အခန်း ၂၀၄
Vol. 21 Ch. 204
အခန်း ၂၀၄
နောက်တစ်နေ့ နံနက် ရှစ်နာရီခန့်တွင် တစ်ဖွဲ့လုံး မနက်စာ စားသောက်ပြီးနောက် ဟိုတယ်ဧည့်ခန်းမဆောင်၌ စုဝေးမိကြသည်။ သူတို့ထံတွင် ယမန်နေ့ကကဲ့သို့ ပြင်းထန်သော ဖိအားမျိုး မရှိတော့ဘဲ မျက်နှာထက်၌ အပြုံးကိုယ်စီ ချိတ်ဆွဲထားကြသည်။
“သွားကြစို့။ ကွင်းထဲကို သွားရမယ့်အချိန် ရောက်ပြီ။”
လီဇီဝေက ပြုံးကာ ပြောလိုက်သည်။
“ဒါဆိုရင်လည်း သွားကြတာပေါ့။”
ကျန်းဟန်က ခေါင်းညိတ်ပြီး အပြင်သို့ လျှောက်လှမ်းသွားလိုက်၏။ လျိုဝမ်ဝမ်နှင့် အခြားသူများကလည်း ချက်ချင်းပင် နောက်မှ လိုက်ပါလာခဲ့ကြသည်။
ကွင်းသို့ ရောက်ရှိချိန်တွင် ပရိသတ်ဦးရေမှာ ယမန်နေ့ ယခုအချိန်နှင့် ယှဉ်ပါက ထက်ဝက်ပင် မရှိတော့ချေ။
ပြိုင်ပွဲကျင်းပရေး ကော်မတီမှာလည်း ဤအခြေအနေအပေါ် အနည်းငယ် စိတ်ပျက်အားလျော့နေသော်လည်း ဘာမျှမတတ်နိုင်ပေ။ တကယ့် စိတ်လှုပ်ရှားစရာကောင်းသော ပွဲစဉ်များမှာ ယမန်နေ့ကတည်းက ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
ယနေ့ ဗိုလ်လုပွဲမှာ လူကိုယ်တိုင် လာရောက်ကြည့်ရှုရလောက်အောင် မထိုက်တန်တော့ဘဲ ဖုန်းဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုရုံမျှဖြင့် လုံလောက်သဖြင့် လာရောက်သူ နည်းပါးသွားခြင်း ဖြစ်သည်။
“လျိုလင်မြို့နယ်က လူတွေကတော့ တကယ်ကို စောစောစီးစီး ရောက်နေကြတာပဲ။”
ဟွမ်ထောင်းက မနီးမဝေးရှိ လျိုလင်မြို့နယ်အသင်းကို ကြည့်ကာ ပြောလိုက်သည်။
“ဒါနဲ့ ပြောရဦးမယ်... ဒီနေ့တော့ ငါတို့နှစ်ယောက် အသုံးဝင်မယ့် အလှည့် ရောက်လာပြီ။”
ဟွေ့ရှင်းက လျိုဝမ်ဝမ်ကို ကြည့်ကာ ပြောလိုက်သည်။
“ဟုတ်တယ်... မနေ့က ပွဲစဉ်က တကယ်ပဲ ပါဝင်ခွင့် အတွေ့အကြုံ သိပ်မရလိုက်ဘူး။ ဒါပေမဲ့ ဒီပြိုင်ပွဲပြီးရင်တော့ ငါ တတ်နိုင်သမျှ ကြိုးစား အဆင့်တက်ပြီး အခြေခံ သားရဲထိန်းချုပ်သူဖြစ်အောင် လုပ်မယ်။ ငါလည်း ခေါင်းဆောင်အဆင့် သားရဲတစ်ကောင် ပိုင်ဆိုင်ချင်တယ်။”
လျိုဝမ်ဝမ်က သူမ၏အကြည့်များကို ကျန်းဟန်ထံ ခဏပို့ထားရင်း ပြောလိုက်သည်။
“အားလုံးပဲ ဒီနေ့ အကောင်းဆုံး ကြိုးစားကြတာပေါ့။”
ကျန်းဟန်က ခေါင်းညိတ်ထောက်ခံလိုက်သည်။
မကြာမီ ပွဲစဉ် စတင်ခဲ့၏။
“ရှန်းဟွာမြို့နယ်က စိန်ခေါ်ကွင်းကို ကာကွယ်ဖို့အတွက် ပြိုင်ပွဲဝင်တစ်ယောက် အရင်ဆုံး စေလွှတ်ပေးပါ။”
ကွင်းတွင်းကြေညာသူက ထုတ်ပြန်လိုက်သည်။
“ငါ အရင်သွားမယ်။ မနေ့က ငါ လုံးဝမပြိုင်လိုက်ရဘူး။”
ဟွေ့ရှင်းက ပထမဆုံး သွားရောက်လိုကြောင်း ဆန္ဒပြုလိုက်၏။ ကျန်းဟန်နှင့် အခြားသူများကလည်း မကန့်ကွက်ကြပေ။
မကြာမီ လျိုလင်မြို့နယ်အသင်းဘက်မှ လက်ရွေးစင်အဆင့်သားရဲတစ်ကောင်သာရှိသော အလုပ်သင် သားရဲထိန်းချုပ်သူတစ်ဦး တက်လာခဲ့လေသည်။ ထိုကောင်၏ သားရဲမှာ မြေမြှုပ်မိုင်းပင့်ကူဖြစ်ပြီး ဟွေ့ရှင်း၏ မဟာရွှံ့ညွန်ဖားနှင့် အချိန်အတော်ကြာ တိုက်ခိုက်ပြီးနောက်မှ ရှုံးနိမ့်သွားခဲ့သည်။
နှစ်ဖက်စလုံး၏ တိုက်ပွဲမှာ အလွန်အမင်း စိတ်လှုပ်ရှားစရာ မကောင်းလှသဖြင့် အခြေခံကျောင်းသားများပင် ပျင်းစရာကောင်းသည်ဟု ထင်မှတ်သွားကြသည်။
မကြာမီ လျိုလင်မြို့နယ်ဘက်မှ အခြားပြိုင်ပွဲဝင်တစ်ဦးကို ထပ်မံစေလွှတ်ခဲ့ပြီး ထိုသူ၏ သားရဲမှာ လက်ရွေးစင်အဆင့် နှောင်းပိုင်းအဆင့် ကျောက်စိမ်းဖြူကြိုးကြာ ဖြစ်သည်။ ကျောက်စိမ်းဖြူကြိုးကြာသည် အားအင်ကုန်ခမ်းနေသော မဟာရွှံ့ညွန်ဖားကို အလွယ်တကူပင် အနိုင်ယူလိုက်သည်။
“ဒါဆို ငါ တက်ပြီနော်။”
လျိုဝမ်ဝမ်က တောက်ပသော အပြုံးတစ်ခုကို ပြသလျက် သူမ၏ ရှည်လျားသော ခြေတံများဖြင့် ကွင်းထဲသို့ လျှောက်လှမ်းဝင်ရောက်သွားခဲ့သည်။ သူမ၏ ပထမဆုံးသားရဲမှာ အစိမ်းရောင်စပျစ်မြွေ ဖြစ်သဖြင့် သူမ၏ ခါးနှင့် ခြေတံများမှာ အချိုးအစား ပြီးပြည့်စုံစွာ ကျစ်လျစ်လှပနေပြီး သူမ ဝတ်ဆင်ထားသော စာလုံးပုံစံပါ စတော့ကင်ခြေအိတ်နှင့် ပေါင်းစပ်လိုက်သောအခါ အလွန်ပင် ဆွဲဆောင်မှုရှိကာ မျက်စိကျစရာ ဖြစ်နေတော့သည်။
အစိမ်းရောင်စပျစ်မြွေသည် မပျံသန်းနိုင်သော်လည်း ကျောက်စိမ်းဖြူကြိုးကြာသည်လည်း အကောင်းဆုံး အခြေအနေတွင် မရှိတော့ပေ။ နှစ်ဖက်စလုံး မိနစ်နှစ်ဆယ်ကျော်ကြာ အကြိတ်အနယ် ရှိခဲ့သော်လည်း နောက်ဆုံးတွင် အစိမ်းရောင်စပျစ်မြွေက အနိုင်ရရှိသွားခဲ့သည်။
ထို့နောက်တွင် လျိုလင်မြို့နယ်ဘက်မှ တက်လာသူမှာ ခေါင်းဆောင်အဆင့် သားရဲ ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ပြိုင်ဘက်၏ ခေါင်းဆောင်အဆင့် တောအုပ်သမင်နှင့် ရင်ဆိုင်ရချိန်တွင် အစိမ်းရောင်စပျစ်မြွေသည် သဘာဝအတိုင်းပင် ယှဉ်နိုင်စွမ်းမရှိဘဲ လျိုဝမ်ဝမ်မှာ လျင်မြန်စွာပင် ရှုံးနိမ့်သွားခဲ့ရသည်။
“သူ့ကို ငါ့ကို လွှဲထားလိုက်။ ငါ မနေ့ကလိုမျိုး မရှုံးစေရဘူး။”
ဟွမ်ထောင်းက အသက်ကို ပြင်းပြင်းရှူသွင်းကာ တိုက်ပွဲကွင်းပြင်ထဲသို့ လှမ်းဝင်လိုက်သည်။
ယခုတစ်ကြိမ်တွင် သူသည် နည်းဗျူဟာကို ပြောင်းလဲလိုက်၏။ သူသည် အဝေးမှနေ၍ ဝိညာဉ်စွမ်းအင်များကို အသုံးပြုကာ ပြိုင်ဘက်ကို အားအင်ကုန်ခမ်းစေပြီး ၎င်းတို့၏ အစွမ်းကို တိုင်းတာခဲ့သည်။ ထို့နောက် အခွင့်ကောင်းကို ရှာဖွေကာ ငွေရောင်လွှသွားကင်းခြေများအား ငွေရောင်စားပျံစက်ဝန်းစွမ်းရည်ကို အသုံးပြုစေပြီး ပြိုင်ဘက်ကို အနိုင်ယူလိုက်သည်။
ငွေရောင်ဓားပျံစက်တန်း တစ်ကျော့ပြန် ပေါ်ထွက်လာခြင်းက ကလေးငယ်များစွာကို အော်ဟစ်အားပေးစေခဲ့သည်။ သူတို့သည် ဤစွမ်းရည်ကို အထူးပင် စိတ်ဝင်စားကြ၏။
သို့သော်လည်း ပျော်ရွှင်စရာအချိန်များမှာ ကြာရှည်မခံခဲ့ပေ။ နောက်ထပ် ကွင်းထဲသို့ တက်လာမည့် ပြိုင်ဘက်မှာ မီးစွမ်းအငခသားရဲ မီးတောက်ဝက်ပျံဖြစ်သည်။ ဤဝက်ပျံသည် အလျား ၅ မီတာခန့်ရှိပြီး ကျောပေါ်တွင် အတောင်ပံများ ပါရှိကာ တစ်ကိုယ်လုံး မီးနီရောင်တောက်ပလျက် အသက်ရှူလိုက်တိုင်း မီးတောက်များကို မှုတ်ထုတ်နေသည်။
သတ္တုစွမ်းအင်သည် မီးစွမ်းပင်နှင့် တွေ့ဆုံသောအခါ လုံးဝ နှိမ်နင်းခြင်း ခံလိုက်ရတော့သည်။ ဟွမ်ထောင်းမှာလည်း ထူးခြားဆန်းကြယ်သော မိစ္ဆာပါရမီရှင် မဟုတ်သဖြင့် သဘာဝကျကျပင် ဤဒြပ်စင် ကွဲပြားခြားနားမှုကို မကျော်လွှားနိုင်ခဲ့ပေ။
“မင်းအလှည့် ရောက်ပြီ။ ဒီနေ့တော့ ငါ ကွင်းထဲ ဆင်းစရာမလိုတော့ဘူး ထင်တယ်။”
ကျန်းဟန်က လီဇီဝေကို ကြည့်ကာ ပြောလိုက်၏။
“နင်ပဲ သွားလိုက်ပါလား။ ငါ ခေါင်းနည်းနည်း ကိုက်နေလို့။”
လီဇီဝေက သူမ၏ ဦးခေါင်းကို ကိုင်ကာ ပြောလိုက်၏။ ၎င်းမှာ သရုပ်ဆောင်နေခြင်းသာ ဖြစ်သည်။ သူမသည် ကျန်းဟန်၏ စွမ်းဆောင်ရည်များကို လုယူမသွားချင်ပေ။ ဤပွဲစဉ်ကို အောင်မြင်စွာ အဆုံးသတ်ရမည့် ဂုဏ်သရေမှာ ကျန်းဟန်ထံတွင်သာ ရှိသင့်သည်ဟု သူမ ခံစားနေရ၏။
“ဟန်ဆောင်မနေနဲ့။ သွားလိုက်စမ်းပါ။”
ကျန်းဟန်က လီဇီဝေ၏ ပခုံးနှစ်ဖက်ကို လှမ်းကိုင်ကာ သူမကို ကွင်းထဲသို့ တိုက်ရိုက်တွန်းထုတ်လိုက်တော့သည်။
“သွားပါ... ငါက အစကတည်းက ဒီပြိုင်ပွဲကို စိတ်မဝင်စားဘူး။”
လီဇီဝေ လှည့်ကြည့်လာချိန်တွင် ကျန်းဟန်က ပြောလိုက်သည်။ သူမ အဝေးကြီး တွေးနေသည်ဟု သူ ထင်မိသည်။ သူသည် မည်သည့်ဂုဏ်သရေကိုမျှ ဂရုမစိုက်ပေ။ ဂရုစိုက်သည်ဆိုလျှင်ပင် ၎င်းမှာ ဟန်ပြသက်သက်သာ ဖြစ်လိမ့်မည်။
“ဒါဆိုရင်လည်း ကောင်းပြီလေ။”
လီဇီဝေသည် မတတ်သာဘဲ ကွင်းထဲသို့ လျှောက်လှမ်းဝင်ရောက်သွားခဲ့ရတော့သည်။
“ဟေး... ကြည့်လိုက်စမ်း။ ဒါက မမကြီး လီဇီဝေပဲ...မီးနတ်ဘုရားခွေးက ထပ်ပြီး ပေါ်လာတော့မယ်။”
“အမှန်ပဲ... ငါတော့ မီးနတ်ဘုရားခွေးရဲ့ စွမ်းဆောင်ရည်ကို တကယ် မျှော်လင့်စောင့်စားမိနေပြီ။”
မီးနတ်ဘုရားခွေး ပေါ်ထွက်လာခြင်းက လူများစွာထံမှ အော်ဟစ်အားပေးသံများကို ဆွဲဆောင်နိုင်ဆဲဖြစ်သည်။ နောက်ဆုံးတွင်တော့ မီးနတ်ဘုရားခွေးသည် တကယ့်ကို အလွန်ပင် မိမိုက်ပြီး ဆွဲဆောင်မှုအပြည့် ရှိနေသည်မဟုတ်ပါလော။
“ငါ အစွမ်းကုန် ကြိုးစားသွားမှာပါ။”
မီးနတ်ဘုရားခွေးကို မြင်သောအခါ မီးတောက်ဝက်ပျံ၏ ပိုင်ရှင်မှာ ခေတ္တမျှ မှင်သက်သွားသော်လည်း ခိုင်မာသောလေသံဖြင့် ပြောဆိုလိုက်ဆဲပင်။
“ငါလည်း မျှော်လင့်နေပါတယ်။”
ထိုသို့ပြောပြီးနောက် လီဇီဝေက မီးနတ်ဘုရားခွေးကို တိုက်ပွဲစတင်ရန် ညွှန်ကြားလိုက်တော့သည်။
မီးနတ်ဘုရားခွေးသည် မပျံသန်းနိုင်သော်လည်း ၎င်း၌ မီးတောက်ဝိညာဉ်ရှိနေသည့် အားသာချက်ကြောင့် ပြိုင်ဘက်၏ တိုက်ခိုက်မှုများမှာ ၎င်းအား ကြီးမားသော ထိခိုက်ပျက်စီးမှုများ လုံးဝမပေးနိုင်ပေ။
ထို့ပြင် မီးတောက်ဝိညာဉ်သည် သဘာဝဝိညာဉ်စွမ်းအင်များကို အလွန်လျင်မြန်စွာ သန့်စင်ပေးနိုင်ပြီး လီဇီဝေသည်လည်း အလျင်စလို အနိုင်ရရှိရန် မလောဘဘဲ အချိန်ဆွဲသည့် ခုခံကာကွယ်ရေး တိုက်ပွဲကိုသာ ဖြည်းဖြည်းချင်း ဆင်နွှဲသွားခဲ့သည်။
မိနစ်နှစ်ဆယ်ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် လီဇီဝေမှာ တစ်ဖန်ပြန်လည်၍ အနိုင်ရရှိသွားခဲ့ပြန်သည်။
“လီဇီဝေ အနိုင်ရရှိပါသည်။ လျိုလင်မြို့နယ်အနေနဲ့ စိန်ခေါ်ကွင်းထဲကို ပြိုင်ပွဲဝင်တစ်ယောက် စေလွှတ်ပေးပါ။”
ကွင်းတွင်းကြေညာသူ၏ အသံအပြီးတွင် လျိုလင်မြို့နယ်၏ အသင်းခေါင်းဆောင် ဟွားလင် တက်လာခဲ့သည်။
“ငါ မင်းကို သေချာပေါက် အနိုင်ယူပြီး ကျန်းဟန်ကို ကွင်းထဲဆင်းလာအောင် တွန်းအားပေးပြမယ်။”
ကစားသမားနားနေဆောင်ရှိ ကျန်းဟန်ကို ကြည့်ရင်း ဟွားလင်က ပြောလိုက်သည်။ လျိုလင်မြို့နယ်အနေဖြင့် အရှက်တကွဲ မရှုံးနိမ့်စေရန်အတွက် သူသည် ကျန်းဟန်ကို ကွင်းထဲဆင်းလာအောင် မဖြစ်မနေ တွန်းအားပေးရမည် ဖြစ်သည်။
“ဒါကို နင် ငါ့ကို အနိုင်ယူနိုင်ပြီးမှ ပြောပေါ့။”
လီဇီဝေက အေးအေးလူလူပင် ပြောလိုက်သည်။
“ငါ သေချာပေါက် အနိုင်ယူပြမယ်။”
ဟွားလင်သည် အဆင့် ၃ ခေါင်းဆောင်အဆင့် သားရဲဖြစ်သည့် ပုံရိပ်ယောင် စိတ်ဝိညာဉ်မြေခွေးကို ထုတ်လွှတ်လိုက်၏။ ၎င်းသည် စိတ်ဝိညာဉ်နှင့် သစ်တောဒြပ်စင်နှစ်မျိုး ပေါင်းစပ်ထားသော သားရဲဖြစ်ပြီး အဆင့် ၃ သားရဲများအကြား ထိပ်တန်းအဆင့်တွင် ပါဝင်သည်။
တိုက်ပွဲစတင်သည်နှင့် ပုံရိပ်ယောင် စိတ်ဝိညာဉ်မြေခွေးသည် မီးနတ်ဘုရားခွေးကို သက်ရောက်မှုရှိစေရန် စိတ်ရှုပ်ထွေးခြင်း စွမ်းရည်ကို စဉ်ဆက်မပြတ် အသုံးပြုလိုက်၏။ ၎င်းက မီးနတ်ဘုရားခွေး၏ အရှိန်နှင့် စွမ်းရည်တိကျမှုကို သိသိသာသာ ထိခိုက်ပျက်စီးစေခဲ့ပြီး အချိန်အတော်ကြာသည်အထိ ထိရောက်သော တိုက်ခိုက်မှုများကို မပြုလုပ်နိုင်အောင် ဖြစ်သွားစေခဲ့သည်။
“ဒီလိုဆိုမှတော့... သောင်းကျန်းလိုက်စမ်း...။”
လီဇီဝေသည် အားနာမနေတော့ဘဲ သူမ၏ ပါရမီစွမ်းရည်ဖြစ်သော စိတ်ရိုင်းဝင်စေခြင်းကို မီးနတ်ဘုရားခွေးအပေါ်၌ တိုက်ရိုက် အသုံးချလိုက်တော့သည်။
“အသုံးမဝင်ဘူး။ ငါ့ရဲ့ ပါရမီကလည်း ပုံရိပ်ယောင် စိတ်ဝိညာဉ်မြေခွေးရဲ့ စိတ်ဝိညာဉ်စွမ်းအားကို တိုးမြှင့်ပေးနိုင်တယ်။”
ဟွားလင်က ပြောလိုက်သည်။
“မင်း ဘယ်လောက်ပဲ အင်အားကြီးကြီး တိုက်ခိုက်မှုက ပစ်မှတ်ကို မထိမှန်သရွေ့ အလကားပဲ။”
“ဟုတ်လား... ငါတို့ ပစ်မှတ်ကို မထိနိုင်ဘူးဆိုရင် လျှောက်ပြီး ရမ်းတိုက်လိုက်ရုံပေါ့။”
လီဇီဝေက ရူးသွပ်သော ဆုံးဖြတ်ချက်တစ်ခုကို ပေါ့ပေါ့ပါးပါးပင် ပြောချလိုက်သည်။
“ဝု ဝု ဝု....။”
နောက်တစ်ခဏတွင် မီးနတ်ဘုရားခွေးသည် မြေလှန်ဗုံးကြဲသည့်စနစ်သို့ ကူးပြောင်းသွားခဲ့၏။ လီဇီဝေ ရပ်နေသည့် နေရာမှလွဲ၍ ကျန်ရှိသည့် နေရာအားလုံးသို့ မီးလုံးများကို ရူးသွပ်စွာ နေရာအနှံ့ ပစ်လွှတ်တော့သည်။
၎င်း၏ အာရုံခံစားမှုများ ဝေဝါးရှုပ်ထွေးနေလျှင်ပင် မီးလုံးများ လုံလောက်စွာ များပြားပြီး အရှိန်အဟုန်ပြင်းပြင်းဖြင့် စဉ်ဆက်မပြတ် ပန်းထုတ်နိုင်သရွေ့ ၎င်းသည် ဆက်တိုက်ပေါက်ကွဲမှုများကို လျင်မြန်စွာ ဖြစ်ပေါ်စေနိုင်သည်။
အနိုင်မတိုက်နိုင်သော ရန်သူဟူ၍ မရှိပေ။ အဖျက်စွမ်းအား လုံလောက်မှု မရှိခြင်းသာ ရှိသည်။
မကြာမီတွင် ပုံရိပ်ယောင် စိတ်ဝိညာဉ်မြေခွေးသည် ဆက်တိုက်ပေါက်ကွဲမှုများကြောင့် ဒဏ်ရာရရှိသွားခဲ့၏။
“ဆက်တိုက်စမ်း။ ဝိညာဉ်စွမ်းအင် ကုန်ဆုံးသွားမှာကို စိတ်မပူနဲ့။ ငါတို့ ရှုံးသွားရင်တောင် ငါတို့နောက်မှာ ကျန်းဟန် ရှိသေးတယ်။”
တိုက်ခိုက်ချိန်တွင် လီဇီဝေသည် နုနယ်ပျော့ပျောင်းသော မိန်းကလေးတစ်ဦး၏ ပုံစံကို လုံးဝ စွန့်လွှတ်လိုက်သည်။ ရေတွက်မရနိုင်သော ပေါက်ကွဲမှုများအလယ်တွင်ပင် သူမသည် မည်သည့်ကြောက်ရွံ့မှုမျှမရှိဘဲ တည်ငြိမ်အေးဆေးစွာ ရပ်တည်နေခဲ့သည်။
“နေဦး... ငါ အရှုံးပေးတယ်။ ငါ အရှုံးပေးတယ်...။”
ဟွားလင်က ကျယ်လောင်စွာ အော်ဟစ်လိုက်စ။ သူသည် ဤကဲ့သို့ ရူးသွပ်နေသည့် မိန်းမနှင့် ဆက်၍မတိုက်ခိုက်ချင်တော့ပေ။ သူမသည် တကယ့်ကို ကျိုးကြောင်းဆင်ခြင်ဉာဏ်မရှိဘဲ အလွန် စိတ်ပျက်စရာကောင်းလွန်းလှသည်။
“ရှန်းဟွာမြို့နယ် အနိုင်ရရှိသွားပါတယ်။ ဒီခရိုင်လေးခုပူးတွဲပြိုင်ပွဲရဲ့ အဓိက ချန်ပီယံဆုကို ဆွတ်ခူးသွားတဲ့ ရှန်းဟွာမြို့နယ်အသင်းကို ဂုဏ်ပြုအားပေးလိုက်ကြရအောင်လားခင်ဗျာ။ အခုဆိုရင် ပြိုင်ပွဲဝင် အဖွဲ့ဝင်အားလုံးနဲ့ နည်းပြများကို ဆုချီးမြှင့်ပွဲစင်မြင့်ထက်သို့ တက်ရောက်ပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။”
ရေတွက်မရနိုင်သော အားပေးသံများနှင့်အတူ ကျန်းဟန်နှင့် အခြားသူများ စင်ပေါ်သို့ တက်ရောက်ခဲ့ကြသည်။ နည်းပြ ကျိုးဟယ်သည်လည်း မှင်သက်လျက် စင်ပေါ်သို့ လိုက်ပါလာခဲ့၏။ သူမသည် လက်တွေ့ဘဝကို လက်ခံထားပြီးဖြစ်သော်လည်း ယခုအချိန်တွင် စင်မြင့်ထက်၌ ရပ်နေရဆဲဖြစ်သဖြင့် စိတ်ကူးယဉ်အိပ်မက်တစ်ခုပမာ ခံစားနေရဆဲ ဖြစ်သည်။
ချန်ပီယံအသင်းအဖြစ် သူတို့တစ်ဦးစီသည် ဆုကြေးငွေ ၅ သိန်းစီ ရရှိခဲ့ကြသည်။ ထို့ပြင် သူတို့သည် ကန်မြို့ ရွေးချယ်ရေးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်နေရာတစ်ခုကိုလည်း ရရှိခဲ့ကြပြီး ထိုပွဲတွင် အနိုင်ရရှိပါက ကန်မြို့ကိုယ်စားပြုအဖြစ် နိုင်ငံတော်အဆင့် မြို့ပြပြိုင်ပွဲသို့ တက်လှမ်းယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။
ကျန်းဟန်မှာမူ ဆုကြေးငွေ ၅ သိန်းကိုသာ စိတ်ဝင်စားပြီး ကျန်သည့်အရာများကို စိတ်မဝင်စားပေ။ သူသည် ဆုလက်ခံယူနေစဉ်မှာပင် သာမညပင်လယ်အကြောင်းကို တွေးတောနေမိပြီး ၎င်း၏အတွင်းပိုင်းရှိ လူများ ပြန်လည်ထွက်ခွာလာကြပြီလားဟူ၍ တွေးတောနေခဲ့သည်။
အကယ်၍ မြို့နယ်က ပေးအပ်သည့် ဆုကြေးများသာ မရှိပါက သူသည် ဤနေရာသို့ အမှန်တကယ် ရောက်လာလိမ့်မည်ပင် မဟုတ်ပေ။