လက်ခံခြင်း
Vol. 95 Ch. 1300
သို့ရာတွင် ဟင်းလင်းပြင်အက်ကြောင်း ပတ်လည်တွင် ဆန်းကြယ်ကာ နားလည်နိုင်စွမ်းမဲ့သော အားတစ်ခု ရှိလို့နေသည်။ ဤကဲ့သို့ ပေသိန်းချီသော ခြင်သားရဲဘုရင်ပင် ၎င်းအတွင်းကနေ ထွက်လာရန် အချိန်အကြာကြီး ရုန်းကန်ရပေလိမ့်မည်။
အခုချိန်၌ ၎င်း၏ခန္ဓာကိုယ်တစ်ဝက်က အက်ကြောင်းထဲ၌ ရှိ၍ တခြားတစ်ဝက်ကတော့ အပြင်တွင်ရှိသည်။သို့သော် ၎င်းမှာ တစ်ဆို့နေဆဲပင်။ ၎င်းက အပြင်းအထန် ရုန်းကနေ၏။ ၎င်း အသည်းအသန် ရုန်းကန်နေသည့်အတွက် ဟင်းလင်းပြင်အက်ကြောင်းသည်ပင် တုန်ခါလေ၏။ ယင်းအက်ကြောင်းသည် စုတ်ဖြဲခံရကာ ပို၍ ကျယ်လာသည့် အရိပ်အယောင်များ ပြလာသည်။
ဝမ်လင်း၏ခြင်သားရဲဘုရင်က ရွှေရောင်ကြယ်ပျံတစ်စင်းအလား တိုးဝင်လာ၏။ ၎င်းက ဧရာမခြင်သားရဲဘုရင်ကြီးကို အခွင့်အရေးတစ်စက်ပင် မပေးလိုပေ။ ခြင်သားရဲဘုရင်၏ ခြင်နှုတ်သီးက ရှေ့သို့ ဝေ့ယမ်း၍ ဧရာမခြင်သားရဲကြီး၏ခန္ဓာကိုယ်ကို ထိုးစိုက်သည်။
ဧရာမခြင်သားရဲဘုရင်က ဟိန်းအော်လေ၏။ ၎င်းက ဟိန်းသံများ ပဲ့တင်ထပ်စေကာ ပြင်းပြင်းပြင်ထန်ထန် ပိုရုန်းသည်။ ၎င်း၏ခန္ဓာကိုယ်ကြီးဖြင့် ရုန်းကန်ရာ လောကသည် တွန့်ခေါက်လာပြီး လှိုင်းဂယက်များ ပေါ်လာသည်။
ချက်ခြင်းပင် ဝမ်လင်း၏ခြင်သားရဲဘုရင်ပတ်လည်တွင် ဖြစ်ပေါ်နေသော ဧရာမရွှေရောင်အရိပ်က ဟိန်းအော်သံ ပြု၍ ၎င်း၏ပါးစပ်ကြီးမှာ ရှေ့သို့ ဝေ့ယမ်းလာ၏။ ၎င်းက လှိုင်းဂယက်များကို ချိုးဖျက်ကျော်လွန်ကာ ဧရာမခြင်သားရဲဘုရင်ထံသို့ ထိုးစိုက်သည်။
ဟင်းလင်းပြင်အက်ကြောင်းထဲရှိ ဧရာမခြင်သားရဲဘုရင်က တုန်ယင်သွား၏။
ချက်ခြင်းပင် ဝမ်လင်း၏ ခြင်သားရဲဘုရင်က တိုးတင်လာကာ ၎င်းသည် ဧရာမရွှေရောင်အရိပ်နှင့် တစ်သားတည်းပေါင်းစည်းသွားဟန် ထင်ရသည်။ ၎င်း၏ခြင်နှုတ်သီးက အရိပ်နှင့်အတူ ရွှေ့လျားကာ ဧရာမခြင်သားရဲဘုရင်၏ခန္ဓာကိုယ်ကို ထိုးစိုက်သည်။
ဧရာမခြင်သားရဲဘုရင်နှင့် နှိုင်းယှဉ်ပါက ဝမ်လင်း၏ခြင်သားရဲဘုရင်သည် အမှန်တကယ်ကို သေးငယ်လှ၏။ သို့ရာတွင် ၎င်း၏ခြင်နှုတ်သီးက ဧရာမခြင်သားရဲဘုရင်ကို ထိုးစိုက်၏။ ၎င်း၏မျက်လုံးထဲတွင် လောဘတို့ ပြည့်နှက်ကာ အကြမ်းပတမ်း စုပ်ယူသည်။
၎င်းသည် စုပ်ယူနေရင်း ဧရာမခြင်သားရဲဘုရင်က ဟိန်းအော်ကာ အပြင်းအထန် ရုန်း၏။ ၎င်းအား ပိတ်လှောင်ထားသော ဟင်းလင်းပြင်အက်ကြောင်းပင် ပို၍ ကျယ်ဟလာချေသည်။
တစ်ချက်စုပ်ယူလိုက်သည်နှင့် ဝမ်လင်း၏ခြင်သားရဲဘုရင်ကိုယ်ပေါ်ရှိ ဒဏ်ရာများအားလုံး ရုတ်တရက် ပျောက်ကင်းကာ ၎င်းပတ်လည်ရှိ ရွှေရောင်အလင်းသည် ပိုအားကောင်းလာသည်။ ၎င်း၏မျက်လုံးထဲရှိ လောဘက ပို၍ အားကောင်းလာပြီး ထပ်မံ စုပ်ယူပြန်သည်။
သည်တစ်ကြိမ်၌ ဧရာမခြင်သားရဲဘုရင်က ဟိန်းသံ ပြုကာ ရုန်းကန်၍ ပြင်းထန်သောအားတစ်ခု ပေါက်ကွဲထွက်လာသည်။ ထိုအားက ပြင်းထန်သောတုန်ခါလှိုင်းအဖြစ် ပြောင်းလဲ၍ ဝမ်လင်း၏ခြင်သားရဲဘုရင်ကို နောက်သို့ လွင့်ထွက်သွားစေသည်။
ထိုအခိုက်အတန့်တွင် ဧရာမခြင်သားရဲကြီး၏ ခန္ဓာကိုယ်တစ်ဝက်ကျော်မှာ ထိုးထွက်လာ၏။မူလရင်းမြစ်စွမ်းအင်နှင့် ယှဉ်နိုင်သော ကြမ်းကြုတ်လွန်းသောအော်ရာတစ်ခုက လောကတွင် ပျံ့နှံ့လာသည်။
ဝမ်လင်း၏ခြင်သားရဲဘုရင်က ဟိန်းအော်သံ ပြုကာ နောက်သို့ အလျင်အမြန် ဆုတ်သည်။ ၎င်း၏ခန္ဓာကိုယ်ပတ်လည်ရှိ အရိပ်သည် မြန်ဆန်စွာ ပျောက်ကွယ်ကာ ခန္ဓာကိုယ်ထဲ ပြန်နစ်ဝင်ပေါင်းစပ်သွားသည်။ ၎င်းက နောက်သို့ ဆုတ်နေရင်း ပတ်ဝန်းကျင်ရှိ ခြင်သားရဲများမှာလည်း ၎င်းကို မရပ်တန့်ဝံ့သည့်အလား နောက်ဆုတ်ပေးကြရ၏။
ဝမ်လင်း၏မျက်လုံးတို့က တလက်လက် ဖြစ်နေ၏။ သူက သူ့ညာလက်ကို ဆန့်ထုတ်ကာ သုံးမြှောင့်ခရင်းခွကို သူ့လက်ထဲသို့ ပြန်လည် ပျံသန်းလာစေသည်။ သူ့ခန္ဓာကိုယ်က မြန်ဆန်စွာ ပြန်ကြုံ့သွား၍ မျက်စိတစ်မှိတ်အတွင်း ပုံမှန်လူအရွယ်အစား ပြန်ရောက်ရှိသည်။ သူက ခြင်သားရဲဘုရင်၏ကျောပေါ်တွင် ထိုင်ချပြီး အလျင်အမြန် ဆုတ်လေ၏။
ထိုအခိုက်အတန့်၌ အတွင်းပိုင်းကုန်းမြေသုံးခုကို ဝန်းရံစောင့်ကြပ်နေသော ကျန်သည့်ကုန်းမြေရှစ်ခုသည် ဧရာမခြင်သားရဲဘုရင်၏ဟိန်းသံနှင့်အတူ ပြိုလဲသည်။ မရေမတွက်နိုင်သော ခြင်သားရဲများ ပျံသန်းထွက်လာကြ၏။
ထိုကုန်းမြေကိုးခုလုံးမှာ ခြင်သားရဲများကြောင့် ဖြစ်ပေါ်နေခြင်း မဟုတ်လား။
ခြင်သားရဲ အရေအတွက်မှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။ ဝမ်လင်းက ရေပင်မရေနိုင်ပေ။ သို့သော် သူက သန်းချီရှိလောက်မည်ဟု ခန့်မှန်းမိသည်။
ခြင်သားရဲဘုရင်က ပါးစပ်အပြည့်သွေးများကို နှစ်ကြိမ်နှစ်ခါ စုပ်ယူနိုင်ခဲ့၏။ ခုချိန်တွင် ၎င်း၏ခန္ဓာကိုယ်က ရွှေရောင်တောက်နေသည်။ အရင်ထက်အဆများစွာ ပိုအားကောင်းသောဖိအားမှာ ဤဧရိယာပေါ်သို့ သက်ဆင်းကျရောက်လေ၏။
ချက်ခြင်းပင် အနီရောင်ခြင်သားရဲတစ်သောင်းနီးပါးမှာ တုန်ယင်၏။ ၎င်းတို့က ဝမ်လင်း၏ခြင်သားရဲဘုရင်နှင့် အနီးဆုံးတွင် ရှိနေကြကာ ခဏတာ တုန်ယင်ပြီးနောက် သူတို့၏မျက်လုံးထဲတွင် ကြောက်ရွှံ့မှုတို့ ပြည့်နှက်သည်။ ၎င်းတို့က ဝမ်လင်း၏ခြင်သားရဲဘုရင်ကို ဝန်းရံကာ အနီရောင်တိမ်တိုက်တစ်ခုအသွင် ဆောင်ယူသည်။
အပြာရောင်ခြင်သားရဲတစ်ထောင်နီးပါးကလည်း သူတို့၏ရွေးချယ်မှုကို ပြုလုပ်ကာ အနီရောင်တိမ်တိုက်ထံ ဦးတည်ဝင်လာကြသည်။ ၎င်းတို့က ဝမ်လင်း၏ခြင်သားရဲဘုရင်ကို အဖြေပေးသည့်အလား ဟိန်းအော်သံများ ပြုကြသည်။
သိပ်မဝေးသောနေရာတွင် အဖြူရောင်ခြင်သားရဲတစ်ရာနီးပါးလည်း တုန်ယင်နေကြ၏။ ၎င်းတို့၏အကြည့်က ဟင်းလင်းပြင်အက်ကြောင်းနှင့် ဝမ်လင်း၏ခြင်သားရဲဘုရင်တို့ကြား ရုန်းကန်နေရဟန် ပေါ်သည်။ နောက်ဆုံးတွင် ၎င်းတို့က ဟိန်းသံများပေးလျက် ဝမ်လင်း၏ခြင်သားရဲဘုရင်နောက်သို့ လိုက်ရန် ရွေးချယ်လိုက်ကြသည်။
ထိုမျှဆိုလျှင် တော်သေး၏။ သို့သော် ခရမ်းရောင်ခြင်သားရဲအုပ်စုထဲမှ နှစ်ကောင်သည်လည်း ချီတုံချတုံ ဖြစ်နေ၏။ တစ်ကောင်သည် ဝမ်လင်း၏ ခြင်သားရဲနှင့် ထိပ်တိုက်တွေ့ခဲ့သော ခြင်သားရဲပင်။
၎င်းက ဟိန်းသံ ပြု၏။ ၎င်း၏ တွေဝွေနေမှု ပျောက်ကွယ်ကာ ဆုံးဖြတ်ချက် ပြတ်သားစွာ ကြည့်သည်။ ၎င်းက ဝမ်လင်း၏ခြင်သားရဲဘုရင်ထံ တိုးဝင်လာတော့၏။
ဝမ်လင်းက ထိုခရမ်းရောင်ခြင်သားရဲဘုရင် သူ့အုပ်စုထဲ ဝင်ရောက်လာသည်ကို ကြည့်ကာ ပျော်ရွှင်ရ၏။ ခရမ်းရောင်ခြင်သားရဲတစ်ကောင်က နိဗ္ဗာနဖြိုခွဲခြင်းအထွတ်အထိပ်အဆင့်နှင့် ညီမျှသည် မဟုတ်လား။
ဝမ်လင်း ပျော်လို့မဆုံးခင်မှာပင် နောက်ထပ်ခရမ်းရောင်ခြင်သားရဲတစ်ကောင်ကလည်း သူ့အုပ်စုနောက်သို့ လိုက်ပါရန် ရွေးချယ်ကာ တိုးဝင်လာသည်။
ဝမ်လင်းက အသက်ဝဝရှုသွင်းကာ သူ့စိတ်လှုပ်ရှားမှုကို ဖိနှိပ်ရ၏။ သည်ခရီးမှာ ထိုက်တန်ခဲ့ပေပြီ။
ထိုအခိုက်အတန့်၌ သူ့မျက်လုံးသူငယ်အိမ်ကို ကြုံ့သွားစေသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ သူက မယုံကြည်နိုင်ဟန် ဖြစ်ရ၏။ ရွှေရောင်ခြင်သားရဲများထဲမှ တစ်ကောင်လည်း ဝမ်လင်း၏ခြင်သားရဲဘုရင်ထံ တိုးဝင်လာခြင်းပင်။
ဝမ်လင်းသည် ကျယ်လောင်စွာ ရယ်မောကာ ခြင်သားရဲဘုရင်နှင့်အတူ အကွာအဝေးတစ်ခုထံ ပျံသန်းတော့၏။ သူတို့ကို ခြင်သားရဲအုပ်က ဝန်းရံထားသည်။
ကောင်းကင်ယံကို ဖုံးအုပ်ထားသော အနီရောင်တိမ်တိုက်အတွင်း အပြာ၊အဖြူ၊ခရမ်း၊ရွှေရောင် ခြင်သားရဲများ ရှိနေခြင်းက မျက်စိပဒသ ဖြစ်လှ၏။
ထိုခြင်သားရဲများသည် အရှိန်နှုန်းပြည့် ပျံသန်းကာ လေ၏အကူအညီဖြင့် အဝေးသို့ ခပ်မြန်မြန် ပျံသန်းကြသည်။ ပတ်ဝန်းကျင်ရှိ ခြင်သားရဲများက ကြည့်ရုံသာ ကြည့်နေ၍ ၎င်းတို့ကို မတားဆီးဝံ့ပေ။
အချိန်အတန်ကြာပြီးနောက် ဒေါသအပြည့်နှင့် ကောင်းကင်တုန်ခါသွားစေနိုင်သော အသံတစ်ခု ဤနယ်မြေတွင် ပဲ့တင်ထပ်လာ၏။ ပေသိန်းချီကြီးမားသော ခြင်သားရဲဘုရင်က အက်ကြောင်းထဲကနေ ထိုးထွက်လာလေပြီ။
၎င်းထိုးထွက်လာသည်နှင့် ပတ်ဝန်းကျင်ရှိခြင်သားရဲများကလည်း အသိအမှတ်ပြုကာ ဟိန်းသံများ ပြုကြသည်။
ထိုဧရာမခြင်သားရဲဘုရင်က ခြင်သားရဲအုပ်ပျောက်ကွယ်သွားသောနေရာသို့ ကြမ်းကြုတ်စွာ ကြည့်၏။ ၎င်းက ဟိန်းသံတစ်ခု ထုတ်ဖော်ကာ အံ့မခန်းအမြန်နှုန်းဖြင့် လိုက်လေတော့၏။ ၎င်း၏လှုပ်ရှားမှုက သန်းနှင့်ချီသောခြင်သားရဲများကို နောက်ကနေ လိုက်လာစေသည်။ ၎င်းတို့က ကောင်းကင်ကို ဖုံးလွှမ်းကာ နောက်က လိုက်လာကြသည်။
ထိုအခိုက်အတန့်တွင် လေကောင်းကင်ဘုံနယ်မြေတစ်ခုလုံးသည် မြင့်တက်လာ၏။ မရေမတွက်နိုင်သောအက်ကြောင်းများ ကောင်းကင်ထက်တွင် ပေါ်လာသလို မြေပြင်သည်လည်း လှုပ်ခါသည်။ ဟိန်းသံများ ဤနယ်မြေတွင် ပဲ့တင်ထပ် ပျံ့နှံ့ကာ အတောမသပ်နိုင်သောခြင်သားရဲအုပ်ကြီးက ထည်ဝါသောမြင်ကွင်းကို ဖြစ်ပေါ်စေကာ ဖြည်းဖြည်းချင်း ပျံ့နှံ့လာကြသည်။
ဝမ်လင်းအောက်ရှိ ခြင်သားရဲဘုရင်က ခြင်သားရဲတစ်သောင်းကျော်နှင့်အတူ လောကကို မြန်ဆန်စွာ ဖြတ်၍ ပျံသန်းနေ၏။ ၎င်းတို့က လွတ်မြောက်နိုင်ရန် အမြင့်ဆုံးအလျင်နှင့် ရွှေ့လျားနေကြသည်။ ၎င်းတို့သည် လေကောင်းကင်ဘုံနယ်မြေ၏အတွင်းဘက်ကနေ ထိုးထွက်လာကာ အဆင့်ရှစ်ဒေသသို့ ထွက်ပေါက်ထံ ဦးတည်သည်။
နာရီအတော်အတန်ကြာမြင့်ပြီးနောက် ခြင်သားရဲအုပ်က ကောင်းကင်ထက်တွင် တရကြမ်း သွားနေဆဲပင်။ ဝမ်လင်းသည် ခြင်သားရဲဘုရင်ထက်တွင် ရပ်နေရာကနေ ရုတ်တရက် နောက်လှည့်ကြည့်သည်။ သူ့နောက်အတော်ဝေးဝေးတွင် သူက အနီရောင်တိမ်တိုက်တစ်ခု ပျံ့လွင့်လာသည်ကို မြင်သည်။ ကောင်းကင်သည်လည်း တုန်ခါပြိုပျက်နေ၏။ ဝမ်လင်း၏မျက်လုံးတို့က တည်ငြိမ်သည်။ သူက အေးစက်စက်အကြည့်ကို ထုတ်ဖော်ကာ သူ့လက်ကို ပင့်မြှောက်၍ အတားအဆီးများစွာကို နေရာချသည်။
ခြင်သားရဲအုပ်က ကောင်းကင်ကို ဖြတ်၍ ပျံသန်းနေရင်း ဝမ်လင်းသည် အတားအဆီးများစွာကို ဆက်တိုက်ဆိုသလို ချခင်း၏။ ထိုအတားအဆီးများ ပြိုပျက်မျုက ဝမ်လင်း၏ခြင်သားရဲအုပ်ကို ရှေ့သို့ ပိုရွှေ့စေသည်။
သို့ရာတွင် နောက်ကလိုက်လာကြသော ခြင်သားရဲများက နီးသထက်နီးလာ၏။ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သူ့စိတ်ကို ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးထဲသို့ ဝင်ရောက်စေကာ ရှေ့ဖြစ်ဟောသူ၏စိတ်ဝိညာဉ်နှင့် ပေါင်းစပ်သည်။
ချက်ခြင်းပင် ဝမ်လင်း၏အော်ရာက ရုတ်တရက် ပြောင်းလဲကာ တည်ငြိမ်သောအကြည့် ဖြစ်ပေါ်သည်။ ထိုအကြည့်က လောကမှာ သူ့ထိန်းချုပ်မှုအောက်တွင် ရှိနေသကဲ့သို့မျိုးပင်။ သူ့ညာလက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်ရာ သူ့သိုလှောင်နေရာလွတ်ထဲမှ ပုတီးစေ့တစ်ခု ပျံသန်းထွက်လာသည်။
တစ်ချိန်တည်းမှာ ဝမ်လင်း၏ညာလက်တွင် ခုနစ်ရောင်စုံအလင်း တောက်ပလာ၏။ ထိုအလင်းက အကန့်အသတ်သို့ ရောက်သည်။ ဝမ်လင်းက ယင်းအလင်းကို ပစ်လွှတ်ရာ ပုတီးစေ့သည် ထိုအလင်းအားလုံးကို စုပ်ယူသွားဟန် တူ၍ ရုတ်တရက် ပေါက်ကွဲသည်။
၎င်း ပေါက်ကွဲသွားသည်နှင့် ဝမ်လင်း၏တည်ငြိမ်သောအသံက လောကတွင် ပဲ့တင်ထပ်သည်။
“ဖိဆန်သူများကို ဆင့်ခေါ်ခြင်း…”
သူ့အသံက ပဲ့တင်ထပ်၏။ လေကောင်းကင်ဘုံနယ်မြေ၏ ကောင်းကင်သည် နက်မှောင်လာ၏။သို့ရာတွင် ထိုကဲ့သို့ နက်မှောင်ပြီးနောက် ခုနစ်ရောင်စုံအလင်းတို့ ပေါ်လာသည်။ ၎င်းက လောကကို ခြုံလွှမ်းကာ ပြင်းထန်သောဖိအားတစ်ခု ကောင်းကင်ထက်မှ ဆင်းသက်လာသည်။
ဧရာမသံလိုက်အိမ်မြှောင်တစ်ခုသည် နေရာတိုင်း၌ ရုတ်တရက် ပေါ်လာ၏။ ထိုသံလိုက်အိမ်မြှောင်သည် ပေတစ်သောင်း ကျယ်ပြောကာ တောက်ပသောခုနစ်ရောင်စုံအလင်းကို ပေးစွမ်းသည်။ ၎င်းက မြန်ဆန်စွာ လှည့်ပတ်၍ ဝမ်လင်းနှင့် သူ့နောက်လိုက်လာသော ခြင်သားရဲအုပ်တို့ကြား အရံအတား ဖြစ်လာသည်။
၎င်းသည် လှည့်ပတ်နေရင်း ပြင်းထန်သောအားတစ်ခု ပျံ့လွင့်သည်။
ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်၏။ သူ့စိတ်ကို ရှေ့ဖြစ်ဟောသူထံမှ ပြန်ခွဲထုတ်သည်။ သူ့မျက်နှာသည် ဖြူရောသွား၏။ တကယ်တော့ သူသည် ဒဏ်ရာအပြင်းအထန်ရထားကာ ခုထိ အပြည့်အဝ ပြန်မကောင်းသေးပေ။ ထိုအခိုက်အတန့်၌ သူက ဖိဆန်သူများ၏မန္တာန် ရလဒ်ကို ကြည့်ပင်မကြည့်ဘဲ သူ့လက်နှစ်ဖက်ကို ဖြန့်ကားသည်။ အနက်ရောင်အခိုးအငွေ့များ ပေါ်လာကာ နဂါးနက်များအဖြစ် ပြောင်းလဲ၍ ခြင်သားရဲအုပ်ကို ဝန်းရံသည်။
သိပ်မကြာခင်တွင် ခပ်အုပ်အုပ်အသံများ ဝမ်လင်းနောက်ကနေ ထွက်ပေါ်လာ၏။ လောကပါ တုန်ယင်သွားစေနိုင်သော ပြင်းထန်သောတုန်ခါလှိုင်းတစ်ခု ပျံ့နှံ့လာ၏။ ဝမ်လင်းက နောက်မလှည့်ပေ။ သူက သူ့ခြင်သားရဲအုပ်နှင့်အတူ ရှေ့သို့သာ အရူးအမူး သွားသည်။
သူသည် တဖြည်းဖြည်းဖြင့် လေကောင်းကင်ဘုံနယ်မြေ အစွန်းအဖျားသို့ ရောက်ရှိလာ၏။ ထွက်ပေါ်သည် သိပ်မဝေးတော့ပေ။ ထွက်ခွာနိုင်ရန် နာရီအနည်းငယ်သာ လိုပေတော့မည်။ သူက နောက်ကလိုက်လာသော ခြင်သားရဲများကို ဟန့်တားနိုင်ရန် မန္တာန်တစ်ခုပြီးတစ်ခု အသုံးပြုခဲ့၏။ သို့သော အဆုံးသပ်၌ ဤအရာမှာ မလုံလောက်ပေ။ အဆုံးမဲ့ခြင်သားရဲအုပ်ကြီးက သူနှင့် ကီလိုမီတာငါးဆယ်ပင် မလိုတော့ပေ။
ပေသိန်းချီသောခြင်သားရဲဘုရင်က ခြင်သားရဲအုပ်အတွင်းကနေ ရှေ့တည့်တည့်သို့ စူးစိုက်ကြည့်သည်။ ၎င်း၏ဟိန်းသံများက ကောင်းကင်ဘုံပါတုန်ခါစေနိုင်သည်။
ဝမ်လင်းက မျက်မှောင်ကြုတ်၏။ သူ့မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားသည်။ သူက သူ့ခြင်သားရဲဘုရင်၏ကျောထက်တွင် ရပ်နေလျက် သူ့ညာလက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်သည်။
***