ကိုင်လျက် မတ်တပ်ထရပ်သည်။ ခုနက တိုက်ပွဲသည် သူ၏အတွင်းအင်္ဂါများကို ထိခိုက်စေခဲ့သည်။ သို့သော် သူအခု စိတ်အခြေအနေကောင်းမွန်နေ၏။

နန်ပါးထျန်းသည်လည်း ကျယ်လောင်စွာ ရယ်မောသည်။

“ဟားဟားဟား ချန်ကျိုစစ် ရုန်းကန်မနေဘဲ လိမ်လိမ်မာမာနဲ့ သေလိုက်တော့”

“မင်းကိုယ်မင်း မိစ္ဆာကျင့်စဉ်လေး နည်းနည်းတတ်မြောက်ထားတာနဲ့ ငါတို့ကို အနိုင်ယူနိုင်မယ်လို့ တကယ်ကြီးထင်နေတာလား။ မင်းက ကိုယ့်ကိုယ်ကိုယ်အထင်ကြီးလွန်းနေတာပဲ”

“ဟား ဟား ဟား…”

နန်ပါးထျန်းသည် စိတ်လွတ်လက်လွတ်ရယ်မောနေသည်။ ထို့နောက် ပါးထန်ကိုကြည့်၍ မေးသည်။

“ကျွန်တော်တို့ ဘာဆက်လုပ်ရမှာလဲ”

ပါးထန် ပြုံးလိုက်သည်။

“ဟက် ဖက်ထုပ်ထဲထည့်ဖို့ အစာသွပ်တွေ နုပ်နုပ်စဉ်းတာကို မြင်ဖူးလား”

နန်ပါးထျန်း ခဏမျှ ကြောင်အသွား၏။ ထို့နောက်တွင်မူ မျက်နှာထက်တွင် စဉ်းလဲသည့်အပြုံးတစ်ခု ထွက်ပေါ်လာသည်။

“သခင်ကြီး ကျွန်တော်မြင်ချင်ပါတယ်”

ပါးထန် ပြုံးလိုက်သည်။

“ဒါဆို သေချာစောင့်ကြည့်ချည်”

စကားအဆုံး၌ သုံးကျန့်မြင့်မားသည့် လေပွေကြီးသည် ရုတ်တရက် စတင် ကျဉ်းကျုံ့လာသည်ကို ချန်ကျဲ့ ခံစားလိုက်ရသည်။ တစ်ပြိုင်နက်တည်းပင် လေပွေအတွင်း၌ ဓားသွားကဲ့သို့စွမ်းအင်များ ကြောက်မက်ဖွယ်ထွက်ပေါ်လာသည်။

လေပွေအတွင်းမှာ ချန်ကျဲ့အား ထောင်သောင်းချီသော ဓားသွားများဖြင့် လှီးဖြတ်နေသည့်အလားပင်။

လေအဟုန်သည် ဓားသွားကဲ့သို့ သူ့ကိုလှီးဖြတ်နေပြီး လေပွေသည် ကျုံ့သထက် ပိုကျုံ့လာသည်ကို ချန်ကျဲ့ ခံစားနေရသည်။ လေပွေအတွင်း ဖိအားသည် ပို၍ပြင်းထန်လာ၏။

ဖြတ်တိုက်သွားသည် လေအဟုန်များသည်လည်း လျင်မြန်လွန်းသောကြောင့် တဖြည်းဖြည်းနှင့် မမြင်ရတော့ပေ။

နောက်ဆုံးတွင် ပြင်းထန်သည့်လေထဲမှ အရိပ်တစ်ခုကိုသာ မြင်တွေ့နိုင်တော့သည်။

ပါးထန်မှ ပြောသည်။

“လေပြင်းအဆုံးသတ်သွားတာနဲ့ ချန်ကျိုစစ်က အသားစဉ်းကောဖြစ်သွားတော့မှာ”

နန်ပါးထျန်း ပြုံးလိုက်သည်။

“သခင်ကြီး ဒီလူက သခင်ကြီးနဲ့ယှဉ်ပြိုင်ပြီး ချန်ချွမ်းတောင်ကြားရဲ့အမွေအနှစ်ကို လုယူဖို့ကြိုးစားရဲတယ်။ သူက ကိုယ့်ကိုယ်ကိုယ်အထင်ကြီးလွန်းနေတာပဲ။ ဒါနဲ့ပဲထိုက်တန်တယ်”

“ပြီးတော့ ဒီငယ်သားအတွက်လည်း လက်စားချေပေးလိုက်တာပါပဲ။ ကျွန်တော် သခင်ကြီးကို ကျေးဇူးတင်ပါတယ်”

နန်ပါးထျန်း ပါးထန်ကို အရိုအသေပြုလိုက်သည်။ ပါးထန်သည် ပြုံး၏။

“ဟက် မဖြစ်စလောက်ကိစ္စလေးပါ။ အခုကစပြီး ငါ့အတွက် အလုပ်လုပ်ပေးဖို့ပဲ အာရုံစိုက်တော့”

ထိုအခါ နန်ပါးထျန်းမှ ပြောသည်။

“သခင်ကြီးက ကျွန်တော့်ရဲ့နက်ရှိုင်းလှတဲ့ရန်ငြိုးကို လက်စားချေပေးခဲ့တာပါ။ ကျွန်တော် သခင်ကြီးအတွက် အသက်ပေးဆပ်ဝံ့ပါတယ်။ ဒါပေမဲ့ သခင်ကြီး ချန်ကျိုစစ်သေသွားတော့ မျန့်ရွှေရဲ့ငါးဖမ်းကုန်သည်အဖွဲ့ကို ကျွန်တော်ပဲ စီမံခန့်ခွဲသင့်တယ်လို့ သခင်ကြီးထင်ပါသလား”

ထိုအခါ ပါးထန်သည် နန်ပါးထျန်းကို လှည့်ကြည့်သည်။ ထို့နောက် ပြောသည်။

“အဲဒီလိုဖြစ်နိုင်ပါတယ်”

“ကျေးဇူးတင်ပါတယ် သခင်ကြီး”

နန်ပါးထျန်းသည် ရုတ်ချည်း စိတ်လှုပ်ရှားသွားကာ သူဆုံးရှုံးသွားရသည့်အရာများကို အမြန်ဆုံးပြန်ယူရန် ဆုံးဖြတ်လိုက်သည်။

…

ထိုစဉ် တတိယထပ်၌ ဖန်းယင်းယွီသည် လေပွေကိုကြည့်နေရင်း ပြောသည်။

“ဒီသိုင်းကွက်က အတော်လေးစိတ်ဝင်စားဖို့ကောင်းတာပဲ ဟုတ်တယ်မလား”

“ဟေး ဆရာကြီး ခင်ဗျား ခင်ဗျားရဲ့တပည့်ကို မစိုးရိမ်ဘူးလား”

ဖန်းယင်းယွီသည် မထိန်းချုပ်နိုင်တော့သဖြင့် တာ့အိုဆရာကြီးကို မေးလိုက်သည်။ မမျှော်လင့်စွာဖြင့် တာ့အိုဆရာကြီးသည် မစိုးရိမ်နေသည့်အပြင် သီချင်းညည်းရန် စိတ်အခြေအနေရှိနေဟန်ပင် ရလေသည်။

“မိုင်ရှစ်ရာသော လေဝါကြမ်းတစ်လျှောက်မယ် တစ်ချိန်က နယ်စပ်အလွန်မှာ ပေါများကြွယ်ဝတဲ့နယ်မြေတစ်ခု တည်ရှိခဲ့လေရဲ့…”

တာ့အိုဆရာကြီး၏ ထူးဆန်းသည့်သီချင်းညည်းသံကို ကြားလျှင် ဖန်းယင်းယွီမှ ပြောသည်။

“ဆရာကြီး..”

တာ့အိုဆရာကြီးသည် ရယ်မော၏။

“ဘာစိုးရိမ်စရာရှိလို့လဲ။ ငါတို့ချန်ချွမ်းတောင်ကြားရဲ့သိုင်းပညာက အဲဒီလောက်အားနည်းမယ်ထင်နေလား။ လေပြင်းအကျဉ်းထောင်လေးတစ်ခုက ဘာများကြီးကျယ်လို့လဲ”

“အရင်က ကျောက်စုန့်က ငါတို့ချန်ချွမ်းတောင်ကြားကို အမြစ်ပြတ်သုတ်သင်တော့ ငါတစ်ယောက်တည်း နွေဦးနတ်ဘုရားရဲ့အမျက်ဒေါသကို သုံးပြီး ဂိုဏ်းကြီးလေးဂိုဏ်းရဲ့ ဂိုဏ်းချုပ်တွေနဲ့ ကျောက်စုန့်တော်ဝင်မျိုးနွယ်ရဲ့ သစ္စာခံမြေခွေးအိုကြီးကို ခုခံခဲ့တာ။ ငါတို့ တစ်ရက်တစ်ညတိုက်ခိုက်ခဲ့ကြပြီး နောက်ဆုံးတော့ ဂိုဏ်းချုပ်နှစ်ယောက် ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်။ အဲဒါကြောင့်ပဲ အဲဒီဂိုဏ်းနှစ်ဂိုဏ်းက သိုင်းလောကမှာ တတိယအဆင့်အဖြစ် လျော့ကျသွားခဲ့တယ်”

“အဲဒီလိုအခြေအနေမျိုးမှာ ဒဏ်ရာတွေက ကုသလို့မရနိုင်တော့ပေမဲ့ ငါလွတ်မြောက်နိုင်ခဲ့တယ်။ ငါတစ်ယောက်တည်းနဲ့ ငါးယောက်တိုက်တာတောင် ဂိုဏ်းချုပ်နှစ်ယောက်ကို သတ်နိုင်ခဲ့သေးတာပဲ။ အခု ဒီလူငယ်လေးက နှစ်ယောက်တည်းကို တိုက်ရတာ၊ သူ အနိုင်မတိုက်နိုင်ရင် သူညံ့ဖျင်းလို့ပဲပေါ့”

ထိုအခါ ဖန်းယင်းယွီမှ ပြောသည်။

“တစ်ယောက်နဲ့ ငါးယောက်တိုက်တာပေါ့လေ။ အဲဒီလောက်တောင် စွမ်းအားကြီးတာလား”

တာ့အိုဆရာကြီးမှ ပြောသည်။

“ဘာလဲ အားကျနေပြီလား”

ဖန်းယင်းယွီ ရယ်မောလိုက်သည်။

“မဟုတ်ပါဘူးဗျာ။ ဒီတိုင်းစိတ်ဝင်စားဖို့ကောင်းတယ်လို့ တွေးမိလို့ပါ။ ကျုပ်မှတ်မိသလောက်ဆို အဲဒီတုန်းက ဆရာကြီးရဲ့ကျင့်ကြံဆင့်က နဂါးအဆင့်ကို တက်လှမ်းအပြီး မီးပြင်းဖိုအဆင့်ရဲ့ကနဦးအဆင့် မဟုတ်လား”

တာ့အိုဆရာကြီးမှ ပြောသည်။

“ဟုတ်တယ်”

“ဆရာကြီးနဲ့တိုက်ခိုက်ခဲ့တဲ့ အဲဒီငါးယောက်ကရော မီးပြင်းဖိုအဆင့်တွေပဲလား”

တာ့အိုဆရာကြီးမှ ပြောသည်။

“နှစ်ယောက်က မီးပြင်းဖိုအဆင့်၊ သုံးယောက်က နဂါးအဆင့်လေ။ အဲဒါဘာဖြစ်လို့လဲ”

“ဒါဆို ဆရာကြီးသတ်ခဲ့တဲ့နှစ်ယောက်ကရော”

တာ့အိုဆရာကြီးမှ ပြောသည်။

“တစ်ယောက်က မီးပြင်းဖိုအဆင့်၊ နောက်တစ်ယောက်က နဂါးအဆင့်”

ဖန်းယင်းယွီ အသာခေါင်းညိတ်လိုက်သည်။

“ဒါဆိုရင်တော့ ဒီချန်ချွမ်းကျင့်စဉ်က တကယ်စွမ်းအားကြီးမားတာပဲ။ ဆရာကြီး ကျိုစစ်ကို စိတ်မပူတာ မထူးဆန်းတော့ပါဘူး”

တာ့အိုဆရာကြီးမှ ပြောသည်။

“ဒါပေါ့”

ထို့နောက် နှစ်ဦးသည် ကြေးမုံသို့ အာရုံပြန်စိုက်လိုက်ကြသည်။ ဒုတိယထပ်ရှိ တိုက်ပွဲအခြေအနေမှာ ပြင်းထန်နေဆဲပင်။

လေပြင်းအကျဉ်းထောင်သည် တစ်ကျန့်ခန့် ကျုံ့သွားပြီဖြစ်ပြီး ပါးထန်သည်တော့ မျက်နှာထက်တွင် အောင်နိုင်သူတစ်ဦး၏အပြုံးကို ဆင်မြန်းထားသည်။

All Chapters