အခန်း ၂၀၈
Vol. 21 Ch. 208
အခန်း ၂၀၈
နောက်တစ်နေ့နံနက်စောစောတွင် ပိုင်ဟယ်ခရိုင်၊ ထျန်းဟွာမြို့၏ လမ်းမများပေါ်၌ အသက်ငါးဆယ်ကျော်အရွယ် သားရဲကုန်သည်တစ်ဦးသည် ထိုင်ခုံပုလေးတစ်လုံးပေါ်တွင် ထိုင်ကာ အော်ဟစ်၍ အော်ဒါခေါ်နေ၏။
“လာကြည့်ကြပါ...လာကြည့်ကြပါ။ ကြယ်သုံးပွင့် ပါရမီရှိတဲ့ ပန်းလမင်းမြေခွေး၊ အဆိပ်ပျား၊ ကျောက်စိမ်းဖြူမြွေ၊ လျှပ်စစ်သံလိုက်ခွေး၊ မီးတောက်မိစ္ဆာ... ကြယ်လေးပွင့် ပါရမီရှိတဲ့ မီးမှုတ်ဝက်၊ ဆူးပန်းနတ်ဆိုး၊ နယ်သာလျှပ်စီးလိပ်ပြာ... သားရဲအမျိုးအစား စုံစုံလင်လင် ရှိပါတယ်ခင်ဗျာ။ ၎င်းတို့ရဲ့ ကြီးထွားမှုကာလကို ရောက်ရှိနေပြီဖြစ်လို့ အထူးလျှော့ဈေးနဲ့ အကုန်ရောင်းချပေးနေပါတယ်။ အားလုံးပဲ လာရောက်ကြည့်ရှုကြပါ။ ဈေးနှုန်းကို ညှိနှိုင်းပေးပါမယ်။”
ထိုသားရဲကုန်သည်သည် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးလူတစ်ယောက်ဖြစ်ပြီး အမည်မှာ လီရှုရှင်း ဖြစ်ကာ မီးခိုးရောင်ဦးထုပ်နှင့် အနက်ရောင် ကုတ်အင်္ကျီရှည်ကို ဝတ်ဆင်ထားသည်။
သူ၏အသားအရေမှာ ရာသီဥတုဒဏ်ကြောင့် ခြောက်သွေ့နေသော မြေဝါရောင်ကဲ့သို့ ညိုဖျော့ဖျော့ဖြစ်နေပြီး သူ၏မျက်ဝန်းများမှာ မှုန်မှိုင်းနေသော်လည်း ဖျတ်လတ်မှုနှင့် အေးစက်စက်နိုင်မှုတို့လည်း ရောယှက်နေခဲ့သည်။ သေချာကြည့်လျှင် သူ၏ခြေထောက်တစ်ဖက်မှာ သာမန်မဟုတ်ဘဲ ထော့နဲ့ထော့နဲ့ ဖြစ်နေပြီး ထိခိုက်ဒဏ်ရာအချို့ကြောင့် ကုသမရနိုင်တော့ပုံရသည်။
သူ့ဘေးတွင် အလျားကိုးမီတာ၊ အနံငါးမီတာနှင့် အမြင့်ခြောက်မီတာရှိသော သံလှောင်အိမ်ကြီးတစ်ခု ရှိပြီး ၎င်းကို အကန့်လေးများ ခွဲထားကာ အမျိုးမျိုးသော သားရဲပေါက်စလေးတစ်ဆယ်ကျော်ကို ထည့်ထားသည်။
ထိုလှောင်အိမ်ထဲရှိ ပုံသဏ္ဌာန်မျိုးစုံနှင့် သားရဲလေးများကို ကြည့်ရင်း လမ်းသွားလမ်းလာ ဆယ်ကျော်သက်များမှာ ခဏခဏ ရပ်ကြည့်လေ့ရှိကြသည်။ ၎င်းတို့သည် အသက်တစ်ဆယ့်ခြောက်နှစ် မပြည့်သေးသော်လည်း လပိုင်းမျှသာ လိုတော့သဖြင့် ကိုယ်ပိုင်သားရဲတစ်ကောင်ကို အလွန်ပင် ပိုင်ဆိုင်လိုနေကြသည်။
“မမ...ဟိုမှာ ကြည့်...အဲဒီမှာ နယ်သာလျှပ်စီးလိပ်ပြာသားလောင်း ရှိတယ်။ ဒါက လျှပ်စီးနဲ့ အမှောင်ဒြပ်စင် နှစ်မျိုးတွဲ ဖြစ်ပြီး ကြယ်လေးပွင့် ပါရမီရှိတဲ့ သားရဲပဲ။”
အဝါရောင်အဝတ်အစားများ ဝတ်ဆင်ထားသည့် ဆယ်ကျော်သက်လူငယ်လေးတစ်ဦးသည် ဆိုင်ရှေ့တွင် ရပ်တန့်လိုက်ပြီး လှောင်အိမ်ထဲရှိ နယ်သာလျှပ်စီးလိပ်ပြာပိုးလောင်းကို ကြည့်ကာ မျက်လုံးများ တောက်ပနေခဲ့သည်။
နယ်သာလျှပ်စီးလိပ်ပြာပိုးလောင်းသည် အစိမ်းရောင် ကျောက်စိမ်းပိုးကောင် တစ်ကောင်နှင့် တူသော်လည်း ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် ခရမ်းရောင်အစင်းကြောင်းများ ရှိနေကာ ခရမ်းနက်ရောင် လျှပ်စီးပန်းပွင့်လေးများက တစ်ခါတစ်ရံ ဖြတ်ပြေးပြနေသည်။
“လူငယ်လေး...အရမ်းကြီး ကပ်မသွားနဲ့။ အန္တရာယ်ရှိတယ်။”
သားရဲကုန်သည် လီရှုရှင်းက သူ့ရှေ့မှ အရပ် ၁.၆ မီတာခန့်ရှိသော လူငယ်လေးကို ကြည့်ကာ အပြုံးတစ်ခုဖြင့် သတိပေးလိုက်၏။ ထို့နောက် လှောင်အိမ်ထဲရှိ နယ်သာလျှပ်စီးလိပ်ပြာပိုးလောင်းကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။
“ဘယ်လိုလဲ...။ ဒီနယ်သာလျှပ်စီးလိပ်ပြာပိုးလောင်းက အရမ်းထူးခြားတာနော်။ သူ အစေခံအဆင့် အစောပိုင်းပဲ ရှိသေးတယ်ဆိုပေမယ့် သူ့ခန္ဓာကိုယ်ပေါ်မှာ လျှပ်စီးတွေ ဖြတ်ပြေးနေပြီ။ ဒါက တကယ့် ပါရမီရှင်လို့ ပြောလို့ရတယ်။ နောင်တစ်ချိန်ကျရင် သူက နယ်သာလျှပ်စီးလိပ်ပြာအဖြစ် သေချာပေါက် အသွင်ပြောင်းလဲနိုင်ပြီး လျှပ်စီးအကျဉ်းထောင် စွမ်းရည်ကိုတောင် နားလည်သဘောပေါက်သွားနိုင်တယ်။ ကမ္ဘာကျော် ယန်ယုံရှင်းရဲ့ နယ်သာမိုးကြိုးလိပ်ပြာကလည်း ငယ်ငယ်တုန်းက ဒီလိုစွမ်းဆောင်ရည်မျိုး ပြသခဲ့ပြီး နောက်ပိုင်းမှ လျှပ်စီးအကျဉ်းထောင်ကို နားလည်သွားပြီး ကောင်းကင်အထိ ထိုးပျံကျော်ကြားသွားခဲ့တာလို့ ပြောကြတယ်။
အဲဒီမြင်ကွင်းကို မင်း စိတ်ကူးကြည့်လိုက်စမ်း။ နယ်သာလျှပ်စီးလိပ်ပြာက သူ့အတောင်ပံတွေကို ခတ်လိုက်တာနဲ့ လျှပ်စီးအကျဥ်းထောင်က နယ်မြေတစ်ခုလုံးကို သက်ဆင်းလာလိမ့်မယ်။ ဘယ်သူက မကြောက်ဘဲ နေနိုင်လဲ။”
သားရဲကုန်သည် လီရှုရှင်း၏ စကားများက လူငယ်လေး၏ စိတ်ကို အောင်မြင်စွာ ဆွဲဆောင်နိုင်ခဲ့သည်။ ဤအရွယ် ဆယ်ကျော်သက်များမှာ စိတ်ကူးယဉ်အိပ်မက်မက်တတ်သည့် အရွယ်ဖြစ်ပြီး စွမ်းအားကြီးသော သားရဲထိန်းချုပ်သူတစ်ဦး ဖြစ်လာကာ ကမ္ဘာပတ်ကြည့်ချင်နေကြသူများ ဖြစ်သည်။
“မမ...ဒီနယ်သာလျှပ်စီးလိပ်ပြာကို မမ ဘယ်လိုထင်လဲ။”
လူငယ်လေးက သူ့အစ်မကို မေးလိုက်သည်။ သူ့အစ်မမှာ အသက်တစ်ဆယ့်ခုနစ်နှစ် ရှိနေပြီဖြစ်သော်လည်း ကျောင်းမတက်တော့ဘဲ သားရဲမွေးမြူရေးဂေဟာတစ်ခုတွင် အလုပ်သင်အဖြစ် လုပ်ကိုင်နေသူဖြစ်သည်။
သူမ စာချုပ်ချုပ်ဆိုထားသည့် သားရဲမှာ တောထဲမှ ကောက်ရခဲ့သော ကြယ်နှစ်ပွင့် ပါရမီရှိသည့် မြွေစိမ်းလေး တစ်ကောင် ဖြစ်သည်။
“မင်းက နိုးထမှုအရွယ်ကိုတောင် မရောက်သေးဘူး။ ပြီးတော့ ဒီက သားရဲပေါက်စလေးတွေက ဘာအာမခံချက်မှလည်း မရှိဘူး။ မင်းရဲ့ တစ်ဆယ့်ခြောက်နှစ်ပြည့်မွေးနေ့အထိ စောင့်ပြီးမှ မမ မင်းကို သားရဲကုန်တိုက်ကို ခေါ်သွားပြီး တစ်ကောင် ဝယ်ပေးမယ်။”
လူငယ်လေး၏ ဘေးတွင် ရပ်နေသော မိန်းကလေးက ခေါင်းခါပြလိုက်သည်။ သူမသည် ကျော့ရှင်းသော အနက်ရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး သူမ၏ အရှိန်အဝါမှာ ကန္တာရ တောင်ကြားထဲမှ သစ်ခွပန်းတစ်ပွင့်ကဲ့သို့ နူးညံ့သိမ်မွေ့ကာ လူ့လောကပြင်ပမှ ရောက်လာသူအလား ထူးခြားလှသည်။
“မမကလည်း...သူများတွေလည်း သားရဲပေါက်စလေးတွေကို ကြိုဝယ်ထားကြတာပဲ။ ဒါမှ လအနည်းငယ်လောက် ကြိုတင်ရင်းနှီးကျွမ်းဝင်ပြီး ဆက်သွယ်မှုလုပ်ထားနိုင်မယ်၊ စာချုပ်ချုပ်ရတာလည်း ပိုလွယ်ကူပြီး ပိုပြီးတော့လည်း စိတ်ချင်းတိုက်ဆိုင်နိုင်မှာပေါ့။ ဒါ့အပြင် ကျွန်တော့်မှာ နယ်သာလျှပ်စီးလိပ်ပြာ ရှိသွားပြီဆိုရင် ဟိုကောင်တွေ ကျွန်တော့်ကို လာပြီး ကဲ့ရဲ့ရဲတော့မှာ မဟုတ်ဘူး။”
လူငယ်လေးက မျှော်လင့်တကြီး ပြောလိုက်သည်။ သူသည် သူ့ကို အထင်သေးခဲ့ကြသူများကို ပြသရန်အတွက် ဤနယ်သာလျှပ်စီးလိပ်ပြာကို အမှန်တကယ်ကို လိုချင်နေမိသည်။
မောင်နှမနှစ်ယောက်၏ မိသားစုဘဝမှာလည်း အလွန်ပင် စိတ်မကောင်းစရာ ကောင်းလှသည်။ လွန်ခဲ့သော လေးနှစ်ခန့်က သူတို့၏ မိဘနှစ်ပါးသည် တောရိုင်းထဲတွင် စူးစမ်းရှာဖွေရင်း တောရိုင်းဓားပြများနှင့် မတော်တဆ တိုးမိခဲ့ကြရာမှ အသက်ဆုံးခဲ့ကြရသည်။
မိဘများ ချန်ထားရစ်ခဲ့သော ငွေကြေးများကိုလည်း သူတို့၏ ဒေါ်လေးဖြစ်သူက ခွဲဝေယူသွားခဲ့ပြီး ကျန်ရှိသော ငွေ အနည်းငယ်မှာလည်း လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း စားဝတ်နေရေး စရိတ်စကများကြောင့် လျော့ပါးလာခဲ့ရာ ကြယ်သုံးပွင့် ပါရမီရှိသည့် သားရဲတစ်ကောင်ကိုပင် ဝယ်ယူရန် ခက်ခဲနေခဲ့သည်။
အစ်မဖြစ်သူမှာ အလွန်ကောင်းမွန်သော သားရဲမွေးမြူသူ ပါရမီကို နိုးထခွင့်ရခဲ့သော်လည်း ငွေကြေးမလုံလောက်မှုကြောင့် ကျောင်းထွက်ပြီး မွေးမြူရေးဂေဟာတွင် အလုပ်ဝင်လုပ်ရန်သာ ရွေးချယ်ခဲ့ရပြီး တောအုပ်ထဲတွင် သူမဘာသာ ကောက်ရခဲ့သော မြွေစိမ်းလေးတစ်ကောင်နှင့်သာ စာချုပ်ချုပ်ဆိုခဲ့ရသည်။
“မမ ပိုက်ဆံအလုံအလောက် စုမိတဲ့အထိ စောင့်ဦး။ အခု လောလောဆယ် မဝယ်ရဘူး။”
မိန်းကလေးက မောင်ဖြစ်သူ၏ တောင်းဆိုမှုကို ပြတ်ပြတ်သားသား ဆက်လက်ငြင်းဆိုလိုက်၏။ ဤကဲ့သို့သော နေရာမျိုးတွင် သားရဲပေါက်စလေးများကို ဝယ်ယူခြင်းက အလွန်စိတ်မချရသလို မလုံခြုံဟု သူမ ခံစားရသည်။
“သားရဲကုန်တိုက်ထဲမှာဆိုရင် ကြယ်လေးပွင့် ပါရမီရှိတဲ့ သားရဲတစ်ကောင်ကို ငါးသိန်းနဲ့ ဝယ်လို့မရနိုင်ဘူးနော်။ ငါကလည်း အရေးတကြီး ရှင်းပစ်ချင်နေလို့ရယ်၊ ဒီလောက် သားရေးလေးတွေ အများကြီးကို ကျွေးဖို့ ပိုက်ဆံမရှိလို့ရယ်ကြောင့်သာ ထုတ်ရောင်းနေရတာ။ ဒီလောက်ကောင်းမွန်တဲ့ သားရဲမျိုးက ဒီတစ်ကြိမ် အခွင့်အရေး လက်လွတ်သွားရင် နောက်တစ်ခါ ရတော့မှာ မဟုတ်ဘူး။”
ထိုအချိန်တွင် သားရဲကုန်သည် လီရှုရှင်းက ထပ်မံ၍ စည်းရုံးပြောဆိုလိုက်သည်။
“ငါတို့ အိမ်ပြန်ကြမယ်။”
မိန်းကလေးသည်မူ အလွန်သတိကြီးစွာ ထားနေဆဲဖြစ်ပြီး ဤလှည့်ကွက်များနောက်သို့ ပါမသွားဘဲ မောင်ဖြစ်သူကို ဆွဲကာ ထွက်ခွာရန် ပြင်လိုက်သည်။
“မမ... ကျွန်တော့်ဘာသာ လျှောက်နိုင်တယ်။”
မောင်ဖြစ်သူက ဒေါသတကြီးဖြင့် အစ်မဖြစ်သူ၏ လက်ကို ရုန်းဖယ်လိုက်ပြီး စိတ်ကောက်ကာ ရှေ့မှ ခပ်သွက်သွက် လျှောက်သွားတော့သည်။
လီရှုရှင်းသည်မူ ထိုမြင်ကွင်းကို ကြည့်နေခဲ့၏။ ထိုနှစ်ဦး ခပ်လှမ်းလှမ်းသို့ ရောက်သွားသည်အထိ စောင့်ဆိုင်းပြီးနောက် သူသည် သန့်စင်ခန်းသွားသည့်အသွင်ဖြင့် အပြာရောင်မျက်လုံးရှိသော အမြီးခြောက်ခု ညှို့ဓာတ်မြေခွေးကို တိတ်တဆိတ် ထုတ်လွှတ်လိုက်သည်။ သူက မြေခွေး၏ ခေါင်းကို ပွတ်သပ်ပေးရင်း ပြုံးကာ ပြောလိုက်၏။
“သွားတော့...။”
အကယ်၍ အနီးနားတွင် လူတစ်ဦးဦး ရှိနေပါက ဤမြေခွေးသည် စိတ်ပိုင်းဆိုင်ရာ စွမ်းရည်ရှိသည့် အလွန်ကျော်ကြားသော သားရဲတစ်မျိုး ဖြစ်သည့်အပြင် စိတ်ခံစားချက်ကို ထိန်းချုပ်ရာတွင် အလွန်ကျွမ်းကျင်သော အမြီးခြောက်ခု ညှို့ဓာတ်မြေခွေးဖြစ်ကြောင်း သေချာပေါက် မှတ်မိကြပေလိမ့်မည်။
ဆယ်မိနစ်ခန့် ကြာပြီးနောက် အမြီးခြောက်ခု ညှို့ဓာတ်မြေခွေးသည် တိတ်တဆိတ် ပြန်လည်ရောက်ရှိလာ၏။ ထို့နောက် နာရီဝက်ခန့် ကြာသောအခါ စောစောက လူငယ်လေးသည် သူ့အစ်မ၏ ငွေစုကတ်ကို ခိုးယူလာခဲ့ပြီး သားရဲကုန်သည်ကို ကြည့်ကာ ပြောလိုက်သည်။
“ဦးလေး... ကျွန်တော် အဲဒီ နယ်သာလျှပ်စီးလိပ်ပြာပိုးလောင်းကို ဝယ်ချင်တယ်။ ယွမ် လေးသိန်းနဲ့ ရောင်းပေးလို့ ရမလား။”
သားရဲကုန်သည်သည် အစပိုင်းတွင် လူကောင်းယောင်ဆောင်၍ အကြိမ်အနည်းငယ် ငြင်းဆိုပြပြီးနောက် နောက်ဆုံးတွင် သက်ပြင်းချကာ မတတ်သာသည့် အမူအရာကို လုပ်ပြလိုက်သည်။
“ကောင်းပြီလေ... ငါ မင်းကိုပဲ ရောင်းပေးလိုက်တော့မယ်။ သူ့ကို ကောင်းကောင်း စောင့်ရှောက်ပေးရမယ်နော်။”
ပြောပြောဆိုဆိုဖြင့် သားရဲကုန်သည်က နယ်သာလျှပ်စီးလိပ်ပြာပိုးလောင်းကို လူငယ်လေးထံ အပ်နှံလိုက်တော့သည်။ ယခင်က ကျန်းဟန်ကို လှည့်စားခဲ့သည့် အကြိမ်နှင့်မတူဘဲ ယခုတစ်ကြိမ်မှာ တကယ့် နယ်သာလျှပ်စီးလိပ်ပြာပိုးလောင်း အစစ်အမှန် ဖြစ်သော်လည်း ပြင်းထန်သော မွေးရာပါ ချို့ယွင်းချက် ရှိနေပြီး အသက်တစ်လထက် ပိုမရှင်သန်နိုင်ပေ။
သူ့အတွက်မူ ၎င်းက အရေးမကြီးပါချေ။ တစ်လကြာပြီးနောက် သူသည် ဤနေရာမှ ထွက်ခွာသွားခဲ့သည်မှာ ကြာလောက်ပြီဖြစ်ပြီး သူတို့ ရှာဖွေချင်လျှင်ပင် ရှာတွေ့နိုင်တော့မည် မဟုတ်ပေ။
အကယ်၍ ရှာတွေ့သွားလျှင်ပင် သူ ကြောက်နေမည် မဟုတ်ချေ။ သူတို့သည် မိဘမဲ့ကလေးနှစ်ယောက်သာ ဖြစ်သဖြင့် သူ့ကို ဘာမှလုပ်နိုင်မည် မဟုတ်ချေ။ သူသည် တခြားသူများ၏ စိတ်ခံစားချက်ကို လွှမ်းမိုးရန် အမြီးခြောက်ခု ညှို့ဓာတ်မြေခွေးကို အသုံးမပြုမီ အခြေအနေ အသေးစိတ်ကို အမြဲတစေ စုံစမ်းစစ်ဆေးလေ့ရှိသည်။
လွန်ခဲ့သော လအနည်းငယ်က သူရောင်းချခဲ့သော နယ်သာလျှပ်စီးလိပ်ပြာပိုးလောင်းအတု ကဲ့သို့ပင် ရှန်းဟွာမြို့နယ်မှ ထိုငတုံးလေးသည်လည်း မိဘမဲ့တစ်ဦးပင် ဖြစ်သည်။
ထို့ပြင် သူသည် ထိုကောင်လေး၏ ပိုကီဒက်စ်ကိုလည်း တိတ်တဆိတ် ပြောင်းလဲပစ်ခဲ့ပြီး စိတ်ခံစားချက်ကို လွှမ်းမိုးရန် အမြီးခြောက်ခု ညှို့ဓာတ်မြေခွေးကို အသုံးပြုခဲ့သည်။
တွေးကြည့်လျှင် ထိုကောင်လေးသည် စိတ်ဒဏ်ရာကို မခံစားနိုင်ဘဲ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့သည်မှာ ကြာပြီ ဖြစ်ပေလိမ့်မည်။
ထိုသူများ ဝယ်ယူပြီးနောက် မည်သို့သော ကံကြမ္မာနှင့် ကြုံတွေ့ရမည်ကိုမူ သူ ဂရုမစိုက်ပေ။ အလိမ်ခံရလျှင်လည်း ခံထိုက်၍ ခံရခြင်းသာ ဖြစ်သည်။ သူ့အမြင်တွင် အားနည်းသူများသည် ဖုန်မှုန့်ကဲ့သို့ နိမ့်ကျပြီး အနိုင်ကျင့်ခံရမည်သာ ဖြစ်သည်။
သို့သော်လည်း ယနေ့တွင် သေးငယ်သော မတော်တဆမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ပြန်ရောက်ပြီးနောက် နယ်သာလျှပ်စီးလိပ်ပြာပိုးလောင်း၏ ခန္ဓာကိုယ်သည် ရုတ်တရက် ရောဂါလက္ခဏာများ အလုံးစုံ ပြောင်းလဲသွားပြီး တိုက်ရိုက် သေဆုံးသွားခဲ့သည်။
လူငယ်လေးသည် သူ့သူငယ်ချင်းများကို နယ်သာလျှပ်စီးလိပ်ပြာပိုးလောင်း ရလာကြောင်း ကြွားလုံးထုတ်နေစဉ်မှာပင် နယ်သာလျှပ်စီးလိပ်ပြာ၏ ခန္ဓာကိုယ်မှ ရုတ်တရက် ခရမ်းရောင် လျှပ်စီးကြောင်းများ ပေါက်ကွဲထွက်လာပြီးနောက် အလျင်အမြန်ပင် အလိုအလျောက် မီးလောင်ကျွမ်းသွားကာ မီးသွေးခဲအဖြစ်သို့ ပြောင်းလဲသွားခဲ့တော့လေသည်။
“ဟားဟားဟား... ဒါက မင်းရဲ့ နယ်သာလျှပ်စီးလိပ်ပြာပိုးလောင်းလား။ မင်းက ငတုံးပဲကွ။”
“မင်း အလိမ်ခံလိုက်ရတာကို ဒီမှာ လာကြွားနေသေးတယ်။ ငါ ပြောသားပဲ... မိဘတောင် မရှိတဲ့ မင်းလို အမှိုက်က ဘယ်လိုလုပ်ပြီး ဒီလို သားရဲမျိုး ရနိုင်မှာလဲ။ အခုတော့ အဖြစ်မှန်ပေါ်သွားပြီမလား။”
“ရှက်စရာပဲ...ဟားဟားဟား...ရှက်စရာပဲ...တကယ့်ကို ရှက်ရစရာပဲ။”
“ငတုံး...မင်းက တကယ့် ငတုံးပဲ။ ဒီလိုဟာမျိုးကိုတောင် အလိမ်ခံရတယ်လို့ကွာ။”
...
လူငယ်လေးသည် တစ်နေရာတည်းတွင် ကြောင်အမ်းအမ်း ဖြစ်ကျန်ရစ်ခဲ့ပြီး မြေပြင်ပေါ်ရှိ မီးသွေးခဲကို ကြည့်ကာ ဘာလုပ်ရမှန်း မသိဘဲ ဖြစ်နေခဲ့လေသည်။
ဝမ်းသာအားရဖြစ်ခဲ့ရသည့် စိတ်လှုပ်ရှားမှု အားလုံးသည် ဤအခိုက်အတန့်တွင် လမ်းဘေးရှိ ပုပ်သိုးနေသော ရေဆိုးမြောင်းထဲ၊ နက်ရှိုင်းသော ကတ္တရာစေးကဲ့သို့ မည်းနက်နေသည့် အမှောင်ထုထဲ ပြုတ်ကျသွားသကဲ့သို့...စိတ်ပျက်အားလျော့မှုများအဖြစ် ပြောင်းလဲသွားရတော့လေသည်။