အခန်း ၂၀၉
Vol. 21 Ch. 209
အခန်း ၂၀၉
“ခင်ဗျား ကျုပ်ကို ရောင်းလိုက်တဲ့ သားရဲက ချို့ယွင်းချက်ရှိနေတယ်။ ကျုပ်ပိုက်ဆံ ပြန်ပေး။”
ကောင်လေးသည် မီးလောင်ကျွမ်းထားသည့် နယ်သာလျှပ်စီးလိပ်ပြာပိုးလောင်း၏ ရုပ်အလောင်းကို တင်းတင်းဆုပ်ကိုင်ရင်း သားရဲကုန်သည် လီရှုရှင်းအား လာရောက်ရှာဖွေတော့သည်။ သူ၏မျက်ဝန်းထောင့်မှ မျက်ရည်များမှာ မခြောက်တခြောက် ရှိနေသေးပြီး မျက်လုံးများမှာလည်း နီမြန်းနေ၏။
“လူငယ်လေး...မင်း လျှောက်မပြောနဲ့။ ငါရောင်းတုန်းက အကောင်းကြီး။ ဘယ်လိုလုပ် ပြဿနာရှိမှာလဲ။ ဒါက မင်းကိုယ်တိုင် စနစ်တကျ မကိုင်တွယ်တတ်လို့ ဖြစ်ရတာ သိသာနေတာပဲ။”
လီရှုရှင်းသည် ရင်ထဲတွင် အနည်းငယ် အံ့အားသင့်သွားသော်လည်း မျက်နှာကမူ အတော်လေး တည်ငြိမ်နေဆဲပင်။ သူ၏မျက်နှာတွင် အံ့သြဟန်နှင့် အပြစ်ကင်းစင်ဟန်တို့ ရောပြွမ်းနေပြီး ဤကိစ္စမှာ သူနှင့် လုံးဝမသက်ဆိုင်သကဲ့သို့ ပြုမူနေခဲ့သည်။
ဤနယ်သာလျှပ်စီးလိပ်ပြာပိုးလောင်းသည် အနည်းဆုံး သက်တမ်း တစ်လခန့် ကျန်ရှိနေရဦးမည် ဖြစ်သည်။ အဘယ်ကြောင့် အလိုအလျောက် မီးလောင်ကျွမ်းသွားရသနည်း။ သို့သော် ကံကောင်းထောက်မစွာဖြင့် ၎င်းကို ရောင်းချပြီးသွားပြီဖြစ်ရာ ယခုအခါတွင် သက်သေအထောက်အထား မရှိတော့သဖြင့် ဤကလေး ကမောက်ကမ လုပ်မည်ကို သူ မကြောက်တော့ပေ။
“ကျုပ်ရဲ့ပြဿနာ မဖြစ်နိုင်ဘူး။ ကျုပ် သူ့က်ု မြေကြီးပေါ် ချလိုက်ရုံပဲ ရှိသေးတယ်။ ဘာမှမလုပ်ဘဲနဲ့ အလိုအလျောက် မီးလောင်သွားတာ။ ခင်ဗျား... လူလိမ်...။ ကျုပ်ပိုက်ဆံ ပြန်မပေးရင် ရဲတိုင်ပစ်မယ်။”
ကောင်လေးက လည်ချောင်းကွဲမတတ် အော်ဟစ်လိုက်၏။
“တိုင်ချင်တိုင်လေ။ လူတိုင်းကို အဆုံးအဖြတ် ပေးခိုင်းလိုက်။ နယ်သာလျှပ်စီး လိပ်ပြာပိုးလောင်းက အလိုအလျောက် မီးလောင်သွားတယ်လို့ ဘယ်သူကြားဖူးလို့လဲ။ မင်း တခြားလူတွေကို လျှောက်ကြွားရင်း လွဲချော်သွားတာ သိသာနေတာပဲ။ ငါ့ခေါင်းပေါ် လာပုံမချနဲ့။”
လီရှုရှင်းက လုံးဝ ငြင်းဆန်ဟန် ဆောင်လိုက်သည်။
“ကိုယ့်ပိုက်ဆံကိုယ် သိမ်းထားတာက ပိုမကောင်းဘူးလား။ ကိုယ်တိုင်လည်း မကိုင်တွယ်တတ်ဘဲ ဘာလို့နယ်သာလျှပ်စီး လိပ်ပြာပိုးလောင်းကို သွားဝယ်ရတာလဲ။”
“နယ်သာလျှပ်စီး လိပ်ပြာပိုးလောင်း အလိုအလျောက် မီးလောင်သွားတယ်ဆိုတာ ငါ တစ်ခါမှ မကြားဖူးဘူး။ တစ်ယောက်ယောက်က ရှို့လိုက်တာ ထင်တယ်။”
“ဝယ်တုန်းက ဘာလို့ သေချာမကြည့်ခဲ့တာလဲ။”
ဘေးပတ်ဝန်းကျင်ရှိ ဝိုင်းအုံကြည့်ရှုနေသူများထဲမှ တစ်ဦးတစ်ယောက်မျှ ကောင်လေးဘက်မှ မပြောပေးကြပေ။ သူတို့အားလုံးသည် အေးစက်တည်ငြိမ်စွာဖြင့် ပွဲကြည့်သကဲ့သို့သာ ကြည့်နေခဲ့ကြ၏။
အချို့သူများမှာမူ သူတစ်ပါး ပျက်စီးခြင်းကို ဝမ်းသာအားရဖြစ်သည့် အမူအရာများပင် ပြသနေကြပြီး ဇိမ်ခံကား ဝယ်သူတစ်ဦး မတော်တဆဖြစ်သွားသည်ကို မြင်ရ၍ “ခံရတာ တန်တယ်” ဟု တွေးနေကြသကဲ့သို့ ဖြစ်နေကြသည်။
ဤကောင်လေး ကြယ်လေးပွင့်အဆင့် သားရဲကို ဝယ်ယူနိုင်ခဲ့ခြင်းက လူများစွာကို မနာလို ဖြစ်စေခဲ့သည်မှာ သေချာသည်။
‘ငါ့ကလေးတောင် ကြယ်လေးပွင့် သားရဲ မရှိတာကို မင်းဆီမှာ ရှိရလား။ အခုတော့ ကြည့်စမ်း။ တကယ် ထိုက်တန်တာပဲ။’
သူတစ်ပါး ချမ်းသာကြွယ်ဝသွားသည်ကို မြင်ရခြင်းက မိမိကိုယ်တိုင် ပိုက်ဆံဆုံးရှုံးရသည်ထက် ပို၍ ခံရခက်သည်မှာ လူသားများ၏ သဘာဝဖြစ်ပြီး သားရဲများနှင့် ပတ်သက်၍လည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။
“ဒါဆို ကျုပ် အခုချက်ချင်း ရဲခေါ်ပြီး ခင်ဗျားကို လာဖမ်းခိုင်းမယ်။”
ကောင်လေးသည် ဖုန်းကိုထုတ်ကာ ရဲစခန်းသို့ ဆက်သွယ်လိုက်တော့သည်။
ဖုန်းမှာ ချက်ချင်းပင် ဝင်သွားသော်လည်း သူ၏မျက်နှာအမူအရာမှာ ကောင်းမွန်မလာခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ရဲတပ်ဖွဲ့က ဤကိစ္စသည် စီးပွားရေးဆိုင်ရာ အငြင်းပွားမှုဖြစ်သဖြင့် စက်မှုလက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး ဦးစီးဌာနသို့ ဆက်သွယ်ရန်သာ ပြောကြားခဲ့ပြီး ဆက်သွယ်ရန် ဖုန်းနံပါတ် ပေးခဲ့သောကြောင့် ဖြစ်သည်။
“ခင်ဗျား စောင့်နေလိုက်။ ကျုပ် စက်မှုလက်မှုနဲ့ ကူးသန်းရောင်းဝယ်ရေး ဦးစီးဌာနကို လွှတ်ပြီး ခင်ဗျားကို ဖမ်းခိုင်းမယ်။”
ကောင်လေးက ခါးခါးသီးသီး ပြောလိုက်သည်။
သို့သော် မကြာမီ သူ၏မျက်နှာမှာ ပို၍ပင် ပျက်ယွင်းသွားတော့သည်။ စက်မှုလက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး ဦးစီးဌာနကလည်း ဤကိစ္စသည် ဈေးကွက်စောင့်ကြည့် ကြီးကြပ်ရေးဗျူရို၏ စီရင်ပိုင်ခွင့်အောက်တွင် ရှိသည်ဟုဆိုကာ ထိုနေရာသို့ ဖုန်းဆက်ရန် ထပ်မံ လွှဲပြောင်းပေးခဲ့ပြန်သည်။
ယခုတစ်ကြိမ်တွင်မူ ကောင်လေးသည် ဘာမှမပြောတော့ဘဲ ဈေးကွက်စောင့်ကြည့်ကြီးကြပ်ရေးဗျူရိုသို့ ဖုန်းခေါ်ဆိုလိုက်သည်။ ခဏအကြာတွင် သူ၏မျက်နှာမှာ လုံးဝ အသက်ကင်းမဲ့သွားတော့၏။ ဗျူရိုက သူ့အား ပြည်သူ့ရဲတပ်ဖွဲ့ထံသို့ အရင်သွားရန် ပြောလိုက်သောကြောင့် ဖြစ်သည်။
“ဘယ်လိုလဲ။ ငါပြောသားပဲ။ မင်း ရဲတိုင်လည်း ငါမကြောက်ပါဘူးလို့။ တိုင်ဦးလေ...။”
သားရဲကုန်သည် လီရှုရှင်းက ပြုံးကာ ပြောလိုက်သည်။
“ကျုပ်ပိုက်ဆံ ပြန်ပေး။ မပေးရင် ကျုပ် ဒီမှာပဲ ထိုင်နေမယ်။ ဘယ်မှမသွားဘူး။”
ကောင်လေးမှာ မျှော်လင့်ချက် ကင်းမဲ့သွားကာ မြေကြီးပေါ်တွင် တန်းထိုင်ချလိုက်ပြီး အော်ဟစ်တော့လေသည်။
“ပြန်ပေး...ကျုပ်ပိုက်ဆံ ပြန်ပေး။”
“ငါနဲ့ ဘာမှမဆိုင်ဘူးလို့ မင်းကို ငါ ပြောပြီးပြီ။ ပြန်မပေးနိုင်ဘူး။ ဒါကြောင့် လက်လျှော့လိုက်တော့။”
လီရှုရှင်းက အေးစက်စွာ ပြောလိုက်သည်။
“ကျုပ် ဂရုမစိုက်ဘူး။ ခင်ဗျား ကျုပ်ပိုက်ဆံ ပြန်ပေးရမယ်။ အခု ပြန်ပေး။”
ကောင်လေးမှာ လုံးဝ စိတ်ပျက်အားလျော့နေပြီ ဖြစ်သည်။ ဤကျယ်ပြောလှသော လောကကြီးထဲတွင် ရေတွက်မရနိုင်သော လူအများအပြား ဝန်းရံထားသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ လက်ကမ်းကူညီရန် အလိုမရှိကြပေ။ သူသည် တစ်ဖက်လူကို ခြိမ်းခြောက်ရန်အတွက် အော်ဟစ်ခြင်းနှင့် အတင်းအကျပ် ဂျီကျခြင်းတို့ကိုသာ အားကိုးနိုင်တော့သည်။
ကောင်လေး၏ အော်ဟစ်သံများကြောင့် သားရဲကုန်သည် လီရှုရှင်းအနေဖြင့် စီးပွားရေး ဆက်လက်လုပ်ကိုင်ရန် မဖြစ်နိုင်တော့ပေ။ သူ၏မျက်နှာအမူအရာမှာ အေးစက်သွားပြီး မျက်ဝန်းထဲတွင် လူသတ်လိုစိတ် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားတော့သည်။
သူသည် ပစ္စည်းများကို သိမ်းဆည်းပြီး ထွက်ခွာရန် ဆုံးဖြတ်လိုက်၏။ သူ ဤနေရာတွင် ဆက်၍ အရောင်းအဝယ် လုပ်တော့မည်မဟုတ်ပေ။
သူသည် အလျား ခုနစ်မီတာ၊ အမြင့် သုံးမီတာခန့်ရှိသော အမြီးခြောက်ခု ညှို့ဓာတ်မြေခွေးကို ဆင့်ခေါ်ကာ ၎င်း၏ အနောက်ရှိ ဘီးတပ်သံလှောင်အိမ်ကြီးကို ဆွဲခိုင်းရင်း မြို့ပြင်သို့ ဦးတည်ထွက်ခွာတော့သည်။
“ခင်ဗျား သွားလို့မရဘူး။ ကျုပ်ပိုက်ဆံ ပြန်ပေးစမ်း။”
ကောင်လေးက မတ်တပ်ရပ်ကာ အော်ဟစ်လိုက်၏။
သို့သော် သားရဲကုန်သည် လီရှုရှင်းက သူ့ကို အေးစက်စွာဖြင့် တစ်ချက်သာ လှည့်ကြည့်လိုက်၏။ ၎င်းက ‘မင်း အခု ထွက်သွားရင် မနောက်ကျသေးဘူး’ ဟု ပြောနေသည့်အလားပင်။
သို့သော် ကောင်လေးက ဘယ်လိုလုပ် ထွက်သွားနိုင်ပါမည်နည်း။ ထိုပိုက်ဆံမှာ သူနှင့် သူ၏အစ်မတို့ ပိုင်ဆိုင်သမျှ စုဗူးထဲက ပိုက်ဆံအားလုံး ဖြစ်သည်။ အကယ်၍ ထိုပိုက်ဆံကို ပြန်မရပါက သူ၏အစ်မမှာ ရင်ကွဲနာကျပြီး သေဆုံးသွားနိုင်ပေသည်။
သူသည် ချက်ချင်းပင် နောက်က လိုက်သွားပြီး လမ်းတစ်လျှောက်လုံး ပိုက်ဆံပြန်ပေးရန် အော်ဟစ်လာခဲ့ရာ မကြာမီမှာပင် သူတို့နှစ်ဦးလုံး မြို့ပြင်သို့ ရောက်ရှိလာခဲ့ကြသည်။
“လူငယ်လေး...မင်း အပြင်မှာ တစ်ယောက်တည်း လျှောက်မပြေးတာ ပိုကောင်းမယ်။ သားရဲတွေနဲ့ တိုးရင် မလွယ်ဘူး။”
သားရဲကုန်သည် လီရှုရှင်းက စေတနာရှိဟန်ဖြင့် သတိပေးလိုက်သည်။
“ပိုက်ဆံပေး...ကျုပ် ပိုက်ဆံပေးရင် ကျုပ် ချက်ချင်း ထွက်သွားမယ်။”
ကောင်လေးက ဇွတ်တရွတ် တောင်းဆိုနေဆဲပင်။
“မင်း မသေချင်ရင် လစ်လိုက်တော့။”
လီရှုရှင်း၏ မျက်ဝန်းထဲတွင် အေးစက်သော အရိပ်အယောင်များ ဖြစ်ပေါ်လာပြီး အော်ငေါက်လိုက်၏။ သို့သော် သူသည် ကိုယ်ထိလက်ရောက် မလှုပ်ရှားသေးပေ။ အဘယ်ကြောင့်ဆိုသော် ပိုက်ဆံက သူ့လက်ထဲသို့ ရောက်ရှိနေပြီဖြစ်ရာ ဤကလေးအား တစ်ခုခုလုပ်လိုက်ပါက ပို၍ ပြဿနာတက်နိုင်သောကြောင့် ဖြစ်သည်။
ထို့နောက် သူသည် အမြီးခြောက်ခု ညှို့မြေခွေး၏ ကျောပေါ်သို့ ခုန်တက်ကာ မြေခွေး၏ကျောကို သာသာလေး ပုတ်ပေးလိုက်၏။ ချက်ချင်းပင် အမြီးခြောက်ခု ညှို့ဓာတ်မြေခွေးက အရှိန်တင်လိုက်တော့သည်။
“ခင်ဗျား ထွက်ပြေးလို့မရဘူး။”
သားရဲကုန်သည်မှာ အမှန်တကယ် ထွက်ပြေးရန် ကြိုးစားနေသည်ကို မြင်သောအခါ ကောင်လေးသည် ဘာကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ ရှေ့သို့ အတင်းတိုးဝင်ကာ သံလှောင်အိမ်ကြီးကို ဖမ်းဆွဲရန် ကြိုးစားလိုက်၏။
သို့သော် သူသည် မိမိကိုယ်ကိုယ် အထင်ကြီးလွန်းသွားခဲ့သည်။ ဝုန်းခနဲ အသံတစ်ခုနှင့်အတူ သူသည် လှည်းအောက်သို့ ရောက်ရှိသွားပြီး ဘီးက သူ၏ခေါင်းပေါ်မှ ကြိတ်ဖြတ်မောင်းနှင်သွားတော့သည်။ ဤဖြစ်စဉ်တစ်ခုလုံးမှာ သူ အော်ဟစ်ညည်းညူသံပင် မပြုနိုင်ဘဲ ချက်ချင်း ပြီးဆုံးသွားခဲ့၏။
“မင်းက တကယ့်ကို သေလမ်းရှာနေတာပဲ။”
လီရှုရှင်းသည် လှည်းကို အမြန်ရပ်တန့်လိုက်ပြီး ဆဲရေးတိုင်းထွာလိုက်၏။
သူ လှည့်ကြည့်လိုက်သောအခါ သူ၏ တည်ငြိမ်မှုများ လုံးဝ ပျက်စီးသွားတော့သည်။ ကောင်လေး၏ ဦးခေါင်းမှာ ကြေမွသွားပြီဖြစ်ရာ ကယ်တင်ရန် နည်းလမ်းမရှိတော့ပေ။
အကယ်၍ ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းတစ်ခုခုသာ ဖြစ်ပါက ပြန်လည်ကုသနိုင်သည့် အခွင့်အလမ်း အလွန်များသော်လည်း ဦးခေါင်းဖြစ်နေသည့်အတွက် မဖြစ်နိုင်တော့ပေ။ ဦးခေါင်း ပျက်စီးသွားပြီဆိုလျှင် နတ်ဘုရားတစ်ပါး ဆင်းသက်လာလျှင်ပင် ကယ်တင်နိုင်မည် မဟုတ်ချေ။
“တောက်... အမင်္ဂလာပဲကွာ။”
လီရှုရှင်းက ဒေါသတကြီး ဆဲဆိုလိုက်သည်။ သူ အလွန်ပင် စိတ်ရှုပ်ထွေးသွား၏။ ထိုကလေးက ဤမျှအထိ အရဲစွန့်ပြီး ဇွတ်တိုးဝင်ကာ အသက်ကို အလဟဿ စတေးလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
ယခုအခါ လူတစ်ယောက် သေဆုံးသွားပြီဖြစ်ရာ သူ အတော်လေး ဒုက္ခရောက်ပေတော့မည်။ ကံကောင်းထောက်မစွာဖြင့် ဤလမ်းပေါ်တွင် မည်သူမျှ ရှိမနေပေ။
သူ ဘာဆက်လုပ်ရမည်ကို စဉ်းစားနေစဉ်မှာပင် မိန်းကလေးငယ်တစ်ဦး အပြေးရောက်လာသည်ကို မြင်လိုက်ရ၏။ လှည်းအောက်မှ သွေးအိုင်များနှင့် သူမ၏မောင်ဖြစ်သူ၏ ရုပ်အလောင်းကို မြင်လိုက်ရသောအခါ သူမသည် မြေကြီးပေါ်သို့ လဲကျသွားကာ တရှုံ့ရှုံ့နှင့် ကြေကွဲဝမ်းနည်းစွာ ငိုကြွေးတော့သည်။
“ငါ သတ်တာမဟုတ်ဘူးနော်။ သူဘာသာသူ သေချင်လို့ တိုးဝင်လာတာ။”
မိန်းကလေးကို မြင်မြင်ချင်း လီရှုရှင်းသည် တုံ့ဆိုင်းမနေဘဲ ရဲတပ်ဖွဲ့ထံ ချက်ချင်း ဖုန်းဆက်ရန် ရွေးချယ်လိုက်သည်။
ရဲများသည် ချက်ချင်းပင် ရောက်ရှိလာပြီး အခင်းဖြစ်ပွားရာနေရာကို စစ်ဆေးကာ အခြေအနေကို မေးမြန်းကြတော့သည်။
“သူက ကျွန်မ မောင်လေးကို သတ်လိုက်တာပဲ။ ပြီးတော့ သူ့ဆီက ပိုက်ဆံတွေကိုလည်း လိမ်လည်လှည့်ဖြားသွားခဲ့သေးတယ်။”
မိန်းကလေးက လည်ချောင်းကွဲမတတ် အော်ဟစ်ပြောဆိုလိုက်သည်။
“ဒါက သူ့ဘာသာသူ လှည်းအောက်ကို တိုးဝင်သွားတာပါ။ ကျွန်တော်နဲ့ လုံးဝမဆိုင်ပါဘူး။”
သားရဲကုန်သည် လီရှုရှင်းက ပြောလိုက်သည်။
ရဲတပ်ဖွဲ့တွင် စုံစမ်းစစ်ဆေးရေးအတွက် အထူးလေ့ကျင့်ထားသော သားရဲများ ရှိကြ၏။ ၎င်းတို့၏ စစ်ဆေးဆန်းစစ်ချက်များအရ ကောင်လေးသည် မိမိအမှားကြောင့် ဖြစ်ပွားခဲ့သော မတော်တဆမှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ လီရှုရှင်းတွင်မူ ဒုတိယအဆင့် တာဝန်ရှိရုံသာရှိပြီး လျော်ကြေးငွေ ၂ သိန်းခန့်သာ ပေးဆောင်ရန် လိုအပ်သည်။
“အရင်ဆုံး စစ်ဆေးချက်ပေးဖို့ ငါနဲ့အတူ လိုက်ခဲ့ပါ။ ပြီးရင် ယာဉ်တိုက်မှုဆိုင်ရာ တာဝန်ရှိမှု ဆုံးဖြတ်ချက်လက်မှတ် ထွက်လာတဲ့အထိ စောင့်ပြီးမှ ဆက်လက်ဖြေရှင်းတာပေါ့။”
“သူက သားရဲအတုကို သုံးပြီး ကျွန်မမောင်လေးဆီက ပိုက်ဆံတွေကို လိမ်သွားခဲ့တာပဲ။ အဲဒီလိုသာ လိမ်မသွားခဲ့ရင် ဒီလိုကိစ္စမျိုး ဖြစ်လာမှာ မဟုတ်ဘူး။ သူက တရားခံပဲ။”
မိန်းကလေးက အော်ဟစ်ငိုယိုကာ ပြောရှာသည်။ သူမ မွေးမြူရေးဂေဟာသို့ ခဏ ပြန်သွားပြီး ပြန်ရောက်လာချိန်တွင် သူမ၏ မောင်လေးနှင့် ထာဝရ ခွဲခွာသွားရလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ ထိုပြင်းထန်သော ရိုက်ခတ်မှုကြောင့် သူမ အသက်ရှူရန်ပင် ခက်ခဲနေခဲ့သည်။
“အဲဒီကိစ္စအတွက်ကတော့ မင်း ပြည်သူ့ရဲတပ်ဖွဲ့ဆီ သွားပြီး သက်သေအထောက်အထားတွေ ရှာဖွေစုံစမ်းခိုင်းရလိမ့်မယ်။ ငါက ယာဉ်ထိန်းရဲသက်သက်ပဲ။”
ယာဉ်ထိန်းရဲက ရှင်းပြပြီးနောက် သူတို့နှစ်ဦးကို ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲသို့ ခေါ်ဆောင်သွားခဲ့သည်။ နှစ်ရက်အကြာတွင် မတော်တဆမှု တာဝန်ရှိမှု ဆုံးဖြတ်ချက်လက်မှတ် ထွက်လာခဲ့ပြီး လီရှုရှင်းအနေဖြင့် လျော်ကြေးငွေ ၂ သိန်း ပေးလျော်ရန် သတ်မှတ်ခြင်း ခံခဲ့ရလေသည်။
မိန်းကလေးသည် သဘာဝအတိုင်း မကျေမနပ်ဖြစ်နေသော်လည်း ဤကိစ္စကို အမှုဖွင့်ရန် သက်သေအထောက်အထား မလုံလောက်သဖြင့် ရဲစခန်းသို့ အကြိမ်ကြိမ် သွားရောက်တိုင်ကြားခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။
“ငါ မင်းကို ပိုက်ဆံပေးပြီးပြီလေ။ မင်းက ဘာထပ်လိုချင်သေးတာလဲ။”
လီရှုရှင်းသည် သူ့နောက်မှ နှုတ်ဆိတ်စွာ လိုက်ပါလာသော မိန်းကလေးကို လှည့်၍ အော်ဟစ်လိုက်၏။ လွန်ခဲ့သည့် သုံးရက်လုံးလုံး ဤမိန်းကလေးသည် သူသွားလေရာ နောက်မှ တစ်ဖဝါးမခွာ လိုက်ပါနေခဲ့သည်။ သူ ထမင်းစားသည်ဖြစ်စေ၊ အိပ်စက်သည်ဖြစ်စေ သူမသည် သူ့ကို လူသေတစ်ဦးအား ကြည့်နေသည့်အလား စိုက်ကြည့်နေခဲ့သည်။
မိန်းကလေးက ဘာမှမပြောပေ။ သူမသည် သူ့ကို တိတ်တဆိတ် စိုက်ကြည့်ရင်း အနောက်မှ ဆက်လက်လိုက်ပါနေ၏။
“ကောင်းပြီလေ...။ မင်း ငါ့နောက်ကို လိုက်ရတာ သဘောကျနေမှတော့ လိုက်ချင်သလောက် လိုက်ခဲ့စမ်း။”
လီရှုရှင်းသည် မိန်းကလေးကို ခြေဆုံးခေါင်းဆုံး ကြည့်ကာ လှောင်ပြုံးပြုံးလိုက်ပြီး မြို့ပြင်သို့ ထွက်ခွာရန် ခြေလှမ်းပြင်လိုက်တော့သည်။
ဤတစ်ကြိမ်တွင်မူ သူသည် မြို့ထဲသို့ ဦးတည်သွားနေခြင်း မဟုတ်ဘဲ တောရိုင်းထဲသို့ ဦးတည်သွားနေခြင်း ဖြစ်သည်။