အခန်း ၂၀၂
Vol. 21 Ch. 202
အခန်း ၂၀၂
ကျန်းဟန်သည် ပြိုင်ပွဲကွင်းပြင်အတွင်းသို့ ဖြည်းညင်းစွာ ပြန်လည်ဝင်ရောက်လာခဲ့သည်။ ဟွမ်ထောင်းနှင့် အခြားသူများမှာ မယုံကြည်နိုင်ဟန်ဖြင့် ကျန်းဟန်အား ကြည့်နေကြ၏။ ကျန်းဟန် သန်မာသည်ကို သူတို့အားလုံး သိထားကြသော်လည်း ဤမျှအထိ အစွမ်းထက်လိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ကြပေ။
သူသည် မြို့နယ်တာဝန်ရှိသူများနှင့် တိုက်ရိုက်ဆွေးနွေးညှိနှိုင်းရဲခြင်းမှာ မဆန်းတော့ပေ။ သူ ဤမျှ တည်ငြိမ်အေးဆေးနေခြင်းမှာလည်း မဆန်းတော့ပေ။ သူတို့၏ စွမ်းအားများမှာ တစ်ဆင့်တည်းပင် မဟုတ်ကြကြောင်း သိသာသွားခဲ့ပြီ ဖြစ်သည်။
နည်းပြ ကျိုးဟယ်သည် ကျန်းဟန်အား စကားတစ်လုံးမျှ မဆိုနိုင်ဘဲ အချိန်အတော်ကြာ ငေးကြည့်နေ၏။ မြို့နယ်တာဝန်ရှိသူများက သူမ ထောက်ခံတင်ပြထားသည့်သူကို ဂရုမစိုက်ဘဲ ကျန်းဟန်၏ ခက်ခဲသော တောင်းဆိုမှုများကို တိုက်ရိုက်သဘောတူခဲ့ခြင်း၊ ထို့ပြင် သူမကိုလည်း ကျန်းဟန်၏စကားကို နားထောင်ရန် ညွှန်ကြားခဲ့ခြင်းတို့မှာ မဆန်းတော့ပေ။
ဤလူသည် သူမထင်ထားသကဲ့သို့ မိုက်မဲသော သူဌေးသားလေး လုံးဝမဟုတ်ဘဲ တကယ့် ပါရမီရှင်အစစ်အမှန်တစ်ယောက် ဖြစ်နေခဲ့လေသည်။ သူမအနေဖြင့် သူ့အား လူပြက်တစ်ဦး ဖြစ်သွားစေသည်ကို အစဉ်တစိုက် မြင်တွေ့ချင်နေခဲ့သည်မှာ ရယ်စရာကောင်းလှသည်။ ယခုကြည့်ရသည်မှာ မတော်တဆမှုတစ်စုံတစ်ရာ မရှိခဲ့ပါက ဤချန်ပီယံဆုဖလားမှာ ကျန်းဟန်အတွက် ကြိုတင်သတ်မှတ်ထားပြီးသား ဖြစ်နေပေပြီ။
“နင် တကယ် ထူးခြားဆန်းကြယ်လွန်းတာပဲ။”
လီဇီဝေက ထိုသို့ပြောရင်း ကျန်းဟန်ထံသို့ ရေသန့်ဘူးတစ်ဘူး ကမ်းပေးကာ စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်သည်။
သူမသည်လည်း ကျန်းဟန်၏ စွမ်းအားကို သိရှိထားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကျန်းဟန်သည် ကျောင်း၏ နံပါတ်တစ်ဖြစ်သော လျိုတုန်းကို အနိုင်ယူခဲ့စဉ်က သူမကိုယ်တိုင် ရှိနေခဲ့သောကြောင့် ဖြစ်သည်။
သို့သော်လည်း သူ လှုပ်ရှားလိုက်သည့် အကြိမ်တိုင်းတွင် သူမမှာ အံ့အားသင့်ကာ မှင်သက်သွားရဆဲပင်။
“အမှန်ပဲ ကျန်းဟန်... နင်က အရမ်း ကြောက်စရာကောင်းတာပဲ။”
လျိုဝမ်ဝမ်၏ မျက်ဝန်းထဲမှ လေးစားအားကျမှုများမှာ သိသာထင်ရှားလှပေသည်။ ကျန်းဟန်သည် နတ်ဘုရားတစ်ပါးကဲ့သို့ မြင့်မြတ်ပြီး ဆွဲဆောင်မှုရှိသော ရုပ်ရည်ရှိရုံသာမက သူ၏စွမ်းအားမှာလည်း သူ၏ရုပ်ရည်ကဲ့သို့ အလွန်အမင်း အင်အားကြီးမားလှပေသည်။
“ဟားဟားဟား....ကျန်းဟန်... မင်းက ဒီလောက်တောင် အားကောင်းနေတာကို ဘာလို့ ငါတို့ကို ကွင်းထဲ ဝင်ခိုင်းနေသေးတာလဲ။ မင်းတစ်ယောက်တည်း ပွဲသိမ်းတိုက်ခိုက်ပြီး ငါတို့ကို သက်သက်သာသာနဲ့ အနိုင်ရအောင် ခေါ်သွားရင် ပိုမလွယ်ဘူးလား။”
ဟွေ့ရှင်းက ရယ်မောရင်း ပြောလိုက်သည်။
“ကျန်းဟန်က ငါတို့ရဲ့ ခံစားချက်ကို ငဲ့ညှာပေးနေတာကို မင်းက ကျေးဇူးမတင်သေးဘူးလား။ ဒါ့အပြင် ဒါက ငါတို့အတွက် လေ့ကျင့်မှုတစ်ခုလည်း ဖြစ်တယ်။”
ဟွမ်ထောင်းက ဟွေ့ရှင်းကို ကြည့်ကာ ပြောလိုက်သည်။ သူသည် ဟွေ့ရှင်းကဲ့သို့ ပေါ့ပေါ့ဆဆ စဉ်းစားတတ်သူ မဟုတ်ပေ။
ကျန်းဟန်သည် ဤမျှ သန်မာသော်လည်း မောက်မာထောင်လွှားခြင်း မရှိသလို တစ်ဦးတည်း ကောင်းကောင်းစားကာ အခွင့်အရေးများကို လုယူခြင်းမရှိဘဲ သူတို့အား လေ့ကျင့်ရန် အခွင့်အရေး ပေးထားခဲ့သည်။ ဤကဲ့သို့သောလူမျိုးမှာ အမှန်တကယ် မိတ်ဆွေဖွဲ့ရန် ထိုက်တန်လှပေသည်။
ဟွမ်ထောင်း ထိုသို့ပြောလိုက်သည်နှင့် အခြားသူများလည်း စိတ်လှုပ်ရှားသွားကြတော့သည်။ အစွမ်းထက်သော်လည်း အသင်းဖော်များ၏ ခံစားချက်ကို ငဲ့ညှာကာ သူတို့အတွက် စဉ်းစားပေးတတ်သည့် ဤကဲ့သို့သော အစွမ်းထက်သူမျိုးမှာ အမှန်တကယ်ပင် နောက်လိုက်လုပ်ရန်နှင့် မိတ်ဆွေဖွဲ့ရန် ထိုက်တန်လှပေသည်။
“ဒါတွေ ဆက်မပြောကြနဲ့တော့။ သွားကြရအောင်။ နေ့လယ်စာ စားရမယ့်အချိန် ရောက်ပြီ။”
ကျန်းဟန်က အနည်းငယ်ပြုံးကာ လူအုပ်ကို လှမ်းကြည့်ရင်း ပြောလိုက်သည်။
သူသည် စွမ်းအားအနည်းငယ် ရှိရုံမျှဖြင့် စဉ်းစားဆင်ခြင်ဉာဏ်မရှိဘဲ လျှောက်ကြွားတတ်သည့် လူမိုက်မျိုး မဟုတ်ပေ။ အကယ်၍ သူ၏အသင်းဖော်များ အနိုင်ရရှိနိုင်ပါက သူကိုယ်တိုင် လှုပ်ရှားရန်ပင် လိုအပ်မည်မဟုတ်ပေ။
ဦးနှောက်မရှိဘဲ အစွမ်းတစ်ခုတည်းဖြင့် ခရီးဝေးမသွားနိုင်ပေ။ သူသည် ပြိုင်ပွဲမစတင်မီကတည်းက အကျိုးကျေးဇူးများကို မည်သို့ အမြင့်ဆုံးရယူရမည်ကို စဉ်းစားထားပြီးသား ဖြစ်သည်။
“ဟားဟားဟား... ငါတို့ သေချာပေါက် အောင်ပွဲခံရမှာပေါ့။ ကျန်းဟန်... နင်သာ မရှိရင် ဒီနေ့ ငါတို့တွေ တကယ်ကို နောင်တတွေနဲ့ ပြိုင်ပွဲကနေ ထွက်ခွာသွားရလောက်ပြီ။”
လျိုဝမ်ဝမ်က ချက်ချင်းပင် ရယ်မောကာ ထောက်ခံလိုက်၏။ ထို့နောက် အခြားသူများနှင့်အတူ ကျန်းဟန်အား ဝိုင်းရံကာ ထွက်ခွာသွားခဲ့ကြပြီး နည်းပြ ကျိုးဟယ်တစ်ယောက်တည်းသာ ထိုနေရာ၌ ကျန်ရစ်ခဲ့တော့သည်။
ယခင်က ဟွမ်ထောင်းနှင့် အခြားသူများသည် နည်းပြ ကျိုးဟယ်၏ အဆင့်အတန်းကို ငဲ့ညှာပေးခဲ့ကြသေးသော်လည်း ယခုအခါ မည်သူမျှ သူမအား လူရာမသွင်းကြတော့ပေ။
သူမ ယခုအချိန်တွင် နောင်တရနေခဲ့လျှင်ပင် ဘာမျှ မတတ်နိုင်တော့ပေ။ ဤခါးသီးသော အသီးအပွင့်ကို သူမကိုယ်တိုင် စိုက်ပျိုးခဲ့ခြင်း မဟုတ်ပါလော။
ထျန်းယွဲ့ အားကစားရုံမှ ထွက်ခွာလာပြီးနောက် လူစုမှာ ဟိုတယ်သို့ ပြန်ရန် ပြင်ဆင်နေစဉ် လင်းဝေယွဲ့နှင့် ချင်းယွမ်တို့သည်လည်း သူတို့နားသို့ လျှောက်လာခဲ့ကြသည်။
“နင် ဒါကို ဘယ်လိုလုပ်လိုက်တာလဲ။ ဒီနည်းလမ်းကို ရောင်းမလား။”
လင်းဝေယွဲ့က ကျန်းဟန်ကို ကြည့်ကာ မေးလိုက်သည်။
“ထူးဆန်းတဲ့ နည်းစနစ်တော့ မရှိပါဘူး။ ငါက လျှပ်စီးဒဏ်ကို ခံနိုင်ရည်ရှိအောင် လုပ်ခဲ့ရုံပါပဲ။ မင်း အဲဒါကို တောင့်ခံနိုင်ရင် မင်းရဲ့ ဝိညာဉ်စွမ်းအားကို သန့်စင်နိုင်လိမ့်မယ်။”
ကျန်းဟန်က ပခုံးတွန့်ပြရင်း ပြောလိုက်သည်။ လင်းဝေယွဲ့နှင့် အခြားသူများ မည်သည့်အရာကို လိုချင်နေကြသည်ကို သူ ကောင်းစွာသိရှိထားသည်။
လက်တွေ့တွင် ဟုတ်ဟုတ် မိုးကြိုးဖြင့် ခန္ဓာကိုယ်ကို သန့်စင်အောင်မြင်ခဲ့ခြင်းမှာ ပိုင်လင်းနှင့် ၎င်း၏ခန္ဓာကိုယ်အတွင်းရှိ အံ့ဖွယ်ဒြပ်စင်တို့နှင့် သက်ဆိုင်နေ၏။ သာမန်သားရဲတစ်ကောင်အနေဖြင့် ဤသို့စမ်းသပ်ပါက သေဆုံးခြင်းသို့သာ ဦးတည်သွားလိမ့်မည်ဖြစ်ရာ ၎င်းမှာ အလွယ်တကူ သင်ယူနိုင်သောအရာ မဟုတ်ပေ။
“နင်က ရောင်းဖို့ စိတ်ကူးမရှိဘူး ထင်တယ်။ ဒါဆိုလည်း ထားလိုက်ပါတော့။ ငါတို့ရဲ့ ဟော့ဟွာယောင် အထက်တန်းကျောင်းကို ပြောင်းရွှေ့လာဖို့ရော နင် စိတ်ဝင်စားလား။ အကယ်၍ နင် လာမယ်ဆိုရင် နင် တက္ကသိုလ်မတက်ခင်အချိန်အထိ နင်ရဲ့ သားရဲတွေကို ပြုစုပျိုးထောင်မယ့် ကုန်ကျစရိတ်အားလုံးကို ငါတို့ဘက်က အကုန်အကျခံပေးမယ်။”
လင်းဝေယွဲ့သည် ကျန်းဟန်၏ စကားများကို သဘာဝကျကျပင် မယုံကြည်ခဲ့ပေ။ သူမသည်လည်း သူ၏ ဤကဲ့သို့သော အဖြေမျိုးကို မျှော်လင့်ထားပြီးသား ဖြစ်သည်။ ဝိညာဉ်စွမ်းအားကို တိုက်ရိုက်သန့်စင်ပေးနိုင်သော နည်းလမ်းမျိုးမှာ အလွန်တရာ ရှားပါးလှသဖြင့် လွယ်လွယ်ကူကူနှင့် ရောင်းချလိမ့်မည် မဟုတ်သည်မှာ ဓမ္မတာပင်ဖြစ်သည်။
ထို့ကြောင့် သူမသည် ကျန်းဟန်ကို တစ်ဖန်ပြန်လည် စည်းရုံးသိမ်းသွင်းရန် စိတ်ကူးမိသွားခြင်းဖြစ်သည်။ သူမသည် ကျန်းဟန်၏ ကိုယ်ရေးအချက်အလက်များကို ဖတ်ရှုထားသည်မှာ ကြာပြီဖြစ်သည်။ သူသည် မိဘနှစ်ပါးလုံး ကွယ်လွန်ပြီးဖြစ်ကာ ဆွေမျိုးမိတ်ဆွေလည်း မရှိပေ။ ဤကဲ့သို့သောလူမျိုးသည် ရင်းမြစ်များကို အလွန်အမင်း လိုအပ်နေမည်ဖြစ်ရာ စည်းရုံးရန် ပိုမိုလွယ်ကူပေလိမ့်မည်။
လင်းဝေယွဲ့၏ စကားများကြောင့် လီဇီဝေနှင့် အခြားသူများမှာ အနည်းငယ် ပူပန်သွားကြ၏။ သူတို့သည် ကျန်းဟန်အား သူတို့ထံမှ ထွက်ခွာသွားမည်ကို သဘာဝအတိုင်း မလိုလားကြချေ။
ဟွမ်ထောင်းနှင့် ဟွေ့ရှင်းတို့မှာမူ ရင်ထဲ၌ အနည်းငယ်ပင် အားကျမနာလို ဖြစ်မိသွားကြသည်။ ပါရမီရှင်တစ်ယောက် ဖြစ်ရုံမျှဖြင့် မည်သည့်အခြေအနေမျိုးကိုမျှ သတ်မှတ်ပြောဆိုခြင်း မရှိဘဲ သားရဲမွေးမြူစရိတ် အားလုံးကို အလကားရရှိနိုင်သည် မဟုတ်ပါလော။
“မင်း အဝေးကြီး တွေးလွန်းနေပြီ။ ငါက ငါ့ရဲ့ မိခင်ကျောင်းတော်ကြီးကို အရမ်းချစ်တယ်။ သူက ငါ့ကို ပျိုးထောင်ပေးခဲ့တာမို့ ငါ တခြားကျောင်းကို ပြောင်းမှာ မဟုတ်ဘူး။ ဒါက ငွေကြေးနဲ့ လုံးဝမဆိုင်ဘူး။”
ကျန်းဟန်က ပြုံးပြီး ခေါင်းခါပြလိုက်သည်။ သူ၏စကားကြောင့် အဝေးမှ ချောင်းမြောင်းနားထောင်နေကြသော လူများစွာမှာ သူ့ကို ပိုမိုလေးစား အထင်ကြီးသွားကြ၏။ သူသည် အစွမ်းထက်ပြီး ပါရမီရှိရုံသာမက သစ္စာရှိကာ ကတိသစ္စာကို တန်ဖိုးထားတတ်သော လူငယ်တစ်ဦးဟု တွေးတောမိသွားကြတော့သည်။
အကယ်၍ ကျောင်းအုပ်ကြီး ကျောက်ဟောက်ခွန်းသာ ဤလူများ၏ တုံ့ပြန်မှုကို သိရှိသွားပါက ဒေါသတကြီးဖြင့် မျက်လုံးပြူးကာ စိုက်ကြည့်မိမည်မှာ သေချာပြီး ‘ဒါတွေအားလုံးက ပိုက်ဆံကြောင့် ဖြစ်လာတာကွ... ဒီကောင်စုတ်လေးက အကျိုးအမြတ်မရှိရင် လက်မလှုပ်တဲ့ကောင် သက်သက်ပဲ’ ဟု စိတ်ထဲမှ တကျိကျိ ကျိန်ဆဲနေပေလိမ့်မည်။
ကျန်းဟန်သည် စကားပြောပြီးနောက် လီဇီဝေနှင့် အခြားသူများနှင့်အတူ ထွက်ခွာသွားခဲ့ပြီး လင်းဝေယွဲ့၊ ချင်းယွမ်နှင့် အခြားသူများသာ ထိုနေရာ၌ ကျန်ရစ်ခဲ့တော့သည်။
လင်းဝေယွဲ့သည် ပြာလဲ့လဲ့ ရေသူမစကတ်လေးကို ဝတ်ဆင်ထားပြီး သူမ ထိုနေရာ၌ စဉ်းစားခန်းဖွင့်လျက် ရပ်နေပုံမှာ ပို၍ပင် အေးစက်ကာ မြင့်မြတ်ပြီး နတ်သက်ကြွေလာသော နတ်သမီးတစ်ပါးသကဲ့သို့ ဖြစ်နေခဲ့လေသည်။
သူမသည် ကျန်းဟန်က သူမကို အဘယ်ကြောင့် ငြင်းပယ်ခဲ့သလဲဆိုသည်ကို တွေးတောနေခြင်း မဟုတ်ပေ။ သူမက သာမန်လူအများစုကဲ့သို့ ရိုးအသူ မဟုတ်ချေ။ ကျန်းဟန်က သူမကို ငြင်းပယ်လိုက်ခြင်းမှာ သူ၏ကျောင်းနှင့် ကြိုတင်သဘောတူညီမှုတစ်ခုခု ရှိထားပြီးသားဖြစ်ရမည်ဟု ဆိုလိုခြင်း ဖြစ်သည်။
သူမ စဉ်းစားနေသည်မှာ ကျန်းဟန်၏ စရိုက်လက္ခဏာနှင့် သူ၏အလုပ်လုပ်ပုံ စတိုင်လ်အကြောင်းသာ ဖြစ်သည်။ သူမအနေဖြင့် ပြန်သွားပြီး ပိုမိုအသေးစိတ်ကျသော အချက်အလက်များကို စုဆောင်းရန် ဆုံးဖြတ်လိုက်၏။ ဤလူသည် သာမန်လူတန်းစား နောက်ခံမှ ဆင်းသက်လာသည်မှာ ထင်ရှားသော်လည်း လုပ်ဆောင်သမျှ အရာအားလုံးမှာ လုံးဝ စေ့စပ်သေချာလွန်းလှသည်။
“နင် ဒီကျန်းဟန်အပေါ် ဘယ်လိုထင်လဲ။”
အတွေးများကို ရပ်တန့်ပြီးနောက် လင်းဝေယွဲ့က ဘေးနားရှိ ချင်းယွမ်ကို လှမ်းကြည့်လိုက်သည်။ သူမ၏ လင်းမိသားစုသည် ချင်းယွမ်နှင့် သဘောတူညီမှုတစ်ခု ရရှိထားပြီးဖြစ်ရာ ယခုအခါ ချင်းယွမ်ကို သူမ၏ လက်အောက်ခံအဖြစ် သတ်မှတ်နိုင်ပေသည်။
“ငါ သူနဲ့ လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက ဆုံဖူးတယ်။ အဲဒီတုန်းက သူ့ရဲ့ သားရဲက ကျောက်စိမ်းပိုးကောင်လေးပဲ ရှိသေးပြီး လူအများကြီးရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရတယ်။ ဒါပေမဲ့ သူက ကိုယ့်ကိုယ်ကိုယ် အားငယ်စိတ်မရှိတဲ့အပြင် ပြင်းပြင်းထန်ထန် ပြန်လည်တိုက်ခိုက်ခဲ့တယ်။ သူက သူ့ကိုယ်သူ သာမန်ထက်ထူးကဲတဲ့ လီယုံဟန်ရဲ့ ပင်လယ်ပိုးကောင်နဲ့တောင် နှိုင်းယှဉ်ပြခဲ့ပြီး သူ သေချာပေါက် အထွတ်အထိပ်ကို တက်လှမ်းနိုင်မယ်လို့ ယုံကြည်ချက်အပြည့် ရှိနေခဲ့တယ်။ သူက စိတ်ဓာတ်ခိုင်မာပြီး ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် အမြဲလုပ်ဆောင်နေတဲ့သူပဲ။ အဲဒီတုန်းက သူက အဲဒီ ကျောက်စိမ်းပိုးကောင်လေးကို သုံးပြီး ငါ့ရဲ့ နတ်ဆိုးဓားလက်ရေားပုစဉ်းရင်ကွဲကို တောင် တော်တော်လေး အထိနာအောင် တိုက်ခိုက်နိုင်ခဲ့သေးတယ်။”
ကျန်းဟန်အကြောင်းကို ပြောရင်း ချင်းယွမ်သည်လည်း မှင်သက်သွားသည့် ခံစားချက်မျိုး ဖြစ်ပေါ်လာခဲ့သည်။ ထိုစဉ်က သူသည် ဤမျှလျင်မြန်စွာ ကျန်းဟန်၏ ကျော်တက်ခြင်းကို ခံရလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့မိပေ။
၎င်းကို ကြားသောအခါ လင်းဝေယွဲ့၏ မျက်နှာထက်၌ စူးစမ်းလိုစိတ် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။ အမှန်ပင် ဤကျန်းဟန်မှာ အလွန် ထူးခြားဆန်းကြယ်လှပေသည်။ ကျောက်စိမ်းပိုးကောင်မှ လျှပ်စီးပိုးကောင်အဖြစ် ပြောင်းလဲသွားခြင်းမှာလည်း အနည်းငယ် ထူးဆန်းနေသည်။
“ငါ နောက်ထပ် အချက်တစ်ခုကိုလည်း သတိထားမိသေးတယ်။ ကြဖြတ်စာမေးပွဲမေးပွဲ ပြီးကတည်းက ကျန်းဟန်ရဲ့ ပထမဆုံးသားရဲ ဖြစ်တဲ့ လျှပ်စီးပိုးကောင်က လူမြင်ကွင်းမှာ တစ်ခါမှ ထပ်မပေါ်လာတော့ဘူး။”
လင်းဝေယွဲ့က ပြောလိုက်သည်။ ဤအချက်မှာ အလွန်အမင်း ပုံမှန်မဟုတ်ပေ။ အကယ်၍ သူက သားရဲတစ်ကောင်ကို ဝှက်ဖဲအဖြစ် ထားရှိလိုပါက အဘယ်ကြောင့် ယခင်က တစ်ခါမျှ လူမသိခဲ့သော ဤသွေးအရိပ်ညဇီးကွက်ကို မဝှက်ထားခဲ့သနည်း။
“သူက သွေးအရိပ်ညဇီးကွက်ကို သီးသန့်လေ့ကျင့်ပေးချင်လို့ ဖြစ်မှာပါ။ နောက်ပြီး လျှပ်စီးပိုးကောင်ကလည်း အချိန်အကြာကြီး လေ့ကျင့်ထားပြီးသားလေ။ သူက အချိန်အတော်များများကို တောရိုင်းထဲမှာပဲ ဖြတ်သန်းတာဆိုတော့ သူ အဲဒီကောင်ကို သုံးသလား မသုံးဘူးလားဆိုတာ ငါတို့ မသိနိုင်ဘူး။”
ချင်းယွမ်ကမူ ဤအရာတွင် မည်သည့် လျှို့ဝှက်ချက်မျှ ရှိနေလိမ့်မည်ဟု မထင်မိပေ။
“ဒါလည်း ဟုတ်တာပဲ။ ငါတို့ ကိုယ့်အလုပ်ကိုယ်ပဲ အာရုံစိုက်ကြရအောင်။ ကိုယ့်ရဲ့ စွမ်းအားကို ကောင်းကောင်း တိုးတက်အောင် လုပ်ရမယ့်အချိန် ရောက်ပြီ။”
လင်းဝေယွဲ့က ခေါင်းညိတ်လိုက်သည်။ စောစောက အတွေးမှာ ရုတ်တရက် ခေါင်းထဲ ပေါ်လာသည့် စိတ်ကူးတစ်ခုမျှသာ ဖြစ်သည်။
သူမ၏ အဓိကရည်မှန်းချက်မှာ ကျန်းဟန်ကို စည်းရုံးရန်ဖြစ်သော်လည်း ကျန်းဟန်က စိတ်မဝင်စားသဖြင့် ထိုကိစ္စကို နောင်အနာဂတ်မှသာ စောင့်ကြည့်ရတော့မည် ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ ကျန်းဟန်၊ လီဇီဝေနှင့် အခြားသူများသည် စားသောက်နေကြပြီဖြစ်ကာ နေ့လယ်ပိုင်းတွင် အနီးနားသို့ လမ်းလျှောက်လည်ပတ်ရန်လည်း ဆွေးနွေးနေကြသည်။ ကန်မြို့တွင် လည်ပတ်စရာ ပျော်စရာနေရာများစွာ ရှိနေသေးပေသည်။
သို့သော်လည်း ကျန်းဟန်မှာမူ ဤအရာကို သိပ်ပြီး စိတ်ဝင်စားပုံမရဘဲ အလွန်နီးကပ်သောနေရာတွင်ရှိသည့် ဟန်မြစ်သို့ သွားရောက် ငါးမျှားချင်ရုံသာ ရှိကြောင်း ပြောဆိုခဲ့သည်။
“ဒါဆို ငါတို့လည်း ငါးလိုက်မျှားခဲ့မယ်။”
လီဇီဝေနှင့် အခြားသူများက ပြောလိုက်ကြသည်။ ကျန်းဟန် အနည်းငယ် သက်ပြင်းချလိုက်မိ၏။ လက်တွေ့တွင် သူသည် မိန်းမလှလေးများ၏ အဖော်ပြုပေးမှုကို တကယ် မလိုအပ်ပေ။ သူသည် စဉ်းစားတွေးခေါ်ရ ပိုမိုလွယ်ကူစေရန် တစ်ဦးတည်း ခရီးသွားရသည်ကိုသာ ပိုမိုနှစ်သက်သည်။ သို့သော်လည်း တစ်ခါတရံ မိန်းမလှလေးများနှင့်အတူ ခရီးသွားရသည့် အတွေ့အကြုံကို မြည်းစမ်းရခြင်းမှာလည်း ဆိုးလှသည်တော့ မဟုတ်ပေ။