← Chapters

ထာဝရကလန်ကို အပြစ်တင်ခြင်း (၂)

Vol. 95 Ch. 1303

ထာဝရကလန်ကို အပြစ်တင်ခြင်း (၂)

Vol. 95 Ch. 1303

လုယန်ကုံးသည် အသက်ခပ်ဝဝရှုသွင်းကာ လုယန်ဖေကို ခေါင်းညိတ်ပြ၏။ ထို့နောက် သူက စကားတစ်ခွန်းမှ မဆိုဘဲ ပွဲကြည့်စင်ထံသို့ ဦးဆောင်၍ လှမ်းသွား၏။ လုယန်ဖေလည်း ပွဲကြည့်စင်ထံ ပျံသန်းလိုက်လာသည်။

သူတို့နှစ်ယောက် တစ်ယောက်က အမျိုးသားဖြစ်၍ သူ့ထံမှ ကျက်သရရှိမှုနှင့် လေးနက်မှုကို ပေးစွမ်း၏။ အမျိုးသမီးဖြစ်သူကတော့ အားနည်း၏။ သို့သော် သူမသည် လှပသလို ပြတ်သားပေသည်။ သည်အခိုက်အတန့်၌ သူတို့အတူ လှုပ်ရှားလာသည့်အခါ မမြင်ရသောစွမ်းအားတစ်ခု ဖြစ်ပေါ်သည်။

မူပင်းမေသည်ပင် သက်ပြင်းမချမိဘဲ မနေနိုင် ဖြစ်ရ၏။ လုယန်ကုံး၏ စကားလုံးများအရ သူ့ကို တိမ်ပင်လယ်၏ ပါရမီရှင်တစ်ယောက်ဟု မှတ်ယူလို့ ရသည်။ မူပင်းမေအပြင် သူမဘေးရှိ ဝမ်ရှန်ရှန်ကပါ သူမ၏လှပသောမျက်လုံးများဖြင့် လုယန်ကုံးကို ကြည့်ရှုလေ၏။

လုယန်ကုံးက ပွဲကြည့်စင်သို့ ခပ်မြန်မြန် ရောက်ရှိလာ၏။ ခဏတာ တုံ့ဆိုင်းပြီးနောက် သူက ပြောလာသည်။ “တပည့်လုယန်ကုံးက ကလန်ခေါင်းဆောင်နဲ့ အကြီးအကဲတွေကို နှုတ်ဆက်ပါတယ်…” သူ ထိုသို့ပြောနေရင်း ဘေးပတ်ဝန်းကျင်ကို ကြည့်၏။ သူက မူပင်းမေနှင့် ဝမ်ရှန်ရှန်တို့ကို မြင်သည်။ ထိုအခါ လုယန်ကုံးသည် တစ်ခဏတာ မိန်းမောသွားမိ၏။

လုယန်ဖေကတော့ လုယန်ကုံးဘေးနားတွင် ပါလာ၏။ သူမက တလေးတစား ဦးညွတ်၍ တိုးညင်းစွာ ပြောသည်။ “တပည့်လုယန်ဖေက ကလန်ခေါင်းဆောင်နဲ့ အကြီးအကဲတွေကို နှုတ်ဆက်ပါတယ်…”

ပွဲကြည့်စင်ပေါ်ရှိ လူအများစုက လုယန်ဖေကို မကြည့်ကြပေ။ ထိုအစား သူတို့က လုယန်ကုံးကိုသာ အသိအမှတ်ပြုဟန်ဖြင့် ကြည့်ကြ၏။ သက်လတ်ပိုင်းလူကျိုးက လုယန်ကုံးကို သဘောကျဟန်ဖြင့် ကြည့်၏။

“လုယန်ကုံး…မင်းပြောခဲ့လူဟာ မူလကလန်က လုဇီဟောင်လား…”

ကလန်ခေါင်းဆောင် ဆံဖြူအဘိုးအို၏ အသံသည် တည်ငြိမ်၏။ သို့သော် မမြင်ရသောဖိအားကို ပေးစွမ်းလို့နေ၏။ သူ့နိဗ္ဗာနဖြိုခွဲခြင်းအထွတ်အထိပ်စွမ်းအားက ပျံ့နှံ့လာ၏။ သို့သော် ကြည့်ရသည်မှာ ဤစွမ်းအားက သူ့ကျင့်ကြံမှုအစစ်အမှန် ဟုတ်ပုံ မရပေ။

လုယန်ကုံးက အနည်းငယ်စဉ်းစားပြီးနောက် တိုးညင်းစွာ ပြော၏။ “တပည့်က ဒီလူရဲ့ နာမည်ကို မသိပါဘူး။ ဒါပေမဲ့ တပည့်ခန့်မှန်းမိသလောက် သူဟာ လုဇီဟောင်ပဲ ဖြစ်မှာပါ…”

ဆံဖြူအဘိုးအိုက လုယန်ကုံးကို တည်ငြိမ်စွာ ကြည့်၍ မေး၏။ “အဲ့လူရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက်လဲ…”

“နိဗ္ဗာနသန့်စင်ခြင်းအစောပိုင်းအဆင့်ပါ…။ ဒါပေမဲ့…” လုယန်ကုံးက အနည်းငယ် တုံ့ဆိုင်းသွား၏။ ထို့နောက်မှ သူက ဆက်ပြောသည်။ “တပည့်က သူ့ကျင့်ကြံမှုအဆင့်က နိဗ္ဗာနသန့်စင်ခြင်းအစောပိုင်းအဆင့်လို ခံစားမိပေမဲ့ သူ့ရဲ့ ကျင့်ကြံမှုအစစ်အမှန်ကိုတော့ ဖြတ်မြင်နိုင်စွမ်း မရှိဘူးလို့ ယူဆမိပါတယ်…”

သူ ထိုသို့ပြောလိုက်သည့်နောက် ထာဝရကလန်မှလူများသည် တစ်ယောက်နှင်တစ်ယောက် ကြည့်လိုက်ကြသည်။ ဆံဖြူအဘိုးအိုက အနည်းငယ် စဉ်းစားပြီးနောက် ပြောလာသည်။ “ဒီလူနဲ့ မင်း ဘယ်လိုမျိုး တွေ့ဆုံခဲ့တာလဲ။ ငါတို့ကို အသေးစိတ် ပြောပါ…”

လုယန်ကုံးက ခေါင်းညိတ်၏။ သူက ပြောပြလာသည်။ “သူဟာ တပည့်ရဲ့ သားမိုက်ကို သတ်ပစ်ခဲ့ပါတယ်…”

သူ ထိုသို့ စပြောရုံရှိသေး ပွဲကြည့်စင်ထက်ရှိ လူများသာမက နားထောင်နေသူတိုင်းမှာ တစ်ခဏတာ မင်သက်သွားကြ၏။

“တပည့်ရဲ့ သားမိုက်က မကောင်းတာပါ။ သူ အသတ်ခံလိုက်ရတာ အဆင်ပြေပါတယ်။ ဒါပေမဲ့လည်း အဖေတစ်ယောက်အနေနဲ့ ငါက သူ့ကို သတ်တဲ့သူကို သွားတွေ့ဖို့တော့ လိုတယ်။ ဒါ့ကြောင့် ငါဟာ မူလကလန်ရှိ သွားခဲ့တယ်။ လမ်းမှာ ရောင်းရင်းကျင့်ကြံသူလီနဲ့ တွေ့ခဲ့ပြီးတော့ ငါတို့အတူ မူလကလန်ရှိ ဆက်သွားခဲ့ကြတယ်…”

လုယန်ကုံးသည် သူ ဝမ်လင်းနှင့်တွေ့ခဲ့ရချိန်က အဖြစ်အပျက်များကို ပြန်စဉ်းစား၍ ပြောနေ၏။ သူက လီချန်မေ၏မေးခွန်းသုံးခု အပါအဝင်၊ ဝမ်လင်းက ထိုမေးခွန်းများကို ဖြေခဲ့ပုံတို့ကို ပြောပြလာ၏။ ကောင်းကင်ဘုံက မည်သို့နည်း ဆိုသော အမေးအတွက် စက်ဝန်းတစ်ခု ဆိုသည့်အဖြေမှာ လူတိုင်းကို လှုပ်ရှားသွားစေ၏။

ထာဝရကလန်၏အကြီးအကဲများအားလုံးလည်း တုန်လှုပ်မိသွား၏။ ဆံဖြူအဘိုးအိုက အနည်းငယ် စဉ်းစားသည်။ ထို့နောက် သူ့မျက်လုံးက တောက်ပလာခဲ့သည်။

“ကောင်းကင်ဘုံကို စက်ဝန်းတစ်ခုလို့ မြင်တဲ့ စိတ်ကူးဉာဏ်ဟာ ကောင်းမွန်လှပေတယ်။ ဒီလူရဲ့ တာအိုအပေါ်နားလည်မှုက မင်းတို့အပေါ် အများကြီး ဖိနှိပ်ထားနိုင်တယ်…”

ဝမ်ရှန်ရှန်က လုယန်ကုံး၏စကားများကို နားထောင်နေလျက် ပြောလာ၏။ “ငါတို့တိမ်ပင်လယ်မှာ ဒီလိုမျိုး အရည်အသွေးရှိတဲ့သူ တစ်ယောက် ရှိနေလိမ့်မယ်လို့ ငါ မထင်ထားမိခဲ့ဘူး။ ဒါပေမဲ့ အရင်က ငါ သူ့အကြောင်း လုံးဝ မကြားဖူးဘူး…”

“ငါ အစ်ကိုလုနဲ့ တာအိုဆွေးနွေးပြီးတဲ့နောက်မှာ ငါ့နားလည်မှုဉာဏ်အလင်းက အတော်လေး နက်ရှိုင်းလာခဲ့တယ်။ ငါဟာ သူ့ကို အတော်လေး လေးစားမိတယ်။ ငါ ဒီကို လာခဲ့တာ သူနဲ့များ ထပ်တွေ့မလားဆိုတဲ့ မျှော်လင့်ချက်လည်း ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့…” လုယန်ကုံးက သက်ပြင်းချ၏။

လူတိုင်းသည် ဤစကားကို ကြားသည့်အခါ သူတို့သည် လီချန်မေက သည်နေရာသို့ ဘာကြောင့်ရောက်လာရသနည်းနှင့် မူလကလန်ကို ကူညီခဲ့သည့် အကြောင်းတို့ကို နားလည်သွားကြလေ၏။

“မူလကလန်မှာ ဒီလိုမျိုးလူ ပေါ်ထွက်လာလိမ့်မယ်လို့ ငါ မထင်ထားမိခဲ့ဘူး…” ဖန်ဟိုင်က တိတ်ဆိတ်စွာ ရှိနေသော လုယန်ဖေကို ကြည့်၍ ဝမ်းနည်းသလို ခံစားမိ၏။

“လုယန်ဖေ…ဒီလူဟာ မူလကလန်ရဲ့ ဘိုးဘေးဆိုတာ တကယ်လား…”

ထိုသို့မေးလိုက်သူက ထာဝရကလန်၏ ကလန်ခေါင်းဆောင်ဆံဖြူအဘိုးအိုပင်။

ပထမဆုံးအကြိမ်အဖြစ် လုယန်ဖေသည် မေးခွန်းထုတ်တာ ခံရ၏။ သို့သော် သူမက တုံ့နှေးမနေဘဲ ခပ်တိုးတိုး ပြောသည်။ “ဟုတ်ပါတယ်။ ဆရာဦးလေးဟာ လောကအနှံ့ ခြေဆန့်နေပြီး မူလကလန်ကို ကယ်တင်ပေးဖို့ ပြန်ရောက်လာခဲ့တာပါ။ သူ အထိုင်ကျနေခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ရောင်းရင်းကျင့်ကြံသူလုနဲ့ တွေ့ဆုံပြီးတဲ့နောက်မှာတော့ သူဟာ နောက်တစ်ကြိမ် ခရီးထပ်ထွက်သွားပါတယ်။ သူ ဘယ်ကို သွားလဲတော့ ဘယ်သူမှ မသိပါဘူး…”

“ကျင့်ကြံသူတစ်ယောက်အတွက် တာအိုကို နားလည်နိုင်ဖို့ လောကအနှံ့ ခြေဆန့်ဖို့ လိုတာပဲ။ သူက ကိစ္စတော်တော်များများကို ရှောင်ဖယ်နေတတ်ပြီး တာအိုကို နားလည်ဖို့အတွက်သာ လုပ်ဆောင်နေတာလား…”

ထိုသို့ပြောလိုက်သည့်သူက သက်လတ်ပိုင်းလူကျိုးပင်။ သူက နောင်တရမိသလို ခံစားမိ၏။

“နင့်ရဲ့ ဆရာဦးလေး ဒီကို လာမှာလား…” ဆံဖြူအဘိုးအိုက ထပ်မေး၏။ သူက လုယန်ကုံး၏ ပြောစကားကို ကြားလိုက်ရသည့်နောက် သူသည် ပို၍ပင် စိတ်ဝင်စားလာခဲ့သည်။ ထိုလူက မူလကလန်ကို ပိုင်ဆိုင်လျှင်ပင် တကယ်တော့ မူလကလန်ဟာ ထာဝရကလန်၏ လက်အောက်ခံကလန်တစ်ခု မဟုတ်လား။ အဆုံးသပ်၌ ထိုလူသည် ထာဝရကလန်၏ တပည့်တစ်ယောက်သာ ဖြစ်နေဆဲပင်။

“ဆရာဦးလေး ထွက်သွားတဲ့အခါမှာ သူ ပြန်လာခဲ့မယ်လို့ ပြောခဲ့ပါတယ်…” လုယန်ဖေ၏အသံက နူးညံ့သလို တိုးလျသည်။ သို့သော် သူမ၏စကားလုံးများတွင် ပြတ်သားမှုတို့ ပြည့်နှက်၏။

“ကောင်းတယ်…။ ဒီလိုဆိုမှတော့ သူ့ကို စောင့်ကြတာပေါ့။ ဒီအဘိုးအိုက လုဇီဟောင်ဟာ ဘယ်လိုလူစားမျိုးလဲ ဆိုတာ ကြည့်ချင်မိတယ်။ သူ ပြန်ရောက်လာခဲ့ရင် နင်တို့မူလကလန်နဲ့ ခရမ်းရောင်တာအိုကလန်ကြားက ပြိုင်ပွဲ စမယ်…။ အကြီးအကဲဖန်…အဆင့်ခြောက်ကလန်တွေ ပြိုင်ပွဲကို စတင်ဖို့ ပြောလိုက်တော့…”

အဆင့်ခြောက်ကလန်များ၏ တရားဝင်ပြိုင်ပွဲ စလေ၏။ တုန်ဟည်းသံများ ပဲ့တင်ထပ်နေသည်။ သို့ရာတွင် သူတို့သည် များစွာ အာရုံစိုက်ခံရခြင်း မရှိတော့ပေ။ လူတိုင်းက ထာဝရကလန်၏ ပွဲကြည့်စင်ထက်သို့သာ အာရုံရောက်နေကြသည်။

“ရောင်းရင်းကျင့်ကြံသူမူ…သင်လည်း ဒီအကြောင်းကို ကြားလိုက်တာပဲ။ ဒီလုဇီဟောင်ကရော သင် ပြောခဲ့တဲ့သူနဲ့ ယှဉ်နိုင်ရဲ့လား…” သက်လတ်ပိုင်းလူကျိုးက လှမ်းကြည့်၍ ပြုံး၏။

မူပင်းမေသည် လုယန်ကုံး၏စကားများကို နားထောင်နေရင်း တိတ်ဆိတ်စွာ စဉ်းစားနေ၏။ သူမသည် အထွန်ထူးဆန်းသောခံစားမှုတစ်ခုကို ရနေသည်။ ကြည့်ရသည်မှာ လုယန်ကုံးပြောသည့် လုဇီဟောင်ဆိုသောသူကို သူမ ရင်းရင်းနှီးနှီး ရှိသလို ခံစားမိခြင်းပင်။

သူမက သက်လတ်ပိုင်းလူ၏စကားကို ပြန်မတုံ့ပြန်ပေ။ထိုအစား လုယန်ကုံးကို ကြည့်ကာ မထူးခြားနားစွာ မေး၏။ “ဒီလုဇီဟောင်ရဲ့ ပုံပန်းသဏ္ဌာန်ကို ငါ့ကို ပြောပြနိုင်မလား…”

လုယန်ကုံးက မူပင်းမေကို ကြည့်၏။ သူ့စိတ်နှလုံးမှာ တစ်ချက် ခုန်ပေါက်သွားမိသည်။ သူက သူမ၏စကားကို ကြားရည့်အခါ ခေါင်းညိတ်ပြ၏။ “ဒီလူဟာ ဆံပင်ဖြူ ပိုင်ဆိုင်ထားပြီး အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ရတာ သဘောကျတဲ့ပုံ ရပါတယ်…”

ထိုစကားများကို ပြောပြီးနောက် လုယန်ကုံးသည် ပြုံး၍ သူ့လက်ကိုဝေ့ယမ်းသည်။ ထိုအခါ သူ့သိုလှောင်နေရာလွတ်ပေါ်လာ၏။ သူ့လက်ထဲသို့ ကျောက်စိမ်းပြားတစ်ခု ပေါ်လာကာ သူသည် ဝမ်လင်း၏ပုံရိပ်ကို ခပ်မြန်မြန် ရေးဆွဲခပ်နှိပ်သည်။

ထို့နောက် သူက မူလစွမ်းအင်ကို ၎င်းကျောက်စိမ်းပြားအတွင်းသို့ ထည့်သွင်းရာ ကျောက်စိမ်းပြား ပေါက်ကွဲထွက်သွားသည်။ အစိတ်စိတ်အမွှာအမွှာ ဖြစ်သွားလျက် ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။

ထိုပုံရိပ်သည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ ဆံပင်အဖြူ ပိုင်ဆိုင်ထား၏။ သူ့မထူးခြားနားဟန်ပန်က‌ အထီးကျန်မှုကို ဖော်ညွှန်းသည်။ သို့သော် သူ့ဘေးပတ်လည်၌ ဖော်ပြလို့မရသော ကိုယ်ရောင်ကိုယ်ဝါတစ်ခု ရစ်သိုင်းနေသည်။

သူ့ပုံရိပ်ပေါ်လာသည်နှင့် ထာဝရကလန်မှ အကြီးအကဲများသည် ယင်းပုံရိပ်ကို စူးစိုက် ကြည့်ကြသည်။ သူတို့ထဲမှ နှစ်ယောက်သည် မတ်တပ်ပါ ထရပ်ကာ ဤပုံရိပ်ကို ကြည့်၍ အံ့အားတသင့် ဆို၏။ “သူပဲကို…”

မူပင်းမေက ထိုပုံရိပ်ကို တွေ့မြင်သည့်အခါ သူမ၏ခန္ဓာကိုယ်သည် တုန်ယင်သွား၏။ သူမသည် စိတ်လှုပ်ရှားမိလာသည်။ သို့သော် စိတ်လှုပ်ရှားမှုကို အလျှင်အမြန် ပြန်ဖိနှိပ်ထား၏။ ထို့နောက် ရှင်းပြရန်ခက်ခဲသော ဝမ်းနည်းမှုတစ်ခု အစားထိုးဝင်ရောက်လာသည်။

အထီးကျန်လူတစ်ယောက်ဟာ တစိမ်းနယ်မြေမှာ ချစ်ခင်သူတစ်ယောက်ကို တွေ့မြင်ရသကဲ့သို့ပင်။ သူမသည် အောက်နှုတ်ခမ်းကို ကိုက်ကာ မင်သက်မိနေ၏။

လုယန်ဖေသည် ထိုပုံရိပ်ကို ကြည့်ကာ စိတ်ရှုပ်ထွေးမိ၏။ သူမ၏စိတ်နှလုံးမှာ ခါးသက်နေသည်။

လုယန်ကုံးသည်ပင် မင်သက်မိ၏။ သူ ဘာမှ မပြောနိုင်ခင်မှာပင် ပြိုင်ပွဲစင်၏မြောက်ဘက်စွန်းမှ အလင်းတန်းတစ်ခု ရုတ်တရက် ပျံသန်းလာ၏။ ထိုအလင်းတန်းသည် နှစ်ရာချီ သတ်ဖြတ်မှုကို သယ်ဆောင်ထားသည်။ ယင်းအလင်းတန်းက ကျယ်လောင်စွာ မြည်ဟိန်းစေပြီးနောက် ထာဝရကလန်၏အကြီးအကဲများ ထိုင်နေသော ပွဲကြည့်စင်သို့ ရောက်လာကာ လီချန်မေ၏အသွင်ဟန်ပန် ထွက်ပေါ်လာသည်။ သူမ၏အကြည့်က မတ်တပ်ထရပ်သော ထာဝရကလန်၏ အကြီးအကဲနှစ်ယောက်ထံ ကျရောက်လာ၏။

“သင်တို့နှစ်ယောက် သူ့ကို တွေ့မြင်ခဲ့တာလား…” လီချန်မေ၏အသံက တည်ငြိမ်၏။ သို့သော် သူမဘာသာ သတိမပြုမိဘဲ အနည်းငယ် တုန်ယင်လို့နေသည်။ သူမရှေ့ရှိ ပုံရိပ်ကို ကြည့်ကာ သူမစိတ်ထဲ၌ စိတ်စွဲလမ်းမှုတစ်ခု ရှိလာ၏။ ထိုစွဲလမ်းမှုအတွက် သူမသည် နတ်ဆိုးကလန်၏ အပြစ်ပေးမှာကိုပါ တွေဝေခြင်းမရှိ လက်ခံခဲ့ပြီး ဤနေရာသို့ အရောက်လာခဲ့သည် မဟုတ်လား။

နှစ်တစ်ရာသည် မကြာလွန်းသလို တိုတောင်လှခြင်းလည်း မရှိပါ။ လီချန်မေက ထိုရှင်းပြရန်ခက်သော ခံစားချက်က မည်သို့မည်ပုံ ဖြစ်သည်ဟု နားမလည်ပေ။ ဒီနှစ်တစ်ရာလုံး တိုက်ခိုက်နေခဲ့စဉ် သူမ တိုက်ပွဲကွင်းပြင်ကနေ ထွက်လာပြီး ဒဏ်ရာရကာ မောပန်းတိုင်းတွင် သူ့ပုံရိပ်က သူမ၏ စိတ်သဏ္ဌာန်တွင် ပေါ်ပေါ်လာခဲ့ပေသည်။

လီချန်မေ၏ ရောက်ရှိလာမှုက ဝမ်ရှန်ရှန်ကို မတ်တပ်ထရပ်လာစေ၏။ သူမက စကားပြောရန် ပြင်၏။ သို့သော် လီချန်မေ၏အခြေအနေကို သတိပြုမိသည့်အခါ အခုချိန်က စကားပြောရန် အချိန်အခါ မဟုတ်သေးမှန်း သိသွားကာ အတွေးတစ်ခု သူမစိတ်ထဲတွင် ပေါ်လာသည်။

ပထမဆုံးအကြိမ်အဖြစ် မူပင်းမေက လီချန်မေကို ကြည့်လာ၏။ လီချန်မေ၏ လှပမှုနှင့်တည်ငြိမ်မှုက သူမစိတ်ထဲရှိ ခါးသီးမှုကို အနည်းငယ်ပို မြင့်တက်လာစေခဲ့၏။ သူမသည် အောက်နှုတ်ခမ်းကိုသာ ဖိကိုက်၍ တိတ်ဆိတ်စွာသာ နေမိသည်။

ထာဝရကလန်၏ ကလန်ခေါင်းဆောင်မှာ မျက်မှောင်ကြုတ်သွားသည်။ သူက မတ်တပ်ထရပ်သော အကြီးအကဲနှစ်ယောက်ကို လှမ်းကြည့်သည်။

အကြီးအကဲနှစ်ယောက်ထဲမှ တစ်ယောက်သည် တုန်လှုပ်၍ပင် နေ၏။ သူက အသက်ဝဝရှုသွင်းကာ ပြောလာသည်။ “ငါ သူ့ကို လုဇီဟောင်ရယ်လို့တော့ မသိပါဘူး။ ဒါပေမဲ့လည်း လုယန်ကုံး ပြောတာ တစ်ခုခုတော့ မှားနေပြီ။ ဒီလူဟာ ဘယ်လိုလုပ် နိဗ္ဗာနသန့်စင်ခြင်းအဆင့် ဖြစ်နိုင်ပါ့မလဲ။ ငါဟာ တပည့်အချို့ကို ခေါ်ပြီး ဗရမ်းဗတာသားရဲမြူနယ်မြေမှာ လေ့ကျင့်ဖို့ ခေါ်သွားခဲ့တဲ့အချိန်တုန်းက ဒီလူဟာ အဆင့်ဆယ့်တစ် မီးကင်းခြေများတွေကို အလွယ်တကူ သတ်ခဲ့ပြီး အဆင့်ဆယ့်နှစ်မီးကင်းခြေများ တစ်ကောင်ကိုလည်း ဒဏ်ရာအပြင်းအထန် ရစေခဲ့တာကို တွေ့မြင်ခဲ့ဖူးတယ်။ သူသာ ဒဏ်ရာ မရထားခဲ့ဘူးဆိုရင် ငါတောင် သူနဲ့ မယှဉ်နိုင်မှာ စိုးမိတယ်…”

သူ ထိုသို့ပြောလိုက်သည့်နောက် ထာဝရကလန်၏အကြီးအကဲအားလုံးသည် တုန်လှုပ်ကုန်ကြ၏။ တခြားတစ်ယောက်ယောက်ကသာ ထိုကဲ့သို့ ပြောလာခဲ့ပါက သူတို့သည် ယုံချင်မှ ယုံပေမည်။ သို့သော် အခု ပြောသည့်သူက အမြဲလိုလိုတည်ငြိမ်စွာ နေတတ်သော အကြီးအကဲ ဝူထျန် ဖြစ်နေပေ၏။

“ဒီတော့ အကြီးအကဲဝူလည်း ဒီလူ့ကို တွေ့မြင်ခဲ့တာပေါ့။ ဒီအဘိုးအိုကတော့ သူ့ မျက်နှာကို မမြင်ခဲ့ရဘူး။ ဒါပေမဲ့ ငါက သူ့ပုံရိပ်ကိုတော့ တွေ့မြင်ခဲ့ဖူးတယ်။ အစောပိုင်းတုန်းက အဆင့်ခြောက်နဲ့ခုနစ်ဒေသတွေကနေ တင်ပြလာတဲ့ သတင်းတွေကို ဒီအဘိုးအို လက်ခံရခဲ့တယ်။ တစ်ယောက်ယောက်က အဆင့်ငါးဒေသကနေ အဆင့်ခြောက်ဒေသကို ဖြတ်သန်းလာတယ်ပေါ့။ သူ့အမြန်နှုန်းကလည်း တုန်လှုပ်ဖွယ်ကောင်းလှပြီး နိဗ္ဗာနဖြိုခွဲခြင်းအထွတ်အထိပ်အဆင့် ဒါမှမဟုတ် ကောင်းကင်ဘုံဒုက္ခပထမအဆင့် ကျင့်ကြံသူတွေလောက်ကို မြန်ဆန်တယ်တဲ့။ သူဟာ မရေမတွက်နိုင်တဲ့ ကုန်းမြေတွေကို ကျော်ဖြတ်လာခဲ့ပြီး ဘယ်သူကမှ သူ့ကို မတားဝံ့ခဲ့ကြဘူး…”

“သူဟာ အဆင့်ခြောက်ဒေသကနေလည်း အဆင့်ခုနစ်ဒေသထဲ ဝင်ရောက်ဖို့အတွက် အကာအကွယ်အစီအရင်ကို ချိုးဖျက်ခဲ့တယ်။ ကလန်ခွဲတစ်ခုက နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူသုံးယောက်က သူ့ကို တားဖို့ ကြိုးစားခဲ့ကြသေးတယ်။ ဒီလူဟာ စစ်စိတ်ဝိညာဉ်လက်ဝါးကို အသုံးပြုခဲ့ပြီး အရိုင်းကုန်းမြေတော်တော်များများကိုလည်း ဖျက်စီးပစ်ခဲ့တယ်။ သူ ဖြတ်သန်းသွားနိုင်ဖို့အတွက် လူတော်တော်များများကလည်း အလျင်အမြန် လမ်းဖယ်ပေးခဲ့ရတယ်။ သူဟာ လမ်းတစ်လျှောက်လုံး အဆင့်ရှစ်ဒေသဆီ ဦးတည်ဖြတ်သန်းလာခဲ့တာ…”

သူ ထိုသို့ပြောလိုက်သည့်နောက် လူတိုင်းသည် ပို၍ တုန်လှုပ်ကုန်ကြသည်။

***

All Chapters