ထာဝရကလန်ကို အပြစ်တင်ခြင်း (၃)
Vol. 95 Ch. 1304
ထိုစကားကို ကြားလိုက်ရသည့်အခါ မူပင်းမေ၏မျက်ဝန်းမှာ လင်းလက်သွား၏။ သူမစိတ်ထဲ၌ ခါးသက်သက် မပြုံးမိဘဲ မနေနိုင် ဖြစ်ရသည်။ သူ(ဝမ်လင်း) သွားရောက်သည့် ဘယ်နေရာတွင်မဆို သူသည် အမြဲလိုလို တုန်လှုပ်ဖွယ်အချို့အား ပြုလုပ်တတ်ပေသည်။
လီချန်မေသည်လည်း ဂရုတစိုက် နားထောင်နေ၏။ သူမသည် အောက်နှုတ်ခမ်းကို ကိုက်ထားလျက် ရှိသည်။ သို့သော် သူမမျက်ဝန်းတို့မှာ တောက်ပလျက် ရှိသည်။ သူမသည် ပြုံး၍ ကောင်းကင်ထက်သို့ ကြည့်နေသည်။ သူမ အလွန်ပျော်နေ၏။
လုယန်ဖေ၏စိတ်မှာ ဗလာကျင်းမိနေ၏။ အချိန်အတန်ကြာပြီးမှ သူမစိတ်နှလုံးထဲရှိ ပျော်ရွှင်မှုက တုန်လှုပ်မှုကို ဖိနှိပ်နိုင်သည်။ ဝမ်လင်းသည် လွန်ခဲ့သောနှစ်တစ်ရာက သူ ပေးခဲ့သောကတိကို မမေ့မှန်း သူမ နားလည်ထားပေ၏။ သူသည် ဤပြိုင်ပွဲသို့ အရောက် ပြန်လာခဲ့ပေသည်။
ဝမ်ရှန်ရှန်သည်ပင် ထူးဆန်းသောအကြည့်ကို ထုတ်ဖော်မိသည်။ သူမစိတ်ထဲ၌ အတွေးတွေးအမျိုးမျိုး ဖြစ်ပေါ်နေသည်။ အဖြူရောင်ဝတ်စုံနှင့်လူက ဟင်းလင်းပြင်ကို ဖြတ်၍ ရောက်လာခဲ့၏။ သူမအဖို့ ထိုသူ ဘာကြောင့်များ စစ်စိတ်ဝိညာဥ်လက်ဝါးကို နားလည်နေသည့် အချက်အပေါ် အတော်လေး စိတ်ရှုပ်ထွေးမိသည်။
လုယန်ကုံးက မချိပြုံးပြုံး၏။ သူသည် အစ်ကိုလုမှာ မရောက်လာမှီကပင် ခုလောက်လှိုင်းထန်စေလိမ့်မည်ဟု မတွေးထင်မိခဲ့ပေ။ ထိုအရာကလည်း သူနှင့် ဆိုင်တော့မဆိုင်ပေ။ ထာဝရကလန်၏အကြီးအကဲနှစ်ယောက် စကားကြောင့်သာ ဖြစ်သည်။
ပွဲကြည့်စင်တစ်ခုလုံး တိတ်ဆိတ်နေ၏။ ဆံဖြူအဘိုးအိုက အသက်လေးလေးပင်ပင် ရှုရှိုက်မိသည်။ သူက ဤအရာကို ယုံကြည်ရပေမည်။ ဤအခိုက်အတန့်၌ သူက သည်ဆန်းကြယ်သောလူ (ဝမ်လင်း) ကို ဂျူနီယာတစ်ယောက်ကဲ့သို့ မမြင်တော့ပေ။ သူနှင့် မျိုးဆက်တူသော တစ်စုံတစ်ယောက်အဖြစ် ရှုမြင်လာသည်။
"လုယန်ဖေ... နင် ပြန်မသွားတော့နဲ့။ ဒီမှာပဲ စောင့်နေ။ အဆင့်ခြောက်ကလန်တွေရဲ့ ပြိုင်ပွဲ ပြီးသွားရင် နင့်ဆရာဦးလေး ရောက်လာလိမ့်မယ်လို့ ငါ ယူဆတယ်..."
ထာဝရကလန်၏ ကလန်ခေါင်းဆောင်က ခြောက်ဟန့်ကာ ဆိုသည်။ သူသည် လုယန်ဖေကို ဂျူနီယာတစ်ယောက်အပေါ် အသိအမှတ်ပြုဟန်ဖြင့် ကြည့်သည်။
လီချန်မေလည်း ထွက်မသွားပေ။ ဝမ်ရှန်ရှန်၏ ဖိတ်ခေါ်မှုဖြင့် သူမက ထိုင်ချလိုက်သည်။ သူမ ထိုင်ချလိုက်သည့်အခိုက်တွင် မူပင်းမေ၏ လျှပ်စီးကဲ့သို့ အကြည့်က သူမထံ ရောက်ရှိလာ၏။
အမျိုးသမီးနှစ်ယောက်က ဝမ်ရှန်ရှန်ကို အလယ်တွင်ထား၍ အကြည့်ချင်းဆုံ၏။ အလယ်ရှိ ဝမ်ရှန်ရှန်က သူတို့နှစ်ယောက်ကို မိတ်ဆက်ပေးချိန်တွင် သူမသည် ရုတ်တရက် တုန်ရီသွားကာ အနောက် နည်းနည်းကိုင်းသွားသည်။ ထို့အတွက်ကြောင့် အမျိုးသမီးနှစ်ယောက်ကြား အကြည့်နှစ်စုံမှာ အတားအဆီး မရှိတော့ချေ။
မူပင်းမေက လီချန်မေကို အချိန်အတန်ကြာ ကြည့်နေသည်။ ထို့နောက်မှ သူမက အကြည့်ပြန်ရုတ်ကာ ညင်သာအေးစက်စွာ ပြောသည်။ "
အမျိုးသမီးလီက တကယ့်ကို ပါရမီရှင်ပဲ။ သင့်ရဲ့ကျင့်ကြံမှုအဆင့်က ထူးကဲပါပေတယ်..."
လီချန်မေသည် ထိုလှပသောအမျိုးသမီး သူမအား ကြည့်နေချင်းအပေါ် စိတ်ရှုပ်ထွေး ထူးဆန်းသလို ခံစားမိရသည်။ လီချန်မေက ညင်သာစွာ ပြန်ပြောသည်။ "အလှချင်း ယှဥ်ရင်တော့ ငါက ရောင်းရင်းကျင့်ကြံသူမူကို ဘယ်ယှဥ်နိုင်ပါ့မလဲ..."
ထာဝရကလန်၏ လူများက ပြိုင်ပွဲအတွက် ပိုစိတ်လှုပ်ရှား လာသည်။ သူတို့က အကြီးအကဲနှစ်ယောက် ပြောဆိုသောလူကို စောင့်ဆိုင်းနေကြ၏။
အဆင့်ခြောက်ကလန်နှစ်ခုကြားက ပြိုင်ပွဲမှာ ဆက်၍ စိတ်ဝင်စားစရာ မကောင်းတော့ပေ။ သို့ရာတွင် အတိတ်တုန်းက လုယန်ကုံးကဲ့သို့ မားမားရပ်နေသောသူ တစ်ယောက်တော့ ရှိ၏။
ထိုသူက ဘီလူးစိတ်ဝိညာဥ်ကလန်၏ တပည့်ခေါင်းဆောင် ယွမ်ဖေး ဖြစ်၏။ သူသည် အမြဲလိုလို တံခါးပိတ် ကျင့်ကြံနေတတ်ပြီး လွန်ခဲ့သောနှစ်များစွာကတည်းက ကလန်ကနေ ထွက်သွားခဲ့ပြီး ပြီးခဲ့သောနှစ်နှစ်ရာလောက်ကမှ ပြန်ရောက်လာခဲ့ခြင်း ဖြစ်သည်။
ထို့အတွက်ကြောင့် သူသည် ပြိုင်ပွဲနှစ်ပွဲကို လွဲချော်ခဲ့ရပေသည်။ သူက သတ်လတ်ပိုင်းအရွယ် ဖြစ်ကာ နိဗ္ဗာနဖြိုခွဲခြင်းအစောပိုင်းအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားသည်။ ထိုသူမှာ အလွန်ရက်စက်တတ်ကာ သူနှင့်ယှဥ်တိုက်ခဲ့သော လူတိုင်း ဒဏ်ရာအပြင်းအထန် ရသွားကြသည်က များသည်။
ဤလူမှာ သူ့အဆင့်ခြောက်ကလန်၏ ဂျူနီယာများကြား နံပါတ်တစ် ဖြစ်သည်။ သူသာ အဝေးရောက် မနေခဲ့ပါက ကောင်းကင်ဘုံဂီတကလန်မှာ သူတို့၏အခုအဆင့်သို့ တက်လှမ်းနိုင်မည်မဟုတ်၊ လုယင်ကျဲလည်း ကျော်ကြားလာမည် မဟုတ်ချေ။
သူသည် သူ့ကလန်၏ ဂျူနီယာအားလုံးကို ကိုယ်စားပြုသည်။ လုယင်ကျဲသည်ပင် မကျေမနပ် ဖြစ်၍ စိတ်ထဲကနေသာ နှာခေါင်းရှုံ့ဖို့ တတ်နိုင်၏။ ယွမ်ဖေး၏ကျော်ကြားလာမှုကို ခွင့်ပြုရလေ၏။
ထိုအခိုက်အတန့်၌ သူသည် စင်မြင်ထက်တွင် မားမားရပ်ကာ ပြိုင်ပွဲကြည့်စင်ထံသို့ ကြည့်သည်။ သူ့အကြည့်က မူပင်းမေနှင့်အခြားသူများထံ ကျရောက်သွား၏။ သူသည် သူ့မျက်လုံးထဲရှိ လိုအင်ဆန္ဒကို မဖုံးကွယ်ထားပေ။
"ရောင်းရင်းကျင့်ကြံသူလီ ပြောတဲ့ ကျင့်ကြံသူကို ငါ ယှဥ်နိုင်မလား သိချင်မိတယ်..."
သူ့အသံက ကျယ်လောင်၏။
လီချန်မေ၏အမူအရာက တည်ငြိမ်သည်။ သူမက ပြိုင်ပွဲစင်မြင်ပေါ်ရှိ ယွမ်ဖေးကို ကြည့်ကာ တစ်ခွန်းသာ ဆိုသည်။
"နင်က နိမ့်ကျတယ်..."
ယွမ်ဖေးသည် အနည်းငယ် စဥ်စား၏။ ထို့နောက် သူက ဂရုမစိုက်ဟန် ပြုံးသည်။ သူ့အကြည့်က လုယန်ကုံးထံ ကျရောက်လာကာ အေးစက်စက် ပြောသည်။
"လုယန်ကုံး...နောက်ဆုံးပြိုင်ပွဲတုန်းက ငါ ဒီမှာ မရှိခဲ့ဘူး။ မင်း ငါ့ကို စိန်ခေါ်ချင်ရဲ့လား..."
လုယန်ကုံး၏ မျက်လုံးက အေးစက်သွားသည်။ အချိန်အတန်ကြာပြီးနောက် သူက ပြောလာ၏။ "မူလကလန်ရဲ့ အစ်ကိုလုသာ ရောက်မလာခဲ့ရင် ငါ သင်နဲ့တိုက်ခိုက်ပေးမယ်..."
အချိန်ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ အဆင့်ခြောက်ကလန်များ၏ ပြိုင်ပွဲမှာ အဆုံးသပ်ဖို့ နီးလာခဲ့ပေပြီ။ သို့သော် လူတိုင်းစောင့်နေသော လုဇီဟောင်က ခုထိ ရောက်မလာသေးပေ။
အဆင့်ခုနစ်ကလန်များ၏ ပြိုင်ပွဲများပင် စတင်ခါ နီးလာပေပြီ။ အတိတ်တုန်းက အဆင့်လေး၊ငါး၊ခြောက် ကလန်များကြား ပြိုင်ပွဲက ရှေ့ပြေးသဘော ဖြစ်ကာ အဆင့်ခုနစ်ကလန်များကြား ပြိုင်ပွဲကသာ အဓိက ဖြစ်ပေသည်။ သို့ရာတွင် ခုချိန်ထိ အဆင့်ငါးကလန်များကြား ပြိုင်ပွဲမှာ အပြီးမသပ်သေးပေ။ ထိုသို့သာ ဆက်ဖြစ်နေပါက အနည်းငယ် မသင့်မတော် ဖြစ်လာပေတော့မည်။
ထို့အပြင် လူအများအပြားကလည်း စောင့်ကြည်နေကြ၏။
ဖန်ဟိုင်သည် ချီတုံချတုံ ဖြစ်ကာ ကလန်ခေါင်းဆောင်ကို ကြည့်သည်။ ထိုအခါ ဆံဖြူအဘိုးအိုက အနည်းငယ်စဥ်းစားပြီးနောက် လုယန်ဖေနှင့်လုယန်ကုံးတို့ကို ကြည့်လိုက်သည်။ ကလန်ခေါင်းဆောင် တစ်ယောက်အနေဖြင့် သူသည် အဘက်ဘက်က စဥ်းစားရန် လို၏။ ပြိုင်ပွဲမှာ အရေးကြီးလှပေ၏။ အဆင့်ငါးကလန်များကြောင့် ပြိုင်ပွဲမှာ ကမောက်ကမ ဖြစ်သွားနိုင်နေသည်။
"ငါတို့ စောင့်ခဲ့ကြတယ်။ လုဇီဟောင်က နောက်ကျမှ ရောက်လာခဲ့ရင်တော့ သူ ဘာမှ ပြောခွင့်မရှိတော့ဘူး..."
အဘိုးအို၏မျက်လုံးက တလက်လက် ဖြစ်ကာ သူက ပြောလာသည်။ "လုယန်ကုံး၊လုဇီဟောင်...မင်းတို့နှစ်ယောက် ပြိုင်ပွဲကွင်းထဲ ဝင်ကြတော့။ အဆင့်ငါးကလန်ရဲ့ ပြိုင်ပွဲကို အဆုံးသပ်လိုက်ကြတော့..."
သူ ထိုသို့ ပြောလိုက်သည့် အခါတွင် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံး၏ အာရုံကို ဖမ်းယူသွားသည်။ လုယန်ကုံးသည် အနည်းငယ်စဥ်းစားပြီးနောက် အဘိုးအိုကို ကြည့်သည်။ သူက လုယန်ဖေထံ လက်နှစ်ဖက်ဆုပ်ပြကာ ပြိုင်ပွဲကွင်းထံ ပျံသန်းသွားတော့သည်။
လုယန်ဖေက အောက်နှုတ်ခမ်းကို ကိုက်ထား၏။ သူမသည် ဝမ်လင်း လမ်းမှာလာနေသည်ကို သိထားသည်။ သို့သော် သူမအဖို့ ခုချိန်၌ တိုက်ခိုက်ရန်သာ ရှိတော့သည်။
သက်ပြင်းချပြီးနောက် လုယန်ဖေက လိပ်ပြာတစ်ကောင်အလား ပြိုင်ပွဲကွင်းထံ ပျံသန်းလာလေ၏။ သူမသည် ပြိုင်ပွဲကွင်းတွင် ခြေချချိန်၌ ပိုမို ပြတ်သားလာတော့သည်။
"သူသာ ရောက်မလာခဲ့ရင်တော့ ဒီပြိုင်ပွဲကို ငါပဲ ဆက်ပြိုင်ရမှာပေါ့..."
ဤအရာမှာ ထာဝရကလန်၏ ကိုယ်ရေးကိုယ်တာကိစ္စ ဖြစ်နေသည့်အတွက် လီချန်မေသည် ကြားဝင်မစွက်ဖက်နိုင်ပေ။ သို့ရာတွင် မူလကလန် ဖျက်သိမ်းခံရလျှင်ပင် ထိုကလန်မှ လူတိုင်းကို ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်ထံ ခေါ်သွားရန် သူမ ဆုံးဖြတ်လိုက်၏။
လုယန်ကုံးနှင့်လုယန်ဖေတို့ ပြိုင်ပွဲကွင်းသို့ ရောက်လာသည့်အခါ လူတိုင်းသည် ငြိမ်သက်၍ လှမ်းကြည့်လာ၏။ မူလကလန်မှ လူတစ်ယောက်ကြောင့် သူတို့သည် လူတိုင်း၏အာရုံစိုက်မှုကို ခံနေရခြင်းပင်။ ပထမဆုံးအကြိမ်အဖြစ် သည်နေရာရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ ကလန်ငယ်တစ်ခုကို မှတ်ထင်စွဲ ရလေ၏။
ဤအရာများအားလုံးမှာ ခုထိရောက်မလာသေးသော လူတစ်ယောက်ကြောင့်သာ ဖြစ်လေ၏။
လူတိုင်း၏အကြည့်ကတော့ ကောင်းသောဆန္ဒဖြင့် ဟုတ်မနေပါ။ ဥပမာ ကောင်းကင်ဘုံဂီတကလန်မှ လူယန်ကျဲ ကဲ့သို့ပင်။ သူသည် လုယန်ကုံးနှင့်လုယန်ဖေတို့ကို အငြှိုးတေးထား၍ ကြည့်နေသည်။
"ဒီ မကောင်းတဲ့ကောင်...မင်းတို့အားလုံး...သူ လာမယ်ဆိုတာ သေချာနေခဲ့ကြတာ မဟုတ်လား။ မင်းတို့ပြောသလောက် ဒီလူဟာ အံ့အားသင့်စရာကောင်းရဲ့လား ငါ မြင်ချင်မိတယ်..."
လုယင်ကျဲက လက်သီးခပ်တင်းတင်း ဆုတ်ထား၏။
ပိုဝေးသောနေရာရှိ တောင်ရှာဖွေခြင်းကလန်၏ အနေအထားမှာလည်း သုန်မှုန်လျက် ရှိသည်။ ကျောက်လုံက သူ့ခန္ဓာကိုယ်ကို ဆုံးရှုံးထားကာ မူလစိတ်ဝိညာဥ်နှင့်သာ ရှိလို့နေခြင်းပင်။ သူက ကလန်ခေါင်းဆောင်နှင့်အကြီးအကဲခေါင်းဆောင်တို့ ဘေးတွင် လွင့်မြောနေ၏။ သို့သော် သူ့ရန်ငြှိုးဖြင့် အကြည့်က လုယင်ကျဲထက် များစွာ အားကောင်းလေ၏။
"အစ်ကိုကျောက်...စိတ်အေးအေးထားပါ။ ငါ ဒီကိစ္စကို ဒီအတိုင်း မပြီးစေဘူး။ သူသာ ရောက်မလာခဲ့ရင် သူ ကံကောင်းသွားတာ၊ ရောက်လာခဲ့ရင်တော့ ငါ သူ့ကို နေရာတင် သတ်ပစ်မယ်..."
"လီချန်မေသာ ငါ့ကို တားဆီးဖို့ ကြိုးစားရင် ဒါဟာ သူ့ကိစ္စပဲ။ သူမဟာ ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်ကို ကိုယ်စားမပြုဘူး။ ငါတို့ သူမကို မစော်ကားဘူး။ ဒါပေမဲ့ ဒီ လုဆိုတဲ့ ဆန်းကြယ်တဲ့သူကတော့ သေကိုသေရမယ်..."
ပွဲကြည့်စင်က ပြိုင်ပွဲစင်မြင်နှင့် လှမ်းဝေးသဖြင့် ထာဝရကလန်မှ လူများကလွဲ၍ လုဇီဟောင်အကြောင်း မသိကြပေ။ သူတို့သည် ပုံရိပ်တစ်ခုကိုသာ ခပ်ဝါးဝါးတွေ့ကာ ရှင်းရှင်းလင်းလင်း မမြင်လိုက်ပေ။
အဆင့်ခြောက်ကလန်မှ ယွမ်ဖေးလည်း ထို့အတူပင်။ သူက ပြိုင်ပွဲကွင်းရှိ လူနှစ်ယောက်ကို ကြည့်ကာ နှာခေါင်းရှုံ့သည်။ သူက ဆန်းကြယ်သောလူ လာပါစေဟု မျှော်လင့်နေမိ၏။
လုယန်ဖေက တည်ငြိမ်စွာ ရက်နေလျက် သူမစိတ်နှလုံးထဲတွင်တော့ အထီးကျန်စွာ ခံစားနေရသည်။ သူမ နှစ်တစ်ရာလောက် စောင့်နေခဲ့သောသူမှာ ခုထိ မပေါ်လာသေးပေ။
သူမက ခေါင်းမော့ကာ ကောင်းကင်ထက်သို့ ကြည့်သည်။ သူမမျက်ဝန်းထဲတွင် မျက်ရည်များ ရစ်သီနေ၏။ သူမက လုယန်ကုံးထံ လှည့်ကြည့်ကာ နူးညံ့စွာ ပြောသည်။ "ရောင်းရင်းကျင့်ကြံသူလု...ကျေးဇူးပြုပြီး ငါ့ကို အကြံပေးပါ..."
လုယန်ကုံးကလည်း လုယန်ဖေထံ ကြည့်၍ ပြော၏။
"ငါ ဒီပြိုင်ပွဲမှာ ညှာမှာ မဟုတ်ဘူးနော်။ သင် ဂရုစိုက်သင့်တယ်..."
လုယန်ဖေက မဖြစ်ညစ်ကျယ် ပြုံး၏။ သို့သော် သူမက ဆုံးဖြတ်ချက်ပြတ်သားသောအကြည့်ကို ထုတ်ဖော်ထားသည်။ ထိုအဖြစ်က သူမကို ထူးဆန်းစွာ လှပစေသည်။ သူမသည် ငြင်သာစွာခေါင်းညိတ်၍ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သည်။ သူမလက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေ၏။ သူမ၏မူလစွမ်းအင်မှာ စတင်ရွှေ့လျားသည်။
မူလစွမ်းအင်သည် လေထုထဲတွင် ဝဲကတော့အသွင် ဖြစ်တည်လာကာ တုန်ဟီးသံတို့ ဖြစ်ပေါ်သည်။ သို့ရာတွင် ထိုအခိုက်အတန့်၌ ဤဝဲကတော့မှာ အရူးအမူး ဖြစ်လာ၏။ လေဟာနယ်အတွင်းမှ ထူးဆန်းသောအားတစ်ခု ပေါ်လာကာ ဝဲကတော့ကို တဝီဝီလှည့်ပတ်စေသည်ဟု ထင်ရသည်။
သည်အခိုက်အတန့်တွင် ကောင်းကင်သည် အရောင်ပြောင်းလဲ၏။ ဝဲကတော့သည် ဆက်လက်၍ တိုးတက်လာ၏။ ၎င်းက လုယန်ဖေ၏ထိန်းချုပ်မှုကနေ ချိုးဖျက်၍ ကောင်းကင်ထက်သို့ ပျံသန်းထွက်လာသည်။
လုယန်ဖေသည် လုံးဝ မင်သက်သွား၏။ သို့သော် သူမ၏ခန္ဓာကိုယ်က ချက်ခြင်း တုန်လှုပ်မိကာ အပေါ်သို့ မော့ကြည့်သည်။
သူမသာမက ဤအခိုက်တွင် လုယန်ကုံး၏ခန္ဓာကိုယ်နှင့် မူလစိတ်ဝိညာဥ်တို့မှာ တုန်ယင်သွား၏။ အကွာအဝေးတစ်ခုကနေ ဖော်ပြနိုင်စွမ်းမဲ့သော ဖိအားတစ်ခု ထွက်ပေါ်လာသည်။ ဖိအားသည် ပြင်းထန်၏။ ယင်းဖိအား ထွေးခြုံလာကာ သူ့ကို ခုခံနိုင်စွမ်းမဲ့စေသည်။
သူက သည်အော်ရာနှင့် ရင်းနှီးပေသည်။ အတော်လေးကို ရင်းနှီး၏။
ရုတ်တရက် သူသည် ခေါင်းမော့၍ ကောင်းကင်ထက်သို့ ကြည့်သည်။
ဤအခိုက်အတန့်တွင် သူတို့နှစ်ယောက်အပြင် ကျင့်ကြံသူတစ်သိန်းနီးပါးသည်လည်း ထိုဖိအားကို ခံစားရလေသည်။ ကောင်းကင်ထက်တွင် မိုးကြိုးတို့ တုန်ဟည်းလျက် ရှိသည်။
ငွေရောင်လျှပ်စီးတို့က မြွေများအလား ကောင်းကိုကို ဖုံးအုပ်ထားသည်။ မိုးကြိုးများမှာ ဤနေရာကို စုဝေး၍ ကောင်းကင်ကို အစားထိုး လေသည်။
လေပြင်းများလည်း တိုက်ခတ်၍ ကောင်းကင်သည် အရောင်ပြောင်းလဲသည်။ မိုးကြိုးပိုက်ကွန်တစ်ခု ကောင်းကင်ထက်တွင် ဖြစ်ပေါ်၍ ထို့နောက် သက်ဆင်းလာသည်။
အဆုံးမဲ့ မိုးကြိုးတို့ တုန်ဟည်းနေစဥ်မှာပင် အဖြူရောင်ပုံရိပ်တစ်ခု ဖြည်းဖြည်းချင်း ပေါ်လာလေသည်။ သူ့ဆံပင်အဖြူများက မိုးကြိုးတုန်ဟည်းသံများကြား လွင့်ဝဲနေ၏။ လောကသည် မိုးကြိုးငရဲတစ်ခု အဖြစ်သို့ ပြောင်းသည်။
ရှေးဟောင်းအချိန်များက မိုးကြိုးဟိန်းသံ ရုတ်တရက် မြည်ဟိန်းလာ၏။ ထိုဟိန်းသံကား ကျင့်ကြံသူ အများစု၏ စိတ်ကို တုန်လှုပ်ကာ ကြောက်လန့်စေသည်။
မိုးကြိုးနှင့်တိမ်တိုက်များသည် လူတစ်ယောက်ကို ကြိုဆိုသည့်အလား မြင့်တက်လာခြင်းတည်း။
"သူ...ရောက်လာပြီ..."
***