ထာဝရကလန်ကို အပြစ်တင်ခြင်း
Vol. 95 Ch. 1302
မူပင်းမေက အတိတ်ကို အောက်မေ့၍ ခပ်တိုးတိုး ပြောနေခြင်းပင်။ ဝမ်းနည်းမှုနှင့် ဖော်ပြရန်ခက်ခဲသော စိတ်ခံစားမှုက ထာဝရကလန်မှ လူတိုင်း၏နားထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက်သွားသည်။
ဝမ်ရှန်ရှန် ဆိုသော အမျိုးသမီးက ပြုံး၍ ပြော၏။ “ညီမလေးက အစ်မကြီးမူ ဒီလောက် ချီးကျူးတဲ့သူနဲ့ ဆုံချင်မိပါတယ်…”
မူပင်းမေက ခေါင်းယမ်းကာ ခပ်တိုးတိုး ပြောသည်။ “ဒီလိုအခွင့်အရေး ရှိလာမှာ မဟုတ်တာ ငါ စိုးမိတယ်။ သူ ထွက်သွားတဲ့နောက် သူ ဘယ်နေရာကို သွားလဲဆိုတာ ငါ ဘယ်လိုမှ စဉ်းစားမရဘူး။ ငါတို့ ခွဲခွာလာတဲ့နောက် အရာအားလုံးဟာ ပြောင်းလဲသွားခဲ့ပြီ။ သူ တိမ်ပင်လယ်ကို လာနိုင်တဲ့ အခွင့်အရေးက သိပ်မများလှပါဘူး..”
ထာဝရကလန်မှ သက်လတ်ပိုင်းလူသည် အဆင့်အတန်းမြင့်မားတာ သိသာပေ၏။ သို့မဟုတ်ပါက သူသည် ကလန်ခေါင်းဆောင်နှင့်အတူ ထိုင်နေမည် မဟုတ်ပေ။ မူပင်းမေ၏စကားကို ကြားရသည့်အခါ သူက တည်ငြိမ်စွာ ပြောသည်။ “ရောင်းရင်းကျင့်ကြံသူမူ… ငါလည်း အတော်လေး သိချင်နေမိပြီ။ ဒီလူဟာ ရောင်းရင်းမူ ပြောသလိုမျိုး တကယ် အရည်အချင်း ရှိတာလား။ ငါ သူ့နာမည်ကို သိချင်မိတယ်။ ရောင်းရင်းကျင့်ကြံသူ ငါ့ကို ပြောပြဖို့ မျှော်လင့်မိပါတယ်။ ဒါမှ တစ်နေ့မှာ ငါ သူနဲ့တွေ့ရရင် အရိုအသေကင်းမဲ့သလို မဖြစ်မှာ…”
ထိုလူ၏မှတ်ချက်က နည်းနည်းတော့ ရိုင်း၏။ မူပင်းမေက မျက်မှောင်ကြုတ်ကာ ထိုသက်လတ်ပိုင်းလူကို အေးစက်စက် ကြည့်၍ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ “သူ့နာမည်ကို ပြောဖို့ မလိုပါဘူး။ သင် သူနဲ့တွေ့ရဖို့လောက်ထိ ကံကောင်းမှာ မဟုတ်ဘူး…”
သက်လတ်ပိုင်းလူက ရယ်မော၏။ သူက စိတ်ထဲမထားဘဲ ခေါင်းယမ်းကာ ပြော၏။ “နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့ နာမည်ကို သိဖို့ ငါ မျှော်လင့်တာဟာ တကယ်လို့ ငါ သူနဲ့ဆုံခဲ့ရင် သူ့ကို အခွင့်အရေးတစ်ခု ပေးမလို့ပဲ။ ဒါပေမဲ့ ရောင်းရင်းကျင့်ကြံသူမူက သူ့နာမည်ကို မပြောလိုမှတော့ ထားလိုက်ပါတော့လေ…”
ထာဝရကလန်၏ ကလန်ခေါင်းဆောင်က တည်ငြိမ်ဟန်ဖြင့်သာ ရှိနေသည်။ သို့သော် သူ့စိတ်ထဲတွင်တော့ မပျော်ပေ။ သူက သက်လတ်ပိုင်းလူကို ကြည့်၏။ သို့သော် အဆုံးသပ်၌ ဘာမှ မပြောတော့ပေ။
ဝမ်ရှန်ရှန်က အခြေအနေကို သိ၏။ သူမက ပြုံး၍ စကားလမ်းကြောင်း လွှဲသည်။ “ကလန်ခေါင်းဆောင်…အမကြီးလီလည်း လာတယ်လို့ ငါ ကြားတယ်။ သူမ ဘယ်မှာလဲ ငါ သိချင်မိတယ်…”
ထိုသို့ပြောပြီးနောက် ဝမ်ရှန်ရှန်က မူပင်းမေကို ရှင်းပြသည်။ “အစ်မကြီးလီဟာ ငါတို့တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းရဲ့ ပါရမီရှင်တွေထဲက တစ်ယောက်ပဲ။ သူမဟာ နှစ်ပေါင်းတစ်ထောင်လောက်ပဲ ကျင့်ကြံရသေးပေမဲ့ နိဗ္ဗာနဖြိုခွဲခြင်းအထွတ်အထိပ်အဆင့်ကို ရောက်နေခဲ့ပြီ…”
မူပင်းမေသည်ပင် ဝမ်ရှန်ရှန်၏စကားကို ကြားသည့်အခါ အမူအရာ အနည်းငယ် ပြောင်းလဲသွား၏။ သူမက ခေါင်းညိတ်ပြသည်။
“ရောင်းရင်းကျင့်ကြံသူလီက ငါတို့ ထာဝရကလန်ရဲ့ လက်အောက်ကလန်ဖြစ်တဲ့ မူလကလန်နဲ့ ပတ်သတ်မှုအချို့ ရှိတယ်။ ဒါ့ကြောင့် သူမဟာ ဒီမှာ မရှိဘူး။ အဲ့အစား သူတို့နဲ့ ရှိနေတယ်…”
ကလန်ခေါင်းဆောင်က ရှင်းပြ၏။ သူလည်း ထိုကိစ္စနှင့်ပတ်သတ်၍ အလွန်စိတ်ရှုပ်ထွေးမိနေသည်။
“မူလကလန်လား။ ဒီလက်အောက်ခံကလန်ရဲ့ အဆင့်ကကော…”
ဝမ်ရှန်ရှန်သည် အံ့အားသင့်သွား၏။ သူမသည် အရင်က သည်ကလန်၏နာမည်ကို လုံးဝမကြားဖူးခဲ့ပေ။
“အကြီးအကဲဖန်…သင် ကိုယ်တိုင် ဒါကို မြင်ခဲ့တာဆိုတော့ ဒီကိစ္စနဲ့ပတ်သတ်လို့ သင်ပဲ ရှင်းပြလိုက်တော့…”
ကလန်ခေါင်းဆောင်က ဖန်ဟိုင်ကို ကြည့်လိုက်၏။
ဖန်ဟိုင်၏အမူအရာက နည်းနည်းထူးဆန်းနေသည်။ သူက မတ်တပ်ထရပ်ကာ ဝမ်ရှန်ရှန်နှင့်မူပင်းမေတို့ကို လက်နှစ်ဖက်ယှက်၍ နှုတ်ဆက်သည်။ သူက သူ့ဘေးပတ်လည်သို့ ကြည့်လိုက်ရာ သူ့အား ကြည့်နေသော မွန်းစတားအိုကြီးများကို တွေ့ရ၏။ ကြည့်ရသည်မှာ သည်လူများက လီချန်မေနှင့်မူလကလန် ပတ်သတ်သည့်ကိစ္စကို သေချာ မသိသည့်ပုံပင်။
အမှန်တော့ သူတို့ ပဟေဠိဖြစ်နေသည်မှာလည်း အံ့ဩစရာ မရှိပါ။ လီချန်မေက ကျော်ကြားသူ တစ်ယောက်ဖြစ်၍ အဆင့်ကလန်နှင့် နီးကပ်စွာ ရှိနေခြင်းက မထင်မှတ်စရာ ကိစ္စ ဖြစ်နေပေ၏။ သူမက အနည်းငယ် ကတောက်ကဆ ဖြစ်ခဲ့သည့်ကိစ္စလေးဖြင့်ပင် မူလကလန်အတွက် အဆင့်ခုနစ်ကလန်မှ ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ပစ်ရန် ဆန္ဒ ရှိနေသည် မဟုတ်လား။
ခြောက်ကပ်ကပ်ရယ်မောလိုက်ပြီးနောက် ဖန်ဟိုင်က မချိပြုံးပြုံး၍ ပြော၏။ “ကလန်ခေါင်းဆောင်…ဒီအဘိုးအိုလည်း ဒီကိစ္စကို သေချာအသေးစိတ် မသိပါဘူး။ ရောင်းရင်းကျင့်ကြံသူလီ ရောက်လာတော့ သူက အဆင့်ငါးမူလကလန်အကြောင်းကို တန်းမေးခဲ့တယ်။ အဲ့အချိန်မှာ ကောင်းကင်ဘုံဂီတကလန်က လုယင်ကျဲနဲ့ ကျောက်လုံတို့က မူလကလန်နဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာလေး တက်ခဲ့ကြတယ်။ အဲ့ဒီနောက် ရောင်းရင်းကျင်ကြံသူလီက တိုက်ခိုက်ခဲ့ပြီး ရောင်းရင်းကျင့်ကြံသူ ကျောက်ရဲ့ ခန္ဓာကိုယ်ကို ဖျက်စီးခဲ့သလို လုယင်ကျဲကိုလည်း သတ်ပစ်လုနီးပါး ပြုလုပ်ခဲ့တာပဲ…”
“ကြည့်ရတာတော့ ဒါတွေအားလုံးက မူလကလန်က လု ဆိုတဲ့ လူနဲ့ ပတ်သတ်နေလောက်တယ်…”
သူ ထိုသို့ပြောပြလိုက်ပြီးနောက် ထာဝရကလန်၏လူတိုင်းသည် သိချင်လာခဲ့သည်။ ဝမ်ရှန်ရှန်က ပြုံး၏။ “အစ်မကြီးလီဟာ ဒေါသထွက်ခဲပါတယ်။ သူမ စတိုက်ခိုက်ခဲ့တယ်ဆိုတော့ အကြောင်းရင်းတစ်ခု ရှိလိမ့်မယ်။ အကြီးအကဲဖန်…ဒီ လုဆိုတဲ့သူဟာ ဘယ်သူများလဲ…”
ဖန်ဟိုင်က ခေါင်းညိတ်ကာ ပြောသည်။ “ဒီလုဆိုတဲ့သူဟာ တကယ်တော့ ဆန်းကြယ်လှတယ်။ ဒီအဘိုးအိုက လျှို့ဝှက်စုံစမ်းခဲ့တော့ ဒီလူဟာ မူလကလန်ရဲ့ စီနီယာမျိုးဆက် ဖြစ်သလို လုယန်ဖေရဲ့ ဆက်နွှယ်နေတယ်။အဲ့နောက် ငါ မှတ်တမ်းတွေကို စစ်ဆေးကြည့်တော့ သူဟာ မူလကလန်ရဲ့ လုဇီဟောင် ဆိုတဲ့သူ ဖြစ်နေတာကို တွေ့ရှိခဲ့ပါတယ်…”
“သူဟာ ဆေးဝါးဖော်စပ်တာကို အရူးအမူးပဲ ။ ပြီးတော့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတည်းက သူဟာ ဆေးပင်တွေ ရှာဖို့အတွက် ထွက်သွားခဲ့တယ်။ ငါ သိချင်တာက သူဟာ ရောင်းရင်းကျင့်ကြံသူလီနဲ့ ဘယ်လိုများ တွေ့ဆုံခဲ့ကြလဲ ဆိုတာပဲ…”
“လုယန်ကုံးလည်း အဲ့လူနဲ့ ပတ်သတ်မှု ရှိတယ်။ သူက မူလကလန်အတွက် ရှေ့ထွက် ရပ်ပေးခဲ့ပြီး ကောင်းကင်ဘုံဂီတကလန်နဲ့ ကျောက်လုံတို့ကိုပါ ရန်ပြုဖို့ ဆန္ဒ ရှိခဲ့တယ်။ သူ့စကားတွေအရဆို ဒီလုဇီဟောင်ရဲ့ တာအိုအပေါ်နားလည်မှုဟာ သူ့ထက် သာတယ်လို့ ယူဆလို့ ရတယ်။ လုယန်ကုံးက အဲ့လူကို တော်တော်လေး လေးစားနေတာ။ လုယန်ကုံးက အဲ့လူကြောင့်လည်း အရင်က ဉာဏ်အလင်း တချို့တဝက် ရရှိခဲ့တာ ဖြစ်နိုင်တယ်…”
“လုယန်ကုံး ပြောခဲ့တာက လုဇီဟောင်သာ ဒီပြိုင်ပွဲကို ရောက်လာခဲ့ရင် အဆင့်ငါးကလန်တွေကြား ပထမ ရဖို့ မဆိုတဲ့ အဆင့်ခြောက်ကလန်တွေကြားမှာတောင့် အဆင့်တစ် ရနိုင်တယ်တဲ့။ သူက လုဇီဟောင်ဟာ လုယင်ကျဲကို ပုရွတ်ဆိတ်တစ်ကောင်လို သတ်ပစ်နိုင်တယ်လို့လည်း ပြောခဲ့သေးတယ်…”
ဖန်ဟိုင်၏ စကားဆုံးသွားသည့်အခါ လူတိုင်းသည် တိတ်ဆိတ်သွားကြ၏။ သည်နေရာရှိ လူများသည် ကလန်၌ အလွန်မြင့်မားသောအဆင့်အတန်းကို ပိုင်ဆိုင်ထားသူများသာ ဖြစ်သည်။ သူတို့က လုယန်ကုံးကို အတော်လေး သဘောကျနေခဲ့ကြ၏။ သို့ရာတွင် သူတို့ ဖန်ဟိုင်ထံမှ လုယန်ကုံးသည် လုဇီဟောင်ကို မည်မျှလေးစားသည်ကို ကြားလိုက်ရသည့်အခါ လုဇီဟောင်အပေါ် သူတို့၏စိတ်ဝင်စားမှုက မြင့်တက်လာတော့သည်။
ထိုစဉ် ပြိုင်ပွဲနေရာအတွင်း၌ လုယန်ကုံးက ရှေ့သို့ ခြေခြောက်လှမ်း လှမ်းရုံဖြင့် အခြားအဆင့်ငါးကလန်၏ ကလန်ခေါင်းဆောင်ကို ဖြူရော၍ နောက်ဆုတ်သွားစေခဲ့၏။ သူ့ခြေလှမ်းတိုင်းက ထိုလူ၏ နှလုံးသားအပေါ် ချနင်းကာ သူ့စိတ်ကို တုန်လှုပ်မိစေသည့်အလားပင်။
ထိုမြင်ကွင်းသည် လူတိုင်း၏ အာရုံစိုက်မှုကို စွဲဆောင်သွားကာ သူတို့သည် စတင် ဆွေးနွေးကုန်ကြ၏။
လုယန်ကုံးနှင့် တိုက်ခိုက်နေသော အဆင့်ငါးကလန်တစ်ခုမှ ကလန်ခေါင်းဆောင်သည် မချိပြုံးပြုံး၍ သူ့လက်နှစ်ဖက်ကို စုပ်ကာ ပြောသည်။ “ဒီအဘိုးအို အရှုံးကို ဝန်ခံပါတယ်။ သင်ဟာ တကယ့်ကို ငါတို့ထာဝရကလန်ရဲ့ ပါရမီရှင် ပီသပါပေတယ်။ ဒီအဘိုးအိုက သင့်ကို လေးစားမိပါတယ်…” ထိုသို့ပြောပြီးနောက် သူက လေးစားသမှုနှင့် ဦးညွတ်ပြီးနောက် ခပ်မြန်မြန် ထွက်သွားတော့သည်။
အဆင်ငါးကလန်များ၏ ပြိုင်ပွဲမှာ အဆုံးသပ်ခါ နီးလာပေပြီ။ လီချန်မေ၏ တည်ရှိမှုကြောင့် မူလကလန်သည် ခုထိ ပြိုင်ပွဲအတွင်း ခြေမချရသေးပေ။
အဆင့်ငါးကလန်များ၏ ပြိုင်ပွဲအတွက် ကြီးကြပ်သူ အကြီးအကဲက လေထဲ၌ ပေါ်လာ၏။ သူက မူလကလန်ရှိနေသောနေရာသို့ ကြည့်ကာ တည်ငြိမ်စွာ ပြောလာသည်။ “မူလကလန်…စင်မြင့်ကို တက်လာပါ…”
မူလကလန်သည် မြောက်ဘက်စွန်းတွင်သာ ရှိနေဆဲ ဖြစ်၏။ လီချန်မေကလည်း ထိုနေရာတွင် ရပ်ကာ ကောင်းကင်ထက်သို့ စိတ်ရှုပ်ထွေးဟန်၊ အောက်မေ့ဟန်တို့ဖြင့် ကြည့်နေသည်။ သူမက တစ်ခုခုကို တွေးနေသည့်အလား။
လုယန်ဖေ၏မျက်နှာမှာ ဖြူရောနေ၏။ သူမက အောက်နှုတ်ခမ်းကို ကိုက်ထားသည်။ အချိန်အတန်ကြာပြီးနောက် သူမ ထရပ်လာသည်။ သူမသည် မူလကလန်၌ ကျင့်ကြံမှုအမြင့်ဆုံး ဖြစ်သည်။ ထို့ကြောင့် သူမ ပြိုင်ပွဲကို ဝင်ရောက်ရပေမည်။
သူမ ထပ်ရပ်လာချိန်၌ သူမက မူလကလန်ရှိ လူများကို ကြည့်၏။
သက်ပြင်းချလိုက်ပြီးနောက် သူမက လိပ်ပြာတစ်ကောင်ကဲ့သို့ ပြိုင်ပွဲစင်မြင့်ထက် ပျံသန်းသွားသည်။
“ဆရာ…” ရှုယန်သည် သူမ၏ဆရာဖြစ်သူ လုယန်ဖေ ထွက်သွားသည်ကို ကြည့်ကာ သူမ၏မျက်လုံးထဲ၌ မျက်ရည်များ ပြည့်လာ၏။ သူမက ဤပြိုင်ပွဲပြီးနောက် မူလကလန်၏ ကံကြမ္မာကို သိထားပေသည်။ သူတို့ အမှန်တကယ် ကလန်ဖျက်သိမ်းခံရသည်မှာ ဖြစ်လာနိုင်ပေ၏။
ထိုအခိုက်အတန့်၌ သည်ဧရိယာရှိလူများမှာ ငြိမ်သက်၍ ပြိုင်ပွဲစင်မြင်ကို ကြည့်နေ၏။ သူတို့က မူလကလန်မှ ဆန်းကြယ်သောလူ ပေါ်လာမည်လားဟု စောင့်ကြည့်နေကြခြင်းပင်။
လူပေါင်းများစွာ၏ အကြည့် စုဝေးလာသည့်အခါ လုယန်ဖေ၏မျက်နှာက ပို၍ ဖြူရောလာ၏။ သို့ရာတွင် သူမမျက်ဝန်းတို့က ပို၍ ပြတ်သားလာခဲ့ပြီး ရှေ့သို့ ပိုမြန်ဆန်စွာ တိုးဝင်လာကာ လုယန်ကုံး၏ရှေ့သို့ ရောက်လာသည်။
လုယန်ကုံးလည်း လုယန်ဖေကို စိတ်ရှုပ်ထွေးစွာ ကြည့်၏။
“မူကကလန်ရဲ့ ဘယ်သူမှ ထပ်မပြိုင်တော့ဘူး။ ငါ တစ်ယောက်ဆို အဆင်ပြေပြီ…”
လုယန်ဖေသည် ပြိုင်ပွဲနေရာတွင် မားမားရပ်နေ၏။ မရေမတွက်နိုင်သောအကြည့်များက သူမထံ စုဝေးနေကြသည်။ သူမ၏ပုံရိပ်က အားနည်းပါသည်။ သို့သော် ဤအခိုက်အတန့်၌ ဆန်းကြယ်သောအားတစ်ခုက သူမကို ထောက်ပံ့ပေးထားသကဲ့သို့ သူမသည် တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေနိုင်သည်။
“သူ ပြန်လာမယ်လို့ ငါ့ကို ကတိပေးခဲ့တယ်။ ကျိန်းသေပေါက် သူ ပြန်လာမှာပဲ…”
လုယန်ဖေက အောက်နှုတ်ခမ်းကို ကိုက်ကာ ကောင်းကင်ထက် မော့ကြည့်သည်။ သူမက ပုံရိပ်တစ်ခုက သူမကို အားပေးဟန်ပြုံးပြနေသည်ကို ခပ်ရေးရေး မြင်၏။
ပတ်ဝန်းကျင်တစ်ခုလုံးသည် တိတ်ဆိတ်နေ၏။ အဆင့်ငါးကလန်၏ သည်ပြိုင်ပွဲက မူလတုန်းက ခုလိုမျိုး စိတ်ဝင်စားတာ မခံရပေ။ သို့ရာတွင် ထိုဆန်းကြယ်သောလူကြောင့် ကျင့်ကြံသူတိုင်း၏အာရုံကို ဖမ်းစားနိုင်ခဲ့ပေပြီ။
အဆင့်ခြောက်နှင့်ခုနစ်ကလန်များမှ လူများ၏အကြည့်သည်ပင် သည်တိုက်ပွဲပေါ်တွင်သာ ကျရောက်နေကြ၏။
“ရောင်းရင်းကျင့်ကြံသူ…ကျေးဇူးပြုပြီး ငါ့ကို သင်ပြပေးပါ…” ထိုသို့ဆို၍ လုယန်ဖေက လုယန်ကုံးကို အနည်းငယ် ဦးညွတ်၏။
လုယန်ကုံးက အနည်းငယ် စဉ်းစား၏။ ထို့နောက် သူက ထာဝရကလန်၏ ကလန်ခေါင်းဆောင်နှင့်အကြီးအကဲများထံ လှည့်ကာ သူ့လက်နှစ်ဖက်ကို ဆုပ်၍ ပြောလိုက်သည်။ သူ့အသံက ကြည်လင်နေ၏။
“ပင်မကလန်ရဲ့ စီနီယာများ…တပည့်က မူလကလန်နဲ့ မပြိုင်ချင်ပါဘူး။ ဒါဟာ မမျှတလို့ပါ…”
စင်မြင့်တစ်နေရာတွင်လည်း မူပင်းမေက ထိုင်နေ၏။ ဆံဖြူအဘိုးအိုက မျက်မှောင်ကြုတ်မိသွားသည်။ ဖန်ဟိုင်မှာ ပြိုင်ပွဲ၏ ကြီးကြပ်သူ ဖြစ်၏။ သူက လေးလံသောအမူအရာဖြင့် လှမ်းအော်သည်။ “ဘာ မမျှတာလဲ။ လုယန်ကုံး… မင်းစကားတွေရဲ့ အဓိပ္ပာယ်ကဘာလဲ…”
သူ့အသံသည် ခွန်အားအပြည့်ပါ၏။ သူ့အသံက လုယန်ကုံး၏စကားလုံးများကို ဖိနှိပ်ပစ်သည်။
လုယန်ကုံး၏မျက်နှာက အနည်းငယ် ဖြူရောသွား၏။ သူ့ကျင့်ကြံမှုအဆင့်ဖြင့် ဖန်ဟိုင်ကဲ့သို့ မွန်းစတားအိုကြီးများရှေ့တွင် ပမွှားသာ ဖြစ်နေသည်မှာ သိသာပေသည်။ သို့ရာတွင် သူက အသက်ဝဝရှုသွင်းကာ လက်နှစ်ဖက်ဆုပ်၍ ပြော၏။ “တပည့်က မူလကလန်ရဲ့ တစ်စုံတစ်ယောက်ကို သိပါတယ်။ ဒီလူရဲ့ ကျင့်ကြံမှုအဆင့်က မြင့်သလို၊ တာအိုကိုလည်း နက်နက်နဲနဲ နားလည်ထားပါတယ်။ သူသာ ရောက်လာခဲ့ရင် တပည့်ဟာ ပမွှား ဖြစ်သွားပါပြီ။ သူ ဒီမှာမရှိဘဲနဲ့ တပည့်ဟာ မူလကလန်နဲ့ ပြိုင်မယ်ဆိုရင် မမျှတပါဘူး။ တပည့်လုယန်ကုံးက သူနဲ့ပဲ ယှဉ်ပြိုင်ချင်ပါတယ်။ တပည့်ရဲ့ တာအိုခိုင်မာမှုကို လိုချင်တာပါ။ အနိုင်ရခဲ့မယ်ဆိုရင်တောင် တပည့်က စစ်မှန်တဲ့အောင်နိုင်မှုကိုပဲ လိုချင်တယ်။ ဒါမှမဟုတ် နောင်တမရှိမယ့် ရှုံးနိမ့်မှုကို လိုချင်ပါတယ်…”
သူ ထိုကဲ့သို့ ပြောလိုက်သည့်နောက် ပတ်ဝန်းကျင်ရှိကျင့်ကြံသူအားလုံးမှာ ထအော်ဟစ်ကြ၏။ သူတို့သည် ထိုဆန်းကြယ်သောသူကို အာရုံစိုက်နေခဲ့သည် မဟုတ်လား။ အခု လုယန်ကုံး၏စကားများကြောင့် ထိုဆန်းကြယ်သောလူ၏ ကျော်ကြားမှုက တဖန် မြင့်တက်လာခဲ့တော့သည်။
သည်အခိုက်အတန့်၌ လူတိုင်းသည် ထိုဆန်းကြယ်သောလူကို ခန့်မှန်းနေကြ၏။ လီချန်မေနှင့် လုယန်ကုံးကိုပင် အခုလိုမျိုး ပြုမူစေသည့်သူက မည်သို့သောစွမ်းရည်ကိုများ ပိုင်ဆိုင်ထားသနည်း။
“ဒီလုယန်ကုံးက ဆရာ့ရဲ့ချီးကျူးမှုနဲ့ တကယ် ထိုက်တန်တာပဲ။ သူက တကယ့်ကို ယောက်ျားပီသတယ်…” ဝမ်ရှန်ရှန်က လုယန်ကုံးကို ကြည့်ကာ သူမ၏မျက်လုံးထဲတွင် စိတ်ဝင်စားဟန် ဖြစ်ပေါ်သည်။
“လုယန်ကုံးနဲ့ လုယန်ဖေ…မင်းတို့နှစ်ယောက် ရှေ့ကို လာခဲ့ကြ…” ထိုစကားကို ပြောလိုက်သူမှာ ဖန်ဟိုင်မဟုတ်၊ ထာဝရကလန်မှ အကြီးအကဲများလည်း မဟုတ်၊ သို့သော် ထာဝရကလန်၏ ကလန်ခေါင်းဆောင် ဖြစ်လေ၏။
ခုချိန်၌ သူလည်း ထိုဆန်းကြယ်သောလုဇီဟောင်ကို အတော်လေး စိတ်ဝင်စားမိနေပေပြီ။
***