← Chapters

အခန်း ၂၀၁

Vol. 21 Ch. 201

အခန်း ၂၀၁

Vol. 21 Ch. 201

အခန်း (၂၀၁) တောင်ဘက်ဒေသ၏ အင်အားစုများ

“ဂိုဏ်းချုပ်လန်ကို ကျေးဇူးတင်ပါတယ်၊ ကျွန်တော် ဒါကို တကယ်ပဲ သဘောကျပါတယ်” ရှုချွမ်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်ရင်း ရတနာတိုက်၏ သော့ကို လှမ်း၍ သိမ်းလိုက်သည်။

သူက လင်းရှောင်ဂိုဏ်းသို့ ရောက်ရှိလာစဉ် ဤကဲ့သို့သော အဖိုးတန်အရာကို ရရှိလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့မိပေ။

ကြည့်ရတာ သူ၏ နောင်လာမည့် ခရီးစဉ်မှာ ပြောင်းလဲမှုအချို့ ရှိလာတော့မည် ထင်သည်။

ရှုချွမ်းက စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်မိ၏။

မူလက သူက တောင်ဘက်ဒေသနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ရရှိပြီးနောက် အတိုဆုံး လမ်းကြောင်းဖြင့် အရှေ့ဘက်ဒေသသို့ ပြန်ရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သော်လည်း ယခုမူ သူက နတ်ဆေး ဧကရာဇ်၏ ရတနာတိုက်ကြီးကို ဦးစွာ ရှာဖွေရပေတော့မည်။

ဧကရာဇ်အရှင်နယ်ပယ် သိုင်းပညာရှင်ကြီးတစ်ဦး၏ ရတနာတိုက်အတွင်း၌ သေချာပေါက် ကောင်းမွန်လှသော ရတနာများစွာ ရှိနေရပေမည်။

မဟုတ်ပါက ကြီးကျယ်ခမ်းနားလှသော မြင့်မြတ်နယ်မြေတစ်ခုက ၎င်းတို့၏ ဂုဏ်သိက္ခာကိုပင် ဂရုမစိုက်တော့ဘဲ ဤသော့ကို လူကိုယ်တိုင် လာလုယူရန် ကြံစည်ပါမည်လော။

ဤသည်က ထိုရတနာတိုက်အတွင်း၌ သူတို့ကို အလွန်တရာ စိတ်လှုပ်ရှားသွားစေနိုင်မည့် အရာတစ်ခုခု သေချာပေါက် ရှိနေကြောင်း ညွှန်ပြနေခဲ့ချေပြီ။

“သခင်လေးရှု သဘောကျတယ်ဆိုရင်ပဲ ကျေနပ်ပါပြီ”

လန်ထျန်းဟန်ကလည်း ပြုံးလျက် ပြောလိုက်သည်။

“သခင်လေးရှု ခရီးသွားရတာ မောပန်းနေလောက်ပြီ။ ကျွန်တော့်ရဲ့ လင်းရှောင်ဂိုဏ်းမှာ ရက်အနည်းငယ်လောက် အနားယူပြီးမှ ခရီးဆက်ပါလား”

ရှုချွမ်းက ရတနာတိုက်၏ သော့ကို လက်ခံလိုက်ပြီ ဖြစ်ခြင်းကြောင့် သူက ယင်ယန် မြင့်မြတ်နယ်မြေကို စိုးစဉ်းမျှ ကြောက်ရွံ့ခြင်းမရှိကြောင်း သက်သေပြနေခဲ့ပြီ ဖြစ်သည်။

လန်ထျန်းဟန်၏ ယနေ့ လောင်းကြေးမှာ အောင်မြင်သွားခဲ့ချေပြီ။

နောက်တစ်ဆင့်အနေဖြင့် သူက ရှုချွမ်းအား လင်းရှောင်ဂိုဏ်းအတွင်း၌ ရက်အနည်းငယ်မျှ နေထိုင်စေရန် ပြုလုပ်ပြီး ယင်ယန် မြင့်မြတ်နယ်မြေမှ လူများ ရောက်ရှိလာချိန်တွင် ရှုချွမ်းအား ကြားခံလှုပ်ရှားစေကာ လင်းရှောင်ဂိုဏ်း၏ ဘေးအန္တရာယ်ကို ဖြေရှင်းရန်သာ လိုအပ်တော့သည်။

“ဒါဆိုရင်တော့... ကျွန်တော် ဝမ်းမြောက်စွာနဲ့ လက်ခံလိုက်ပါ့မယ်”

ရှုချွမ်းက လန်ထျန်းဟန်၏ ဖိတ်ခေါ်မှုကို ငြင်းပယ်ခြင်းမရှိဘဲ လင်းရှောင်ဂိုဏ်းအတွင်း၌ အခြေချ နေထိုင်လိုက်တော့သည်။

ဤသော့က မည်သည့်အရာဖြစ်ကြောင်း သိရှိသွားသည့် အချိန်၌ပင် ရှုချွမ်းက ကိစ္စအားလုံးနှင့် လန်ထျန်းဟန်၏ ရည်ရွယ်ချက်ကို ကောင်းစွာ သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

သူက ဤကိစ္စအပေါ် ဒေါသထွက်ခြင်း မရှိပေ။

သူတစ်ပါး၏ အရာကို ယူပြီးလျှင် သူတစ်ပါး၏ ဒုက္ခကို ဖြေရှင်းပေးရမည်ဟူသော စည်းမျဉ်းမှာ လောကသဘာဝပင် မဟုတ်ပါလော။

လန်ထျန်းဟန်က ဤအရာကို သူ့အား ယုံကြည်စိတ်ချစွာ ပေးအပ်ဝံ့မှတော့ သူကလည်း လင်းရှောင်ဂိုဏ်းကို ကာကွယ်ပေးရန် စိတ်ထဲ၌ မရှိပေ။

လင်းရှောင်ဂိုဏ်းကို ကာကွယ်နိုင်ပါ့မလားဟူသော အချက်နှင့် ပတ်သက်၍မူ ရှုချွမ်း စိုးစဉ်းမျှ စိုးရိမ်ပူပန်ခြင်း မရှိပေ ။

သူ၏ လက်ရှိ ခွန်အားဖြင့်ဆိုပါက ကောင်းကင်ဘုရင်နယ်ပယ် အဆင့် ၁ သို့မဟုတ် အဆင့် ၂ သိုင်းပညာရှင်တစ်ဦး ရောက်ရှိလာခဲ့သည့်တိုင်အောင် သူက လုံးဝ ရှုံးနိမ့်လိမ့်မည် မဟုတ်ပေ။

အကယ်၍ မယှဉ်နိုင်ခဲ့လျှင်ပင် ရှုချွမ်းတွင် လိပ်နက် ရွှမ်လျဲ့ ဝှက်ဖဲကြီး ရှိနေသေးသည်။

ဤကာလအတွင်း ရွှမ်လျဲ့က ရွှေရောင်ရှေးဟောင်းနန်းတော်အတွင်း၌ ဒဏ်ရာများကို အနားယူ ကုသနေခဲ့ခြင်း ဖြစ်ပြီး ရှုချွမ်းသည်လည်း အမျိုးမျိုးသော ကုသရေး ရတနာများကို ရွှမ်လျဲ့အပေါ်တွင် အစွမ်းကုန် အသုံးပြုပေးခဲ့သည်။

ယခုအခါ သူ၏ ဒဏ်ရာများမှာ တစ်ဝက်ကျော်ခန့် ပြန်လည်သက်သာ ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။

သူက သူ၏ အထွတ်အထိပ်အချိန်က ကောင်းကင်ဘုရင်နယ်ပယ် ကျင့်ကြံခြင်းအဆင့်သို့ အပြည့်အဝ ပြန်မရောက်သေးသည့်တိုင်အောင်၊ သာမန် ကောင်းကင်ဘုရင်နယ်ပယ် အဆင့် ၆ သို့မဟုတ် အဆင့် ၇ သိုင်းပညာရှင်များမှာ သူ၏ လက်ထဲတွင် ကြက်ပေါက်ကလေးများကဲ့သို့သာ ဖြစ်ပေသည်။

ဤကဲ့သို့သော အာမခံချက် နှစ်ထပ်ရှိနေခြင်းကြောင့်သာ ရှုချွမ်းက လင်းရှောင်ဂိုဏ်းကို ဘေးကင်းအောင် ကာကွယ်ပေးနိုင်သည်ဟု ရဲရဲဝံ့ဝံ့ ပြောနိုင်ခြင်း ဖြစ်၏။

ထို့ပြင် အမြင့်ဆုံး ကျင့်ကြံခြင်းနယ်ပယ်က ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် အဆင့် ၈ မျှသာရှိသော ဂိုဏ်းငယ်လေးတစ်ခုကို နှိမ်နင်းရန်အတွက် ကောင်းကင်ဘုရင်နယ်ပယ် အဆင့် ၆ သို့မဟုတ် အဆင့် ၇ သိုင်းပညာရှင်တစ်ဦး ပေါ်ထွက်လာရန်ဟူသည်မှာ လုံးဝ မဖြစ်နိုင်ပေ။

အဘယ်ကြောင့်ဆိုသော် ၎င်းက လုံးဝ မလိုအပ်သောကြောင့် ဖြစ်သည်။

ကောင်းကင်ဘုရင်နယ်ပယ် သိုင်းပညာရှင်ကြီးများမှာ ဂိုဏ်းကြီးများ၏ ‌‌ေထာင့်တိုင်ကြီးများကဲ့သို့ ဖြစ်ကြပြီး သူတို့၏ ဂိုဏ်းများကို ကာကွယ်ရန်အတွက်သာ တည်ရှိကြသဖြင့် သာမန်အားဖြင့် ၎င်းတို့၏ ဂိုဏ်းနယ်မြေအတွင်းမှ လွယ်လွယ်ကူကူ ထွက်ခွာလေ့ မရှိကြပေ။

၎င်းမှာ ထိုက်ယိ မြင့်မြတ်နယ်မြေ အတွင်း၌ အပေါ်ယံအားဖြင့် ကြည့်လျှင် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် သိုင်းပညာရှင်များ ဖြစ်ကြသော တောင်ထိပ်သခင် ဆယ်ဦးမှလွဲ၍ အခြား မည်သည့် ကောင်းကင်ဘုရင်နယ်ပယ် ကျွမ်းကျင်သူမျှ ရှိမနေသည့်အလား ထင်ရသကဲ့သို့ ဖြစ်ပေသည်။

သို့သော်လည်း အမှန်စင်စစ်တွင်မူ ထိုက်ယိ မြင့်မြတ်နယ်မြေအတွင်း၌ အစောင့်အရှောက် လေးဦး နှင့် တံခါးပိတ် ကျင့်ကြံနေကြသော မဟာအကြီးအကဲ ငါးဦး ရှိနေကြသေးသည်။

ဤကိုးဦးစလုံးမှာ ကောင်းကင်ဘုရင်နယ်ပယ် အဆင့် ၉ တည်ရှိမှုကြီးများ ဖြစ်ကြပေသည်။

အချို့ဆိုလျှင် မြင့်မြတ်နယ်မြေ၏ အရှင်သခင်ကဲ့သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်လာရန်အတွက် ဧကရာဇ်အရှင်တစ်ပိုင်းနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ရန် ခြေလှမ်းတစ်လှမ်းမျှသာ လိုတော့သည့် တည်ရှိမှုများ ဖြစ်ကြ၏။

ဤအရာများအပြင် မြင့်မြတ်နယ်မြေအတွင်း၌ သာမန်ကျင့်ကြံခြင်းအဆင့်ရှိသော ကောင်းကင်ဘုရင်နယ်ပယ် သိုင်းပညာရှင်များစွာကိုလည်း လျှို့ဝှက်စွာ ဖုံးကွယ်ထားလေ့ရှိကြပြီး သူတို့က ပုံမှန်အားဖြင့် တံမြက်လှည်းသော ကိုယ်တော် များကဲ့သို့ မထင်မရှား နေထိုင်လေ့ ရှိကြသည်။

ဤသည်ကလည်း အဘယ်ကြောင့် ထိုက်ယိ မြင့်မြတ်နယ်မြေက အရှေ့ဘက်ဒေသ၌ နံပါတ်တစ် မြင့်မြတ်နယ်မြေအဖြစ် ခိုင်မာစွာ ထိုင်နေနိုင်သနည်းဟူသော အကြောင်းရင်းပင် ဖြစ်၏။

အစစ်အမှန် စွမ်းအားများ မရှိဘဲနှင့် မည်သူက ဤမျှလောက် ခက်ခဲလှသော ရာထူးနေရာကို ရဲရဲဝံ့ဝံ့ ရယူဝံ့ပါမည်နည်း။

သူတို့က အသက်ရှည်ရလွန်းသဖြင့် ငြီးငွေ့နေကြခြင်းမျိုး သေချာပေါက် မဟုတ်ပေ။

...

လန်ထျန်းဟန်၏ စနစ်တကျ ပြင်ဆင်ပေးမှုအောက်တွင် ရှုချွမ်းက လင်းရှောင်ဂိုဏ်းအတွင်း၌ သက်တောင့်သက်သာ နေထိုင်ခဲ့သည်။

သူက တောင်ဘက်ဒေသ၏ မြေမျက်နှာသွင်ပြင်နှင့် အင်အားစုများ ဖြန့်ကြက်တည်ရှိပုံများကို လေ့လာစူးစမ်းနေခဲ့သလို တစ်ပြိုင်နက်တည်းမှာပင် ရတနာတိုက် သော့၏ လျှို့ဝှက်ချက်များကိုလည်း လေ့လာနေခဲ့သည်။

ရက်အနည်းငယ်မျှ လေ့လာပြီးနောက်တွင် ရှုချွမ်းက တောင်ဘက်ဒေသတစ်ခုလုံး၏ မြေမျက်နှာသွင်ပြင်နှင့် အင်အားစုများ ဖြန့်ကြက်ပုံကို လုံးဝ သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

တောင်ဘက်ဒေသတစ်ခုလုံးကို အပိုင်းကြီး လေးပိုင်း ပိုင်းခြားထားပြီး အပိုင်းတစ်ခုစီကို ထိပ်တန်း အင်အားစုကြီးတစ်ခုစီက သိမ်းပိုက် စိုးမိုးထားကြခြင်း ဖြစ်သည်။

၎င်းတို့မှာ ‘စန်းယန် မြင့်မြတ်နယ်မြေ’ ၊ ‘မဟာတောရိုင်း နိုင်ငံ’၊ ‘မသေမျိုးမီးတောင်’ နှင့် ‘မိစ္ဆာသောင်းချီနယ်မြေ’တို့ ဖြစ်ကြပေသည်။

ဤထိပ်တန်း အင်အားစုကြီး လေးခုထဲတွင် အစွမ်းထက်ဆုံးမှာ ‘စန်းယန် မြင့်မြတ်နယ်မြေ’ ဟု အမည်ရသော အင်အားစု ဖြစ်၏။

ဤအင်အားစုက တောင်ဘက်ဒေသအတွင်း၌ နှစ်ပေါင်း သောင်းချီတိုင်အောင် အမြစ်တွယ်နေခဲ့ခြင်းဖြစ်ပြီး တောင်ဘက်ဒေသတစ်ခုလုံးကို ခိုင်မာစွာ ထိန်းချုပ်ထားသည်။

အပေါ်ယံအားဖြင့် ကြည့်လျှင် ၎င်း၏ မြင့်မြတ်နယ်မြေ အရှင်သခင်သည်လည်း ဧကရာဇ်အရှင်တစ်ပိုင်းနယ်ပယ် သိုင်းပညာရှင်တစ်ဦး ဖြစ်ပြီး ထိုက်ယိ မြင့်မြတ်နယ်မြေ အရှင်သခင်နှင့် တူညီသော ကျင့်ကြံခြင်းအဆင့် ရှိပေသည်။

သူတို့ နှစ်ဦးထဲမှ မည်သူက ပိုမိုသန်မာသည် သို့မဟုတ် အားနည်းသည်ကိုမူ မသိရှိရသေးပေ။

သို့သော်လည်း အချက်တစ်ချက်ကမူ သေချာလှပေသည်။

သူတို့၏ အင်အားစုအတွင်း၌ ကာကွယ်စောင့်ရှောက်ပေးမည့် ဧကရာဇ်အရှင်တစ်ပိုင်းနယ်ပယ် သိုင်းပညာရှင်တစ်ဦး မရှိဘဲနှင့် မည်သည့် မြင့်မြတ်နယ်မြေမျှ ဒေသတစ်ခု၏ ထိပ်တန်းအင်အားစု လုံးဝ ဖြစ်မလာနိုင်ပေ ။

မဟာတောရိုင်း နိုင်ငံမှာမူ နတ်ဆေး ဧကရာဇ် မွေးဖွားခဲ့ရာ အင်ပါယာနိုင်ငံတော်ကြီး ဖြစ်ပြီး နှစ်ပေါင်း သောင်းချီတိုင်အောင် ဆက်လက်တည်တံ့လာခဲ့ကာ တောင်ဘက်ဒေသ၏ ထိပ်တန်းအင်အားစု လေးခုထဲမှ တစ်ခု ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

မသေမျိုးမီးတောင်နှင့် ပတ်သက်၍မူ ၎င်းက ဧကရာဇ်အရှင်တစ်ပိုင်းနယ်ပယ်ရှိသော ဖီးနစ်ငှက်တစ်ကောင်က ဦးဆောင်ထားသည့် အင်အားစု ဖြစ်ပြီး ၎င်း၏ လက်အောက်ငယ်သား အားလုံးမှာ ဖီးနစ်မျိုးနွယ်စု သွေးနှောကိန်းအောင်းနေကြသော အမျိုးမျိုးသော မိစ္ဆာသားရဲပျံများ ဖြစ်ကြသည်။

နောက်ဆုံးတစ်ခုဖြစ်သော မိစ္ဆာသောင်းချီနယ်မြေမှာမူ မိစ္ဆာမျိုးနွယ်စုများက လုံးဝ အုပ်ချုပ်စိုးမိုးထားသော အရပ် ဖြစ်ပေသည်။

၎င်း၏ မိစ္ဆာဧကရာဇ် သည်လည်း ဧကရာဇ်အရှင်တစ်ပိုင်းနယ်ပယ် သိုင်းပညာရှင်တစ်ဦး ဖြစ်သည်။

ထို့ပြင် ရှုချွမ်းက လင်းရှောင်ဂိုဏ်းအပေါ် ပြင်းထန်လှသော ဖိအားများ ပေးအပ်နေသည့် ယင်ယန် မြင့်မြတ်နယ်မြေ၏ မူလဇစ်မြစ်ကိုလည်း ရှာဖွေတွေ့ရှိသွားခဲ့ပြီ ဖြစ်သည်။

ယင်ယန် မြင့်မြတ်နယ်မြေဟူသည်မှာ လွန်ခဲ့သော ထောင်စုနှစ်အနည်းငယ်အတွင်းမှသာ တောင်ဘက်ဒေသ၌ ရုတ်တရက် ပေါ်ထွက်လာခဲ့သော မြင့်မြတ်နယ်မြေတစ်ခု ဖြစ်ပြီး စန်းယန် မြင့်မြတ်နယ်မြေ၏ ထိန်းချုပ်မှုအောက်ရှိ လက်အောက်ခံ အင်အားစုတစ်ခု ဖြစ်ပေသည်။

ဒဏ္ဍာရီများအရ ၎င်း၏ မြင့်မြတ်နယ်မြေ အရှင်သခင်က မဟာတောရိုင်းနိုင်ငံအတွင်း၌ နတ်ဆေး ဧကရာဇ်၏ အမွေအနှစ်အချို့ကို မတော်တဆ ရရှိခဲ့ခြင်းဖြစ်ပြီး ၎င်းနောက် လျင်မြန်စွာ တောက်ပ လာခဲ့ကာ နောက်ဆုံးတွင် ဤအမွေအနှစ်ကို အမှီပြု၍ ကောင်းကင်ဘုရင်နယ်ပယ် အဆင့် ၇ အထိ ကျင့်ကြံနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြသည်။ ထိုအချိန်မှစ၍ သူက တောင်ဘက်ဒေသ၌ ခြေကုပ်စတင်ရယူခဲ့ပြီး နောက်ဆုံးတွင် ယင်ယန် မြင့်မြတ်နယ်မြေကို တည်ထောင်ခဲ့ခြင်း ဖြစ်၏။

“ယင်ယန် မြင့်မြတ်နယ်မြေက ဧကရာဇ်အရှင်ရဲ့ ရတနာတိုက် သော့ကို ရှာဖွေဖို့အတွက် ဘာကြောင့် ဒီလောက်အထိ အစွမ်းကုန် အားထုတ်နေရသလဲဆိုတာ မဆန်းတော့ဘူးပဲ... သူတို့က အမွေအနှစ်အချို့ကို ရရှိထားခဲ့လို့ကိုး”

ဤသတင်းအချက်အလက်ကို မြင်လျှင် ရှုချွမ်း ချက်ချင်းပင် သဘောပေါက်သွားခဲ့ရသည်။

အမွေအနှစ် အပိုင်းအစတစ်ခုတည်းဖြင့်ပင် သူ့အား အစွမ်းထက် ကျွမ်းကျင်သူတစ်ဦး ဖြစ်လာစေခဲ့ပြီး အနာဂတ် တွင် ဤမျှလောက် ကြီးမားလှသော မြင့်မြတ်နယ်မြေကိုပင် တည်ထောင်နိုင်စေခဲ့သည်။

သို့ဆိုလျှင် အစစ်အမှန် နတ်ဆေး ဧကရာဇ်၏ ရတနာတိုက်ကြီးကို မြင်တွေ့ရပါက မည်သူက စိတ်လှုပ်ရှားခြင်း မရှိဘဲ နေနိုင်ပါမည်နည်း။

သို့သော်လည်း ယင်ယန် မြင့်မြတ်နယ်မြေ၏ အစစ်အမှန် ခွန်အားကို ကောင်းစွာ နားလည်သွားပြီးနောက် ရှုချွမ်း၏ ရင်ထဲ၌ များစွာ သက်တောင့်သက်သာ ဖြစ်သွားခဲ့ရသည်။

အသန်မာ ဆုံးဖြစ်သော မြင့်မြတ်နယ်မြေ အရှင်သခင်ကိုယ်တိုင်ပင် ကောင်းကင်ဘုရင်နယ်ပယ် အဆင့် ၇ မျှသာ ရှိပေသည်။

၎င်းအား မြင့်မြတ်နယ်မြေဟု အမည်တပ်ထားသော်လည်း အမှန်စင်စစ်တွင်မူ ၎င်းက သာမန် ဂိုဏ်းကြီးတစ်ခုထက် အနည်းငယ်မျှသာ ပိုမိုကြီးမားခြင်း ဖြစ်ပေသည်။

ယခုအခါ ယင်ယန် မြင့်မြတ်နယ်မြေ၏ အရှင်သခင်ကိုယ်တိုင် လူကိုယ်တိုင် ရောက်ရှိလာခဲ့သည့်တိုင်အောင် သူက ရှုချွမ်း၏ လက်ထဲမှ သော့ကို လုံးဝ လုယူနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

ရတနာတိုက်၏ သော့နှင့် ပတ်သက်၍မူ ရှုချွမ်းက ၎င်းကို အချိန်အတော်ကြာ လေ့လာခဲ့သော်လည်း မည်သည့် တိကျသော ရလဒ်ကိုမျှ ရှာဖွေနိုင်ခြင်း မရှိခဲ့ပေ ။

ဤအရာက တစ်ခုခု လိုအပ်နေသည့်အလား ထင်ရပြီး ထိုအရာ မရှိဘဲနှင့် သူက ရတနာတိုက် တည်ရှိရာ နေရာကို ရှာဖွေနိုင်ခြင်း မရှိသလို ၎င်းကို ဖွင့်လှစ်နိုင်ခြင်းလည်း မရှိပေ ။

မည်သို့မျှ မတတ်နိုင်သဖြင့် ရှုချွမ်းက ၎င်းကို ခေတ္တမျှ ဘေးဖယ်ထားလိုက်တော့သည်။

သူက လင်းရှောင်ဂိုဏ်းအတွင်း၌ နေထိုင်ရင်း ယင်ယန် မြင့်မြတ်နယ်မြေမှ လူများ ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းကာ သူတို့၏ လက်ထဲမှ အသုံးဝင်သော သတင်းအချက်အလက်အချို့ကို ရရှိနိုင်မလားဟု ဆက်ကြည့်ရပေမည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း လန်ဝူရွှမ်းသည်လည်း ရှုချွမ်း၏ထံသို့ ရံဖန်ရံခါ လာလည်လေ့ ရှိသည်။

ရှုချွမ်း၏ ကယ်တင်ခြင်းကို ခံရသည့် အချိန်မှစ၍ သူမက သူ၏အပေါ်၌ စိတ်ဝင်စားမှုအချို့ ရှိနေခဲ့သော်လည်း သူတို့၏ သရုပ်မှန်နှင့် ကျင့်ကြံခြင်းနယ်ပယ် ကွာခြားချက်ကြီးမားမှုက သူမအား ကြီးမားလှသော အကွာအဝေးတစ်ခုကို ခံစားရစေသဖြင့် သူမက သူမ၏ ခံစားချက်များကို သူမ၏ လုပ်ရပ် များမှတစ်ဆင့်သာ တိတ်တဆိတ် ထုတ်ဖော်ပြသနိုင်ရှာသည်။

ရှုချွမ်းသည် ဤအချက်ကို ကောင်းစွာ သိရှိထားသော်လည်း ၎င်းကို ဗြောင်ကျကျ ထုတ်ပြောခြင်း မပြုခဲ့ပေ။

ပထမအချက်အနေဖြင့် သူက ဤနေရာ၌ ခေတ္တဖြတ်သန်းသွားလာသူမျှသာ ဖြစ်ပြီး မကြာမီအတွင်း တောင်ဘက်ဒေသမှ ထွက်ခွာကာ အရှေ့ဘက်ဒေသသို့ ပြန်ရပေတော့မည်။

ထိုနေရာတွင် သူ့အား စောင့်ဆိုင်းနေကြသော လူပေါင်းများစွာ ရှိနေခဲ့ရာ သူ ဤနေရာ၌ ကြာကြာနေရန် မဖြစ်နိုင်ပေ ။

ဒုတိယအချက်အနေဖြင့် သူက လန်ဝူရွှမ်း၏ စိတ်ဓာတ်ကို ရိုက်ချိုးပစ်ရန် သို့မဟုတ် သူမ၏ စေတနာကောင်းများကို ဖျက်ဆီးပစ်ရန် မလိုလားသောကြောင့် ဖြစ်သည်။

ဤကဲ့သို့သော အခြေအနေမျိုးအောက်တွင် ရှုချွမ်းက ငါးရက်တိုင်တိုင် စောင့်ဆိုင်းခဲ့သည်။

သို့သော်လည်း ငါးရက်တာ ကုန်လွန်သွားခဲ့သည့်တိုင်အောင် ယင်ယန် မြင့်မြတ်နယ်မြေမှ လူများ၏ အရိပ်အယောင်ကို လုံးဝ မမြင်တွေ့ရသေးပေ။

ရှုချွမ်း အနည်းငယ် စိတ်မရှည်ဖြစ်လာသည့် အချိန်၌ပင် နောက်ဆုံးတွင် လင်းရှောင်ဂိုဏ်း၏ တောင်တံခါး အပြင်၌ ဧရာမ စစ်သင်္ဘောကြီးတစ်စင်း ရုတ်တရက် ပေါ်ထွက်လာခဲ့တော့သည်။

ထိုစစ်သင်္ဘောကြီးက ဟင်းလင်းပြင်ထက်၌ ဝဲပျံနေခဲ့ပြီး ၎င်း၏ ပတ်ဝန်းကျင်တွင် စောင့်ကြပ်နေကြသော အစောင့်ပေါင်း ဒါဇင်ပေါင်းများစွာ ရှိနေခဲ့ကြသည်။

မြေပြင်မှနေ၍ ကြည့်လိုက်လျှင် ၎င်း၏ ခမ်းနားထည်ဝါမှုမှာ အလွန်တရာ အံ့ဩစရာ ကောင်းလှပေသည်။

All Chapters