← Chapters

အခန်း ၂၀၂

Vol. 21 Ch. 202

အခန်း ၂၀၂

Vol. 21 Ch. 202

အခန်း (၂၀၂) မာနထောင်လွှားလှသော ယင်ယန် မြင့်မြတ် သားတော်

“အဲ့ဒါ ယင်ယန် မြင့်မြတ်နယ်မြေက စစ်သင်္ဘောကြီးပဲ။ ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေကို ချက်ချင်းသွားပြီး သတင်းပို့ကြ”

“သိုင်းပညာရှင် တွေ ဒီလောက်အများကြီးပဲ... သူတို့ ဘာလာလုပ်ကြတာလဲ”

“သူတို့ ငါတို့ လင်းရှောင်ဂိုဏ်းကို လာတိုက်ခိုက်တာတော့ မဟုတ်ပါဘူးနော်”

“ငါတို့ ဘာဆက်လုပ်ကြမလဲ... အသက်လုပြီး ထွက်ပြေးရမလား”

အောက်ရှိ လင်းရှောင်ဂိုဏ်း တပည့်အများစုမှာ ဘာကိစ္စဖြစ်နေသည်ကို လုံးဝ မသိရှိကြရှာပေ။

သူတို့က ယင်ယန် မြင့်မြတ်နယ်မြေ၏ စစ်သင်္ဘောကြီးက ရန်လိုသော အငွေ့အသက်များဖြင့် ချဉ်းကပ်လာပြီး ၎င်းတို့၏ ရည်ရွယ်ချက် မအောင်မြင်မချင်း ရပ်တန့်မည့်ပုံမပေါ်သည်ကိုသာ မြင်တွေ့လိုက်ရသည်။

အတွင်းရေးကို သိရှိထားကြသော တပည့်အနည်းစုမျှသာ ဤအခိုက်အတန့်တွင် မျက်နှာအမူအရာများ လုံးဝ ဖြူလျော်သွားခဲ့ကြရ၏။

သူတို့က သူတို့၏ ဆရာ များထံသို့ သတင်းများကို အလျင်အစလို စတင်ပေးပို့ကြတော့သည်။

ဟင်းလင်းပြင်ထဲရှိ ယင်ယန် မြင့်မြတ်နယ်မြေ၏ စစ်သင်္ဘောကြီးထက်တွင်မူ ဆန်းကြယ် လှသော ဝတ်စုံကို ဆင်ယင်ထားသည့် လူငယ်တစ်ဦး မတ်တတ်ရပ်နေခဲ့ပြီး သူက ဖရိုဖရဲ ဖြစ်ပျက်နေသော လင်းရှောင်ဂိုဏ်း၏ တောင်တံခါးကို ပြုံးလျက် ကြည့်နေခဲ့သည်။

သူ၏ အနောက်တွင်မူ အသက်အရွယ် အမျိုးမျိုးရှိကြသော အစွမ်းထက် သိုင်းပညာရှင်ကြီးအချို့ ငြိမ်သက်စွာ ရပ်နေကြ၏။

“မင်းတို့ ထင်တာတော့ လန်ထျန်းဟန်က သော့ကို ငြိမ်ငြိမ်လေး ထုတ်ပေးလိမ့်မယ် ထင်လား” လူငယ်က သူ၏ အနောက်ရှိ သိုင်းပညာရှင်များကို တိုးညင်းသော အသံဖြင့် လှမ်း၍ မေးလိုက်သည်။

“အရှင် ကိုယ်တိုင် လူကိုယ်တိုင် လာခဲ့မှတော့ လန်ထျန်းဟန်အနေနဲ့ ချက်ချင်းပဲ ဝပ်စင်းပြီး ဆက်သရမှာပေါ့။ သူက ဘယ်လိုလုပ်ပြီး မပေးဘဲ နေဝံ့ပါ့မလဲ”

လူငယ်၏ စကား ဆုံးသည်နှင့်တစ်ပြိုင်နက် ဘေးနားရှိ သိုင်းပညာရှင်တစ်ဦးက ဖားယားသော လေသံဖြင့် ချက်ချင်း ပြန်ပြောလိုက်သည်။

အခြားသူများက စကားမဆိုကြသော်လည်း သူတို့၏ မျက်နှာအမူအရာများမှာ ဤလူ၏ စကားကို ထောက်ခံနေကြခြင်းမှာ ထင်ရှားလှပေသည်။

“ဟားဟား... ကောင်းတယ်” ၎င်းကို ကြားရလျှင် ထိုလူငယ် အလွန်တရာ ဝမ်းမြောက်သွားခဲ့ရသည်။

“ဆင်းသက်စမ်း... ပစ်မှတ်က လင်းရှောင်ဂိုဏ်းရဲ့ တောင်တံခါးပဲ”

အကျယ်ကြီး ရယ်မောပြီးနောက် ထိုလူငယ်က အမိန့်ပေးလိုက်တော့သည်။

စစ်သင်္ဘောကြီးက ဖြည်းဖြည်းချင်း စတင်ဆင်းသက်လာခဲ့ပြီး စစ်သင်္ဘော၏ ဘေးပတ်ပတ်လည်ရှိ သိုင်းပညာရှင်များသည်လည်း လမ်းကြောင်းကို စတင်ရှင်းလင်းကြတော့သည်။

“အရှင်... လင်းရှောင်ဂိုဏ်းမှာ ဂိုဏ်းကာကွယ်ရေး အစီအရင်ရှိနေလို့ စစ်သင်္ဘောကြီးက...”

ထိုအခိုက်အတန့်၌ပင် လမ်းကြောင်းရှင်းလင်းနေသော အစောင့်တစ်ဦးက လူငယ်၏ထံသို့ လာအစီရင်ခံသည်။

“တိုက်ရိုက်ပဲ ဖျက်ဆီး ပစ်လိုက်စမ်း ငါက လင်းရှောင်ဂိုဏ်းက လူတွေ သာမက လင်းရှောင်မြို့တစ်ခုလုံးကိုပါ ငါ့ရဲ့ ယင်ယန် မြင့်မြတ်နယ်မြေက ဒီဝေးလံခေါင်သီတဲ့ အရပ်ကို ရောက်လာပြီဆိုတာ သိစေချင်တာ”

သူ၏ လက်အောက်ငယ်သား စကားမဆုံးမီမှာပင် လူငယ်က ကြားဖြတ်၍ မာနထောင်လွှားစွာဖြင့် အမိန့်ပေးလိုက်တော့သည်။

“ဟုတ်ကဲ့ပါ အရှင်... ကျွန်တော် အမိန့်အတိုင်း လုပ်ပါ့မယ်"

“အားလုံးပဲ... လင်းရှောင်ဂိုဏ်းရဲ့ ဂိုဏ်းကာကွယ်ရေးအစီအရင်ကို အစွမ်းကုန် ဝိုင်း တိုက်ခိုက်ကြစမ်း”

လူငယ်၏ အမိန့်ကို ရရှိပြီးနောက် အစောင့်ခေါင်းဆောင်က ဆိုလိုက်ရာ စစ်သင်္ဘောကို ဝိုင်းရံထားကြသော အစောင့်များအားလုံး ချက်ချင်း လှုပ်ရှားလိုက်ကြပြီး ထိုဂိုဏ်းကာကွယ်ရေး အစီအရင်ကို အလှည့်ကျ စတင်၍ တိုက်ခိုက်ကြတော့သည်။

ဤအစောင့် ဒါဇင်ပေါင်းများစွာစလုံးမှာ ကမ္မနယ်ပယ်အထက် ကျင့်ကြံခြင်းနယ်ပယ် ရှိကြသူများ ဖြစ်ကြပေသည်။

ခေါင်းဆောင်ဖြစ်သူမှာမူ ကမ္မနယ်ပယ် အဆင့် ၉ သိုင်းပညာရှင်တစ်ဦးပင် ဖြစ်၏။

ဤသိုင်းပညာရှင်အုပ်စု၏ အဆက်မပြတ် တိုက်ခိုက်မှုအောက်တွင် လင်းရှောင်ဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေး အစီအရင်က အမွှေးတိုင်တစ်တိုင် စာမျှသော အချိန်ကိုပင် တောင့်မခံနိုင်ဘဲ တစ်ခဏချင်းအတွင်း ကြေမွပျက်စီးသွားခဲ့ရတော့သည်။

ယခုအခါ စစ်သင်္ဘောကြီး ဆင်းသက်လာမှုကို တားဆီးမည့်သူ မရှိတော့ပေ ။

လင်းရှောင်ဂိုဏ်းအတွင်းရှိ တပည့်များ ဤမြင်ကွင်းကို မြင်လိုက်ရလျှင် လူတိုင်း၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားခဲ့ရတော့သည်။

ယင်ယန် မြင့်မြတ်နယ်မြေက ဤမျှလောက် ရက်စက်ကြမ်းကြုတ်စွာ ရောက်ရှိလာခဲ့ခြင်းဖြစ်ရာ သူတို့က ဖြစ်ပေါ်လာနိုင်မည့် အခြေအနေကို ခန့်မှန်းထားမိကြသည်။

သို့သော်လည်း သူတို့က ယင်ယန် မြင့်မြတ်နယ်မြေမှ လူများ ရောက်ရောက်ချင်း လင်းရှောင်ဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေး အစီအရင်ကို တိုက်ရိုက် ဖျက်ဆီးပစ်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့မိကြပေ။

ဤလုပ်ရပ်က ဂိုဏ်းနှစ်ခုအကြား စစ်ပွဲစတင်ခြင်း၏ ရှေ့ပြေးနိမိတ် ဖြစ်ပေသည်။

လင်းရှောင်ဂိုဏ်းနှင့် မလှမ်းမကမ်းတွင်ရှိသော လင်းရှောင်မြို့သည်လည်း ဤအချိန်တွင် ပရမ်းပတာ ဖြစ်သွားခဲ့ရချေပြီ။

လူပေါင်းများစွာက လင်းရှောင်ဂိုဏ်း၏ အစီအရင် ကြေမွပျက်စီးသွားသည်ကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသဖြင့် ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတော့သည်။

စိတ်ဓာတ်အားနည်းသူအချို့ဆိုလျှင် ဤစစ်ပွဲက သူတို့၏ အသက်ကို ထိခိုက်လာမည်ကို စိုးရိမ်သဖြင့် တိုက်ရိုက်ပင် အသည်းအသန် စတင်ထွက်ပြေးကြတော့၏။

ယင်ယန် မြင့်မြတ်နယ်မြေ၏ စစ်သင်္ဘောကြီးက လင်းရှောင်ဂိုဏ်း၏ ဗဟိုခန်းမ၏ အထက်တည့်တည့်သို့ တိုက်ရိုက် ဆင်းသက်လာခဲ့သည်။

ထိုနေရာတွင် လန်ထျန်းဟန်က ရှေးကတည်းက စောင့်ဆိုင်းနေခဲ့ပြီ ဖြစ်၏။

သူက ယင်ယန် မြင့်မြတ်နယ်မြေက ဂိုဏ်းကာကွယ်ရေး အစီအရင်ကို တိုက်ခိုက်နေသည်ကို တားဆီးခြင်း မပြုခဲ့ပေ။

အကြောင်းမူကား ဤစစ်ပွဲက ရှောင်လွှဲ၍မရနိုင်ကြောင်း ကောင်းစွာ သိရှိထားပြီး သူ တားဆီးနိုင်စွမ်းလည်း မရှိသောကြောင့် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် လန်ထျန်းဟန် ဤစစ်သင်္ဘောကြီးထက်တွင် သူ၏ထက် ကျင့်ကြံခြင်းနယ်ပယ် မနိမ့်သော ပုဂ္ဂိုလ် အနည်းဆုံး ငါးဦးခန့် ပါဝင်နေသည်ကို အာရုံခံမိထားသောကြောင့် ဖြစ်ပေသည်။

ဤတစ်ကြိမ်က လင်းရှောင်ဂိုဏ်းအတွက် သေရေးရှင်ရေး ဘေးအန္တရာယ်ကြီး ဖြစ်ပေသည်။

အကယ်၍ သူတို့ ကျော်ဖြတ်နိုင်ခဲ့မည်ဆိုပါက သူ၏ လင်းရှောင်ဂိုဏ်း ဆက်လက်တည်တံ့နိုင်ပေလိမ့်မည်။

အကယ်၍ မကျော်ဖြတ်နိုင်ခဲ့ပါက ယနေ့တွင် လင်းရှောင်ဂိုဏ်းဟူသည်မှာ သမိုင်းစာမျက်နှာထက်၌ လုံးဝ ကွယ်ပျောက်သွားရပေတော့မည်။

“ယင်ယန် မြင့်မြတ် သားတော်ကိုယ်တိုင် လာတာကိုး... တကယ်ပဲ ဂုဏ်ယူမိပါတယ်။ ကြိုဆိုဖို့ ပျက်ကွက်ခဲ့တာကို ခွင့်လွှတ်ပေးပါ”

လန်ထျန်းဟန်က စစ်သင်္ဘောကြီးထက်ရှိ လူငယ်အား တည်ငြိမ်သော မျက်နှာထားဖြင့် လှမ်း၍ ပြောလိုက်သည်။

၎င်းကို ကြားလျှင် ထိုလူငယ်က ကစားချင်စရာ အပြုံးမျိုး ပြုံးလိုက်ရင်း ပြောလိုက်၏။

“ဟမ့်... ဂိုဏ်းချုပ်လင်က တကယ်ပဲ တည်ငြိမ်လှချေလား။မင်းရဲ့ ဂိုဏ်းကာကွယ်ရေး အစီအရင် ဖျက်ဆီးခံလိုက်ရတာတောင် ဒီလောက်အထိ တည်တည်ငြိမ်ငြိမ် နေနိုင်သေးတာပဲ။ ငါ တကယ်ပဲ ချီးကျူးမိပါတယ်... တကယ်ကို ချီးကျူးမိပါတယ်”

“ယင်ယန် မြင့်မြတ် သားတော်အနေနဲ့ ဒီနေရာကို ဘာကိစ္စနဲ့ လာတာလဲဆိုတာ သိပါရစေ” လန်ထျန်းဟန်က ဘာမှမသိနားမလည်သည့်အလား ဟန်ဆောင်၍ မေးလိုက်သည်။

“ဟမ့်... လန်ထျန်းဟန်၊ စကားအပိုတွေ ပြောမနေနဲ့တော့ သော့ကို မြန်မြန် ထုတ်ပေးစမ်း၊ ဒါဆိုရင် မြင့်မြတ် သားတော်အနေနဲ့ မင်းတို့ လင်းရှောင်ဂိုဏ်းက လူအားလုံးရဲ့ အသက်ကို ချမ်းသာပေးမယ်။ ကောင်းကောင်းပြောတာကို မနာခံဘဲ အတင်းလုပ်ခိုင်းချင်တာမျိုး မလုပ်နဲ့”

ယခင်က ထိုလူငယ်ကို ဖားယားခဲ့သော သိုင်းပညာရှင်သည် ရှေ့သို့ လှမ်းထွက်ခဲ့ပြီး အကျယ်ကြီး အော်ဟစ်လိုက်တော့သည်။

၎င်းနောက် သူက စစ်သင်္ဘောပေါ်နှင့် ပတ်ဝန်းကျင်ရှိ လူများကို လက်ညှိုးထိုးပြရင်း ပြောလိုက်ပြန်သည်။

“ဒီလူတွေအားလုံးက ငါ့ရဲ့ ယင်ယန် မြင့်မြတ်နယ်မြေက သိုင်းပညာရှင် တွေ ပဲ။ သူတို့ထဲက ဘယ်သူမဆို မင်းတို့ လင်းရှောင်ဂိုဏ်းကို လွယ်လွယ်ကူကူ ဖျက်ဆီးပစ်နိုင်တယ်”

ထိုလူ၏ စကားကို သက်သေပြလိုသည့်အလား ယင်ယန် မြင့်မြတ်နယ်မြေမှ သိုင်းပညာရှင် အားလုံး ချက်ချင်းပင် သူတို့၏ အော်ရာ များကို ပြင်းထန်စွာ ထုတ်ဖော်လိုက်ကြတော့သည်။

“သော့ ဟုတ်လား... ဘာသော့ကို ပြောတာလဲ”

“အရှင်... အရှင်ရဲ့ လက်အောက်ငယ်သားက ဘာတွေ အဓိပ္ပာယ်မရှိတာတွေ လာပြောနေရတာလဲ”

သော့ကို ရှုချွမ်းထံသို့ပေးအပ်ပြီးဖြစ်သဖြင့် သူက ၎င်းကို ထုတ်မပေးနိုင်တော့ဘဲ မိုက်မဲသည့်အလား ဆက်လက် ဟန်ဆောင်နေခြင်း ဖြစ်ပေသည်။

စစ်သင်္ဘောကြီးထက်ရှိ ယင်ယန် မြင့်မြတ် သားတော်က ဤစကားကို ကြားလျှင် ယခင်က ပြုံးရွှင်နေသော မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားခဲ့ရတော့သည်။

သူက သူကိုယ်တိုင် လူကိုယ်တိုင် လာခဲ့ခြင်းဖြစ်၍ လန်ထျန်းဟန်အနေဖြင့် သော့ကို ငြိမ်ငြိမ်လေး ဆက်သလိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

အကယ်၍ သော့ကို ရရှိခဲ့သည့်တိုင်အောင် သူက လင်းရှောင်ဂိုဏ်းရှိ မည်သူ့ကိုမျှ အသက်ချမ်းသာပေးရန် မရည်ရွယ်သော်လည်း ဖြစ်၏။

သို့သော်လည်း ယခု လန်ထျန်းဟန်၏ စကားလုံးများကမူ သူ၏ မျက်နှာကို လက်ဝါးဖြင့် ဗြောင်ကျကျ ရိုက်နှက်လိုက်ခြင်းနှင့် အလားသဏ္ဌာန် တူညီလှပေသည်။ သူ ၎င်းကို မည်သို့လျှင် လက်ခံနိုင်ပါမည်နည်း။

ချက်ချင်းပင် သူက သူ၏ အနောက်ရှိ သက်လတ်ပိုင်း သိုင်းပညာရှင်တစ်ဦးထံသို့ လှည့်၍ အမိန့်ပေးလိုက်တော့သည်။

“ဦးလေးဝမ်... သူ့ကို သင်ခန်းစာ ကောင်းကောင်း ပေးလိုက်စမ်း။ ဂိုဏ်းချုပ်လင်အနေနဲ့ မြင့်မြတ်နယ်မြေတစ်ခုကို စော်ကားရင် ဘာဖြစ်တတ်သလဲဆိုတာကို ကောင်းကောင်း သိသွားအောင် လုပ်ပြလိုက်”

“ဟုတ်ကဲ့ပါ အရှင်”

ထိုသက်လတ်ပိုင်း သိုင်းပညာရှင်က ရှေ့သို့ လှမ်းထွက်ခဲ့ပြီး လန်ထျန်းဟန်နှင့် စတင်၍ တိုက်ခိုက်ရန် ပြင်လိုက်တော့သည်။

သူက သူ၏ ကျင့်ကြံခြင်းနယ်ပယ် သာလွန်မှုကို အသုံးချကာ လန်ထျန်းဟန်ကို တိုက်ရိုက်ပင် အစွမ်းကုန် ဖိနှိပ်လိုက်တော့၏။

သူတို့၏ ဂိုဏ်းချုပ် ဖိနှိပ်ခံနေရသည်ကို မြင်လျှင် လင်းရှောင်ဂိုဏ်း၏ အနောက်ရှိ အကြီးအကဲများ ဆက်လက်၍ အောင့်အည်းမထားနိုင်ကြတော့ပေ။

သူတို့က ချက်ချင်းပင် လှမ်း၍ ဒေါသတကြီး ကြိမ်းမောင်းလိုက်ကြသည်။ “ရဲတင်းလှချေလား”

“မင်းတို့ ယင်ယန် မြင့်မြတ်နယ်မြေက ဒီလောက်အထိ အနိုင်ကျင့် နေမှတော့ စန်းယန် မြင့်မြတ်နယ်မြေရဲ့ အပြစ်ပေးမှာ ကို မကြောက်ကြဘူးလား”

ဤအကြီးအကဲက စန်းယန် မြင့်မြတ်နယ်မြေ၏ နာမည်ကို ထုတ်ပြောလိုက်ပြီး ၎င်းကို အသုံးပြုကာ ယင်ယန် မြင့်မြတ် သားတော်ကို ခြောက်လှန့်ရန် မျှော်လင့်နေခြင်း ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ယင်ယန် မြင့်မြတ်နယ်မြေနှင့် လင်းရှောင်ဂိုဏ်း နှစ်ခုစလုံးမှာ စန်းယန် မြင့်မြတ်နယ်မြေ၏ လက်အောက်ခံ ဂိုဏ်းများ ဖြစ်ကြသောကြောင့်ပင်။

ထို့ပြင် စန်းယန် မြင့်မြတ်နယ်မြေတွင်လည်း ဤလက်အောက်ခံဂိုဏ်းများကို စီမံခန့်ခွဲရန်အတွက် ကိုယ်ပိုင် စည်းမျဉ်းများ ရှိနေခဲ့သည်။

ထိုအထဲမှ တစ်ခုမှာ ဂိုဏ်းကြီးများက ဂိုဏ်းငယ်များကို အနိုင်ကျင့် နှိပ်စက်ခြင်းမပြုရန် ဖြစ်ပေသည်။

“အိုး... ဟုတ်သားပဲ၊ ငါ အဲ့ဒါကို မေ့သွားတယ်” ယင်ယန် မြင့်မြတ် သားတော်က ရုတ်တရက် သဘောပေါက်သွားသည့်အလား အမူအရာ ပြသလိုက်သည်။

ထိုအကြီးအကဲက ယင်ယန် မြင့်မြတ် သားတော် ကြောက်ရွံ့သွားပြီဟု ထင်မှတ်လိုက်သည့် အချိန်၌ပင် ယင်ယန် မြင့်မြတ် သားတော်က စကားကို ဆက်၍ ဆိုလိုက်ပြန်သည်။

“ဒါပေမဲ့လည်း ကိစ္စမရှိပါဘူး၊ မင်းတို့အားလုံး သေဆုံးသွားကြရင် ဒီကိစ္စကို ဘယ်သူက သိနိုင်တော့မှာလဲ”

“မင်းကော ဒီအချက်ကို သဘောမတူဘူးလား... ဂိုဏ်းချုပ်လင်”

သူ၏ စကားသံ ဆုံးသည်နှင့်တစ်ပြိုင်နက် ယင်ယန် မြင့်မြတ် သားတော်က ဦးလေးဝမ်ဟု ခေါ်ဆိုသော သိုင်းပညာရှင်က ချက်ချင်း လှုပ်ရှားလိုက်ပြီ ဖြစ်သည်။

အလင်းတန်းတစ်ခု ဖြတ်သန်းသွားသည့်အလား သူက ထိုအကြီးအကဲ၏ အနောက်သို့ တိုက်ရိုက် ပေါ်ထွက်လာခဲ့ချေပြီ။

မည်သူမျှ တုံ့ပြန်ရန် အချိန်မရမီမှာပင် စူးရှလှသော ဓားတစ်စင်းက ထိုအကြီးအကဲ၏ ခန္ဓာကိုယ်ကို ချက်ချင်းပင် ထိုးဖောက်သွားခဲ့တော့သည်။

သူ သေဆုံးသွားသည့် တိုင်အောင် ထိုလူက သူ၏ အနောက်သို့ မည်သို့ ရောက်ရှိလာသည်ကို လုံးဝ မြင်တွေ့မသွားခဲ့ရှာပေ။

“တောက်... ယုတ်မာလှချေလား”

“သူ့ကို သတ်ကြစမ်း”

“တကယ်ကို အနိုင်ကျင့်လွန်းတယ်”

အကြီးအကဲ သေဆုံးသွားသည်ကို မြင်လျှင် လင်းရှောင်ဂိုဏ်းရှိ လူတိုင်း၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားခဲ့ရပြီး အလွန်တရာ ဒေါသထွက်ကုန်ကြတော့သည်။

“အိုး... တကယ်ပဲ စိတ်မကောင်းပါဘူး၊ ဒါပေမဲ့ ဘယ်သူက ဒီအကြီးအကဲကို အားနည်း ခိုင်းလို့လဲ။ သူက ဒီအတိုင်းလေးပဲ သေသွားရှာတာကိုး”

လူကို သတ်ပြီးနောက်တွင်ပင် ယင်ယန် မြင့်မြတ် သားတော်က သူတို့ကို ဆက်၍ သရော်လှောင်ပြောင်နေခဲ့ရာ လင်းရှောင်ဂိုဏ်းက လူများကို သာ၍ ဒေါသထွက်စေခဲ့ပြီး မည်သည့် နောက်ဆက်တွဲ ရလဒ်ကိုမျှ ဂရုမစိုက်တော့ဘဲ သူ့အား အသက်နှင့်လဲ၍ အရူးအမူး တိုက်ခိုက်လိုစိတ်များ ဖြစ်ပေါ်လာစေတော့သည်။

သို့သော်လည်း အချို့သော လူများမှာမူ လန်ထျန်းဟန်ကို စိတ်ထဲမှ စတင်၍ အပြစ်တင် မုန်းတီးနေကြပြီ ဖြစ်သည်။

သော့ကို ငြိမ်ငြိမ်လေး မထုတ်ပေးဘဲ အပြင်လူတစ်ဦးကို ပေးအပ်ခဲ့သည့်အတွက် အပြစ်တင်နေကြခြင်း ဖြစ်၏။

ဤလုပ်ရပ်က သံသယဖြစ်ဖွယ်မရှိဘဲ လင်းရှောင်ဂိုဏ်းတစ်ခုလုံးကို သေတွင်းထဲသို့ တွန်းပို့လိုက်ခြင်းနှင့် အလားသဏ္ဌာန် တူညီလှပေသည်။

All Chapters