← Chapters

ထာဝရကလန်ကို အပြစ်တင်ခြင်း (၅)

Vol. 95 Ch. 1306

ထာဝရကလန်ကို အပြစ်တင်ခြင်း (၅)

Vol. 95 Ch. 1306

ကောင်းကင်ဘုံကံကြမ္မာလက်ချောင်းသည် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို အသုံးပြုခြင်းမဟုတ်၊ ယင်းမန္တာန်မှာ ကောင်းကင်ဘုံမန္တာန်တစ်ခု မဟုတ်‌ချေ။ ဝမ်လင်းသည် ရှေ့ဖြစ်ဟောသူ၏စိတ်ဝိညာဉ်နှင့် ပေါင်းစပ်ထားချိန် တစ်ခဏတွင်သာ ယင်းမန္တာန်ကို အသုံးပြုနိုင်ပေ၏။

ရှေ့ဖြစ်ဟောသူ၏စိတ်ဝိညာဉ်က စုပ်ယူသော မူလစွမ်းအင်မှာ ဝမ်လင်းထက် အဆများစွာ ပိုသည်။ သူ့ကျင့်ကြံမှုအဆင့် တိုးတက်လာခြင်းကြောင့်သာ မဟုတ်ပါက သူသည် ၎င်းမန္တာန်ကို လွယ်လင့်တကူ အသုံးပြုနိုင်လိမ့်မည် မဟုတ်ပေ။

သို့ရာတွင် အခုကောင်းကင်ဘုံလက်ချောင်း၏ ခွန်အားက ရှေ့ဖြစ်ဟောသူ အသုံးပြုချိန်ထက်စာရင် များစွာ အားနည်းသေးပေ၏။ တကယ်တော့ သူတို့၏ကျင့်ကြံမှုအဆင့် ကွာဟချက်မှာ ကြီးမားကာ မန္တာန်ကိုအသုံးပြုသည့်နည်းလမ်းလည်း ကွာခြားသည် မဟုတ်လား။

ဝမ်လင်းက ကောင်းကင်ဘုံမန္တာန်ကို ခုချက်ခြင်း အသုံးပြုလိုက်ခြင်းမှာ သူက လူတိုင်းကို တုန်လှုပ်သွားစေလိုခြင်းကြောင့် ဖြစ်သည်။ သူသည် ခုထိ ဒဏ်ရာရထားဆဲ ဖြစ်၏။ ထို့ကြောင့် သူ့မန္တာန်များမှာ အစွမ်းထက်၍ ခန့်မှန်းမရကြောင်းကို ပြသရန် လို၏။ ထိုမှသာ ထာဝရကလန်၌ သူ့ရည်ရွယ်ချက်များကို အောင်မြင်စွာ လုပ်ဆောင်နိုင်ပေမည်။

နောက်ဆုံးအခြေအနေ မဟုတ်ပါက သူသည် ခြင်သားရဲများကို ဆင့်ခေါ်ထုတ်လိမ့်မည် မဟုတ်ပေ။ ယင်းခြင်သားရဲများက သူ့ဝှက်ဖဲ ဖြစ်၏။

မြေပြင်သည် တုန်ခါဆဲဖြစ်၍ တုန်ခါလှိုင်းများ ပဲ့တင်ထပ်သည်။ လေတိုးသံများက လူတိုင်း၏နားထဲတွင် ပဲ့တင်ထပ်နေဆဲပင်။

ဝမ်လင်းသည် ထာဝရကလန်၏လက်အောက်ခံကလန်ခေါင်းဆောင် ခန္ဓာကိုယ်ကို ဖျက်စီးပစ်ပြီးနောက် ထိုကလန်၏ မြင့်မြတ်သောအကြီးအကဲနှင့် တပည့်တို့ကိုပါ သတ်ပစ်ခဲ့လေ၏။ ထိုအဖြစ်အပျက်များက ထာဝရကလန်တွင် အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခြင်းတည်း။ ထာဝရကလန်၏အကြီးအကဲ ဖန်ဟိုင်က စကားပြောရန် ကြိုးစားလာစဉ်မှာပင် ဝမ်လင်းက တစ်ခွန်းတည်း ပြတ်ပြတ်သားသား ဆို၏။

“သူတို့ကို ကယ်တင်ဖို့ ကြိုးစားတဲ့ ဘယ်သူမဆို တူညီတဲ့ပြစ်ဒဏ် ခံရမယ်…”

ထိုကဲ့သို့ လုပ်ဆောင်နိုင်သောစွမ်းအားနှင့် အဆင့်အတန်း ပိုင်ဆိုင်ထားသော လူများ ရှိကြပေသည်။ သို့သော် ထိုကဲ့သို့ လုပ်ဖို့ သတ္တိရှိသူတို့ကတော့ ရှားပါးလွန်းပေ၏။

ဝမ်လင်း၏ ခပ်ရှင်းရှင်း တိုက်ခိုက်မှုက ဤနေရာရှိ လူတိုင်းကို တုန်လှုပ်သွားစေသည်။

လုယန်ဖေက ခေါင်းငုံ့ထားကာ တည်ငြိမ်ဟန် ပေါ်သည်။ သို့သော် သူမ၏စိတ်နှလုံးထဲတွင်မူ နွေးထွေးမှု ခံစားချက် ရစ်သိုင်းနေလေပြီ။

မူပင်းမေသည် စိတ်ရှုပ်ထွေးဟန် ဖြစ်ပေါ်၏။ သူမ၏စိတ်နှလုံးထဲရှိ ခါးသီးမှုက ပိုဆိုးလာသည်။ သူမက မဟာမိတ်ကြယ်အဖွဲ့အစည်းအကြောင်း၊ တောက်ပသောလေဟာနယ်နယ်မြေ ဖျက်စီးခံရသည့်အကြောင်း၊ ထူစီ၏ခွန်အားအကြောင်း စသဖြင့် တွေးနေသည်။ သူမ၏ခုလက်ရှိအခြေအနေမှာ လုယန်ဖေနှင့် အလားသဏ္ဌာန်တူသည်။

သို့ရာတွင် လုယန်ဖေ၏နောက်တွင် သူက မားမားမတ်မတ် ရပ်တည်ပေ၏။ သူမကတော့ အကူအညီသာမဲ့ရလေ၏။ သူမသည် ဖြစ်ပျက်သမျှကို ကြံ့ကြံ့ခံကာ တောင့်ခံ၍ သန်မာအောင် တိတ်တဆိတ် လုပ်ဆောင်ရန်သာ တတ်နိုင်ပေသည်။

လီချန်မေ၏အမူအရာသည် ဝမ်လင်းကို ကြည့်ကာ တည်ငြိမ်နေ၏။ လွန်ခဲ့သောနှစ်တစ်ရာတုန်းကကဲ့သို့ပင် သူမ၏မျက်နှာထက်တွင် အပြုံးတစ်ခု ရှိနေမြဲ ဖြစ်သည်။

ဝမ်ရှန်ရှန်က မျက်မှောင်ကြုတ်မိ၏။ သူမသည် ဝမ်လင်း၏ကောင်းကင်ဘုံလက်ချောင်းနှင့် ပတ်သတ်၍ တစ်ခုခုကို တွေးမိဟန် ရသည်။

ထာဝရကလန်၏မွန်းစတားအိုကြီးများမှာ ကျင့်ကြံမှုအဆင့်မြင့်မား၍ ဉာဏ်များလှသူများပင်။ သည်အခိုက်အတန့်တွင် သူတို့၏စိတ်အခြေအနေကို ပြောဖို့မှာ မဖြစ်နိုင်ပေ။ သို့သော် သူတို့၏ဝမ်လင်းအပေါ် အကြည့်က အနည်းငယ် အေးစက်လာခဲ့သည်။

ထာဝရကလန်၏ ကလန်ခေါင်းဆောင်ကသာ မထူးခြားနား ရှိ၏။ သူတစ်ယောက်သာ ဝမ်လင်း၏ကျင့်ကြံမှုအဆင့်ကို ဖြတ်မြင်နိုင်သောကြောင့်တည်း။ သူက ဝမ်လင်း ကောင်းကင်ဘုံဂီတကလန်ကို သတ်ဖြတ်ခြင်းကို မည်သည့်အမူအရာမှ မပြပေ။ သူက မမြင်ချင်ယောင်ဆောင်ထားသကဲ့သို့ပင်။

ဝမ်လင်းသည် လှည့်လာ၏။ သူ့အသွင်က တည်ငြိမ်သည်။ သို့သော် သူ့သတ်ဖြတ်လိုစိတ်က ပျံ့နှံ့နေ၏။ သူသည် အကွာအဝေးတစ်ခုရှိ တောင်ရှာဖွေခြင်းကလန်ထံသို့ ကြည့်ကာ ဖြည်းဖြည်းချင်း လှမ်းလာသည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေ၏။ အကြည့်ပေါင်းတစ်သိန်းနီးပါးက ဝမ်လင်းထံသာ ရောက်နေ၏။ ထိုအကြည့်များက ဝမ်လင်းကို မည်သို့မျှ မဖြစ်စေပေ။ သူသည် မနှေးလွန်းမမြန်လွန်း လှမ်းလာ၏။ သူ့ခြေလှမ်းတိုင်းက တောင်ရှာဖွေခြင်းကလန်မှ လူများကို အသက်ရှုမှားစေသည်။ သူတိုသည် ရှေးဦးကမ္ဘာမှ သားရဲတစ်ယောက် သူတို့အား ဝါးမြိုရန် လှမ်းလာသကဲ့သို့ ခံစားရသည်။

တောင်ရှာဖွေခြင်းကလန်ခေါင်းဆောင်က လုံးဝ ဖြူရောနေ၏။ သူသည် နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်သော်လည်း ဝမ်လင်းကို ရင်ဆိုင်ဖို့ရာ ယုံကြည်ချက် ရှိမနေပေ။ သူက ထိုလူက သူတို့၏ကုန်းမြေသို့ လှမ်းဝင်လာခဲ့ချိန်က သူ့ကလန်ကို မည်သို့ရှောင်ရှားပေးစေခဲ့သည်ကို ပြန်တွေးမိကာ သူ့ဦးရေပြားပင် ထုံထိုင်းမိရ၏။ သူသည် ခုခံဝံ့ခြင်းပင် မရှိပေ။

“အဆင့်ခုနစ်ဒေသ…တောင်ရှာဖွေခြင်းကလန်ဟာ ကလန်ငယ်တစ်ခုပဲ။ ဒီလိုလူတစ်ယောက်ကို ဒီကလန်က အကြီးအကဲတစ်ယောက် ဆန့်ကျင့်ခဲ့တာဟာ ဉာဏ်နည်းရာ ကျတာပဲ…”

သူ့မျက်လုံးမှာ တလက်လက်ဖြစ်၏။ သူက အကြီးအကဲခေါင်းဆောင်ကို ကြည့်သည်။ ထိုသူ၏ကျင့်ကြံမှုအဆင့်က နက်ရှိုင်းကာ နိဗ္ဗာနဖြိုခွဲခြင်းအလယ်အဆင့်တွင် ရှိသည်။

အကြီးအကဲခေါင်းဆောင်သည်လည်း ဝမ်လင်း၏ကြောက်မက်ဖွယ်ကောင်းပုံကို နားလည်သည့်အတွက် သူ့စဉ်းစားဉာဏ်ပါ ဆုံးရှုံးလုနီး ဖြစ်ရလေ၏။ သူသည် ဝမ်လင်း စစ်စိတ်ဝိညာဉ်လက်ဝါးကို အသုံးပြုခဲ့တာအား ကိုယ်တိုင် မြင်ခဲ့ဖူးကာ သူ့ကိုယ်သူ ဝမ်လင်း ပြိုင်ပွဲမဟုတ်မှန်းလည်း နားလည်ပေသည်။ သူက ကလန်ခေါင်းဆောင်၏အကြည့်ကို သတိပြုမိကာ ချက်ခြင်းနားလည်ပေသည်။ သို့သော် သူသည် ချီတုံချတုံ ဖြစ်နေသည်။

သို့သော်ငြားလည်း ထိုတုံ့ဆိုင်းမှုက ဝမ်လင်း ရှေ့သို့ ခြေလှမ်းလာသည့်အခါ ပြိုပျက်သွားလေ၏။ ကောင်းကင်ဘုံဂီတကလန်၏ ကံကြမ္မာဆိုးက သူတို့ရှေ့တွင်ပင် ဖြစ်ခဲ့သည် မဟုတ်လော။ တောင်ရှာဖွေခြင်းကလန်၏ ကလန်ခေါင်းဆောင်ကာ အံတင်းတင်းကြိတ်ကာ ဘေးတစ်ဖက်သို့ ရှောင်၏။ တစ်ချိန်တည်းမှာပင် အကြီးအကဲခေါင်းဆောင်သည်လည်း တစ်ဖက်သို့ ရွှေ့သည်။

သူတို့နှစ်ယောက် ရှောင်ပေးသည့် အခိုက်အတန့်တွင် တောင်ရှာဖွေခြင်းကလန်မှလူများလည်း ဘေးတစ်ဖက်စီးသို့ လူခွဲပေးကြ၏။ သူတို့က ဝမ်လင်းကို လမ်းဖွင့်ပေးခြင်းပင်။ ဤအခိုက်အတန့်၌ ကျောက်လုံဘေးပတ်လည်တွင် မည်သူမျှ ရှိမနေတော့ပေ။ ကျောက်လုံ၏မူလစိတ်ဝိညာဉ်က ဝမ်လင်းကို စူးစိုက်ကြည့်မိကာ တုန်ယင်နေ၏။

“မင်း…ထွက်လာခဲ့…” ဝမ်လင်းသည် ရပ်ကာ ကျောက်လုံ၏မူလစိတ်ဝိညာဉ်ထံ လက်ညွှန်သည်။

“ဒီအဘိုးအိုက ထွက်လာမှာပါ…” ကျောက်လုံ၏မျက်လုံးတို့က နီရဲနေ၏။ သူ့စိတ်သည်လည်း တုန်ယင်နေသည်။ သူ့ ဘေးပတ်လည်တွင် လူများစွာ ရှိနေသော်လည်း သူသည် ဤလောက၏ စွန့်ပစ်ခြင်း ခံရသလို ခံစားနေရသည်။

ကျောက်လုံသည် အော်ဟစ်လိုက်ရင်း အရူးအမူး တိုးတင်လာသည်။ မမြင်ရသောမီးတစ်ခု စတင် ကျွမ်းလောင်လာသည်။ ချောင်ပိတ်မိပြီ ဖြစ်သည့်အတွက် သူသည် သူ့မူလစိတ်ဝိညာဉ်ကို ကျွမ်းလောင်ကာ စွမ်းအားပိုရရှိဖို့အတွက် လဲလှယ်ရန် ဆုံးဖြတ်တော့သည်။

ကျောက်လုံသည် အရူးအမူး တိုးဝင်လာ၏။ ဝမ်းနည်းမှုက သည်ဧရိယာကို ခြုံလွှမ်းလာသည်။ သူ တိုးဝင်လာသည့်အခါ သူ့ကျင့်ကြံမှုအဆင့်သည် နိဗ္ဗာနဖြိုခွဲခြင်းအစောပိုင်းအဆင့်ကနေ အလယ်အဆင့်ထိ တိုးတက်လာ၏။ သူ့ခန္ဓာကိုယ်မှာ ကြယ်ပျံတစ်စင်းအလား ဝမ်လင်းထံ အရူးအမူး လှမ်းဝင်လာသည်။

သူ ရွှေ့လျားလာရင်း ရူးသွပ်မှုခံစားချက်က ပိုအားကောင်းလာသည်။ အဆုံးသပ်တွင် ကောင်းကင်ထက်ရှိ အလင်းတို့ပါ မှိန်ဖျော့၍ ကျောက်လုံ၏ လောင်ကျွမ်းနေသောမူလစိတ်ဝိညာဉ်သည် တောက်ပစွာလင်းလက်ကာ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏အာရုံကို စွဲဆောင်သည်။

“မင်းက ငါ့ကို သေစေချင်မှတော့ မင်းလည်း တန်ဖိုးကြီးကြီး ပြန်ပေးဆပ်ရစေမယ်…”

သူ့နောက်ဆုံးလက်ကျန်အချိန်တွင် ကျောက်လုံသည် မာန်သွင်းကာ ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေသည်။ ပတ်ဝန်းကျင်ရှိကျင့်ကြံသူများ၏ စိတ်သည်ပင် တုန်လှုပ်ရ၏။

နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်က သူ့မူလစိတ်ဝိညာဉ်ကို လောင်ကျွမ်း၍ ကိုယ့်ကိုကိုယ်ဖောက်ခွဲပစ်ဖို့ ရွေးချယ်ခြင်းသည် တွေ့ရမများလှပေ။ သို့ရာတွင် အခုအခါ ဤအဖြစ်အပျက်မှာ လူတိုင်းရှေ့တွင် ဖြစ်ပွားလာခဲ့သည်။

လောင်ကျွမ်းနေသောမူလစိတ်ဝိညာဉ်က ပေါက်ကွဲခါနီးအချိန်တွင် ရူးသွပ်ဖွယ်အဖျက်အစီးအားတစ်ခုကို ထုတ်လွှတ်လာ၏။ ပိုအဆင့်မြင့်သော ကျင့်ကြံသူများပင် ၎င်းအဖျက်အစီးအားကို ရှောင်ဖို့သာ အလိုလို ရွေးမိပေလိမ့်မည်။ သို့သော် ဝမ်လင်းကမူ မရှောင်ပေ။ ထိုအစား သူ့မျက်လုံးက တလက်လက် ဖြစ်၏။

ဖန်ဟိုင်၏အမူအရာသည် သုန်မှုန်နေ၏။ သူသည် ထာဝရကလန်၏အကြီးအကဲတစ်ယောက် ဖြစ်ကာ ပြိုင်ပွဲအတွက် တာဝန်လည်း ရှိပေသည်။ ဝမ်လင်းသည် သူ့စကားလုံးများကို လစ်လျူရှုကာ ကောင်းကင်ဘုံဂီတကလန်မှလူများကို သတ်ပစ်ခဲ့၏။ ထိုမျှသာဆိုလျှင် အဆင်ပြေသေး၏။ သို့သော် ခုချိန်၌ သူသည် အဆင့်ခုနစ်ဒေသမှလူတစ်ယောက်ကိုပါ သတ်ပစ်တော့ပေမည်။

အဆင့်ခုနစ်ဒေသရှိ ကလန်များ၏ ကလန်ဝင်များမှာ တန်ဖိုးရှိလှသူများ ဖြစ်ကြသည်။ အခြားလူများက ကျောက်လုံ သေတာ၊မသေတာကို ဂရုစိုက်ချင်မှ စိုက်ပေမည်။ သို့သော် သူ၊ဖန်ဟိုင်ကတော့ ဂရုစိုက်၏။ အကြောင်းမှာ သူသည် ထာဝရကလန်၏အကြီးအကဲတစ်ယောက် ဖြစ်မလာခင်က တောင်ရှာဖွေခြင်းကလန်ဝင် တစ်ယောက် ဖြစ်ခဲ့ပေသည်။

လီချန်မေသည် တစ်ယောက်ယောက်ကို သတ်လိုပါက အဆင်ပြေသေး၏။ အကြောင်းကတော့ လီချန်မေ၏နောက်တွင် ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန် ရှိပေသည်။ ထို့အတွက် သူ ဘာမှ လုပ်နိုင်လိမ့်မည် မဟုတ်ပေ။ သို့ရာတွင် အခုချိန်တွင်တော့ မတူတော့ပေ။

“ရောင်းရင်းကျင့်ကြံသူ…ကျေးဇူးပြုပြီး ဒီအဘိုးအိုကို မျက်နှာသာနည်းနည်း ပေးတဲ့အနေနဲ့ တောင်ရှာဖွေခြင်းကလန်က လူတွေကို မသတ်ပါနဲ့…”

ဖန်ဟိုင်၏စကားလုံများ မှုန်တေနေ၏။ သူက အေးစက်စက်အော်ရာကို ထုတ်ဖော်ကာ ဝမ်လင်းထံ လှမ်းဝင်လာသည်။

ဤအခိုက်မှာပင် ကျောက်လုံ၏ လောင်ကျွမ်းနေသောမူလစိတ်ဝိညာဉ်က ဝမ်လင်းထံ ကြယ်ပျံတစ်စင်းအလား နီးကပ်လာပေ၏။ ဝမ်လင်း၏အမူအရာက တည်ငြိမ်လျက်ပင်။ သူ့ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ်သတ်ဖြတ်လိုစိတ် ဖြစ်ပေါ်သည်။

ထိုသတ်ဖြတ်လိုစိတ်က အားကောင်းလွန်းသည်။ ပေါ်လာသည်နှင့် ကောင်းကင်ကိုပါ အရောင်ပြောင်းလဲစေသည်။

ထိုသတ်ဖြတ်လိုစိတ်က ပေါ်လာသည်နှင့် ရုတ်တရက် ပေါက်ကွဲထွက်လာ၏။ ထိုဖိသိပ်အားအောက်တွင် ဖန်ဟိုင်၏အမူအရာသည် အကြီးအကျယ်ပြောင်းလဲကာ သူသည် ရပ်တန့်သည်။ သူက သူသာ နောက်ထပ်ခြေတစ်လှမ်း ထပ်လှမ်းဝံ့ပါက ဝမ်လင်း၏မန္တာန်အဝန်းအဝိုင်းထဲ ဝင်ရောက်ကာ သူ့အတွက်စောင့်နေမည်က သေခြင်းတရားဟု ခံစားမိရသည်။ ထိုအခိုက်မှာပင် ဝမ်လင်းသည် လှုပ်ရှားလေ၏။

သူ့ညာခြေထောက်သည် ဆက်ခနဲ ပင့်မြှောက်ကာ တိုးဝင်လာသော လောင်ကျွမ်းမူလစိတ်ဝိညာဉ်နှင့် ချက်ခြင်း ထိပ်တိုက်တွေ့သည်။

သူ့ဆံပင်အဖြူများက လွင့်ဝဲနေ၏။ သူ့ဝတ်စုံဖြူက တဖျပ်ဖျပ် ဖြစ်သည်။ မည်သည့်မန္တာန်မှ အသုံးမပြု၊ ရှောင်လည်းမရှောင်သလို သူသည် မည်သည့် နည်းစနစ်ကိုမှလည်း အသုံးမပြုလိုက်ပေ။ သူက အခြေခံအကျဆုံး၊တိုက်ရိုက်ကျဆုံး တိုက်ခိုက်မှုကိုသာ ပြုလုပ်လိုက်ခြင်းတည်း။

ဝမ်လင်း၏ ညာခြေထောက်က ရပ်တန့်ခြင်းမရှိဘဲ ကျောက်လုံ၏မူလစိတ်ဝိညာဉ်ပေါ် ကျရောက်သွားသည်။ မူလစွမ်းအင်ကိုလောင်ကျွမ်းထားသော ကျောက်လုံသည်ပင် ဤအကြွင်းမဲ့စွမ်းအားကို မခုခံနိုင်ပေ။ သူသည် သူ့မူလစိတ်ဝိညာဉ်ကို လောင်ကျွမ်းစေလျှင်ပင် သေရဦးမည်သာ ဖြစ်သည်။

တုန်ဟည်းသံများ ဆက်တိုက် မြည်ဟီး၏။ မူလစိတ်ဝိညာဉ်သည် အလင်းစက်များအဖြစ် တစစီ ပြိုပျက်သည်။ ဝမ်လင်းက သူ့ခြေထောက်ကို ပြန်ရုတ်သိမ်းသည်။ သူ့အမူအရာမှာ တည်ငြိမလျက်ပင်။ သူ့အကြည့်က ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများထံ အေးစက်စက်ဟန်ပန်ဖြင့် ဝေ့ဝိုက်သွားပြီးနောက် ဖန်ဟိုင်ပေါ်သို့ ကျရောက်သည်။

“ရောင်းရင်းကျင့်ကြံသူ…သင့်စကားတွေက နောက်ကျလွန်းသွားတယ်…”

ဖန်ဟိုင်သည် ဝမ်လင်းကို စူးစိုက်ကြည့်နေလျက် သုန်မှုန်နေသည်။ သူသည် အချိန်အတန်ကြာသည့်အထိ စကားမဆိုပေ။ ထို့နောက် သူသည် ထာဝရကလန်၏ ပွဲကြည့်စင်ထံ ပြန်လျှောက်လှမ်းသွားတော့သည်။

ပတ်ဝန်းကျင်တစ်ခုလုံးသည် ငြိမ်သက်တိတ်ဆိတ်နေ၏။ တစ်ခဏတာ တိတ်ဆိတ်သွားသည့်နောက် ဟိန်းအော်သံတစ်ခု စင်မြင့်အနှံ့တွင် ပျံ့နှံ့သည်။ ဝမ်လင်း ပေါ်လာသည့် ခဏအတွင်းမှာ သူသည် ကောင်းကင်ဘုံဂီတကလန်မှလူများနှင့် တောင်ရှာဖွေခြင်းကလန်မှ ကျောက်လုံတို့ကို သတ်ပစ်ခဲ့ပေသည်။ ထိုအဖြစ်က တုန်လှုပ်နေမှုတို့ကို ပို၍ ပြင်းထန်လာစေသည်။

သူ့မန္တာန်မှာ တုန်လှုပ်စရာ ကောင်း၏။ သို့သော် သူ့ခန္ဓာကိုယ်မှာ ပို၍ အံ့အားသင့်ဖွယ်ရာကောင်းနေသည်။

ဆံဖြူအဘိုးအို၏မျက်လုံးတို့က တောက်ပနေ၏။ ကောင်းကင်ဘုံဂီတကလန်နှင့်တောင်ရှာဖွေခြင်းကလန်တို့မှာ အခုလိုအစွမ်းထက်ကျင့်ကြံသူနှင့် ယှဉ်ပါက ဘာမှ မဟုတ်တော့ပေ။

ဝမ်လင်းသည် လှည့်၍ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို ကြည့်သည်။ သူ့အသံသည် ပြတ်သားသည်။ လူတိုင်း ရှင်းရှင်းလင်းလင်း ကြားရသည်။

“ငါက မူလကလန်ကို ကိုယ်စားပြုပြီး အဆင့်ခြောက်နဲ့ခုနစ်ကလန်အားလုံးကို စိန်ခေါ်ချင်ပါတယ်။ ဘယ်သူ အရင်ဆုံး လာရဲလဲ…” ဝမ်လင်း၏အသံမျာ အေးစက်၏။ လူတိုင်း နောက်တစ်ကြိမ် ပြန်ငြိမ်သက် တိတ်ဆိတ်သွားကြပြန်သည်။

လုယန်ကုံးသည် အသက်ဝဝရှုသွင်းကာ သူ့စိတ်နှလုံးထဲရှိ တုန်လှုပ်မှုကို ဖိနှိပ်ထားသည်။ သူသည် ကျင့်ကြံသူများကြားရှိ ယွမ်ဖေးကို လှမ်းကြည့်ကာ အပြုံးမမည်သောအပြုံးကို ပြုံး၏။

ယွမ်ဖေးသည် ပြိုင်ပွဲစင်မြင့်ထက်ရှိ ဝမ်လင်းကို ကြည့်ကာ သူ့မျက်နှာမှာ သေလောက်အာင် ဖြူရောနေသည်။ သူသည် ခဏတာ စဉ်းစား၏။ ထို့နောက် သူက ရှေ့ထွက်မလာဝံ့ပေ။

တည်ငြိမ်သောအသံတစ်ခု ကောင်းကင်ထက်တွင် ဖြည်းဖြည်းချင်း ပျံ့နှံ့လာ၏။ “အဆင့်ခုနစ်အစိမ်းရောင်တိမ်ကလန်က ငါ ယွမ်ရှန်ဟာ ရောင်းရင်းကျင့်ကြံသူလုနဲ့ လက်ရည်စမ်း ချင်ပါတယ်…”

***

All Chapters