← Chapters

အခန်း ၂၀၅

Vol. 21 Ch. 205

အခန်း ၂၀၅

Vol. 21 Ch. 205

အခန်း (၂၀၅) ဓားချက်က မြင့်မြတ် သားတော်ကို ပိုင်းဖြတ်ခြင်း၊ ကောင်းကင်ဘုရင်နယ်ပယ်၏ တားဆီးမှု

“မင်း ငါ့ကို တကယ်ပဲ အထင်သေးတာပဲ” ရှုချွမ်းက ခေါင်းကို ခါယမ်းရင်း ပြောလိုက်သည်။

သူက သာမန် အစီအရင်တစ်ခုတည်းဖြင့် သူ၏ တိုက်ခိုက်မှုကို တားဆီးနိုင်လိမ့်မည်ဟု တကယ်ပဲ ထင်မှတ်နေခဲ့သည်လား။

ဒါက ဘယ်လိုမျိုး မိုက်မဲတဲ့ အိပ်မက်လဲ။

“ပျက်ဆီး စမ်း”

ရှုချွမ်း၏ မျက်ဝန်းအစုံအတွင်း၌ အေးစက်လှသော အလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့ပြီးနောက် သူ၏ ဓားရှည်ဖြင့် ပိုင်းဖြတ်လိုက်တော့သည်။

သူ လှုပ်ရှားလိုက်ပြီဖြစ်ရာ ဤလူကို အသက် ချမ်းသာပေးနေရန် လုံးဝ မလိုအပ်တော့ပေ ။

ဘုန်း

ကျယ်လောင်လှသော မြည်ဟီးသံကြီးတစ်ခုနှင့်အတူ ဧရာမ အစီအရင်တစ်ခုလုံး အရူးအမူး တုန်ခါသွားခဲ့ရပြီး အစီအရင်အတွင်းရှိ စစ်သင်္ဘောကြီးမှာမူ ရှုချွမ်း၏ ဓားချက်အောက်တွင် ချက်ချင်းပင် အပိုင်းပိုင်း ပြတ်လုနီးပါး ဖြစ်သွားခဲ့ရသည်။

စစ်သင်္ဘောအတွင်းရှိ ယင်ယန် မြင့်မြတ် သားတော်က ဤမြင်ကွင်းကို မြင်လိုက်ရလျှင် ကြောက်လန့်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ရီနေခဲ့ရချေပြီ။

၎င်းနောက်တွင် ရှုချွမ်းက ထပ်မံ၍ တစ်ချက် ပိုင်းဖြတ်လိုက်ပြန်ရာ ဧရာမ အစီအရင်က ထိုဖိအားကို ဆက်လက်၍ မတောင့်ခံနိုင်တော့ဘဲ တစ်ခဏချင်းအတွင်း ဝုန်းခနဲ ကြေမွပျက်စီးသွားခဲ့ရတော့သည်။

အစီအရင် ကြေမွသွားသည်နှင့်တစ်ပြိုင်နက် ထိုဓားချက်၏ ကျန်ရှိနေသော ဓားချီများက စစ်သင်္ဘောကြီးပေါ်သို့ တိုက်ရိုက် ကျရောက်သွားခဲ့ရ၏။

ပျက်စီးလုနီးပါး ဖြစ်နေခဲ့ရသော စစ်သင်္ဘောကြီးမှာမူ ဤအခိုက်အတန့်တွင် လုံးဝဥဿုံ ပေါက်ကွဲသွားခဲ့ရတော့သည်။

စစ်သင်္ဘော၏ အပိုင်းအစများက ပတ်ဝန်းကျင်တစ်ခုလုံးသို့ လွင့်ပြယ်သွားခဲ့ပြီး မြေပြင်ပေါ်သို့ အဆက်မပြတ် ကျရောက်ကုန်ကြတော့၏။

အတွင်း၌ရှိနေသော ယင်ယန် မြင့်မြတ် သားတော်ကလည်း စစ်သင်္ဘောပေါ်မှနေ၍ လွင့်ထွက်ကျဆင်းလာခဲ့ရသည်။

၎င်းနောက်တွင် သူက ရှုချွမ်း၏ လက်ဖြင့် ကြက်ပေါက်ကလေးတစ်ကောင်ကဲ့သို့ တိုက်ရိုက်ပင် ဖမ်းဆုပ်ခြင်း ခံလိုက်ရတော့သည်။

“ယင်ယန် မြင့်မြတ် သားတော် ဟုတ်လား... တကယ့်ကို အသုံးမကျတဲ့ အမှိုက်ပဲ”

ရှုချွမ်းက လှောင်ပြောင်လျက် ပြောလိုက်သည်။

အမှန်အတိုင်း ပြောရလျှင် ဤယင်ယန် မြင့်မြတ် သားတော်က ရှုချွမ်း သူ၏ သိုင်းတာအိုကျင့်ကြံခြင်း သက်တမ်းတစ်လျှောက် ကြုံတွေ့ခဲ့ဖူးသမျှသော မြင့်မြတ် သားတော်များထဲတွင် အသုံးမကျဆုံးနှင့် အားအနည်းဆုံး ပုဂ္ဂိုလ် ဖြစ်ပေသည်။

သူက အမည်ခ မြင့်မြတ် သားတော်တစ်ဦးမျှသာ ဖြစ်၏။

သူ့တွင် ရှုချွမ်းကို ပြန်လည်တိုက်ခိုက်ရန်အတွက် မည်သည့် သတ္တိမျှ ရှိမနေခဲ့ပေ ။

သူက ကြောက်လန့်လွန်းသဖြင့် ဘောင်းဘီထဲ သေးပင် ထွက်လုနီးပါး ဖြစ်ခဲ့ရသည် မဟုတ်ပါလော။

ရှုချွမ်းအနေဖြင့် ဤကဲ့သို့သော မြင့်မြတ် သားတော်မျိုးကို မည်သို့ အကဲဖြတ်ရမည်ပင် မသိတော့ပေ ။

“ငါ့ကို မြန်မြန်လွှတ်စမ်း ငါက ယင်ယန် မြင့်မြတ်နယ်မြေရဲ့ မြင့်မြတ် သားတော်ပဲ... မင်း ဘယ်လိုလုပ် ရဲတင်းနေရတာလဲ”

ရှုချွမ်း၏ လက်ထဲ၌ အဖမ်းခံထားရသည့် တိုင်အောင် ဤယင်ယန် မြင့်မြတ် သားတော်က သူ၏ သရုပ်မှန်ကို အသုံးချကာ ရှုချွမ်းကို ဆက်လက်၍ ခြောက်လှန့်ရန် ကြိုးပမ်းနေဆဲ ဖြစ်သည်။

သို့သော်လည်း ရှုချွမ်းက သူ၏ လှည့်ကွက်များကို အကျ ခံပါမည်လော။

“မြင့်မြတ် သားတော် ဟုတ်လား... ငါ မင်းတို့လို မြင့်မြတ် သားတော်တွေကို မသတ်ဖူးဘူးလို့ ထင်နေတာလား”

ပြောရင်း ယင်ယန် သားတော်၏ လည်ပင်းကို ဆုပ်ကိုင်ထားသော ရှုချွမ်း၏ လက်က ပို၍ တင်းကျပ်လာခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်း သူ၏ မျက်နှာတစ်ခုလုံး နီမြန်းသွားခဲ့ရပြီး အသက်ရှူကျပ်၍ သေလုနီးပါး ဖြစ်သွားခဲ့ရ၏။

“တကယ့်ကို အမှိုက်ပဲ”

ရှုချွမ်းက လက်ကို လွှတ်လိုက်ရာ ယင်ယန် မြင့်မြတ် သားတော်က ကောင်းကင်ယံထက်မှ တိုက်ရိုက် ပြုတ်ကျသွားခဲ့ပြီး မြေပြင်ပေါ်သို့ ဘုန်းခနဲ ကျကာ အသည်းအသန် အသက်ရှူနေခဲ့ရတော့သည်။

ဤအခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကျင့်ကြံခြင်း အားလုံးမှာ ရှုချွမ်း၏ လက်ချက်ဖြင့် ချိပ်ပိတ်ခြင်း ခံထားရပြီဖြစ်ရာ သူက သေမျိုး တစ်ဦးကဲ့သို့ ဖြစ်သွားခဲ့ရပြီး အခြားသူများ၏ သတ်ဖြတ်ခြင်းကိုသာ ငြိမ်ခံနေရတော့မည့် အခြေအနေသို့ ရောက်ရှိသွားခဲ့ရချေပြီ။

“ဂိုဏ်းချုပ်လင်... ဒီမြင့်မြတ် သားတော်ကို ဘယ်လို စီရင်မလဲဆိုတာ ဂိုဏ်းချုပ်ပဲ ဆုံးဖြတ်လိုက်ပါတော့”

ရှုချွမ်းက ချက်ချင်း လှုပ်ရှားခြင်းမပြုဘဲ ဆုံးဖြတ်ပိုင်ခွင့်ကို လန်ထျန်းဟန်ထံသို့ လွှဲပေးလိုက်သည်။

“ဒါ...”

လန်ထျန်းဟန်သည်လည်း ဤအချိန်တွင်မှ သူ၏ ရင်ထဲမှ ထိတ်လန့်အံ့ဩမှုများထဲမှ ဖြည်းဖြည်းချင်း ပြန်လည် နိုးထလာခဲ့ရသည်။

မျက်တောင်တစ်ခတ်အတွင်း ဖြစ်ပျက်သွားခဲ့သော ဤကိစ္စများကြောင့် သူကိုယ်တိုင်ပင် လုံးဝ ဇဝေဇဝါ ဖြစ်နေခဲ့ရသည် မဟုတ်ပါလော။

ယခင်က အလွန်တရာ မြင့်မြတ်လှပြီး မာနထောင်လွှားနေခဲ့သော ယင်ယန် မြင့်မြတ် သားတော်က ဘာဖြစ်လို့ အချိန်တိုလေးအတွင်းမှာပင် ဤကဲ့သို့သော သုံ့ပန်းတစ်ဦးအဖြစ်သို့ လွယ်လွယ်ကူကူ ပြောင်းလဲသွားခဲ့ရသနည်း။

“သူ့ကို တိုက်ရိုက်ပဲ သတ်ပစ်လိုက်ပါ” လန်ထျန်းဟန်က အေးစက်စွာ ပြောလိုက်သည်။

ယခုအခါ လင်းရှောင်ဂိုဏ်းနှင့် ယင်ယန် မြင့်မြတ်နယ်မြေတို့သည် ရေနှင့်မီးကဲ့သို့ ရန်သူများ ဖြစ်သွားခဲ့ကြရချေပြီ။

သူတို့ သူ့ကို သတ်သည်ဖြစ်စေ မသတ်သည်ဖြစ်စေ ယင်ယန် မြင့်မြတ်နယ်မြေ၏ ကလဲ့စားချေခြင်းကို သေချာပေါက် ကြုံတွေ့ရမည် ဖြစ်ရာ မြင့်မြတ် သားတော်ကို တိုက်ရိုက် သတ်ပစ်လိုက်ခြင်းက ပို၍ ပြတ်သားလှပေသည်။

၎င်းကို ကြားလျှင် ယင်ယန် မြင့်မြတ် သားတော် ချက်ချင်းပင် အသည်းအသန် ထိတ်လန့်သွားခဲ့ရတော့၏။

ဤလင်းရှောင်ဂိုဏ်းက လူများက မည်သို့လျှင် ဤမျှလောက်အထိ ရဲတင်းဝံ့ရသနည်း၊ သူတို့က သူ၏ ယင်ယန် မြင့်မြတ်နယ်မြေကို စိုးစဉ်းမျှ မျက်စိထဲ ထည့်မထားကြပေ ။

သူ့ကဲ့သို့သော ကြီးကျယ်ခမ်းနားလှသည့် မြင့်မြတ် သားတော်တစ်ဦးကို ဤအတိုင်းလေးပဲ သတ်ပစ်ရန် ကြံစည်နေကြသည်လား။

“မလုပ်နဲ့... မင်းတို့ ငါ့ကို သတ်လို့မရဘူး ငါ့ရဲ့ အဖေ က ယင်ယန် မြင့်မြတ်နယ်မြေရဲ့ အရှင်သခင်ပဲ။ တကယ်လို့ မင်းတို့ ငါ့ကို သတ်ရင် မင်းတို့အားလုံး ငါနဲ့အတူ မြေမြှုပ်ပစ်ရလိမ့်မယ်”

ယခုအချိန်အထိ ယင်ယန် မြင့်မြတ် သားတော်က သူ၏ သရုပ်မှန်ကို အသုံးပြု၍ ရှုချွမ်းကို ဆက်လက် ခြောက်လှန့်လိုနေဆဲ ဖြစ်သည်။

သို့သော်လည်း ရှုချွမ်းက မည်သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်သနည်း။

သူက ထျန်းယန်ဂိုဏ်း ဂိုဏ်းချုပ်၏ လက်မောင်းတစ်ဖက်ကိုပင် ပြတ်တောက်အောင် ပိုင်းဖြတ်ခဲ့ဖူးသော ရက်စက်လှသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ရာ ဤကဲ့သို့သော အမှိုက် မြင့်မြတ် သားတော်တစ်ဦး၏ ခြိမ်းခြောက်မှုကို ကြောက်ရွံ့ပါမည်လော။

“ဂိုဏ်းချုပ်လင်က သတ်ခိုင်းမှတော့ သတ်ရုံတင်ပေါ့”

ချက်ချင်းပင် ရှုချွမ်းက လက်ကို မြှောက်လိုက်ပြီး ယင်ယန် မြင့်မြတ် သားတော်အား သေတွင်းသို့ ပို့ရန် ပြင်ဆင်လိုက်တော့သည်။

“မလုပ်နဲ့... တောင်းပန်ပါတယ်”

၎င်းကို ကြားလျှင် ယင်ယန် မြင့်မြတ် သားတော်၏ နှလုံးသားအတွင်းရှိ ကြောက်ရွံ့မှုများမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ရချေပြီ။

သူက သူ၏ အရှေ့ရှိ ရှုချွမ်းက သူ့အား အစစ်အမှန် သတ်ဖြတ်တော့မည် ဖြစ်ကြောင်း ကောင်းစွာ သိရှိလိုက်ရသည်။

သို့သော်လည်း ရှုချွမ်းကမူ သူနှင့် စကားအပိုများ ပြောနေရန် ပျင်းရိလှသဖြင့် သူ၏ လက်ထဲရှိ ‘ဝမ်ကျီဓား’ ကို မြှောက်ကိုင်လိုက်ရင်း သူ့အား နောက်ဆုံး ခရီးစဉ်သို့ ပို့ဆောင်ရန် ပိုင်းဖြတ်လိုက်တော့သည်။

သို့သော်လည်း ရှုချွမ်း၏ ဓားချက် ကျရောက်တော့မည့် ဆဲဆဲ အခိုက်အတန့်တွင်ပင် ဝေးကွာလှသော နေရာတစ်ခုမှနေ၍ ထိတ်လန့်ဖွယ်ရာ တိုက်ခိုက်မှုတစ်ခု ရုတ်တရက် ပျံသန်းရောက်ရှိလာခဲ့ပြီး ရှုချွမ်း၏ သက်ဆင်းနေသော ဓားရှည်ကို ချက်ချင်းပင် ဆီးကြို၍ ပိတ်ဆို့လိုက်တော့သည်။

“ရဲတင်းလှချေလား ငါတို့ မြင့်မြတ်နယ်မြေရဲ့ မြင့်မြတ် သားတော်ကို ဘယ်သူက အနိုင်ကျင့်ဝံ့ရတာလဲ”

ဟိန်းထွက်နေသော စွမ်းအားပြင်း အသံကြီးတစ်ခု ဝေးကွာသော နေရာမှ ထွက်ပေါ်လာခဲ့ပြီးနောက် ၎င်းနောက်တွင် ဒေါသအမျက် ပြည့်နှက်နေသော အော်ရာ ကြီးကို ထုတ်ဖော်ထားသည့် အဘိုးအိုတစ်ဦးက ဝေးကွာသော နေရာမှနေ၍ အရှိန်အဟုန်ဖြင့် ပျံသန်းရောက်ရှိလာခဲ့ကာ ယင်ယန် မြင့်မြတ် သားတော်၏ အရှေ့တွင် ဆီးကြို၍ ပိတ်ရပ်လိုက်တော့သည်။

“မင်းက ဘယ်သူလဲ”

ရှုချွမ်းက သူ၏ အရှေ့၌ ရုတ်တရက် ပေါ်ထွက်လာသော ထိုအဘိုးအိုကို သတိကြီးစွာဖြင့် စိုက်ကြည့်လိုက်သည်။

သူက ဤအဘိုးအို၏ ကိုယ်ပေါ်မှနေ၍ ပြင်းထန်လှသော ဘေးအန္တရာယ် အငွေ့အသက်များကို ခံစားမိနေခဲ့ရ၏။

သူက ဤကဲ့သို့သော ခံစားချက်မျိုးကို ကောင်းကင်ဘုရင်နယ်ပယ် သိုင်းပညာရှင်ကြီးများထံမှသာ ခံစားဖူးခြင်း ဖြစ်ပေသည်။

ဘေးနားရှိ ယင်ယန် မြင့်မြတ် သားတော်မှာမူ ဤပုဂ္ဂိုလ် ရောက်ရှိလာသည်ကို မြင်လျှင် ချက်ချင်းပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့ရပြီး သူ၏ မျက်နှာထက်တွင် ဘေးအန္တရာယ်မှ လွတ်မြောက်သွားရသည့် အမူအရာများ ချက်ချင်း ထွက်ပေါ်လာခဲ့တော့သည်။

“ဒုတိယဦးလေး... သူ့ကို သတ်ပစ်စမ်းပါ”

ယင်ယန် မြင့်မြတ် သားတော်က အော်ဟစ်လိုက်တော့သည်။

ယခင်က ကြုံတွေ့ခဲ့ရသော သေရေး ရှင်ရေး ဘေးအန္တရာယ်က သူ့အား ဘောင်းဘီထဲ သေးထွက်လုနီးပါး ဖြစ်စေခဲ့သည် မဟုတ်ပါလော။

ယခုအခါ သူ၏ အကြီးအကဲ ရောက်ရှိလာပြီဖြစ်ရာ သူက ယခင်ကကဲ့သို့ မာနထောင်လွှားသော အမူအရာများကို ချက်ချင်း ပြန်လည်ထုတ်ဖော်လိုက်ပြီး ထိုအဘိုးအိုအား ရှုချွမ်းကို သတ်ပစ်ရန် အရူးအမူး တောင်းဆိုတော့သည်။

သူ မဖြစ်မနေ သိရှိထားရမည်မှာ သူ၏ ဒုတိယဦးလေးကကောင်းကင်ဘုရင်နယ်ပယ် အဆင့် ၂ ကျွမ်းကျင်သူကြီးတစ်ဦး ဖြစ်ပြီး ယင်ယန် မြင့်မြတ်နယ်မြေ တစ်ခုလုံးတွင် မြင့်မြတ်နယ်မြေ အရှင်သခင်မှလွဲ၍ ကျင့်ကြံခြင်း အမြင့်မားဆုံး ပုဂ္ဂိုလ် ဖြစ်ပေသည်။

သူက ရှုချွမ်းအနေဖြင့် ဤမျှလောက် မြင့်မားလှသော ကျင့်ကြံခြင်းနယ်ပယ်ရှိသည့် သူ၏ ဦးလေးကို အနိုင်ယူနိုင်လိမ့်မည်ဟု လုံးဝ မယုံကြည်ပေ ။

တစ်ချိန်တည်းမှာပင် သူ၏ ရင်ထဲ၌ အတိုင်းအဆမရှိလှသော ကျေးဇူးတင်မှုများ ရှိနေခဲ့ရသည်။

ကံကောင်းထောက်မစွာဖြင့် သူ၏ ဒုတိယဦးလေး အချိန်မီ ရောက်ရှိလာခဲ့၍ ဖြစ်ပြီး မဟုတ်ပါက သူက ယခုအခါ အလောင်းတစ်ခု ဖြစ်နေလုနီးပါး ဖြစ်ခဲ့ရပြီဖြစ်ရာ ရှုချွမ်း သေဆုံးသည်ကို မည်သို့ မြင်တွေ့နိုင်ခွင့် ရှိတော့ပါမည်နည်း။

“စိတ်အေးအေးထားစမ်း...ဒီကောင်က ဒီနေ့ သေချာပေါက် သေရမယ်”

“လင်းရှောင်ဂိုဏ်းတစ်ခုလုံးလည်း သူနဲ့အတူ သေတွင်းထဲ လိုက်ရလိမ့်မယ်”

သွေးချင်းနီးစပ်ကြသော ဆွေမျိုးများပီပီ ဤအဘိုးအို၏ စကားပြောပုံနှင့် လုပ်ရပ် များမှာ ယင်ယန် မြင့်မြတ် သားတော်နှင့် လုံးဝ တစ်ပုံစံတည်း ဖြစ်ပေသည်။

သူတို့ နှစ်ဦးစလုံးမှာ သူတို့ကိုယ်တိုင်၏ ကျင့်ကြံခြင်းနယ်ပယ်နှင့် နောက်ကွယ်မှ အင်အားစုများကို အမှီပြုကာ လောကတွင် မည်သည့် စည်းမျဉ်းမျှ မရှိသည့်အလား ပြုမူနေကြခြင်း ဖြစ်၏။

၎င်းမှာ လင်းရှောင်ဂိုဏ်းရှိ လူတိုင်းက သူတို့ စိတ်ကြိုက် သတ်ဖြတ်နိုင်သော ဝက်များကဲ့သို့ ထင်မြင်နေကြခြင်းမျိုး ဖြစ်ပေသည်။

ထို့ပြင် လန်ထျန်းဟန် အပါအဝင် လင်းရှောင်ဂိုဏ်းရှိ လူတိုင်းသည်လည်း ဤအခိုက်အတန့်တွင် မျှော်လင့်ချက်မဲ့သကဲ့သို့ ခံစားလိုက်ကြရတော့သည်။

သူတို့က ယင်ယန် မြင့်မြတ်နယ်မြေအနေဖြင့် ဤမျှလောက် အသုံးမကျသော မြင့်မြတ် သားတော်တစ်ဦးအတွက် ဂိုဏ်းအတွင်းရှိ ကောင်းကင်ဘုရင်နယ်ပယ် ကျွမ်းကျင်သူကြီး နှစ်ဦးထဲမှ တစ်ဦးကိုပါ လူကိုယ်တိုင် စေလွှတ်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့မိကြပေ။

ရှိနေသော မည်သူမျှ ဤကဲ့သို့သော ကျွမ်းကျင်သူကြီးတစ်ဦးကို ပြန်လည်မခုခံနိုင်ကြပေ ။

ယခင်က ကမ္ဘာမြေသို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေခဲ့သည့် ရှုချွမ်းအတွက်ပင်လျှင် သူတို့က မည်သည့် မျှော်လင့်ချက်မျှ ထပ်မံ၍ မထားရှိဝံ့ကြတော့ပေ။

“ကောင်းကင်ဘုရင်နယ်ပယ် အဆင့် ၂ က တကယ်ပဲ ဒီလောက်အထိ မာနထောင်လွှားလို့ ရတာလား”

ရှုချွမ်းက ခေါင်းကို ခါယမ်းလိုက်ရင်း အတန်ငယ် မတတ်နိုင်သကဲ့သို့ ရေရွတ်လိုက်မိသည်။

သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ရွှမ်လျဲ့ ကို သူ၏ လက်ထဲ၌ ချက်ချင်း ပေါ်ထွက်လာခဲ့တော့သည်။

“အိပ်မနေနဲ့တော့... အခုက တကယ့် အရေးကြီးတဲ့ ကိစ္စကို လုပ်ရတော့မှာ”

ရွှမ်လျဲ့က ဖြည်းညှင်းစွာဖြင့် နိုးထလာခဲ့သည်။

သူက ကောင်းမွန်စွာ အိပ်ပျော်နေခဲ့သည့် အချိန်၌ ရှုချွမ်း၏ လက်ချက်ဖြင့် အတင်း ထုတ်ယူခြင်း ခံလိုက်ရသဖြင့် လက်ရှိ အခြေအနေကို အနည်းငယ် ဇဝေဇဝါ ဖြစ်နေဆဲ ဖြစ်၏။

“ဘာကိစ္စလဲ” ရွှမ်လျဲ့က မေးလိုက်သည်။

“သူ့ကို ရှင်းပစ်လိုက်” ရှုချွမ်းက ကောင်းကင်ဘုရင်နယ်ပယ် ထိုအဘိုးအိုကို လက်ညှိုးထိုးပြရင်း တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။

ယင်ယန် မြင့်မြတ် သားတော်က ဤမြင်ကွင်းကို မြင်လိုက်ရလျှင် ကြီးမားလှသော ပြက်လုံးကြီးတစ်ခုကို မြင်တွေ့လိုက်ရသည့်အလား ချက်ချင်းပင် အကျယ်ကြီး လှောင်ရယ်လိုက်တော့သည်။

“မင်းက မင်းရဲ့ လက်ထဲက စကားပြောတတ်တဲ့ လိပ်ကလေးကို အားကိုးပြီး ငါ့ရဲ့ ဒုတိယဦးလေးကို နိုင်မယ်လို့ ထင်နေတာလား”

“မင်း အိပ်မက်မက်လို့ မနိုးသေးဘူးလား... ဒါမှမဟုတ် ငါ့ဦးလေးရဲ့ အော်ရာ ကြောင့် ရူးသွားတာလား”

ယင်ယန် မြင့်မြတ် သားတော်က ရှုချွမ်းအား သူ၏ အစွမ်းရှိသမျှ အစွမ်းကုန် သရော်လှောင်ပြောင်နေခဲ့သော်လည်း ယခင်က အလွန်တရာ တည်ငြိမ်နေခဲ့သော သူ၏ ဒုတိယဦးလေးမှာမူ ယခုအခါ မျက်နှာတစ်ခုလုံး လွန်စွာ တည်ကြည်လေးနက်သွားခဲ့သည်ကို လုံးဝ သတိမမူမိရှာပေ။

“ဒီလောက် သေးငယ်တဲ့ ကိစ္စလေးအတွက် ငါ့ကို လှုပ်ရှားခိုင်းနေရတာလား... မင်းကိုယ်တိုင် မလုပ်နိုင်ဘူးလား ကောင်လေးရှု” အနည်းငယ် စနောက်ပြီးနောက် ရွှမ်လျဲ့က သူ၏ ခြေလက်လေးဖက်ကို ဆန့်ထုတ်လိုက်တော့သည်။

လိပ်ပုံသဏ္ဌာန်နှင့် နေထိုင်ရခြင်းက များစွာ ပိုမိုသက်တောင့်သက်သာရှိလှပေသည်၊ လူသားပုံစံ ပြောင်းလဲလိုက်သည့် အခါတိုင်းတွင် အလွန်တရာ စိတ်အနှောင့်အယှက် ဖြစ်ရလွန်းလှပေသည်။

“စကားအပိုတွေ ပြောမနေပါနဲ့... သူ့ကို ရှင်းပြီးတာနဲ့ ငါတို့ ဒီနေရာကနေ ထွက်သွားကြရအောင်” ရှုချွမ်း အနည်းငယ် ဆွံ့အသွားခဲ့ရသည်။

အကယ်၍ ငါသာ သူ့ကို နိုင်ရင် မင်းကို ဘာလို့ ခေါ်နေပါဦးမလဲ။

ရှုချွမ်းက မည်မျှပင် အစွမ်းထက်ပါစေ သူ၏ စစ်မှန်သော ကျင့်ကြံခြင်းနယ်ပယ်မှာ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် အဆင့် ၁ မျှသာ ရှိသေးသည်။

သူက ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် အထွတ်အထိပ် ကျွမ်းကျင်သူကို ချက်ချင်း သတ်ဖြတ်နိုင်ခြင်းနှင့် ကောင်းကင်ဘုရင်နယ်ပယ် အဆင့် ၁ နှင့် ယှဉ်ပြိုင်နိုင်ခြင်းတို့မှာ သူ၏ အကန့်အသတ် သို့ ရောက်ရှိနေပြီ ဖြစ်သည် မဟုတ်ပါလော။

“ကောင်းပြီ... ငါ့ကိုပဲ လွှဲ ထားလိုက်"

ရွှမ်လျဲ့ ဆက်၍ စကားမဆိုတော့ဘဲ သူ၏ ခန္ဓာကိုယ်ကို ပုံမှန် အရွယ်အစားသို့ ပြန်လည်ပြောင်းလဲလိုက်ရင်း စတင်၍ လှုပ်ရှားရန် ပြင်ဆင်လိုက်တော့သည်။

All Chapters