← Chapters

အခန်း ၂၀၁

Vol. 21 Ch. 201

အခန်း ၂၀၁

Vol. 21 Ch. 201

အခန်း ၂၀၁

“ပြိုင်ပွဲ စတင်ပါပြီ။”

ကြေညာသူ၏အသံမှာ တစ်ဖန်ပြန်လည် ပျံ့လွင့်လာခဲ့သည်။

“မင်းရဲ့ စွမ်းအားက မင်းရဲ့ နှုတ်သီးလောက် သန်မာဖို့ပဲ ငါမျှော်လင့်တယ်။”

ကျန်းဟန်က လက်နှစ်ဖက်လုံးကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားဆဲဖြစ်ပြီး နှုတ်ခမ်းထောင့်၌ လှောင်ပြောင်သရော်သည့် အပြုံးတစ်ခု စွဲထင်နေသည်။

“တောက်... မင်း နိုင်သွားပြီလို့ ထင်မနေနဲ့။ ရလဒ်က ဘာဖြစ်မလဲဆိုတာ မသေချာသေးဘူး။”

လျူရှီက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူသည် ကျန်းဟန်၏ သရော်လှောင်ပြောင်မှုကို တစ်စက္ကန့်မျှပင် သည်းမခံနိုင်တော့ပေ။

ကျန်းဟန်က ပခုံးတွန့်ပြလိုက်၏။ ကောင်းကင်ထက်တွင် ရှိနေသော ဟုတ်ဟုတ်သည် ၎င်း၏ အတောင်ပံများကို ထပ်မံရိုက်ခတ်လိုက်ပြီး အရိပ်အလင်းဓား သုံးလက်ကို ထုတ်လွှတ်ကာ ငွေလက်သည်းမြွေပါထံသို့ ဦးတည်ပျံသန်းသွားစေခဲ့သည်။

“သူ့ကို အရင်ကန်ထုတ်စမ်း။ လူကိုပဲ အဓိကထားပြီး တိုက်။”

ဒေါသနှင့် အရှက်ခွဲခံရမှုတို့ကြောင့် လျူရှီတစ်ယောက် အထင်သေးခံရသည်ကို ဂရုမစိုက်နိုင်တော့ဘဲ ငွေလက်သည်းမြွေပါကို ကျန်းဟန်အား တိုက်ရိုက်တိုက်ခိုက်ရန် အမိန့်ပေးလိုက်တော့သည်။

ပြိုင်ပွဲစည်းမျဉ်းများတွင် သားရဲထိန်းချုပ်သူကို တိုက်ခိုက်ခြင်းအား တားမြစ်ထားခြင်း မရှိပေ။ ဤနည်းလမ်းမှာ သဘာဝကျကာ ကျိုးကြောင်းဆီလျော်ပြီး လက်ရှိတွင် ကျန်းဟန်ကို အနိုင်ယူနိုင်မည့် တစ်ခုတည်းသော နည်းလမ်းလည်း ဖြစ်နေသည်။

အရိပ်အလင်းဓားများ ရှေ့မှောက်သို့ ရောက်ရှိလာချိန်တွင် လျူရှီသည် သူ၏ သားရဲထိန်းချုပ်သူ ပါရမီစွမ်းရည်ဖြစ်သော သံချပ်ကာကို အသက်သွင်းလိုက်၏။ ဤစွမ်းရည်သည် သားရဲတစ်ကောင်၏ ကာကွယ်ရေးစွမ်းအားကို နှစ်ဆ တိုးမြင့်ပေးနိုင်ပြီး သူသည် အရိပ်အလင်းဓားများကို အတင်းတိုးဝင်ခံယူကာ ကျန်းဟန်၏ခေါင်းကို အရင်ဖြတ်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

“စိတ်ကူးကတော့ မဆိုးဘူးပဲ။ ဒါပေမဲ့ မင်း လုံးဝကို လမ်းလွဲသွားပြီ။”

ကျန်းဟန်က ခေါင်းခါယမ်းလိုက်သည်။ နောက်အခိုက်တွင် ဟုတ်ဟုတ်သည် အရိပ်အလင်းဓားများအပေါ် ထိန်းချုပ်မှုကို စွန့်လွှတ်လိုက်ပြီး ကောင်းကင်မှ အောက်သို့ ထိုးဆင်းလာခဲ့သည်။

၎င်းကို မြင်သောအခါ လျူရှီမှာ အတိုင်းမသိ ဝမ်းသာသွားပြီး ကျန်းဟန်သည် မောက်မာလွန်း၍ သူ့ကို အခွင့်အရေးပေးနေသည်ဟု ထင်မှတ်လိုက်သည်။ ငွေလက်သည်းမြွေပါသည် အနီးကပ်တိုက်ခိုက်ရေးတွင် အလွန်ကြမ်းတမ်းလှသည်ဟု နာမည်ကြီးသူဖြစ်ပေသည်။

၎င်းသည် ‘သေခြင်းရှင်ခြင်းကို ဂရုမစိုက်၊ မကျေနပ်ရင် ချပစ်လိုက်’ ဆိုသည့် လောကဓံကို ကိုင်စွဲထားသည့် သားရဲအမျိုးအစား ဖြစ်သည်။ အထူးသဖြင့် သံချပ်ကာစွမ်းရည်ကို ပေါင်းစပ်ပေးလိုက်ပြီးနောက် ငွေလက်သည်းမြွေပါ၏ အနီးကပ်တိုက်ခိုက်ရေး စွမ်းရည်မှာ အဆပေါင်းများစွာ ပိုမိုပြင်းထန်လာခဲ့သည်။

မကြာမီ ငွေလက်သည်းမြွေပါ၏ ငွေရောင်လက်သည်းများနှင့် ဟုတ်ဟုတ်၏ ထက်မြက်လှသော အနီရောင်ရင့်ရင့် ခြေသည်းများ အပြန်အလှန် ထိတွေ့မိသွားကြတော့သည်။

“ကလန်....”

သတ္တုအချင်းချင်း ရိုက်ခတ်မိသကဲ့သို့ ပြင်းထန်စူးရှသော အသံတစ်ခု ထွက်ပေါ်လာပြီး နှစ်ကောင်လုံးမှာ အကြိတ်အနယ် ချနေ၏။

“ဟမ့်... ငါက အနီးကပ်တိုက်ခိုက်ပွဲကို တစ်ခါမှ မကြောက်ခဲ့ဖူးဘူးကွ။”

လျူရှီက မထီမဲ့မြင် ပြောလိုက်သည်။

“မင်းမှာ အရည်အချင်း နည်းနည်းတော့ ရှိပါတယ်။ ဒါပေမဲ့ ဒီလောက်ပဲ။”

ကျန်းဟန်က ပြုံးလိုက်၏။ မကြာမီတွင် ဟုတ်ဟုတ်သည် ဆုတ်ဖြဲခြေသည်းကို ထပ်မံထုတ်လွှတ်လိုက်လေသည်။ ယခင်တစ်ခေါက်နှင့်မတူဘဲ ယခုအကြိမ်တွင် ဟုတ်ဟုတ်သည်လည်း စွမ်းရည်အသစ်တစ်ခုဖြစ်သော သွေးပြောင်းပြန်လှန်ခြင်းကို ထုတ်သုံးလိုက်သည်။

ဤစွမ်းရည်သည် အဝေးမှနေ၍ ပြိုင်ဘက်၏ သွေးစီးဆင်းမှုကို ပြောင်းပြန်စီးဆင်းစေရန် တွန်းအားပေးနိုင်ပြီး ထိုမှတစ်ဆင့် ဝိညာဉ်စွမ်းအင် လည်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေမည်ဖြစ်သည်။ ပစ်မှတ်နှင့် နီးကပ်လေလေ သက်ရောက်မှု ပိုမိုပြင်းထန်လေဖြစ်ရာ ဟုတ်ဟုတ်သည် မတိုက်မိမီ စက္ကန့်ပိုင်းအလိုတွင် ၎င်းကို အသုံးပြုရန် အကောင်းဆုံးအချိန်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

သွေးပြောင်းပြန်လှန်ခြင်း စွမ်းရည်ကြောင့် ငွေလက်သည်းမြွေပါသည် ရုတ်တရက် ခန္ဓာကိုယ်တစ်ခုလုံး တုန်တက်သွားပြီး ၎င်း၏ သွေးစီးဆင်းမှုများ ပြောင်းပြန်ဖြစ်ခြင်းကို ဖိနှိပ်ရန်အတွက် ဝိညာဉ်စွမ်းအင်များကို အတင်းအကျပ် စုစည်းလိုက်ရသည်။ ထို့ကြောင့် ၎င်း၏ တိုက်ခိုက်ရေးစွမ်းအားမှာ သိသိသာသာ ကျဆင်းသွားခဲ့ရတော့သည်။

ဟုတ်ဟုတ်သည် ထိုအခွင့်အရေးကို အသုံးချကာ ငွေလက်သည်းမြွေပါ၏ နောက်ဆုံးကာကွယ်ရေးစည်းကို အလွယ်တကူ ထိုးဖောက်သွားပြီး ခြေသည်းတစ်ချက်တည်းဖြင့် ၎င်း၏လည်ပင်း၌ ကြီးမားသော ဒဏ်ရာတစ်ခုကို ထင်ကျန်ရစ်စေခဲ့သည်။ ထိုဒဏ်ရာမှ လတ်ဆတ်သော သွေးနီရောင်များ လျင်မြန်စွာ ပန်းထွက်လာခဲ့တော့ လေသည်။

“ရှန်းဟွာမြို့နယ်မှ ကျန်းဟန် အနိုင်ရရှိပါတယ်။ ဟုန်ရဲမြို့နယ်က ဆက်လက် စိန်ခေါ်နိုင်ပါပြီ။”

ကြေညာသူက ယခုတစ်ကြိမ်တွင် လျင်မြန်စွာ ကြေညာလိုက်ပြီး ကုသရေးသားရဲများကို ချက်ချင်း အကူအညီပေးရန် စေလွှတ်လိုက်ရတော့လေသည်။ မဟုတ်ပါက ငွေလက်သည်းမြွေပါသည် သွေးထွက်လွန်ပြီး ၎င်း၏ အနာဂတ်စွမ်းရည်များကို ထိခိုက်သွားနိုင်ပေသည်။

ယခုတစ်ကြိမ်တွင် ပရိသတ်များအားလုံးသည် လျူရှီကဲ့သို့ပင် တိတ်ဆိတ်သွားကြ၏။ စောစောက တိုက်ပွဲကို ကိုယ်တိုင်တွေ့မြင်ခဲ့ရသဖြင့် လျူရှီသည် ကျန်းဟန်၏ ပြိုင်ဘက် လုံးဝမဖြစ်နိုင်ကြောင်း သူတို့ ကောင်းကောင်းသိရှိသွားကြပြီ ဖြစ်သည်။

“ဒီသွေးအရိပ်ညဇီးကွက်က အနီးကပ်တိုက်ခိုက်ရေး စွမ်းရည်မှာ ဒီလောက်တောင် ကြောက်စရာကောင်းလိမ့်မယ်လို့ ငါမထင်ထားမိဘူး။”

၎င်းက ပရိသတ်အချို့ကို တုန်လှုပ်သွားစေခဲ့သည်။ အထူးသဖြင့် နည်းပြ ကျန်းကျန့်ပင် ဖြစ်သည်။ အချိန်အတော်ကြာ လေ့လာ စောင့်ကြည့်ခဲ့သော်လည်း သူသည် ဤသွေးအရိပ်ညဇီးကွက်တွင် မည်သည့် အားနည်းချက်ကိုမျှ ရှာမတွေ့သေးပေ။

အတွေ့အကြုံရှိပြီး အမြင်ကျယ်သူ အချို့သည်လည်း ထိုအချက်ကို သတိပြုမိသွားကြသည်။ ကျန်းဟန်သည် ဤသွေးအရိပ်ညဇီးကွက်ကို အလွန်ပြီးပြည့်စုံစွာ မွေးမြူထားပုံရသည်။ ခန္ဓာကိုယ် တည်ဆောက်ပုံ၊ ရုပ်ရည် သို့မဟုတ် အစွမ်းသတ္တိစသည့် ကဏ္ဍအားလုံးတွင် အရာရာကို ထည့်သွင်းစဉ်းစား တွက်ချက်ထားသည်။ ၎င်းကို ပြီးပြည့်စုံသော သားရဲတစ်ကောင်ဟု ရိုးရှင်းစွာ ခေါ်ဆိုနိုင်ပေသည်။

“ကျွန်တော့့်ကို သွားခွင့်ပြုပါ။ ကျွန်တော် တစ်ချက်လောက် စမ်းကြည့်လိုက်မယ်။”

အသင်းခေါင်းဆောင် ကျန်းလုံက သက်ပြင်းတစ်ချက်ချလိုက်ပြီး ကွင်းပြင်ထဲသို့ လျှောက်လှမ်းဝင်ရောက်လာခဲ့သည်။

ပရိသတ်များအားလုံးလည်း အာရုံစိုက်လာကြသည်။ အသင်းခေါင်းဆောင် ကျန်းလုံသည် ဟုန်ယဲ့မြို့နယ်၏ အဓိက ဖဲချပ်ဖြစ်သည်မှာ ထင်ရှားပြီး နှစ်ဦးနှစ်ဖက်အကြား ပြင်းထန်သော ထိပ်တိုက်ရင်ဆိုင်မှုကို သူတို့အားလုံး မျှော်လင့်စောင့်စားနေကြပြီ ဖြစ်သည်။

အသင်းခေါင်းဆောင် ကျန်းလုံသည် ဟုန်ယဲ့မြို့နယ်၏ ဝှက်ဖဲဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ မူလက သူ၌ ခေါင်းဆောင်အဆင့် သားရဲတစ်ကောင်သာ ရှိသော်လည်း ချန်ပီယံဆုကို ဆွတ်ခူးနိုင်ရန်အတွက် မြို့နယ်မှ သူ့အား စာချုပ်ချုပ်ဆိုနိုင်ရန် ခေါင်းဆောင်အဆင့် အစောပိုင်းအဆင့် သားရဲနောက်တစ်ကောင်ကို ရှာဖွေပေးခဲ့သည်။

ထိုသို့သော သားရဲသည် အားမနည်းဘဲ သင့်တင့်လျောက်ပတ်သော အလားအလာရှိသော်လည်း သားရဲထိန်းချုပ်သူနှင့် ပေါင်းစပ်ညှိနှိုင်းမှုမှာ လုံလောက်စွာ ကောင်းမွန်ခြင်းမရှိသေးဘဲ အစဉ်တစိုက် လေ့ကျင့်ယူရန် လိုအပ်နေသေးသည်။

သို့သော်လည်း အခြားရွေးချယ်စရာမရှိပေ။ ချန်ပီယံဆုကို ရရှိရန်အတွက် လက်ရှိအချိန်တွင် ဤနည်းလမ်းတစ်ခုတည်းသာ ရှိတော့သည်။

သို့ရာတွင် သူတို့ မမျှော်လင့်ထားမိသည်မှာ အသင်းခေါင်းဆောင် ကျန်းလုံသည် ဆီမီးဖိုင်နယ် အဆင့်မှာတင် ကွင်းထဲသို့ တက်လာခဲ့ရခြင်းဖြစ်ပြီး သူကိုယ်တိုင်လည်း ယုံကြည်ချက် အပြည့်အဝမရှိလှပေ။

“မင်းက အရမ်းသန်မာတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ငါလည်း အားနည်းတဲ့သူ မဟုတ်ဘူး။”

အသင်းခေါင်းဆောင် ကျန်းလုံက ကျန်းဟန်ကို တစ်ချက်ကြည့်လိုက်သည်။ သူ၏ရှေ့တွင် ဝိညာဉ်စွမ်းအား စက်ဝိုင်းနှစ်ခု ထွက်ပေါ်လာ၏။ ပြီးနောက် ခေါင်းဆောင်အဆင့် သားရဲနှစ်ကောင် မြေပြင်ပေါ်သို့ ပေါ်ထွက်လာခဲ့သည်။

တစ်ခုမှာ ခေါင်းဆောင်အဆင့် အစောပိုင်း မီးတောက်ဝံပုလွေဖြစ်ပြီး အခြားတစ်ခုမှာ ခေါင်းဆောင်အဆင့် အလယ်အလတ်အဆင့် ခေါင်းသုံးလုံးငှက် ဖြစ်သည်။

ဤမီးတောက်ဝံပုလွေ၏ အလျားမှာ မီးနတ်ဘုရားခွေးနှင့် ခပ်ဆင်ဆင်တူပြီး ၇ မီတာ သို့မဟုတ် ၈ မီတာခန့် ရှိသည်။

ခေါင်းသုံးလုံးငှက်မှာမူ ပိုမိုကြီးမားပြီး အတောင်ပံဖြန့်လိုက်ပါက ၁၀ မီတာခန့်ရှိကာ ကိုယ်ထည်အလျားမှာလည်း ၁၀ မီတာကျော်ရှိသည်။ ၎င်းမှာ လေ၊ အဆိပ်နှင့် ရေ ဒြပ်စင်သုံးမျိုး ပေါင်းစပ်ထားသော သားရဲတစ်ကောင်ဖြစ်ပြီး ထူးကဲသော အလားအလာများရှိကာ အသင်းခေါင်းဆောင် ကျန်းလုံ၏ သွေးစည်းထားသော သားရဲလည်း ဖြစ်သည်။

“အလို... ဘုရားရေ အသင်းခေါင်းဆောင် ကျန်းလုံမှာ ခေါင်းဆောင်အဆင့် သားရဲနှစ်ကောင်တောင် ရှိနေတာပဲ။”

“ဟုတ်ပါ့။ တစ်ကောင်က ကောင်းကင်မှာ၊ တစ်ကောင်က မြေပြင်မှာ။ အတူတူ ပူးပေါင်းတိုက်ခိုက်မယ်ဆိုရင် ကျန်းဟန်ကို တကယ်ပဲ အနိုင်ယူနိုင်လိမ့်မယ်။”

“တကယ် မမျှော်လင့်ထားမိဘူး။ ဟုန်ယဲ့မြို့နယ်က ဒီလိုဖဲမျိုးကို ဝှက်ထားလိမ့်မယ်လို့။”

အသင်းခေါင်းဆောင် ကျန်းလုံက ခေါင်းဆောင်အဆင့် သားရဲနှစ်ကောင်ကို ထုတ်သုံးလိုက်သည်ကို မြင်သောအခါ ပရိသတ်များမှာ ရင်မခုန်ဘဲ မနေနိုင်ကြတော့ပေ။ ကြည့်ရှုရကျိုးနပ်မည့် တိုက်ပွဲကြီးတစ်ခု ထပ်မံပေါ်ပေါက်လာပြီ မဟုတ်ပါလော။

ပွဲကြည့်ပရိသတ်များ ဖြစ်ကြသည့်အလျောက် သူတို့အားလုံးသည် ပွဲကြီးလေ ကြည့်ကောင်းလေဟူသော စိတ်အခြေခံရှိကြပြီး ပွဲစဉ်က ပိုမိုပြင်းထန်လေလေ ပို၍ကောင်းလေပင် ဖြစ်သည်။

“ပြိုင်ပွဲ စတင်ပါပြီ။”

နှစ်ဖက်စလုံး အဆင်သင့်ဖြစ်နေသည်ကို မြင်သောအခါ ကြေညာသူက ပွဲစတင်ကြောင်း တစ်ဖန်ပြန်လည် ကြေညာလိုက်သည်။

“ဟုတ်ဟုတ်...မင်းရဲ့ အံ့ဖွယ်စွမ်းအားကို ပြသပြီး ပွဲကို မြန်မြန်အဆုံးသတ်လိုက်။”

ယခုတစ်ကြိမ်တွင် ကျန်းဟန်သည် ဟုတ်ဟုတ်ကို ယခင်ကကဲ့သို့ ကိုယ့်ဘာသာကိုယ် တိုက်ခိုက်ခွင့်မပြုတော့ဘဲ စတင်၍ အမိန့်ပေးလိုက်တော့သည်။

“ဂူးးး...”

ဟုတ်ဟုတ်သည်လည်း ဆော့ကစားနေခြင်းကို ရပ်တန့်လိုက်၏။ ၎င်း၏မျက်လုံးများထဲတွင် အနီရောင်အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး ချက်ချင်းဆိုသလိုပင် သွေးအရိပ် ဆယ်ခု ပျံသန်းထွက်ပေါ်လာကာ ပြိုင်ဘက်သားရဲနှစ်ကောင်လုံးကို ပစ်မှတ်ထားကာ လော့ခ်ချလိုက်တော့သည်။

ထို့တင်မကသေးဘဲ ဟုတ်ဟုတ်သည် အရိပ်အလင်းဓား ဆယ်လက်ကိုလည်း ဆက်တိုက် ထပ်မံထုတ်လွှတ်လိုက်သည်။

ဤစွမ်းရည်များအားလုံးကို ဟုတ်ဟုတ်၏ သွေးအာရုံခံမှုဖြင့် လမ်းညွှန်ထားခြင်းဖြစ်ပြီး အားလုံးမှာ ပစ်မှတ်နောက်သို့ လိုက်လံတိုက်ခိုက်နိုင်သော စွမ်းရည်များ ဖြစ်ကြသည်။

၎င်းကိုမြင်သော် အသင်းခေါင်းဆောင် ကျန်းလုံသည် ကြောက်မက်ဖွယ်ကောင်းသော ရန်သူနှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ သားရဲနှစ်ကောင်ကို ပြန်လည်တိုက်ခိုက်ရန် အလျင်အမြန် ညွှန်ကြားလိုက်ရသည်။

မီးတောက်ဝံပုလွေသည် ရှည်လျားသော မီးလျှံများကို မှုတ်ထုတ်လိုက်ပြီး ခေါင်းသုံးလုံးငှက်က အဆိပ်ဗုံးများကို ထုတ်လွှတ်လိုက်၏။ ဤစွမ်းရည်နှစ်ခုလုံးမှာ ထိုသားရဲနှစ်ကောင်၏ အသန်မာဆုံး စွမ်းရည်များထဲတွင် ပါဝင်သည်။

သို့သော်ငြားလည်း ဟုတ်ဟုတ်၏ တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရချိန်တွင်မူ ၎င်းတို့၏ စွမ်းရည်များမှာ ခုခံနိုင်စွမ်း လုံးဝမရှိဘဲ အလွယ်တကူပင် ချေမှုန်းဖျက်ဆီးခြင်း ခံလိုက်ရတော့သည်။

မီးလျှံများဖြစ်စေ၊ အဆိပ်ဗုံးများဖြစ်စေ ဟုတ်ဟုတ် ထုတ်လွှတ်လိုက်သော စွမ်းရည်များကို ဖျက်ဆီးနိုင်ခြင်း မရှိခဲ့ပေ။ အလွန်အမင်း အင်အားမဲ့သွားသည့် ခံစားချက်ကြီးတစ်ခု အသင်းခေါင်းဆောင် ကျန်းလုံ၏ နှလုံးသားထဲသို့ တိုးဝင်လာခဲ့သည်။

အခြားအကြောင်းကြောင့်မဟုတ်ဘဲ ဝိညာဉ်စွမ်းအား၏ သန့်စင်မှုအဆင့်အတန်း ကွာဟချက်မှာ သူ၏ရှေ့တွင် ကျော်ဖြတ်၍မရနိုင်သော ချောက်ကမ်းပါးကြီးတစ်ခုပမာ ဖြစ်နေသောကြောင့်ပင်။ ထိုကွာဟချက်ကို မကျော်လွှားနိုင်သရွေ့ သူသည် အရိုက်ခံရုံသာ ရှိတော့သည်။ အခြားအရာများမှာ အသုံးမဝင်တော့ပေ။

မကြာမီမှာပင် မီးတောက်ဝံပုလွေနှင့် ခေါင်းသုံးလုံးငှက် နှစ်ကောင်စလုံး မြေပြင်ပေါ်သို့ လဲကျသွားကြတော့လေသည်။

“ရှန်းဟွာမြို့နယ် အနိုင်ရရှိပါတယ်။ ခရိုင်လေးခုပူးတွဲပြိုင်ပွဲရဲ့ ဗိုလ်လုပွဲသို့ ပထမဆုံး တက်လှမ်းသွားတဲ့ အသင်းကတော့ ရှန်းဟွာမြို့နယ် ဖြစ်ကြောင်း ကြေညာအပ်ပါတယ်ခင်ဗျား.....။”

ကြေညာသူ၏ ထုတ်ပြန်ကြေညာမှုနှင့်အတူ ကွင်းပြင်တစ်ခုလုံးတွင် မိုးခြိမ်းသံကဲ့သို့ ပြင်းထန်သော လက်ခုပ်ဩဘာသံများ ဆူညံသွားတော့သည်။

“အရမ်းကြမ်းတာပဲ တစ်ယောက်တည်းနဲ့ နှစ်ကောင်ကို ယှဉ်တိုက်တာတောင် ပြိုင်ဘက်တွေက လုံးဝကို မယှဉ်နိုင်ဘူး။”

“အမှန်ပဲ... စွမ်းရည်တွေက ပစ်မှတ်နောက်ကို လိုက်တိုက်နိုင်တာကတော့ တစ်ပိုင်းပေါ့။ သွေးထွက်သံယိုဖြစ်စေတဲ့ သက်ရောက်မှုကလည်း စဉ်ဆက်မပြတ် ရှိနေတာဆိုတော့ တကယ်ကို ဆိုးရွားလွန်းတယ်။”

“ဒါကြောင့်မို့လည်း ရှန်းဟွာမြို့နယ်က ဒီလောက် ယုံကြည်မှုရှိနေတာကိုး။ ဒီလိုကြည့်မယ်ဆိုရင် မနက်ဖြန် ဗိုလ်လုပွဲရဲ့ ချန်ပီယံဆုကတော့ ရှန်းဟွာမြို့နယ်ဆီ သေချာပေါက် ရောက်သွားတော့မှာပဲ။”

ပရိသတ်များသည် တစာစာ ပြောဆိုရင်း လူစုခွဲကာ ပြန်ကြတော့သည်။ အသင်းခေါင်းဆောင် ကျန်းလုံမှာမူ လက်သီးကို တင်းတင်းဆုပ်ထားမိ၏။ သူသည် ဤကဲ့သို့ နှစ်ကွက်တည်းဖြင့် တစ်ခါမျှ အရေးမနိမ့်ဖူးပေ။

“ငါ ဒီအရှက်ရမှုကို သေချာပေါက် ပြန်ဆေးကြောပြမယ်။”

အသင်းခေါင်းဆောင် ကျန်းလုံက လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

ကျန်းဟန်မှာမူ ထိုအချိန်တွင် ဟုတ်ဟုတ်ကို သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲသို့ ပြန်လည်သိမ်းဆည်းပြီးဖြစ်ကာ သူ့စကားများကို လုံးဝမကြားသကဲ့သို့ ပျင်းရိပျင်းတွဲဖြင့် ပြန်လျှောက်သွားခဲ့သည်။

အကယ်၍ မြို့နယ်က သူ့ကို ဆုကြေးအမြောက်အမြား မကမ်းလှမ်းခဲ့ပါက သူသည် လူသစ်လေးများကို အနိုင်ကျင့်ရန် ဤနေရာသို့ အမှန်တကယ် မလာချင်ပါပေ။

နောက်ဆုံးတွင် သူသည် အရှင်သခင်အဆင့် သားရဲများကိုပင် အမဲလိုက်ခဲ့ဖူးသူ မဟုတ်ပါလော။ ဤခေါင်းဆောင်အဆင့် သားရဲများကို တွေ့မြင်ရချိန်တွင် သူ၏စိတ်ထဲ၌ မည်သည့်ဖိအားကိုမျှ အမှန်တကယ် မခံစားရပေ။

နည်းပြ ကျန်းကျန့်သည် ထိုမြင်ကွင်းကို ကြည့်ရင်း စိတ်ပျက်အားလျော့ကာ စကားပင် မပြောနိုင်တော့ပေ။ ကျန်းဟန်အနေဖြင့် အဆင့် ၄ ရှိသော အရှင်သခင်အဆင့် သားရဲတစ်ကောင်ကို အစကတည်းက ထုတ်သုံးခဲ့ပါက ပို၍ကောင်းပေဦးမည်။

အနည်းဆုံးတော့ ထိုသို့ဆိုလျှင် ပြန်ပြောရသည်မှာ အရှက်ရစရာ မဖြစ်တော့ပေ။ ယခုမူ ခေါင်းဆောင်အဆင့် သားရဲတစ်ကောင်တည်း၏ အပြတ်အသတ် ချေမှုန်းခြင်းကို ခံလိုက်ရပေပြီ။ သူ ပြန်ရောက်သည့်အခါ မည်သို့ရှင်းပြရမည်ကိုပင် မသိတော့ပေ။

All Chapters