← Chapters

ထာဝရကလန်ကို အပြစ်တင်ခြင်း (၄)

Vol. 95 Ch. 1305

ထာဝရကလန်ကို အပြစ်တင်ခြင်း (၄)

Vol. 95 Ch. 1305

"သူ ရောက်လာခဲ့ပြီ..." လုယန်ကုံးသည် ကောင်းကင်ထက် အဆုံးမဲ့မိုးကြိုးများထံသို့ စူးစိုက်ကြည့်သည်။ ထိုမိုးကြိုးများနောက်တွင် အဖြူရောင်ပုံရိပ်တစ်ခု ရှိလေ၏။ သူ့စိတ်မှာ တုန်ယင်ရသည်။

လီချန်မေသည် ရုတ်တရက် မတ်တပ်ထရပ်ကာ ကောင်းကင်ထက်သို့ စူးစိုက်ကြည့်သည်။ သူမက မိုးကြိုးများနောက်မှ ပုံရိပ်တစ်ခုကို ချက်ခြင်းတွေ့မြင်လိုက်ရသည်။ သူမသည် လွန်ခဲ့သောနှစ်တစ်ရာက ခွဲခွာခဲ့သောပုံရိပ်ကို စူးစိုက်စွာ ကြည့်နေမိသည်။ ခုချိန်၌ သူမသည် မိုးကြိုးများကြားမှ လှမ်းလျှောက်လာသော ထိုပုံရိပ်ကို ကြည့်နေမိသည်။ သူမသည် အောက်နှုတ်ခမ်းကို ကိုက်ထား၏။ သူမက ပို၍ပင် တည်ငြိမ်ဟန် ပေါက်လာသည်။ သူသည် ကောင်းကင်ဘုံမိုးကြိုးများထံကနေ လျှောက်လှမ်းကာ သူမ၏စိတ်နှလုံးအတွင်းသို့ ချက်ခြင်း ရောက်ရှိလာသည်။

မူပင်းမေ၏အမူအရာကတော့ ရှုပ်ထွေးနေ၏။ သူမသည် မိုးကြိုးများကြားမှ ရင်းနှီးသော ပုံရိပ်ကို ကြည့်ကာ ရှင်းပြရန်ခက်သော ခံစားမှုကို ရရှိနေသည်။ သူမ၏မျက်ဝန်းရှေ့တွင် မှတ်ဥာဏ်များစွာ တဖျပ်ဖျပ် ဖြစ်ပေါ်သည်။ ရှင်းပြရန်၊ဖော်ပြရန်ခက်လှသော ခါးသီးမှု၊ ထုတ်မပြောသာသော ဝမ်းနည်းမှုတို့ သူမ၏စိတ်သဏ္ဍာန်တွင် ဖြစ်ပေါ်သည်။ သို့ရာတွင် ထိုခံစားမှု၌ နွေးထွေးမှုအငွေ့အသက်လည်း ပါဝင်လေသည်။ တစ်ခဏအကြာတွင် သူမသည် ခေါင်းငုံ့မိလေ၏။

လုယန်ဖေ၏မျက်ဝန်းထဲရှိ မျက်ရည်များ ပိုရစ်သိုင်းလာကာ ထိုပုံရိပ်နီးကပ်လာချိန်တွင် သူမ၏ပါးပြင်ထက်သို့ မျက်ရည်စီးကြောင်းနှစ်ခု လိမ့်ဆင်းကျသည်။ သူမ၏ မျိုသိပ်ထားရမှုသည် မျက်ရည်များ အဖြစ် လိမ့်ဆင်းကျလာခဲ့ခြင်းတည်း။

ဝမ်လင်းသည် တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းကို ဖြတ်သန်း၍ မိုးကြိုးများ ခြုံလွှမ်းကာ ရောက်ရှိလာခဲ့ပေသည်။

ထိုအခါ ထာဝရကလန်မှလူများ အပါအဝင် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးသည် တုန်လှုပ်ရပေ၏၊

ဖန်ဟိုင်သည် ရုတ်တရက် မတ်တပ်ထရပ်ကာ လေထဲရှိ အဖြူရောင်ပုံရိပ်ကို စူးစိုက်ကြည့်ပြီး သူ့မျက်လုံးသူငယ်အိမ်ပါ ကြုံ့သွားသည်။ သူသည် လေထဲရှိကျင့်ကြံသူထံမှ သာမန်မဟုတ်သော နိဗ္ဗာနဖြိုခွဲခြင်းအဆင့် အော်ရာတစ်ခုကို ရှင်းရှင်းလင်းလင်း ခံစားမိသည်။ ထိုမူလစွမ်းအင်မျိုးမှာ ကိုယ်ပိုင်တာအိုကို နက်နက်နဲနဲနားလည်ပြီးမှ ရရှိပိုင်ဆိုင်နိုင်ပေမည်။

သူသာမက ဆံနီအဘိုးအိုသည်ပင် အသက်ဝဝရှိုက်မိကာ သူ့စိတ်သည် တုန်ယင်လေ၏။ သူ့ဥပဒေသနှင့် နယ်ပယ်သည် မိုးကြိုးနှင့် ဆက်နွှယ်ပေ၏။ ဤအခိုက်အတန့်တွင် သူသည် သူ့မူလစိတ်ဝိညာဥ်မှာ သူ့ထိန်းချုပ်မှုကနေ လွတ်ထွက်သွားသလို ရှင်းလင်းစွာ ခံစားမိသည်။

သက်လတ်ပိုင်းလူကျိုးက မိုးကြိုးအတွင်းရှိ ဝမ်လင်းကို စူးစိုက်ကြည့်နေသည်။ သူ့မျက်လုံးတို့မှာ လျှပ်စီးကဲ့သို့ ရှိ၏။ သူ့စိတ်သည် တုန်လှုပ်၍ သူသည် ကြောက်လန့်နေသည်။ သူ့ကို ကြောက်လန့်စေသည်က ဝမ်လင်း ရောက်ရှိလာသည်ကို သူ သတိမပြုမိခဲ့ခြင်းကြောင့်ပင်။ ကောင်းကင်ထက်တွင် မိုးကြိုးများ ပဲ့တင်ထပ်လာမှသာ သူသည် ဝမ်လင်း၏ရောက်ရှိလာမှုကို သတိပြုမိခဲ့ပေသည်။

လူတစ်ယောက်၏အော်ရာကို ဖုံးကွယ်ပေးနိုင်သော ထိုကဲ့သို့မန္တာန်က သက်လတ်ပိုင်းလူကျိုးကို တုန်လှုပ်စေပေ၏။ သူသည် ထိုမန္တာန်များအကြောင်းကို တွေးနေခြင်းတော့ မဟုတ်ပေ။ သို့သော် ရောက်ရှိလာသူ၏ ကျင့်ကြံမှုအဆင့်က သူ့ထက် မြင့်နေပေ၏။

ခုချိန်၌ ဗရမ်းဗတာသားရဲမြူနယ်မြေထဲသို့ သူ့တပည့်များကို လေ့ကျင့်ပေးဖို့ ခေါ်သွားသော အဘိုးအိုကတော့ အတည်ငြိမ်ဆုံး ဖြစ်နေပေ၏။ သူက ဝမ်လင်းကို အရင်က ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ဖူးခဲ့သည် မဟုတ်လား။ သူက သက်ပြင်းချသည်။ “အတိတ်တုန်းက ငါ အစ်ကိုလုနဲ့ တွေ့ခဲ့တဲ့အချိန်မှာ ငါတို့ဟာ ကလန်တူတူ ဖြစ်နေလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး။ ငါ့နာမည်က မူကျန်းပိုင်ပါ..”

ထာဝရကလန်၏ ကလန်ခေါင်းဆောင်၏မျက်လုံးက တလက်လက် ဖြစ်၏။ သူသည် သည်နေရာတွင် ကျင့်ကြံမှုအမြင့်ဆုံး ဖြစ်သည်။ သူက ထာဝရကလန်တွင် အသန်မာဆုံး မဟုတ်သော်လည်း ပထမကောင်းကင်ဘုံဒုက္ခအဆင့်တွင် ရှိပေ၏။

ထိုကဲ့သို့ ရောက်ခဲလှသောအဆင့်ကို ရောက်နေသော သူ့အဖို့ အခြားလူများ မမြင်နိုင်သည့် တစ်စုံတစ်ရာကို တွေ့မြင်နိုင်စွမ်း ရှိပေ၏။ သူက ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားသို့ စူးစိုက်ကြည့်နေ၏။ ထိုနေရာတွင် ဘာမှ ရှိမနေသော်လည်း သူသည် ယင်းနေရာထံမှ ဥပဒေသစွမ်းအားတစ်ခုကို ရှင်းလင်းစွာ ခံစားမိပေသည်။

သူ့ကို ကြောက်လန့်စေသည်မှာ ကောင်းကင်နှင့်မြေကြီးက ထိုဥပဒေသကို မပိုင်ဆိုင်ခြင်းပင်။ ၎င်းက ကောင်းကင်ဘုံ၏ထိန်းချုပ်မှု အပြင်တွင် တည်ရှိသော ဥပဒေသစ်တစ်ခု ဖြစ်နေဟန် တူ၏။

ထိုဥပဒေသအောက်၌ သူသည်ပင် ကြောက်လန့်မှုကို ခံစားရ၏။ အထူးသဖြင့် သူသည် ထိုလူ၏ နယ်ပယ်ကို ခံစားမိချိန်တွင်ပင်။ သည်နယ်ပယ်မှာ အလွန်သိမ့်မွေ့လေးနက်ကာ အချိန်တိုအတွင်း သူ တွေ့မြင်နိုင်ဖို့အတွက် ခက်ခဲလွန်းပေ၏။

ထိုအချက်က သူ့ကို အကြောက်လန့်မိစေဆုံးပင်။ သည်လိုကျင့်ကြံသူမျိုးနှင့် အသေအရှင်တိုက်ပွဲမျိုးတွင် အနိုင်ရရန် သူ ယုံကြည်ချက် ရှိမနေပေ။

“ဒီလူဟာ အမှန်တကယ် ဒဏ်ရာရထားတာပဲ။ ဒါပေမဲ့ ဒီဒဏ်ရာတွေဟာ အရမ်းပြင်းထန်တဲ့ပုံတော့ မပေါ်ဘူး…”

လုယင်ကျဲက မိုးကြိုးအတွင်းရှိ အဖြူရောင်ပုံရိပ်ကို မင်သက်စွာ ကြည့်နေမိသည်။ သူ့ထံ၌ အလွန်အမင်းကြောက်ရွှံ့မှု ခံစားချက် ဖြစ်ပေါ်လာသည်။

သူ့ခန္ဓာကိုယ်ပါ တုန်ယင်နေ၏။ အထူးသဖြင့် သူသည် မူလကလန်ကို ရန်စမိထား၊ လုယန်ဖေကို ထိကပါးရိကပါး ပြော၍ ဤလူကို တိုက်ခိုက်မည်ဟု ပြောခဲ့သည်ကို ပြန်တွေးမိချိန်တွင်ပင်။ သူ့ဦးရေပြားပင် ထုံထိုင်းကာ သူ့အမြင်ပါ ဝေဝါးကုန်၏။

သူ့ကောင်းကင်ဘုံဂီတကလန်၏ ရောင်းရင်းအဖွဲ့ဝင်များအားလုံးသည်လည် ကြောက်လန့်နေကြသည်ပင်။

“သူ…သူ…သူက ဒီလောက်အစွမ်းထက်နေလိမ့်မယ်လို့ မထင်ထားမိဘူး…။ လုယန်ကုံးက ဒီလူဟာ ငါ့ကို ပုရွတ်ဆိတ်တစ်ကောင်လို သတ်ပစ်နိုင်တယ်လို့ ပြောခဲ့တာဟာ အမှန်ပဲ…”

လုယင်ကျဲ၏မျက်နှာသည် ဖြူရောလျက် သူ့စိတ်သည် ကယောက်ကယက် ဖြစ်နေပေသည်။

သူသာမက တောင်ရှာဖွေခြင်းကလန်သည်လည်း တည်ငြိမ်မှု ပျက်ပြားနေပေပြီ။ ကျောက်လုံမှာ ကောင်းကင်ထက်ရှိ ပုံရိပ်ကို စူးစိုက်ကြည့်နေလျက် သူ့အမူအရာသည် ပြောင်းလဲလေ၏။ သူ့မျက်လုံးသူငယ်အိမ်ပင် ကျုံ့သွားကာ ဤအခိုက်အတန့်၌ သူ့စိတ်သည် ဗလာကျင်းသည်။

တောင်ရှာဖွေခြင်းကလန်၏ ကလန်ခေါင်းဆောင်နှင့် အကြီးအကဲခေါင်းဆောင်တို့သည်လည်း လုံးဝ ဖြူရောနေ၏။ သူတို့က ဝမ်လင်းကို တွေ့မြင်သည့်အခါ ချက်ခြင်း မည်သူမှန်း သိလိုက်ကြ၏။ သည်လူမှာ သူတို့၏ကုန်းမြေများကို အတင်းအကြပ် ရွှေ့လျားစေခဲ့ပြီး လေးစားသမှုနှင့် သူတို့ လိုက်ပါပို့ဆောင်ပေးခဲ့ရသည့်သူ မဟုတ်လား။

“ဒါ…ဒါက သူပဲ…” သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်မိရာ တစ်ယောက်မျက်လုံးထဲရှိ ကြောက်ရွှံ့မှုကို တစ်ယောက် မြင်၏။

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူတစ်သိန်းနီးပါးက အဆင့်ခြောက်နှင့်ခုနစ်ကလန်မှ လာရောက်ကြသူများ ဖြစ်သည်။ သူတို့အားလုံးသည် အဆင့်ခြောက်နှင့်ခုနစ်ဒေသတို့တွင် ဖြစ်ပွားခဲ့သော တုန်လှုပ်ဖွယ်မြင်ကွင်းနှင့် ပတ်သတ်၍ အနည်းနှင့်အများဆိုသလို ကြားသိခဲ့ပေသည်။

ဝမ်လင်း၏ပုံရိပ်ကို အရင်က ကိုယ်တိုင်မြင်ခဲ့ဖူးသော မွန်းစတားအိုအချို့လည်း ရှိကြ၏။

“သူပဲ…။ သူ အဆင့်ခြောက်ဒေသကို ဖြတ်သန်းသွားတုန်းက ဘယ်သူမှ သူ့ကို တားတောင် မတားဆီးဝံ့ကြဘူး…”

“ငါ့ကလန်ရဲ့ ဘိုးဘေးတစ်ယောက် ပြောခဲ့ဖူးတာကတော့ ဒီလူဟာ အဆင့်ခုနစ်ဒေသရဲ့ အတားအဆီးကို မန္တာန်တစ်ခုတည်းနဲ့ ချိုးဖျက်ခဲ့တာတဲ့။ ဘိုးဘေးတောင် ဒီအရာကြောင့် တုန်လှုပ်ခဲ့ရတယ်…”

“ဒီအဘိုးအိုက ဒီလူ စစ်စိတ်ဝိညာဉ်လက်ဝါးကို အသုံးပြုခဲ့တာ ကိုယ်တိုင် မြင်ခဲ့ဖူးတယ်။ သူဟာ ဒီလက်ဝါးကို အသုံးပြုခဲ့ပြီး လမ်းရှင်းခဲ့တာ…”

ထိုကဲ့သို့ အထိတ်တလန့်အသံများ စတင်ထွက်ပေါ်လာ၏။ သို့သော် ကောင်းကင်ထက်ရှိ ရုတ်တရက် ပေါ်လာသော မိုးကြိုးတုန်ဟိန်းသံက လူတိုင်းကို ပြန်ငြိမ်ကျသွားစေသည်။ ကောင်းကင်ထက်ရှိ မိုးကြိုးများက ဝမ်လင်း၏ခန္ဓာကိုယ်ထဲတွင် စုဝေးကာ မည်သည့် အရိပ်အယောင်မှ မကျန်ခဲ့တော့ပေ။

အဖြူရောင်ဝတ်စုံနှင့်ပုံရိပ်က ကောင်းကင်ထက်ကနေ သက်ဆင်းလာ၏။ သူသည် ပြိုင်ပွဲကွင်းပြင်ပေါ်ရှီ လုယန်ဖေဘေးနားတွင် ခြေချလိုက်သည်။

ဝမ်လင်းက အားနွဲ့ဟန်ရသော လုယန်ဖေကို တောင်းပန်ဟန် ကြည့်ကာ နူးညံ့စွာ ပြောလိုက်သည်။ “ငါ နောက်ကျသွားခဲ့တယ်…”

လုယန်ဖေ၏မျက်လုံးထဲတွင် မျက်ရည်များ ရှိမနေတော့ပေ။ သူမက ဝမ်လင်းကို ကြည့်ကာ ခေါင်းတစ်ချက် ခါ၏။ သူမသည် ပျော်ရွှင်စွာပြုံး၍ နူးညံ့စွာ ပြောသည်။ “သင် နောက်မကျပါဘူး။ သင် ရောက်လာတယ်ဆိုရင်ပဲ ဘယ်တော့မှ နောက်မကျဘူး…”

“နင် ပြန်တော့။ ငါ ဒီမှာရှိနေရင် ဘယ်သူမှ မူလကလန်ကို မဖယ်ရှားပစ်နိုင်ဘူး။ ဒီပြိုင်ပွဲမှာ အဆင့်ငါး၊ခြောက်၊ခုနစ် ကလန်တွေထဲက ဘာပဲ ဖြစ်နေဖြစ်နေ ငါဟာ မူလကလန်ကို နံပါတ်တစ်ရအောင် လုပ်ပေးမယ်…”

ဝမ်လင်းသည် သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်း၏။ နူးညံ့သောလေပြေတစ်ခုက လုယန်ဖေကို မူလကလန်ဝင်များ ရှိနေသောနေရာသို့ သယ်ဆောင်ပေးသွားလေသည်။

ဝမ်လင်းသည် ထာဝရကလန်ကို လှမ်းကြည့်ရာ စောနက စကားပြောခဲ့သော အဘိုးအိုထံ လက်နှစ်ဖက်စုပ်၍ နှုတ်ဆက်၏။ သို့ရာတွင် သူက လီချန်မေနှင့် မူပင်းမေတို့ကို တွေ့မြင်သွားသည့်အခါ မင်သက်မိသွားသည်။

သူက ခဏတာ တုန်လှုပ်သွားပြီးနောက် သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ လုယန်ကုံးထံ ကြည့်သည်။

“အစ်ကိုလုရဲ့ ကျင့်ကြံမှုအဆင့်ဟာ လွန်ခဲ့တဲ့နှစ်တစ်ရာကနဲ့ အတော်လေး ကွာခြားသွားခဲ့ပြီ။ ငါ့ခရမ်းရောင်တာအိုကလန်ဟာ အဆင့်ငါးပြိုင်ပွဲမှာ အရှုံးပေးပါတယ်…”

လုယန်ကုံးက ခါးသီးစွာ ပြုံး၍ ဝမ်လင်းထံ လက်နှစ်ဖက်ဆုပ်ကာ ပြောသည်။ ဝမ်လင်း၏ကျင့်ကြံမှုအဆင့်က သူ့ထက် အနည်းငယ်မျှသာ သန်မာသည်ဆိုလျှင်ပင် သူသည် တိုက်ခိုက်ကြည့်ချင်သေး၏။ သို့ရာတွင် သူ့စိတ်သည် သည်နေရာတွင် ရပ်နေလျက်ပင် ရှုပ်ထွေးမိနေသည်။ ပို၍ ကြောက်မက်ဖွယ်ကောင်းသည်က သူသည် သူ့တာအိုနှလုံးသားမှာ ပြိုပျက်တော့မတတ် ခံစားမိလိုက်ရခြင်း ဖြစ်၏။ သူ့ရှေ့ရှိလူက တာအိုဆန္ဒအားလုံးကို ဝဲကတော့ထဲ စုပ်ယူပစ်နိုင်သည့်အလားပင်။

ဝမ်လင်းသည် ခပ်ဖျော့ဖျော့ပြုံး၏။ သို့သော် သူ့အမူအရာမှာ အေးစက်လာကာ သူသည် ခပ်တိုးတိုး ပြောသည်။ “အစ်ကိုလု…ငါ သင့်ကို မေးချင်တာ တစ်ခုရှိတယ်။ လုယန်ဖေ ဒဏ်ရာရအောင် ဘယ်သူလုပ်ခဲ့တာလဲ…”

လုယန်ကုံးသည် တုံ့နှေးမနေဘဲ ကောင်းကင်ဘုံဂီတကလန်ရှိရာသို့ လက်ညှိုးထိုးပြ၍ ပြော၏။ “ကောင်းကင်ဘုံဂီတကလန်ရဲ့ လုယင်ကျဲ...” ထို့နောက် သူက တောင်ရှာဖွေခြင်းကလန်ရှိရာသို့ လက်ညွှန်ပြ၏။

“တောင်ရှာဖွေခြင်းကလန်ရဲ့ ကျောက်လုံ။ သူတို့က အမျိုးသမီးလုအပေါ် မကောင်းတဲ့အတွေး ရှိနေကြတယ်…”

ဝမ်လင်းက ခေါင်းညိတ်၏။ သူသည် ကောင်းကင်ဘုံဂီတကလန်ကို ကြည့်သည်။ သူက လေထဲသို့ ခြေလှမ်းကာ ထိုကောင်းကင်ဘုံဂီတကလန်ထံ ဦးတည်ဝင်လာတော့သည်။

ကောင်းကင်ဘုံဂီတကလန်ရှိရာ နေရာတွင် လုယင်ကျဲ၏အမူအရာသည် ကြီးစွာ ပြောင်းလဲ၏။ သူသည် နောက်ဆုတ်လေသည်။ သူ့ဆရာနှင့်ကလန်အကြီးအကဲအားလုံး၏ အမူအရာမှာ အလေးအနက် ဖြစ်သွားကြသည်။ သူ့ဆရာက သူ့ကို ဆုပ်ကိုင်ကာ မထင်မှတ်စွာဖြင့် ထာဝရကလန်ရှိနေသောဧရိယာထံသို့ ဦးတည်သွား၏။

ကောင်းကင်ဘုံဂီတကလန်၏ ကလန်ခေါင်းဆောင်က ရှေ့သို့ ခြေလှမ်း၍ ဝမ်လင်းကို ပိတ်ဆို့၏။ သူ့မျက်နှာထက်တွင် လေးစားသမှု အပြည့်ထားကာ သူက ရှင်းပြရန် ပြင်၏။

သို့ရာတွင် ဝမ်လင်းက နားထောင်မနေတော့ပေ။ ထိုလူ သူ့လမ်းကြောင်းကို လာပိတ်သည်အား မြင်သည်နှင့် သူ့လက်ကို ဝေ့ယမ်း၍ လေပြင်းတစ်ခု ရိုက်ခတ် ဟိန်းမြည်စေသည်။ ထိုလေထဲ၌ မိုးကြိုး ပါဝင်၏။ ယင်းမိုးကြိုးက ကောင်းကင်ဘုံဂီတကလန်၏ ကလန်ခေါင်းဆောင်နှင့် ထိပ်တိုက်တွေ့သည်။

လောကကို တုန်ခါစေနိုင်သော တုန်ဟည်းသံ ထွက်ပေါ်လာကာ ကောင်းကင်ဘုံဂီတကလန်၏ ကလန်ခေါင်းဆောင်သည် သွေးအန်ရ၏။ သူ့ခန္ဓာကိုယ်သည် ပျက်စီးသွားသည်။ သူ့မူလစိတ်ဝိညာဉ်က ပျံသန်းထွက်လာသည်။ သူ့မျက်လုံးထဲတွင် ကြောက်ရွှံ့မှုတို့ ပြည့်နှက်သည်။

ဝမ်လင်းသည် မရပ်ပေ။ သူက လုယင်ကျဲကို ဆွဲခေါ်သွားသော အဘိုးအိုထံ လျှောက်လှမ်းလာ၏။ သူ့ခြေလှမ်းတိုင်းမှာ လူတစ်ယောက်၏ မူလစိတ်ဝိညာဉ်ကို တုန်ခါစေလေသည်။

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံး တိတ်ဆိတ်သွားကြသည်။

“ပင်မကလန်…ကူညီပေးပါ…” လုယင်ကျဲ ဆရာဖြစ်သူ၏ နှဖူးထက်တွင် ချွေးပြန်နေပေပြီ။ သူ့မျက်လုံးထဲတွင်လည်း ကြောက်လန့်မှုတို့ ပြည့်နှက်လျက် သူက ထာဝရကလန်မှ လူများထံ လှမ်းအော်သည်။

ဖန်ဟိုင်သည် အနည်းငယ် ချီတုံချတုံဖြစ်ကာ သူ့လက်နှစ်ဖက်ကို ဆုပ်၍ ပြောလာ၏။ “ရောင်းရင်းကျင့်ကြံသူလု…ကျေးဇူးပြုပြီး…”

သို့ရာတွင် ဝမ်လင်းက သူ့လက်ကို ဝေ့ယမ်းကာ ဖန်ဟိုင်၏စကားများကို ကြားဖြတ်ပစ်သည်။

“သူဟာ ငါ့မူလကလန်ကို အရှက်ခွဲခဲ့တယ်။ ဒါ့ကြောင့် သူ သေရမယ်။ သူ့ကို ကယ်ဖို့ ကြိုးစားတဲ့ ဘယ်သူမဆို တူညီတဲ့ကံကြမ္မာ ခံစားသွားစေရမယ်…”

ဝမ်လင်းသည် ဖြည်းဖြည်းချင်း ပြော၍ သူ့လက်ကို ပင့်မြှောက်သည်။

ဤအခိုက်တွင် လက်ချောင်းတစ်ခုနှင့်အတူ လောကသည် တုန်လှုပ်လာကာ ကောင်းကင်ဘုံကံကြမ္မာလက်ချောင်း ပေါ်လာလေ၏။ ကောင်းကင်တွင် လှိုင်းဂယက်များ ထကုန်ကာ ဧရာမလက်ချောင်းကြီးတစ်ခု ပေါ်လာပြီး ကြောက်မက်ဖွယ်ဖိအားကို ပေးစွမ်းသည်။ လူတိုင်းသည် ထိုလက်ချောင်းကြီးကို ကြည့်၍ မင်ငေးမိကုန်၏။

ထိုလက်ချောင်းသည် တဝီဝီမြည်လျက် ဆင်းသက်လာပြီး ချက်ခြင်းပင် လုယင်ကျဲနှင့် သူ့ဆရာအပေါ်သို့ ဘန်းခနဲ ကျရောက်သည်။ မြေပြင်သည် တုန်ဟီး၏။

သွေးများနေရာအနှံ့သို့ ပန်းထွက်ကုန်သည်။ လုယင်ကျဲနှင့် သူ့ဆရာ၏ခန္ဓာကိုယ်များသည် တစစီဖြစ်ကုန်ကာ မူလစိတ်ဝိညာဉ်များပါ မလွတ်ပေ။ လေပြင်းက သွေးနံ့တို့ကို သယ်ဆောင်သွားသည်။

“လုယင်ကျဲကို ပုရွတ်ဆိတ်တစ်ကောင်လို သတ်ပစ်နိုင်တယ်…” လွန်ခဲ့သောရက်အနည်းငယ်က လုယန်ကုံး ပြောခဲ့သော ထိုစကားက အမှန်ဖြစ်လာတော့၏။

ဝမ်လင်းသည် လှည့်၍ တောင်ရှာဖွေခြင်းကလန်ရှိရာသို့ ကြည့်၏။ သူက သူတို့ထံသို့ ခြေလှမ်းသည်။

All Chapters